Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီ အဆိုကို တင်ပြရခြင်းဟာ မြေသိမ်းဆည်းခြင်းနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနများနဲ့ အဖွဲ့အစည်းများက အလေးဂရုပြုပြီး တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက် တင်ပြခြင်းမဟုတ်ဘဲ တိုင်းဒေသ ကြီး နဲ့ ပြည်နယ်အစိုးရများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ အရေးယူဆောင်ရွက်မှုတွေဟာ လုံလောက် မှုမရှိပါသဖြင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တိုင်ကြားစာပါ ကိစ္စရပ်တွေကို နယ်ပယ်အနှံ့ကျယ်ကျယ် ပြန့်ပြန့် စုံစမ်းဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတဲ့အတွက် တင်ပြရခြင်းဖြစ်ပါတယ်။”

ဇူလိုင်လ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကို အရေးယူပေးရန် စုံစမ်းရေးကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်” သတင်းမှ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ် ၏ပြောကြားချက် အားကောက်နှုတ်ချက်။


“ဒုတိယအကြိမ် ပြန်ပို့ပြီးရင်တော့ သမ္မတက ခုနစ်ရက်အတွင်း လက်မှတ်ထိုးပြီး ပြဋ္ဌာန်းရတော့မှာပေါ့။ သမ္မတ ကနေ ဒုတိယအကြိမ် သဘောထားမှတ်ချက်နဲ့ ပြန်လာရင် လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်အပိုဒ်ကို ပြင်ချင်ပါတယ်ဆိုပြီး လုပ်လို့မရတော့ဘူး။”

ဇူလိုင်လ ၉ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ခုနစ်ရက်အတွင်း ပြဋ္ဌာန်းမည်” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုက အာဏာရှင်စနစ်ကနေ ဖက်ဒရယ်စနစ်ကို သွားနေတာပါ။ ပင်လုံဖက်ဒရယ်ဆို ၁၀ နှစ်ကြာရင် ခွဲထွက်ခွင့်ပေးရမယ်။ အခု ဖက်ဒရယ်စနစ်က ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့်အာဏာကို အစိုးရလက်စွဲဆိုတဲ့ စာအုပ်နဲ့ ခွင့်ပြုချက်ပေးတာပါ။ Power Sharing လည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံအဖြစ် သွားနေကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့ တွေရဲ့လုပ်ပိုင်ခွင့်ပါနေပြီးသားပါ။”

ဇူလိုင်လ ၉ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “ဗဟိုချုပ်ကိုင်မှုကို လျှော့ချသည့် အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်း ချက်အတိုင်း စတင်ခွင့်ပြု” သတင်းမှ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဝန်ကြီးဌာန ကိုယ်တိုင်ကစာနယ်ဇင်းကောင်စီ (ယာယီ) ကိုဖွဲ့ပေးထားတယ်လို့ ကျွန်တော် နားလည်ထား တယ်။ ဒါပေမယ့် တကယ်တမ်း ဥပဒေကြမ်းထဲမှာ စာနယ်ဇင်းကောင်စီရဲ့ အချက်တွေ ထည့်မထားဘူးဆိုရင် ဒီ ဥပဒေကြမ်းက တကယ်ထွက်လာတဲ့အခါမှာ သတင်းလောကသားတွေ ထောက်ခံမှုမရှိဘူးဆိုရင်၊ ဘယ်လို နည်းနဲ့ ကျင့်သုံးသွားမလဲဆိုတာ ကျွန်တော်နားလည်လို့မရဘူး။”

ဇူလိုင်လ ၁၁ ရက်နေ့ထုတ် Venus News Journal အမှတ် ၄/၅၀ တွင်ပါရှိသော “ပုံနှိပ်ဥပဒေကြမ်း ပြင်ဆင် မရပါက စာနယ်ဇင်းကောင်စီဝင်များ အားလုံးနုတ်ထွက်မည်” သတင်းမှ သတင်းစာဆရာ ဦးရဲနိုင်မိုး ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီအခမ်းအနားအပြင် တခြားမေးစရာလေးတွေ မေးပါရစေ။ ဖွဲ့စည်းပုံပြင်ဖို့ လွှတ်တော်ဘက်က လုပ်ဆောင် နေတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ အစ်ကိုတို့ အဖွဲ့က ဘာတွေပြင်ဆင်ပြီးပြီလဲ။

ဒီ ဥစ္စာမှာတော့ ဆွေးနွေးရမယ့်အချက်တွေက အရမ်းကျယ်ပြန့်တယ်။ အထူးသဖြင့် ဒီက တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စတွေရှိမယ်။ အနာဂတ်ပြည်ထောင်စုသစ်ကို တည်ဆောက်တော့မယ် ဆိုရင် လက်ရှိဖွဲ့စည်းပုံ Frame (ဘောင်) ထဲမှာ ဆောင်ရွက်လို့မရတာတွေရှိတယ်။ အဲဒီတော့ အဓိကက တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ထွက်လာမယ့် အချက်တွေကို ဒီထဲမှာ ဖွဲ့စည်းပုံထဲမှာ ရှိရမယ်။ နောက် တခြားအသေးစိတ် အချက်အလက်တွေကလည်း လူ့အခွင့်အရေး စံချိန်စံညွှန်း တွေနဲ့ ဆန့်ကျင်နေ တဲ့အချက်တွေ။ နောက်တစ်ခါ အာဏာခွဲဝေမှုနဲ့ ပတ်သက်ပြီးတော့ အပြန်အလှန် ထိန်းညှိ နိုင်အောင် စနစ်တကျ ပြင်ဆင်ရမယ့်အချက်အလက်တွေ အစရှိသဖြင့်တော့ အများကြီးထွက်လာမှာပေါ့။ ဆိုတော့ အနိမ့်ဆုံးအဆင့်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အခန်းကဏ္ဍမှာရှိတဲ့ ပြင်ဆင်ပုံ၊ ပြင်ဆင်နည်း ပေါ့။ Amendment Procedure ပေါ့။ Amendment Procedureက အရမ်းကျပ်လွန်းအားကြီးတယ် ဒီအတိုင်းဆိုရင် တော့ ပြင်လို့မရနိုင်ဘူး။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ။ အရေးပါတဲ့ အချက်တွေဆိုရင် ၇၅ ရာခိုင်နှုန်းကျော်ပြီးတော့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီးတော့ (ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူလူထု) ထက်ဝက်ကျော်ဆန္ဒမဲနဲ့မှ ပြင်ဆင်နိုင်မယ်ဆိုတာကြီးက ဒါက ဘယ်လိုမှကို ပြင်လို့မရအောင် တင်းကျပ်ထားတာဖြစ်တယ်။ ဆိုတော့ အဲဒီ အချက်က ဦးတည်ပြီးတော့ စပြင်သင့်တယ်လို့ ကျွန်တော်တို့ ထင်တယ်။ အသေးစိတ်အချက်တွေကတော့ သက်ဆိုင်ရာနယ်ပယ်အလိုက် ဆွေးနွေးကြမယ့် အင်အားစုတွေ ရှိတာပေါ့။ အရေးကြီးဆုံးကတော့ တိုင်းရင်းသားပြဿနာ။ အဲဒါတွေကို မပြင်ခင်မှာ အခြေခံအကျဆုံးကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို စပြီးတော့ပြင်ရလိမ့်မယ်လို့ ကျွန်တော်တို့ ထင်တယ်။ ”

ဇူလိုင်လ ၉ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဒီပွဲကနေ အားလုံးသဘောတူတဲ့ သဘောထားတစ်ခု ချမှတ်နိုင်ဖို့ပါ” အင်တာဗျူးမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ၏ ဖြေကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

ဗုဒ္ဓဂယာ ဗုံးခွဲမှုတွင် သံသယရှိသူ တစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီးထား

တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားကြသည့် ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော် ပရိဝုဏ်အတွင်း ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ဆက်နွှယ်မှုရှိသည်ဟု ယူဆရသူ ဗီးနော့ဒ်မစ်ထရီး အမည်ရှိ အမျိုးသား တစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ရဲတပ်ဖွဲ့၏ အဆိုအရ သိရှိရသည်။ အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (အင်န်အိုင်အေ)နှင့် အိန္ဒိယ ထောက်လှမ်းရေးဗျူရို (အိုင်ဘီ) တို့က ဗုံးခွဲခံရမှု နှင့် ပတ်သက်၍ ယခုအခါ စုံစမ်းဖော်ထုတ်လျက်ရှိနေပြီး ဗုံးပေါက် ကွဲရာနေရာများ အနီးတစ်ဝိုက်တွင် တပ်ဆပ်ထားသော CCTV ကင်မရာများမှ တစ်ဆင့် တွေ့ရှိချက်များအရ သံသယရှိသူ ခြောက်ဦး အထိ ရှိနေပြီး ၎င်းတို့ကို ယခုအခါ ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရှိရသည်။


ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ် အမည်ပြောင်းလဲရန် လွှတ်တော်သဘောတူ

ဇူလိုင်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၂ ပုဒ်မခွဲ (က) အရ ပေးပို့ထားသည့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ပြောင်းလဲသတ်မှတ် ခြင်း သဝဏ်လွှာနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်မှ သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၏ ကြေညာသွားချက်အရ သိရှိရသည်။ ယခုကဲ့သို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအား ဘဏ္ဍာရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် လုပ်ငန်းအနေအထား မတူတော့ဘဲ ဌာနနှစ်ခု ခွဲလိုက်သည့်သဘော သက်ရောက်သွားပြီး အခွန်ဝန်ကြီးဌာနသည် မည်သည့်ဝန်ကြီးဌာန လက်အောက်သို့ ရောက်ရှိမည်ကို သေချာစွာ မသိရှိရ သေးကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ခုနစ်ရက်အတွင်း ပြဋ္ဌာန်းမည်

နိုင်ငံအတွက် အရေးကြီးသည့် ဥပဒေတစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအား ခုနစ်ရက်အတွင်း ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း၏ ပြောကြားချက်အရ သိရသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်များနှင့်အတူ ပေးပို့လာသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ မူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခြင်းကို မဲခွဲ ဆုံးဖြတ်ဆောင်ရွက်ခဲ့ပြီး ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကမှ တစ်ဆင့် နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့လိုက်ခြင်းကြောင့်  ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတမှ အဆိုပါ ဥပဒေမူကြမ်းကို ခုနစ်ရက်အတွင်း လက်မှတ်ရေးထိုး ပြဋ္ဌာန်းပေးရတော့မည်  ဖြစ်ကြောင်းသိရ သည်။


မွန်ပြည်နယ် ကလယ်ဂုတ်တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်မည်

               တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆင်းလာသည့် ကုန်လမ်းကြောင်းများအတွက် အဓိကကျမည့် ရေနက်ဆိပ် ကမ်း စီမံကိန်းတစ်ခုကို မွန်ပြည်နယ်တွင် အကေင်အထည်ဖော်မည် ဖြစ်ကြောင်း မော်လမြိုင်မြို့ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံဖွင့်ပွဲတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၏ ပြောကြားချက်အရ သိရှိရသည်။ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများမှ ကုန်သင်္ဘောများ အဓိက ဆိုက်ကပ်နိုင်ရန် ကလယ်ဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဉ်နေ ခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ပါက ၂၀၁၅ ခုနှစ်တွင် အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေး အသက်ဝင်လာမည့်အချိန်တွင် မွန်ပြည်နယ်ဒေသ ဖွံ့ဖြိုးရေးအတွက်များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ မော်လမြိုင်မြစ်သည် တိမ်ကောမှုများ ရှိလာနေသည့်အတွက် ရေနက်စီမံကိန်းများကို ဖော်ဆောင်နေခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်တွင်းရှိ ကုမ္ပဏီများနှင့် ပူးတွဲပြီး မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကတုံးမော် ရေနက်စီမံကိန်းကို စတင်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်၏  ဆက်လက် ပြောကြားချက်အရ သိရှိရသည်။


တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုပ်ကိုင်ခွင့်များအား ဗဟိုချုပ်ကိုင်မှုကို လျှော့ချသည့်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်အတိုင်း စတင်ခွင့်ပြု

ပြည်နယ်နှင့် တိုင်းဒေသကြီးများအား အာဏာခွဲဝေသည့် အနေဖြင့် လုပ်ပိုင်ခွင့်များကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံပြဋ္ဌာန်းချက်အတိုင်း နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ဗဟိုအစိုးရအဖွဲ့မှ အစိုးရအဖွဲ့သက်တမ်း နှစ်နှစ်ကျော်ကာလ အတွင်း  စတင်လျှော့ချလိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၏ ပြောကြားချက်အရ သိရသည်။ ယခုကဲ့ သို့ လုပ်ပိုင်ခွင့်များ ခွဲဝေပေးလိုက်ခြင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂) တွင် ပြဋ္ဌာန်းထားသော မိမိတို့ လုပ်ပိုင်ခွင့်ရှိသည်များ၊ ဥပဒေပြဋ္ဌာန်းခွင့်ရှိသည်များ၊ ဗဟိုအစိုးရမှ ဆုံးဖြတ်ခွင့်ရှိ သည်များအား ခွဲခြားလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။


အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီ (US-ASEAN Business Council) ဥက္ကဋ္ဌ Mr. Alexander Feldman နှင့် ဇူလိုင်လ ၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ သတ္တု၊ သစ်တော၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ စသည့် ကဏ္ဍများနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောဆိုခဲ့ကြကြောင်း ဇူလိုင်လ ၈ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရှိရသည်။


အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ အပါအဝင် လွှတ်တော်ဥက္ကဋ္ဌနှင့် စစ်ဘက်ခေါင်းဆောင်များ တက်ရောက်ရန် အရပ်ဘက် လူ့အဖွဲ့အစည်းများ တောင်းဆို

လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ဂါရဝပြုစေ လိုကြောင်း အရပ်ဘက် အဖွဲ့အစည်း ၃၀ က ဇူလိုင်လ ၈ ရက်နေ့တွင် ကြေညာချက် သဘောထားထုတ်ပြန်ကာ တောင်းဆိုလိုက်ကြောင်း သိရှိရ သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မြန်မာနိုင်ငံရေကြောင်း ဥပဒေသစ် ရေးဆွဲရန် မြန်မာနိုင်ငံရေကြောင်းပို့ဆောင်ရေး ဌာနနှင့် စင်ကာပူ JTJB အဖွဲ့တို့ ပူးပေါင်းဆွေးနွေးပွဲ ကျင်းပ
  2. စည်းမျဉ်းနည်းဥပဒေများကို  ဗဟိုဘဏ်ကသာ  ရေးဆွဲရန် လွှတ်တော်မှ အတည်ပြု
  3. ပိုင်ဆိုင်မှုတင်ပြရမည့်အချက်အား ပယ်ဖျက်ပေးရန် နိုင်ငံတော်သမ္မတမှတ်ချက်ပြုသည်ကို ပြည်ထောင်စုလွှတ်တော် ငြင်းဆို

မြန်မာနိုင်ငံရေကြောင်း ဥပဒေသစ် ရေးဆွဲရန် မြန်မာနိုင်ငံရေကြောင်းပို့ဆောင်ရေး ဌာနနှင့် စင်ကာပူ JTJB အဖွဲ့တို့ ပူးပေါင်းဆွေးနွေးပွဲ ကျင်းပ

နိုင်ငံတကာ ပင်လယ်ရပ်ခြားမှ တိုက်ရိုက် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ  ပိုမိုဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံ ပင်လယ်ရေကြောင်းဥပဒေများကို အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ စံညွန်းစံနှုန်းများ နှင့်အညီ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ရေးဆွဲနိုင်ရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်နှင့် စင်ကာပူ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ (JTJB) အဖွဲ့တို့၏ ပူးပေါင်းဆွေးနွေးပွဲ ( Myanmar International  Maritime Forurm) တစ်ရပ်ကို ဇူလိုင်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ပင်လယ်ရေကြောင်းနဲ့ဆိုင်တဲ့ စီးပွားလုပ်ငန်းတွေက ဥပဒေတွေအတွက် နိုင်ငံတကာပညာရှင်တွေနဲ့ ဆွေးနွေးဖို့ လိုအပ် ပါတယ်။ ပင်လယ်ရေကြောင်းဆိုင်ရာ အခန်းကဏ္ဍကလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက် အရေးကြီးပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကဏ္ဍတွေမှာ မြန်မာရဲ့ပင်လယ်ရေကြောင်းဆိုင်ရာ ကဏ္ဍတွေကို ထိထိ ရောက်ရောက် ပြောင်းလဲနိုင်ဖို့ လိုပါတယ် ” ဟု ယင်းဆွေးနွေးပွဲတွင် ပို့ဆောင်ရေးဝန်ကြီးဌာနမှ  ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောဆိုခဲ့သည်။

ယင်းဆွေးနွေးပွဲ Myanmar International  Maritime Forurm သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ဆွေးနွေးပွဲ့တစ်ခု ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လုပ်ကိုင်လာလျှင်  ဥပဒေများ၊ နည်းဥပဒေများက ခိုင်မာမှုမရှိလျှင် ကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ၌  ပိုမိုခဲယဉ်းမှုများ ရှိလာနိုင်သောကြောင့်  မြန်မာနိုင်ငံ၏ လက်ရှိပင်လယ်ရေကြောင်း ဥပဒေ များကို နိုင်ငံတကာ စံနှုန်းများအတိုင်း ပြောင်းလဲရေးဆွဲနိုင်ရန်လိုကြောင်း၊ JTJB အဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပင်လယ် ရေကြောင်း ဥပဒေကို ကမ္ဘာတွင် အကောင်းဆုံး ဥပဒေတစ်ခုဖြစ်အောင် အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း JTJB အဖွဲ့၏  Senior Parter  Dato’ Jude P Benny က ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း ဥပဒေကို ပိုမိုခိုင်မာလာ အောင် နိုင်ငံတကာမှ ဥပဒေပညာရှင်များစွာနှင့် တွေ့ဆုံဆွေးနွေးပြီး  ဥပဒေခိုင်မာရှိမှသာ ရင်းနှီးမြှုပ်နှံသူများ၏  ယုံကြည်မှု ပိုမိုရရှိ လာနိုင်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင်မှ ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရေကြောင်းဆိုင်ရာအခန်းကဏ္ဍ၏ လက်ရှိ တည်ဆဲဥပဒေများ၊ အာမခံလုပ်ငန်းများ၊ သဘောင်္တည်ဆောက်ခြင်း၊ သဘောင်္သား မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်မှု များအတွက်  နှစ်ဦးနှစ်ဖက် အပြန်အလည်ဆွေးနွေးကြပြီး မြန်မာရေကြောင်းဥပဒေသစ်အတွက် လိုအပ်သော ဥပဒေပြင်ဆင်မှုများ၊ ဥပဒေအသစ်များ ပြဋ္ဌာန်းရေးဆွဲခြင်းများကို  အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


 

စည်းမျဉ်းနည်းဥပဒေများကို  ဗဟိုဘဏ်ကသာ  ရေးဆွဲရန် လွှတ်တော်မှ အတည်ပြု

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ်သည့်   ဗဟိုဘဏ်၏ စည်းမျဉ်းများ၊ နည်းဥပဒေများ ထုတ်ပြန်ခွင့်ကို  ဗဟိုဘဏ်ကသာ ထုတ်ပြန်ရန် ဇူလိုင်လ ၈ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်  ၄င်းတို့၏ စည်းမျဉ်းနည်းဥပဒေများကို ထုတ်ပြန်ခွင့်ရှိသည် အချက်အပေါ် အခြေခံ ဥပဒေပြဋ္ဌာန်းချက်များကို        ပြည်ထောင်စုအဆင့်ရှိသော အဖွဲ့အစည်းတစ်ခုတစ်ခုက ရေးဆွဲရမည်ဆိုသော အချက်နှင့် ကိုက်ညီမှုမရှိသောကြောင့် ပြန်လည်ပြင်ဆင်ရန် နိုင်ငံတော်သမ္မတက မှတ်ချက်ပြု ပြောဆိုခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က ယခုကဲ့သို့ အတည်ပြု၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေကြမ်း၌ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ပြည်ထောင်စုအဆင့်ရှိသော ဝန်ကြီး ဖြစ်ရမည်ဆိုသည့် အချက်ကြောင့် စည်းမျဉ်းများ၊ နည်းဥပဒေများကို ပြည်ထောင်စုအဆင့်ရှိသော အဖွဲ့အစည်းများက ဝင်ရောက်ရေးဆွဲပေးရန် မလိုအပ် တော့ကြောင်းကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဇူလိုင်လ  ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရ သည်။

“ဗဟိုဘဏ်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်တာရယ်၊ ဥက္ကဋ္ဌကလည်း ပြည်ထောင်စုအဆင့် ဝန်ကြီးဖြစ်တယ်။ နောက်ပြီး ဗဟိုဘဏ်ဆိုတာက လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်ရမှာဆိုတော့ စည်းမျဉ်းနည်းဥပဒေတွေကို ဗဟိုဘဏ်ကပဲ ရေးဆွဲမှ သဘာဝကျမှာ ” ဟု ဘဏ်များနှင့် ငွေကြေးဆိုင်ရာ တိုးတက်ရေး ကော်မတီဝင်တစ်ဦးကလည်း  ပြောဆိုခဲ့သည်။

ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်သော  ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် သမ္မတ၏ သဘောထားမှတ်ချက်များနှင့် အတူ ပေးပို့လိုက်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေမူကြမ်းအား မဲခွဲဆုံးဖြတ်ဆောင်ရွက်ခဲ့ရာတွင် ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီချက်ရရှိပြီး ယင်းဥပဒေကြမ်း အား နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့ခြင်းဖြင့် နိုင်ငံတော်သမ္မတမှ   ခုနှစ်ရက် အတွင်း၌  လက်မှတ်ရေးထိုးအတည်ပြု ပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း ပြည်သူလွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ ပြောကြားအားဖြင့် သိရသည်။

“ဒုတိယအကြိမ် ပြန်ပို့ပြီးရင်တော့ သမ္မတက ခုနှစ်ရက်အတွင်း လက်မှတ်ထိုးပြီး ပြဋ္ဌာန်းရတော့မှာပေါ့။ သမ္မတကနေ ဒုတိယအကြိမ် သဘောထားမှတ်ချက်နဲ့ ပြန်လာရင် လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်အပိုဒ်ကို ပြင်ချင်ပါတယ်ဆိုပြီး လုပ်လို့မရ တော့ဘူး” ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားသော ဥပဒေကြမ်း (သို့မဟုတ်) နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်း အတည်ပြုသော ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာလျှင် နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်း ပြန်လည်ရရှိသည့်နေ့၏  နောက်တစ်နေ့မှ ခုနှစ်ရက်အတွင်း လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေငြာရမည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၆ အပိုဒ်ခွဲ ( ခ ) တွင်  ဖော်ပြ ထားသည်။


ပိုင်ဆိုင်မှုတင်ပြရမည့်အချက်အား ပယ်ဖျက်ပေးရန် နိုင်ငံတော်သမ္မတ မှတ်ချက်ပြုသည် ကို ပြည်ထောင်စုလွှတ်တော်ငြင်းဆို

လာဘ်ပေး၊လာဘ်ယူ ပပျောက်ရေးဥပဒေအရ ဖွဲ့စည်းမည့် ကော်မရှင်အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုတင်ပြရမည့်အချက်ကို ပယ်ဖျက်ပေးရန် နိုင်ငံတော်သမ္မတ မှတ်ချက်ပြုသည် ကို ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဇူလိုင်လ ၈ ရက် တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ငြင်းဆိုခဲ့ကြောင်း သိရှိရသည်။

လာဘ်ပေး၊လာဘ်ယူပပျောက်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီး နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ ရာတွင် နိုင်ငံတော်သမ္မတမှ “ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်တွင် တာဝန်ပေးအပ်ခြင်းခံရသည့် အခါတွင် မိမိတို့ဦးစီး သည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် ငွေကြေး၊ ပစ္စည်း ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်” ဟူသော ဖော်ပြချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်မှုမရှိသဖြင့် နုတ်ပယ်သင့်ပါသည်ဟု မှတ်ချက် ပြုခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေတွင် “လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်” ဟူ၍ ပြဋ္ဌာန်းထားကြောင်း၊ ယခုကော်မရှင်နှင့်အဖွဲ့ဝင်များသည် ယခုဥပဒေအရ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ရွေးချယ်ထားသော အဖွဲ့ဝင် ၁၅ ဦး ၏ အမည်များကို နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် သို့တင်သွင်းပြီး သဘောတူညီချက်ရယူ၍ ကော်မရှင်ကို ဖွဲ့စည်းရသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ “လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များ ဖြစ်သည်” ဟုမှတ်ယူရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များသည် မှုလပိုင်ဆိုင်မှုစာရင်း များကို ပြုစု၍ နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ထို့ပြင်ကော်မတီနှင့် ကော်မရှင်အဖွဲ့ဝင်များသည် နိုင်ငံတော်တစ်ဝန်းလုံး အတွက်လည်းကောင်း၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွားအတွက် လည်းကောင်း၊ လာဘ်ပေး၊လာဘ်ယူ ပပျောက်စေရန် ဆောင်ရွက်ရမည့်သူများ ဖြစ်ကြောင်း၊ ထို့ကြောင့် လာဘ်ပေး၊လာဘ်ယူမှုပပျောက်စေရန် တာဝန်ပေးအပ်ခြင်းခံရသူများသည် ပွင့်လင်း မြင်သာရှိပြီး နိုင်ငံတော်သမ္မတ၏ အုပ်ချုပ်ရေး အာဏာ ဆောင်ရွက်ရာတွင် အထောက်အပံ့ရရန်လိုကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive