Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ၂၅ နှစ်မြောက် ငွေရတု ၈၈၈၈ အရေးတော်ပုံအခမ်းအနားသို့ ဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး သုံးရက်တိုင်တိုင် ကျင်းပမည်
  2. ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အရေးပေါ် ညီလာခံခေါ်ယူ
  3. ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ကြမ်းအား နိုင်ငံတော်သမ္မတ လက်မှတ်မရေးထိုးကြောင်း ထုတ်ပြန

၂၅ နှစ်မြောက် ငွေရတု ၈၈၈၈ အရေးတော်ပုံအခမ်းအနားသို့ ဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး သုံးရက်တိုင်တိုင် ကျင်းပမည်

ငွေရတုအခမ်းအနားကျင်းပရေး ကော်မတီမှ ကြီးမှူးပြုလုပ်သည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်မြောက် အထိမ်းအမှတ် ငွေရတုအခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၆ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်(MCC)ခန်းမ၌ ကျင်းပပြုလုပ်သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားသို့ လူထုအခြပြုအဖွဲ့ပေါင်းစုံ၊ ပြည်တွင်းပြည်ပအင်အားစုများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ပါတီအဖွဲ့အစည်းများ အင်အား ၃၀၀၀ ခန့်ကျော် တက်ရောက်ခဲ့ကြပြီး စည်းကားသိုက်မြိုက်စွာ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတုနှစ်ပတ်လည်အခမ်းအနား၏ ဒုတိယမြောက်နေ့သို့  သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်နှင့် အဖွဲ့ဝင်များမှ တက်ရောက်ကာ အားပေး ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

“သမိုင်းဆိုတာ ဖျောက်ဖျက်လို့မရဘူးလေ။ ဒါကြောင့် ဒီအခမ်းအနားကို တက်တာပါ။ အားပေးတာပါ”ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းမှ အခမ်းအနားသို့ တက်ရောက်ခဲ့စဉ်  ယင်းသို့ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးဦးအောင်မင်းမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းစကား၊ အမှတ်တရစကားများ ရေးသားသောနေရာတွင် “ အောင်မြင်ကြပါစေ” ဟု လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတော်သမ္မတက “ အရေးတော်ပုံ” ဟူသည့် စကား အသုံးပြုခြင်းအပေါ် သဘောတူကြောင်း ပြောကြားသွားခဲ့သည်။

သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပသော ယင်းအခမ်းအနားပွဲ၌ ဝန်ကြီးများနှင့် ၈၈ မျိုးဆက်ကျောင်းသားအချို့တို့ တွေ့ဆုံစဉ် တပ်မတော်အစိုးရလက်ထက်တစ်လျှောက် ရှစ်ဆယ်ရှစ်အရေးအခင်း ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့သည် ရှစ်လေးလုံးလူထုအုံကြွမှုကို ဒီမိုကရေစီ အရေးတော်ပုံ တစ်ခုအဖြစ်  ဝန်ကြီးဦးအောင်မင်းမှ ပြောဆိုခဲ့ကြောင်းဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်မှ ပြောကြားခဲ့သည်။

၂၅ နှစ် ကာလတစ်ခုလုံး ပုံဖျက်ခံခဲ့ရတဲ့ ပြည်သူတွေ ပေးဆပ်ခဲ့ရတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို မည်သည့်စကား  လုံးတွေနဲ့မှ သေးသိသွားအောင် ပြုလုပ်မခံနိုင်ပါဘူးလို့ ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်က ယင်းအခမ်းအနားပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဝန်ကြီး ဦးအောင်မင်းမှ ကျပ် ၁၀ သိန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ပြည်ထောင် စုဝန်ကြီး ဦးအုန်းမြင့်မှ  ငွေကျပ် ၅ သိန်း ဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါရှစ်လေးလုံး အရေးတော်ပုံ ငွေရတုနှစ်ပတ်လည် အခမ်းအနားတွင် ပြည်တွင်းပြည်ပမှ ရှစ်လေးလုံး အရေးတော်ပုံ လှုပ်ရှားသူများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအပြင် နိုင်ငံရေးနယ်ပယ်နှင့် အစိုးရပိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး စာတမ်းများဖတ်ကြားခဲ့ကြသည်။အလားတူပင် တက်ရောက်လာကြသည့် တိုင်းရင်းသားများ အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များက တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု ခေါင်းစဉ်ဖြင့် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

၈၈ အရေးအခင်းကာလ၊ ရွှေဝါရောင်သံဃာအရေး အခင်းများအပြင် ABSDF အဖွဲ့တို့၏ ဖြစ်ရပ်မှတ်တမ်းဓါတ်ပုံများကို ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခင်းအနားတွင် အထိမ်းအမှတ်ပြခန်း ၂၄ ခန်းဖြင့် ပြသလျက်ရှိပြီး အများပြည်သူများ အနေဖြင့် လွတ်လပ်စွာ လေ့လာနိုင်ကြောင်း သိရသည်။

ထိုအပြင် အဆိုပါရှစ်လေးလုံး အရေးတော်ပုံ ငွေရတုနှစ်ပတ်လည် အခမ်းအနားသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(NLD)ဥက္ကဋ္ဌ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ  သြဂုတ်လ ၈ ရက်နေ့တွင် တက်ရောက်မိန့်ခွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှစ်လေးလုံး အထိမ်းအမှတ်ပွဲ့သို့ တက်ရောက်ရန် ဂျပန်ရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူများအား ဂျပန်နိုင်ငံ မြန်မာသံရုံးက သြဂုတ်၇ရက်နေ့အထိ ဗီဇထုတ်မပေးသဖြင့် တက်ရောက်ခွင့်မရခဲ့ကြောင်း ဂျပန်ရောက် ၈၈ ကျောင်းသား ကိုကိုအောင် မှ ပြောကြားခြင်းဖြင့် သိရသည်။

ယင်းအပြင် ရှစ်လေးလုံး အမှတ်တရပွဲကို ဂုဏ်ပြုသည့်အနေဖြင့် သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဟံသာဝတီ အဝိုင်းမှ ဆူးလေဘုရားလမ်းအထိ လမ်းလျှောက်မည်ဖြစ်ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံလမ်းအတွင်း စစ်အာဏာရှင်၏ စေခိုင်းမှုကြောင့် လုံထိန်းတပ်ဖွဲ့ဝင် များ၏ ပစ်ခတ်ခြင်းခံခဲ့ရသဖြင့် ကျဆုံးခဲ့ရသောကျောင်းသား၊ပြည်သူများကို ရည်စူး၍ ဗမာ့တော်လှန်ရေး အင်အားစုတပ်ဦး တပ်ဖွဲ့(BRF) မှ ယင်းလမ်းမပေါ်တွင်သြဂုတ်လ ၈ ရက်နေ့၌  လွမ်းသူပန်းခွေများ ချသွားမည်ဖြစ်ကြောင်း ယင်းအစီအစဉ်ကို ဦးဆောင် မည့်သူ ကိုဆန်းက ပြောကြားခဲ့ကြောင်း သိရသည်။

YC


 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အရေးပေါ် ညီလာခံခေါ်ယူ

သြဂုတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင်  ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ  KNPP ဥက္ကဋ္ဌ အေဘယ်ဒွိစ်က ကယားပြည်နယ် ညာမိုဒေသရှိ KNPP ၏ ဗဟိုဌာနချုပ်တွင် အရေးပေါ်ညီလာခံခေါ်ယူကာ  သူ၏ တပ်မှူးများကို အပစ်အခတ် ရပ်စဲရေးကာလဖြစ်သော်လည်း စစ်ရေးသတိရှိရန်  သတိပေးလိုက်ပြီး ယင်းညီလာခံတွင် လက်ရှိအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များနှင့်  UNFC  ညီလာခံ ဆုံးဖြတ်ချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။

ညီလာခံသို့ ကရင်နီတပ်မတော် အသီးသီးမှ  တပ်ဗိုလ်တပ်မှူးများ  ၁၀၀ ကျော် တက်ရောက်ခဲ့သည်။  KNPP သည် အပစ်အခတ်ရပ်စဲရေးကို ဒုတိယအကြိမ်   ပြုလုပ်ခဲ့သော်လည်း တပ်နေရာချထားရေးနှင့် နယ်မြေသတ်မှတ်ရေး ကိစ္စတို့ကို မပြုလုပ် နိုင်ခဲ့ပေ။ ထို့အပြင် ကယားပြည်နယ် ဖရူးဆိုမြို့နယ်ရှိ  အစိုးရ၏ အမှတ် ၁၄ စစ်ရေး လေ့ကျင့်ရေး ဆောက်လုပ်ခြင်းကိစ္စကိုလည်း KNPP ဘက်မှ ကန့်ကွက်ထားသည်။

KNPP သည် အစိုးရနှင့်  ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲထားသော်လည်း ၃လခန့်သာ ကြာမြင့်ပြီး  ၂၀၁၂ခုနှစ် မတ်လ တွင် ထပ်မံ၍ အပစ်အခတ်ရပ်စဲမှုကို သဘောတူခဲ့သည်။အပစ်အခတ်ရပ်စဲစဉ် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်နယ် အဆင့်ဖြင့် တစ်ကြိမ်၊ ပြည်ထောင်စုအဆင့်ဖြင့် နှစ်ကြိမ် ဆွေးနွေးခဲ့သည်။ ၆၅ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနားကို  သြဂုတ် ၉ရက်တွင် ကျင်းပမည်ဖြစ်သည်။

YC


ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ကြမ်းအား နိုင်ငံတော်သမ္မတ လက်မှတ်မရေးထိုးကြောင်း ထုတ်ပြန်

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု၍ နိုင်ငံတော် သမ္မတထံပေးပို့ခဲ့သည်။ နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ခဲ့သည်။ နိုင်ငံတော်သမ္မ၏ ပြင်ဆင်ချက်များ ကို ပြည်ထောင်စုလွှတ်တော်မှ မပြင်ဆင်ဘဲ အတည်ပြုပြဌာန်းလိုက်သဖြင့် ယင်းဥပဒေကို နိုင်ငံတော် သမ္မတက လက်မှတ်မရေး ထိုးကြောင်းနှင့် ၎င်းပြင်ဆင်သည့် အချက်များကို သြဂုတ် ၈ရက်တွင် နိုင်ငံပိုင်သတင်းစားများက တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဥပဒေကြမ်းပါ အချက်ကိုးချက်မှာ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ညီညွတ်ရန် လိုအပ်ချက်များ ရှိနေခြင်းကြောင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးနိုင် ခြင်းမရှိကြောင်း ပြည်ထောင်စု လွှတ်တော် နာယကထံ သြဂုတ်လ ၅ရက်နေ့တွင် သဝဏ်လွှာပေးပို့ ထားကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့မှ သိရသည်။

“သမ္မတ လက်မှတ်မထိုးလည်း ဥပဒေက အတည်ဖြစ်ပါတယ်။ အမေရိကန်မှာလို သမ္မတက ဗီတိုအာဏာနဲ့ ပယ်လို့မရဘူး”ဟု သီပေါမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဥပဒေကို သမ္မတလက်မှတ် မရေးထိုးနှင့် ပက်သက်၍ ပြောကြားသည်။

ယခုကဲ့သို့ သမ္မတနှင့် လွှတ်တော်သဘောမကိုက်ညီသည့် အခြေအနေတွင် ပြဋ္ဌာန်းပြီး ဥပဒေများ အခြေခံဥပဒေနှင့် ညီညွတ်ရေးစိစစ်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးတွင် တာဝန်ရှိကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

ဘာသာပြန်သတင်းများ (၂)

ပွင့်လန်းအောင် စောင့်နေရဆဲ ဒီမိုကရေစီ

(The age .com မှ 8 Aug 2013  ရက်စွဲပါ ‘A democracy still waiting to flower ’သတင်းဆောင်ပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ အာဏာရှင်စစ်ဗိုလ်ချုပ်များနှင့် ဗေဒင်ယတြာများက  ၂၆နှစ်တာ စိုးမိုးအုပ်ချုပ်ခဲ့ပြီးနောက်  သမိုင်းတွင် အကြီးကျယ်ဆုံး ဆန္ဒပြမှုတစ်ခုအဖြစ် ရန်ကုန်မြို့လမ်းများပေါ်သို့ လူသုံးသန်းခန့် ထွက်လာကြသောအခါ မြန်မာနိုင်ငံ အာဏာရှင် အုပ်စိုးမှု နောက်ဆုံးတော့ အဆုံးသတ်လေပြီဟု အောင်ဇော်က ယုံကြည်ခဲ့သည်။

“ကျွန်တော်တို့နောက်မှာ တစ်နိုင်ငံလုံးရှိနေတော့ ရှုံးနိမ့်ဖို့ မဖြစ်နိုင်ဘူးလို့ အဲဒီတုန်းက ကျောင်းသားတစ်ဦး အနေဖြင့် တက်ကြွနေခဲ့တာကို သဲသဲကွဲကွဲ မှတ်မိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထင်မြင်ချက် မှားသွားတယ်” ဟု ၄င်းကဆိုသည်။

ရက်ကောင်းရက်မြတ် ၁၉၈၈ သြဂုတ်လ ၈ရက်တွင် အာဏာရှင် ဦးနေဝင်းက ပစ်မိန့်ပေးခဲ့ပြီးနောက်  ရက်ရက် စက်စက်နှိပ်ကွပ်မှုများ ဖြစ်ပွားကာ နောက်တစ်နှစ် တိန်အန်မင် ရင်ပြင်နှိမ်နင်းမှုနှင့် အပြိုင်ရက်စက်မှုတွင် သရဖူ ဆောင်းခဲ့လေသည်။

ထိုကဲ့သို့ အစုအပြုံလိုက်  ပစ်ခတ် သတ်ဖြတ် နှိပ်ကွပ်မှုများအတွင်း ပိတ်မိခဲ့သူများမှာ ထိုစဉ်က သံဃာ တော်များ၊ ကျောင်းဆရာများ၊ အစိုးရဝန်ထမ်းများ၊ ကျောင်းသားလူငယ်များပင်ဖြစ်သည်။

ယနေ့အချိန်တွင် Myanmar ဟု ခေါ်ဝေါ်နေကြသော နိုင်ငံ၌ ယိုင်တိယိုင်တိုင် စတင်ပြောင်းလဲလျက်ရှိပြီး မြန်မာ ပြည်သူတို့ စိတ်ဝယ်မမေ့နိုင်သော ရှစ်လေးလုံးအရေးတော်ပုံ နှိမ်နင်းခံရမူအထိမ်းအမှတ် အခမ်းအနားကို အကြီးတန်း စစ်ဘက်အရာရှိဟောင်းများနှင့် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်များ အတူတကွ ကျင်းပကြပေလိမ့်မည်။

၁၉၈၈ ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုဌေးကြွယ်(၄၅) နှစ်က “ကျွန်တော့်စိတ်ထဲမှာ ခံစားနေရတုန်းပဲ။ ဒါပေမယ့် ရှစ်လေးလုံးငွေရတု အထိမ်းအမှတ်အခမ်းအနားမှာ တပ်မတော်ကို ဖိတ်ကြားဖို့ ကျွန်တော် သဘောတူပါတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုဟာ လက်စားချေမှုအဖြစ် ပြောင်းလဲသွားတာမျိုး အဖြစ်မခံနိုင်ပါဘူး” ဟုပြောကြားသည်။

သူငယ်ချင်းများစွာ သေဆုံးသွားခဲ့သော အကျဉ်းထောင်တွင်း ၁၈နှစ်ခန့်  ထိန်းသိမ်းခံခဲ့ရသူ ကိုဌေးကြွယ်က “ ထိုအချိန်က အာဏာပိုင်များကပင် ယနေ့မြန်မာနိုင်ငံကို စီမံနေသည် ဟူသောအသိကြောင့်  နာကျင်မှုကို မည်သို့မျှ မဖျောက်နိုင်” ဟုဆိုပါသည်။

“သူတို့က စစ်ဝတ်စုံကနေ အရပ်ဝတ်လဲလိုက်တာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်သွားရမယ်။ တွန်းအား ပေးရမယ်။ ဒါမှ နောက်ပြန်မလိမ့်မှာပေါ့ ။ အမျိုးသား ပြန်လည်သင့်မြတ်မှုလည်း ပေါ်ထွန်းလာရမယ်” ဟု ကိုဌေးကြွယ်က ဆက်လက်ပြောကြားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော  ပြုပြင်ပြောင်းလဲရေးအစိုးရ တက်မလာခင် အချိန်ကာလက ဆိုလျှင်  ရှစ်လေးလုံး အထိမ်းအမှတ် ကျင်းပရေးကိစ္စဆိုသည်မှာ စိတ်ကူးထဲမှာပင် မဖြစ်နိုင်ခဲ့ပေ။

သို့သော် ယခုအခါ ရန်ကုန်မြို့တွင်  ၃ ရက်ကြာကျင်းပသော ရှစ်လေးလုံးငွေရတု အခမ်းအနားသည် ယခင်က သွေးမြေကျအရေးတော်ပုံကို  ပွင့်ပွင့်လင်းလင်း ထင်ဟပ်နိုင်သလို၊ အနောက်အုပ်စုနှင့် ပြန်လည်နွေးထွေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာဖျက်သိမ်းခြင်းတို့ဖြင့် ပြောင်းလဲနေသော တိုင်းပြည်၏ အနာဂတ်ကို  ဆွေးနွေး ပုံဖော်နေလေပြီ။

၂၅ နှစ်ထောင်နန်းစံခဲ့ရသော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က “အခုတော့  အာဏာပိုင်တွေက ဒီမိုကရေစီအကြောင်းကို ကျွန်တော်တို့ထက်ပိုပြီး အသံကျယ်ကျယ် ပြောနေကြပြီ။ သူတို့ တကယ်ကော လက်တွေ့ ကျင့်သုံးမှာလား ဆိုတာကတော့ နောက်ကိစ္စတစ်ခုပေါ့။ ကျွန်တော်ကတော့ ဒီကနေ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ ပြည်သူအားလုံးအတွက်လား၊ လူတစ်စုအတွက်လားဆိုတာကို  သေချာဆန်းစစ်ဖို့ လိုတယ်လို့ ထင်ပါတယ် ” ဟုပြောကြားသည်။

အကျဉ်းတိုက် cell ထဲမှာ တစ်ဦးထဲသောအဖော် ကြောင်ကလေး သေဆုံးမှုကြောင့်  မျက်ရည်ဝဲခဲ့ဖူးသူ ကိုမင်းကိုနိုင်က “အီးမေးစ် တစ်စောင်ပို့ရုံနဲ့ ထောင် ၁၅ နှစ် ကျနိုင်တဲ့ အီလက်ထရောနစ်ဥပဒေလိုမျိုး အတားအဆီးတွေ၊ ထောင်ချောက်တွေကတော့ အများကြီးရှိနေတုန်းပဲ။ တစ်ဘက်မှာလည်း ဒီမိုကရေစီကို ပိတ်ပင်တာမျိုး မရှိတော့ပါဘူး။ ဒါပေမယ့် အရာရာဟာ ချောချောမွေ့မွေ့ မရှိဘူး။ ကျွန်တော်တို့ ရုန်းကန်နေတုန်းဘဲ” ဟု မှတ်ချက်ပေးသည်။

“တစ်ခါတစ်လေမှာ သူတို့နှင့် ပြိုင်ဆိုင်ရတယ်။ တစ်ခါတစ်ရံမှာ သူတို့နှင့် ညှိရတယ်လို့ ” ဟု ၄င်းက ဆိုသည်။ ၁၉၈၈ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ ကိုဘိုကြည်ကမူ တပ်မတော်အတွင်းမှ  သဘောထားတင်းမာသူများ ပြန်ပေါ် လာမည်ကို စိုးရိမ်နေသည်။

                ကျန်ရှိနိုင်ငံရေးအကျဉ်းသား  ၂၂၀ခန့် လွတ်မြောက်ရေးအတွက် စည်းရုံးလှုပ်ရှားနေသူကို ကိုဘိုကြည်က “တပ်မတော်က အရပ်ဘက်အုပ်ချုပ်ရေးရဲ.ထိန်းချုပ်မှု အောက်မှာမရှိဘူး ။ အခြေခံဥပဒေက တပ်မတော်ကို အာဏာတွေ အများကြီးပေးထားတယ်။ ဒါကို ပြောင်းလဲရမယ်။ အချိန်တော့လိုတယ်။ လောလောဆယ်ကတော့ အစပဲရှိသေးတယ်။ အဝေးကြီးသွားရဦးမယ်။ ပြီးခဲ့တဲ့ အတိတ်နဲ့ ပတ်သက်လို့ အမှန်တရားနဲ့ တရားမျှတမှုကတော့ ရှိရမှာပါ။ လက်စားချေတာကိုတော့ ရှောင်ရှားဖို့လိုတယ်” စသဖြင့် ပြောကြားသည်။

                ရှစ်လေးလုံးငွေရတု အခမ်းအနားမတိုင်မီတွင်  Human Rights Watch အုပ်စုက သမ္မတဦးသိန်းစိန်အား  ထိုစဉ်က သတ်ဖြတ်မှုများအတွက် တာဝန်ရှိသူ တပ်မှူးများကို တရားဥပဒေအရ ဆောင်ရွက်ရန် တောင်းဆိုလိုက်ပါသည်။

                ရှစ်လေးလုံးငွေရတု အခမ်းအနားသို့ တပ်မတော်အား ဖိတ်ကြားမှုကြောင့်  အချို့ကျောင်းသားအုပ်စုများက သပိတ်မှောက်ခဲ့ကြသည်။

                “ဗိုလ်ချုပ်ဟောင်းတွေကို ဖိတ်ကြားမယ့်အစား ပြည်သူတွေအပေါ် သူတို့ကျူးလွန်ခဲ့တာတွေအတွက်  တောင်းပန်ခိုင်းရမယ် ” ဟု All Burma Federation of Student Union  ဗကသဥက္ကဋ္ဌ ကျော်ကိုကို ကပြောကြားသည်။

                ယခုအသက် ၄၀ ကျော် ယခင် ကျောင်းသားခေါင်းဆောင်ဟောင်းများသည် ၈၈ မျိုးဆက်အဖွဲ့အစည်းကို ထူထောင်ထားပြီး ၂၀၁၅ ရွေးကောက်ပွဲ နီးလာသည့်အလျှောက် အဓိက ကဏ္ဍမှ ပါဝင်လာကြဖွယ်ရှိပါသည်။

                ၈၈ မျိုးဆက် အဖွဲ့အစည်းကို ပါဝင်ထူထောင်သူတစ်ဦးဖြစ်သည့် ကိုကိုကြီးက လက်ရှိနိုင်ငံတွင်  အခွင့်အလမ်းများရှိလာသလို၊ အန္တရာယ်များလည်း ထွက်ပေါ်လာသည်ဟု မှတ်ချက်ပေးသည်။

                “ကျွန်တော်တို့က တောက်ပတဲ့ အနာဂတ်ကို လှမ်းမျှော်ရင်း လက်တွေ့ကျအောင် ကြိုးစားနေပါတယ်။ အခုက လမ်းပေါ်ထွက်တဲ့  နိုင်ငံရေးလုပ်ဆောင်ရမယ့်အချိန် မဟုတ်တော့ဘူး။ လွှတ်တော်နိုင်ငံရေးပုံစံနဲ့ လှုပ်ရှားရမယ့်အချိန်ပါ” ဟု ၄င်းကဆိုပါသည်။

                 ၁၉၈၈ ဆန္ဒပြပွဲများအတွင်း ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်အဖြစ် ပေါ်ထွန်းလာခဲ့သူ ဒေါ်အောင်ဆန်း စုကြည်သည်လည်း ရှစ်လေးလုံး ငွေရတုအခမ်းအနားတွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။

                ရှစ်လေးလုံးငွေရတု အထိမ်းအမှတ် မှတ်ချက်ပေးရာတွင်  ဒေါ်အောင်ဆန်းစုကြည်က “ တပ်မတော်အစိုးရ လက်ထက်မှာ ပြဿနာ ဖြေရှင်းဖို့ အခွင့်အရေး မရှိခဲ့ဘူး။ ကျွန်မတို့ နိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်  ဒီမိုကရေစီစနစ် လိုအပ်ပါတယ်။ ၂၅ နှစ်ဆိုတာ သိပ်မကြာသေးပါဘူး။ ၈၈ တော်လှန်ရေးနဲ့အတူ ရှေ့ဆက်ဖို့ အခွင့်အလမ်းကောင်း ရှိနေပါတယ်”  ဟု ပြောကြားခဲ့သည်။

                မြန်မာလူထုထဲတွင် မျှော်လင့်ချက် ရနံ့သင်းလာသော်လည်း ၁၉၈၈ ခုနှစ်နှင့် မတူတော့ဘူး ဟု ပြောကြားသူမှာ  ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းမှ အောင်ဇော် ဖြစ်သည်။

                “အခုမြန်မာနိုင်ငံကို  အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ဟောင်းတွေက ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို နားလည်သဘော ပေါက်တယ်ဆိုတာကို  လူတွေက တကယ်ယုံကြည်ကြသလား။ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း အာဏာရှင်တွေကို ကြောက်မနေရတော့ဘဲ လူ့အခွင့်အရေးကို  လေးစားတဲ့ နိုင်ငံကို ဖန်တီးဖို့အတွက် ရှိနေတဲ့ လွတ်လပ်ခွင့်ကလေးကို အသုံးချကြမယ်လို့ ကျွန်တော်တို့ အားလုံးဆုံးဖြတ်ထားကြပြီ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ”

                “အတိတ်ကို မေ့ပျောက်နိုင်တယ်လို့ မဆိုလိုပါဘူး။ အထူးသဖြင့် အတိတ်ရဲ့အရိပ်တွေက ကျွန်တော်တို့အပေါ် သက်ရောက်မှု အရမ်းရှိနေတဲ့အချိန်မျိုးပေါ့။”

                “ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုလိုချင်တဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အစိုးရက ထည့်သွင်းစဉ်းစားဖို့ ငြင်းပယ်နေတဲ့ အတွက် အပစ်ရပ်စာချုပ်တွေ အများကြီး ထွက်ပေါ်လာပေမယ့် မြောက်ပိုင်း ကချင်မှာ ပြဿနာ မပြေလည်သေးပါဘူး။”

                “ဒီအချိန်မှာ အာဏာရှိနေဆဲ တစ်ချို့သူတွေ ပတ်သက်ကြောင်း ထင်ရှားနေတဲ့ ဘာသာရေး အဓိကရုဏ်းတွေက နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံရဲ့ အားထုတ်မှုတွေကို  ထိခိုက်နစ်နာစေပါတယ်” စသည်ဖြင့် အောင်ဇော် က သုံးသပ်ပြောကြားသည်။

                 ၁၉၈၈ စက်တင်ဘာ ၁၉ ရက်တွင်  သွေးစွန်းနေသော  ၁၆ နှစ်အရွယ် မဝင်းမော်ဦးကို  လူငယ်ဆရာဝန် နှစ်ဦးက ပွေ့ချီသယ်ယူလာသော ဓာတ်ပုံသည် ကမ္ဘာတစ်လွှား ပျံ့နှံ့သွားခဲ့ပြီး ၁၉၈၈ အရေးတော်ပုံသည်  ၄င်းဓာတ်ပုံတွင် ကောင်းစွာ ရုပ်လုံးကြွခဲ့ပါသည်။

                ဆေးရုံပေါ်တွင် မကွယ်လွန်မီ  မဝင်းမော်ဦးက ဖခင်ဖြစ်သူ ဦးဝင်းကြူအား ဒီမိုကရေစီ မရမချင်း အမျှမဝေရန် တောင်းဆိုမှာ  ကြားသွားသောကြောင့်  နှစ်စဉ်နှစ်တိုင်း ရှစ်လေးလုံး နှစ်ပတ်လည်ရက်များတွင်  မဝင်းမော်ဦးကို အမျှဝေ သင့်၊ မဝေသင့် ဆုံးဖြတ်ရန် အခက်အခဲနှင့် ဦးဝင်းကြူတို့ မိသားစု ရင်ဆိုင်ကြရသည်။

                ယခုနှစ်အတွင်း အလားတူပင် ဆုံးဖြတ်ရန် အခက်အခဲနှင့် ထပ်မံရင်ဆိုင်ကြရသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက် အခန်းတစ်ခုအတွင်း နေထိုင်သူ ဦးဝင်းကြူက ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားနေပြီလို့  မပြောနိုင်သေးဘူးလေ ဟု ပြောကြားလိုက်ပါသည်။

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive