Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာနိုင်ငံ၏ မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို ကုလကိုယ်စားလှယ် ရှုတ်ချ

(Reuters မှ 25 Oct 2013 ရက်စွဲပါ “UN envoy slams Myanmar’s anti-muslim violence”  သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးအလွန် ထွက်ပေါ်လာသော နိုင်ငံရေး၊ စီးပွားရေး အထင်ကရ ပြောင်းလဲမှုများကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်နေသော အကြမ်းဖက်ဘာသာရေး အဓိကရုဏ်းများသည် မွတ်ဆလင် ဆန့်ကျင်ရေး ခံစားမှုကို ပုံဖော်နေသည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြောကြားလိုက်သည်။

“နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတဲ့ ရခိုင်ပြည်နယ် အနေအထားဟာ မွတ်ဆလင် မုန်းတီးရေး ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်နေသလိုပါပဲ” ဟု ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တို့မာ့စ်အိုဂျာကင်တာနာ က ကြာပတေးနေ့တွင် ပြောကြားသည်။

လူ့အခွင့်အရေးကိစ္စများကို ဆွေးနွေးသည် ကုလအထွေထွေညီလာခံ တတိယကော်မတီသို့ ပြောကြားရာတွင် ကင်တာနာ က “မွတ်ဆလင် အသိုင်းအဝိုင်း အထူးသဖြင့် ရိုဟင်ဂျာတို့အပေါ် ခွဲခြားဆက်ဆံမှုကိစ္စကို မဖြေရှင်းနိုင် သေးပါဘူး။ ဇွန်လ အကြမ်းဖက်မှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုအပါအဝင် ဆိုးဆိုးဝါးဝါး ချိုးဖောက်မှု များကိုလည်း မဖြေရှင်းနိုင်သေးပါဘူး” ဟု ဆိုပါသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ မစ်ရှင် ကိုယ်စားလှယ်က တတိယကော်မတီသို့ ပြန်လည်ပြောဆိုရာတွင် “မြန်မာ နိုင်ငံရဲ့ လက်ရှိ အထင်ကရ ဒီမိုကရေစီပြောင်းလဲမှုတွေဟာ အစိုးရရဲ့ စိတ်နေသဘော ပြောင်းလဲလာတာကို အထင်ရှား ဆုံး ပြသနေပါတယ်။ အရေးကြီးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလမှာ စိန်ခေါ်မှုတွေကို မဖြုံတဲ့နိုင်ငံ ဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မှာ မမျှော်လင့်တဲ့လူမျိုးရေး အကြမ်းဖက်မှုက တဆင့် ရက်စက်တဲ့ ရာဇဝတ်မှုတွေပေါက်ဖွားလာတာကို ရင်ဆိုင်ခဲ့ရပါတယ်။ နှစ်ဖက်စလုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှု အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါတယ်” ဟု ရှင်းလင်းတင်ပြခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တာနာက “မြန်မာနိုင်ငံရဲ့ ဘာသာမတူ၊ မျိုးနွယ်မတူ ပြည်သူတွေအကြားမှာ ယုံကြည်မှု၊ လေးစားမှု၊ ကိုယ်ချင်းစာမှုတွေ အပြန်အလှန်ထားရှိဖို့ လိုအပ်နေတာကို အလေးထား ဖော်ပြတဲ့ မိန့်ခွန်းတွေကို သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်”

“ဒါပေမယ့်လည်း ခွဲခြားဆက်ဆံရေး အယူအဆတွေ ပျံ့နှံ့နေတာတွေကို ကိုင်တွယ်ဖို့နဲ့ မလုံခြုံတဲ့ လူနည်းစု ပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် အစိုးရအနေနဲ့ အများကြီးလုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။” ဟု ဆက်လက်ပြောကြားသွားသည်။

မြန်မာလူဦးရေသန်း ၆၀ အနက် မွတ်ဆလင်ဦးရေမှာ ခန့်မှန်းခြေ ၅ ရာခိုင်နှုန်းခန့် ရှိသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(VOA News မှ 24 Oct 2013 ရက်စွဲပါ “Party: Burma’s President won’t seek second term” သတင်းကို ဘာသာပြန်ဆိုသည်)

(24 Oct 2013 ရက်စွဲပါ The Telegraph မှ “Suu Kyi lets us down” ကို ဘာသာပြန်ဆိုပါသည်)


ဒုတိယသက်တမ်းအတွက် ဦးသိန်းစိန် မပြိုင်တော့ဟု ပါတီခေါင်းဆောင်ပြောကြား

(VOA News မှ 24 Oct 2013 ရက်စွဲပါ “Party: Burma’s President won’t seek second term” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအလွန်ပြောင်းလဲမှုလှိုင်းကို ပဲ့ကိုင်ခဲ့သူ သမ္မတဦးသိန်းစိန်သည် လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ၎င်း ပါတီခေါင်းဆောင် က ကြာသာပတေးနေ့တွင် ပြောကြားလိုက်သည်။

စီးပွားရေးပြုပြင်ပြောင်းလဲခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးညှိနှိုင်းခြင်းတို့ကြောင့် နိုင်ငံတကာအသိအမှတ်ပြုခံရသူ သမ္မတဦးသိန်းစိန်က ဒုတိယသက်တမ်းသည် ပြည်သူ လူထုဆန္ဒနှင့် သူ၏ ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်နေသည်ဟု မနှစ်ကပြောကြားခဲ့သည်။

လွှတ်တော်ဥက္ကဌတစ်ဦးဖြစ်သူ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် ဦးရွှေမန်းက “သမ္မတအဖြစ် အရွေးမခံတော့ဘူး လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ သူ့ အနေနဲ့ ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ပြောတာပါ။” ဟု ထုတ်ဖော် ပြောကြားသည်။

အသက် ၆၈ နှစ်အရွယ် မြန်မာအစိုးရ အကြီးအကဲသည် နှလုံးကျန်းမာရေးအတွက် Peacemaker တပ်ဆင် ထားရသည်ဟု အများစုက ယုံကြည်ထားကြသည်။

ယခင် တပ်မတော်အစိုးရအဖွဲ့တွင် ဦးသိန်းစိန်ထက် ရာထူးမြင့်သူ ဦးရွှေမန်းသည်လည်း တပ်မတော်နှင့် ဆက်ဆံ ရေးကောင်းပြီး၊ လွှတ်တော်အမတ်များ၏ လေးစားခြင်းခံရသူတစ်ဦးဖြစ်၍ ပြုပြင်ပြောင်းလဲရေး လိုလားသော အလယ် အလတ်ဝါဒီတစ်ဦးဖြစ်သည်ဟု သတ်မှတ်ခံရသူ ဖြစ်သည်။ ထို့အပြင် သမ္မတနေရာ ယှဉ်ပြိုင်လိုသော ဆန္ဒကိုလည်း မဖုံးမကွယ် ထုတ်ဖော်ခဲ့သူ ဖြစ်သည်။

ယခုနှစ်တွင် ဦးသိန်းစိန်ထံမှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ နေရာကို လွှဲယူခဲ့သူ ဦးရွှေမန်း၏ သမ္မတဖြစ်နိုင်ခြေသည် အခြေခံဥပဒေပြင်ဆင်မှု အတိုင်းအတာပေါ်တွင် မူတည်နေသည်ဟု အကဲခတ်လေ့လာသူများက ပြောကြားသည်။ ယခင် အကြီးအကဲဟောင်း ဦးဆောင်ရေးဆွဲခဲ့သော အငြင်းပွားဖွယ် ၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်အမတ် ၁၀၉ ဦးပါ ကော်မတီက ပြန်လည်သုံးသပ်လျက်ရှိသည်။

လာမည့် ၂၀၁၅ သမ္မတလောင်းရွေးပွဲတွင် အလွန့်အလွန် လူကြိုက်များသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ရသော်လည်း ပြည်ပနိုင်ငံသားခံယူထားသော မိသားစုဝင်ရှိ ပါက သမ္မတလောင်းအရည်အချင်းနှင့် မကိုက်ညီဟု ဖော်ပြထားသော အခြေခံဥပဒေ စည်းကမ်းကို ပြင်ဆင် (သို့) ပယ်ဖျက်မှ သာ ဖြစ်နိုင်မည် ဖြစ်သည်။

နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့သော ဦးရွှေမန်းက ယခင်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ် မှူးကြီးသန်းရွှေသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အရာများမှားယွင်းသွားမည်ကို ပူပန်နေသည် ဟုပြောကြား သော်လည်း အသေးစိတ်ရှင်းလင်းခြင်းမပြုပေ။

“ဗိုလ်ချုပ်မှူးကြီးက တိုင်းပြည်မှာ တိုးတက်ပြောင်းလဲနေတာကို စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ အမှား အယွင်း ဖြစ်မှာကိုလည်း ကြောင့်ကြနေတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ ရည်ရွယ်ချက် မရှိတော့ပါဘူး။ ရှိခဲ့ရင် တောင် လက်တွေ့လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး” ဟု ဦးရွှေမန်းက ပြောကြားခဲ့သည်။

ဦးသန်းရွှေသည် မြန်မာနိုင်ငံကို နှစ်ပေါင်းနှစ်ဆယ်ကျော်ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့သည့်ကာလအတွင်း လူထုတစ်ရပ်လုံး၏ မုန်းတီးဝေဖန်မှုကို ခံရသူတစ်ဦးဖြစ်ပြီး၊ လူမြင်ကွင်းမှ ၎င်းပျောက်ကွယ်သွားမှုသည် ၎င်းသေဆုံးသည့် သတင်းမှသည် နောက်ကွယ်မှ အရိပ်လိုထိန်းချုပ်နေသည့် သတင်းအထိ အမျိုးမျိုးမှန်းဆ ပြောကြားမှုများကို စဉ်ဆက်မပြတ် ဖြစ်ပ်ါစေသော်လည်း အများထင်သလိုမဟုတ်ဟု ဦးရွှေမန်းက ငြင်းဆို ဖြေရှင်းသည်။

ယခုကဲ့သို့ ဦးသန်းရွှေ စိတ်ဝင်တစ်စား စောင့်ကြည့်နေခြင်း၊ သမ္မတအဖြစ် ဦးသိန်းစိန် အရွေးမခံတော့ခြင်း တို့ကို ဦးရွှေမန်း က ပထမဆုံး ထုတ်ဖော်ပြောဆိုလိုက်သည့် ကိစ္စ၏ နောက်ကွယ်တွင် စိတ်ဝင်စားစရာ အကြောင်းများ ရှိလိမ့်မည်ဟု ရန်ကုန်မြို့မှ အတွင်းသိ၊အစင်းသိ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးကြသည်။


ဒေါ်အောင်ဆန်းစုကြည်သည် မျှော်လင့်သလို မဖြစ်၍ စိတ်ပျက်

(24 Oct 2013 ရက်စွဲပါ The Telegraph မှ “Suu Kyi lets us down” ကို ဘာသာပြန်ဆိုပါသည်)

ဒေါ်အောင်ဆန်းစုကြည်၏ အာဏာရှင်အား ကာလကြာရှည် ဆန့်ကျင်ခဲ့ခြင်းနှင့် (၁၅) နှစ်ခန့် နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသည့် ခက်ခဲလှသည့် အတွေ့အကြုံများမှာ နားလည်ရန် အတော်ခက်ခဲလှသည့် အတွေ့အကြုံများ၊ ကိစ္စရပ်များ ဖြစ်ပါသည်။ ထိုသို့ ခါးသီးသော အတွေ့အကြုံများအပြီးတွင် ယခုကဲ့သို့ ၂၀၁၅ ရွေးကောက်ပွဲ သူ၏တိုင်းပြည်တွင် သမ္မတဖြစ်လာရန် နီးစပ်နေချိန်၌ သူ့အပေါ် အများ၏အမြင်တွင် ထိခိုက်စေမည့် ကိစ္စများရှိလာသည်မှာ ဝမ်းနည်းဖွယ်ပင် ဖြစ်ပါသည်။ ဝမ်းနည်းဖွယ်ရာပင်၊ မြန်မာနိုင်ငံ၏ မွတ်ဆလင်လူနည်းစုအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြတ်သားမှုမရှိသည့် သဘောထားသည် အထက်ကဆိုခဲ့သလိုဖြစ်ရန် ခြိမ်းခြောက်မှု ရှိနေပါသည်။

ယမန်နေ့က Today Programme တွင် ပြောကြားခဲ့သောသူ၏ စကားလုံးများသည် လေးလေးနက်နက် စိတ်ပျက် ဖွယ် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မွတ်ဆလင်ပေါင်း (၁၄၀၀၀၀) ခန့်ကို နေအိမ်များ စွန့်ခွာထွက်ပြေးစေခဲ့သော လူမျိုးရေးအကြမ်းဖက်များကို ရှင်းပြရန်ကြိုးစားခဲ့ရာ ဗုဒ္ဓ္ဒဘာသာအများစု၏ ကြောက်စိတ်၏ ထွက်ကုန်တစ်ခုအဖြစ် ရှင်းပြခဲ့ ပါသည်။

“ဒီအချက်ကို ကမ္ဘာကြီးက နားလည်ပေးဖို့လိုအပ်ခြင်း ဖြစ်ပါတယ်။ ကြောက်ရွံ့ခြင်းက မွတ်ဆလင်ဘာသာဝင် တွေမှာတင် ရှိတာမဟုတ်ပါဘူး၊ ဗုဒ္ဓ္ဒဘာသာဝင်တွေမှာလဲ ကြောက်စိတ်ရှိနေပါတယ်”ဟု သူကပြောပါသည်။ သို့သော်မွတ်ဆလင်များ သည် မြန်မာနိုင်ငံလူဦးရေ၏ ၄% သာရှိပြီး ပြီးခဲ့သည့်နှစ် ရခိုင်ပြည်နယ် အဓိကရုဏ်းများဖြစ် ကတည်းက မွတ်ဆလင်များကိုသာ ရွေးချယ်၍ ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပါသည်။ ၉၀% ရှိသော အများစု၏ ကြောက်စိတ် နှင့် ရန်သူများဝိုင်းနေပြီး လူနည်းစု၏ ကြောက်စိတ်ကို ညီမျှခြင်းချခြင်းသည် တဖက်သားအပေါ် လုံးဝစာနာမှုမရှိခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် ကျူးလွန်ခံရသော အဓိကသားကောင်များ ဖြစ်သော ရိုဟင်ဂျာမွတ်ဆလင်များသည် နိုင်ငံသား များအဖြစ်ပင် ခွင့်ပြုခံရခြင်းမရှိပေ (ထိုကိစ္စတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိပေ)

အားလုံးတွင် ‘အထိဆုံး’ မှာ ရိုးရိုးလေးမေးလိုက်သော မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တုန့်ပြန်မှု ဖြစ်ပါသည်။ “သင့် အနေနဲ့ မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို ရှုတ်ချပါသလား” ဟုမေးရာ ၎င်းက “ကျွန်မ အနေနဲ့ မုန်းတီးမှုတွေ အစွန်းရောက်မှုတွေ အပေါ်မှာ အခြေခံတဲ့ လှုပ်ရှားမှုမှန်သမျှကို ရှုတ်ချပါတယ်” ဟု ပြန်ဖြေခဲ့ပါသည်။ နိုဘယ်ဆုရှင်တစ်ဦးအနေဖြင့် တိတိကျကျမေးသော မေးခွန်းတစ်ခုကို တည့်တည့် “Yes”  ဟုပြန်၍ မဖြေဆိုနိုင်ခြင်းကို ကြည့်၍ ကျွန်ုပ်တို့ သူ့ အပေါ်အံ့သြစိတ်ပျက်ရခြင်းအတွက် မမှားဟုဆိုနိုင်ပါသည်။ မှန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးသမားတစ်ဦးဖြစ်နေခြင်းကြောင့် သူ့ကို မဲပေးမည့် ပြည်သူများ၏ အမြင်နှင့် တစ်ထပ်တည်း တုန့်ပြန်ရပါမည်။ သို့သော် သူသည် အာဏာရှင်နှင့် ဖိနှိပ်မှုသို့ ဦးတည်လာသော ဒီရေလှိုင်းများကို ကြံ့ကြံ့ခံဆန့်ကျင်ရပ်တည်ရန် ဆန္ဒပြင်းပြမှုကြောင့် ရဲရင့်မှုနှင့် ပြည်သူကို ကိုယ်စားပြုသော သင်္ကေတအမှတ်တစ်ခု ဖြစ်နေပြီး ဖြစ်သည်ကို မမေ့အပ်ပေ။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အမေရိကန်စီးပွားရေးလုပ်ငန်းများကို တိုးတက်စေနိုင်ပါတယ်။ ဥပဒေတွေ နဲ့လည်း ကိုက်ညီ မှုရှိပြီး အလုပ်သမားတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေကိုလည်း လေးစားသွားမှာပါ။ လုပ်သားတွေကို လေ့ကျင့်ပေးဖို့နဲ့ ပညာသင်ကြားပေးဖို့လည်း အာရုံစိုက်သွားမှာပါ။ လုပ်ငန်းတိုင်းက အဆင့်မြင့်မြင့်နဲ့ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ကိုင်သွားမှာ ဖြစ်တဲ့အပြင် စီးပွားရေးနဲ့ စည်းစနစ်တွေကိုလည်း လိုက်နာသွားမှာပါ”

အောက်တိုဘာလ ၂၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၄၄) တွင်ပါရှိသော “လာမည့် နှစ်တွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်လာတော့မည်” သတင်းမှ ထိုင်းနိုင်ငံရှိ AMCHAM ရုံးခွဲမှ ဒါရိုက်တာ Judy Bennm ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီလိုတောင်းဆိုတာနဲ့တော့ အစိုးရကဘယ်ရပ်ပေးမလဲ။ ကျွန်တော့် အနေနဲ့ပြောရရင် အခုလို တောင်းဆိုတာကို ကြိုဆိုပါ တယ်။ ဒီလိုတောင်းရမယ်လေ။ ဒီလိုလုပ်ရပ်ကြီးတွေကို ရပ်ဖို့ဆိုတာလည်း သူတို့ ဘက်ကဘယ်လို ရပ်ပေးမလဲ။ ဟုတ်တယ် မဟုတ်လား။ ဒါတွေကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တောင်းတာကတော့ တောင်းနေရမှာပဲ။ Resourse Sharing (သယံဇာတခွဲဝေခြင်း) ကိုတော့ တောင်းရမယ်”

အောက်တိုဘာလ ၂၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၄၄) တွင်ပါရှိသော “ဖက်ဒရယ်မ ဖြစ်သရွေ့ ရခိုင်မှစီမံကိန်းအား ရပ်ဆိုင်းထားရမည်ဟု သဘောထားထုတ်ပြန်” သတင်းမှ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးကို နိုင်ငံခေါင်းဆောင်ဖြစ်ခွင့်ပိတ်ပင်ထားတဲ့ အခြေခံဥပဒေ အတိုင်းရွေး ကောက်ပွဲကျင်းပတာဟာ လုံးဝကို မှားယွင်းတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော့ အမြင်မှာ ဒါဟာ စစ်မှန်တဲ့ရွေးကောက်ပွဲ လုံးဝမဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီနည်းမကျတဲ့ ရွေးကောက်ပွဲပဲ ဖြစ်မှာပါ။ ဒီ အချက်အပါအဝင် အခြားအချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင် ရပါလိမ့်မယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့ နိုင်ငံတကာရဲ့ဖိအားပေးမှုတွေ ရရှိဖို့ လိုအပ်တဲ့အရာအားလုံးကို ကျွန်တော်တို့ကနေ လုပ်ဆောင်သွားမှာပါ

အောက်တိုဘာလ ၂၅ ရက်နေ့ထုတ်Daily Eleven  နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြုပြင်ပြောင်းလဲရေး ဆက်လက်ဆောင်ရွက်ရန် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကဖိအားပေး” သတင်းမှ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။


ပြည်သူတွေက တရားစီရင်ရေးကို မယုံကြည်ဘူး။ မယုံကြည်ရတာမှာ အချက်နှစ်ချက်ရှိတယ်။ တစ်ချက်က ရှေ့နေငှားရင် အချိန်ဘယ်လောက်ကြာနိုင်မလဲလို့မေးတယ်။ ဥပမာ အမွေမှုတစ်ခုဆိုရင် အချိန်က သုံးလေးနှစ် လောက်ကြာသွားတယ်။ delay ဖြစ်တာပေါ့။ ဒါကို ပြည်သူက မယုံဘူး။ နောက်တစ်ချက်က အလေ့အထ၊ အင်အားသည် အမှန်တရားဆိုတာ နှစ်ပေါင်း များစွာ လွှမ်းမိုးလာတာ၊ ဓနအင်အား၊ အာဏာအင်အားက နှစ်ပေါင်းများစွာ ဥပဒေအပေါ်ရောက်နေတာက လူတွေ ယုံကြည် နေတယ်။ ဒါ့ကြောင့် တရားစီရင်ရေးကို မယုံဘူး။ ဒါက ဥပဒေစိုးမိုးမှုကို အားနည်းစေတဲ့ အချက်တစ်ချက် ဖြစ်တယ်

အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၈၀) တွင်ပါရှိသော “ဥပဒေစိုးမိုးရေး အားနည်းစေ တဲ့ အချက်အချို့” သတင်းမှ တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး၏ ပြောကြားချက် အားကောက်နှုတ်ချက်။


ကျွန်တော်တို့ ကယားပြည်နယ်မှာ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး လုပ်ဖို့ ကိစ္စတွေရယ်။ နောက် KNPP ကဖွံ့ဖြိုးရေး စီမံကိန်းလေးတွေ လုပ်ဖို့ရှိတော့ ဒါတွေကိုလည်း ဒီဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်

အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “ကာချုပ်နှင့် KNPP စစ်ဦးစီးချုပ် ပထမဆုံးအကြိမ်တွေ့မည်” သတင်းမှ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ပြောရေး ဆိုခွင့်ရှိသူ ဦးရွှေမျိုးသန့် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive