Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ ပဋိပက္ခများအတွက် အကြီးမားဆုံးတန်းဖိုးကို ကလေးများပေးဆပ်နေရ

( trust.org မှ 5 Aug 2013 ရက်စွဲပါ “ Children paying highest price for conflict in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဗုဒ္ဓဘာသာဝင်များ ကြမ်းတမ်းလာသောအခါ

(6 August 2013 ရက်စွဲပါ The Diplomat မှ Charu Lata Hogg ရေးသားသော When Buddhist  turn nasty ကိုဘာသာပြန်သည်)

  1. ပြည်တွင်းဘဏ်များအကြား နိုင်ငံခြားငွေ ရောင်းဝယ်မှု မြန်မာခွင့်ပြု

(Reuters မှ 6 Aug 2013 ရက်စွဲပါ “Myanmar allows forextrade between local banks” သတင်းကို ဘာသာပြန်ဆိုသည်)

  1.  မြန်မာကျောက်မျက် ပိတ်ပင်မှု အမေရိကန် သက်တမ်းတိုးဦးမည်

(Associated Press မှ 6 Augest  2013  ရက်စွဲပါ “Aides: US to extend Myanmar gems ban” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဗြိတိသျှကုမ္ပဏီများက မြန်မာနိုင်ငံ ငွေကြေးကဏ္ဍမြင့်တင်ရာတွင် ကူညီမည်

(6 August 2013 ရက်စွဲပါ The Telegraph မှ Justin Harper ရေးသားသော British companies to help boost Burma’s financial sectorကို ဘာသာပြန်သည်)

မြန်မာနိုင်ငံ၏ ပဋိပက္ခများအတွက် အကြီးမားဆုံးတန်းဖိုးကို ကလေးများပေးဆပ်နေရ

( trust.org မှ 5 Aug 2013 ရက်စွဲပါ “ Children paying highest price for conflict in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ပဋိပက္ခများကြောင့် ကလေးသူငယ်များက တန်ဖိုးကြီးကြီးပေးဆပ်နေရကြောင်း လူမှုရန်ပုံငွေအဖွဲ့ Plan Internationalက အစီရင်ခံစာ ထုတ်ပြန်သည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ပဋိပက္ခများကြောင့် ကလေးအများစု အပါအဝင် ရွာသူရွာသား သန်းဝက်ကျော်(ငါးသိန်းကျော်) ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု သိရှိရသည်။

၎င်းဒေသများမှ ကလေးသူငယ်များသည် ရုံပြည့်ရုံလျှံစာသင်ကျောင်းများသို့ တက်ရောက်ရန်အတွက် မပေါက်ကွဲသေးသော ဗုံးများ၊ မိုင်းများပြည့်နှက်နေသော နေရာများကို ဖြတ်၍ ၆မိုင်ခန့် လမ်းလျှောက်သွားရသည်ဟု ဆိုသည်။

ကလေးများစွာမှာ ထိခိုက်ဒဏ်ရခြင်း၊ မိဘများသဆုံးမှု(သို့) အခြားစခန်းများသို့ ရွေ့ပြောင်းမှုကြောင့် ခိုးကိုးရာမဲ့ ဖြစ်ကာ ကိုယ့်ဘဝကိုယ်ရပ်တည်ရခြင်းတို့နှင့် ကြုံတွေ့ရပြီး၊ အရေအတွက်ထောင်နှင့်ချီသော ကလေးများစွာမှာ အာဟာရချို့တဲ့လျက်ရှိသည်။

“ဒီပဋိပက္ခမှာ ကလေးတွေက တန်းဖိုးအကြီးမားဆုံးပေးဆပ် နေရပါတယ်။ မြေမြှပ်မိုင်းတွေကြောင့် အိမ်အပြင်ဘက်၊ စခန်းအပြင်ဘက်ကို ကလေးတွေထွက်သွားမှာကို ကြောက်နေရာတာ ကြာပါပြီ”ဟု Plan International၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေဒါရိုက်တာ ဂျွန်မက်ဒိုးနတ်က ပြောကြားသည်။

“ကျောင်းသွားဖို့အတွက် ကလေးတွေ အဝေးကြီးလမ်းလျှောက်ရတာဟာ အထူးသဖြင့်မိန်းကလေးတွေအတွက် အန္တရာယ် အမျိုးမျိုးကျရောက်နိုင်ပါတယ်။ ကလေးသူငယ်အများစုဟာ စစ်ပွဲရဲ့အနိဋ္ဌါရုံတွေ ဒုက္ခသည်စခန်းတွေက ခက်ခဲတဲ့ဘဝတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေပါတယ်”ဟု မက်ဒိုးနတ်က ဆက်လက်ပြောကြားသည်။

Plan International သည် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များစွာကို ကူညီရန်အတွက် ပေါင်စတာလင် ၂.၂သန်းကုန်ကျမည့် ကုန်ကျမည့် ကယ်ဆယ်ရေး အစီအစဉ်တစ်ခုကို လုပ်ဆောင်နေပါတယ်။

ထို့အပြင် ယခုလမှ ၂၀၁၄ဧပြီလ အထိ ဆောင်ရွက်မည့် အရေးပေါ်  တုံ.ပြန်ကယ်ဆယ်ရေး အစီအစဉ်အတွက် ရန်ပုံငွေ ပေါင်စတာလင် ၁၄၀၀,၀၀၀ ကိုထောက်ပံ့ပေးထားပြီးဖြစ်သည်။

ယခင်ကမှု လုံခြုံရေး အန္တာရာယ်နှင့် တားမြစ်မှုများကြောင့် ယင်းနယ်မြေများသို့ မသွားရောက်နိုင်ခဲ့သော်လည်း၊ ယခုအခါ အခြေအနေကို အပြည့်အဝ အကဲဖြတ်ရန်အတွက် Plan International ၏ အဖွဲ့များကို စေလွှတ်ထားပြီးဖြစ်သည်။


 

ဗုဒ္ဓဘာသာဝင်များ ကြမ်းတမ်းလာသောအခါ

(6 August 2013 ရက်စွဲပါ The Diplomat မှ Charu Lata Hogg ရေးသားသော When Buddhist  turn nasty ကိုဘာသာပြန်သည်)

ဗုဒ္ဓဘာသာသည် ဘာသာတရားတစ်ခုအနေဖြင့် မေတ္တာဂရုဏာထားပြီး အကြမ်းမဖက်သောတရားဖြစ်၍ ဘဝကိုသိမ်မွေ့သောနည်းဖြင့် ကျင့်ကြံသောတရားဖြစ်ပါသည်။ ထို့ကြောင့်ပင် ယခုမြန်မာနိုင်ငံနှင့် သီရိလင်္ကာတို့တွင် ဖြစ်ပေါ်နေမှုများမှာ စဉ်းစားရသည်ကို ရူပ်ထွေးစေသည်။ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်အုပ်ချုပ်ရေးပြီးနောက် တဖြည်းဖြည်းဖြေလျော့လာသော မြန်မာနိုင်ငံတွင် ၂၀၁၂ခုနှစ် နှစ်လယ်ခန့်မှစ၍ စိတ်ရိုင်းဝင်နေသော ဗုဒ္ဓဘာသာဝင်များသည် မူဆလင် ၂၀၀ကျော်ကိုသတ်ဖြတ်ပြီး (၁၀၀၀၀၀) ကျော်အား အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်ဟု လက်ခံနိုင်လောက်သော စွပ်စွဲချက်များ ရှိခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် မိုင်ပေါင်း(၁၀၀)ခန့်ဝေးသော သီရိလင်္ကာတွင် လွန်ခဲ့သောလေးနှစ်က အစိုးရနှင့် တမီးလ်ကျားသူပုန်များ (၂၆)နှစ်ကြာ ပဋိပက္ခကိုဝမ်းနည်းဖွယ် လူသေဆုံးမှုများဖြင့် အဆုံးသတ်သွားခဲ့ပါသည်။ သို့သော် မကြာသေးမီက ဗုဒ္ဓဘာသာလူအုပ်ကြီးသည် မူဆလင်များပိုင်ဆိုင်သောဆိုင်များကို မီးရှို့ခဲ့ပါသည်။ Bodu Bala Sena (ဗုဒ္ဓဘာသာတပ်ကြီး) ဟုခေါ်သော စစ်သွေးကြွအုပ်စုကြီးသည် မူဆလင်ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်လျက်ချီတက်လာခြင်း ဖြစ်ပါသည်။

အစ္စလမ်စစ်သွေးကြွခြိမ်းခြောက်မှုများဟု ယူဆရသူများနှင့် အမှန်တကယ်ပုဂ္ဂိုလ်များမှာ အာရှတစ်ခွင်တွင် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါသည်။ သို့သော် စဉ်းစားရခက်သော အချက်တစ်ခုမှာ အထက်ပါနိုင်ငံနှစ်ခုတွင် ရက်ဒီကယ်မူဆလင်များ၏ ခြိမ်းခြောက်မှုမရှိခြင်း ဖြစ်ပါသည်။ သီရိလင်္ကာနှင့်မြန်မာနိုင်ငံမှ မူဆလင်များသည် ငြိမ်းချမ်းစွာနေထိုင်နေကြသော လူနည်းစုဖြစ်ပြီး အဓိကအမျိုးသားနိုင်ငံရေးမှ ဖယ်ရှားခံထားရသူများ ဖြစ်ပါသည်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင်  ဒေသခံဗုဒ္ဓဘာသာများသည် ရိုဟင်ဂျာဟုခေါ်သော နိုင်ငံမဲ့မူဆလင်တစ်သန်းခန့်အပေါ် အမြင်ကြည်လင်မှုမရှိပေ။ ၄င်းတို့က ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများအဖြစ် ရှုမြင်ကြပါသည်။ ၂၀၁၂ ခုနှစ် ဇွန်လကတည်းက ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့် ရန်ပွဲများဖြစ်ခဲ့ခြင်းသည် ဗုဒ္ဓဘာသာအသိုင်းအဝိုင်း၏စိတ်ကို ဆွပေးသလိုဖြစ်ကာ နောက်ပိုင်းအကြမ်းဖက်မှုဖြစ်စဉ်များတွင် ကဏ္ဍတစ်ခုမှ ပါဝင်လာခဲ့ကြပါသည်။

သီရိလင်္ကာနိုင်ငံတွင် အစိုးရနှင့်တမီးလ်ကျားသူပုန်များနှင့် လက်နက်ကိုင်ပဋိပက္ခတစ်လျှောက်လုံးတွင် တိုင်းပြည်မှ မူဆလင်များသည် တမီးလ်ဘာသာစကားကို ပြောကြသော်လည်း အစိုးရဖက်မှသာ ထောက်ခံရပ်တည်ခဲ့ကြပါသည်။ ၁၉၉၀ အစောပိုင်းက တမီးလ်ကျားများက မူဆလင်ထောင်ပေါင်းများစွာကို Jaffna မှ မောင်းထုတ်ခဲ့ခြင်းမှာ အထက်ပါအကြောင်းကြောင့် တစိတ်တပိုင်းပါဝင်ပါသည်။ ပဋိပက္ခဖြစ်စဉ်တလျောက်လုံးတွင် အစိုးရသည် တိုင်းပြည်မှမူဆလင်များ၏ ထောက်ခံမှုရရန်၊ မူဆလင်အသိုင်းအဝိုင်းများကို ထင်ရှားသောဗျူရိုကရက်ရာထူးများပေးခြင်း၊ ကုန်သွယ်ထိန်းချုပ်နိုင်ခြင်း၊ အထူးသဖြင့် သီရိလင်္ကာအရှေ့ပိုင်းတွင် လွှမ်းမိုးနိုင်ခဲ့ခြင်းများရှိပါသည်။

ထို့နောက် ထိုနှစ်နိုင်ငံစလုံးတွင် ဗုဒ္ဓဘာသာများက မူဆလင်များကို ဆန့်ကျင်သော အသွင်သို့ပြောင်းသွားရာ ဘယ်အရာများက ထိုအခြေအနေကို ပြောင်းသွားစေပါသနည်း။ ရိုးရိုးလေးပြောရလျှင် သီရိလင်္ကာတွင် ပြည်တွင်းစစ်ပြီးဆုံးသွားခြင်းနှင့် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ အာဏာရှင်စနစ်မှ တံခါးဖွင့်လာခြင်းတို့သည် လူမှုရေးအရအက်ကြောင်းသစ်များဖြစ်ရန် ကွက်လပ်များဖန်တီးသလိုဖြစ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

တမီးလ်ကျားသူပုန်များနှိမ်နှင်းခံရပြီးနောက်၊ တမီးလ်အသိုင်းအဝိုင်းသည် နိုင်ငံရေးအရ ထိန်းချုပ်နိုင်မှုရလာခြင်းကြောင့် အများစု Sinhalese ဗုဒ္ဓဘာသာအသိုင်းအဝိုင်းသည် သေးငယ်သော တိုင်းရင်းသားအုပ်စုတခုကို အတိုက်အခံပြုလျက် ၄င်းတို့ဖြစ်တည်မှုကို တည်ဆောက်ထားရာ စုစည်းမှုပျက်ယွင်းမည့် အန္တရာယ်ရှိလာပါသည်။ ထိုကတည်းက ဗုဒ္ဓဘာသာများသည် မူဆလင်များ၏ လည်လှီးသတ်ဖြတ်မှု၊ မူဆလင်မိသားစုများ၏ ပမာဏနှင့် မူဆလင်စီးပွားရေးများကို သပိတ်မှောက်ရန် လူသိရှင်ကြားတောင်းဆိုလာပါသည်။

မြန်မာနိုင်ငံ၏အခြေအနေမှာ ထိုထက်စိုးရိမ်စရာကောင်းပါသည်။ မြန်မာနိုင်ငံတွင် မူဆလင်များသပိတ်မှောက်ရန်နှင့် ဘာသာခြားလက်ထပ်မှုကို ရှောင်ရှားရန် အားပေးသော ၉၆၉လှုပ်ရှားမှု၏ မူလအစကို ရှင်းရှင်းလင်းလင်းမသိနိုင်သော်လည်း၊ ၉၆၉ခေါင်းဆောင်တစ်ဦးဖြစ်သူ အရှင်ဝီရသူက ၄င်းမှာဗုဒ္ဓဘာသာဝင်များ ယုံကြည်ချက်ဖြင့်ကျင့်သုံးရန်နှင့် တိုးလာသောအစ္စလမ်အင်အားကိုဆန့်ကျင်၍ မိမိတို့ဘာသာ ကာကွယ်ရန်သာဖြစ်သည်ဟု ငြင်းချက်ထုတ်ထားပါသည်။ ဦးဝီရသူသည် စစ်အစိုးရလက်ထက်က မူဆလင်ဆန့်ကျင်ရေးတရားဟောမှုကြောင့် ထောင်ရှစ်နှစ်ကျခဲ့သူဖြစ်ပြီး၊ ၄င်းက မကြာမီက မူဆလင်များသတ်ဖြတ်မှုတွင် ၄င်း၏ပါဝင်မှုကဏ္ဍအတွက် ငြင်းဆိုခဲ့ပါသည်။ သို့သော် ဝေဖန်သုံးသပ်သူများ၏ အဆိုအရ ၄င်း၏ ကြမ်းတမ်း၍ဒေါသပါသော တရားများသည် အကြမ်းဖက်မှုကိုလှုံ့ဆော်ရာတွင် ကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည်ဟုဆိုပါသည်။ ရိုဟင်ဂျာအသိုင်းအဝိုင်းရှိနေခြင်းသည် မကြာသေးမီက ဖြစ်ခဲ့သောအကြမ်းဖက်မှုများအတွက် ရုတ်တရက်ဖြစ်ပွားစေသောမီးပွားဟု ဆိုနေချိန်တွင် ဖိအားများပြောင်းလဲတိုးတက်လာမည့်အရေး စိုးရိမ်ရမှုမှာ ပြဿနာများထဲမှ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါသည်။

အဆိုပါဖြစ်ပေါ်မှုများ၏ နောက်ကွယ်တွင် စိတ်မသက်မသာခံစားရသည့် အမှန်တရားတစ်ခုမှာ အဆိုပါ နှစ်နိုင်ငံစလုံးတွင် သမိုင်းကြောင်းအရ ဗုဒ္ဓဘာသာနှင့် အမျိုးသားရေးဝါဒသည် ရောထွေးယှက်တင်ဖြစ်နေသောကြောင့်ဟု ဆိုရပါမည်။ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် ဒီမိုကရေစီတည်ဆောက်ရန် ကြိုးစားနေပြီး၊ ထိုလုပ်ငန်းစဉ်တွင် ဘာသာရေး၏အခန်းကဏ္ဍကို အဓိပ္ပာယ် ဖွင့်ဆိုရန် ကြိုးစားနေသော နိုင်ငံများဖြစ်ပါသည်။ နှစ်နိုင်ငံစလုံးတွင် အုပ်ချုပ်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် အာဏာတို့ကို ပြည်သူလူထုထံသို့ အပ်နှံနိုင်ခြင်းမရှိသေးပေ။ နှစ်နိုင်ငံစလုံးသည် ဘာသာရေးလူနည်းစုများသည် လူများစု၏ဆန္ဒမပြည့်ဝ၍ ပေါက်ကွဲနေမှုများအတွက် လမ်းလွှဲပေးသည့် ပစ်မှတ်များအဖြစ် အသုံးချခံနေရဆဲဖြစ်ပါသည်။

အဆိုပါနိုင်ငံများတွင် ဘာသာရေး၏အခန်းကဏ္ဍကို အဓိပ္ပာယ်ဖွင့်ဆိုရန် ဖြောင့်ဖြောင့်စင်းစင်းလုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော်        ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနိုင်ငံရေးတွင် ပါဝင်ခဲ့သည့်သမိုင်းကြောင်းများ ရှိခဲ့သော ကြောင့် ဖြစ်ပါသည်။ (၂) ရာစုမှတ်တမ်းများအရ သိရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာမဟုတ်သော ဘုရင်ကို ဘုရင် Dutugamuna က နှိမ်နှင်းရာတွင်  ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ အကူအညီယူရပါသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၃၀ ခုနှစ်များက ဗြိတိသျှကိုလိုနီဆန့်ကျင်ရေး အစောပိုင်းကာလများတွင် မြန်မာဘုန်းကြီးများ၏ အခန်းကဏ္ဍရှိခဲ့ခြင်းကြောင့် နှစ်နိုင်ငံစလုံးတွင် ၄င်းတို့အမျိုးသားဖြစ်တည်မှုတွင် ဗုဒ္ဓဘာသာနှင့် တစ်ပေါင်းတည်းဖြစ်နေသည်ဟူသော ခံယူချက်ဖြစ်လာရပါသည်။

၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် စစ်အစိုးရကို စိန်ခေါ်၍ ဒီမိုကရေစီအတွက် ဆန္ဒပြခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ သံဃာ့နာယကအဖွဲ့သည် အဓိပ္ပာယ်မရှိသော အကြမ်းဖက်မှုများကို ဆန့်ကျင်ပြီး  အမှားအမှန်ချင့်ချိန်နိုင်သည့် အာဏာစက်ကို အသုံးပြုလေမလားဟု မေးခွန်းထုတ်ရတော့မည် ဖြစ်ပါသည်။


 

 

ပြည်တွင်းဘဏ်များအကြား နိုင်ငံခြားငွေ ရောင်းဝယ်မှု မြန်မာခွင့်ပြု

(Reuters မှ 6 Aug 2013 ရက်စွဲပါ “Myanmar allows forextrade between local banks” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ဘဏ်အချင်းချင်း နိုင်ငံခြားငွေ ရောင်းဝယ်ခြင်း ကို ခွင့်ပြုလိုက်ပြီဟု ဗဟိုဘဏ် အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ရာ ၂၀၁၂ ဧပြီလတွင် ကျပ်ငွေ နှုန်းရှင် မျှောပြီးနောက်ပိုင်း ငွေကြေးကဏ္ဍ နောက်ဆုံး ပြုပြင်ပြောင်းလဲမှုတစ်ခုပင် ဖြစ်ပါသည်။

နိုင်ငံခြားဘဏ်များကို လုပ်ကိုင်ခွင့် မပြုသေးသော မြန်မာနိုင်ငံတွင် ပြည်တွင်းဘဏ်လုပ်ငန်း စနစ်မှာလည်း မဖွံ့ဖြိုးသေးသော ကြောင့် ဘဏ်အချင်းချင်း ဆက်သွယ်ဆောင်ရွက်မှု ဈေးကွက်မှာ အစပိုင်းတွင် သေးငယ်နေဦးမည် ဖြစ်သည်။

“ပြည်တွင်းဘဏ်တွေ အချင်းချင်း နိုင်ငံခြားငွေ ရောင်းဝယ်တာကို တနင်္လာနေ့က ခွင့်ပြုလိုက်ပါပြီ။ ငွေကြေးနယ်ပယ် ပြုပြင်ပြောင်းလဲမှုတွေကို ဦးတည်တဲ့ အဓိက လုပ်ဆောင်ချက်တစ်ခုပါ” ဟု ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက Reuters သို့ ပြောကြားသည်။

ပြောရေးဆိုခွင့်မရှိ၍ အမည်မဖော်လိုသူ တာဝန်ရှိသူက “အခုတော့ သူတို့အချင်းချင်း ပွင့်လင်းမြင်သာ မျှမျှတတ ယှဉ်ပြိုင်နိုင်ကြပြီပေါ့” ဟု ဆက်လက်ပြောဆိုသည်။

ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က “ဘဏ်အချင်းချင်း ငွေကြေးရောင်းဝယ်မှု ဈေးကွက်ကို ခွင့်ပြုလိုက်တဲ့အတွက် ကြိုဆိုပါတယ်။ ဒါဟာ နိုင်ငံခြားငွေ ဈေးကွက် ပေါ်ထွက်လာဖို့အတွက် ကြီးမားတဲ့ ဆောင်ရွက်ချက်တစ်ခုပါ” ဟု မှတ်ချက်ပေးသည်။

၂၀၁၁ မတ်လတွင် အာဏာရလာသော သမ္မတဦးသိန်းစိန် အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ထို့နောက်တွင် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ၏ ကြီးကြပ်မှုဖြင့် ၂၀၁၂ တွင် မြန်မာကျပ်ငွေ ကို နှုန်းရှင်မျှောကာ ကျပ်ငွေ တန်ဖိုးကွဲပြားမှုများကို စတင် စုစည်းခဲ့ပြီးနောက် ဗဟိုဘဏ်က ပြည်တွင်း ပုဂ္ဂလိက ဘဏ်များအား တင်ဒါစနစ်ဖြင့် နိုင်ငံခြားငွေ စတင်ရောင်းချပေးခဲ့သည်။

              သောကြာနေ့က ထုတ်ပြန်သော မြန်မာစီးပွားရေး နှစ်ပတ်လည်အစီရင်ခံစာတွင် “မြန်မာကျပ် ငွေတန်ဖိုး သည် နှုန်းရှင်မျှောပြီးနောက်ပိုင်း ပြီးခဲ့သောမေလက ၁၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ရေရှည်တည်တံ့မည့် အခြေခံနှုန်းထား နှင့် နီးစပ်လာသည်” ဟု IMF က သုံးသပ်ထားသည်။ မနှစ်ကမူ ကျပ်ငွေသည် ၄၀ ရာခိုင်နှုန်း ဖောင်းပွနေသည်ဟု IMF က ပြောကြားခဲ့သည်။

အမေရိကန်တစ်ဒေါ်လာ နှင့် ညီမျှသည့် ကျပ်ငွေတန်ဖိုးကို ဗဟိုဘဏ်က နေ့စဉ် စံနှုန်း သတ်မှတ်ပေးလျက်ရှိသည်။


 မြန်မာကျောက်မျက် ပိတ်ပင်မှု အမေရိကန် သက်တမ်းတိုးဦးမည်

(Associated Press မှ 6 Augest  2013  ရက်စွဲပါ “Aides: US to extend Myanmar gems ban” သတင်းကို ဘာသာပြန်ဆိုသည်)

အိုဘားမားအစိုးရသည် မြန်မာနိုင်ငံမှ ပတ္တမြားနှင့်ကျောက်စိမ်းများ တင်သွင်းမှု ပိတ်ပင်ထားခြင်းကို  သက်တမ်း တိုးရန် စီစဉ်နေကြောင်းနှင့် အကြောင်းရင်းမှာ ကုန်သွယ်ရေးကဏ္ဍတွင် မြန်မာ့တပ်မတော် ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်ကြောင်း ကွန်ဂရက်လွှတ်တော်အကြံပေးများက ပြောကြားလိုက်ပါသည်။

မြန်မာ့ကျောက်မျက်များ အထူးသဖြင့် ကျောက်စိမ်းများသည် မြောက်ပိုင်းနယ်စပ် ကချင်ပြည်နယ်မှ ထွက်ရှိခြင်း ဖြစ်ပြီး၊ အဆိုပါဒေသသည် နိုင်ငံတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့်ကြားမှပင် အစိုးရတပ်နှင့် တိုင်းရင်း သားလက်နက်ကိုင်များတိုက်ပွဲ ဖြစ်နေသောဒေသဖြစ်သည်။

၂၀၀၃ ခုနှစ် မြန်မာကျောက်မျက်တင်သွင်းမှု ပိတ်ပင်သည့်ဥပဒေသည် ဇူလိုင်လ ၂၇ ရက်တွင် သက်တမ်းကုန်သောကြောင့် သမ္မတအိုဘားမားက သက်တမ်းတိုးသည် အမိန့်ကို ထုတ်ပြန်မည်ဟု မျှော်လင့်ရကြောင်း အကြံပေးသုံးဦးက ပြောကြားသည်။ ယခုသီတင်းပတ်အတွင်း ထုတ်ပြန်မည်ဟု မျှော်လင့်ရသော ကြေညာချက်မတိုင်မှီ ယင်းကိစ္စကို ထုတ်ဖော်ပြောဆိုခွင့် မရှိသောကြောင့် ၄င်းအကြံပေးသုံးဦးစလုံးက နာမည်မဖေါ်ပြရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် သိသိသာသာ အားထုတ်လာခြင်းကို အသိအမှတ်ပြု တုန့်ပြန်သည့်အနေဖြင့် အိုဘားမားအစိုးရက ယခင်အရေးယူပိတ်ဆိုမှု Sanctions များကို ဖြေလျော့ပေး နေသည့်အလျှောက် မြန်မာ့ကုန်ပစ္စည်း တင်သွင်းမှု ပိတ်ပင်ခြင်းကို နိုဝင်ဘာလက ရုတ်သိမ်းပေးခဲ့သော်လည်း ကျောက်မျက်တင်သွင်းမှု ပိတ်ပင်ခြင်းကို ဆက်လက်ချမှတ်ထားဆဲပင် ဖြစ်သည်။

မြန်မာ့တပ်မတော်(စစ်တပ်)ပိုင်း ကုမ္ပဏီကြီးများသည် ဒီမိုကရေစီ အကူးအပြောင်းတွင် အများသိလွယ်၊ မြင်လွယ်သော အလတ်စားစီးပွားရေးခွင်များကို စွန့်လွှတ်ကာ၊ ရေနံဓါတ်ငွေ့၊ ကျောက်မျက်နှင့် တယ်လီကွန် စသောအကြီးစား ဂွင်များသို့ ကူးပြောင်းခြေကုတ်ယူထားကြသည်ဟု ပြည်တွင်းအကဲခတ်လေ့လာသူများက ပြောကြားထားသည်။


 

ဗြိတိသျှကုမ္ပဏီများက မြန်မာနိုင်ငံ ငွေကြေးကဏ္ဍမြင့်တင်ရာတွင် ကူညီမည်

(6 August 2013 ရက်စွဲပါ The Telegraph မှ Justin Harper ရေးသားသော British companies to help boost Burma’s financial sectorကို ဘာသာပြန်သည်)

မြန်မာ အစိုးရသည် ၎င်း၏ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ စတင်ရာတွင် အကူအညီပေးရန် ဗြိတိသျှ ကုမ္ပဏီများကို ရွေးချယ်လျက်ရှိပါသည်။

ပြီးခဲ့သည့် နှစ်က အရေးယူမှု အများစု ရိုတ်သိမ်းသွားခဲ့ပြီး ကမ္ဘာတဝှမ်းနှင့် လွတ်လပ်စွာ ကုန်သွယ်ရန် ခွင့်ပြုခဲ့ပါသည်။ ၎င်း၏ စီးပွားရေးကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အတွက်တံခါးဖွင့်ပေးခဲ့ပါသည်။

ထိုအချက်ကြောင့် အနောက်တိုင်းကုမ္ပဏီများသည် တချိန်က အာရှတွင် အချမ်းသာဆုံးတိုင်းပြည် တစ်ခုဖြစ်ခဲ့သော မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် အသံပြုခဲ့ကြပါသည်။

အရေးယူမှုများ ရုတ်သိမ်းအပြီးတစ်နှစ် အကြာတွင်၊ မြန်မာနိုင်ငံ၌ ခရက်ဒစ်ပေးရန် ရည်ရွယ်သော ငွေကြေးဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများတိုးတက်မှုတွင် အထောက်အကူပြုရန် ငွေကြေးဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုတွင် အထောက်အကူ ပြုရန် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့တစ်ခုကို ဗြိတိန်နှင့် မြန်မာအစိုးရတို့က စတင်ဖွဲ့စည်းခဲ့ပါသည်။

အခြားရည်မှန်းချက်များတွင် ငွေကြေးဏ္ဍအတွက် ပညာရေး၊ လေ့ကျင့်သင်ကြားရေးနှင့် အရည်အသွေး တိုးတက်မှုများလည်း ပါဝင်ပါသည်။ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဗြိတိန်နှင့် မြန်မာနိုင်ငံက ပူးတွဲတာဝန်ယူမည် ဖြစ်ပြီး၊ ဗြိတိန်ဖက်မှ Standard Chartered နှင့် ဗြိတိန်အစိုးရတို့ ပါဝင်မည်ဖြစ်ပါသည်။

ဗြိတိန်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်နှီးမြှုပ်နှံမှု ဝန်ကြီး Lord Greenက ပြောကြားရာတွင် “ငွေကြေးဝန်ဆောင်မှု ကဏ္ဍနဲ့ ပတ်သက်ရင် ဗြိတိန်အနေဟာ ကမ္ဘာပေါ်မှာ ဦးဆောင်တဲ့အဆင့်မှာ ရှိတဲ့အတွက် ဗြိတိန်အနေနဲ့ သမ္မတကြီးဦးသိန်စိန်နဲ့ သူအစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ကူညီနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ပါတယ်”ဟု ဆိုပါသည်။Standard Chartered အပြင် Allen+Overy၊ Prudential နှင့်အခြားအဓိက ငွေကြေး အင်စတီကျူးရှင်းများ ကလည်း ဗြိတိန် ငွေကြေးဝန်ဆောင်မှု ကဏ္ဍကိုယ်စား ပါဝင်ကြမည် ဖြစ်ပါသည်။

UKTIမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂုလ်က ပြောကြားရာတွင် “ဒီလို လုပ်ဆောင်တဲ့အတွက် ဒီကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ ဗြိတိန်သျှ ကုမ္ပဏီတွေအတွက် စီးပွားရေးတိုးတက်မှုကို ဖြစ်စေပြီး၊ ဝန်ဆောင်မှုလုပ်မယ့် ကုမ္ပဏီများ အတွက်လည်း ပိုကောင်းလာမှာပါ”ဟုဆိုပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိဘဏ်စနစ်သည် များစွာခေတ်နောက်ကျလျက်ရှိပြီး၊ ဖွံ့ဖြိုးပြီးသော နိုင်ငံများမှ ဘဏ်စနစ်ကို အမှီလိုက်ရန် ခုနှစ်နှစ်ခန့် အချိန်ယူရပါမည်။ မြန်မာနိုင်ငံ၏ ငွေကြေးဝန်ဆောင်မှု ကဏ္ဍအတွက် ငွေကြေးကိစ္စကျွမ်းကျင်သည့် ပညာရှင်များဖြင့် ညှိနှိုင်းနိုင်ရန် ဗြိတိသျှ ဘဏ်များကို ပိုမိုဖိတ်ခေါ်မည်ဟု မျှော်လင့်ရပါသည်။

Master Card ၏ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ Country manager ဖြစ်သူ Anton Corro ကပြောကြားရာတွင်          “ အရေးမှုတွေ ဖြေလျော့သွားတာ သိပ်မြန်ပါတယ်။ အစိုးရကလည်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေ၊ ဘဏ်စနစ်ပြုပြင်ရေး ဥပဒေတွေ အတည်ပြုပေးခဲ့ပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံက ဆယ်စုနှစ်များစွာ အထီးကျန်ဖြစ်နေတဲ့အတွက် သူရဲ့စနစ် အများစုက အလုပ်မဖြစ်ပါဘူး။ အဲဒေါ့ အရေးပါတဲ့ ရင်းနှီးမြှပ်နှံမှုတွေ ကိုမျှော်လင့်နေတယ် ဆိုပေမယ့်၊ အပြောင်းအလဲ ကတော့ နေခြင်းညခြင်းဖြစ်နိုင်ပါဘူး”ဟု ဆိုပါသည်။

နိုင်ငံခြားဘဏ်များသည် ၂၀၁၅ တွင် ပြည်တွင်းဘဏ်များနှင့် ဖက်စပ်တည်ထောင်ခွင့်ရတော့မည် ဖြစ်ပါသည်။ အနောက်တိုင်းဘဏ်(၁၈)ခု သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ခွင့် ရထားပြီးဖြစ်ရာ Standard Charteredသည် ဇန်နဝါရီလတွင် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၎င်း၏ ဥပဒေနှင့် စည်းမျဉ်း သတ်မှတ်ချက်ဘောင်များကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ နိုင်ငံခြားရင်နှီးမြှုပ်နှံသူများကို ဆွဲဆောင်လျက်ရှိ ပါသည်။ လာမည့်နှစ်နှစ်အတွင်း စတေ့အိတ်ချိန်း ဖွင့်နိုင်ရေးလည်း စီစဉ်လျက်ရှိပါသည်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive