Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ကာတာ ကုမ္ပဏီ Ooredoo အော်ပရေတာလိုင်စင်ရရှိမှုကြောင့် ဒေါသတကြီး ဝေဖန်မှုများထွက်ပေါ်

( Associated Press မှ  28 Jun 2013 ရက်စွဲပါ “ Myanmar Telecom deal With Qatar Firm Sparks ire” သတင်းကိုဘာသာပြန်ဆိုသည်)

  1.  မြန်မာနိုင်ငံမှ ဘာသာရေးခေါင်းဆောင်များ hate speech ကို ပြောဆိုလာကြ

(29 June 2013 ရက်စွဲပါ MENFAN.com မှ Religious Leaders in Burma tackle issue of hate speech ကိုဘာသာပြန်ပါသည် )

  1. TIME မဂ္ဂဇင်း၏ မျက်နှာဖုံးဆောင်းပါးကို မြန်မာဘုန်းတော်ကြီးများနှင့် သတင်းစာဆရာများ ပြင်းပြင်းထန်ထန် ဝေဖန်

(Daily News.com မှ 28 June 2013 ရက်စွဲပါ Burmese monks, journalists decry TIME's magazine's cover ကိုဘာသာပြန်ဆိုသည်)


ကာတာ ကုမ္ပဏီ Ooredoo အော်ပရေတာလိုင်စင်ရရှိမှုကြောင့် ဒေါသတကြီး ဝေဖန်မှုများထွက်ပေါ်

( Associated Press မှ  28 Jun 2013 ရက်စွဲပါ “ Myanmar Telecom deal With Qatar Firm Sparks ire” သတင်းကိုဘာသာပြန်ဆိုသည်)

ဘာသာရေးတင်းမာမှုများ ဝန်းရံနေသော မြန်မာနိုင်ငံသည် သောကြာနေ့တွင် စီးပွားရေးခွင်ကြီးတစ်ခုကို ကမ္ဘာသို့ ဖွင့်ပေးခဲ့ရာ၊ ၄င်းအော်ပရေတာ လိုင်စင်ကို မွတ်ဆလင်ကုမ္ပဏီတစ်ခုသို့ ချပေးရခြင်း၏ အကြောင်းရင်းကို ဘုန်းကြီးများ အပါအဝင် အများစုက တောင်းဆိုမေးမြန်းနေကြပြီ ဖြစ်သည်။

ကြာသပတေးနေ့က တင်ဒါအောင်သူစာရင်းတွင်  နော်ဝေး၏ နာမည်ကျော် Telenor ပါဝင်လာခြင်းကို အံ့အားသင့် သူမရှိပဲ အများစုက နှစ်သက်ကြသည်။သို့သော် ယခင်က Qatar Telecon ဟုခေါ်သော Ooredoo  ပါဝင်လာခြင်းကိုမူ အချို့ က အံ့အားသင့်ခဲ့ကြသည်။

Facebook  ကဲ့သို့ လူမူကွန်ယက်ဆိုက်များတွင်  ယင်းကြေငြာချက်အပေါ် ဝေဖန်မှုများ ပွက်ပွက်ညံနေသည်။ “ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း အော်ပရေတာ လိုင်စင်ကို အာရပ်ကုမ္ပဏီလက်ထဲ မထည့်နိုင်ပါဘူး၊ သူတို့ရဲ့ Service ကို ကျွန်တော်တို့မသုံးဘူး” ဟု မုးဇော်၏ Page တွင်  Comment ပေးသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည်  ၂၀၁၁ မှစ၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အရှိန်ရစပြုနေချိန်တွင်  ၂၀၁၂ ဇွန်လ၌  ရခိုင် - ရိုဟင်ဂျာ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် မွတ်ဆလင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် ဘုန်းတော်ကြီးအချို့က လှုံဆော်သော  ၉၆၉  လှုပ်ရှားမှု ပေါ်ထွက်လာခဲ့သည်။

မြန်မာနိုင်ငံ၏  နာမည်ကျော် မိုဘိုင်း အော်ပရေတာ လိုင်စင်တင်ဒါ ဆန်ကာတင် စာရင်းဝင်သူများထဲတွင် စင်ကာပူ၏ Sing Tel ၊ အိန္ဒိယ၏ Bharti Airtel ၊ ဂျပန် KDDI ၊နော်ဝေး၏ Telenor ၊ ကာရေဘီယံမှ Digicel တို့ပါဝင်သည်။

တင်ဒါရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က Ooredoo သည် အရှေ့ အလယ်ပိုင်း၊ မြောက်အာဖရိက နှင့် အာရှတစ်လွှားရှိ နိုင်ငံများစွာတွင် ဝန်ဆောင်မှု ပေးနေသော အင်အားကြီးကုမ္ပဏီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏအများဆုံး ကတိပြုထားသောကြောင့် အကောင်းဆုံးရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။

လူထုထင်မြင်ချက်ကို အစိုးရက မစဉ်းစားခဲ့ခြင်းမှာ မှန်ကန်သောအရာ ဖြစ်သည်ဟု ဦးဆက်အောင်က ပြောကြား သည်။ဒါဟာ ဘယ်လောက်ပွင့်လင်းမြင်သာသလဲ၊ ဘယ်လောက်တောင် ဘက်လိုက်မှုကင်းစင်သလဲ ဆိုတာကို ပြသနေပါတယ် ဟု ၄င်းက ဆိုပါသည်။

အမှန်စစ်စစ် Ooredoo သည် ယုံကြည်စိတ်ချရသော အင်အားကြီး ကုမ္ပဏီတစ်ခု ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မွတ်ဆလင်ဆန့်ကျင်ရေး ဂယက်ထနေချိန်နှင့် တိုက်ဆိုင်သွားသောကြောင့် ဝေဖန်သံများ ညံလာခြင်းဖြစ်သည်။ ဤအခြေ အနေတွင် ဘာသာရေး အစွန်းရောက်ဝါဒီများ၊ နိုင်ငံရေး ပယောဂဆရာများ၊ စီးပွားရေးပယောဂဆရာများ ၏ အခွင့်ကောင်းယူ လှုပ်ရှားမှုများ ထွက်ပေါ်လာနိုင်သည့်ဟု ရန်ကုန်မြို့ မှ အကဲခတ်လေ့လာသူများက သတိပေးပြောဆိုထားသည်။


 မြန်မာနိုင်ငံမှ ဘာသာရေးခေါင်းဆောင်များ hate speech ကို ပြောဆိုလာကြ

(29 June 2013 ရက်စွဲပါ MENFAN.com မှ Religious Leaders in Burma tackle issue of hate speech ကိုဘာသာပြန်ပါသည် )

ယခုအပတ် Time မဂ္ဂဇင်းကာဗာတွင် ဦးဝီရသူ၏ပုံကိုဖော်ပြထားရာ မြန်မာနိုင်ငံတွင် ပိတ်ပင်ခဲ့ပါသည်။ ၄င်းသည် မူဆလင်ဆန့်ကျင်ရေး အမုန်းတရားပွားစေသည့် ပြောဆိုမှုများ ( hate speech ) ပြန့်ပွားအောင် လုပ်ဆောင် ခြင်းကြောင့် နိုင်ငံတကာက စောင့်ကြည့်နေမှုကို ခံနေရသူဖြစ်ပါသည်။ မြန်မာဘုန်းတော်ကြီးများ၏  ဟောပြောမှုများနှင့် အင်တာနက်မှ hate speech များသည် ဘာသာရေးအကြမ်းဖက်မှုများကို  ဦးတည်စေသလော။ မြန်မာအစိုးရကလည်း အဆိုပါ hate speech များ ကို ကိုင်တွယ်တာဝန်ယူမှုရှိပါသလား။

မြန်မာနိုင်ငံသည် မကြာသေးမီကမှ ပုံနှိပ်သတင်းမီဒီယာများအပေါ် ဆင်ဆာပြုလုပ်မှုများ ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုသြဇာရှိသော ဘုန်းတော်ကြီး ဦးဝီရသူ၏ မူဆလင်ဆန့်ကျင်ရေး hate speech များနှင့် ပတ်သတ်၍ Time မဂ္ဂဇင်းက မျက်နှာဖုံးဆောင်းပါးအဖြစ်ဖော်ပြလာသောအခါ အဆိုပါ မဂ္ဂဇင်းကို ပိတ်ပင်ခဲ့ပါသည်။ အကြောင်းမှာ နောက်ထပ် အကြမ်းဖက်မှုများကို လှုံ့ဆော်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဟု ဆိုပါသည်။

ပြီးခဲ့သည့်နှစ်ဇွန်လမှစ၍ မူဆလင်များအပေါ် ကျူးလွန်သော လူမျိုးရေးအကြမ်းဖက်မှု ငါးမှု နိုင်ငံအနှံ့ သီးခြားစီ ဖြစ်ပွားခဲ့ရာ များစွာသေဆုံးပြီး၊ ၁၅၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရပါသည်။

သောကြာနေ့က မြန်မာနိုင်ငံတွင် hate speech များ ကြိုတင်ကာကွယ်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတွင် အမေရိကန်သံအမတ်ကြီး Derek Mitchell က အဖွင့်အမှာစကား ပြောကြားရာတွင် ၄င်းကအစိုးရ၏ hate speech များ အပေါ် ကိုင်တွယ်နိုင်စွမ်းရည်သည် တိုင်းပြည်၏အနာဂတ်ကို အဆုံးအဖြတ်ပေးမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး၊ အကြမ်းဖက်မှု များကို လှုံ့ဆော်ပေးမည့် ထိန်းချုပ်၍မရနိုင်မည့် hate speech  များ၏ အလားအလာများကိုလည်း သတိထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“ဒီတိုင်းပြည်မှာ သူ့ရဲ့လက်နက်ကိုင်ပဋိပက္ခတွေက ရှိပြီးသားပါ။ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်တွင်းက ရန်သူ တွေနဲ့ပဲ စကားပြောနေခဲ့ရတာပါ။ ဒါ့ကြောင့်ပဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရတာပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို သေသေချာချာ စိတ်ဝင်စားပြီး ပူပန်လို့ စောင့်ကြည့်နေသူတစ်ဦး အနေနဲ့ပြောရရင်  အခုထိဆက်ပြီး စကားပြောနေရတာတွေ၊ ပုံစံအသစ်နဲ့ ပဋိပက္ခဖြစ်လာတာတွေကြည့်ပြီး ဝမ်းနည်းဖို့ကောင်းတယ်လို့ ပြောချင်ပါတယ်” Derek Mitchell ဟု ကပြော ပါတယ်။

ဦးဝီရသူ၏ ထောင်ပေါင်းများစွာသော လူများရှေ့တွင် ဟောပြောမှုများတွင် မူဆလင်သွေးများကို တောင်းဆိုမှု များပင်ရှိပါသည်။

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကမူ မဂ္ဂဇင်းကို ပိတ်ပင်ရန် လိုအပ်ကြောင်းယုံကြည်ပြီး၊ ဖေ့စ်ဘွတ်ကဲ့သို့သော လူမှုမီဒီယာများကို hate speech များပြန့်ပွားအောင် လုပ်ဆောင်မှုအတွက် အပြစ်တင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အတိတ်က မီဒီယာများအပေါ်တင်းကြပ်စွာ ကိုင်တွယ်ခဲ့မှုများသည် အသစ်ဖြစ်ပေါ်လာသော လွတ်လပ်မှုအမျိုးအစားများကို ပြည်သူများ ထိရောက်စွာ ထိတွေ့မှုတွင် စွမ်းဆောင်ရည် မပြည့်မီမှုကိုဖြစ်စေကြောင်း  ၄င်းက အပြစ်တင်ခဲ့ပါသည်။ ၄င်းကမူ ဦးဝီရသူ၏ ဟောပြောမှုများကို hate speech ဟုသတ်မှတ်၍မရကြောင်း ယုံကြည်သည်ဟု ဆိုပါသည်။

“ကျွန်တော်တို့အနေနဲ့ အားကောင်းတဲ့အမြင်နဲ့ hate speech ကိုခွဲခြားရှုမြင်ရပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ လွတ်လပ်စွာပြောဆိုခွင့်ကို ခွင့်ပြုရမယ်။ hate speech ဆိုတာဘာလဲဆိုတာလဲ ရှင်းရှင်းလင်းလင်း လမ်းညွှန်ချက် တွေ ချမှတ်ထားဖို့လိုပါမယ်။ ဒါကြောင့်မို့ ဘုန်းတော်ကြီးတစ်ပါးက ဦးဝီရသူကို ခံစားမှုကို ထိန်းချုပ်ဖို့ သတိပေးခဲ့ပါတယ်” ဦးရဲထွဋ်က ဆိုပါသည်။

ဦးဝီရသူမှာ အကြမ်းဖက်မှုများကို လှုံ့ဆော်မှုကြောင့် ၂၀၀၃ ခုနှစ်တွင် ထောင်ကျခဲ့ရာ ၂၀၁၁ ခုနှစ်တွင် လွတ်မြောက် လာခဲ့ပါသည်။ သူသည် တရားဟောမှုများ ဆက်လက်ပြုလုပ်နေသော်လည်း  အစိုးရက ဝင်ရောက်စွက်ဖက်မှု မရှိခဲ့ပေ။

မြန်မာပြည်သူအများစုက မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအပေါ် ထိန်းချုပ်ရန် တုန့်ပြန်မှုနှင့် ပတ်သတ်၍ မကျေမနပ်ဖြစ်ကြရသည်။ အကြောင်းတစ်ခုမှာ မြန်မာတရားရုံးများသည်  အကြမ်းဖက်မှုများအတွက် မူဆလင်များကို အရေးယူခဲ့သော်လည်း၊ ဗုဒ္ဓဘာသာဝင်တစ်ဦးတစ်ယောက်ကိုမှ အရေးယူခြင်းမရှိမှုများဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူ မော်လမြိုင်မှ မူဆလင်တစ်ဦးဖြစ်သူ သက်ကိုကို က ဆွေးနွေးပွဲတွင် ပြောကြားခဲ့မှုများကို နားထောင်ရသည်မှာ ဝမ်းနည်းဖွယ် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မော်လမြိုင်မြို့မှ ဘုန်းကြီးကျောင်းသည် ၉၆၉ လှုပ်ရှားမှုများ စတင်ရာနေရာဖြစ်ပါသည်။

“ကျွန်တော်တို့ဘာသာကို အစိုးရနဲ့အများစုကခွဲခြားမှုနဲ့ ကြုံတွေ့နေရပါတယ်။  အထူးသဖြင့် မြန်မာဘုန်းကြီးတွေပေါ့၊ ဒါကို ကျွန်တော် မကျေနပ်နိုင်ဘူး ဖြစ်နေတာ။ အစိုးရအနေနဲ့က မြန်မာနိုင်ငံမှာ hate speech ကို ကြိုတင်ကာကွယ်ဖို့၊ ဥပဒေနဲ့ ကာကွယ်ရပါလိမ့်မယ်။ လူတွေကိုပြောတဲ့ ဟောတဲ့စကားတွေကို ဆိုလိုတာပါ။ ရွာတွေမှာ သူတို့ဝေတာတွေ ရထားတာတွေ ရှိပါတယ်။ ဒါတွေကိုဘာလို့ မကာကွယ်တာလဲ။ လုပ်ဆောင်မှု အားနည်းပါတယ်” ဟု ၄င်းကပြောပါသည်။

လာမည့်အပတ်တွင် ပြည်ထဲရေးဝန်ကြီးဌာနသည် အငြင်းပွားဖွယ် အမျိုးစောင့်ဥပဒေကြမ်းနှင့် ပတ်သတ်၍ ကြေညာချက်ထုတ်ပြန်မည်ဖြစ်ပါသည်။


 TIME မဂ္ဂဇင်း၏ မျက်နှာဖုံးဆောင်းပါးကို မြန်မာဘုန်းတော်ကြီးများနှင့် သတင်းစာဆရာ များ ပြင်းပြင်းထန်ထန် ဝေဖန်

(Daily News.com မှ 28 June 2013 ရက်စွဲပါ Burmese monks, journalists decry TIME's magazine's cover ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်ဝီရသူကို ဗုဒ္ဓဘာသာဝင်အကြမ်းဖက်သမား အဖြစ်သတ်မှတ် ဖော်ပြထားသည့် မျက်နှာဖုံးဆောင်းပါး ပါဝင်သော ဇူလိုင်လထုတ် TIME မဂ္ဂဇင်းထွက်ရှိလာသည်။

အဆိုပါ ဆောင်းပါးကို လူမှုကွန်ယက်ဖြစ်သော Facebook ပေါ်တွင် များစွာသောမြန်မာနိုင်ငံသားများက ပြစ်တင်ဝေဖန် ခဲ့ကြသည်။ ထိုဆောင်းပါးသည် ဗုဒ္ဓဘာသာကို စော်ကားမှုတစ်ရပ်အဖြစ် အများစုက ခံစားရှုမြင်ကြသည်။ ထိုသို့ မြန်မာနိုင်ငံသားအများစု၏ အတွေးအမြင်များအပေါ် အခြေခံကာ အောက်ဖော်ပြပါပုဂ္ဂိုလ်များက ယခုကဲ့သို့ ထင်မြင်သုံးသပ်ချက်ပေးကြပါသည်။

ဦးဝီရသူဟာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဆိုတာဟုတ်ပါသလား။

 ဦးကျော်မင်းဆွေ၊ အယ်ဒီတာချုပ်၊ The Voice Daily

"TIME မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါးကိုဖတ်ရတာ ကျွန်တော် စိတ်မချမ်းသာဘူးဗျာ။ ဘာသာရေးအတွက် ပုဂ္ဂိုလ် တစ်ယောက်ကို ယခုလို တံဆိပ်တပ်ပြီးဖော်ပြတာ မသင့်လျော်မှုတစ်ခုပါ။ အကြမ်းဖက်မှုမှာ ဦးဝီရသူ ပါဝင်ပတ်သက်နေတယ် ဆိုတာနဲ့ ပတ်သက်ပြီး သူတို့မှာ သက်သေအထောက်အထား ဘယ်လောက်များ ရှိလို့လဲ။ ဒီကိစ္စအပေါ် ကျွန်တော်ကတော့ သဘောမတူပါဘူး။ ကျွန်တော့်အနေနဲ့ ဦးဝီရသူကို ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ပြဿနာမဟုတ်ပါဘူး။ TIME မဂ္ဂဇင်းက ဒီသတင်းကို ဘယ်လိုဖော်ပြတယ်ဆိုတဲ့ကိစ္စဟာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ဘာသာတရားအပေါ် ဂယက် ရိုက်ခတ်နိုင်ပါတယ်။ ဒီသတင်းရဲ့ နောက်ကွယ်မှာ တစ်ခုခုရှိနေတယ်လို့ပဲ ကျွန်တော် ထင်မြင်မိပါတယ်။ နောက်ပြီးတော့ အဲဒီဆောင်းပါးဟာ သတင်းစာ ကျင့်ဝတ်နဲ့လည်းကိုက်ညီမှုမရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားစေဖို့ ဘာသာရေးနဲ့ ဆူပူအကြမ်းဖက်မှုကို အသုံးပြုထားလို့ပါပဲ။ ဒီလိုမျိုးရေးသားဖော်ပြဖို့ လုံးဝမလိုအပ်ပါဘူး။ TIME မဂ္ဂဇင်းဟာ ကမ္ဘာကျော် မဂ္ဂဇင်းကြီးတစ်စောင်လို့ ပြောဖို့လိုမယ်လို့ ကျွန်တော်မထင်မိပါဘူး"

ဒေါက်တာ အရှင်ဓမ္မပီယက

"မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအပါး ငါးသိန်းကျော်ရှိပါသည်။ ဗုဒ္ဓဘာသာတစ်ခုလုံးအပေါ် အပြစ်ပုံချမှု မပြုလုပ် သင့်ပါ။ ယခုဆောင်းပါးသည် တစ်ဖက်သတ်ရေးထားသော ဆောင်းပါးသာဖြစ်ပါသည်။ ဗုဒ္ဓဝါဒသည် ငြိမ်းချမ်းသော ဘာသာတရားတစ်ခု ဖြစ်သည်မှာ သမိုင်းကြောင်းရှိပါသည်။ ရဟန်းသံဃာများသည် အများပြည်သူနှင့် သာသနာတော်၏ အကျိုးစီးပွားအတွက် လုပ်ကိုင်ပေးနေကြသူများ ဖြစ်ပါသည်။ ဤဘာသာတရားသည် ငြိမ်းချမ်းသော ဘာသာတရား ဖြစ်ခဲ့သလို ငြိမ်းချမ်းတဲ့ဘာသာတရားတစ်ခု ဆက်ဖြစ်နေမှာပါ"

အရှင် ဒေဝံသဘိဝံသ(သီတဂူ)

"ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကပြောဖူးပါတယ်၊ တကယ်လို့ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မယ့် ဘာသာတရားရှိတယ်ဆိုရင် အဲဒီဘာသာတရားဟာ ဗုဒ္ဓဘာသာပဲဖြစ်ရပါလိမ့်မယ်တဲ့။ ဆိုတော့ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းတဲ့ ဘာသာတရားလို့ပဲ ဘုန်းကြီးကပြောရပါလိမ့်မယ်။ ရဟန်းသံဃာတော်တွေဟာ ငြိမ်းချမ်းတဲ့ ဘာသာတရားအတိုင်း နေထိုင်ကြတဲ့အတွက် သူတို့ဟာ ငြိမ်းချမ်းတဲ့စိတ်ထားရှိကြပါတယ်။ ရဟန်းသံဃာတော်တွေက အကြမ်းဖက် တယ်ဆိုတာမရှိပါဘူး။ ဒါပေမဲ့ သူတို့တတွေဟာ သတ်ဖြတ်ခံရတယ်၊ အကြမ်းဖက်တာခံကြရတယ်။ ရဟန်း သံဃာတွေရဲ့ လက်နက်ဟာ ခန္ဓီတရားပါ။ TIME မဂ္ဂဇင်းဟာ ဦးဝီရသူကို အကြမ်းဖက်သမားတစ်ဦးအဖြစ် စွပ်စွဲရေးသား ပါတယ်။ ကျေးဇူးရှင်သီတဂူဆရာတော်ကြီးက မိန့်ကြားဖူးပါတယ်၊ ဦးဝီရသူဟာ ငြိမ်းချမ်းရေးလိုလားတဲ့ ပုဂ္ဂိုလ်တစ်ဦးပါတဲ့။ ဒါပေမဲ့လည်း နိုင်ငံခြားမီဒီယာတွေက သူ့ကို ဝေဖန်ရေးသားကြပါတယ်"

လူမှုရေးတွင် တက်ကြွလှုပ်ရှားသူ ဒေါ်မြင့်မြင်ခင်ဖေ

"ပြင်သစ်လူမျိုး သတင်းစာဆရာတစ်ဦးက အင်တာဗျူးတစ်ခုမှာ ကျွန်မကိုမေးပါတယ်၊ မြန်မာအများစုဟာ အကြမ်းဖက်မှုကို လက်ခံသလား၊ ဒါမှမဟုတ် ကျွန်မအနေနဲ့ရော အကြမ်းဖက်မှုကို လက်ခံသလားတဲ့။ ကျွန်မက အကြမ်းဖက်မှုကို ဘယ်တော့မှ လက်မခံဘူးလို့ ဖြေလိုက်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ပုံရိပ်ကို ကိုယ့်ဘာသာတရားနဲ့ပဲ ကာကွယ်ရမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့အတွက် ဗုဒ္ဓဘာသာဝင်တိုင်းဟာ အချိန်တိုင်း ကောင်းကောင်းမွန်မွန်ပြုမူ နေထိုင်ကြရမှာဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုမဟုတ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ အကြမ်းဖက်တဲ့ ဗုဒ္ဓဘာသာတိုင်းပြည်တစ်ခုလို့ သတ်မှတ်ခံရနိုင်ပါတယ်"

ဟံသာဝတီဦးဝင်းတင်(ဝါရင့်သတင်းစာဆရာကြီး)

"အကြမ်းဖက်သမား ဗုဒ္ဓဘာသာဝင်ဆိုတဲ့ အသုံးအနှုန်းကို သုံးတာဟာ အတော့်ကို ကြောက်စရာကောင်းပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မွတ်စလင်တွေဘက်က ရပ်တည်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ၉၆၉ ဆိုတာ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း မှာ ထွက်ပေါ်လာတယ်။ အကြမ်းဖက်သမားတွေဟာ မွတ်စလင်တွေဖြစ်ကြတယ်ဆိုတာ ဘယ်သူမှလက်သင့်မခံကြပါဘူး။ သူတို့က တခြားလူမျိုးတွေကိုလည်း သတ်တယ်၊ သူတို့လူမျိုးကိုလည်း သူတို့ပြန်သတ်ကြတယ်။ အခုမြန်မာပြည်မှာ ၉၆၉ ဒါမှမဟုတ် ဦးဝီရသူလို ဗုဒ္ဓဘာသာဝင်အစွန်းရောက်တွေ ပေါ်ထွက်လာနိုင်တယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ ပြည်သူတွေကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီပြဿနာကို ဥပဒေ စည်းမျဉ်း၊စည်းကမ်းနဲ့ အညီ ဖြေရှင်းကြရမှာဖြစ်ပါတယ်။ အကြမ်းဖက်မှုကို ဥပဒေစည်းမျဉ်၊းစည်းကမ်းနဲ့ မဖြေရှင်းခဲ့ဘူး။ ပြဿနာကို ဘာသာရေးကိစ္စ တစ်ခုအဖြစ် ခေါင်းစဉ်တင်လိုက်တော့နောက်ပိုင်းမှာ ပြဿနာကပိုကြီးထွားလာတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကနေ နောက်ပြန်လှည့်ချင်တဲ့သူတွေက ဒီအခြေအနေကို အမြတ်ထုတ်ကြတယ်။ အခုတော့ ပြဿနာတွေကိုဖြေရှင်းဖို့ အတော့်ကို ခက်ခဲနေပါတယ်။ သြဇာကြီးမားတဲ့ TIME မဂ္ဂဇင်းကြီးက ဦးဝီရသူကို အကြမ်းဖက်သမားအဖြစ် ပုံဖော်ပြီး မြန်မာနိုင်ငံက ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတာဟာ အင်မတန် ကြောက်စရာကောင်းပါတယ်။ အခုဆိုရင် အန္တရာယ်ဟာ ပိုမို ကြီးထွားလာပါပြီ။ ဦးဝီရသူနဲ့ သူ့ရဲ့နောက်လိုက်တွေရဲ့ တုံ့ပြန်မှုရော၊ သူတို့ကို ဆန့်ကျင်တဲ့သူတွေရဲ့ တုံ့ပြန်မှုတွေပါ အရှိန်မြင့် လာမှာဖြစ်ပါတယ်။နှစ်ဖက်စလုံးမှာ ရန်လိုမုန်းတီးမှုတွေ မြင့်တက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်"

ဒေါက်တာမြတ်သူ (မန်နေးဂျင်းဒါရိုက်တာ၊ အာရှတော်ဝင်)

"ဦးဝီရသူက သူ့ရဲ့ဘာသာတရားအပေါ် အင်မတန်ချစ်မြတ်နိုးပါတယ်။ သူဟာ တခြားဘာသာတရားတွေကို စော်ကားနေတာ မဟုတ်ပါဘူး။ အဲဒီတော့ TIME မဂ္ဂဇင်းရဲ့ ဆောင်းပါးဟာ လုံးလုံးလျားလျားမှားယွင်းပါတယ်။ ကျွန်တော့်ရဲ့ အမြင်ကတော့ သီတဂူဆရာတော်ကြီးရဲ့ အမြင်နဲ့ထပ်တူထပ်မျှဖြစ်ပါတယ်"

ဦးဝီရသူ

Daily Eleven သတင်းစာက ဦးဝီရသူကိုအင်တာဗျူး ပြုလုပ်ရာတွင် ၎င်းက ဗုဒ္ဓဘာသာ အကြမ်းဖက်သမားအဖြစ် ဖော်ပြခံရမှု ကြောင့် မိမိအနေဖြင့် လွန်စွာအံ့အားသင့်မိကြောင်း ပြောကြားသည်။

"ယခုလို တိုက်ခိုက်ရေးသားမှုကြောင့် ဘုန်းကြီးအနေနဲ့ ဂုဏ်သိက္ခာထိခိုက်ပျက်စီးသွားမှာ မဟုတ်ပါဘူး။ ဘုန်းကြီး ပြောချင်တာက ဘုန်းကြီးကို မြန်မာဘင်လာဒင်လို့ နှိုင်းယှဉ်ပြတာနဲ့ ပတ်သက်လို့ပါ။ ဘင်လာဒင်ရဲ့လက်တွေဟာ သွေးပေစွန်း ခဲ့ပါတယ်။ ကျုပ်ရဲ့လက်တွေဟာ အကုသိုလ်တွေ ကင်းနေပါတယ်။ သူတို့ပေးတဲ့ ဥပမာက ခြင်္သေ့ကို မြေခွေးဖြစ်အောင် ပြောနေသလိုပဲ။ ဒါဟာ အင်မတန် ရိုင်းစိုင်းတဲ့ နှိုင်းယှဉ်မှုပါ။ ကျုပ်တို့ အခုလုပ်နေတယ်ဆိုတာက ကာကွယ်မှုတစ်ခုအတွက် ပဲဖြစ်ပါတယ်။ တိုက်ခိုက်ဖို့ ကိစ္စလည်းမရှိဘူး။ အီရတ်ကို အမေရိကန်တွေ ဝင်တိုက်တယ်ဆိုတာ သူတို့ရဲ့ အမျိုးသားလုံခြုံရေး အတွက်ပဲဖြစ်ပါတယ်။ ကျုပ်တို့ရဲ့တိုင်းပြည်နဲ့လူမျိုးရဲ့ လုံခြုံရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်အောင် လုပ်ဆောင်နေတာပါ။ ကျုပ်တို့ရဲ့ ဘာသာနဲ့လူမျိုးတွေကို ချစ်မြတ်နိုးတဲ့ စိတ်ဖြစ်အောင် လုပ်နေတာပါ။ အဲဒီလိုလုပ်တာတွေကြောင့် ကျုပ်တို့ကို အကြမ်းဖက်သမားလို့ ပြောမှာလား။တကယ်လို့ မဟုတ်တာတွေရှိ၊ မရှိသိချင်တယ်ဆိုရင် ကျုပ်မှာ TIME မဂ္ဂဇင်းနဲ့ အင်တာဗျူး လုပ်တုန်းက ဗီဒီယိုအခွေရှိပါတယ်။ အခုအဲဒီဗီဒီယိုကို အင်တာနက်ပေါ်တင်ဖို့ စီစဉ်နေပါတယ်။ သူတို့ကဘာလုပ်တယ် ဆိုတာကို ဘုန်းကြီးကိုမပြောဘူး။ မဂ္ဂဇင်းအဖုံးမှာ သူတို့က ဘုန်းကြီးရဲ့ပုံကို ကြောက်စရာကောင်းတဲ့သူတစ်ဦး ဖြစ်အောင် လုပ်ခဲ့ကြတယ်"

ဦးဝဏ္ဏရွှေ (အစ္စလာမ်ဘာသာရေးကောင်စီ ဌာနချုပ်)

"လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ဘာသာရေးနဲ့ နှိုင်းယှဉ်ပြတာကို ကျွန်တော်တို့မကြိုက်ပါဘူး။ အစ္စလာမ်မှာလည်း အဲဒီလိုပါပဲ။

လူတစ်ယောက်ရဲ့အလုပ်ကိုဘာသာရေးနဲ့ ခိုင်းနှိုင်းပြတာ ကျွန်တော်လက်မခံပါဘူး"

ဒေါက်တာသန်းထွဋ်အောင် (စီအီးအို၊ Eleven Media)

"ရှင်းရှင်းပဲပြောမယ်၊ ဦးဝီရသူရဲ့ အမြင်တွေကို ကျွန်တော်သဘောမတူဘူး။ ကျွန်တော်တို့တတွေ အမြင်ချင်းမတူကြဘူး။ ဒါပေမဲ့ TIME မဂ္ဂဇင်းရဲ့ မျှတမှုမရှိတဲ့ ပုံဖော်ရေးသားမှုကိုလည်း ကျွန်တော်လက်မခံပါဘူး။ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တစ်ပါး အတွက်၊ သူ့အနေနဲ့ သံဃာ့စည်းမျဉ်း၊စည်းကမ်းတွေကို မချိုးဖောက်သေးသရွေ့ ရဟန်းတစ်ပါးအဖြစ် သတ်မှတ်ခံရမှာပဲဖြစ်ပါတယ်။ မစိုးရိမ်ကျောင်းတိုက်မှာ ဒီလိုဘုန်းတော်ကြီးတစ်ပါး ဖြစ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး ဆိုတာ ကျွန်တော် သိပါတယ်။ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ဒါမှမဟုတ် ဥပဒေပြုရေးကိစ္စတွေမှာ ဘာသာရေးတွေ ဝင်ရောက်ပတ်သက် တာမျိုးကို ကျွန်တော်သဘောမတူပါဘူး။ အဲဒီလိုပဲ ဗုဒ္ဓဘာသာအစွန်းရောက် ဒါမှမဟုတ် မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကို လူနည်းစုတွေက လူမှုရေးနဲ့စီးပွားရေး ကိစ္စပျက်ပြားအောင် ရည်ရွယ်ပြီး ဖြန့်ဝေတာမျိုးကိုလည်း သဘောမတူပါဘူး။ သတင်းစာဆရာတစ်ဦး အနေနဲ့ ပြောရမယ်ဆိုရင် TIME မဂ္ဂဇင်းရဲ့ ဝေဖန်ရေးဆောင်းပါးဟာ ကျွန်တော်တို့ ဘာသာတရားနဲ့ သာသနာကို ထိခိုက်စေပြီး မျှတမှုလည်းမရှိပါဘူး။ အဲဒီလိုလုပ်ရပ်တွေက မလိုလားအပ်တဲ့ ပဋိပက္ခတွေဖြစ်ပေါ်စေပြီး အင်မတန်နုနယ်သေးတဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ်ကိုလည်း ဆိုးဆိုးရွားရွားထိခိုက် စေမှာဖြစ်ပါတယ်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive