Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

ဓာတ်ငွေ့ရောင်းချမှုမှရသော ဒေါ်လာဘီလီယံနှင့်ချီသော ဘဏ္ဍာငွေများကို စစ်အစိုးရ ခိုးယူခဲ့

(the national.ae မှ 17 Sept 2013 ရက်စွဲပါ Junta has stolen billions in gas revenue ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု အခြေစိုက် သဘာဝပတ်ဝန်းကျင်အုပ်စုတစ်ခုဖြစ်သော Earth Right International က ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ဘီလီယံနှင့်ချီသော ဒေါ်လာငွေမြောက်မြား စွာကို စင်ကာပူနိုင်ငံရှိ နိုင်ငံခြားဘဏ်စာရင်းထဲသို့ ထည့်သွင်းထားကြကြောင်းသိရသည်။ အဆိုပါ ဒေါ်လာငွေကြေး များသည် မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှရရှိသော ငွေများဖြစ်ပြီး ယင်းစီမံကိန်းတွင် စွမ်းအင်တူးဖော်ရှာဖွေရေး လုပ်ငန်းကြီးများဖြစ်ကြသော အမေရိကန်မှ Chevron ၊ ပြင်သစ်မှ Total နှင့် ထိုင်းနိုင်ငံမှ PTTEP တို့ပါဝင်လုပ်ကိုင်လျက်ရှိသည်။ စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့ ၆၀ ရာခိုင်နှုန်းကျော်ကို ထိုင်းနိုင်ငံသို့ ပိုက်လိုင်းမှတစ်ဆင့် သွယ်တန်းရောင်းချလျက်ရှိသည်။

“ပြီးခဲသည့် ၂၀၀၀ပြည့်နှစ်မှစ၍ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ဒေါ်လာ ၅ ဘီလီယံခန့် ခိုးယူခံခဲ့ရသည်။ စီမံကိန်းမှရရှိသည့် ငွေကြေးများသည် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသုံးပြုရမည့်အစား စစ်ဗိုလ်ချုပ်ကြီးများ၏ အိတ်ကပ်ထဲသို့ရောက်ရှိသွားကြသည်” ဟု ယင်းအစီအရင်ခံစာကိုရေးသားသူ Mathew Smith က အင်တာဗျူးတစ်ခုတွင်ပြောကြားသည်။ ERI ၏ အဆိုအရ ယင်းဒေါ်လာငွေကြေးများကို စင်ကာပူနိုင်ငံရှိ ဘဏ်လုပ်ငန်းကြီးနှစ်ခုဖြစ်သော Oversea Chinese Banking Corp နှင့် DBS Group သို့ရောက်ရှိသွားပြီဖြစ်သည်။ ERI က စင်ကာပူဘဏ်များနှင့် အစိုးရထံသို့ သတင်းထောက်များစေလွှတ်ကာ စုံစမ်းမေးမြန်းမှုပြုလုပ်ခဲ့သော်လည်း အဆိုပါဘဏ်နှစ်ခုက စွပ်စွဲပြောဆိုချက်များ မှန်ကန်မှုမရှိကြောင်း ကြေညာချက်ကိုယ်စီထုတ်ပြန်ခဲ့ကြသည်။ အကြီးတန်းအစိုးရအရာရှိကြီးတစ်ဦးကမူ အဆိုပါကိစ္စမှန်ကန်မှု ရှိ၊မရှိ သိရှိနိုင်ရန် စင်ကာပူအစိုးရက ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ပြောကြားသည်။

“ပိုက်လိုင်းသွယ်တန်းမှုမှရရှိသော ဘဏ္ဍာအခွန်ငွေဟာ စစ်အစိုးရအတွက် အသက်တမျှအရေးကြီးပါတယ်။ စစ်အစိုးရအနေနဲ့ အဲဒီငွေတွေရရှိနေသေးသရွေ့ အပြောင်းအလဲလုပ်ဖို့ မက်လုံးအနည်းငယ်ရှိနေမှာပါ” ဟု မစ္စတာ Smith က ပြောကြားသည်။ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုမှ တစ်လလျှင် ဒေါ်လာ သန်း ၁၅၀ ခန့်ရရှိလျက်ရှိပြီး ယင်းပမာဏမှာ လာမည့်အနာဂတ်၌ များပြားလာဖွယ်သာရှိကြောင်း သြစတြေးလျနိုင်ငံရှိ Macquarie University မှ စီးပွားရေးပညာရှင် Sean Turnell ကပြောကြားသည်။ Sean Turnell သည် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းစနစ်နှင့် စီးပွားရေး ပညာရှင်တစ်ဦးလည်းဖြစ်သည်။

“နိုင်ငံခြားအရန်ငွေကြေးဟာ ယခုဆိုရင် ဒေါ်လာ ၅ ဘီလီယံကျော်သွားပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာအစိုးရရဲ့ နာဂစ်အလွန်ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေအတွက် အဆိုပြုချက်ကို ပြန်လည်ဆန်းစစ်လျက်ရှိပါတယ်” ဟု ၎င်းကပြောသည်။ မြန်မာအစိုးရ၏ အစီအစဉ်များအတွက် သဘာဝ ဓာတ်ငွေ့မှရရှိသော ဘဏ္ဍာငွေသည် အလွန်အကြီးသည်မှာမှန်သော်လည်း သံတမန်ကြီးများအဆိုအရ အဆိုပါငွေကြေးသည် အပေါ်ယံမျှသာဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားကုမ္ပဏီကြီးတွေနဲ့ အပေးအယူလုပ်တဲ့ကိစ္စမှန်သမျှမှာ ငွေကြေးပံ့ပိုးပေးရတဲ့အပိုင်းတွေပါဝင်နေပါ တယ်”ဟု မြန်မာအစိုးရ၏ စီးပွားရေးလုပ်ဆောင်ချက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ အနောက်တိုင်းသံတမန်ကြီးတစ်ဦးက ပြောကြားသည်။

“ဝန်ကြီးဦးအောင်သောင်းဆိုရင် အစိုးရခွင့်ပြုချက်ရရှိဖို့ သူ့ဆီကိုချဉ်းကပ်လာတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို စီမံကိန်းတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းကို ဖြတ်စားကြေးအဖြစ်ပေးဖို့ အမြဲတောင်းလေ့ရှိတယ်” ဟု စစ်အစိုးရနှင့် ဆယ်စုနှစ်တစ်ခုတာကြာမျှ စီးပွားရေးလုပ်ကိုင်ခဲ့ဖူးသူ ဂျာမန်လူမျိုး စီးပွားရေးစွန့်ဦးတီထွင်သူ တစ်ဦးကပြောကြားသည်။

ထိုသို့သော တောင်းခံမှုမျိုးကိုလိုက်လျောပေးရန် အနောက်တိုင်းစီးပွားရေးလုပ်ငန်းအများစုက တွန့်ဆုတ်လျက် ရှိကြသော်လည်း အာရှစီးပွားရေးလုပ်ငန်းကြီးများကမူ စစ်ဗိုလ်ချုပ်ကြီးများနှင့် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ပေးရသော အခကြေးငွေအဖြစ် ရှုမြင်ကြသည်။ ယခင် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်ဆိုလျှင် တရုတ်မိုဘိုင်း ကုမ္ပဏီဖြစ်သော ZTE နှင့် အပေးအယူလုပ်ရာမှ အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း အဆိုပါ လုပ်ငန်းတွင် ပါဝင်ပတ်သက်ခဲ့ဖူးသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

ထိုသို့ကန်ထရိုက်စာချုပ်ချုပ်ဆိုခဲ့ရာတွင် ZTE က မြန်မာနိုင်ငံတွင် တယ်လီဖုန်းလိုင်းပေါင်း ၃၀၀၀၀၀ တပ်ဆင်နိုင်မည့် အခြေခံအဆောက်အအုံစီမံကိန်းအတွက် ဒေါ်လာ သန်း ၁၅၀ ချေးငွေပေးခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော CNPC  ကီလိုမီတာ ၄၀၀၀ ခန့်ရှည်လျားသည့် စွမ်းအင်ပိုက်လိုင်းများကို မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲသို့ သွယ်တန်းမည့်စီမံကိန်းအား စတင်တည်ဆောက်လျက်ရှိသည်။

အဆိုပါ စီမံကိန်းသဘောတူညီချက်အရ စစ်အစိုးရသည် နှစ်ပေါင်း ၃၀ ကာလအတွက် အနည်းဆုံးဒေါ်လာ ၂၉ ဘီလီယံရရှိမည်ဖြစ်သည်။ “မြန်မာနိုင်ငံမှာ အဂတိလိုက်စားတယ်ဆိုတာဟာ အရိုးစွဲနေတဲ့ အလေ့အထဖြစ်နေပါပြီ။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမှန်သမျှ လာဘ်ထိုးကြရတာချည်းပါပဲ။ ပတ်စပို့၊ တယ်လီဖုန်းစီးပွားရေးလုပ်ငန်း မှတ်ပုံတင်ဖို့အတွက် လျှောက်လွှာဖောင်ဝယ်ယူတာကစပြီး အောက်ခြေက စာရေးကို ပိုက်ဆံပေးရတယ်။ အကြီးတန်းအစိုးရအရာရှိကြီးတွေနဲ့ ဝန်ကြီးတွေဆိုရင် ပိုတောင်းကြတာပဲ” ဟု Sean Turnell ကပြောကြားသည်။

Transparency International အဖွဲ့ကမူ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အဂတိလိုက်စားမှု အပြုဆုံးနိုင်ငံဖြစ်သည်ဟု သတ်မှတ်ဖော်ပြသည်။

အဂတိလိုက်စားရာတွင် အဆိုးဆုံးအဆင့်ရှိသည့် နိုင်ငံမှာ ဆိုမာလီယာဖြစ်သည်။

ERI ၏ ခန့်မှန်းချက်အရ စစ်အစိုးရသည် ရတနာဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှရရှိသော ဘဏ္ဍာငွေ ၇၅ ရာခိုင်နှုန်းကို ရယူခဲ့ကြောင်းသိရသည်။ စစ်အစိုးရသည် ဒေါ်လာ ၄ ဒသမ ၈၃ ဘီလီယံကို အမျိုးသားဘတ်ဂျက်အဖြစ် သိမ်းဆည်းရန်စီစဉ်ခဲ့ရာတွင် နှစ်ပေါင်း ၃၀ ကြာအသုံးပြုခဲ့သည့် ငွေကြေးလဲလှယ်မှုနှုန်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ERI က ဆိုသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(16 sep 2013 ရက်စွဲပါ  The World မှ Meena Pathak ရေးသားသော Labour Laws Strengthened in Myanmar  but not necessarily working ကို ဘာသာပြန်ဆိုသည်)

(AFP မှ 17 Sep 2013 ရက်စွဲပါ “Dalai Lama Urges Myanmar monks to stop attacking Muslims” သတင်းကို ဘာသာပြန်ဆိုသည်)

(The Age News မှ 18 Sept 2013 ရက်စွဲပါ “Aung San Suu Kyi Likely for Canberra” သတင်းကို ဘာသာ ပြန်ဆိုသည်)


မြန်မာနိုင်ငံတွင် အလုပ်သမားဥပဒေများ အားကောင်းလာသော်လည်း  သက်ဝင်မှုမရှိသေး

(16 sep 2013 ရက်စွဲပါ  The World မှ Meena Pathak ရေးသားသော Labour Laws Strengthened in Myanmar  but not necessarily working ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြောင်းလဲနေပါသည်။ ပြီးခဲ့သည့် ဇွန်လက နိုင်ငံတကာ အလုပ်သမားအဖွဲ့(ILO) သည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော ကန့်သတ်ချက်အားလုံးကို ဖယ်ရှားပေးခဲ့ပါသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့် နှစ်ကထက်စာလျှင် ငါးဆတက်လာသည်ဟု ဆိုပါသည်။ အလုပ်သမား လိုအပ်ချက်များပြားလာသည်နှင့်အမျှ အလုပ်သမားများသည် ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်မည့် အခြေအနေများအတွက် စတင်စုစည်းလာကြပြီ ဖြစ်ပါသည်။

ကြူကြူဝင်းသည် အလုပ်သမားဆောသြရေးမှူး တစ်ဦးဖြစ်ပါသည်။ ပြီးခဲ့သည့် မေလက အလုပ်သမား ဝန်ကြီးဌာနသည် စက်ရုံများတွင် အလုပ်လုပ်ကိုင်ရသည့် အခြေအနေနှင့် ပတ်သက်၍ ထင်မြင်ချက်များ ကောက်ယူရာ ၄င်းသည် သူလုပ်ကိုင်ရာ Esquire ဖိနပ်စက်ရုံတွင် စစ်တမ်းကောက်ပေးခဲ့ပါသည်။

“စစ်တမ်းကောက်တော့ အဓိကအချက်(၃၉) ချက်ပါတယ်။နေ့စဉ်လုပ်အားခ ဘယ်လောက်လဲ။ အချိန်ပိုပါ သလား။ မပါဘူးလား။ရေချိုးခန်း သန့်ရှင်းရဲ့လား။ သမဂ္ဂဖွဲ့ဖို့ လွတ်လပ်ခွင့် ရှိသလား။ စက်ရုံက အလုပ်သမားတွေကို ဖိနှိပ်သလား။ စတဲ့မေးခွန်းတွေပါတယ်” ဟု ၄င်းက ရှင်းပြပါသည်။

၎င်းသည် စစ်တမ်းကို ပြည့်စုံစွာ ကောက်ယူ၍ အလုပ်သမားဝန်ကြီးဌာနသို့ ပို့ပေးရပါသည်။ သူ့စက်ရုံသို့ ပြန်ရောက်သောအခါ အထက်အရာရှိမှ သူအားအလုပ်မှ ထုတ်ပစ်ခဲ့ပါသည်။ ခွင့်ပြုချက်မရဘဲ အလုပ်မှ ပျက်ကွက်ခြင်းကြောင့်ဟု ပြောကြောင်း ကြူကြူဝင်းက ဆိုပါသည်။ သူသည် သမဂ္ဂခေါင်းဆောင်ဖြစ်ပြီး အလုပ်သမားအစုအဖွဲ့အတွက် တက်ကြွစွာ ဆော်သြနေသူ ဖြစ်ပါသည်။ စက်ရုံမှ လူကြီးသည် အခြားသမဂ္ဂခေါင်းဆောင် လေးဦးကိုလည်း အလုပ်မှ ပျက်ကွက်ခြင်းမရှိဘဲ ထုတ်ပစ်ခဲ့ပါသည်။

အဆိုပါအမျိုးသမီးမှာ အသက် ၂၀ ဝန်းကျင်သာ ရှိသေးပြီး အလုပ်သမားရပိုင်ခွင့်များအတွက် ဆော်သြနေပြီး ၄င်းတို့ ချည်းသာ မဟုတ်ပေ။ အခြားသူများလည်း ရှိနေပါသေးသည်။

တစ်နိုင်ငံလုံးရှိ အလုပ်သမားများသည် ရန်ကုန်မှာကဲ့သို့ ဆန္ဒပြမှုများ ပြုလုပ်ကြပါသည်။ အံ့သြဖွယ်ကောင်းသည်မှာ အလုပ်သမားများ ဆန္ဒပြမှုကို အစိုးရမှ ထောက်ပံ့ပေးခြင်း ဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ်နှစ်က လွှတ်တော်သည် အလုပ်သမားအဖွဲ့အစည်း ဥပဒေကို အတည်ပြုပေးခဲ့ရာ ၁၉၆၂ မှစ၍ ပထမဆုံးအကြိမ်အဖြစ် အလုပ်သမားသမဂ္ဂများ တရားဝင်ဖွဲ့ခွင့်ရခြင်း ဖြစ်ပါသည်။ ၁၉၆၂ တွင် စစ်တပ်မှ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံသားများသည် အခြေခံ ဒီမိုကရေစီအခွင့်အရေးများ မရရှိကြပေ။

ကြူကြူဝင်းနှင့် အခြားဆော်သြသူများသည်   ၂၀၁၂ နွေရာသီတွင် ၄င်းတို့၏ သမဂ္ဂကို ဖွဲ့စည်းခဲ့ကြပါသည်။ ၄င်းတို့သည် စာဖတ်ခန်း လုပ်ထားသော ရုံးခန်းတွင် အလုပ်သမား အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ကြပါသည်။

“ကျွန်မတို့ ဒီဥပဒေအကြောင်း နဲနဲသိလာတော့ ကျွန်မတို့ရဲ့ ရပိုင်ခွင့်တွေကို သိလာပါတယ်။ ကျွန်မတို့ တခြားလူတွေကို ပြန်ပြောပြရင် တခြားလူတွေကလည်း သူတို့ရပိုင်ခွင့်ကို တောင်းပါလိမ့်မည်” ဟု ၄င်းက ဆိုပါသည်။

ယခုမေလတွင် အလုပ်သမား  ၁၄၄ ဦးသည် အလုပ်ထုတ်ခံရသော  အလုပ်သမား လေးဦးအတွက် ဆန္ဒပြကြပါသည်။ ဆန္ဒပြမှုမှာ  နှစ်ပတ်ခန့်ကြာခဲ့ပါသည်။ ဆန္ဒပြသူများက အလုပ်ဖြုတ်ခံရသော အမျိုးသမီးများ အလုပ်ပြန်ရရေး၊ အရေးယူ မခံရဘဲ လွတ်လပ်စွာ စည်းရုံးခွင့်၊ လစာ မြင့်မားရေး တို့ကို တောင်းဆိုခဲ့ပါသည်။ အငြင်းပွားမှု ဖြေရှင်းပေးရေး ကောင်စီ၏ အကူအညီဖြင့် အလုပ်ဖြုတ်ခံရသော အလုပ်သမားများ ဇွန်လဆန်းတွင် အလုပ်ပြန်ရခဲ့ကြပါသည်။

စက်ရုံမန်နေဂျာ Kwangbok Song က ပြောကြားရာတွင်  ယခုဖြစ်ရပ်မှာ နားလည်မှုလွဲခြင်းသာဖြစ်ပြီး အလုပ်သမားများက အမှန်တကယ်တွင် အလုပ်သမားဥပဒေကို နားမလည်ခြင်းဖြစ်ကြောင်း ဆိုပါသည်။ အလုပ်သမားများက ၄င်းသည် အလုပ်သမားဥပဒေကို ချိုးဖောက်သည်။ မတရားခိုင်းစေသည်ဟု ဆိုနေခြင်းမှာ လုံးဝမှားယွင်းသည်ဟု ၄င်းကဆိုပါသည်။

“ကျွန်တော် သူတို့ဆီက လိုချင်တာက သူတို့ကျွန်တော်ဆီက လိုချင်တာနဲ့ မတူဘူးဖြစ်နေတယ်။ တစ်ရက်(၁၀) နာရီ အလုပ်ချိန်က သိပ်မများပါဘူး။ သူတို့ ခံယူချက် ပြောင်းဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်တို့ ကမ္ဘောဒီးယား တို့ကိုကြည့်ပါ။ တရုတ်ပြည်မှာ ဆိုရင် တနင်္ဂနွေနေ့ အလုပ်ဆင်းမလားလို့ မေးရင် သူတို့ အရမ်းပျော်တာ” ဟု မန်နေဂျာက ပြောပါသည်။

ကြူကြူဝင်းနှင့်  ငါးဦးသည် အလုပ်ပြန်ရသဖြင့်  ပျော်ကြပါသည်။ မြန်မာနိုင်ငံရှိ ILO ရုံးမှ Ross Wilsm က ပြောကြားရာတွင် ထိုသို့ လွယ်လွယ်ကူကူ ပြန်ရခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ဟုဆိုပါသည်။

Wilsm က ပြောကြားရာတွင်  ဥပဒေသစ်အတည်ပြုခဲ့ခြင်းမှာ ကောင်းမွန်သော်လည်း မကြာသေးမီက ဆန္ဒပြမှုများကြောင့်  ဥပဒေ၏ အမှားအယွင်းများရှိသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ အလုပ်ထုတ်ခြင်းများ ခွဲခြားဆက်ဆံမှုများအတွက်  အကာအကွယ်ပေးမှု အားနည်းနေဆဲ ဟုဆိုပါသည်။

“အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့တွေ  ကောင်စီတွေက အလုပ်ပြန်ခန့်ဖို့ အမိန့်တွေကို မလိုက်နာတဲ့ အလုပ်ရှင်အတွက် ထိရောက်တဲ့ ဒဏ်ပေးမှု မရှိပါဘူး။ ဒါကြောင့် ဒီကောင်စီတွေမှာ အချိန်ပေးပြီး တရားမျှတတဲ့ ဆုံးဖြတ်ချက်တွေ  ချပေးရတဲ့ အဖွဲ့ဝင်တွေစိတ်ပျက်ကြပါတယ်။ အလုပ်သမားတွေလည်း စိတ်ပျက်ပါတယ်။ ရွေးစရာလမ်း လည်း မရှိဘူး” ဟု Willson ကပြောပါသည်။

တချိန်တည်းမှာပင် ကြူကြူဝင်းသည် အလုပ်သမားများ၏ ရပိုင်ခွင့်များအတွက် ရှေ့ဆောင်လုပ်ပေး လျက်ရှိပါ သည်။ သူ၏ သမဂ္ဂအလုပ်များကြောင့် အလုပ်ပြုတ်မည်ကိုလည်း စိုးရိမ်နေပါသည်။ သို့သော် အဆိုပါ စိုးရိမ်စိတ်က သမဂ္ဂအလုပ်များ ရပ်ပစ်လိုက်ဖို့ကိုမူ မလွှမ်းမိုးနိုင်ပေ။


 

မွတ်ဆလင်များအပေါ်တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် မြန်မာဘုန်းကြီးများကို ဒလိုင်းလားမားတိုက်တွန်း

(AFP မှ 17 Sep 2013 ရက်စွဲပါ “Dalai Lama Urges Myanmar monks to stop attacking Muslims” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မွတ်ဆလင်လူနည်းစုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ အဆုံးသတ်အောင် မေတ္တာရပ်ခံ သည့်အနေဖြင့် ဒလိုင်းလားမားက မြန်မာဘုန်းကြီးများအား ဗုဒ္ဓဘာသာဝိနည်းတော်များအတိုင်း ပြုမူကြရန် အင်္ဂါနေ့က တိုက်တွန်းလိုက်ပါသည်။

“မြန်မာသံဃာတော်တွေအနေနဲ့ မွတ်ဆလင်ညီအစ်ကိုမောင်နှမတွေအပေါ် ဒေါသထွက်လာပြီဆိုရင် ကျေးဇူးပြု ပြီး ဗုဒ္ဓဝါဒကို သတိရလိုက်ပါ။” ဟု တိဘက်ဘုန်းတော်ကြီးက ပရော့ဂ် လူ့အခွင့်အရေးညီလာခံတွင် သတင်းထောက်များ အား ပြောကြားသည်။

“ပဋိပက္ခဘေးသင့်သားကောင် ဖြစ်လာမယ့် မွတ်ဆလင်ညီအစ်ကိုမောင်နှမတွေကို ဒီနည်းအားဖြင့် အကာ အကွယ်ပေးနိုင်လိမ့်မယ်လို့ သေချာပေါက် ပြောချင်ပါတယ်။” ဟု ပြည်ပရောက် တိဘက် ဘာသာရေးခေါင်းဆောင်က ဆိုပါသည်။

မနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေးအကြမ်းဖက်မှုများကြောင့် လူ ၂၀၀ ခန့်သေဆုံးခဲ့ရာတွင် သေဆုံးသူအများစုမှာ ရိုဟင်ဂျာ မွတ်ဆလင်များဖြစ်ကြပြီး၊ လူပေါင်း ၁၄၀,၀၀၀ ခန့် အိုးမဲ့၊အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အကြမ်းဖက်မှုများကို ပြတ်ပြတ်သားသား ရှုတ်ချရန် ပျက်ကွက်ခဲ့မှုအား ကာကွယ်သည့်အနေဖြင့် ထိုအကြမ်းဖက်မှုများရပ်တန့်အောင် သူမတစ်ဦးထဲ မတတ်နိုင်ကြောင်း ယခင်အပတ်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခင် တပ်မတော်အစိုးရက ကြိုတင်စီမံထားခဲ့သော နိုင်ငံရေးလှည့်ကွက်များကို ရင်ဆိုင်ရုန်းကန်ရပ်တည်နေ ရင်း လူ့အခွင့်အရေးကိစ္စနှင့် ဘာသာရေး၊ လူမျိုးရေးအစွန်းရောက် ပြဿနာများအကြား ထောင်ချောက်မိနေသူ မြန်မာအတိုက်အခံခေါင်းဆောင်က ပြဿနာ၏ အဖြေမှာ တရားဥပဒေစိုးမိုးမှုရှိအောင် တည်ဆောက်ရေးသာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

“ကျွန်မတစ်ဦးတည်းလုပ်ဆောင်နိုင်တဲ့အရာ မဟုတ်ပေမယ့် ကျွန်မတို့နိုင်ငံရဲ့ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်း တစ်ခုလုံး အားထုတ်လုပ်ဆောင် သွားရမယ့်ကိစ္စဖြစ်တယ်လို့ ကျွန်မယူဆပါတယ်။” ဟု မြန်မာအတိုက်အခံ ခေါင်းဆောင်က ဥရောပအလယ်ပိုင်းခရီးစဉ်တွင် ပထမဦးဆုံးရပ်နားသည့် ဝါဆော်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

၁၉၅၉ ခုနှစ်က မအောင်မြင်သော တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုအပြီးတွင် ပြည်ပသို့ တိမ်းရှောင်ခဲ့သူ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက “ကမ္ဘာကြီးမှာ ငါတို့ဖက်၊ သူတို့ဖက် ဆိုတဲ့ ကိစ္စကို အကျယ်ချဲ့တာများလွန်းနေပါတယ်။ ဒီ ရာစုနှစ်ဟာ ဒိုင်ယာလော့ ရာစုနှစ်ပဲ ဖြစ်သင့်တယ်။ စစ်ပွဲတွေမရှိသင့် တော့ဘူး။” ဟု သမိုင်းဝင်စကား ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ပရော့ဂ်မြို့ညီလာခံအဝန်းအဝိုင်းတွင် ဒလိုင်လားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး သီးသန့်တွေ့ဆုံခဲ့ကြသောကြောင့် တရုတ်တို့ အမျက်ထွက်နိုင်သည်ဟူသော သတင်းများထွက်ပေါ်လာသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးခေါင်းဆောင်သာ ဖြစ်ပြီး၊ အာဏာပိုင် အကြီးအကဲမဟုတ်သော ကြောင့် တရုတ်တို့ လူသိရှင်ကြား အမျက်ထွက်စရာ အကြောင်းမရှိကြောင်း အကဲခတ်လေ့လာသူများက မှတ်ချက်ပေးထားသည်။


 

ကင်ဘာရာသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာဖွယ်ရှိ

(The Age News မှ 18 Sept 2013 ရက်စွဲပါ “Aung San Suu Kyi Likely for Canberra” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလတွင် သြစတြေးလျနိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်ရာ၊ အက်ဘော့အစိုးရတာဝန်ရှိသူများနှင့် ကင်ဘာရာတွင် တွေ့ဆုံမည်ဟု မျှော်လင့် ရပါသည်။

ဆင်ဒနီနှင့် မယ်လ်ဘုန်းမြို့များ၌ အကြီးစားအခမ်းအနားများကျင်းပ၍ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော ကြားရန် စီစဉ်နေဆဲဖြစ်ပြီး၊ ဝန်ကြီးချုပ်သစ် တိုနီအက်ဘော့၊ နိုင်ငံခြားရေးဝန်ကြီးသစ် ဂျူလီဘစ်ရှော့ တို့ အပါအဝင်အခြား နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည့် အလားအလာရှိသည်။

အဆိုပါ ခရီးစဉ်သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများမစခင် သူမ၏ NLD ပါတီကို ထောက်ခံ အားပေးကြသည့် သြစတြေးလျားနိုင်ငံသားများကို ကျေးဇူးစကားဆိုနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု Deakin University နှင့် Australia Myanmar Institute မှ ပါမောက္ခဒါမိန်းကင်ဝ်ဘူရီ ကပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်ဆင်မင်ဒဲလား လိုပဲ စံနမူနာတင်ထိုက်တဲ့ အဆင့်အတန်းရှိပါတယ်။ ပြီးတော့ မနှစ်သက်သူ တစ်ဦးတစ်လေမှ မရှိနိုင်တဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် သူမကို အားလုံးက နွေးနွေးထွေးထွေး ကြိုဆိုကြပါလိမ့်မယ်။” ဟု ပါမောက္ခကင်စ်ဘူရီက ဆိုပါသည်။

ဒီဇင်ဘာလဆန်း ဆစ်ဒနီတွင် ကျင်းပမည့် ကုလညီလာခံသို့ AIDS ဝေဒနာရှင်များအတွက် စည်းရုံးလှုပ်ရှားသူ တစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လိမ့်မည်ဟု Fairfax Media က ဇူလိုင်လတွင် သတင်းထုတ်ပြန်ထားသည်။ အနားယူတော့မည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘော့ကားနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ရာသီဥတုသာယာ၍ အဆင်ပြေသောအချိန်တွင် သြစတြေးလျသို့ လာရောက် လည်ပတ်လိုကြောင်း ပြောကြားခဲ့ဘူးသည်။

Australia Myanmar Institute အပါအဝင် တက္ကသိုလ်များ၊ လူထုအဖွဲ့အစည်းများကလည်း တွေ့ဆုံဆွေးနွေး ပွဲများ ကမကထပြုကျင်းပကာ သူမ၏ ခရီးစဉ်ကို တစ်ဖက်တစ်လမ်းမှ ပါဝင်ကြိုဆိုကြရန် စီစဉ်နေကြသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ် မစီစဉ်မှီမတ်လအတွင်းက သြစတြေးလျနိုင်ငံသို့ သမ္မတဦးသိန်းစိန် ၄ ရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။

ပါမောက္ခ ကင်စ်ဘူရီ က မြန်မာနိုင်ငံ၏ လာမည့်ရွေးကောက်ပွဲများသည် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိပြီး၊ ၁၉၉၀ ခုနှစ်ကကဲ့သို့ အပြတ်အသတ်အနိုင်ရလဒ် ထွက်ပေါ်နိုင်ဖွယ်မရှိကြောင်း၊ NLD အနေဖြင့် အသာစီးရဖွယ်ရှိ သော်လည်း အမတ်နေရာ ၈၀ ရာခိုင်နှုန်းဖြင့် အလွယ်တကူ အနိုင်ရမည်ဟု မဆိုနိုင်ကြောင်း၊ ရွေးကောက်ပွဲသည် များစွာနီးကပ်လာ နေပြီဖြစ်ကြောင်း မှတ်ချက်ပေး ပြောကြားသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive