Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အိန္ဒိယ အရှေ့မြောက်နှင့် မြန်မာနိုင်ငံဆက်သွယ်မည့် အဝေးပြေးလမ်း ADB ကူညီမည်

(10 June 2013 ရက်စွဲပါ The Economic Times မှ Yashodhara Dasgupta ရေးသားသော ADB to fund NE-Myanmar Linking highway project ကို ဘာသာပြန်ဆိုသည်)

  1. နွေဦးကာလ မြူထချိန်တွင် အသီးအပွင့်များ အခြေအနေကောင်းပုံရ

(Express News မှ 10 June 2013 ရက်စွဲပါ “Growth looks good in Burmese Spring”သတင်းကို ဘာသာပြန်ဆိုသည်)

  1. အိန္ဒိယအခြေစိုက် လေကြောင်းလိုင်းများအား မြန်မာ ပျံသန်းခွင့်ပြု

(The Gulf Today မှ 10 June 2013 ရက်စွဲပါ “Myanmar allows India-based carriers to operate flights”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့ တယ်လီကွန်း ဆက်သွယ်ရေးစနစ် ပြုပြင်ပြောင်းလဲမှု ပြုလုပ်မည်

(Bangkok Post မှ 8 June 2013 ရက်စွဲပါ Telecom reform ahead for Myanmar ကိုဘာသာပြန်ဆိုသည်)


အိန္ဒိယ အရှေ့မြောက်နှင့် မြန်မာနိုင်ငံဆက်သွယ်မည့် အဝေးပြေးလမ်း ADB ကူညီမည်

(10 June 2013 ရက်စွဲပါ The Economic Times မှ Yashodhara Dasgupta ရေးသားသော ADB to fund NE-Myanmar Linking highway project ကို ဘာသာပြန်ဆိုသည်)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် အိန္ဒိယအရှေ့မြောက်နှင့် မြန်မာနိုင်ငံအား ဆက်သွယ်သည့် အဝေးပြေး လမ်းမကြီး စီမံကိန်းကို ရန်ပုံငွေထောက်ပံ့ရန် အသင့်ရှိနေပါသည်။ Agartala ၊ Silchar ၊ အင်ဖာ၊ မိုရေး နှင့် မြန်မာနိုင်ငံကို ဆက်သွယ်ပေးမည့် အဆိုပြုထားသည့် ကွန်ရက်သည် အိန္ဒိယ၏ အရှေ့မျှော်ဝါဒနှင့် ကိုက်ညီပြီး၊ တရုတ်၏ အရှေ့တောင် အာရှနိုင်ငံများအပေါ် လွှမ်းမိုးလာမှုအပေါ် ကန့်သတ်မည့် မဟာဗျူဟာ အရွေ့၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Anand Sharma သည် မြန်မာနိုင်ငံသို့ သုံးရက်တာခရီးစဉ်အတွင်း အဆိုပါ အဝေးပြေးလမ်းစီမံကိန်းကို အရေးပါသည်ဟု ရှုမြင်ခဲ့ပြီး၊ ၂၀၁၅ တွင် နှစ်နိုင်ငံကုန်သွယ်ရေး ဒေါ်လာ (၃) ဘီလီယမ် ရောက် ရှိရန် မျှော်မှန်းထားပါသည်။ ပြီးခဲ့သည့်နှစ်က အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား စုစုပေါင်း ကုန်သွယ်မှုသည် ဒေါ်လာ ၁.၈၇ ဘီလီ ယမ် ရှိခဲ့ပါသည်။ လမ်းဝန်ကြီးဌာနသည် မကြာခင် မဏိပူရရှိ မိုရေးမှ မြန်မာနိုင်ငံ မန္တလေးမြို့သို့ ဘတ်စ်ကားပြေးဆွဲမှု စတင် နိုင်ရန် မျှော်လင့်နေပါသည်။ နှစ်နိုင်ငံနယ်စပ်တွင် ကုန်စည်စီးဆင်းမှုနှင့် ဝန်ဆောင်မှုများ လွယ်ကူစေရန် စုစည်းထားသော စစ်ဆေးရေး စခန်းတစ်ခုကို မိုရေး တွင် ဖွင့်လှစ်ရန် လုပ်ဆောင်နေပါသည်။

နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံတွင် ရေနံသဘာဝဓါတ်ငွေ့နှင့် အထည်အလိပ်ကဏ္ဍတို့တွင် တိုးချဲ့ရန် စိတ်ဝင်စား ကြောင်း ဖော်ပြခဲ့ကြပါသည်။ ပြည်ပရေးရာဝန်ကြီးဌာနကလည်း မြန်မာဖက်ခြမ်းမှ လမ်းဖောက်လုပ်ရေးတွင် လူ့စွမ်းအား အရင်းအမြစ် ကူညီရန် စိတ်အားထက်သန်လျက်ရှိကြောင်း အခြေအနေကို သိရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ADB မှ တာဝန်ရှိပုဂ္ဂိုလ်များသည် မကြာသေးမီက မဏိပူရသို့ သွားရောက်ပြီး နည်းပညာဆိုင်ရာ စစ်တမ်း ကောက်ယူမှုများ ပြုလုပ်ပြီး၊ လမ်းဝန်ကြီးဌာနသို့ အကြိုအကူအညီပေးရေး စာချွန်လွှာကို ပေးအပ်ခဲ့ပါသည်။ လမ်းဝန်ကြီးဌာန သည် သင့်လျော်သည့် လမ်းဖောက်လုပ်ရေး လမ်းကြောင်းနှင့် အခြားနည်းပညာဆိုင်ရာ လက္ခဏာများကို လုပ်ဆောင်နေပြီး၊ ထို့နောက်မှ စီမံကိန်းကို အတည်ပြုကာ စီးပွားရေးရာဝန်ကြီးဌာန (DEA) သို့ ဆက်လက်တင်ပြမည် ဖြစ်ပါသည်။ “ကျွန်တော် တို့ အနေနဲ့ ဒီဒေသဟာ တောင်ထူတပ်တဲ့ ဧရိယာဖြစ်လို့ လမ်းက ဟန်ချက်ညီ မညီ စဉ်းစားဖို့လိုပါတယ်။” ဟု ဆိုပါသည်။

“သူတို့ကတော့ လေးလမ်းသွား လမ်းမကြီးအဖြစ် ရန်ပုံငွေထောက်ပံ့ဖို့ စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကားအသွားအလာကို ကြည့်ပြီးမှ ဒီဒေသမှ ဘယ်လိုလမ်းမျိုးနဲ့ သင့်တော်မလဲဆိုတာ စဉ်စားဖို့ လိုအပ်ပါတယ်။” ဟု လမ်းဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဆိုပါသည်။

“ဒီလမ်းကို ကျွန်တော်တို့ လိုအပ်တယ်လို့ တောင်းဆိုပြီးရင် ဆွေးနွေးမှုဆက်လုပ်ပါမယ်” ဟု ၎င်းက ဖြည့်စွက် ပြောပါသည်။ ဘဏ္ဍာရေးဝန်ကြီး P Chidambaram က အိန္ဒိယအရှေ့မြောက်နှင့် မြန်မာနိုင်ငံကြား ချိတ်ဆက်မှု အတွက် ၂၀၁၃-၁၄ ဘတ်ဂျတ်လျာထားမှု တင်ပြခဲ့ပြီး နိုင်ငံစုံဘဏ်များထံမှ အကူအညီများ ရှာဖွေခဲ့ပါသည်။ “နိုင်ငံစုံဖွံ့ဖြိုးရေးဘဏ် တွေဟာ ဒေသတွင်းဆက်သွယ်မှု မြှင့်တင်ဖို့ ကြိုးပမ်းမှုတွေကို အကူအညီပေးဖို့ စိတ်အားထက်သန် ကြပါတယ်။ အရှေ့မျှော် မူဝါဒနဲ့ အရှေ့မြောက်ပြည်နယ်တွေရဲ့ အကျိုးစီးပွားကို ပေါင်းစပ်ပြီးတော့ ကျွန်တော့်အနေနဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့က အကူအညီရဖို့ ကျွန်တော် ရှာဖွေခဲ့ပါတယ်” ဟု ဝန်ကြီးက ပြောကြားခဲ့ပါသည်။

ပညာရှင်များက ပြောကြားရာတွင် အဆိုပါ စီမံကိန်းများသည် အိန္ဒိယအတွက်သာမက ပို၍ဆင်းရဲသော အရှေ့ တောင်အာရှနိုင်ငံများအပေါ် တန်ပြန်ထိန်းညှိရန် ကြိုးစားနေသော ဂျပန်ကဲ့သို့သော နိုင်ငံများအတွက် အရေးပါကြောင်း ပြောခဲ့ကြပါသည်။

“တရုတ်ကတော့အရှေ့တောင်အာရှမှာ နေရာတကာပါပဲ။ တစ်ခါတစ်ရံ ကျွန်တော် သဘောမပေါက်တဲ့ အချက်က တချို့နိုင်ငံတွေက တရုတ်အပေါ် ယုံကြည်မှုသိပ်မရှိကြဘူး။ အိန္ဒိယက ပိုမိုအရေးပါတဲ့ကဏ္ဍက ပါဝင်လာမလားလို့ မျှော်လင့် ကြပါတယ်။” ဟု ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် သုတေသနနှင့် အချက်အလက်စနစ် (RIS) မန်နေဂျင်း ဒါရိုက်တာ Biswajit Dhar က ပြောကြားခဲ့ပါသည်။

အိန္ဒိယသည် မြန်မာနိုင်ငံက ကီလို (၁၆၀) ရှည်သော တမူး-ကလေး-ဝ- ကလေးမြို့ ကားလမ်း အဆင့်မြှင့်တင် ခြင်းတွင် အကူအညီပေးရန် အဆိုပြုခဲ့ပါသည်။ စစ်တွေမှ မီဇိုရမ်ထိ မြစ်တွင်းသွားရေကြောင်းနှင့် လမ်းများ အပါအဝင် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကို တည်ဆောက်နေပါသည်။ ကီလို (၁၃၆၀) ရှည်လျားသော သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံချက်တွင် မိုရေး (မဏိပူရ) မှ မဲဆောက် (ထိုင်းနိုင်ငံ) သို့ အဝေးပြေးလမ်းမကြီး၏ အချို့အစိတ်အပိုင်း များကို ဖောက်လုပ်နေပါသည်။ ဤလုပ်ဆောင်ချက်များသည် အိန္ဒိယ၏ ကုန်းတွင်းပိတ် အရှေ့မြောက်ဒေသအတွက် အကျိုးရှိကြောင်း သက်သေပြလိမ့်မည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Anand Sharma ကပြောကြားခဲ့ပါသည်။


နွေဦးကာလ မြူထချိန်တွင် အသီးအပွင့်များ အခြေအနေကောင်းပုံရ

(Express News မှ 10 June 2013 ရက်စွဲပါ “Growth looks good in Burmese Spring”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ့နွေဦး၏ အားသာချက်ကို ဖမ်းဆုပ်ရန် ပြင်ဆင်နေသော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ အစီအစဉ်များ ယခုအခါ အမှန်တကယ် အသက်ဝင်လာပြီဖြစ်သည်။

Myanmar investment International သည် ဇွန်လ ၂၇ ရက်နေ့ အစုရှယ်ယာရောင်းချမှု စတင်ချိန်တွင် ပေါင်စတာလင် ၆.၄ သန်းသို့ တိုးမြှင့်ရန် မျှော်လင့်လျှက်ရှိသည်။

Allenby Capital လုပ်ငန်းက အကျိုးဆောင်အဖြစ် တာဝန်ယူထားသော ယင်းကုမ္ပဏီကို ဂရန့်သွန်တန်က အကြံပေးအဖြစ် ဆောင်ရွက်နေသည်။

စစ်အုပ်ချုပ်ရေးကာလအလွန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် စိတ်အားထက်သန် နေသော မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန်၊ ထိုနိုင်ငံ၌ စီးပွားရေးလုပ်နေသော ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံရန် MIT ကုမ္ပဏီက စီစဉ်နေခြင်းဖြစ်သည်။

မြန်မာ့နွေဦးဟု အမည်တွင်သော ဖြစ်စဉ်တွင် စီးပွားရေးပိတ်ဆို့မှု Sanction များကို အီးယူနှင့် သြစတြေးလျ တို့က ရုတ်သိမ်းပေးနေကြပြီး အမေရိကန်ပြည်ထောင်စုကလည်း ဖြေလျှော့ပေးလျှက်ရှိသည်။

Myanmar Investment ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်း၊ လက်လီအရောင်းလုပ်ငန်း၊ တယ်လီဖုန်းအော်ပရေတာလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း၊ သဘာဝသယံဇာတ လုပ်ငန်းနယ်ပယ်များကို ပစ်မှတ် ထား ဦးတည်သွားမည်ဟု ဆိုသည်။

Myanmar Investment International ကုမ္ပဏီသည် လုပ်ငန်းများဖွံ့ဖြိုးအောင် ပါဝင်ရင်းနှီးမြှုပ်နှံသွားမည့် ကုမ္ပဏီများအတွက် ဘုတ်အဖွဲ့အဆင့်ကို ကိုယ်စားပြုမည်ဖြစ်ပြီး ကုမ္ပဏီကို ယခင် Far East Banking ဥက္ကဋ္ဌဟောင်း ဝီလီယံနိုက်က ဦးဆောင်သွားမည်ဟု သိရှိရသည်။

အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများကို အမှီလိုက်ရန် မျှော်လင့်နေသော မြန်မာနိုင်ငံသည် လာမည့် ၁၀ နှစ် ကာလတွင် ၈ ရာခိုင်နှုန်းဖွံ့ဖြိုးနိုင်သည်ဟု အကဲခတ်လေ့လာသူများက ယုံကြည်နေကြသည်။

လူဦးရေ သန်း ၆၀ တွင် ၂၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီးသုံးစွဲနိုင်သော၊ လူ ၁၀၀ လျှင် တစ်ဦးသာ မိုဘိုင်းဖုန်းသုံး နိုင်သော မြန်မာနိုင်ငံတွင် ပွင့်လန်းလာတော့မည့် ဈေးကွက်သစ်အတွက် Unilever နှင့် Coca Cola အစရှိသော ကုမ္ပဏီ ကြီးများက စက်ရုံသစ်များပင် ဖွင့်လှစ်ပြီးနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ယင်း၏ လူဦးရေ၊ စိုက်ပျိုးမြေ၊ ရေနံဓာတ်ငွေ့ သယံဇာတနှင့် ခရီးသွား တိုးရစ်ဇင်လုပ်ငန်းတို့ ကြောင့် ကြွယ်ဝသော တိုင်းပြည်ဖြစ်လာတော့မည်ဟု Unilerer ကုမ္ပဏီက ယုံကြည်နေသည်။

သို့သော်လည်း ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေမှုသည် ယိုင်နဲ့နဲ့ဖြစ်နေဆဲဟု အကဲခတ်လေ့လာသူများက သတိပေးနေကြသည်။

မည်သို့ပင်ဖြစ်စေ လက်နက်နှင့်အာဏာ အားကိုးဖြင့် ဗိုလ်ကျ စိုးမိုးခြင်း၊ အဂတိလိုက်စား ခြင်းတို့သည် သိက္ခာမဲ့၍ ရှက်စရာကောင်းကြောင်း မြန်မာတို့နားလည်သွားသော တစ်နေ့တွင် မြန်မာနိုင်ငံ တိုးတကပြောင်းလဲ သွားလိမ့်မည်ဟု ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးထားသည်။


အိန္ဒိယအခြေစိုက် လေကြောင်းလိုင်းများအား မြန်မာ ပျံသန်းခွင့်ပြု

(The Gulf Today မှ 10 June 2013 ရက်စွဲပါ “Myanmar allows India-based carriers to operate flights”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံက အိန္ဒိယအခြေစိုက် လေကြောင်းလိုင်းများအား ခွင့်ပြုချက်ပေးကာ နိုင်ငံများအကြား လေကြောင်းခရီး ဆက်သွယ်မှုကို လမ်းဖွင့်ပေးလိုက်ပြီဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ အိန္ဒိယလေကြောင်းလိုင်းများ စတင်ပျံသန်းနိုင်တော့ မည်ဟု သိရှိရသည်။

“ဟုတ်ပါတယ်။ အဓိကလိုက်လျောမှုတစ်ခုဖြစ်တဲ့ လေကြောင်းလိုင်း လွတ်လပ်မှုဆိုင်ရာ fifth freedom rights ကို ကျွန်တော်တို့ အိန္ဒိယလေကြောင်းလိုင်းတွေ ရရှိသွားပါပြီ”ဟု အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး အာနန်ရှားမား က ပြောကြားသည်။

Fifth freedom rights ဆိုသည်မှာ လေကြောင်းလိုင်း၏ မိခင်နိုင်ငံနှင့် ဆက်သွယ်ပျံသန်းနေသော ဝန်ဆောင်မှုများ အပြင် အခြားနိုင်ငံများသို့ပါ အခကြေးငွေဖြင့် ပို့ဆောင်ခွင့်ပြုခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာ ခရီးစဉ်ကိုသာမကပဲ အခြားနိုင်ငံ များသို့ ခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် ပြုခြင်းဖြစ်ပါသည်။

လောလောဆယ်တွင် အိန္ဒိယနှင့် မြန်မာအကြား တိုက်ရိုက်လေကြောင်းပျံသန်းမှု မရှိသေးပေ။ အိန္ဒိယ ပုဂ္ဂလိက လေကြောင်းလိုင်း Spice Jet က ဒေလီ - ဒက္ကား ခရီးစဉ်ကို ရန်ကုန်သို့ ဆက်လက်ပျံသန်းရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

“Fifth Freedom rights အရ ဒီလမ်းကြောင်းကို ပျံသန်းဖို့ Spice Jet လေကြောင်းက လျှောက်လွှာတင်ထားပြီး ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


မြန်မာ့ တယ်လီကွန်း ဆက်သွယ်ရေးစနစ် ပြုပြင်ပြောင်းလဲမှု ပြုလုပ်မည်

(Bangkok Post မှ 8 June 2013 ရက်စွဲပါ Telecom reform ahead for Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် တယ်လီဆက်သွယ်ရေး အခန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာမှုက စွန့်ဦးတည်ထွင်သူများစွာ ထွက်ပေါ်လာအောင် ဖန်တီးပေးလိမ့်မည် ဖြစ်သည်ဟု စီးပွားရေးခေါင်းဆောင်များက အပြုသဘော ရှုမြင်လျက်ရှိကြသည်။

Bharti Enterprise Ltd ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sunil Bharti Mittal က မြန်မာအစိုးရသည် အသွင်ကူးပြောင်းမှုအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာစွမ်းအားကို အသုံးပြုရန် ဆုံးဖြတ်ထားရာ ယင်းဆုံးဖြတ်ချက်နှင့်အတူ ကောင်းသော ခြေလှမ်းတစ်လှမ်းကို စတင်နိုင်မည် ဖြစ်သည်ဟု ပြောကြားသည်။

"အဲဒါကြောင့် ပြည်သူတွေအနေနဲ့ မိုဘိုင်းလ် ဘဏ်စာရင်း၊ မိုဘိုင်းလ်ပညာရေး စတာတွေကို ရရှိနိုင်တော့မှာဖြစ် ပါတယ်။ အဲဒီလို အခြေအနေထဲမှာ စွန့်ဦးတီထွင်သူ ထောင်ပေါင်းများစွာကို ဖန်တီးဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်" ဟု ၎င်းက အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်းပြောဆိုခမှာ တစ်မိနစ်လျှင် အမေရိကန် ၆ ဆင့်ခန့် ကျသည်။ သို့သော် အဆိုပါ ပြောဆိုခကို တစ်မိနစ်လျှင် ၁ ဆင့် သို့မဟုတ် ၂ ဆင့်ခန့်တွင် သတ်မှတ်ထားရှိ သင့်သည်ဟု Sunil Bharti Mattal ကသုံး သပ်သည်။

Redlink Communications Co ၏ Co-founder နှင့် ဒုတိယဥက္ကဌဖြစ်သူ ဦးရှိန်းအောင်သူက ယခုအခါ ခေတ်မီ နည်းပညာသည် ဖွံ့ဖြိုးမှုအားလုံး၏ ပင်မဒေါက်တိုင်တစ်ခု ဖြစ်လာပြီဖြစ်ရာ အမာထည် အခြေခံ အဆောက်အဦးသာမက

အပျော့ထည် အခြေခံအဆောက်အဦး (Soft Infrastructure) လည်း အရေးကြီးလာပြီ ဖြစ်ကြောင်း ပြောကြားသည်။

Microsoft Corporation ၏ မဟာဗျူဟာနှင့် ထွန်းသစ်စ စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ ဒုတိယဥက္ကဌ Danl Lewin ကပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ပေါ်ထွန်းလာရေးအတွက် သတင်းအချက်အလက် လုံခြုံရေး၊ ပြည်သူ့ရေးရာမူဝါဒ နှင့် ပုဂ္ဂလိက လွတ်လပ်မှု အစရှိသည့် အရေးကိစ္စများ စနစ်တကျ ဖြစ်ထွန်းလာရန် လိုအပ်ကြောင်း ပြောကြားသည်။

"စီးပွားရေးလုပ်ငန်းနဲ့ စီးပွားရေးနဲ့ ဆက်နွှယ်တဲ့ ဂေဟစနစ်ဆိုတာ ပဋိပက္ခနဲ့ ပြဿနာတွေမရှိပါမှ ရှင်သန်အောင်မြင် နိုင်တယ်။ အစိုးရတွေက အဲဒီ ပဋိပက္ခနဲ့ပြဿနာတွေကိုဖန်တီးတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု မှာဆိုရင် အစိုးရ ပူးပေါင်းပါဝင်မှု မပါဝင်ဘဲ ဆီလီကွန်ဗယ်လီ Silicon Valley ဆိုတာရှိ လာမှာမဟုတ်ပါဘူး။ နောက်တော့ အစိုးရက ထွက်သွားတယ်၊ ကျွန်တော်တို့က ပုံမှန်လုပ်ငန်းစဉ်တွေ လုပ်နိုင်တဲ့ စက်ယန္တရားတွေနဲ့ ကျန်ခဲ့တယ်။

စွန့်ဦးတီထွင်သမားတွေဆိုတာ သူတို့စီးပွားရေးလုပ်လို့ရနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က နှစ်ပေါင်းများစွာ ဗဟိုဦးစီး အုပ်ချုပ်မှုစနစ်အောက် ရှိခဲ့သည့်စနစ် အဆုံးသတ်ပြီးနောက် မြန်မာနိုင်ငံ၏ အဓိကဦးစားပေးမှုမှာ စွန့်ဦးတီထွင်သမားများ ပေါ်ထွန်းရေးပင် ဖြစ်သည်ဟု ဆိုသည်။

"စွန့်ဦးတီထွင်မှုဆိုတာ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ သိရှိသဘောပေါက်ထားတဲ့ အချက်ကတော့ ပုဂ္ဂလိက အခန်းကဏ္ဍတွေ ရှင်သန်ခွင့်ပြုပြီး စွန့်ဦးတီထွင်တဲ့ ဝန်းကျင်တစ်ရပ် ဖန်တီးပေးရေးဆိုတဲ့ မူဝါဒဟာ ကျွန်တော်တို့ ဝန်ကြီးဌာနအတွက် ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ" ဟု ဦးသောင်းတင်ကဆိုသည်။

မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများကို လက်ရှိပညာရေးစနစ်က ကောင်းစွာဖြေရှင်း ပေးနိုင်ခြင်း မရှိဟူသော အချက်ကို ဦးသောင်းတင်က လက်ခံသည်။

"မြန်မာနိုင်ငံမှာ တစ်နှစ်ကို တက္ကသိုလ်ဘွဲ့ရ ထောင်ပေါင်းများစွာ မွေးထုတ်ပေးနေပါတယ်။ ဒါပေမဲ့ သူတို့ (ဘွဲ့ရတွေ) တွေဟာ လုပ်ငန်းတစ်ခုအတွက် အဆင်သင့်မဖြစ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တခြားနယ်ပယ် တွေမှာ လွဲမှားရောက်ရှိသွားကြလို့ပဲ ဖြစ်ပါတယ်" ဟု ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်းသိပ်သည်းဆကို ၅၀ ရာခိုင်နှုန်းအထိရှိလာရန် ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။

တယ်လီဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်မည့် ကုမ္ပဏီရွေးချယ်မှုကို လွန်ခဲ့သည့် ခြောက်လခန့်ကစတင် လုပ်ဆောင်ခဲ့ရာ တယ်လီကွန်းလိုင်စင် ရရှိမည့်ကုမ္ပဏီနှစ်ခု၏ အမည်ကို လာမည့် ဇွန်လ ၂၇ ရက်နေ့တွင် ကြေညာမည် ဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အများပြည်သူဝန်ဆောင်မှု မီဒီယာက နိုင်ငံသားတွေကိုပဲ မြင်ရမယ်။ တည်ငြိမ်ပြီး လွတ်လပ်တဲ့ ဘဏ္ဍာရေး စနစ်ရှိရမယ်။ တိကျတဲ့အယ်ဒီတာ မူဝါဒရှိရမယ်၊ အများ ပြည်သူဝန်ဆောင်မှုဥပဒေပြီးရင် အဖွဲ့ကိုဖွဲ့စည်းရမယ်။ ပြည်သူဝန်ဆောင်မှု မီဒီယာကောင်စီကို သမ္မတ၊ ဒုတိယသမ္မတတွေနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ စုစုပေါင်း ၅ ဦးက အဆိုပြုတဲ့သူတွေ၊ ပြည်သူတို့ကို ချပြရမယ်။ ပြည်သူက လက်ခံရင် ရမယ်။ အဲ့ဒီ ကောင်စီမှာ စီမံခန့်ခွဲတဲ့အဖွဲ့ ကို ထပ်ဖွဲ့မယ်။ နောက်တစ်ခုက အများပြည်သူ ဝန်ဆောင်မှုမီဒီယာမှာ ကြော်ငြာနဲ့ အယ်ဒီတာဌာနကို ခွဲထား တယ်။ အစိုးရနဲ့ မူဝါဒရေးရာ တိုက်ရိုက်မပတ်သက်ဘူး။ လွတ်လပ်မှုရှိပါတယ်။”

ဇွန်လ ၁၃ ရက်နေ့ထုတ် Envoy Journal အတွဲ (၄) အမှတ် (၂) တွင်ပါရှိသော “အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေ ကြမ်းနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ ကျင်းပ” သတင်းမှ ဒုတိယဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“စွမ်းအင်ကဏ္ဍအမြန်ဖွံ့ဖြိုးဖို့ဆိုရင် မဟာဓါတ်အားလိုင်းတွေကို ဖော်ဆောင်ဖို့လိုတယ်။ အစိုးရက လုပ်စရာ မလိုဘူး။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို အကောင်အထည်ဖော်ခိုင်းသင့်တယ်။ နိုင်ငံတော်အနေနဲ့က ဒါတွေကို လုပ်ဆောင်နိုင်ဖို့ ပေါ်လစီတွေ၊ ဥပဒေတွေကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်သင့်တယ်။”

ဇွန်လ ၁၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “လျှပ်စစ်စွမ်းအင်ပေါ်လစီ အမြန် ဆုံး အကောင်အထည်ဖော်ပြဋ္ဌာန်းရန် လိုအပ်ဟု စွမ်းအင်ပညာရှင်အချို့ဆို” သတင်းမှ မြန်မာ့ပြန်ပြည့်မြဲ စွမ်းအင်အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ကချင်စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ် အစိုးရကို ဘယ်လိုအကြံပြုချက် ပေးလိုပါသလဲ။ မြန်မာပြည်ရဲ့မြေပုံကို ကြည့်ပါ။ ကချင်ပြည်နယ်က ဟိုးထိပ်ဆုံးပေါ်မှာ ရှိနေတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ မှာလည်း ကချင်ပြည်သူတစ်ရပ်လုံးက လိုလား နေတဲ့ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍတစ်ခု အနေနဲ့ရှိနေတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်တဲ့ ပဋိပက္ခ၊ ကေအိုင်အို၊ ကေအိုင်အေနဲ့ ငြိမ်းချမ်း ရေးရသွားပြီဆိုတာနဲ့ ကျန်တဲ့တိုင်းရင်းသားအားလုံးနဲ့ ငြိမ်းချမ်း ရေး ယူပြီးသားဖြစ်သွားပြီ ဖြစ်တဲ့အတွက် နိုင်ငံရေးအရ ဆွေးနွေးဖို့အတွက် ခြေလှမ်းကို နောက်တစ်ဆင့် တည်ဆောက် သွားနိုင်မှာ ဖြစ်တယ်။ မြန်မာနိုင်ငံ သမိုင်းမှာ တိုင်းရင်းသားပေါင်းစုံ အကုန်လုံးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ခြေလှမ်းကိုလှမ်း နိုင်ဖို့က ကချင်ပြည် နယ် ပဋိပက္ခက အရေးကြီးဆုံးဖြစ်နေတယ်။”

ဇွန်လ ၁၀ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “စစ်ဒဏ်ကို ကချင်ပြည်သူလူထုက ဆက်ပြီး မခံစားနိုင်တော့ဘူး” အင်တာဗျူးမှ ကချင်တိုင်းရင်းသား အထက်လွှတ်တော်အမတ် ဦးခက်ထိန်နန် ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“တို့တစ်တွေဟာ နိုင်ငံနှင့် လူမျိုးအတွက် အလုပ်လုပ်ကြရလိမ့်မယ်။ အဲဒီလိုလုပ်တဲ့အခါ ကိုယ်နဲ့ရည်ရွယ်ချက် တူပြီးတော့ လုပ်ဆောင်ချက်တူရင် ပိုကောင်းတာပေါ့။ ဒါ့ကြောင့်နိုင်ငံအတွက်၊ အများအတွက်၊ လုပ်တဲ့ ကိစ္စ အတွက် တို့အနေနဲ့ အတူ လက်တွဲလုပ်ချင်တယ်။ အဲ့ဒီလိုလုပ်တာဟာ ကောင်းတဲ့ကိစ္စဖြစ်တယ်။”

ဇွန်လ ၁၀ ရက်နေ့ထုတ် 7 days နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဒေါ်အောင်ဆန်းစုကြည်နှင့် ရည်ရွယ် ချက်ခြင်းတူ၍ လက်တွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား” သတင်းမှ သူရဦးရွှေမန်း ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဘဏ်အပ်ငွေအတိုးနှုန်းက ၈ ကျပ်ကနေ ၄ ကျပ်အထိ ချလိမ့်မယ်။ စီးပွားရေးသမားတွေ အနေနဲ့ အတိုးနှုန်း သက်သာမှ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကရှိလာမှာ။ ရေရှည်အားဖြင့် သွားမယ်ဆိုရင်၊ နိုင်ငံတကာနဲ့ အညီက သွားရမှာပဲ တံခါးဖွင့်တာနဲ့ အမျှ ရေကမြင့်ရာကနေ နိမ့်ရာကို စီးဆင်းသွားသလို ကိုယ်မလုပ်လဲဘဲ သူ့ဟာသူ အတိုးနှုန်း ကျသွားလိမ့်မယ်။ ဘဏ်တိုးနှုန်း က ကမ္ဘာမှာ ၂.၅% အများဆုံး၃ လောက်ပဲ အတိုးနှုန်းက ရှိတာပါ။ ဘဏ်တိုးနှုန်း လျော့ကျ သွားဖို့ကို စီးပွားရေးနဲ့ပတ်သက် တဲ့ လွှတ်တော်ကော်မတီတွေလောက်ပဲ ဒါကို စိတ်ဝင် စားမှုရှိတယ်။ အဲဒီ ကော်မတီတွေ အထဲမှာမှ အများစုကအထူးသဖြင့် စီးပွားရေးနဲ့ကုန်သွယ်ရေး ဖွံ့ဖြိုးတိုး တက်မှု ကော်မတီမှာကတော့ လိုလားမှုရှိကြတယ်။ ဘဏ်တိုးနှုန်းနည်းသွားပေမယ့် တစ်ဖက်က ကုန်ဈေးနှုန်း ကျအောင်ချပေးရလိမ့်မယ်။ အဲဒီ့ ဆက်သွယ်မှုကိုလည်း ကော်မတီက စဉ်းစားနေတယ်။”

ဇွန်လ ၁၀ ရက်နေ့ထုတ် Weekly ElevenJournal အတွဲ (၈) အမှတ် (၃၆) တွင်ပါရှိသော “ဗဟိုဘဏ်အတိုး နှုန်းအား လက်ရှိအစိုးရလက်ထက်တွင် တတိယအကြိမ်မြောက်လျော့ချရန် ဆွေးနွေး” သတင်းမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် (လသာ) ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံရေး

မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေကို ပြည်ထောင်စုကြံခိုင်ရေးအစိုးရအနေဖြင့် ပြည်တွင်းပြည်ပ၏ တောင်းဆိုမှုအရ ကွက်၍ပြင်ဆင်ခြင်း၊ လိုသလိုပြင်ဆင်ခြင်းကို လက်မခံနိုင်ကြောင်း ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု များကဇွန်လ ၆ ရက်နေ့ တွင်ကျင်းပသော ၃၉ နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားတွင် ထုတ်ပြန်ခဲ့သော သဘောထား ထုတ်ပြန်ချက်မှ သိရသည်။ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ပေါ်ပေါက်ရေး၊ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုများဖြင့် လက်တွဲကြိုးပမ်းရန်နှင့် ဆွေးနွေးရန် ဆန္ဒရှိ ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်ရန်အတွက် ရွေးကောက်ပွဲစနစ်အား အမြန်ဆုံးထုတ်ပေးလို ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ပြောကြားခဲ့သည်။အဆိုပါ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးမှု စနစ်အားပြင်ဆင်လိုကြောင်း၊ တစ်ဦးတည်းအနိုင်ရမှုစနစ်နှင့် အချိုးကျစနစ်ကျင့်သုံးစေလိုကြောင်း ဦးသိန်းညွန့်မှ သုံးသပ် ပြောကြားခဲ့သည်။လက်ရှိအချိန်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးမည့်စနစ်ကို လွှတ်တော်တွင် ဆုံးဖြတ်ခြင်းမရှိ သေးကြောင်း သိရသည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်းစစ်

ရပ်ရပ်စဲရေး၊ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဆွေးနွေးသွားဖွယ်ရှိကြောင်း ဦးအေးသာအောင်၏ ပြောကြားချက်မှ သတင်းရရှိသည်။

အစိုးရနှင့် ပထမအကြိမ်အဖြစ် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသည့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် ဇွန်လ ၂၀ ရက်နေ့တွင် ပြည်ထောင် စု အဆင့် ဆွေးနွေးသွားရန်ရှိကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ၏ ပြောကြားချက်မှ သတင်းရရှိသည်။အဆိုပါဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့တွင်ကျင်းပသွားမည်ဖြစ်ပြီး အစိုးရနှင့် ပထမအကြိမ် လက်မှတ်ရေးထိုးစဉ် သဘောတူထားသည့် အချက်များ ပြီးစီးမှုရှိ မရှိကို ဆက်လက်ဆွေးနွေး သွားရန် ရှိကြောင်း သိရသည်။


အုပ်ချုပ်ရေး

မြန်မာနိုင်ငံ၏ လူမှုဖူလုံရေးဥပဒေသစ်တွင် အာမခံစနစ် ငါးမျိုးပါဝင်သော်လည်း လက်ရှိမြန်မာနိုင်ငံ အခြေခံ အလုပ်သမား များ၏ အခြေခံလုပ်ခ လစာမှာ နည်းပါးလျက်ရှိသဖြင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်နှင့် အလုပ်တွင်ထိခိုက်မှု အာမခံစနစ် နှစ်မျိုးကိုသာ အကောင်အထည်ဖော် ကျင့်သုံးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးအရာရှိ ဦးအေးသိန်း၏ ပြောကြားချက်မှ သိရသည်။ အာမခံစနစ်မှာ တစ်မျိုးလုပ်လျှင် ထည့်ဝင်ကြေး တစ်မျိုးဖြစ်ပြီး အာမခံသုံးမျိုးဆိုပါက ထည့်ဝင်ကြေးပါ သုံးမျိုးပေးဆောင် ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း ၈ ဆခန့်ုမြင့်မားလာသည့် အတွက် ဌာနဆိုင်ရာများ တွင် ဝန်ထမ်းအင်အား တိုးမြှင့်ရန်ရှိသော်လည်း ဘတ်ဂျတ်လုံလောက်မှု မရှိသဖြင့် မတိုးချဲ့နိုင်သေးကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပြည်ထဲရေး၊ ကျန်းမားရေးနှင့် ပညာရေးဝန်ကြီးဌာနများကိုသာ ဝန်ထမ်းသစ်များ တိုးချဲ့လျက် ရှိပြီးကျန်ဝန်ကြီးဌာနများကိုမှု ဝန်ထမ်းထပ်မတိုးရန် မေတ္တာရပ်ခံထားကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။


စီးပွားရေး

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်သို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကုမ္ပဏီများလာရောက် အဆိုပြုတင်သွင်းရာတွင် စီးပွား ရေးဆိုင်ရာ အခြေခံကျင့်ဝတ်များ လိုက်နာဆောင်ရွက်မည့် အခြေအနေနှင့် ပက်သတ်ပြီး သေချာစီစစ်ရွေးချယ် သွားမည် ဖြစ်ကြောင်း စီးပွားရေး အကြံပေး ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်မှ သိရသည်။နိုင်ငံခြားမှ လာရောက်သော စီးပွားရေး ရင်းနှီးမြှပ်နှံမှုများကို လူမှုအကျိုးစီးပွား၊ သဘာဝပတ်ဝန်းကျင် အကျိုးစီးပွားနှင့် ဒေသတွင်း လူမျိုးစုများအတွက် ရေရှည်စီမံကိန်းများနှင့်ကိုက်ညီစေရန် မြန်မာနိုင်ငံအပေါ်မူတည်၍ ရေးဆွဲထားသော CSR ၏ အစီရင်ခံစာတွင် ဖော်ပြထား ကြောင်း သိရသည်။ CSR ဆိုသည်မှာ ရင်းနှီးမြှပ်နှံသော ဒေသတွင်းရှိလူနှင့် သဘာဝပတ်ဝန်း ကျင်မထိခိုက်စေရန်ဖြစ်ပြီး ယင်းတို့ကို ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။


ပဋိပက္ခစီမံခန့်ခွဲမှု

မလေးရှားနိုင်ငံ ဆာလာယန်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ခံ မြန်မာအလုပ်သမားအရေးကို မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက လာမည့် ရက်သတ္တပတ်အတွင်း သွားရောက်ဖြေရှင်းသွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူ ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်မှ သတင်းရရှိသည်။မေလ ၃၀၊၃၁ နှင့် ဇွန်လ ၁ ရက် နေ့တို့၌ လူစုလိုက် ဝင်ရောက်အကြမ်းဖက်မှုများကြောင့် မြန်မာအလုပ်သမား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၃ သိန်းကျော်ရှိပြီး တရားမဝင်နေထိုင်သူ ၄ သောင်းကျော်ရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အဆိုအရ သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive