Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS(1)
Document

Snapshot of the item below:
CURRENT NEWS(1)

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ ပထမဆုံး အစီရင်ခံစာ ပြည်သူ့လွှတ် တော်သို့ တင်သွင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပထမဆုံး အစီရင်ခံစာကို သြဂုတ်လ ၁၂ ရက်နေ့တွင် ပြည်သူ့လွှတ် တော်သို့ တင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ဖွဲ့စည်းပြီး တစ်နှစ်နီးပါးအကြာဖြစ်သော သြဂုတ်လ ၁၂ ရက်နေ့၌ တင်သွင်းခဲ့သည့်               အစီရင်ခံစာတွင် ဆောင်ရွက်ချက်၊ တွေ့ရှိချက်၊ သုံးသပ်ချက်များ နှင့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ အကြံပြုချက်များဟူ၍ အပိုင်း လေးပိုင်း ပါရှိပြီး မြန်မာနိုင်ငံ၏ တရား စီရင်ရေး၊ ဥပဒေစိုးမိုးရေးတို့ အပေါ် ကော်မတီ၏ လေ့လာတွေ့ရှိချက်များ၊ သုံးသပ်ချက်များ အပါအ၀င် စာမျက်နှာ ခုနစ်မျက်နှာ ပါရှိသည်။ ကော်မတီ၏ ဆောင်ရွက်ချက်များ အပိုင်းတွင် ကော်မတီအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများအထိ ဆင်းကာ အမှုသည်များ၊ သက်သေများ နှင့် ဆွေးနွေးခြင်း၊ တိုင်ကြားစာများကို လက်ခံ၍ တိုင်ကြားစာပါ အမှုများအား ပြည်ထောင်စုအဖွဲ့ အစည်းများ၊ သက်ဆိုင်ရာကော်မတီ၊ ကော်မရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ပြထားသည်။

တွေ့ရှိချက်များ အပိုင်းတွင် ဥပဒေအချို့၏ အားနည်းချက်များကြောင့် အများပြည်သူတို့၏ နစ်နာမှု ရှိခြင်း၊ ပြည်သူ့ရဲ အရာရှိများ အနေဖြင့် တရားခံများကို မှန်ကန်မြန်ဆန်စွာဖြင့် တိတိကျကျ မဖော်ထုတ်နိုင်ခြင်း၊ အမှုလိုက်ပါ ဆောင်ရွက်သည့် အခါတွင် ဥပဒေအရာရှိများ၊ ရှေ့နေများမှ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းရန် လိုအပ်ခြင်း၊ တရားသူကြီးများအနေဖြင့်လည်း ယိမ်းယိုင်နေသော တရားရေးမဏ္ဍိုင်ကို အဂတိတရား လေးပါး ကင်းစွာဖြင့် ပြန်လည်တည့်မတ်ရန် လိုအပ်ခြင်း၊ ဥပဒေကျင့်ထုံးများနှင့် လုပ်ထုံးလုပ်နည်း တို့၏ ပျော့ကွက်၊ ဟာကွက်ကို အခွင့်ကောင်းယူကာ လိုရာဆွဲ ဆုံးဖြတ်နေခြင်း မပြုလုပ်ရန် လိုအပ်ခြင်း၊ အချို့သော တရားရုံးများ ၏ အမှုစစ်ဆေးခြင်း၊ စွဲချက်တင်ခြင်းနှင့် စီရင်ချက်ချခြင်းတို့တွင် ဥပဒေနှင့် မညီခြင်းတို့ ကဲ့သို့သော အချက်များ အပါအ၀င် ယခုလက်ရှိ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေသည့် အခြေအနေများကို ပေါ်လွင်စေသော အချက် များ ပါဝင်သည်။

သုံးသပ်ချက်များ အပိုင်းတွင်လည်း ကော်မတီ၏ တွေ့ရှိချက်များ အပေါ် ပြန်လည်သုံးသပ်ရာတွင် တရားဥပဒေစိုးမိုးရေး အပေါ် အာဏာပိုင်များ၏ ဖိအားပေး ၀င်ရောက်စွက်ဖက်မှုများ၊ လွှမ်းမိုးမှုများ ရှိနေကြောင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းအောင်မြင် စေရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များက ၀ိုင်းဝန်း အကောင်အထည်ဖော်ရန် လိုအပ်နေပြီး အဓိက ဖြစ်သည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းမှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက တရားဥပဒေစိုးမိုးရေး လုပ်ငန်းသည် အောင်မြင်မှု မရရှိနိုင်ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုက ပြုပြင်မှုများ၊ ဖြေလျှော့မှုများ လမ်းညွှန် ပြောကြားနေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုနှစ် ထက်ဝက်ကျော် စွဲကပ်နေသော အလေ့အကျင့် စရိုက်လက္ခဏာများ၊ အကျင့်ပျက်ခြစားမှုများ မပျောက်မပျက် ရှိနေသေးကြောင်း စသည်ဖြင့် သုံးသပ်ချက် များစွာကိုလည်း ထည့်သွင်းထားသည်။

ရှေ့လုပ်ငန်းစဉ် အကြံပြုချက်အပိုင်းတွင် အခြေအနေ၊ အချိန်အခါနှင့် မညီညွတ်သော တရားဥပဒေ စိုးမိုးရေးအတွက် အဟန့်အတားဖြစ်စေသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတို့ကို အမြန်ဆုံး ပြင်ဆင်သင့်ပါက ပြင်ဆင်၍ ပယ်ဖျက်သင့်ပါက ပယ်ဖျက်ပြီး အသစ်ပြဋ္ဌာန်း သင့်ပါက ပြဋ္ဌာန်းစေလိုကြောင်း၊ နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရာတွင် ပိုမိုအောင်မြင်စေရန် လွတ်လပ်သော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းကာ အစိုးရမှ ဖွဲ့စည်းထားသော လာဘ်ပေးလာဘ်ယူ အရေးယူဆောင်ရွက်ရေး ကော်မတီများဖြင့် ချိတ်ဆက် လုပ်ဆောင်သင့်ကြောင်း ၊ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ခြင်း ဆိုသည်မှာ တိုင်းရင်းသား ပြည်သူပြည်သား များ အားလုံး ဘ၀လုံခြုံမှုအတွက် စိတ်အေးချမ်းသာစွာဖြင့် တရားဥပဒေ၏ အကာအကွယ်အောက်တွင် လက်ရည်တစ်ပြင်တည်း နေထိုင် လုပ်ကိုင်စားသောက် နိုင်ကြမည့် ငြိမ်းချမ်းရေးမျိုးဖြစ်ရန် ရည်မှန်းချက်များ ထားရှိရမည်ဟူသော အချက်များကို ထည့်သွင်းဖော်ပြထားသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် ဖွဲ့စည်းပြီးသည့် အချိန်မှစ၍ ၁၁ လ ကြာမြင့်သည်အထိ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ တရားလွှတ်တော်၊ တရားရုံးများအထိ ကွင်းဆင်း၍ အမှုသည်များ၊ သက်သေများကိုပါ တွေ့ဆုံလေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်သွင်းလာသည့် အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းရန်အတွက် ပြောကြားခဲ့သည်။

YC


ငွေကြေးခဝါချမှု စောင်ကြည့်နိုင်ငံများ စာရင်းတွင် မြန်မာပါဝင်နေဆဲ

ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်နေသည့် စောင့်ကြည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ တည်ရှိနေဆဲဖြစ်ပြီး အာရှပစိဖိတ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့မှ အကြမ်းဖက်မှုများကို နောက်ကွယ်က ငွေကြေးထောက်ပံမှုနှင့် ပတ်သက်၍ ပိုမိုထိထိရောက်ရောက်ကိုင်တွယ်ရန် မြန်မာနိုင်ငံကို တိုက်တွန်းလိုက်ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ငွေကြေးဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ကပြောကြားခဲ့သည်ဟု သိရသည်။

ဇူလိုင် ၁၅ မှ ၁၉ ရက်အထိ ရှန်ဟိုင်းတွင် ပြုလုပ်ခဲ့သည့် အာရှပစိဖိတ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့၏ (၁၆)ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာနိုင်ငံ တက်ရောက်ခဲ့ပြီး အဖွဲ့ဝင် ၄၅ နိုင်ငံပါဝင်ထားသော အဆိုပါ အဖွဲ့က ထုတ်ပြန်ထားသော စံသတ်မှတ်ချက်နှင့် မကိုက်ညီသည့် အတွက် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနှင့် ပတ်သက်ပြီး ပိုမိုထိရောက်စွာ ကိုင်တွယ်ရန် တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ရဲမှူးချုပ်က ပြောသည်။

“အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့တာနှင့် ပတ်သက်လို့ ကျွန်တော်တို့ လက်ရှိ ၂၀၀၂ခုနှစ်က ရေးဆွဲထားတဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေက ခေတ်မမှီတော့တဲ့အတွက် သူတို့ အဖွဲ့သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက် တွေထဲမဝင် ဘူးပေါ့။ ကျွန်တော်တို့အတွက်ကလည်း ၁၁ နှစ်သား ဒီဥပေဒဟာ ခုအစိုးရသစ်လက်ထက် မှုဝါဒနဲ့ မကိုက်ညီတော့တဲ့ အတွက် ပြန်ရေးဆွဲဖို့ လုပ်နေပြီ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ၁၁ နှစ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ ဓားပြတိုက်မှု၊ လက်နက်ရောင်းဝယ်မှုများမှရရှိသည့် ငွေကြေးများဖြင့် စီးပွားရှာဖွေနေသူများကို ဖမ်းဆီးထောင်ချခဲ့ပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူထားမှုပေါင်း (၅၇) မှုရှိကြောင်း အဆိုပါရဲမှူးက ပြောသည်။

“လက်ရှိဒီအမှုတွေကနေ နိုင်ငံပိုင်ဘဏ္ဍာအဖြစ် သိမ်းထားတဲ့ ငွေတန်ဖိုးက ကျပ်သန်းပေါင်း ၁၉၂၇၀ ဒသမ ၁၅၂၅ ကျပ် ဖြစ်ပါတယ်။ လက်ရှိအရေးယူထားတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့လည်း ထောင်ထဲမှာ ရှိနေပါတယ်။ နာမည်တော့ ထုတ်မပြော လိုပါဘူး”ဟု အဆိုပါရဲမှူးက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အာရှပစိဖိတ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့၏ စောင့်ကြည့်  စာရင်းတွင်အာဆီယံနိုင်ငံ များ ဖြစ်သော ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံတို့နှင့်အတူ ပါဝင်နေကြောင်းသိရသည်။

YC


အငြင်းပွားဖွယ် မီဒီယာဥပဒေကြမ်းနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတို့ ထပ်မံတွေ့ဆုံညှိနှိုင်း

လက်ရှိ စာနယ်ဇင်းကောင်စီ(ယာယီ) မှရေးဆွဲထားသော မီဒီယာဥပဒေကြမ်းနှင့် ပတ်သက်၍ သြဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ပတ်(က်)ရွိင်ရယ်ဟိုတယ်၌ ပြန်ကြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)

နှင့်ထပ်မံ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုသည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) တို့၏ တတိယ မြောက်တွေ့ဆုံမှုဖြစ်ပြီး ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က သတင်းမီဒီယာ ဥပဒေသည် အစိုးရမှ စာနယ်ဇင်းအပေါ်တွင် တိုက်ရိုက်အရေးယူ၍မရဘဲ နစ်နာသည့် ပြည်သူ လူထုက တိုင်ကြားမှသာ အစိုးရအနေဖြင့် အရေးယူခွင့်ရှိသည့်အတွက် ယင်းဥပဒေသည် ပြည်သူတို့၏ အကျိုး ကို ကာကွယ်သည့် ဥပဒေဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ပြည်သူတွေအတွက် တတ်နိုင်သမျှ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့ပုံစံမျိုးနဲ့ မျှမျှတတ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ မီဒီယာကို သော်လည်းကောင်း၊ တစ်စုံတစ်ခုကို သော်လည်းကောင်း ထိန်းချုပ်ခြင်း မဟုတ်ပါဘူး၊ စည်းကမ်းမူဘောင်တစ်ရပ်အတွင်းမှာ လွတ်လပ်ခြင်းသာဖြစ်ပါတယ်” ဟုပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်မှ ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာနယ်ဇင်းကောင်စီ (ယာယီ) မှရေးဆွဲထားသော မီဒီယာကြမ်းအပေါ်တွင် အတတ်နိုင်ဆုံး ဖြေလျှော့ကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ လျှော့ပေးသင့်သလောက် လျှော့ပေးဖို့ ရည်ရွယ်ထားသလို စာနယ်ဇင်းကောင်စီ ဘက်ကလည်း လျှော့ပေးဖို့ ရည်ရွယ်ထားပါတယ်။ အပြုသဘော ပူးပေါင်းဆောင်ရွက်မှု သဘောပဲဖြစ်ပါတယ်” ဟု ၎င်းကဆွေးနွေးပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောသည်။

ထို့ပြင်မီဒီယာဥပဒေကြမ်းအပေါ်တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအနေဖြင့် သဘေားထားကွဲလွဲမှုများ ရှိနေသဖြင့် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

“လောလောဆယ်က ဆွေးနွေးနေတဲ့အချိန်မှာပဲ ရှိပါသေးတယ်။ သဘောမတူတဲ့အချက်တွေ ညှိဖို့လိုပါသေး တယ်၊ မကျေနပ်ဘူး မပြောချင်ပါဘူး” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

အဆိုပါ သြဂုတ်လ ၁၂ ရက်တွေ့ဆုံဆွေးနွေးပွဲအပေါ်တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေး မှူး ဦးကျော်မင်းဆွေမှ “ကျွန်တော် ထင်ထားတာက သတင်းမီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီးပြောမယ်ထင်တာ။ သူတို့ဘာပြောပြော ကျွန်တော်တို့ အနေနဲ့ ဝန်ကြီးဌာနကို ပြောစရာရှိတဲ့ စကားအားလုံး ပြောပြီးသွားပြီ ဖြစ်တဲ့ အတွက် ဝန်ကြီးဌာနက ဘာဆွေးနွေးမလဲဆိုတာ လာနားထောင်တာ။ ဘာမှထူးထူးခြားခြားပြောသွားတာမရှိ ဘူး။ ပြောပြီးသားဟာတွေဘဲပြောတာ။ လူမှုတာဝန်သိတတ်မှုနဲ့ ပတ်သက်ပြီးပဲ ပြောတာ။ ရှင်းရှင်းပြောရရင် ဖုန်းနဲ့ ပြောတာတောင် ရတဲ့ဟာတွေ။ သူတို့မှာ ဘာရည်ရွယ်ချက်ရှိလဲ ကျွန်တော်နားမလည်ဘူး။ ပြန်ကြားရေး ဝန်ကြီးဌာနက အဲ့လိုမျိုး ခဏခဏလုပ်တတ်တယ်။ ပြန်ကြားရေးနဲ့ ကျွန်တော်တို့နဲ့ ခဏခဏတွေ့ပြီး အဆင်ပြေ နေတယ်လို့ လွှတ်တော်ကို မြင်စေချင်တာလားမသိဘူး။ သတင်းမီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး စာနယ်ဇင်း ကောင်စီ ဘက်က ဆုံးဖြတ်ချက်အရင်တိုင်းပဲ” ဟု ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ပြောသည်။

တွေ့ဆုံပွဲ၏ ရလဒ်အဖြစ် သတင်းထုတ်ပြန်ကြေငြာချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ နှစ်ဖက်အကြား သဘောထားကွဲလွဲချက်များနှင့် အခြားဆွေးနွေးရန်ရှိသည် များကို စေ့စပ်ညှိနှိုင်းသည့် နည်းဖြင့် ဆက်လက် အကောင်အထည်ဖော်သွားရန် သဘောတူကြောင်း ဖော်ပြပါရှိ သည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive