Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. တရုတ်စစ်ဘက်အကြီးအကဲ မြန်မာနိုင်ငံသို့ရောက်ရှိ

(UPZ News မှ 22 July 2013 ရက်စွဲပါ “Chinese military Chief arrives in Myanmar ” သတင်းကို ဘာသာ ပြန်သည်။)

  1. မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် ရနောင်းမှကုမ္မဏီများကို တိုက်တွန်း

( Bernma News မှ 22 July 2013 ရက်စွဲပါ “Thai Businesses urged to inrest in Myanmar”   သတင်းကို ဘာသာပြန်သည်)

  1. အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများကို ကူညီရမည်

(23 July 2013 ရက်စွဲပါ The Penisula မှ Paula J Dobrainsky ရေးသားသော US must help Myanmar in reform ကို ဘာသာပြန်သည်)


တရုတ်စစ်ဘက်အကြီးအကဲ မြန်မာနိုင်ငံသို့ရောက်ရှိ

(UPZ News မှ 22 July 2013 ရက်စွဲပါ “Chinese military Chief arrives in Myanmar ” သတင်းကို ဘာသာပြန်သည်။)

တရုတ်အစိုးရသည် မြန်မာအာဏာပိုင်များနှင့် အပြန်အလှန်မဟာဗျူဟာမြောက် ဆက်ဆံရေးကို တိုးချဲ့ရန်ဆန္ဒ ပြင်းပြနေကြောင်း နေပြည်တော်သို့ အလည်အပတ်ရောက်ရှိနေသော တရုတ်စစ်ဘက်အကြီးအကဲက တနင်္လာနေ့တွင် ပြောကြားလိုက်ပါသည်။

မြန်မာ၊ ထိုင်း၊ ကာဇက်စတန် သုံးနိုင်ငံခရီးစဉ်လှည့်လည်နေသော တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းသည် မြန်မာတို့၏ အဝေးမြို့တော်နေပြည်တော်သို့ တနင်္လာနေ့တွင် တရားဝင်အလည်အပတ် ရောက်ရှိလာ ခြင်းဖြစ်သည်။

ယခုကဲ့သို့ လာရောက်ခြင်းသည် နှစ်နိုင်ငံတပ်မတော်များအကြား မဟာဗျူဟာမြောက် ဆက်ဆံရေးကို တိုးမြှင့် ရန်နှင့် ဒေသတွင်းငြိမ်းချမ်းမှု၊ တည်ငြိမ်မှု တို့ကိုထိမ်းသိမ်းရန်အတွက် ပူးတွဲကြိုးပမ်းမှုများ ပြုလုပ်ရန်ဖြစ်သည်ဟု တရုတ် Ximhna သတင်းကဆိုပါသည်။

တရုတ်နိုင်ငံသည် မြန်မာအစိုးရအား ကချင်လက်နက်ကိုင်အုပ်စုနှင့် ငြိမ်းချမ်းရေး ရယူနိုင်ရန် ယခင်လကဖိအား ပေးခဲ့သည်။

ပြီးခဲ့သော ဒီဇင်ဘာလကုန်တွင် မြန်မာစစ်တပ်က ကချင်လက်နက်ကိုင်တပ်ဖွဲ့၏ ဌာနချုပ်နယ်မြေကို သုံးပတ်ကြာဖိ အားပေး တိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီလတွင် တစ်ဖက်သတ်အပစ်ရပ်ကြောင်း မြန်မာအစိုးရ ကကြေငြာချက် ထုတ်ပြန် သည်။ ထို့နောက်ပိုင်းတွင် မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မတီနှင့် ကချင်လွှတ်မြောက်ရေးအဖွဲ့ KIO တို့အကြား ဆွေးနွေးပွဲ များ ပြုလုပ်ခဲ့ပြီးနောက် မေလတွင် ငြိမ်းချမ်းရေးကော်မ တီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မြန်မာအစိုးရသည် ကချင်လွတ် မြောက်ရေးအဖွဲ့အား မတရာသင်းစာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့က နေပြည်တော်သို့ ရောက်ရှိလာသော ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဖန်ချဉ်လောင်းသည် မြန်မာ စစ်ဘက် အကြီးအကဲများနှင့် အင်္ဂါနေ့တွင် တွေ့ဆုံမည်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲများနှင့်အတူ စတင်ခဲ့သော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို တိုင်းရင်း သားပဋိပက္ခများနှင့် လူ့အခွင့်အရေးပြစ်ချက်များက လောင်းရိပ်မိုးနေသော်ငြားလည်း အနောက်အုပ်စု နိုင်ငံများက မြန်မာအ စိုးရသစ်ကို အသိအမှတ်ပြုကာ ဆက်လက်အားပေးနေသည့်အပြင် စစ်ဖက်ဆက်ဆံမှုများ ကိုလည်း တိုးချဲ့ရန် စီစဉ်နေခြင်း ကြောင့် တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများထွက်ပေါ်လာနိုင်ကြောင်း ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက ပြောကြားသည်။

တရုတ်တို့သည် ၎င်းတို့၏ လက်ခုပ်ထဲမှ ရေဟုသတ်မှတ်ထားသော မြန်မာနိုင်ငံကို လက်လွှတ်ရတော့မည် ဖြစ် သောကြောင့် ကြိတ်နိုင်ခဲမရ ဖြစ်နေပုံရသည်ဟု ၎င်းတို့က မှတ်ချက်ပေးပြောဆိုသည်။


မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် ရနောင်းမှကုမ္မဏီများကို တိုက်တွန်း

( Bernma News မှ 22 July 2013 ရက်စွဲပါ “Thai Businesses urged to inrest in Myanmar”   သတင်းကိုဘာ သာပြန်သည်)

ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်းက ထိုင်းနိုင်ငံအနောက်တောင်ပိုင်း ရနောင်းမှ နယ်ခံကုမ္မဏီများအား မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအားရှာဖွေချဲ့ထွင်ကြရန် တိုက်တွန်းလျက်ရှိကြောင်း Thai News Agency TNA က သတင်းထုတ်ပြန်သည်။

‘ရနောင်းစီးပွားရေး၏လားရာ‘ ဟူသော ခေါင်းစဉ်ဖြင့် တနင်္လာနေ့က ပြုလုပ်သောဆွေးနွေးပွဲ၌ ကုန်သည်ကြီး များအသင်း  ဒုတိယဥက္ကဌ ဆူရင်တူတက်တန်က ၂၀၁၅တွင် အာဆီယံအသိုင်းအဝိုင်း စတင်ဖွဲ့စည်း တည်ထောင်သည် နှင့်တစ်ပြိုင်တည်း ရနောင်းခရိုင်သည် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံအကြား အရေးပါသော စီးပွားရေးဆက်ကြောင်းဖြစ်လာနိုင် ရန် အလားအလာရှိကြောင်း အလေးပေးရှင်းလင်း ပြောကြားပါသည်။

“ပထဝီသွင်ပြင်အရပြောမယ်ဆိုရင် တောင်အာရှနိုင်ငံတွေဆီကို ဆက်သွယ်မယ့် ဂိတ်ပေါက်အဖြစ် ရနောင်းကို အသုံးပြုပါတယ်“ ဟု ၄င်းကပြောကြားသည်။

ရနောင်းခရိုင်၏ လောလောဆယ် အဓိကဦးဆောင်ပေးမည့် ကိစ္စသည် ရနောင်းနယ်ခံကုမ္မဏီများအနေဖြင့် မြန်မာ နိုင်ငံတောင်ပိုင်း ဈေးကွက်သို့ ဝင်ရောက်ခြေချနိုင်မည့် ကုန်သွယ်ရေးအခွင့်အလမ်းများ ပိုမိုရှာဖွေတိုးချဲ့ရေးပင် ဖြစ်ကြောင်း ဆူရင်တူတက်တန်က တိုက်တွန်း ပြောကြားသည်။


 

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများကို ကူညီရမည်

(23 July 2013 ရက်စွဲပါ The Penisula မှ Paula J Dobrainsky ရေးသားသော US must help Myanmar in reform ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ငါးစုခန့်စစ်တပ်မှ နှိပ်စက်အုပ်ချုပ်မှုများအပြီးတွင် မျှော်လင့်ချက်ရောင်ခြည်များ ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ စစ်တပ်သည် နိုင်ငံရေးစနစ်ကို တစိတ်တပိုင်းဖွင့်ပေးခဲ့ပြီး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်ဖြင့် (၁၅) နှစ်ခန့်ထားခဲ့ရာမှ လွှတ်ပေးခဲ့ပါသည်။ ၂၀၁၁ခုနှစ် စက်တင်ဘာလ မှစ၍ တိုင်းရင်းသားအုပ်စု (၁၁) ခုခန့်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုး၍ အမျိုးသားနိုင်ငံ ရေးအရ ပြန်လည်ပေါင်းစည်းရေးအတွက် လုပ်ဆောင်လာပါသည်။

သို့သော် စစ်တပ်၏အာဏာလွှမ်းမိုးမှုပြီးဆုံးသွားရန်မှာမူ စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အရပ်ဖက်လူ့ဖွဲ့အစည်းများ အကန့်အသတ်နှင့်နည်းပါးခဲ့ပြီး၊ တိုင်းရင်းသားများရှုတ်ထွေးမှုနှင့် ဘာသာရေးအရ ရောထွေး ယှက်တင်မှုများရှိသော တိုင်းပြည်တွင် ဥတုသုံးပါးခဲမည့် ဒီမိုကရေစီတည်ဆောက်ခြင်းမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်း လာသည်ဟု ခံစားရစေသည့် လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်ပါသည်။ အရေးပါသော အခတ်အခဲမှာ စစ်အာဏာရှင်စနစ်အပြီး ဒီမိုကရေစီအင်စတီကျူးရှင်းများ တည်ဆောက်ရန်ကြိုးစားလာသော အခြားတိုင်းရင်းသားပေါင်းစုံနှင့် ဘာသာပေါင်းစုံ လူ့အဖွဲ့အစည်းများ၏ အတွေ့အကြုံမှထွက်ပေါ်လာပြီး ယင်းတို့၏ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသော ခေါင်းဆောင်များ ကလည်း တရားဥပဒေစိုးမိုးရေးကို လစ်လျူရှုခဲ့ကြပါသည်။

အာဏာရှင်ဆန်သော အီဂျစ်သမ္မတ Mohammed Mursi က အခမ်းအနားတိုလေးတစ်ခုတွင်ပြောကြားရာ၌ အတိုက်အခံခေါင်းဆောင်၏နောက်ခံကိုကြည့်၍လည်းကောင်း၊မဲပေးသူအများစု၏ရွေးချယ်မှုကိုကြည့်ယုံမျှဖြင့်လည်းကောင်း တရားဥကဒေစိုးမိုးမှုကို သေချာစေမည်မဟုတ်ဟု ဆိုပါသည်။

အမှန်တကယ်ပင် အီဂျစ်တွင် မကြာမီက Mursi အားဖြုတ်ချခဲ့သော ညွှန့်ပေါင်းအဖွဲ့တွင် စစ်တပ်အပြင် သာမန် လူများနှင့် အချို့ဘာသာရေးပါတီများ ကျယ်ပြန့်စွာပါဝင်နေပြီး၊ ဒီမိုကရေစီမရှိသော အုပ်ချုပ်မှုစနစ်ကြောင့် စိုးရိမ်ဖွယ် အခြေအနေဖြစ်နေပါသည်။ တူရကီတွင်လည်း နိုင်ငံရေးတွင်စစ်တပ်က အားကောင်းစွာသြဇာလွှမ်းပြီး ကျိုးကြောင်းဆီလျော် သော ဒီမိုကရေစီစနစ်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော်လည်း ဝန်ကြီးချုပ် Recep Tayyip Erdogan ၏ အာဏာ ရှင်ဆန်သောလုပ်ဆောင်မှုနှင့် အစ္စလမ်မူဝါဒများ ပြောင်ပြောင်တင်းတင်းချိမှတ်မှုကြောင့် ပြည်သူများအတွင်း မငြိမ်မသက်မှု များ ကြီးစွာဖြစ်ပေါ်ခဲ့ရပါသည်။ တဖက်မှကြည့်လျှင် မြန်မာနိုင်ငံမှ ဒီမိုကရေစီတည်ဆောက်မှု၏ စိန်ခေါ်မှုများမှာ အီဂျစ်နှင့် တူရကီတို့ထက် ကြီးမားသည်ဟုဆိုရပါမည်။ မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသား(၁၃၅) မျိုးရှိပြီး၊ ဘာသာပေါင်းစုံရှိပါသည်။ စစ်တပ်၏အုပ်ချုပ်မှုအောက်တွင် အတည်ပြုခဲ့သော ၂၀၀၈ အခြေခံဥပဒေတွင် ပြည်နယ် နှင့်တိုင်းများသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အကန့်အသတ်နှင့်သာခွင့်ပြုရာ အစိုးရ၏ကာလကြာရှည်က ဖက်ဒရယ်ဖွဲ့စည်းပုံကို မနှစ်မြို့မှုအားထင်ဟပ်ပါသည်။ ၄င်းတွင်လွှတ်တော်များ၌ စစ်တပ်မှ ၂၅% ပါဝင်ခွင့်ကို အာမခံချက်ပေးထားပါသည်။

ကံကောင်းထောက်မှစွာပင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါလွှတ်တော်တွင်ကိုယ်စားလှယ်ဖြစ်ပြီး၊ အဆိုပါ စိန်ခေါ်မှုများကို နားလည်သဘောပေါက်ပါသည်။ မကြာခင်က ရန်ကုန်တွင် ကျွန်ုပ်တို့တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည် က ပွင့်လင်းမြင်သာမှုနှင့် တရားဥပဒေစိုးမိုးမှုကို အလေးထားပြောကြားခဲ့ပြီး၊ ၄င်းတို့မရှိပဲ ဒီမိုကရေစီ အမြစ်မတွယ် နိုင်ဟု ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကွဲပြားသောတိုင်းရင်းသားမဲဆန္ဒနယ်များကိုကိုယ်စားပြုသော United Nationalitie s Allience မှ ပါတီခေါင်းဆောင်ငါးဦးနှင့်တွေ့ဆုံပြီး အဓိကအုပ်ချုပ်မှုကိစ္စများကို အာရုံပြုဆွေးနွေးခဲ့ပါသည်။ တိတိပပဆိုရ သော် ဖက်ဒရယ်နိုင်ငံရေးတည်ဆောက်ပုံစနစ်ပါဝင်လာအောင် အခြေခံဥပဒေပြင်ဆင်ရေးဖြစ်ပါသည်။

1948 ခုနှစ် အလွန်ကာလကို ပြန်လည်ဆွေးနွေးပြီး အသက်ဝင်သော အခြေအတင်ဆွေးနွေးမှုများ ဖြစ်ခဲ့ပါသည်။

ထို့နောက် ဗဟိုချက်ဖြစ်သောမေးခွန်းမှာ တိုင်းရင်းသားများနှင့်ဘာသာရေးလူနည်းစုများ၏ ရပိုင်ခွင့်များကို အကာ အကွယ်ပေးရင်း အမျိုးသားစည်းလုံးညီညွှတ်ရေးကို မည်သို့ပုံဖော်မည်နည်းဆိုသည့် မေးခွန်းဖြစ်ပါသည်။ အဆိုပါလုပ် ငန်းမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း 1948ခုနှစ် လုပ်ကြံမခံရမီက စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့ သော လုပ်ငန်းများဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရန် ကြိုးပမ်းနေချိန်တွင် သူသည် သူ၏ဖခင်ကြုံတွေ့ခဲ့ရသော အခြေအနေမျိုးကို ကြုံတွေ့နေရပါသည်။ အရေးကြီးသောကိစ္စရပ်တစ်ခုမှာ 2015 ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲစနစ်ကို စောစောစီးစီး ကြေညာရေးပင်ဖြစ်သည်။ အချိုးကျကိုယ်စားပြုသောစနစ် သို့မဟုတ် မဲအများဆုံးရသူနိုင်သည့်စနစ်ဖြင့် သွားမည်လား ဆိုသည့် ကိစ္စပင်ဖြစ်ပါသည်။ NLD မဲအများဆုံးရသူနိုင်သည့်စနစ်ကို ထောက်ခံပြီး၊ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက အချိုးကျကိုယ်စားပြုသည့်စနစ်ကို လက်ခံပါသည်။

မြန်မာနိုင်ငံသည် စီးပွားရေးအရ စိန်ခေါ်မှုများကိုလည်းကြုံတွေ့နေရပါသည်။ အခြားအာရှနိုင်ငံများ တိုးတက်နေ ချိန်တွင် မိမိတို့၏တိုင်းပြည်သည် စစ်အုပ်ချုပ်ရေးနှင့်အပယ်ခံဖြစ်ခဲ့ရခြင်းကြောင့် နောက်ကျကျန်ခဲ့ရသည်ဆိုသည်ကို မြန်မာနိုင်ငံသားများက သိရှိကြပါသည်။ စာရေးသူ မြန်မာနိုင်ငံသို့သွားရောက်စဉ်က အကြိမ်ကြိမ်ကြားခဲ့ရသည် မှာနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တောင်းဆိုမှုဖြစ်ပါသည်။ မြန်မာနိုင်ငံသားအများစုအလိုရှိသည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ တည်ဆောက်မှုကို တပြိုင်နက် ဖြစ်စေလိုခြင်းဖြစ်ပါသည်။

အိုးဘားမားအစိုးရက အမေရိကန်၏ အရေးယူမှုများရုတ်သိမ်းရန်ဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်သည်ဆိုသည်ကို မြန်မာနိုင်ငံမှ နိုင်ငံရေးအရနွေးထွေးမှုရှိလာခြင်းက သရုပ်ဖော်ပြနေပါသည်။ သို့သော် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ဆက်ဆံရေးမှာ စဉ်ဆက်မပြတ်ရှိရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏မဟာမိတ်များ၊ နိုင်ငံတကာအင်စတီကျူးရှင်းများနှင့် လူ့အခွင့် အရေးအဖွဲ့အစည်းများမှ အပြည့်အဝထည့်ဝင်မှုများပေးကြရန် ဖြစ်ပါသည်။ ထို့အပြင် တိုးတက်မှုများရော အခတ်အခဲ ပြဿနာများအတွက်ပါ ပြင်ဆင်ကြရပါမည်။ လောလောဆယ် ကြီးမားသောပူပန်မှုဖြစ်ရသောနယ်ပယ်တစ်ခုမှာ မြန်မာမူဆ လင်လူနည်းစုအပေါ် ပစ်မှတ်ထားသော ဗုဒ္ဓဘာသာအစွန်းရောက်များထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

အမေရိကန်မူဝါဒတွင် ထည့်သွင်းစဉ်းစားရမည့်အချက်မှာ ဒီမိုကရေစီအသွင်ပြောင်းမှုလမ်းချော်သွားခဲ့ရသည့် အီဂျစ်နှင့်တူရကီအပါအဝင် အခြားနိုင်ငံများ၏ အတွေ့အကြုံများပင်ဖြစ်ပါသည်။

ကျွန်ုပ်တိုအနေဖြင့် မြန်မာခေါင်းဆောင်များကို တိုက်တွန်းသင့်သည်အချက်မှာ ၄င်းတို့စဉ်းစားနေသော ဖက်ဒရယ် အခြေခံဥပဒေပုံစံကို ကျင့်သုံးရန်ဖြစ်ပြီး ဒေသဆိုင်ရာအစိုးရများကို နိုင်ငံရေးနှင့်စီးပွားရေး ကိုယ်ပိုင်ပြဌာန်းချက်များ လောက် လောက်လားလား ခွင့်ပြုပေးရေးတို့ဖြစ်သည်။

ဆတူအရေးကြီးသောအချက်မှာ မြန်မာနိုင်ငံတွင် သည်းခံရေးကိုအားပေးမည့် အားကောင်းသည့် လူထုအခြေပြု အဖွဲ့များနှင့် လွတ်လပ်သော တရားသူကြီးများ ထွက်ပေါ်လာရေးဖြစ်ပါသည်။ သို့မှသာ ဒီမိုကရေစီနည်းအရ ရွေးချယ်တင် မြှောက်ထားသော ကိုယ်စားလှယ်များသည် အခြေခံဥပဒေအရ ခွင့်ပြုထားသော အခွင့်အာဏာကို ကျော်လွန်အသုံးပြုပါက ၄င်းတို့က ဝင်ရောက်ထိန်းသိမ်းပေးနိုင်မည် ဖြစ်ပါသည်။ အကောင်မြင်နိုင်သည့် အကြောင်းလေးများတော့ ရှိနေပါသည်။

၎င်းတို့မှာ အမေရိကန်သံအမတ် Derek Mitchell ကို မြန်မာနိုင်ငံရှိ အဓိကနယ်ပယ်တော်တော်များများက လေးစားကြခြင်းပင် ဖြစ်ပါသည်။  International Republican Institute၊ National Democratic Institute၊ International Foundation for Electoral Systems နှင့် Freedom House  ကဲ့သို့သောအဖွဲ့အစည်းများသည် နိုင်ငံရေးပါတီများနှင့် လူထုအခြေပြုအဖွဲ့အစည်းများကို အင်စတီကျူရှင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်တက်လာရန် လုပ်ဆောင်ပေးလျက်ရှိပြီး၊ တိုင်းရင်းသားအုပ်စုများနှင့် နိုင်ငံရေးပါတီများကြား တွေ့ဆုံဆွေးနွေးရေးများ အားပေးလျက်ရှိပါသည်။

ယနေ့ မြန်မာနိုင်ငံသည် အခြေခံကျသော အမှန်တရားကို ကိုယ်စားပြုနေပါသည်။ လူသားတို့၏ ပင်မလိုလားချက် များကို သဘောပေါက်သော ပြည်သူများကို အမြဲတမ်းငြင်းဆိုနိုင်သည့် ဖိနှိပ်မှုဟူသည် မရှိဟူ၍ ဖြစ်ပါသည်။ နောက်ဆုံးတွင် မြန်မာပြည်သူများ၏ အိပ်မက်များကို သဘောပေါက်လာရပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သူတို့လျှောက်သော လမ်းတစ် လျှောက် အကောင်းဆုံးသော အကူအညီများပေးနေရန်သာ ရှိပါသည်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အခုအစိုးရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်။ ကဏ္ဍစုံတွေကိုလဲ သမ္မတကြီးက ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်။ တိုးတက် အောင်ဆိုပြီး ပညာရှင်တွေခေါ်ပြီး အကြံဥာဏ်တွေယူတယ်။ အခုနိုင်ငံတော်သမ္မတကြီး အကြံပေးတွေအများစုက အပေါ်ပိုင်း မှာပဲ လုပ်နေကြတယ်လို့ထင်တယ်။ အမှန်တကယ် အောက်ခြေအထိ ဆင်းပြီးတော့ ပြည်သူ့အသံတွေကို နားထောင်ပြီး သမ္မတဆီကို ပြည်သူ့အသံတွေ ပို့သင့်တယ်။ အဲ့ဒါမှ အောင်မြင်နိုင်မယ်”

ဇူလိုင်လ ၂၃ ရက်နေ့ထုတ် Yangon Time နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ပညာရှင်များနိုင်ငံတော်သို့ အမှန်ပြော သင့်ဟု နိုင်ငံတော်သမ္မတ အကြံပေးပြောကြား” သတင်းမှ ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


“အတိုက်အခံက လွှတ်တော်မှာ အဓိက မဟုတ်ဘူး။ လွှတ်တော်ကိုစီမံခန့်ခွဲတဲ့ ဥက္ကဋ္ဌများက လွှတ်တော်ဆို တာ ဒီမိုကရေစီ နည်းကျ ဆွေးနွေးတိုင်ပင်ရတဲ့နေရာဖြစ်လို့ သူက လိုတဲ့ကိစ္စပဲဖြစ်ဖြစ်၊ မလိုတဲ့ကိစ္စပဲဖြစ်ဖြစ်၊ သူကြိုက်တဲ့ ကိစ္စဖြစ်စေ၊ မကြိုက်တဲ့ကိစ္စ ဖြစ်စေ Issue အားလုံးကို ညီတူမျှတူအခွင့်အရေးပေးရမယ်။ ဆွေးနွေးဝေဖန်သုံးသပ်ခွင့် ပေးရမယ်။ အဲ့ဒါမှ မှန်ကန်တဲ့ဒီမိုကရေစီ အခွင့်အရေးရမှာဗျ။ ဆက်သွယ်ရေးတင်ဒါ ကိစ္စဆိုရင် ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံး အငိုက်မိသွားတယ်လို့လည်း သုံးသပ်တယ်”

ဇူလိုင်လ ၂၃ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လွှတ်တော်အတွင်း၌ အတိုက်အခံ မရှိသင့် ဟု လွှတ်တော်ကိုယ်စားလှယ်များ သုံးသပ်ပြောဆို” သတင်းမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိ လုပ်ခလစာက နည်းနေတယ်။ ဥပဒေက မသက်ရောက်သေးတဲ့အခါကျတော့ အလုပ်ရှင်တွေက လုပ်ခလစာ တိုးပေး ဖို့ကို အကြောင်းပြချက်တစ်ရပ်အနေနဲ့ ငြင်းဆိုနေကြတာပေါ့။ အလုပ်သမားတွေရဲ့ ဆန္ဒက တော့ အနည်းဆုံးလုပ်ခလစာကို သုံးထောင် (တစ်ရက်လျှင်) ရဖို့တောင်းဆိုထားပါတယ်။ အလုပ်ရှင်တွေက လုပ်ခလစာကို အချိန်ပိုကြေးပေးရမှာ ဖြစ်တဲ့အ တွက် အမြဲလျော့ပြထားပါတယ်”

ဇူလိုင်လ ၂၃ ရက်နေ့ထုတ် Mizzima နေ့စဉ်သတင်းစာတွင် ပါရှိသော “သတ်မှတ်လုပ်ခလစာမပေးသည့် အလုပ်ရှင်ကို အလုပ်သမားကိုယ်စား အစိုးရအရာရှိက တရားစွဲနိုင်” သတင်းမှ အလုပ်သမားအခွင့်အရေးရှေ့နေ ဦးဌေး၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“အလုပ်ရှင် အလုပ်သမားပဋိပက္ခ ကိစ္စအတော်များများကို ဖြေရှင်းတဲ့အခါ အလုပ်ရှင်တွေက ကိုယ်တိုင်မလာ ဘဲ ကိုယ်စား လှယ်တော်တွေ လွှတ်တဲ့အခါတွေရှိတယ်။ သူတို့တွေက အလုပ်ရှင်တွေလို အဆုံးအဖြတ်မပေးနိုင် ဘူး။ ပြဿနာက ရှင်းရှင်း လင်းလင်းပြီးမသွားဘူး။ နောက်ကာယကံအလုပ်ရှင် ပြန်လာတော့လဲ အားနည်းချက် တွေရှိတယ်။ အချိန်ကြန့်ကြာမှုတွေနဲ့ ပဋိပက္ခဖြေရှင်းမှုတွေ မပြီးဆုံးကြတာများနေတယ်”

ဇူလိုင်လ ၂၃ ရက်နေ့ထုတ် Yangon Time Daily News နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အစိုးရနှင့် အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဖွဲ့စည်းရာတွင် အလုပ်ရှင်ဘက်မှ ပါဝင်မှု အားနည်းနေဟုဆို ” သတင်းမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့အစည်း (ILO) ၏ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားကိုယ်စားလှယ် ဒေါ်သန်းသန်းဌေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“Rule of Law လဲပါသင့်တာပေါ့။ ပါမှပဲရမှာပေါ့။ ချန်ထားလို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ နယ်မြေဒေသ တွေမှာ Rule of Law ဖြစ်မှလဲ တိုင်းရင်းသားတွေ အားလုံးက ဒီငြိမ်းချမ်းရေးဖော်ဆောင်ရေးက ပိုပြီး ခိုင်မာလာမှာပေါ့။ ငြိမ်းချမ်းရေးဆိုတာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးမရှိဘဲ ဘယ်လိုလုပ်လို့ ရမှာလဲ။ အားလုံးဝိုင်းပြီးလုပ်ကြရမှာပေါ့။ ဒေါ်အောင် ဆန်းစုကြည်တစ်ဦးတည်းလည်း မဟုတ်ဘူး။ အန်ကယ် တစ်ဦးတည်းလဲ မဟုတ်ဘူး။ မီဒီယာတွေအပါအဝင် အားလုံးဝိုင်းပြီး လုပ်ကြရမှာပေါ့”

ဇူလိုင်လ ၂၃ ရက်နေ့ထုတ် Yangon Time Daily News နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲသို့ လွှတ်တော်ကော်မတီ၊ ကော်မရှင်များ ပါဝင်ဆွေးနွေးရန် ကမ်းလှမ်း ” သတင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဦးအောင်မင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

ပဋိပက္ခစီမံခန့်ခွဲမှု

မြစ်ကြီးနားတွင် ဇူလိုင်လ ၂၃ ရက်နေ့တွင်ဖွင့်လှစ်မည့် KIO ၏ Technical Advisory Team ရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားတွင်တရားဝင်ဖွင့်လှစ်မည့် KIO ၏အဆိုပါရုံးဖွင့်လှစ်ရ ခြင်း မှာ လက်ရှိဖြစ်ပေါ်နေ သော ပဋိပက္ခများနည်းပါးသွားရန် ရည်ရွယ်သည်။


အုပ်ချုပ်ရေး

လာမည့် ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။ ထိုသို့ သန်းခေါင်စာရင်း ကောက်ယူရာ၌ လိုအပ် သောဝန်ထမ်းအင်အားကို ပညာရေးနယ်ပယ်မှဝန်ထမ်းများအား နေ့စားအဖြစ်ခန့်အပ်ပြီး ကောက်ယူသွားမည် ဖြစ်သည်။ ဒေသအလိုက် စာရင်းကောက်ခံနိုင်ရန်အတွက် လိုအပ်သော ဝန်ထမ်းအင်အား မှာ တစ်သိန်းဝန်းကျင်ဖြစ်ပြီး ကြီးကြပ်စစ် ဆေးမည့် စာရင်းစစ် နှစ်သောင်းခန့်ထားမည်ဖြစ်ပြီး အခြားဝန်ထမ်းများ ထက် ပညာရေးဝန်ထမ်းများက တစ်နိုင်ငံလုံး အတိုင်းအတာ ရောက်ရှိနိုင်သောကြောင့် ပညာရေးဝန်ကြီးဌာန နှင့်ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MIC မှလက်ရှိပြဋ္ဌာန်းထားသောနိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေပါအချက်အလက်များကို မလိုက်နာသည့် လုပ်ငန်း များကို Black List ပြုလုပ်ပြီး မြန်မာနိုင်ငံတွင် အလုပ်လုပ်၍ မရသည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) မှသိရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်ငန်းကျွမ်းကျင်သူများ နေရာ တွင် မြန်မာလူမျိုး ၂၅ ရာခိုင်နှုန်း၊ နောက်နှစ်နှစ်အတွင်း ၅၀ ရာခိုင်နှုန်းနှင့် နောက်နှစ်နှစ်အတွင်း ၇၅ ရာခိုင်နှုန်းအထိ ကျွမ်းကျင်အောင် သင်ကြားပေးပြီး အစားထိုးခန့်အပ်သွားရမည် ဖြစ် သည်။ လက်ရှိရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိ ထားသည့် နိုင်ငံများထဲတွင် တရုတ်နိုင်ငံသည် အမြင့်ဆုံး ဖြစ်သည်။

အသစ်ပြဋ္ဌာန်းလိုက်သည့် အနည်းဆုံးအခကြေးငွေနည်းဥပဒေအရ အစိုးရက မည်သည့်အလုပ်သမားသည် လုပ်ခ လစာ အနည်းဆုံးမည်မျှရသင့်သည်ကို တရားဝင်သတ်မှတ်ထုတ်ပြန်မည်ဖြစ်ရာ ထိုနှုန်းထားအတိုင်းမပေးသည့် အလုပ်ရှင်ကို အလုပ်သမားကိုယ်စား အစိုးရအရာရှိက တရားစွဲပေးမည်ဖြစ်ကြောင်း အဆိုပါဥပဒေတွင် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။ ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်မှ အတည်ပြုလိုက် သောအဆိုပါဥပဒေသည် ယခင်မြန်မာနိုင်ငံ တွင်ရှိသော ခေတ်မမီတော့သည့် အနည်းဆုံးအခကြေးငွေ ဥပဒေ ကြမ်းနှစ်ရပ် အစား အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေတစ် ရပ်ဖြစ်ကြောင်း သိရသည်။


 

နိုင်ငံတကာဆက်ဆံရေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အကြီးတန်းတပ်မတော် အရာရှိကြီးတစ်ဦးဖြစ်သည့် ဗဟိုတပ်မတော် ကော်မရှင် ဒုတိယဥက္ကဋ္ဌ Fan Changlong သည်ဇူလိုင်လ ၂၂ ရက်နေ့တွင်မြန်မာနိုင်ငံသို့ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက် ရန်အတွက် ရောက်ရှိနေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းရရှိသည်။ Mr. Fan Changlong သည် ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း ၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင်တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် အထောက်အကူပြုရန် ဥရောပသမဂ္ဂ (EU) ကသုံးနှစ် မူဘောင်နှင့် မူဝါဒဆိုင်ရာ လိုအပ်ချက်များကို ဇူလိုင်လ ၂၂ ရက်နေ့ ကောင်စီအစည်းအဝေးတွင် အတည်ပြုပြီး နောက်တရား ဝင်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အသွင်ကူး ပြောင်းရေးလုပ် ငန်းစဉ်တစ်ခုလုံး တွင် ၂၀၁၅ ရွေးကောက်ပွဲသည် အဓိကကျသောကြောင့် လာမည့်သုံးနှစ် အတွင်း မူဝါဒပိုင်းဆိုင်ရာအတွက် ဦးစားပေး ဆောင်ရွက်သွားရန်ရှိကြောင်း ပါရှိသည်။ ထို့ပြင် (EU) ၏ထုတ်ပြန် ချက်၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရှင်သန်ရေးအတွက် လိုအပ်ချက်မှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နှင့် စီလျော်အောင် ပြင်ဆင်နိုင်ရန်အတွက် ကူညီပံ့ပိုးပေး ရန်ရှိကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက် ပွဲတွင် လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို နည်းပညာပိုင်းဆိုင်ရာများလည်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ တစ်နှစ်တာပတ်လုံး စစ်ဆေးတွေ့ရှိချက်များကို သြဂုတ် လပထမပတ်တွင် ပြည့်သူ့လွှတ်တော်သို့  အစီရင်ခံစာတင်သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီ၏ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးရှိတရားရုံးများသို့လည်း ကွင်းဆင်း ကြည့်ရှုများပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive