Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်သော်လည်း သမ္မတလုပ်ရန် ဆန္ဒမရှိဟုဆို
  2. သြဂုတ် ၉ရက်တွင် နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အကြီကဲများတွေ့ဆုံကြမည် ဖြစ်သောကြောင့် လွှတ်တော်ရပ်နားထားရ
  3. ဆက်သွယ်ရေးဥပဒေကြမ်း လွှတ်တော်နှစ်ရပ်က ပြင်ဆင်ချက်များဖြင့် အတည်ပြု
  4. ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုငွေ အရအသုံးဆိုင်ရာငွေစာရင်းနှင့် အမျိုးသားစီမံကိန်း အကောင် အထည် ဖော်မှု အစီရင်ခံစာ ဖတ်ကြားတင်ပြ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်သော်လည်း သမ္မတလုပ်ရန် ဆန္ဒမရှိဟုဆို

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့သည် လွှတ်တော်အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့်သူများ ရှိကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ပြောသည်။

“ကျွန်တော်သို့ လွတ်လာပြီးနောက် နိုင်ငံရေးပါတီ ဖွဲ့ပြီး လွှတ်တော်ထဲ ဝင်ရေး၊ မဝင်ရေးဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်တို့ အစိုးရကို တစ်ချိန်လုံးမယုံဘူး။ ဒါကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်းတစ်ခုအဖြစ် သွားကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော် တို့ဟာ နိုင်ငံရေးအပေါ် မျက်ခြေပြတ်မခံဘူး”ဟု ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှ ပြောသည်။

ထို့အပြင် ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေးက  ၎င်းအနေဖြင့်လွှတ်တော်နိုင်ငံရေးသို့ ဝင်ရောက်မည် မဟုတ်သည့် အပြင် ၈၈ကျောင်းသားများ အနေဖြင့်လည်း သမ္မတလောင်း အဖြစ်ပေါ်ထွက်လာမည် မဟုတ်ဟု ထင်မြင် ယူဆကြောင်း ပြောကြားသည်။

“၈၈ အဖွဲ့က သမ္မတလောင်း ထွက်ဖို့ရှိလားဆိုတော့ ကျွန်တော်ကတော့ အဲဒီလိုမထင်ဘူး။ ကျန်တဲ့ကျွန်တော့် သူငယ်ချင်းတွေမေးရင် သူတို့လည်း ဆန္ဒရှိမှာမဟုတ်ဘူး”ဟု က ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေး ပြောကြားခဲ့ကြောင်း သိရသည်။

၈၈ အဖွဲ့သားများအနေဖြင့် ခေါင်းဆောင်နေရာပိုင်း ရယူရေးထက် မျိုးဆက်နိုင်ငံရေးသမားများ မွေးထုတ် ပေးနိုင်ရေး အတွက်ကိုသာ ပိုမိုအားသန်သောကြောင့် လက်ရှိအချိန်တွင် ပွင့်လင်းလူအဖွဲ့အစည်းအမည်ဖြင့် ဒီမိုကရေစီဖွံ့ဖြိုးရေး၊ လူမှုဘဝမြှင့်တင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် တရားဝင်မှတ်ပုံတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

YC


သြဂုတ် ၉ရက်တွင် နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အကြီကဲများတွေ့ဆုံကြမည် ဖြစ်သောကြောင့် လွှတ်တော်ရပ်နားထားရ

သြဂုတ် ၉ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေကြီးအစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များနှင့် စီပွားရေးမူဝါဒဆိုင်ရာ ဆွေးနွေးရန်တွေ့ဆုံမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။

အဆိုပါတွေ့ဆုံ ဆွေးနွေပွဲကို နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံမှ သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အစိုးရအဖွဲ့ဝန်ကြီးများနှင့် အစည်းအဝေးပြုလုပ်ရာတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို မူဝါဒတစ်ရပ် ချမှတ်မှသာ တပေါင်းတစည်းတည်းတွေ့ဆုံလေ့ ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ပြည်ထောင်စု အစိုးရ၏ ယခုအစည်းအဝေးကြောင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ ရပ်နားမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ပုံမှန်ကျင်းပနေသည့် လွှတ်တော်အစည်း အဝေးများတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်နိုင်ခြင်းမရှိသည့်အတွက် ရပ်နားလိုက်ရခြင်းဖြစ်သည်။

သြဂုတ် ၉ရက်တွေင် လွှတ်တော်အစည်းအဝေး ရပ်နားသော်လည်း သတ္တမအကြိမ်လွှတ်တော် အစည်းအဝေးများတွင် အတည်ပြုရမည် ဖြစ်သည့်ဥပဒေများထဲမှ တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းများကို အတည်ပြုပြဋ္ဌာန်းရန် ကျန်ရှိနေသေးသဖြင့် လွှတ်တော်အတွင်း ကော်မတီ၊ ကော်မရှင်အစည်းအဝေးများကို ပြည်သူလွှတ်တော် ဥက္ကဋ္ဌမှ ခေါ်ယူဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

YC


ဆက်သွယ်ရေးဥပဒေကြမ်း လွှတ်တော်နှစ်ရပ်က ပြင်ဆင်ချက်များဖြင့် အတည်ပြု

သြဂုတ် ၇ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် များဖြင့်  ပြန်လည်ပေးပို့လာသော ဆက်သွယ်ရေးဥပဒေကြမ်းကို တင်ပြဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်က အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေး ဥပဒေကြမ်းကို အမျိုသားလွှတ်တော်က ပြင်ဆင်ချက် ၈၂ ချက်ပြင်ဆင်၍ ပြည်သူလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ရာ ပြည်သူလွှတ်တော်က ၇၃ ချက်ကို လက်ခံဆွေးနွေးခဲ့ပြီး ၃၄ ချက်ကိုသာ ပြင်ဆင် ခဲ့ကြောင်း သိရသည်။

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲနေသော အချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေး ကြမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်ကျော်အုံးက ပြောသည်။

ဆက်သွယ်ရေး ဥပဒေကြမ်းကို ပြည်သူများ စိုးရိမ်နေသော အချက်များမထည့် သွင်းဘဲ နိုင်ငံတကာ စံချိန်စံညွန်းများနှင့် ကိုက်ညီရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေက ပြောကြားသည်။

YC


 

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုငွေ အရအသုံးဆိုင်ရာငွေစာရင်းနှင့် အမျိုးသားစီမံကိန်း အကောင် အထည် ဖော်မှု အစီရင်ခံစာ ဖတ်ကြားတင်ပြ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို သြဂုတ်လ ၈ ရက်တွင်ကျင်းပခဲ့ရာ အစည်းအဝေးတွင် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်ဒုတိယ ၆ လပတ် (အောက်တိုဘာလမှ မတ်လအထိ) အတွက် အမျိုးသားစီမံကိန်း အကောင်အထည်ဖော်မှု အစီရင်ခံစာနှင့် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အကောင် အထည်ဖော်မှု အစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဥပဒေ ကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်မြန်မာနိုင်ငံ၏ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် တိုင်းနှင့်ပြည်နယ် အလိုက်ဖွံ့ဖြိုးမှုနှုန်းတွင် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် ပိုမိုသာလွန်လျက်ရှိကြောင်း ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်းမှု ကော်မတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြက ပြောသည်။ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းများကို တင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး ၊ နေပြည်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ခန့်မှန်းထားသည့်ထက် ပိုမိုကျော်လွန်နေခဲ့ပြီး မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာမူ ခန့်မှန်းရာခိုင်နှုန်းကို ပြည့်မီအောင်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် ကချင်ပြည်နယ်မှာမူ ဖွံ့ဖြိုးတိုးတက်မှုတွင် အောက်ဆုံး၌ ရှိနေကြောင်း သိရသည်။

ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်းမှုကော်မတီအနေဖြင့် ထိုသို့တိုင်းနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းများမှာ တူညီ မျှတစွာရှိနေသင့်ကြောင်းနှင့် ပြည်ထောင်စုအစိုးရအနေဖြင့်လည်း ထိုသို့ တိုးတက်မှု စံနှုန်းများကို တူညီစေရန် အလေးပေး အကောင်အထည်ဖော် ဆောင်ရွက်သွားသင့်ကြောင်း သဘောထားမှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ရရှိသည့် ဘတ်ဂျက်ငွေနှင့် သုံးစွဲရသည့် ကုန်ကျစရိတ် ငွေစာရင်းအတိအကျကို စစ်ဆေးပြုစုနိုင်ခြင်းမရှိ သေးကြောင်း အစီရင်ခံစာ တွင် ပါရှိသည်။ ယင်းသို့ ရငွေ၊သုံးငွေများကို စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စာရင်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာမှာ ကွဲလွဲနေကြောင်း သိရသည်။

ယင်းအစီရင်ခံစာမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းက နိုင်ငံတော်၏ အရ၊ အသုံး စာရင်းများအပေါ်ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်ကို လွတ်တော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ ခြင်းဖြစ်သည်။

ဘတ်ဂျက်ငွေများ သုံးစွဲခြင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပွင့်လင်းမြင်သာစွာ တင်ပြနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရက စာရင်းရေးဆွဲခြင်းနှင့် စာရင်းစစ်ဆေးခြင်းများ ပြုလုပ်ရန်လည်း အစီရင်ခံစာတွင် တိုက်တွန်းဖော်ပြထားသည်။

ထို့ပြင် တင်ပြလာသော တိုင်းနှင့်ပြည်နယ် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာသည် လေ့လာရန်အတွက် ပြည်စုံမှုမရှိသေး ကြောင်း သိရသည်။ အစီရင်ခံစာကို လွှတ်တော်သို့ ခြောက်လ တစ်ကြိမ်တင်ပြရခြင်းဖြစ်ကာ တင်ပြရာ၌ နှစ်လထက်ပို၍ နောက်မကျသင့်ကြောင်း၊ ကော်မတီ၏ ပထမအစီရင်ခံစာကို နိုဝင်ဘာလ အထိနောက်ဆုံးထား၍ တင်ပြသင့်ပြီး၊ ဒုတိယ အစီရင်ခံစာကို မေလတွင် နောက်ဆုံးထား တင်ပြသင့်ကြောင်းလည်း ဦးတင်မြက ထည့်သွင်းပြောကြားသွားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမှန် ရငွေသုံးငွေစာရင်းများ စစ်ဆေးနိုင်ခြင်းမရှိသည့် ဌာန၊ အဖွဲ့များမှာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းတို့ ဖြစ်ကြပြီး နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့တို့မှာလည်း စာရင်းပြုစုနိုင်ခဲ့ခြင်း မရှိပေ။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive