Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(5 Nov 2013 ရက်စွဲပါ UN News Center မှ Myanmar: UN adviser lauds peace talks in Kachin ကို ဘာသာပြန်ဆိုသည်)

(The Asahi Shiman မှ 5 Nov 2013 ရက်စွဲပါ “Aung San Suu Kyi: No Democracy without constitution revisions” သတင်းကို ဘာသာပြန်ဆိုသည်)


ကုလအကြံပေးက ကချင်ပြည်နယ်မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ချီးမွမ်း

(5 Nov 2013 ရက်စွဲပါ UN News Center မှ Myanmar: UN adviser lauds peace talks in Kachin ကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂ ကိုယ်စားလှယ်က ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြသော အဖွဲ့များအား ယနေ့လူသိ ရှင်ကြား ချီးမွမ်းပြောဆိုခဲ့ပါသည်။ ယခုအပတ် ၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်အတွက် အရေးပါသော အရွေ့တစ်ခုဖြစ်ကြောင်း ပြောဆိုလိုက်ပါသည်။

အောက်တိုဘာလက မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ကြား သဘောတူညီမှု ရရှိအပြီးတွင် နိုဝင်ဘာလ (၄) ရက်နှင့် (၅) ရက်နေ့များတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား မြစ်ကြီးနားတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

“မြစ်ကြီးနားမှာ လုပ်တဲ့အစည်းအဝေးဟာ အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင်တွေကို စုပေါင်းထားတဲ့အဖွဲ့ကို ဆယ်စုနှစ်များစွာမှာ ပထမဆုံးတွေ့ဆုံတာ ဖြစ်ပြီး၊ အမျိုးသားပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်အတွက် အရေးပါတဲ့ ရှေ့သို့ခြေလှမ်းတစ်ရပ်အဖြစ် ကိုယ်စားပြုပါတယ်” ဟု ဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် တက်ရောက်သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ အကြံပေး Vijay Nambiar က ပြောကြားခဲ့ပါသည်။

“ပြောရမယ့် အချက်ကတော့ တိုင်းပြည်မှာ ဒီလို ဆွေးနွေးပွဲမျိုး ဖြစ်လာခြင်းဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ် စတင်ပြီးကတည်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များဟာ ခရီးတစ်ခုပေါက်ခဲ့ပြီဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်ပါတယ်” ဟု ၎င်းက ရန်ကုန်တွင် ထုတ်ပြန်သော ကျေညာချက်တွင်လည်း ထည့်သွင်း ဖော်ပြ ခဲ့ပါသည်။

Mr.Nambiar က ပြောကြားရာတွင် ၎င်းအနေဖြင့် သေချာဂရုပြု ဆွေးနွေးခြင်း ပြုလုပ်ကြသည်ကို တွေ့ရ၍ အပြုသဘောဆောင်သော စိတ်ဓါတ်များကြောင့် လည်းကောင်း၊ အုပ်စု အများအပြားသည် ဘုံပလက်ဖောင်းမှ တဆင့် အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် လာရောက်နိုင်ခြင်းကြောင့်လည်းကောင်း အားတက်မိကြောင်း ဆိုပါသည်။ “မြန်မာနိုင်ငံ အနှံ့ရှိ အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးအတွက် သံန္ဒိဌာန် ချထားမှုများကို အမှန်တကယ်ပင် ချီးကျူးလိုပါတယ်” ဟု ၎င်းကပြောပါသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်လကုန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားတွင် အစည်းအဝေး ပြုလုပ်၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေး ညှိနှိုင်းရန် ၎င်းတို့ ကိုယ်စား ဆွေးနွေးနိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ထို အစည်းအဝေး ပြီးနောက် ယခုနှစ်ရက် တာ အစည်းအဝေးမှာ ယနေ့ပြီးဆုံးခဲ့ပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အစိုးရသည် ကချင်ပြည်နယ်၌ သုံးပတ်ကြာ စစ်ဆင်ရေးများ ပြုလုပ်ပြီးနောက် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ပါသည်။ ထို့နောက် မေလတွင် အစိုးရနှင့် KIO တို့ သည် အချက် (၇) ချက်ပါသော သဘောတူညီချက်ကို ချမှတ်ခဲ့ရာ နိုင်ငံရေးအရ ဆွေးနွေးပွဲ စတင်နိုင်ရန်နှင့် တိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသော လူပေါင်း (၇၅၀၀၀) ခန့်အတွက် ပြန်လည်နေရာချထားရေး အတွက် ဆွေးနွေးရန်များ ပါဝင်ခဲ့ပါသည်။

“အထူးအကြံပေးအနေဖြင့် ယုံကြည်သည်မှာ မြန်မာနိုင်ငံမှ ပဋိပက္ခများ ငြိမ်းချမ်းစွာ အဖြေရှာရေးသည် တိုင်းပြည်နှင့် ပြည်သူများ၏ အနာဂတ်အတွက် အရေးပါသော ဦးစားပေး ဖြစ်သည်ဟူသော အချက်ဖြစ်ပါသည်” ဟု ယနေ့ ကျေညာချက်တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်းသို့  ဆက်လက် လျှောက်လှမ်း နေခြင်းကြောင့် ကုလသမဂ္ဂသည် မြန်မာနိုင်ငံမှ ပြည်သူများကို ထောက်ခံ၍ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။


အခြေခံဥပဒေမပြင်လျှင် ဒီမိုကရေစီမရှိ

(The Asahi Shiman မှ 5 Nov 2013 ရက်စွဲပါ “Aung San Suu Kyi: No Democracy without constitution revisions” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားစေဖို့အတွက် အခြေခံဥပဒေ ပြင်ဆင်ပေးရန် သူမ တိုက်တွန်းထားခြင်းကို ထပ်မံတိုက်တွန်းလိုက်ပါသည်။

“ဒီ အခြေခံဥပဒေကို မပြင်ဆင်ပဲထားသမျှတော့ ပြည့်ဝတဲ့ဒီမိုကရေစီစနစ်လုံးဝမရနိုင်ပါဘူး” ဟု NLD ပါတီ ခေါင်းဆောင်က နိုဝင်ဘာ ၄ ရက်နေ့တွင် မီဒီယာများနှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားသည်။

တပ်မတော်သား ကိုယ်စားလှယ်များ (သို့) စစ်ဖက်အရာရှိများအား လွှတ်တော်နေရာ လေးပုံတစ်ပုံ ဖယ်ပေးထား သော အခြေခံဥပဒေကို ပြင်ဆင်ရေးသည် ဒီမိုကရေစီကို ဦးတည်နေသော မြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်ပါလိမ့် မည်။ အဖွဲ့ဝင် ၁၀၉ ဦးပါဝင်သော လွှတ်တော်ကော်မတီသည် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို ယခုနှစ်ကုန်တွင် လွှတ်တော်သို့ တင်သွင်းမည်ဟု မျှော်လင့်ရသော်လည်း၊ မကြာသေးမှီက ဒေါ်အောင်ဆန်းစုကြည် ဥရောပသို့ ရောက်ရှိနေစဉ်အတွင်း တင်ပြချက်များကို ကော်မတီဥက္ကဌက ရွှေ့ဆိုင်းထားသည်ဟု ကြားသိရသည်။

“ဘယ်လိုအကြောင်းရင်းတွေရှိနေလို့ နှောင့်နှေးသွားရသလဲ ဆိုတာကို ကျွန်မ မသိပါဘူး။ ဒါပေမယ့် သူတို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို သူတို့သဘောနဲ့ ရွှေ့ဆိုင်းတာမျိုးကတော့ လိုလားစရာ ကိစ္စမဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မိသားစုဝင်ထဲတွင် ပြည်ပနိုင်ငံသားခံယူထားသူများရှိပါက သမ္မတလောင်း အရည်အချင်းနှင့် အကြုံးမဝင်ဟု ဖော်ပြတားမြစ်ထားသော လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုပါက ၂၀၁၅ သမ္မတလောင်းရွေးရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်လိမ့်မည် မဟုတ်ပေ။ သူမ၏ သားနှစ်ဦးနှင့် ကွယ်လွန်သူ ခင်ပွန်းသည်တို့မှာ ဗြိတိသျှ နိုင်ငံသားအဖြစ် ခံယူထားသူများ ဖြစ်သည်။

တပ်မတော်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သော အငြင်းပွားဖွယ် အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်နေခြင်းကို နိုင်ငံတကာက ထောက်ခံအားပေးကြရန် မကြာသေးမှီက သီတင်းနှစ်ပတ်ကြာ ဥရောပခရီးတွင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

“ဥရောပခရီးမှာ လူတော်တော်များများက ကျွန်မအမြင်ကိုနားလည်သဘောပေါက်ကြောင်း ပြသခဲ့ကြပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

Asahi Shimbun ၏ တောင်းဆိုမှုဖြင့် စီစဉ်ခဲ့သော အင်တာဗျူးကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ပြည်တွင်း မီဒီယာများကိုလည်း တက်ရောက်ခွင့်ပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ကို တမင်ရည်ရွယ် ပိတ်ပင်ထားသော လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရမည့် ကိစ္စ သည် အရေးကြီးသောကြောင့် အာဏာပိုင် (အာဏာလက်ဝယ်ရှိသူ) ၏ ခွင့်ပြုမှုလိုအပ်ပြီး အဆိုပါ အာဏာလက်ဝယ်ရှိ သူနှင့် ညှိနှိုင်းမှုပြုလုပ်ရန် လိုလိမ့်မည်ဟု ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးသည်။ ယင်းသို့ ညှိနှိုင်း မှုသည် ၂၀၁၅ ရွေးကောက်ပွဲ၏ အဖြေ ဖြစ်လိမ့်မည်ဟုလည်း ၎င်းတို့က ခန့်မှန်းကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံတွင် အပစ်ရပ်တော့မည်ဟု မျှော်လင့်

(Bangkok Post မှ 5 Nov 2013 ရက်စွဲပါ “Hope for Myanmar ceasefire သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရ၏ တိုင်းရင်းသားငြိမ်းချမ်းရေး အစီအစဉ်တာဝန်ခံ ဝန်ကြီးဦးအောင်မင်းက အပစ်ရပ်စဲရေး၊ မကြာမှီ လက်မှတ်ထိုးနိုင်ဖွယ် ရှိသည်ဟု အကောင်းဖက်မှ ရှုမြင်ကြောင်း အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ၁၈ ဖွဲ့သည် ယခင်အပတ်က ၎င်းတို့ညှိနှိုင်းထားကြသော အပစ်ရပ်အစီအစဉ် ကို တင်ပြရန် သမ္မတရုံး ဝန်ကြီးဦးအောင်မင်းနှင့် မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ကြသည်။

တိုင်းရင်းသားအဖွဲ့တွေ တင်ပြတဲ့အချက်တွေဟာ အစိုးရအဆိုပြုထားတဲ့ အစီအစဉ်နဲ့ အရမ်းကွဲလွဲတာမျိုး မရှိတဲ့ အတွက် အစိုးရက လက်ခံနိုင်မယ်လို့ ထင်ပါတယ်ဟု ဦးအောင်မင်းက တယ်လီဖုန်း အင်တာဗျူးတွင် ပြောကြားသည်။

အပစ်ရပ်ဆွေးနွေးပွဲများကို လာမည့်လတွင် ကရင်ပြည်နယ်မြို့တော် ဘားအံ့၌ ကျင်းပမည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဒုတိယအကြိမ်ညီလာခံကို ဘားအံ့ဆွေးနွေးပွဲမတိုင်ခင် ကရင်နယ်မြေ မှာ ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု KNU အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်း က ပြောကြားသည်။

KNU အဖွဲ့သည် ၁၉၄၉ မှ ၂၀၁၂ အထိ မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်ခဲ့ပြီး လက်ရှိအစိုးရနှင် အပစ်ရပ် စာချုပ်ကို မနှစ်က လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းနှစ်ဆယ် စစ်အုပ်ချုပ်ရေး ဖျက်သိမ်းပြီးနောက် အာဏာရရှိလာသော ပြုပြင်ပြောင်းလဲရေး ဝါဒီ သမ္မတဦးသိန်းစိန်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့နှင့် အပစ်ရပ်စာချုပ်များ သီးခြားစီ လက်မှတ်ရေး ထိုးထားသည်။

သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအားလုံးနှင့် နိုင်ငံတစ်ဝှမ်း အပစ်ရပ်စဲမှုပြုလုပ်ပြီးနောက် တိုင်းရင်းသားနယ်မြေများ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မည်သို့ပေးမည်ကို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ပြုလုပ် ကြရန် အဆိုပြုထားသည်။

သို့ဖြစ်ရာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲများ မတိုင်မှီ တိုင်းရင်းသားပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့် မည်ဟု မျှော်လင့်ရသည်။

“နိုင်ငံလုံးကျွတ် အပစ်ရပ်စဲမှုမှန်သမျှတွင် အစိုးရအပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ ပါဝင်လက်မှတ်ထိုးကြရန် လိုအပ်ကြောင်း တိုင်းရင်းသားအုပ်စုများက တောင်းဆိုထားသည်။

၁၇ နှစ်ကြာ အပစ်ရပ်စဲခဲ့ပြီးမှ အစိုးရနှင့် ပြန်လည်တိုက်ခိုက်နေရသော KIA အဖွဲ့ကလည်း သမ္မတဦးသိန်းစိန် ၏ နိုင်ငံလုံးကျွတ် အပစ်ရပ်အစီအစဉ်တွင် ပါဝင်လက်မှတ်ထိုးရန် သဘောတူလိုက်ပြီ ဖြစ်သည်။

UNFC မြစ်ကြီးနားညီလာခံသို့ တရားဝင်တက်ရောက်ခြင်း မပြုခဲ့သော ဝ အုပ်စု UWSA ကို လာမည့်လ ဘားအံ့ ညီလာခံသို့ ဖိတ်ကြားမည်ဟု KNU အတွင်းရေးမှူးက ပြောကြားသည်။

မနှစ်က မြန်မာနိုင်ငံအပေါ် Sanctions များ ရုတ်သိမ်းပေးခဲ့ကြသော အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံကြီးများက တိုင်းရင်းသားများအပေါ် တိုက်ခိုက်မှုရပ်ဆိုင်းရန် မြန်မာအစိုးရကို စည်းကမ်းသတ်မှတ်ထားသည်။

တိုင်းရင်းသားအုပ်စုများအား မည်သည့်အဆင့်အထိ လိုက်လျောမည်ဆိုသည့် အတိုင်းအတာမှာ ဦးသန်းရွှေ၏ သဘောအတိုင်းသာ ဖြစ်လိမ့်မည်ဟု ပြည်တွင်းမှ အကဲခတ်စောင့်ကြည့်သူများက ခန့်မှန်းပြောဆိုကြသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive