Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ဓါတ်ငွေ့ကဏ္ဍအတွက် နိုင်ငံခြားကုမ္ပဏီများကို မြန်မာတိုးမြှင့် ဆွဲဆောင်

(Natural Gas Asia မှ 29 July 2013 ရက်စွဲပါ “Myanmar attraction foreign firms to gas sector” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရွှေစီမံကိန်းဓါတ်ငွေ့ ထုတ်လုပ်မှု အဆင့် အနည်းငယ် ကျန်နေသေး

(Platts News မှ 25 July 2013 ရက်စွဲပါ “ Myanmar Shwe Production remains small, Yet to reach China: official” သတင်းကို ဘာသာပြန်ဆိုသည်)


ဓါတ်ငွေ့ကဏ္ဍအတွက် နိုင်ငံခြားကုမ္ပဏီများကို မြန်မာတိုးမြှင့် ဆွဲဆောင်

(Natural Gas Asia မှ 29 July 2013 ရက်စွဲပါ “Myanmar attraction foreign firms to gas sector” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ကမ်းလွန်ရေနံနှင့် ဓါတ်ငွေ့ရှာဖွေထုတ်လုပ်ရေး နယ်ပယ်တွင် နိုင်ငံခြားကုမ္ပဏီများစွာ ပိုမို ဝင်ရောက် လာအောင် ဆွဲဆောင်နေကြောင်း ပြည်တွင်းသတင်းများကို ကိုးကား၍ Xinhua က ဖေါ် ပြသည်။

လာမည် ငါးနှစ်အတွင်း ရေနံ၊ဓါတ်ငွေ့ရှာဖွေထုတ်လုပ်ရေး အတွက်အစမ်းတွင်း ၃၀၀ တူးဖေါ်သွားရန် သတ်မှတ်ထားကြောင်း မြန်မာအစိုးရပိုင် မြန်မာရေနံနှင့် ဓါတ်ငွေ့လုပ်ငန်း MOGE ၏ အဆိုအရ သိရှိရသည်။

လောလောဆယ်တွင် မြန်မာနိုင်ငံ၌ ရတနာ၊ ရဲတံခွန်နှင့် ရွှေဟုအမည်ပေးထားသော ကမ်းလွန်သဘာဝဓါတ်ငွေ့ အဓိကစီမံကိန်းကြီး ၃ ရှိပြီး၊ ရတနာစီမံကိန်းသည် တစ်ရက်လျှင် ဓါတ်ငွေ့ ကုဗပေ ၈၃၄သန်း(ကုဗမီတာ ၂၃.၆သန်း) ဖြင့်အများဆုံးထုတ်လုပ် ပေးလျက်ရှိသည်ဟု Xinhua ကဆိုသည်။

အကြီးစား ကမ်းလွန်ဓါတ်ငွေ့ စီမံကိန်း ၃ခုနှင့် ရေတိမ်းပိုင်းစီမံကိန်း ၁၉ခုလုပ်ကိုင်နေသော မြန်မာနိုင်ငံသည် ကမ်းလွန်နှင့် ကမ်းခြေပိုင်း ဓါတ်ငွေ့ အရံပမာဏ ခန့်မှန်းခြေ ကုဗပေ ၁၈.၀၁၂ ထရီလီယံမှာ ပြန်လည်ပြည့်ဖြိုးနိုင်သော အရံပမာဏ ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

မြန်မာရေနံနှင့် ဓါတ်ငွေ့ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၃ ဖေဖေါ်ဝါရီလကုန်တွင် စီမံကိန်း ၁၁၅ခုအတွက် ဒေါ်လာ ၁၄.၃၇၂ ဘီလျံသို့ရောက်ရှိခဲ့ရာ နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ၏ ၃၄.၁၄ရာခိုင်နှုန်း  ရှိနေပြီဟု Xinhua က သတင်းထုတ်ပြန်သည်။

မြန်မာကမ်းလွန်ရှာဖွေရေးလုပ်ငန်းကို စိတ်ဝင်စားသော ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံခြားကုမ္ပဏီများ အရေအတွက်ပိုများလာသည်ဟု နိုင်ငံပိုင် MOGE လုပ်ငန်းက အင်္ဂါနေ့တွင် ပြောကြား

သည်။


ရွှေစီမံကိန်းဓါတ်ငွေ့ ထုတ်လုပ်မှု အဆင့် အနည်းငယ် ကျန်နေသေး

(Platts News မှ 25 July 2013 ရက်စွဲပါ “ Myanmar Shwe Production remains small, Yet to reach China: official” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်းမှ ဓါတ်ငွေ့ပို့လွှတ်မှုသည် အထမြောက်ရန် အနည်းငယ်ကျန်နေပြီး၊ တရုတ်နိုင်ငံသို့ ဓါတ်ငွေ့ရောက်ရှိမည့်အချိန်ကို အတိအကျပြော၍ မရ ဟု နိုင်ငံပိုင်မြန်မာ့ရေနံ၊ ဓါတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။

ကမ်းလွန်ရွှေစီမံကိန်းမှ ဓါတ်ငွေ့ထုတ်လုပ်မှုသည် လက်တလောတစ်ရက်လျှင် ကုဗလသန်းပေါင်း ၅၈,၅၅၀ ရှိသည်ဟု  MOGE ကမ်းလွန်ဓါတ်ငွေ့ ထုတ်လုပ်ရေးဌာနမှ တာဝန်ရှိသူက ဆိုပါသည်။

ယင်းပမာဏသည် ပိုက်လိုင်း၏ ပို့လွှတ်နိုင်စွမ်း တစ်ရက်လျှင် ကုဗပေ ၁.၁၆  ဘီလီယံနှုန်းထက် များစွာ လျော့နည်းနေသေး သည်။  စောစောပိုင်းတွင် MOGE တာဝန်ရှိသူတစ်ဦးက တရုတ်သို့ဓါတ်ငွေ့ မပို့လွှတ်နိုင်ခင် စပ်ကြားတွင် တစ်ရက်လျှင် ဓါတ်ငွေ့ ကုဗပေ သန်းပေါင်း ၁၀၀,၀၀၀ နှုန်းဖြင့် ပြည်တွင်းသို့  ဖြန့်ဖြုးမည်ဟု ပြောကြားခဲ့သည်။

ရွှေစီမံကိန်း၏ အမြင့်ဆုံးထုတ်လုပ်မှုသည် တစ်ရက်လျှင် ကုဗပေ သန်းပေါင်း ၅၀၀,၀၀၀ ရှိမည်ဟု မျှော်လင့်ကြောင်း ကန်ထရိုက်တာ  Daewoo International က ပြောကြားထားသည်။

“ အခုကတော့ စမ်းသပ်ဆဲအဆင့်ပဲ ရှိပါသေးတယ်။ နောက်တစ်ဆင့်မှာ ပိုက်လိုင်းထဲက ဖိအားကို  30 bar ကနေ 6o Bar အထိမြှင့်မှာပါ”ဟု MOGE တာဝန်ရှိသူက ပြောကြားသည်။

မြန်မာတရုတ် ဓါတ်ငွေ့ပိုက်လိုင်း စတင်ပို့လွှတ်ခြင်း အခမ်းအနားကို တနင်္ဂနွေနေ့က မန္တလေးမြို့တွင်ပြုလုပ်ခဲ့ပြီး  Daewoo International  အပါအဝင် ပါတာနာကုမ္ပဏီများ တက်ရောက်ခဲ့ကြသည်ဟု တရုတ်  CNPC ကုမ္ပဏီက တနင်္လာနေ့က သတင်းထုတ်ပြန်ထားသည်။

ပိုက်လိုင်းမှ ဓါတ်ငွေ့ပို့လွှတ်မှုသည်တရုတ်နိုင်ငံဘက်သို့ ဇူလိုင်လ ၁၅ ရက်တွင် ရောက်ရှိမည် NPC ကုမ္ပဏီက အစောပိုင်းတွင် ပြောကြားထားသော်လည်း မြန်မာ MOGE လုပ်ငန်းမှ တာဝန်ရှိသူများကမူ သြဂုတ်(သို့) စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြသည်။

၇၃၉ ကီလိုမီတာရှည်သော ဓါတ်ငွေ့ပိုက်လိုင်း(မြန်မာနိုင်ငံအပိုင်း)မှာ ပြီးစီးနေပြီဖြစ်သော်လည်း၊ ယူနန်ပြည်နယ်အတွင်း ချိတ်ဆက်မည့် ပိုက်လိုင်းများ ပြီးစီးမှုကို အသေးစိတ်မသိရပေ။

တရုတ်နိုင်ငံအတွက် အလွန်အရေးပါသော အဆိုပါရေနံ၊ ဓါတ်ငွေ့အမြွှာပိုက်လိုင်း အစီအစဉ် နှောင့်နှေးကြန့်ကြာသွားမည်ကို အတွင်းကြိတ် စိုးရိမ်ပူပန်နေပုံရသော တရုတ်အာဏာပိုင်များက မြန်မာနိုင်ငံအပိုင်းမှ ပိုက်လိုင်းများကို အရင်ပြီးစီးအောင်ဆောင်ရွက်ရန် တွန်းအားပေးလုပ်ကိုင်ခဲ့ကြဖွယ်ရှိသည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပြည်ထောင်စုငြိမ်းချမ်းေးရးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် TNLA တို့ ဆွေးနွေးမှု ပြုလုပ်မည်
  2. ရေနံချောင်းက ဗိုလ်ချုပ်အောင်ဆန်းလက်ရေးမူ နိုင်ငံပိုင်ဖြစ်သင့်ဟု သမီးဒေါ်စု မှတ်ချက်ပေး
  3. နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီနှစ်ခုဖွဲ့စည်း
  4. ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွင်း   သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၆၂၆၆၅  ထုတ်လုပ်မည်
  5. မြန်မာရေတပ်မှ စစ်လက်နက်များနှင့် အခြားပစ္စည်းများ အိန္ဒိယထံမှ အကူအညီတောင်းခ

ပြည်ထောင်စုငြိမ်းချမ်းေးရးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် TNLA တို့ ဆွေးနွေးမှု ပြုလုပ်မည်

ပြည်ထောင်စုငြိမ်းချမ်းေးရးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်ပလောင်လွတ်မြောက်ရေး တပ်ဦး/တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) တို့ ယနေ့ ဇူလိုင် ၃၁ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌  ပထမဦးဆုံး အနေဖြင့်  ပြည်နယ်အဆင့်အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်၊ ဇွန်၊ ဇူလိုင်လများအတွင်း အစိုးရတပ်မတော်နှင့် PSLF/ TNLA  နှစ်ဦးနှစ်ဖက်စလုံးအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေပြီး ဇူလိုင်နောက်ပိုင်း၌တွင်သာ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များနှင့် PSLF/ TNLA ဘက်မှ ဒုတိယ ဗိုလ်ချုပ်မှူးကြီး တာဘုန်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့ တက်ရောက် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် သဘောတူညီမှု လက်မှတ်မရေးထိုးထားရသေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အပါအဝင် ကရင်အမျိုးသား အစည်းအရုံး(KNU)၊  မွန်ပြည်သစ်ပါတီ( NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSA)၊ စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပလောင်တိုင်းရင်းသားအဖွဲ့များမှ ခေါင်းဆောင်များ၊ တအောင်းအမျိုးသမီးနှင့် လူငယ်ခေါင်းဆောင်များဘက်မှ အသိသက်သေများ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် မည်ဖြစ်ကြောင်းလည်းသတင်းရရှိသည်။

YC


ရေနံချောင်းက ဗိုလ်ချုပ်အောင်ဆန်းလက်ရေးမူ နိုင်ငံပိုင်ဖြစ်သင့်ဟု သမီးဒေါ်စု မှတ်ချက်ပေး

ရေနံချောင်းအထက(၁)မှ ထိန်းသိမ်းထားသည့် ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်ကျောင်းသားဘဝက ရေးသားခဲ့သည်ဟူသော ပါဠိဘာသာလက်ရေး မူစာအုပ်ကို နိုင်ငံပိုင်သာ ဖြစ်သင့်သည်ဟု ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၃၀ ရက်နေ့တွင် သတင်းမီဒီယာများ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

“ဒါက တစ်ဦးတည်းပိုင် မဖြစ်သင့်ဘူး။ နိုင်ငံတော်ပိုင် ဖြစ်သင့်တယ်။ ဘယ်လိုပုံစံနဲ့ ဘယ်မှာအကောင်းဆုံးထားရင် ကောင်းမလဲ ဆိုတာ ဆုံးဖြတ်ရမှာပေါ့။ အန်တီတို့နိုင်ငံရဲ့ ရာသီဥတု အခြေအနေအရ များသောအားဖြင့် ပျက်စီးကြတယ်။ သေသေချာချာ ရေရှည်ခံဖို့ဆိုတာက ကျွမ်းကျင်တဲ့လူတွေနဲ့ လုပ်ယူရမယ့် ကိစ္စ”ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင် ၁၉ ရက်နေ့တွင် ရေနံချောင်းသို့ ရောက်ရှိလာသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယင်းလက်ရေးမူစာအုပ်အား ယူဆောင်သွားသည့်အတွက် ရေနံချောင်း မြို့ခံပြည်သူများက ပြန်လည်ရယူရန် ဇူလိုင်လ ၂၆ ရက်နေ့တွင် ‘ဗိုလ်ချုပ်လက်ရေးမှု ပြန်လည်ရယူရေးကော်မတီ’ဖွဲ့ကာ ကြိုးပမ်းနေကြရာ ယင်းကိစ္စနှင့် ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရေနံချောင်းမြို့သူမြိုသားများနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့အကြား နားလည်မှုလွဲနေခြင်းဟု ယူဆကြောင်း ပြောကြားခဲ့သည်။

“ဒါက တကယ်ဆိုရင်တော့ ဟိုဘက်ဒီဘက်နည်းနည်းနားလည်မှုလွဲတယ်လို့ထင်တယ်။ ဦးခင်အောင်မြင့်က ဟိုမှာဒီအတိုင်း ထားတယ်ဆိုရင် ပျက်ဆီးသွားမှာကိုစိုးရိမ်တယ်။ မှန်ပုံးလေးနဲ့ထားတာလေ။ စာရွက်တွေ ကတောင်နည်းနည်းပဲ့နေပြီ။ အန်တီအနေနဲ့ မေးတာက အဲဒါဘယ်လိုယူလာတာလဲ။ ဘယ်ကပေးတာလဲပေါ့။ ဦးဘဖေက ပေးယ်လို့နားလည်တယ်။ အဲဒီိဦးဘဖေလက်ထဲကို ဖေဖေ့ဟာဆိုရင် ဘယ်လိုရောက်လာတာလဲ။ အဲလိုအထောက်အထားတွေတောင်းတော့လည်း ဘယ်သူမှလည်းသိပုံမရဘူး။ ဒါကို ဦးခင်အောင်မြင့်ကလည်း တန်ဖိုးထားပါတယ်။ ရေနံချောင်းကအားလုံးကလည်း တန်ဖိုးထားတယ် ဆိုတာ အန်တီလက်ခံပါတယ်။ ဟိုဘက်ဒီဘက်နားလည်မှုမလွဲဖို့ပဲ။ နှစ်ဖက်စလုံးက ဒါကိုတန်ဖိုးထားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ချင်တာပဲ” ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယင်းလက်ရေးမူမှာ ဗိုလ်ချုပ်၏ လက်ရေးမူ အစစ် ဟုတ်မဟုတ်ကို သမိုင်းအမြင်ဖြင့် စစ်ဆေးရမည် ဖြစ်ပြီး ဗိုလ်ချုပ်၏ လက်ရှိ ရှိနေသော လက်ရေးမူများနှင့် တိုက်ဆိုင် စစ်ဆေးကြည့်ရန် လိုအပ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားပါသည်။ ဗိုလ်ချုပ်လက်ရေးမူ ပြန်လည်ရယူရေးကော်မတီကမူ ယင်းစာအုပ်နှင့် ပတ်သက်သည့် ပြည်သူ့ဆန္ဒသဘောထားကို သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား ကောက်ယူကာ ရရှိသလောက်ကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့မည်ဟု ထုတ်ပြန်ကြေညာထားသည်။

YC


နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီနှစ်ခုဖွဲ့စည်း

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတကာရှိ လွှတ်တော်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီနှင့် နိုင်ငံတကာပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနှစ်ခုကို လက်ရှိလွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များ ပါဝင်ခြင်းမရှိဘဲ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာပါလီမန်များ အဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပျဉ်းမနားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်ဦးမှ တာဝန်ယူ၍ ဒုတိယဥက္ကဋ္ဌများအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်(၉)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြဦးနှင့် အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး တို့က တာဝန်ယူဆောင်ရွက် မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီတွင်မူ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးရင်မှ တာဝန်ယူ၍ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နှင့် အတွင်းရေးမှူးအဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်တို့က တာဝန်ယူဆောင်ရွက်ကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ် ၂၀ ဦး ဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုသို့ နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မှု မရှိသည့်ကိစ္စရပ်နှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က “တပ်မတော်သား ကိုယ်စားလှယ်တွေ ဘာကြောင့်မပါတာလဲတော့ မသိဘူး။ အကြောင်းတော့ရှိမှာပေါ့”ပာု ပြောကြားသည်။

ထိုသို့ နိုင်ငံတကာပါလီမန်များအဖွဲ့ ဆိုင်ရာပူးပေါင်းကော်မတီနှင့် နိုင်ငံတကာပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်း ကော်မတီ နှစ်ခုအား ဖွဲ့စည်းရာတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်သူမရှိ သဘောတူညီခဲ့သည့်အတွက် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

YC


 

၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွင်း   သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၆၂၆၆၅  ထုတ်လုပ်မည်

မြန်မာနိုင်ငံအတွင်း ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်းသုံးစွဲမှုဖူလုံရေးနှင့် ပြည်ပသို့တင်ပို့မှုမြင့်တက်လာစေရေး အတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း  ကုန်းတွင်းနှင့်ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ကို  ကုဗပေသန်းပေါင်း ၅၆၂၆၆၅ ထုတ်လုပ် သွားမည်ဖြစ်ပြီး  ယခင်ဘဏ္ဍာနှစ်ထက် ၂၅ ရာခိုင်နှုန်းကျော် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ရာတွင် မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး တို့တွင် သဘာဝဓာတ်ငွေ့ပိုမိုထွက်ရှိလာနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ သာကြီးတောင် /စပယ် ရေနံမြေ၊ ကျောက်ခွက်/ လက်ပံတို/ အရာတော်ရေနံမြေ၊ ချောက်ရေနံမြေ၊ ညောင်တုန်း/မအူပင်ရေနံမြေနှင့်  ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများ တွင်လည်း ဓာတ်ငွေ့ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့သယံဇာတဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပသို့တင်ပို့ရောင်းချခြင်းနှင့် ပတ်သက်၍  ယခင်က ပြည်တွင်း၌ သဘာဝဓာတ်ငွေ့ လိုအပ်မှုမရှိခြင်းနှင့် နိုင်ငံနှင့် လူထုမှ  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရန်  နိုင်ငံခြားငွေ လိုအပ်သောကြောင့်  ရောင်းချရခြင်းဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာနက  ကြေညာထားသည်။

မြန်မာနိုင်ငံအတွင်းရှိ  ရတနာစီမံကိန်း၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းမှ ထွက်ရှိသော စီမံကိန်းတို့မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားပြီး ရွှေစီမံကိန်းမှထွက်ရှိမည့် သဘာဝ ဓာတ်ငွေ့များကိုမူ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

YC


 

မြန်မာရေတပ်မှ စစ်လက်နက်များနှင့် အခြားပစ္စည်းများ အိန္ဒိယထံမှ အကူအညီတောင်းခံ

မြန်မာရေတပ်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေ၏ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ သွားရောက် သည့် လေးရက်တာ ခရီးစဉ်တွင် အိန္ဒိယရေတပ် ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး ဒီကေဂျိုရှီနှင့် ကာကွယ်ရေးဌာန အတွင်းဝန် ရာဒါကရစ်ရှနမာဘူး တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ လက်နက်အကူအညီများနှင့် အခြား ပစ္စည်းစစ်လက်နက် ပစ္စည်းများ ပေးရန် အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံတို့အကြား စစ်ရေးဆက်ဆံမှု နီးကပ်လာကြောင်း ပြသသည့်လက္ခဏာ တစ်ရပ်အဖြစ် အိန္ဒိယနိုင်ငံအား ယခုကဲ့သို့ အကူအညီပေးရန် တောင်းခံခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကမ်းလှမ်းမှုများထဲတွင် ရှိရင်းစွဲ ဆက်ဆံမှုများအပြင် စစ်ရေးစွမ်းရည်မြှင့်တင်ရေးနှင့် စွမ်းရည်ထက်မြက်ရေးတို့အတွက် လေ့ကျင့်ရေးနှင့် စစ်လက်နက် ပစ္စည်းထောက်ပံ့ပေးရေးဆိုင်ရာ ကိစ္စရပ်များလည်းပါဝင်ကြောင်း အိန္ဒိယရေတပ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ ထားချက်အရ သိရသည်။

နိုင်ငံရေပိုင်နက်အတွင်း ကမ်းလွန်ကင်းလှည့် စစ်သင်္ဘောများ တည်ဆောက်ရန် ၊ ရေတပ်သုံး အာရုံခံ ကိရိယာများနှင့် အင်အားတောင့်တင်းသော ရေတပ်အဖြစ် ခိုင်မာစွာရပ်တည်ရေးတို့အတွက်  လိုအပ်သော စစ်ဘက် ဆိုင်ရာသုံး ပစ္စည်းများကို ရယူလိုသည့်အတွက် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး မြန်မာရေတပ်မှ လာရောက်သည့် ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ရေ)မှ ဗိုလ်ချုပ် သူရသက်ဆွေက မြန်မာရေတပ် အနာဂါတ်အတွက် လိုအပ်မည့် ရေတပ်သုံး စစ်ပစ္စည်း ယန္တရားများစာရင်းကို ပေးအပ်ခဲ့ကြောင်း အိန္ဒိယ မီဒီယာများတွင် ဖော်ပြထားသည်။

ထို့အတူ အိန္ဒိယနိုင်ငံ ရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဒီကေဂျိုရှီကလည်း မြန်မာရေတပ် ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခံပွဲအခမ်းအနားတွင် မြန်မာနိုင်ငံသည် “အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံ”ဟူ၍ သုံးနှုန်းကာ အိန္ဒိယရေတပ်အနေဖြင့် ရှိရင်းစွဲ အကောင်းဆုံး အနေအထားကို နောက်တစ်ဆင့်တိုးမြှင့်ရန် မျှော်လင့်လျက်ရှိကြောင်း သတင်းထောက်များအား ပြောကြား သွားသည်။

“နှစ်နိုင်ငံအကြား ကုန်းတွင်း နယ်နိမိတ်ရှိသလို ရေကြောင်း နယ်နိမိတ်လည်း ရှိတယ်။ ရေတပ်ချင်း ဆက်ဆံရေးမှာလည်း အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်၌ နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ထးချိန်တွင် ပယ်လယ်ရေကြောင်း စစ်ရေး နယ်ပယ်၌် မြန်မာရေတပ်၏ စွမ်းဆောင်ရည် မြင့်တက်လာရေးအတွက် အိုက်လန်ဒါအမျိုးအစား ရေကြောင်းကင်းလှည့် လေယာဉ်လေးစင်းကို ဗြိတိန် နိုင်ငံ ကန့်ကွက် နေသည့်ကြားမှ အကူအညီပေးအပ်ခဲ့သော နိုင်ငံ ဖြစ်သည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခုနှစ်အစောပိုင်းတွင် နှစ်နိုင်ငံရေတပ် တပ်ဖွဲ့များသည် တောရိုင်း တိရစ္ဆာန်များကို ခိုးဝှက်သတ်ဖြတ်သူများ၊ မှောင်ခိုသမားများနှင့် အခြားရေကြောင်း ရာဇဝတ်မှုများကို တားဆီးကာကွယ် နှိမ်နင်းရေးအတွက် ဘင်္ဂလား ပင်လယ်အော်ဒေသတွင် နှစ်နိုင်ငံရေကြောင်း နယ်နိမိတ်တစ်လျှောက် ပူးပေါင်းကင်းလှည့်မှုကို ပထမဆုံးအကြိမ် အဖြစ် ပြုလုပ်ခဲ့သေးသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive