Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“လူမှုစီးပွားရေး အကြံပေးအဖွဲ့မှာတော့ စီးပွားရေးသမားတွေ ပါဝင်တာရှိတယ်။ ပညာရှင်တွေလည်း ပါဝင်ပါတယ်။ သမ္မတ အကြံပေးမှာတော့ စီးပွားရေးသမားတေ မတွေ့မိပါဘူး။ အစိုးရသစ်သွားနေတာ စေတနာအမှန်နဲ့ သွားနေတာပါ။ စီးပွားရေး သမားတွေကလည်း အစိုးရပေါ်လစီကို ဝင်စွက်ဖက်လို့ မရပါဘူး။”

ဇူလိုင်လ ၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၆၄) တွင်ပါရှိသော “တိုင်းပြည်ရဲ့အဓိက ဒေါက်တိုင်တချို့ မှာ ခရိုနီတွေ လွှမ်းမိုးနေသလား” သတင်းမှ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သူဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“အဓိကပြောချင်တဲ့ အချက်ကတော့ မှတ်ပုံတင်ဌာနနဲ့ မှတ်ပုံတင်အရာရှိ၊ အဲ့ဒီ မှတ်ပုံတင်ဆိုတဲ့ဟာနဲ့ ကျွန်တော်တို့ ကန့်သတ်ခံရတယ်။ လိုင်စင်ပိတ်ခံရတယ်။ နောက် မှတ်ပုံတင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ မီဒီယာ လောကသမား တွေက ကြောက်တယ်။ ကျွန်တော်တို့က ဌာနအရေးကြီးတာ။ မပြင်လို့ရှိရင် မီဒီယာလောကတစ်ခုလုံးနဲ့  ပြန်ကြားရေးနဲ့ နားလည်မှုလွဲပြီး၊ နောက်ဆက်တွဲ အကြောင်းအရာတွေ အများကြီး ဖြစ်လာနိုင်တယ်။”

ဇူလိုင်လ ၅ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “စာနယ်ဇင်းဥပဒေတွင် သတင်းသမားတို့ ပြင်ဆင်လိုသည့်အချက်များ ပြင်ဆင်ထားခြင်းမရှိ” သတင်းမှ စာနယ်ဇင်းကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“၂၀၁၅ အတွက်ကတော့ နယ်မြေပေါ်မူတည်ပါတယ်။ ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီး ပြောမယ်ဆိုရင်တော့ ရာနှုန်းပြည့် ရှုံးမှာပဲ။ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း လူထုကနိုင်တဲ့သူကို သိပ်ယုံတာကိုး။ ယုံတဲ့အတိုင်း ဆက်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဘာမှမလုပ်နိုင်ဘူးဆိုရင်တော့ ကျသွားမှာပေါ့။ ၂၀၁၁ နဲ့ ၂၀၁၅ နဲ့ကြားမှာ လေးနှစ်လောက်ကွာ သွားပြီလေ။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြည်သူလူထုအကျိုးပြုမယ့် လုပ်ငန်းတွေကို For Show မဟုတ်ဘဲ အမှန်တကယ် လုပ်နေပါတယ်။ ဒါတွေကလည်း ၂၀၁၅ တစ်ခုတည်းကို ရည်ရွယ်ပြီး လုပ်နေတာမဟုတ်ပါဘူး။ အဓိက ပြည်သူလူထု ယုံကြည်မှုတည်ဆောက်ဖို့ပါပဲ။”

ဇူလိုင်လ ၅ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ကြားဖြတ်ရွေးကောက်ပွဲ အရှုံးရလဒ်ပေါ်မူတည် ပြီး ၂၀၁၅ အတွက် ပြည်သူလူထု၏ ယုံကြည်မှု တည်ဆောက်ထားသည်ဟု ဦးဌေးဦးပြော” သတင်းမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“အကြောင်းကိစ္စတစ်ခုကို အကြောင်းပြုပြီး ဆူပူအုံ့ကြွမှုတွေ ဖြစ်တာတွေဟာ ပြည်သူတွေရဲ့ နေထိုင်မှုဘဝ လုံခြုံရေးကို ထိတ်လန့်စေပါတယ်။ အခုလို ရဲတပ်ဖွဲ့ကို တိုးချဲ့တဲ့အတွက် ကောင်းပါတယ်။ ဒါပေမဲ့ ပါဝင်မယ့် ရဲတပ်ဖွဲ့ဝင်တွေက အားကြိုးမာန်တက်နဲ့ ပြည်သူတွေကို ကာကွယ်ဖို့လိုပါတယ်။ ပြည်သူကို နှိမ်နင်းဖို့ တိုးချဲ့ ဖွဲ့စည်းတာမျိုး မဖြစ်စေချင်ဘူး။”

ဇူလိုင်လ ၅ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အကြမ်းဖက်မှုနှင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းမည်” သတင်းမှ ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ဘယ်သူပဲဖြစ်ဖြစ်ရွေးချယ်မှုနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိဘူး။ မရိုးသားဘူးထင်ရင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး တစ်ယောက်ကတစ်ဆင့် အထောက်အထားနဲ့ တင်ပြလို့ရပါတယ်။ လွှတ်တော်ကို တင်ပြလိုက်ရင် တစ်နိုင်ငံလုံးကို တင်ပြတာ ပါပဲ။ လွှတ်တော်က တစ်ဆင့် အစိုးရအဖွဲ့အစည်းကို တင်ပြမေးမြန်းလို့ ရပါတယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံဟာ ပွင့်လင်းမြင်သာတဲ့ အခြေအနေကို ရောက်နေပါပြီ။”

ဇူလိုင်လ ၆ ရက်နေ့ထုတ် Trade Times Journal အတွဲ (၂) အမှတ် (၆၄) တွင်ပါရှိသော “အော်ပရေတာ ရွေးချယ်မှု မမျှတဟု ယူဆပါက လွှတ်တော်သို့ တင်ပြနိုင်” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဖုန်းမြင့်အောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်များ ဗြိတိန်နှင့် ဂျပန်တွင် ထားမည်

မြန်မာနိုင်ငံက ပြည်ပနိုင်ငံများနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် လုပ်ငန်းများ တိုးမြှင့်နိုင်ရန်အတွက် ဂုဏ်ထူး ဆောင် ကောင်စစ်ဝန်ချုပ်နှင့် ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များ ဗြိတိန်နှင့် ဂျပန်တို့တွင် ထားရှိမည် ဖြစ်ကြောင်း ဇွန်လ (၄) ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၏ ပြောကြားသွားချက်အရ သိရှိရသည်။ ယခုအခါ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံက သံရုံး ဖွင့်လှစ်ထားရှိခြင်း မရှိသေးသော နိုင်ငံများတွင် သံရုံးများ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေပြီး စစ်သံမှူးများနှင့် ကောင်စစ်ဝန်များကို ဆက်လက် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

စင်ကာပူအခြေစိုက် Bamboo Green ကုမ္ပဏီ ဟိုတယ်လုပ်ငန်း လုပ်ကိုင်မည်
စင်ကာပူ အခြေစိုက် Bamboo Green Pte,Ltd သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟန်းမြို့နယ်တွင် BOT (Big Operating Transfer) စနစ်ဖြင့် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင် Big Tree Co.,Ltd အမည်ဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ သိရှိရသည်။ စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံတွင် လုပ်ငန်းပေါင်း ၉၀ ၌ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားပြီး ဆဋ္ဌမမြောက် အများဆုံးမြှုပ်နှံထားသည့် နိုင်ငံအဖြစ် ရပ်တည်နေသော နိုင်ငံဖြစ်သည်။

ရက်ပေါင်း ၂၀ အတွင်း ပြည်တွင်းလုပ်ငန်းရှင်များ ကျပ်သန်းပေါင်း ၉၂၀၀ ကျော် ထပ်မံမြှုပ်နှံ
မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် ရက်ပေါင်း ၂၀ အတွင်း ကျပ်သန်း ၉၂၀၀ ကျော်ကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းတို့တွင် ထပ်မံမြှုပ်နှံခဲ့ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြှုပ်နှံမှုများ ပြုလုပ်ရာ၌ တည်ဆောက်ရေးကဏ္ဍတွင် အများဆုံးမြှုပ်နှံထားကာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထား ကြကြောင်း သိရှိရပြီး၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်က မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ မြှုပ်နှံထားသည့် ပမာဏစုစုပေါင်း ကျပ်သန်းပေါင်း ၂၉၄၉၈၀၇ ဒသမ ၄၈ သန်း ရှိခဲ့ရာမှ ဇူလိုင်လ ၁ ရက်နေ့တွင် ကျပ်သန်းပေါင်း ၂၉၅၉၀၉၀ ဒသမ ၅၁ သန်းထိရှိလာခဲ့သည့်အတွက် ရက်ပေါင်း ၂၀ အတွင်း ကျပ်သန်းပေါင်း ၉၂၀၀ ကျော်အထိ တိုးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေကို  ၂၀၁၃ ခုနှစ် ဇူလိုင်တွင် နောက်ဆုံထားပြဋ္ဌာန်းရန် သတ်မှတ်ချက်ကို မြန်မာ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများအား နောက်ထပ် ရှစ်နှစ် သက်တမ်းတိုးပေး
မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေရေးဆွဲ အကောင်အထည် ဖော်ရေး သတ်မှတ်ချက်ကို WIPO ( World Intellectual Property Organization) အဖွဲ့ချုပ်က နောက်ထပ် ရှစ်နှစ်သက်တမ်း တိုးပေးလိုက်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာရှိ WIPO အဖွဲ့ချုပ်ရုံးမှ မြန်မာနိုင်ငံသား အဆင့်မြင့် အရာရှိတစ်ဦး၏ အတည်ပြုပြောကြားချက်အရ သိရှိရသည်။ ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေကို မူလသတ်မှတ်ချက် အရ ၂၀၁၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးထားပြီး ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ရန် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ အပါအ၀င် အချို့နိုင်ငံများတွင် သတ်မှတ်ထားသည့် ကာလအတွင်း ပြီးပြတ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် နောက်ထပ် ရှစ်နှစ်သက်တမ်းတိုးပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့ဆွေးနွေးပွဲများ ဇူလိုင်လ ၂၀ ရက် နောက်ပိုင်းမှ ပြုလုပ်နိုင်မည်
အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) တို့၏ ဆွေးနွေးပွဲကို ဇူလိုင်လ ၂၀ ရက် နောက်ပိုင်းမှသာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂျွန်ဂျာ၏ ပြောကြားချက်အရ သိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့သည် မေ ၂၈ ရက်မှ ၃၀ ရက်အထိ မြစ်ကြီးနားမြို့တွင် နောက်ဆုံးတွေ့ဆုံထားခဲ့ပြီး အဆိုပါဆွေးနွေးပွဲမှ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်ရန် သဘောတူညီထားသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် ဒေသဆိုင်ရာ ဘဏ်များအား စီးပွားရေး မထိခိုက်စေဘဲ ဖွင့်လှစ်ခွင့်ပြုရန် နည်းလမ်းရှာဖွေနေ
ဒေသဆိုင်ရာ ဘဏ်များအား စီးပွားရေးကို မထိခိုက်စေဘဲ ဖွင့်လှစ်ခွင့်ပြုရန် မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် နည်းလမ်းရှာဖွေလျက် ရှိကြောင်း ဇူလိုင်လ ၄ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ ပြောကြားချက်အရ သိရသည်။       လက်ရှိ တွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ဘဏ်၂၀ ခု၊ အစိုးရပိုင် ဘဏ်လေးခု၊ ဘဏ်ခွဲပေါင်း ၅၃၁ ခု ဖွင့်လှစ်ထားပြီး အိမ်နီးချင်း ထိုင်း နိုင်ငံသည် မြန်မာနိုင်ငံထက် ဂျီဒီပီ ခြောက်ဆကျော်သော်လည်း ဘဏ် ၁၇ ခုသာ ရှိကြောင်း သိရှိရသည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr သည် လာမည့် သီတင်းပတ်တွင် မြန်မာပြည်သို့ လာရောက် မည်ဖြစ်ကြောင်း Australia Network News သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးသည် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ် များနှင့်တွေ့ဆုံမည် ဖြစ်ကာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၊ သြစတြေးလျ-မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး၊ လူ့အခွင့်အရေးနှင့် ပညာရေး၊ ရခိုင်ပြည်နယ်တွင် တွေ့ကြုံနေရသည့် အကျပ်အတည်းများ အပေါ် ဆွေးနွေး သွားမည်ဖြစ်သည့်အပြင် သြစတြေးလျနိုင်ငံ အစိုးရ အနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်း စဉ်များတွင် ရင်းနှီးနီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ မြန်မာပြည်သူများအား အားပေး မြှင့်တင်သွားမည်ဟု သိရှိရသည်။

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပထမဆုံးအကြိမ် မြန်မာ့ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာညီလာခံ ပြုလုပ်မည်
  2.  ရန်ကုန်တွင် ဟိုတယ်ခန်းအကြီးကျယ်မလုံလောက်မှု လာမည့်ငါးနှစ်အထိ ဆက်ကြုံနေမည်
  3. အလုပ်မလုပ်သော စီမံကိန်းမြေများကို ပြန်သိမ်းရန် လွှတ်တော်က အစိုးရကို တိုက်တွန်း
  4.  အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့ မြန်မာအစိုးရ တိုးချဲ့ဖွဲ့စည်းမည်

ပထမဆုံးအကြိမ် မြန်မာ့ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာညီလာခံ ပြုလုပ်မည်

မြန်မာ့ဘဏ်လုပ်ငန်းနှင့်  ဘဏ္ဍာရေးဆိုင်ရာ ညီလာခံကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၈ ရက်အထိ ပထမဦး ဆုံးအကြိမ်အဖြစ် ကုန်သည်ကြီးများဟိုတယ်၌ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရသိရသည်။

ထိုညီလာခံ၌ မြန်မာ့ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကဏ္ဍများ၏  အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးသွားမည် ဖြစ်ပြီး နိုင်ငံတကာမှ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ၂၀၀ ကျော်တက်ရောက်လာကြမည် ဖြစ်ကြောင်း သိရသည်။ ယင်းညီလာခံ ပြုလုပ်ခြင်းဖြင့် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် နိုင်ငံတကာသို့ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုညီလာခံသည် တစ်ခုတည်းသော မဟာဗျူဟာမြောက်ဘဏ်၏ လုပ်ငန်းဆိုင်ရာ ညီလာခံဖြစ်ပြီး ယင်းဘဏ်သည် ဘဏ်လုပ်ငန်း နယ်ပယ်အတွင်းရှိ လူများ ၊ ဆန်းသစ်တီထွင်သော နည်းပညာများနှင့် အကောင်းဆုံးသော လုပ်ထုံးလုပ်နည်း များကို ပေါင်းစပ်ပြီး မြန်မာ့ဘဏ်လုပ်ငန်း၏ အနာဂတ်ကို  ပုံဖော်ဆောင်နိုင်သော နေရာတစ်ခုလည်းဖြစ်သည်။  အဆိုပါ ညီလာခံသို့  ပြည်တွင်းရှိ ဘဏ်များအပြင် ဂျပန်၊ စင်ကာပူ၊ နယူးဇီလန်၊ သြစတြေးလျ၊ ထိုင်း စသောနိုင်ငံတကာမှ ဘဏ်လုပ်ငန်းရှင်များ ကလည်း တက်ရောက်လာကြမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍတွင် စီမံခန့်ခွဲမှု အားအနည်းဆုံး နိုင်ငံအဖြစ် ပါဝင်ကြောင်း သိရသည်။


 ရန်ကုန်တွင် ဟိုတယ်ခန်းအကြီးကျယ်မလုံလောက်မှု လာမည့်ငါးနှစ်အထိ ဆက်ကြုံနေမည်

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ရုံးခန်းများ ဖွင့်လှစ်ထားသည့် ကုလသမဂ္ဂရုံးခန်းများ ဖွင့်လှစ်ထားသည့် ကုလသမဂ္ဂ ရုံးခန်းများသည် လာမည့်လတွင် ဈေးနှုန်းများ ကြီးမြင့်လာ သောကြောင့် ပြောင်းရွေ့တော့မည်ဖြစ်ကြောင်း သိရှိရ သည်။

ကုလသမဂ္ဂရုံးများသည် ကုန်သည်ကြီးများဟိုတယ် ပဉ္စမထပ်တွင် ၂၀၀၇ ခုနှစ်ကတည်းက ဖွင့်လှစ် လာခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လက တစ်နှစ်စာ နောက်ဆုံးစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

“ဟိုတယ်ခတွေရဲ့ ဈေးနှုန်းက မိုးထိအောင် တက်နေတယ်။ ငှားလိုအားနဲ့ ရှိတဲ့အခန်းက မမျှတဘူး ဖြစ်နေတယ်” ဟု ကုလသမဂ္ဂ ရန်ကုန်ရုံးခန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း ကပြောကြားခဲ့သည်။

အိမ်ခြံမြေ ကြော်ငြာလုပ်ငန်းတစ်ခု ဖြစ်သော ဆီပီယိုဆားဗစ်စ်၏ အဆိုအရ  ရန်ကုန်မြို့ရှိ ဟိုတယ်ခန်းများသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ရာခိုင်နှုန်း ၃၀ ခန့်သာ ပြည့်ခဲ့သော်လည်း ယခုအခါ ကမ္ဘာလှည့်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ လှိမ့်ဝင်လာ နေသဖြင့် အမြဲတမ်း ပြည့်နေကြောင်း သိရရှိသည်။

ရန်ကုန်ရှိ ကုန်သည်ကြီးများဟိုတယ်၏ အခန်းတစ်ခန်းနှုန်းထားသည် အမေရိကန်ဒေါ်လာ ၂၃၅ ဒေါ်လာ ဖြစ်သော ကြောင့် ဟောင်ကောင်ရှိ ကုန်သည်ကြီးများ ဟိုတယ်၏ အခန်းခဈေးနှုန်း  ၁၅၅ ဒေါ်လာထက် ခရီးသည်များ တိုးပွားလာမှု၊ ဆောက်လုပ်ရေး လုပ်ငန်းများ နောက်ကျကျန်ရစ်ခြင်း၊ စီးပွားရေး၊ ဥပဒေရေးရာနှင့် နိုင်ငံရေးစွန့်စားမှုများ ရှိနိုင်ခြင်းတို့ကြောင့် ရန်ကုန်သည် လာမည့်ငါးနှစ်အတွင်း ဟိုတယ်အခန်းများ အကြီးအကျယ် မလုံလောက်မှု ကြုံနေရဦးမည်ဟု ဂျုန်းလန်းလာဆေး ဟိုတယ်အုပ်စု၏ ထိုင်းနှင့် အင်ဒိုချိုင်းနားဆိုင်ရာ ဒုတိယအမှုဆောင် ဥက္ကဋ္ဌ အင်ဒရူးလန်း ကပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဦးရန်ဝင်းက “မြန်မာနိုင်ငံမှာ ဟိုတယ်အခန်းတွေက လိုအပ်နေဦးမှာပါ။ အဲ့ဒါကြောင့် Local ဟိုတယ်တွေကိုလည်း update လုပ်နေပါတယ်။ အခုမြန်မာနိုင်ငံကို ခရီးသည် တစ်သန်းဝင်တယ်။ ဟိုတယ်တွေက လိုလာပါတယ်။ လာမည့် ၂၀၂၀ မှာ မြန်မာနိုင်ငံကို ခရီးသည် ခုနှစ်သန်းကနေ ရှစ်သန်း ကြားဝင်မယ်လို့ ခန့်မှန်းထား ပါတယ်။ ဟိုတယ်တွေကတော့ လိုအပ်နေမှာပါ။ ဈေးနှုန်းအရတော့ ဒေါ်လာ ၃၀၊ ၄၀ နဲ့ ငှားနေတဲ့ အခန်းတွေရှိသလို အင်တာနေရှင်နယ် အခန်းတွေလည်းရှိတယ်။ အဲ့ဒါကြောင့် ဟိုတယ်တွေ လိုအပ်သလောက် ထပ်ဖြည့်နိုင် အောင် လက်ရှိမှာ ဟိုတယ်အကြီးစားတွေနဲ့ အသေးစားတွေ ဆောက်လုပ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ်အခန်းပေါင်း ၈၀၀၀ ကျော်ရှိပြီး နိုင်ငံတကာ အဆင့်ဟိုတယ်အခန်းမှာ ၃၀၀၀ သာရှိကြောင်း သိရှိရသည်။


အလုပ်မလုပ်သော စီမံကိန်းမြေများကို ပြန်သိမ်းရန် လွှတ်တော်က အစိုးရကို တိုက်တွန်း

မြန်မာနိုင်ငံတွင် မြေဈေးများ ကြီးမြှင့်နေရခြင်း အကြောင်းရင်းတစ်ခု ဖြစ်သည့် စီမံကိန်း အကြောင်းပြ လက်ဦးမှုရယူ ထားသည့် လက်တွေ့ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသော မြေများကို ပြန်လည်သိမ်းယူ၍ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသူ များကို ချထားပေး ရန် လွှတ်တော်က အစိုးရအဖွဲ့အား တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံဟာ မလိုအပ်ဘဲ မြေဈေးအကြီးမြှင့်ဆုံး တိုင်းပြည်ဖြစ်နေရပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇူလိုင်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သော အမျိုးသားလွှတ်တော်၌ အဆိုတင်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ မြေဈေးကြီးမြင့်နေခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံ သူများအတွက် အဟန့်အတား ဖြစ်မည့်အပြင် မြန်မာနိုင်ငံ အတွက်လည်း တိုးတက်မှု အရှိန်အဟုန်ကို နှေးကွေးစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်လာစေရန် ၁၉၉၉ ခုနှစ်က ပြည်တွင်းကုမ္ပဏီ များအား ဆီးအုန်းစိုက်ရန်အတွက် မြေဧက ငါးသိန်းချ ထားပေးခဲ့ရာ ၂၀၁၃ ခုနှစ်တွင်မူ ကုမ္ပဏီများက အဆိုပါပမာဏ၏ နှစ်ဆဖြစ်သော ဧက ဆယ်သိန်းခန့်အထိ အမည်ပေါက် ရယူခဲ့သော်လည်း ပြီးခဲ့သည့်မတ်လက သွားရောက် လေ့လာမှုများ အရ အချိန် ၁၄ နှစ်ကြာမြှင့်သော်လည်း စိုက်ဧက သုံးသိန်းကျော်သာ ရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ကုမ္ပဏီများအနေဖြင့် ဆီးအုန်းအနစ်နာခံ စိုက်ပျိုးခြင်းကြောင်း စက်ယန္တရားများ၊ ကားများ စသည့် တန်ဖိုးကြီး ပစ္စည်းများကိုလည်း အခွန်လွတ် တင်သွင်းခဲ့ပြီး ဇိမ်ခံကားပါမစ်များလည်း ရရှိ၍ မြတ်ရရှိခဲ့ကြကြောင်း သိရှိရသည်။

မောင်ဝိတ်မိသားစု ကုမ္ပဏီ၏ လျာထားချက်အရ ၁၀၂၀ ဧကကို ခရိုင်စက်မှု/ကုန်ကြမ်း စာရင်းအရ လုံးဝစိုက်ပျိုးခြင်း မရှိသေးကြောင်း တွေ့ရှိရသော်လည်း၊ တိုင်းချုပ်စာရင်းတွင်မူ ၁၀၂၀ ဧကလုံး စိုက်ပျိုးပြီးဖြစ်၍ စိုက်ရန်မကျန်တော့ကြောင်း ဖော်ပြထားသဖြင့် စာရင်းကွဲလွဲမှုများ ရှိနေကြောင်း သိရှိရသည်။

အထက်ပါ အခြေနေများကြောင့် မြေနေရာရယူထား၍ ၁၄ နှစ်ကြာသည့်အထိ လုပ်ကိုင်ခြင်း မရှိသေးသော စီမံကိန်း ဝင်မြေများကို စိစစ်ကာ ပြစ်လည်သိမ်းယူကာ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မည့် ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်များကို ချထားပေးသင့်ပါကြောင်း အဆိုကို တင်ပြခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ကပြောကြားခဲ့ကြောင်း သိရသည်။


 အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့ မြန်မာအစိုးရ တိုးချဲ့ဖွဲ့စည်းမည်

မြန်မာအစိုးရသည် အဓိကရုဏ်း နှိမ်နှင်းရေးတပ်ဖွဲ့များကို အင်အားတိုးချဲ့ဖွဲ့စည်း၍ အဓိကရုဏ်း လုပ်ငန်းစဉ်များ ကိုလည်း နိုင်ငံတကာစံနှုန်းများ နှင့်အညီလေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ် ကျော်ဇံမြင့်က ဇူလိုင်လ ၃ ရက်တွင် ပြောကြားခဲ့သည်။

တရားမဝင် အဖွဲ့အစည်းများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားများ ထိခိုက်နိုင်ကြောင်း လက်ရှိကျင်းပဆဲ ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က သတိပေးခဲ့သည်။

အကြမ်းဖက်မှုများနှင့် အဓိကရုဏ်းများကို ရင်ဆိုင်တုံပြန်နိုင်ရေးအတွက် ရဲတပ်ရင်းများ ဖွဲ့စည်းထားပြီး မိတ္ထီလာမြို့ တွင်လည်း ရဲတပ်ရင်းတစ်ရင်း ထပ်မံဖွဲ့စည်းရန် စီစဉ်ထားသည့်အပြင် နေပြည်တော်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့များကို အထောက်အကူ ပေးနိုင်ရေးအတွက် ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီသုံးခု ဖြင့် ထပ်မံအားဖြည့်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

လက်ရှိအသုံးပြုနေသော အဓိကရုဏ်းဆိုင်ရာ ကျင့်ထုံးများကို အပြောင်းအလဲပြုလုပ်ပြီး နောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ ပို့ချမည့် အဓိကရုဏ်း ဖြေရှင်းရေးလုပ်ငန်း သင်တန်းစဉ်များသို့ တက်ရောက် သင်ကြားရမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် သြစတေးလျနိုင်ငံနှင့် ဥရောပသမဂ္ဂတို့၏ အကူအညီဖြင့် အဓိကရုဏ်း နှိမ်နှင်းရေး လုပ်ငန်းစဉ် သင်တန်း များကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အဆိုအရ သိရှိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive