Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လွှတ်တော်ပြင်ပတွင် နိုင်ငံရေးဆွေးနွေးမည်

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လွှတ်တော်ပြင်ပ တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ အောက်တိုဘာလ ၇ ရက်နေ့ညနေ ၄ နာရီခွဲအချိန် ခန့်က မြစ်ကြီးနားမြို့ရှိ နန်းသီတာဟိုတယ်တွင် တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လွှတ်တော်တွင်ပါဝင်နိုင်ခြင်းမရှိသေးသောကြောင့် လွှတ်တော်ပြင်ပနိုင်ငံရေးဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီအနေနှင့် အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် စီစဉ်ထားသော်လည်း လတ်တလောအခြေအနေအရ နိုဝင်ဘာလခန့်မှသာ ဖြစ်နိုင်တော့မည်ဟုယူဆကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေးဆွေးနွေးပွဲ ကို ၂၀၁၄ ခုနှစ် ဧပြီလခန့်တွင် ပြုလုပ်နိုင်ရန် ရည်မှန်းထားကြောင်း ဝန်ကြီးက ထပ်မံပြောဆိုသည်။

“ကျွန်တော်တို့ အစိုးရရဲ့ကျန်ရှိနေတဲ့ သက်တမ်းအတွင်းမှာ ငြိမ်းချမ်းရေးအတွက် အနည်းဆုံး ၇၀ ရာခိုင်နှုန်းလောက်တော့ဖြစ်အောင် လုပ်သွားချင်တယ်” ဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားလက်နက်အဖွဲ့အစည်း ၁၆ ဖွဲ့အနက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားနိုင်သော အဖွဲ့ ၁၄ ဖွဲ့ရှိပြီး လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်မည့် ကေအိုင်အိုနှင့် ပလောက်လွတ်မြောက်ရေးတပ်မတော်တို့နှင့် အပစ်အခတ်လက်မှတ်ရေးထိုး နိုင်ခြင်း မရှိသေးပေ။

“နိုင်ငံရေးအရဖြေရှင်းဖို့ မျှော်လင့်နေတဲ့ ကေအိုင်အိုကို အစိုးရက စစ်ရေးနဲ့ တုံ့ပြန်နေတယ်ဆိုတော့ ယုံကြည်မှုပျက်ပြားသွားတဲ့အထိ အခြေအနေဖြစ်သွားတာ။ ကုစားဖို့ အချိန်တွေအများကြီးပေးရတော့မယ်။ အရပ်သားအစိုးရလက်ထက်မှာ အစိုးရနဲ့ ကေအိုင်အိုဟာ အဆိုးရွားဆုံးအဆင့်ကို ရင်ဆိုင်နေရတယ်” ဟု ကေအိုင်အိုမှ အရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

အစိုးအနေနှင့် အပစ်အခတ်ရပ်စဲရေးကို ဦးစွာပြုလုပ်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် လိုလားလျက်ရှိသော် လည်း ကေအိုင်အိုဘက်မှ အပစ်အခတ်ရပ်စဲရေးကို ဦးစွာမပြုလုပ်ဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် လိုလားလျက်ရှိရာ ယင်းအနေအထားမှ အခြေအနေတစ်ခုပေါ်သို့ ရောက်ရှိရန်အတွက် ကြန့်ကြန်နေခြင်း ဖြစ်ကြောင်း သိရသည်။

YC


နေပြည်တော်ရှိ လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲသို့ သမ္မတ တက်ရောက်မိန့်ခွန်း ပြောကြား

အောက်တိုဘာလ ၈ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာဗဟိုဌာန (MICC) တွင် ကျင်းပခဲ့သော "လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာဆွေးနွေးပွဲ" ၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာတွင် "နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းနိုင်ငံ ၏ ပညာရေးတိုးတက်မှုအပေါ်တွင် မူတည်နေပြီး နိုင်ငံတစ်ခု၏ ပညာရေးအဆင့်သည် အဆိုပါနိုင်ငံရှိ လူမျိုးများ၏ အသက်ဝိညာဉ်နှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်နှင့် လူ့အဖွဲ့အစည်းတစ်ခု၏ တည်ငြိမ်အေး ချမ်းမှု ဗဟိုဖြစ်သည်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယခုအချိန်၌ ပညာရေးကဏ္ဍတွင်  အခြေခံပညာရေးမှ စတင်ပြီး  အဆင့်မြင့်ပညာရေးစနစ်ဆီသို့  ပြုပြင်ပြောင်းလဲမှုများ စတင်ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာရေးကဏ္ဍတွင် မသင်မနေရစနစ်ကို ထည့်သွင်းခြင်း၊ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ခြင်း၊ ကျောင်းဆောင်သစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် ကျောင်းအဆင့်ကို တိုးမြှင့်ဖွင့်လှစ်ခြင်း၊ ပညာရေးမှူးရုံးဖွဲ့စည်းပုံအင်အားတိုးချဲ့ခြင်း၊ ဆရာ၊ ဆရာမများအား ပညာရှင်အဆင့်တိုးမြှင့်ပေးခြင်း၊ ကလေးဗဟိုပြု ချဉ်းကပ်သင်ယူမှုပုံစံဖြင့်  လေ့ကျင့်သင်ကြားပေးရန် ဆောင်ရွက်ခြင်း၊ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် ပညာရေးဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပပေးခြင်းတို့ကို အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံ တော် သမ္မတက အဆိုပါ ဆွေးနွေးပွဲတွင် ပြောသည်။

နိုင်ငံ၏ အဆင့်မြင့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန် အတွက်  နိုင်ငံတကာအဆင့်မီမည့် Quality Assurance စနစ်တစ်ခုဖြစ်ပေါ်လာစေရေးမှာလည်း အရေးကြီးပြီး၊ ထိုသို့ အကောင်အထည်ဖော်ရာ၌  နိုင်ငံတကာတက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာတက္ကသိုလ် များနှင့် ချိတ်ဆက်သောကွန်ရက်များ မြှင့်တင်ဆောင်ရွက်ခြင်း၊ သင်ကြားရေးမဟာဌာနများ ဖွဲ့စည်းခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု သင်တန်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ ပညာသင်ဆုများ ချီးမြှင့်၍ ထူးချွန်ပညာရှင်များ မွေးထုတ်ခြင်း ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၏ အရည်အသွေးမြှင့်တင် ခြင်းစသည်တို့အပြင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၌ ပုဂ္ဂလိကဏ္ဍပါဝင်လာနိုင်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းခြင်းနှင့် အင်္ဂလိပ်စာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဥပဒေပညာနှင့် စီးပွားရေး ပညာဘာသာရပ်များ သင်ကြားမှု မြှင့်တင်ခြင်း တို့ကိုလည်း ဆောင်ကြဉ်းပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် မြန်မာ့ပညာရေးစနစ်မှ မွေးထုတ်ပေးလိုက်သော မျိုးဆက်သစ်များသည် အနာဂတ်ဒီမိုကရေစီ၊ မြန်မာ့လူ့ အဖွဲ့အစည်းနှင့် ကိုက်ညီမည့် နိုင်ငံကြီးသားပီသသူ၊ ဗလငါးတန်ပြည့်ဝသူများနှင့် ပညာရပ်တစ်ခုခုကို တတ်သိနားလည်ပြီး  တီထွင်ဖန်တီးနိုင်စွမ်းရှိမည့် သူများကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း သမ္မတမှ ဆက်လက်ပြောကြား သည်။

ခေတ်မီသောပညာရေး စနစ်တစ်ခု ရရှိစေရန် ကြိုးပမ်းရာတွင် ရေတိုစီမံကိန်းနှင့် ရေရှည်စီမံကိန်း(Action Plan) များဖြင့် ရေးဆွဲကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာ့ပညာ ရေးမြှင့်တင်ရေး အဖွဲ့အစည်းတစ်ခုကို  အငြိမ်းစားပညာရှင်ကြီးများ၏ အကြံဥာဏ်များ၊ ပညာရေးနှင့်  သက်ဆိုင်သူ ကျွမ်းကျင်သူများ အားလုံးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့ အစည်းနှင့် မြန်မာနိုင်ငံပညာရေးဖောင်ဒေးရှင်းတို့မှ ပုဂ္ဂိုလ်များ၊ အမျိုးသားအကြံပေးပညာရှင်များ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပံ္ပပညာရှင်အဖွဲ့၊ ပညာရှင်များ ၊ တာဝန်ရှိသူများ တက်ရောက်လာခဲ့ကြသည်။

YC


၂ဝ၁၃ ခုနှစ်တွင် အရှေ့အာရှဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ကျဆင်းသွားသော်လည်း မြန်မာနိုင်ငံ၏ GDP မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိလာမည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာပြောဆို

အရှေ့အာရှဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အရှိန်နှေးကွေး သွားသော်လည်း ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံ၏ GDP သည် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရှိရသည်။

ယခု ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးတိုးတက်မှု ခန့်မှန်ချက်မှာ  ၂ဝ၁၃ ခုနှစ်အတွက် ၇ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ကာ ၂ဝ၁၄ ခုနှစ် အတွက် ၇ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

“အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွေမှာ ရှိတဲ့ နိုင်ငံတွေဟာ အခြားဒေသတွေထက် သာလွန်ပြီး ကမ္ဘာ့စီးပွားရေးရဲ့ မောင်းနှင်အား တစ်ခု ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး GDP ရဲ့ ရာခိုင်နှုန်း ၄ဝ ကို ကိုယ်စားပြုပါတယ်။ တစ်ကမ္ဘာလုံး စီးပွားရေး ဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်နေတဲ့ ဒီနေ့ခေတ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေဖို့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတွေကို ဆောင်ရွက်ဖို့အတွက် ဖွဲ့စည်းမှုနဲ့ မူဝါဒ ပြောင်းလဲမှုတွေလုပ်ဖို့ အချိန်ကောင်းဖြစ်ပါတယ်” ဟု အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဋ္ဌ Axel Van Trotsenburg က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂ဝ၁၁ ခုနှစ်က GDP ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝ၁၂ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်အတွက်မူ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဟု ယခုလက်ရှိ ထုတ်ပြန်လိုက်သော နှစ်လယ် အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က ခန့်မှန်ထားပြီး လာမည့် ၂ဝ၁၄ ခုနှစ်နှင့် ရွေးကောက်ပွဲ ကျင်းပမည့် ၂ဝ၁၅ ခုနှစ် တို့တွင် မြန်မာနိုင်ငံ၏ ပျှမ်းမျှ GDP ၆ ဒသမ ၉ ရာခိုင်နှုန်း ရှိလာမည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အတူပင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် တိုးတက်ကောင်းမွန်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝ၁၂ - ၂ဝ၁၃ ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း ရှိလာခဲ့ရာမှ ပြီးခဲ့သည့် လပိုင်းအတွင်း သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

ယခု ဖော်ပြလိုက်သည့် စစ်တမ်းအရ အာဆီယံအဖွဲ့သို့ နောက်ကျပြီး ဝင်လာသောလေးနိုင်ငံဖြစ်သည့် ဗီယက်နမ်၊ ကမ္ဘာဒီးယား လာအို နှင့် မြန်မာနိုင်ငံတို့တွင် ၂ဝ၁၃ ခုနစ် လာအိုနိုင်ငံ၏ GDP မှာ ရှစ်ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား နိုင်ငံသည် ခုနစ်ရာခိုင်နှုန်း ၊ မြန်မာနိုင်ငံ၏ GDP မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း နှင့် ဗီယက်နမ် နိုင်ငံမှာ ၅ ဒသမ ၃ ရာခိုင်နှုန်း ရှိလာမည် ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွက် ဆက်လက် ထည့်သွင်း ဖော်ပြထားသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“၂၀၁၅ အတွက် ဦး တို့ တိုင်းရင်းသားတွေက ပြင်ဆင်နေတယ်။ ဘာပဲဖြစ်ဖြစ် ဦးတို့က ရှိတဲ့လမ်းကိုပဲ လျှောက်ရတော့မယ်။ ဆူးခင်းလမ်းကို လျှောက်လဲ လျှောက်ရမှာပဲ၊ ချောတဲ့လမ်းကိုလည်း လျှောက်ရမှာပဲ၊ ပြောင်းသည် ဖြစ်စေ၊ မပြောင်းသည်ဖြစ်စေ လျှောက်ရမှာပဲ။”

အောက်တိုဘာလ ၈ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၃) အမှတ် (၂၇) တွင်ပါရှိသော “ပြည်သူတွေ လက်ထဲရောက်လာတဲ့ နိုင်ငံရဲ့အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုတဲ့ အတိုက်အခံများအတွက် ကြီးမားတဲ့စိန်ခေါ်မှု” သတင်းမှ ဦးခွန်ထွန်းဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


မေး - “နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေမှာ တစ်ဘက်နဲ့တစ်ဘက် ဘာတွေအခက်အခဲ ဖြစ်နေတာလဲ ခင်ဗျ။”

ဖြေ - “ကတိကဝတ်တွေပေါ့။ နောက်ပြီးတော့ တပ်နေရာချထားရေးတွေပေါ့နော်။ သူက အပစ်ရပ်တာလုပ်ပြီးပြီ ဆိုရင် မကြာခင်မှာ ချက်ချင်းဖြစ်နိုင်ရင် နိုင်ငံရေးဆွေးနွေးပွဲစဖို့ လိုတယ်လေ။ ပြည်ထောင်စုအဆင့်လောက်ထိ လုပ်ပြီးပြီဆိုတော့ လည်း နိုင်ငံရေးဆွေးနွေးပွဲက မစနိုင်ဘူး။ မစနိုင်တဲ့အခါကျတော့ အောက်မှာထိတွေ့မှုတွေက မကြာခဏဖြစ်ကြရတယ်။ အဓိကတော့ တပ်နေရာချရေးပေါ့။ အပြီးမညှိနိုင်ဘူး။ တိတိကျကျနှစ်ဘက်လုံး ညှိနှိုင်းပြီးတော့ နှစ်ဘက်စလုံး လိုက်နာတယ်ဟေ့ဆိုရင်တော့ ပြဿနာမရှိပါဘူး။”

အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် Venus News Journal အတွဲ (၅) အမှတ် (၁၁) တွင်ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေကို တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံမျိုးဖြစ်အောင် ပြင်ချင်တယ်” အင်တာဗျူးမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“ထောက်ပံ့ငွေတွေကြောင့် နိုင်ငံရေးပါတီတွေကြားမှာ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေကလည်း မမျှတ တော့ပဲ တရားမျှတမှုဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။ နောက်တစ်ခုက နိုင်ငံခြားကလာတဲ့ အထောက်အပံ့တွေက များသော အားဖြင့် အင်အားကြီးပါတီတွေကို စီးဆင်းတာများလာပါလိမ့်မယ်။ ဦးတည်လာပါ လိမ့်မယ်။ အဲ့တော့ အင်အားသေးငယ်တဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ကလည်း မညီမျှတဲ့မဖြစ်စလောက် ထောက်ပံ့မှုကိုပဲ ရရှိပါလိမ့်မယ်။”

အောက်တိုဘာလ ၈ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နိုင်ငံခြားထောက်ပံ့ငွေ များအား တရားမျှတစွာ သုံးစွဲနိုင်ရန် ရွေးကောက်ပွဲကော်မရှင် စီစဉ်ပေးသင့်ဟုဆို” သတင်းမှ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဥက္ကဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“အခု မြေသိမ်းတဲ့ ကိစ္စတွေမှာ ဘယ်နှစ်ခုနှစ်က ကိစ္စတွေဆိုပြီး မစဉ်းစားတော့ဘူး။ ပြည်သူတွေရဲ့ နစ်နာမှုရှိ လာတဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ ခေါင်းစဉ်ထဲမှာ ပါတဲ့  တာဝန်အရ ၈၈ နောက်ပိုင်းတွေကို လုပ်ရမယ်ပြောပေ မယ့် ပြည်သူတွေရဲ့ နစ်နာမှုကို ဒီအတိုင်းတော့ ကြည့်နေလို့မရဘူး။ စုံစမ်းဖော်ထုတ်ပေးရမယ်။ နစ်နာတာကို ဖြေရှင်းဖို့ နိုင်ငံတော်မှာ တာဝန်ရှိတယ်။”

အောက်တိုဘာလ ၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ရန်ကုန်တိုင်းတွင် လယ်ယာမြေ၊ အခြားမြေများနှင့် ပတ်သက်၍ နစ်နာမှု တိုင်ကြားစာပေါင်း ၁၁၀၀ ကျော်ရှိ” သတင်းမှ လယ်ယာမြေနှင့် အခြားမြေများ  သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


“ဆီးဂိမ်း၊ အာဆီယံဥက္ကဋ္ဌတာဝန်တွေနဲ့အတူ ဆင်းရဲသားပပျောက်ရေးတွေ၊ ဒီလိုအရေးတွေနဲ့ ရှုတ်ယှက်ခတ် နေတဲ့အချိန်မှာ ဖွဲ့စည်းပုံကိုပါ အလောတကြီးပြင်မယ်ဆိုရင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လျော့နည်းသွားလိမ့်မယ်။ အောက်ခြေကို စနစ်တကျမပြင်ဆင်ရသေးပဲ တစ်ခုပြီးတစ်ခု ဆက်လုပ်နေရင်တော့ ဆင်းရဲသားပြည်သူတွေသာ နောက်ဆုံးမှာ နစ်နာရပါလိမ့်မယ်။”

အောက်တိုဘာလ ၈ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ပြင်ဆင်ရန် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီလိုလား”သတင်းမှ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဦးကျော်စွာစိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive