Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“နှစ်ဘက်စစ်ဖြစ်တာမျိုးတော့ မရှိပါဘူး။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကို  ကြိုးစားနေတဲ့အတွက် သဘောတူညီ ချက်တွေကို အပြည့်အဝမလုပ်ဆောင်နိုင်သေးတာပါ။ နှစ်ဘက်အပြန်အလည် ယုံကြည်မှုတွေရဖို့ဆိုရင် ငြိမ်းချမ်းရေး စားပွဲဝိုင်း မှာပဲ ထပ်ပြီးကြိုးစားရမှာပါ။ တစ်ကြိမ်နှစ်ကြိမ် တွေ့ဆုံဆွေးနွေးရုံနဲ့ အပြန်အလှန် ယုံကြည်မှုရဖို့ မလွယ်ပါဘူး”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ်  လူထုပုံရိပ် ဂျာနယ် အတွဲ(၁)အမှတ် ( ၄၆) တွင် ပါရှိသော “ အစိုးရနှင့် KNPP သဘောတူညီချက် အကောင်အထည်ဖော်ရန် ယုံကြည်မှုလိုအပ်”သတင်းမှ  မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) မှ ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးလုပ်တဲ့အခါ အခက်အခဲတွေရှိတယ်။ ဒီလိုဖြစ်နေတာက တပ်ဖွဲ့တစ်ဖွဲ့တည်းက ဖြစ်နေတဲ့ပြဿနာမဟုတ်ဘူး။ တပ်ဖွဲ့တော်များများဖြစ်နေကြတာ။ နိုင်ငံတကာကလည်း ဆန်နဲ့ စားဝတ်နေရေးတော်တော်များများ ကူညီပေးတယ်။ နီပွန်ဖောင်ဒေးရှင်းက လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် နောက်ပိုင်းအိမ်ရာဆောက်လုပ်ပေးဖို့ရှိပါတယ်။ လူထုတွေဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် ဥပဒေနဲ့အညီ လုပ်ဆောင်သွားမှပါ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက် လူထုပုံရိပ်  ဂျာနယ်အတွဲ(၁) အမှတ်(၄၆) တွင် ပါရှိသော  “KNU တပ်မဟာ(၂) တော်လှန်ရေး ရန်ပုံငွေကောက်ခံ” သတင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦး၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


“မှန်ကန်တဲ့ Broadcasting Law ပေါ်ဖို့လုပ်နေတယ်။ ကျန်တဲ့လ ၃၀ မှာ မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာ အဖွဲ့တွေနဲ့ တွေ့ဆုံပြီးတော့ လုပ်ဆောင်မယ်၊ နိုင်ငံတကာကိုကြည့်လိုက်ရင် ဒီမိုကရေစီနိုင်ငံတိုင်းမှာ မီဒီယာတွေရဲ့ သဘော သဘာဝကမတူညီတဲ့အတွက် အနည်းဆုံးတော့ Broadcasting Law နဲ့ Press Law တော့ ရှိပါတယ်”

 

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ အတွဲ (၁) အမှတ် (၆၀) တွင် ပါရှိသော “အစိုးရသစ်၏ ကျန်ရှိသည့် လ ၃၀ အတွင်း အသံလွှင်မီဒီယာဥပဒေ ပေါ်ပေါက်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆောင်ရွက်မည်”သတင်းမှ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲထွဋ်၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“သတင်းမီဒီယာဥပဒေကို စာနယ်ဇင်းကောင်စီအတွက် သတင်းထောက်တွေအတွက် သက်သက်ရေးဆွဲထားတာ မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးအကျိုးအတွက် ရေးဆွဲထားတာပါလို့ ကျွန်တော်တို့စာနယ်ဇင်းကောင်စီက ရှင်းပြခဲ့ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံး အကျိုးအတွက်ဆိုတဲ့ အချက်မှန်ရင် လွှတ်တော်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်လို့  လွှတ်တော်ကိုယ်စားလှယ်တွေက ယူဆရင် သူ့ဘက်က လွှတ်တော်ကိုယ်စားလှယ်တွေကလဲ ထောက်ခံဆွေးနွေးကြမှာပါလို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးသူရရွှေမန်းက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ လွှတ်တော်နှစ်ရပ်လုံးမှာရှိတဲ့ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ထောက်ခံဆွေးနွေးပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလဲ ပါတီဝင်တွေအားလုံးကို သူတို့ရဲ့ သဘောဆန္ဒနဲ့ လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးမှာပါလို့ လိုလိုလားလား စိတ်ပါဝင်စားစွာ လက်ခံဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော်နာယက ဦးသူရရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးရတဲ့အတွက် စာနယ်ဇင်းကောင်စီအနေနဲ့ ဥပဒေ အတွက်လဲ ယုံကြည်မှု ပိုရှိလာပါတယ် ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ်         Mizzima  နေ့စဉ်ထုတ်သတင်းစာ အတွဲ(၁)အမှတ်(၅၉) တွင် ပါရှိသော “ စာနယ်ဇင်းကော်စီနှင့် ဒေါ်စု၊ သူရဦးရွှေမန်း၊ ဦးဌေးဦးတို့ တွေ့ဆုံဆွေးနွေး” သတင်းမှ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ ဆွေးနွေးပွဲ ရလဒ်က ကောင်းပါတယ်။ ပြည်တွင်းကို တရားဝင်ပြန်လာဖို့လည်း   ငြိမ်းချမ်းရေးအဖွဲ့က ကြိုဆိုပါတယ်။ ကျွန်တော်တို့တွေက ၈၈ အရေးအခင်းပြီးတဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်သွားတယ်။ အဲဒီဘက်မှာ မီသားစုတွေ အခြေချပြီး ကလေးတွေက စာသင်နေတာတွေ ရှိတယ်။ အဲဒီကိစ္စတွေ အားလုံးရှင်းလင်းပြီးရင်တော့ မြန်မာနိုင်ငံထဲကို ပြန်လာမှာပါ။ ရခိုင်ပြည်နယ်ထဲက နိုင်ငံသားဖြစ်ခွင့်နဲ့ ဘင်္ဂါလီတွေကို စိစစ်မယ်ဆိုတာကိုလည်း လက်ခံပါတယ်။ ၁၉၈၂ ဥပဒေဟာ တိုင်းရင်းသားပေါင်းစုံကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေပါ။ ဒီဥပဒေကို မြန်မြန်အကောင်အထည်ဖော်ပေးဖို့ ကိစ္စကိုလည်းပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို တောင်းဆိုထားပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာ အတွဲ(၂)အမှတ်(၀၃၀) တွင် ပါရှိသော “ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ၈၈ အမျိုးသားများကွန်ရက် (ရခိုင်) နဲ့ တွေ့ဆုံ” သတင်းမှ ၈၈ အမျိုးသားကွန်ရက်(ရခိုင်) အဖွဲ့ခေါင်းဆောင် ဦးခိုင်စွမ်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS(1)
Document

Snapshot of the item below:
CURRENT NEWS(1)

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


စီးပွားရေးပြုပြင်ပြောင်းလဲမှုကဏ္ဍတွင် အရင်းအနှီးဈေးကွက် ပေါ်ပေါက်ရန်  ပြင်ဆင်ရေး  ကော်မတီဖွဲ့စည်းမည်

မန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု ကဏ္ဍတွင် အဓိကကျသော  အရင်းအနှီးဈေးကွက် ပေါ်ပေါက်ရန်အတွက်  ပြင်ဆင်ရေးကော်မတီကို ယခုနှစ်အတွင်း  ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းကော်မတီဖွဲ့စည်းပြီးပါက  အရင်းအနှီးဈေးကွက် ပေါ်ပေါက်ရန်  အဆောက်အအုံများ တည်ဆောက်ခြင်း၊ နေရာပြင်ဆင်ခြင်းများ ပြုလုပ်မည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အရင်းအနှီးဈေးကွက်နှင့် ပတ်သက်သော အချက်အလက်များကို ပြည်သူများအား အသိပေးမည်ဖြစ်ကြောင်း၊ အများပိုင်ကုမ္ပဏီများကို သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်မီစေရန်  ပညာပေးအစီအစဉ်များကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒုဝန်ကြီးက ထပ်မံပြောကြားသည်။

“ဒီအရင်းအနှီး ဈေးကွက်ပေါ်ပေါက်လာဖို့အတွက် ဒီနှစ်မှာစပြီး အကောင်အထည်ဖော်မှာပါ။ ဒါပေမယ့် လိုင်စင်ထုတ်ပေး တာကတော့ နောက်နှစ် ခြောက်လပိုင်းကျော်လောက်မှ လိုင်စင်ထုတ်ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီဈေးကွက်က နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်ဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အရင်းအနှီးဈေးကွက်ရှိသွားပြီဆိုရင်တော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်တဲ့ ငွေကြေးအရင်းအနှီးတွေကို အဲဒီကနေ ရှာလို့ရတယ်။ အင်မတန် အရေးကြီးတဲ့ လုပ်ငန်းဆိုတော့ လောလို့တော့ မရဘူး။ ဒါပေမယ့် အခြေအနေတွေ အားလုံးပြည့်စုံတဲ့အထိ စောင့်လို့မဖြစ်ဘူး။ ရှိတဲ့ အခြေအနေကစပြီး လုပ်သွားရမယ်။ အဲဒီကနေ အတွေ့အကြုံတွေယူပြီး ကောင်းသထက် ကောင်းအောင် ပြင်ဆင်ပြီး လုပ်သွားမယ်” ဟု  ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။

ထို့အပြင်  ဇူလိုင် ၃၁ ရက်တွင် ငွေကြေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ ကို ပြဋ္ဌာန်းခဲ့သည့်အတွက်  အရင်းအနှီးဈေးကွက် ပေါ်ပေါက်ရန် လွယ်ကူမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနာဂတ်ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုပွဲတွင်  ဂျပန်နိုင်ငံ ဒိုင်ဝါ၏ အကူအညီဖြင့် အရင်းအနှီးဈေးကွက်ကို ထူထောင်သွားမည်ဖြစ်ကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။


နိုင်ငံ နှင့် နိုင်ငံသား အကျိုးအတွက် ဆိုပါက မည်သည့် ဥပဒေမဆို မည်သည့် အဆင့်ရောက်ရောက် ပြင်ဆင်၍ ရကြောင်း စာနယ်ဇင်းကောင်စီအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့်အဖွဲ့နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) တို့သည် သြဂုတ် ၁၃ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် အများပြည်သူ ၀န်ဆောင်မှု ပုံနှိပ်မီဒီယာကြမ်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သူရဦးရွှေမန်းက နိုင်ငံတော် နှင့် နိုင်ငံသားများ အကျိုးအတွက် ဆိုပါက မည်သည့် ဥပဒေမဆို မည်သည့်အဆင့် ရောက်ရောက် ပြင်ဆင်၍ ရကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်ကြားရေးဝန်ကြီး ဌာနမှ တင်သွင်းသည့် ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်မှ အတည်ပြုလိုက်ခြင်းမှာ သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းများ ထဲထဲဝင်ဝင် ဆွေးနွေးညှိနှိုင်းပြီး ဖြစ်သည်ဟု ယူဆမိသော ကြောင့် တားမြစ်ချက်မရှိဘဲ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော် နှင့် နိုင်ငံသားများ အကျိုးအတွက် ဆိုပါက မည်သည့် ဥပဒေမဆို မည်သည့်အဆင့် ရောက်ရောက် ပြင်ဆင်၍ ရကြောင်း စာနယ်ဇင်း ကောင်စီ နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခု အများပြည်သူဝန်ဆောင်မှု ပုံနှိပ်မီဒီယာကြမ်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြဋ္ဌာန်းပြီး ပြင်ဆင်ခြင်းက ကောင်းမွန်သည်မဟုတ်ဘဲ ကနဦး မပြဋ္ဌာန်းမီကပင် ပြည်သူ့ အကျိုးရှိသော ဥပဒေဖြစ်သင့်ကြောင်း၊ ဘယ်လိုပဲ ပြိုင်ပြိုင် ပြည်သူလူထု အနိုင်ရဖို့ အရေးကြီးကြောင်း မှတ်ချက်ပြု ပြောကြားသည်။

စာနယ်ဇင်းကောင်စီ က ရေးဆွဲထားသော မီဒီယာ ဥပဒေကြမ်း အပေါ် စာနယ်ဇင်းကောင်စီ နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က သြဂုတ်လ ၁၂ ရက်နေ့က ပြောဆိုထားသော်လည်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကမူ မီဒီယာဥပဒေကြမ်းပါ အချက် ၁၇ ချက်သည် နိုင်ငံတကာစံနှုန်း နှင့် မကိုက်ညီသဖြင့် ပြန်လည် ပြင်ဆင်မှု မပြုလုပ်ပါက အဆုံးတိုင်ကန့်ကွက်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ နှင့် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တွေ့ဆုံသည့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် အားကစား ၊ယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့သည်။


မောင်တောခရိုင်အတွင်း လုံခြုံရေးကို သက်ဆိုင်ရာမှ ဂရုစိုက်ရန် ညွှန်ကြားချက်ထုတ်ပြန်

လက်နက်ကိုင်အကြမ်းဖက် အဖွဲ့အစည်းများက မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည့်သတင်းများကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် တောင်ပြိုလက်ဝဲမြို့နယ်ခွဲအတွင်းရှိ ဌာနဆိုင်ရာရုံးအဆောက်အအုံများကို လုံခြုံရေးအစီအစဉ်များချကာ အထူးဂရုစိုက်ရန် သြဂုတ်လ ၇ ရက်နေ့တွင် ညွှန်ကြားထားကြောင်း မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။

ယင်းဌာနဆိုင်ရာရုံးများအပြင် မြို့အတွင်းတွင်လည်း လုံခြုံရေးအစီအမံများကို ဂရုစိုက် လုပ်ဆောင်ထားကြောင်း အဆိုပါရုံးအဖွဲ့မှ ထပ်မံပြောကြားခဲ့သည်။

ဆူပူမှုများဖြစ်ပွားရာဒေသများသည် ဘင်္ဂါလီဒုက္ခသည်အများစုနေထိုင်သော စစ်တွေမြို့အနောက်ပိုင်းတွင်ဖြစ်ပြီး ယင်းဒေသတွင် မူလကပင် နေထိုင်သော ဘင်္ဂါလီလူမျိုးသုံးသောင်းခန့်ရှိခဲ့သော်လည်း အကြမ်းဖက်မှုများကြောင့် နေအိမ်မီးရှို့ခံရသည့်ဒေသများမှ ဘင်္ဂါလီလူမျိုးများက  စုဝေးပြောင်းရွှေ့လာခြင်းကြောင့် ဒုက္ခသည် သုံးသိန်းကျော်ခန့် ရှိသည်ဟု ခန့်မှန်းထားကြသည်။

 ဆူပူမှုများတွင် ဘင်္ဂါလီဒုက္ခသည်များက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူစုလူဝေးဖြင့် ရန်ရှာခြင်း၊ တုတ်၊ ဓား၊ လေးခွ၊ ခဲများဖြင့် ရိုက်နှက်ပစ်ပေါက်ခြင်းများကို စတင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည် ဟု ရခိုင်ပြည်နယ်အစိုးရ မှ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောဆိုခဲ့သည်။

ဆူပူမှုများ ဆက်တိုက်ဖြစ်နေခြင်းကြောင့် ရခိုင်ပြည်နယ်ပဋိပက္ခများ ပြေလည်အောင် အစိုးရ၏ ဆောင်ရွက်နေခြင်းကို ထိခိုက်စေနိုင်ပြီး ဒေသအတွက် များစွာနစ်နာစေသည်ဟု ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောမှ ထောက်ပြပြောဆိုခဲ့သည်။

ယခုအခါ စစ်တွေမြို့ အနောက်ဘက်တွင် ရဲတပ်ရင်း ၃ ရင်းနှင့် တပ်မတော်အထိုင်တပ်ရင်း ၁ ရင်းတို့က လုံခြုံရေးတာဝန်ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့က လုံခြုံရေးအမြင်နဲ့ ဆောင်ရွက်ရပါတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် တိတိကျကျ လိုက်နာဆောင်ရွက်ရတယ်” ဟု ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက  ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံလုံးဆိုင်ရာလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်ဟားနားသည် သြဂုတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ်အချိန်နှင့်  အုန်းတောမြို့၌ ဆူပူမှုဖြစ်စဉ်ကို အချိန်ကိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရခိုင်အရေးစောင့်ကြည့်သူများက သုံးသပ်ပြောဆိုခဲ့သည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်နေရာများတွင် လုံခြုံရေးကို ပိုမိုတိုးမြှင့်ထားပြီး မောင်တောမြို့ပေါ်နှင့် လူနေရာဒေသများတွင် လုံခြုံရေးတိုးမြှင့်ထားသည့်ကို တွေ့ရှိရကြောင်း မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲတွင် နေထိုင်သောဒေသခံတစ်ဦးမှ ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခပြဿနာများ၊ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်သည့်သူများကို ထိရောက်စွာဖော်ထုတ်အရေးယူပြီး လိုအပ်ပါက သက်ဆိုင်ရာမှလည်း တာဝန်ဝတ္တရားများကို  တိတိကျကျဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၂၁ ရက်နေ့တွင် ဘာသာရေးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးကို ကာကွယ်ရန် တပ်မတော်က လုံခြုံရေးအင်အားတိုးမြှင့်ချထားပြီး ဒေသလုံခြုံရေးကို အထောက်အကူပြုနိုင်စေရန် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တိုင်းရင်းသားကျေးရွာ ၄ ရွာတွင် အမာခံ ၁၀ ဦးဖြင့် ပြည်သူ့စစ်တပ်ဖွဲ့များကို ဖွဲ့စည်းပေးထားကြောင်း၊ တပ်မတော်(ရေ)ကလည်း စစ်ရေယာဉ်များဖြင့် ရေပြင်လုံခြုံရေးကို ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ကလည်း ပြည်သူ့လွှတ်တော်၌ ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။


    ဝိရောဓိလက်ပံတောင်းတောင်ဆန္ဒများထပ်မံဖော်ထုတ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့မှ ဒေါ်နော်အုန်းလှ ဦးဆောင်သောဒေသခံပြည်သူအင်အား ၅၀ ခန့်တို့သည် သြဂုတ်လ ၁၃ ရက်နေ့တွင် မုံရွာတောင်ဇက်ဆိပ်မှ စတင်ကာတောင်းဆိုချက် ၄ ချက်ဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရသည်။ ထို့နောက် သက်ဆိုင်ရာအာဏာပိုင်များမှ ဒေါ်နော်အုန်းလှ အပါအဝင် ဆန္ဒပြသူ ၉ ဦးကိုထိန်းသိမ်းခဲ့ကြောင်းသိရသည်။

ဒေါ်နော်အုန်းလှ ဦးဆောင်သော ဆန္ဒပြအဖွဲ့၏ တောင်းဆိုချက် ၄ ခုမှာဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းပေးရေး၊ လက်ပံတောင်းတောင်စီမံကိန်းလုံးဝရပ်ဆိုင်းပေးရေး၊ ယခင် လက်ပံတောင်းတောင်စီမံကိန်းပဋိပက္ခတွင် ရက်စက်စွာနှိမ်းနှင်းခဲ့သော     ရဲဝန်ထမ်းများကိုအရေးယူပေးရေးနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဥက္ကဋ္ဌအလိုမရှိစသည် တို့ဖြစ်သည်။

ယခုဆန္ဒထုတ်ဖော်ပွဲကိုဒေါ်နော်အုန်းလှကဌာနဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ဆန္ဒပြသူများ ၏ တောင်းဆိုချက်များတွင် အခြေခံဥပဒေပြင်ဆင်ရေးဆိုသည့် အချက်ပါဝင်နေခြင်းကြောင့် ဆန္ဒပြခွင့်ကို ချမပေးခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာရဲစခန်းမှ သိရသည်။

အဆိုပါဆန္ဒပြပွဲနှင့် ပတ်သက်၍ မြို့နယ်ရဲစခန်းမှူး ဦးကြူအင်းကအခြေခံဥပဒေပြင်ဆင်ရေးသည် မုံရွာရှိအာဏာပိုင်များ တတ်နိုင်သည့် ကိစ္စရပ်မဟုတ်ကြောင်း၊ ထို့ပြင် ဆန္ဒပြသူများ၏ ကြွေးကြော်သံများတွင် အကြမ်းဖက်နှိမ်းနှင်းသည့် ရဲများဟုသုံနှုန်းထားခြင်းသည် မည်သူမည်ဝါဟူ၍ တိကျမှုမရှိသဖြင့် ရဲတပ်ဖွဲ့ဝင် များအားလုံးကိုသိမ်းကြုံးပြောရာရောက်သဖြင့် ခွင့်မပြုခြင်းဖြစ်ကြောင်းပြောကြားသည်။

“ဒေါ်နော်အုန်းလှကတစ်ကိုယ်တော်ဆန္ဒပြမယ်လို့ သိရတာပါ။ ဒေသခံရွာကလူတွေကလည်းနေ့လည် ၁၂ နာရီ နောက်ပိုင်းမှာမုံရွာဘက်ကိုအုပ်စုငယ်လေးတွေဖွဲ့ပြီးတစ်သုတ်ချင်းကူးလာကြပါတယ်။ နှစ်နာရီခွဲပြီးမှ ဒေါ်နော်အုန်းလှ ရောက်လာ တယ်။ နောက်ပြီးလမ်းတွေပိတ်ဆို့သွားအောင် အခြေအနေတွေက ရှုပ်ထွေးသွားတာကြောင့် အခြေအနေအရထိန်းသိမ်းလိုက်ရတာပါ” ဟု ရဲမှူး ဦးကြူအင်းမှ ပြောသည်။

ယင်းသို့ ဒေါ်နော်အုန်းလှနှင့် ဆန္ဒပြသူ ၉ ဦးအားဖမ်းဆီးခေါ်ဆောင်သွားပြီးမကြာမီတွင် ဒေသခံ ၃၀ ခန့်က အမှတ် ၁ ရဲစခန်းရှေ့ရှိ မြို့မဂတ်ကျောင်းဝန်းအတွင်း ပြန်လည်စုဝေးကြပြီးဖမ်းဆီးထားသူများကို ပြန်လည် လွှတ်ပေးရန်အတွက် တောင်းဆိုမှုကိုသပိတ်အဖြစ် ထပ်မံတောင်းဆိုခဲ့ကြသည်။

ထို့နောက် ညနေ ၆ နာရီဝန်းကျင်ခန့်တွင် ထိန်းသိမ်းထားသောဒေသခံ ၉ ဦးအားပုဒ်မ ၁၈ ဖြင့် အမှုဖွင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးအာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ဆန္ဒပြခေါင်းဆောင် ဒေါ်နော်အုန်းလှ ကိုမူပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်းတရားရုံးတွင် ရမန်ကြီးယူကာမုံရွာထောင်ကြီး ချုပ်တွင် ဆက်လက်ထိန်းသိမ်းထားကြောင်းသိရသည်။ ထိုင်သပိတ်ကိုထိုနေ့ည ၇ နာရီခန့်တွင် ဖျက်သိမ်းခဲ့ သည်။


 

        

            

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive