Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

ဘာသာပြန်သတင်းများ (၃)

မြန်မာနိုင်ငံ ဗုံးကွဲမှုကြောင့်  ခရီးသွားများအား သတိပေးချက် ထုတ်ပြန်ထားရ

(AFP မှ 16 Oct 2013 ရက်စွဲပါ  “Myanmar bombs trigger warnings to travelers ” သတင်းကို ဘာသာပြန်ဆို သည်)

ရန်ကုန်မြို့ ကြယ်ငါးပွင့် ဟိုတယ်တစ်ခုတွင် အမေရိကန် အမျိုးသမီးတစ်ဦီး ထိခိုက်ဒဏ်ရာရခဲ့သော ဗုံးကွဲမှုအပါအဝင် မြန်မာနိုင်ငံတွင် အသေးစားဗုံးကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက်  ခရီးသွားဧည့်သည်များ အဆုံးစွန်သတိထားကြရန် အနောက်နိုင်ငံအစိုးရများက သတိပေးလိုက်ပါသည်။

ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျား အစိုးရများက ၄င်းတို့နိုင်ငံသားများ မြန်မာနိုင်ငံသို့မသွားရန် အကြံပြုခြင်းမရှိသေးသော်လည်း နိုးနိုးကြားကြား သတိပေးကြရန် တိုက်တွန်းထားသည်။

တနင်္လာနေ့က ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်တွင်  ဗုံးပေါက်ကွဲပြီးနောက် ဗြိတိသျှနိုင်ငံခြားရေးဌာနက အကြံပြုချက် ထုတ်ပြန်ရာတွင် “အကြမ်းဖက်ဝါဒ၏ ဆိုးဝါးသော ခြိမ်းခြောက်မှုရှိနေကြောင်း၊ နိုင်ငံခြားဧည့်သည်များ အသွားအလာများသောနေရာ အပါအဝင် နေရာတကာတွင် မဆင်မခြင် တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်ကြောင်း ၊ တိုက်ခိုက်မှု၏ အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရသေးကြောင်း ” ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီဇင်ဘာလတွင် ဒေသတွင်းဆီးဂိမ်းအားကစားပွဲကို လက်ခံကျင်းပရန် ပြင်ဆင်နေသလို လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူတော့မည့်အချိန်တွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်တိုက်ဖြစ်ပွားခဲ့သော အသေးစားဗုံးပေါက်ကွဲမှုများသည် အမြောက်အများ ထိခိုက်ပျက်စီးစေလိုခြင်းထက် လက်ရှိအရပ်သား အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ထိခိုက်စေရန် ၊ နှေးကွေးစေရန် ရည်ရွယ်ခြင်း ဖြစ်ပုံရသည်ဟု အကဲခတ်လေ့လာသူများက ပြောကြားသည်။

ယခင်တပ်မတော် အစိုးရလက်ထက်က ပြည်ပရောက် အုပ်စုများ၊တိုင်းရင်းသားသူပုန်များအပေါ် အမြဲတစေ စွပ်စွဲခဲ့သည့် ပေါက်ကွဲမှုများနှင့် အတော်များများ တူညီနေသော လတ်တလော ဗုံးပေါက်ကွဲမှုများအတွက် တာဝန်ရှိကြောင်း ကြေညာသော အုပ်စုမရှိသေးပေ။

ရန်ကုန်မြို့၏ အကောင်းဆုံးစာရင်းဝင် ထရိတ်ဒါးဟိုတယ်တွင် ဗုံးပေါက်ကွဲပြီးနောက် ပေါင်နှင့်လက်တွင် ဒဏ်ရာရရှိသွားသော အမေရိကန်အမျိုးသမီးကို ဆေးရုံတင်ထားသည်ဟု သိရှိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူကို အင်္ဂါနေ့ မနက်အစောပိုင်းက အရှေ့တောင်ပိုင်း မွန်ပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ထိုသူသည် ပေါက်ကွဲမှုဖြစ်ပွား သော ဟိုတယ်ခန်း၌ ဗုံးမကွဲမီရက်က တည်းခိုသွားခဲ့သူဖြစ်သည်ဟု ဆိုသည်။

အထက်ပါသံသယရှိသူသည် KNU တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး KNU အဖွဲ့နှင့် အစိုးရအကြား အပစ်ရပ်စဲခဲ့ခြင်းအပေါ်  မကျေနပ်ကြောင်း ပြသရန် ကြိုးစားခဲ့ခြင်း ဖြစ်နိုင်သည်ဟု အမည်မဖော်လိုသော  KNU သတင်းရပ်ကွက်က AFP သို့ ပြောကြားခဲ့သည်။

သို့ရာတွင် ဗုံးပေါက်ကွဲမှု၌ KNU အဖွဲ့ ပါဝင်ပတ်သက်ခြင်းမရှိဟု KNU ဒုတိယဥက္ကဋ္ဌ နော်ဇစ်ပိုရာစိန်က ငြင်းဆိုထားသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံးက မြန်မာနိုင်ငံသို့ အလည်လာသူများ သတိထားကြရန် တိုက်တွန်း ထားသော် လည်း အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အထောက်အထား မတွေ့ရဟု ပြောကြားသည်။

မည်သည့်နေရာတွင်မဆို ပေါက်ကွဲမှုများ ဖြစ်နိုင်သည်ဟု သြစတြေးလျနိုင်ငံ သတိပေးထားပြီး ပြင်သစ်အစိုးရကလည်း လူစည်သောနေရာများတွင် နိုးနိုးကြားကြား သတိထားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ရန်ကုန်မြို့နှင့် အခြားမြို့များ၌ ဆက်တိုက်ဗုံးကွဲများသည် ပြည်သူလူထု ချောက်ချားအောင် ဖန်တီးရန်၊ တည်ငြိမ်အေးချမ်းမှုနှင့် ဥပဒေစိုးမိုးမှု ပျက်ပြားအောင် နှောက်ယှက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် New light of Myanmar အင်္ဂလိပ်သတင်းစာက ဆိုပါသည်။

ထို့အပြင် သံသယရှိသူ စောမြင့်လွင် ၂၇ နှစ်ကို ပြည်သူတို့၏ ပူးပေါင်းကူညီမှုကြောင့် မြန်မြန်ဆန်ဆန် ဖမ်းဆီးနိုင်ခဲ့ကြောင်း နေပြည်တော်နှင့်  ၆၅ ကီလိုမီတာအကွာ တောင်ငူမြို့တွင် လူနှစ်ဦးသေဆုံးခဲ့သော တည်းခိုခန်း ဗုံးကွဲမှုနှင့် ပတ်သက်နေသူ စောထွန်းထွန်းကိုလည်း အာဏာပိုင်များက ဖမ်းဆီးရမိထားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

နောက်ထပ် လက်လုပ်ဗုံးနှစ်လုံးကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် တနင်္လာနေ့က တွေ့ရှိသိမ်းဆည်းခဲ့ပြီး အင်္ဂါနေ့ မနက်အစောပိုင်းကလည်း စစ်ကိုင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုနှင့် ဘုရားတစ်ဆုတွင် ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။


                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive