Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မသေချာမရေရာသော အနာဂတ်နှင့် ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာပြည်

(Los Angeles Times သတင်းစာမှ 23 Nov 2013 ရက်စွဲပါ Kate Linthicum ရေးသားသည့် Aung San Suu Kyi and Myanmar faces an uncertain future ကိုဘာသာပြန်ဆိုသည်)

ယခင်က အစိုးရ ဆန့်ကျင်ရေးသမားတစ်ဦး ဖြစ်ခဲ့ပြီး ယခုအခါတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ သမ္မတရာထူးရရှိရေးအတွက် နည်းလမ်းရှာနေ ဖြစ်သည်။

(နေပြည်တော်၊ မြန်မာ) နိုင်ငံတကာ အသိုင်းအဝိုင်းတွင် လေဒီ(Lady) ဟုခေါ်ဆိုခြင်း ခံရသူ ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် အဆောက်အအုံရှိရာသို့ နောက်ကျ၍ ရောက်ရှိလာသည်။ လွှတ်တော်တက် ရန် နောက်ကျနေသည့်တိုင် သူမကိုကြည့်ရသည်မှာ ပျာယာခတ်နေခြင်းမရှိပေ။ စီးနင်းလာသော ကားပေါ်မှဆင်းလာပြီး နောက် သတင်းဓာတ်ပုံသမားများကို ကျက်သရေရှိရှိ ပြုံးပြကာ နှမ်းဖတ်ကျောက်များဖြင့် ခင်းထားသည့် လှေကားများမှ တစ်ဆင့် ပြည်သူ့လွှတ်တော် ခန်းမဆောင်ကြီးထဲသို့ ဝင်သွားလေသည်။

လွှတ်တော်တက်ရောက်ကြောင်း စာရင်းပေး လက်မှတ်ရေးထိုးရမည့် အချိန်မီ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာသည်။ သို့သော် အချိန်မီရောက်လာသည် ဟူသည်မှာ လူထုထောက်ခံမှု အများဆုံးရထားသည့် ဒေါ်အောင်ဆန်းစုကြည် စစ်မှန်သော နိုင်ငံရေးအာဏာကို အချိန်မီရရှိလိုက်ခြင်းမျိုးတော့ မဟုတ်ပေ။

နိုဗယ်လ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်စနစ် အောက်တွင် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အစီ အစဉ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ သမ္မတ ဖြစ်လိုသော်လည်း ကြိုးစား၍မရနိုင်ပေ။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း ယခင်စစ်အစိုးရ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် သမ္မတဖြစ်ခွင့်မရနိုင်ဘဲ ဖြစ်နေခြင်းပင်။ အခြေခံဥပဒေက နိုင်ငံခြားသား ခင်ပွန်း သို့မဟုတ် သားသမီးရှိသူများကို သမ္မတဖြစ်ခွင့်မှ တားမြစ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် ပညာတတ်တစ်ဦးဖြစ်သူ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထိမ်းမြားခဲ့ဖူးပြီး ဗြိတိန်နိုင်ငံသား ခံယူထားသော သားနှစ်ဦး၏ မိခင်ဖြစ်သည်။

ယခင် ဆယ်စုနှစ်အတွင်း မိမိနာမည်ကို ပြည်သူအများအနေဖြင့် ထုတ်ဖော်ပြောဆိုပါက အန္တရာယ်ရှိခဲ့သည် ဟူသော အချက်ကို ကောင်းစွာသိရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အခြေခံဥပဒေပြင်ဆင် ရေးဆွဲရေး အတွက် ပြင်းပြင်းထန်ထန် လှုံ့ဆော်နေပြီဖြစ်သည်။ အခြေခံဥပဒေပြင်ဆင် ရေးဆွဲရေးကိစ္စအား အနောက်တိုင်းမှ သံတမန်ကြီးများနှင့် ပြည်တွင်းမှ ထောက်ခံအားပေးသူများ သိရှိစေရန် ပြောဆိုလျက်ရှိသည်။ ထိုသို့ အခြေခံဥပဒေတွင် သမ္မတဖြစ်ခွင့်နှင့် ပတ်သက်သည့် ကန့်သတ်တားမြစ်ချက်များကို မဖယ်ရှားပေးသေးသရွေ့၊ စစ်တပ်၏ အာဏာကို လျှော့ချမှု မပြုလုပ်သေးသရွေ့ ယခုရရှိထားသည့် ဒီမိုကရေစီသည် အတုအယောင်မျှသာ ဖြစ်နေပေလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရုံးချုပ်၌ ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ လူအုပ်ကြီးကို အသိပေးပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ ကျောထောက်နောက်ခံပေးမှု အခိုင်အမာ ရရှိထားသော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးဟူသည် တိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြင်းထန်သော စမ်းသပ်ချက်တစ်ရပ် ဖြစ်လာနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် မိမိယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူအဖြစ်မှ ပါတီနိုင်ငံရေးသမားတစ်ဦးအဖြစ် ပြောင်းလဲရာတွင်လည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ကချင်လက်နက်ကိုင်တပ်ဖွဲ့အပေါ် မြန်မာစစ်တပ်က ကြမ်းတမ်းစွာ ထိုးစစ် ဆင်မှုနှင့် မွတ်စလင်လူနည်းစုများအပေါ် အစွန်းရောက်မျိုးချစ်များ ဂိုဏ်းဂနဖွဲ့ကာ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုများ နှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့ခြင်းကြောင့် လူ့အခွင့်အရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသား လူမျိုးစုများ၏ ဝေဖန် ပြောဆိုမှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသေးသည်။ ဧရာဝတီမဂ္ဂဇင်း၏ အယ်ဒီတာ့အာဘော် တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည် သည် မိမိသမ္မတဖြစ်ရန် မျှော်လင့်ထားသည့် တိုင်းပြည်အား ယိုင်နဲ့အောင် လုပ်ဆောင်နေသည့် ပြဿနာကြီးများကို အဖက်မလုပ်ဘဲနေခဲ့သည်ဟု ဝေဖန်ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ပဋိပက္ခများကို မီးလောင်ရာလေ့ပင့် မပြုလုပ်သင့်ကြောင်း ပြောဆိုပြီး အဂတိ လိုက်စားသော တရားစီရင်ရေး စနစ်ရှိသည့် တိုင်းပြည်တွင် တရားဥပဒေစိုးမိုးမှုကို အကောင်အထည်ဖော်ရန် တိုက်တွန်း ထားသည်။

ဝေဖန်ရေးဆရာများက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအရ လက်တွေ့ကျသည့် နည်းလမ်း အသုံးပြု ခြင်းလော ဟူ၍ မေးခွန်းထုတ်ကြပြီး အနာဂတ် မြန်မာ့နိုင်ငံရေး၏ အဓိကသော့ချက်ကို ကိုင်ထားသည့် စစ်ခေါင်းဆောင် များအား ခြိမ်းခြောက်မှုမရှိသော စကားများကိုသာ စိစစ်ပြောဆိုနေခြင်း ဖြစ်သည်ဟု ယုံကြည်လျက်ရှိသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သည့် သမ္မတဦးသိန်းစိန်အား ချီးမွမ်းဋ္ဌောပနာ ပြုလျက်ရှိသည်။ အကြောင်းမှာ ဦးသိန်းစိန်သည် လွန်ခဲ့သည့် ၂ နှစ်ခွဲခန့်၊ နိုင်ငံတော်သမ္မတ ဖြစ်လာ သည့် အချိန်မှစ၍ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ မီဒီယာများအပေါ် ကာလကြာမြင့်စွာ ကန့်သတ်ပိတ်ပင် ထားမှု များအား ဖယ်ရှားပေးခြင်း အစရှိသည်တို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများကမူ တစ်ချိန်က အပယ်ခံဖြစ်ခဲ့သည့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မည်သို့သော ကတိကဝတ်များ ရှိနေသော်လည်း ယခင် စစ်ခေါင်းဆောင်များသည် အနာဂတ်တွင် ၎င်းတို့အနေဖြင့် အာဏာဆုပ်ကိုင်ခွင့်ရရှိမည့် နိုင်ငံရေးစနစ်ကိုသာ ဒီဇိုင်း ရေးဆွဲ ထားကြသည်။ ပါလီမန်လွှတ်တော်၏ အမတ်နေရာ လေးပုံတစ်ပုံမှာ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့် အပ်မည့် စစ်အရာရှိများအတွက် ဖြစ်သည်။ ယင်းစစ်အရာရှိများသည် ပါလီမန်လွှတ်တော်တွင် စစ်ယူနီဖောင်းဝတ်ကာ အခြားသော လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ လွှတ်တော်ဆွေးနွေးပွဲများ တက်ရောက်ကြသည်။ ၎င်းတို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများအား ဗီတိုအာဏာအသုံးပြုကာ ပယ်ချပိုင်ခွင့်ရှိကြသည်။ ယင်း ဥပဒေပြင်ဆင်ရေး ဆွဲရေး ဟူသည်မှာလည်း မဲပေါင်း ၇၅ ရာခိုင်နှုန်းကျော် ရရှိရန်လိုအပ်သည်။

အခြားသော လွှတ်တော်ကိုယ်စားလှယ်များမှာ အငြိမ်းစားယူထားသော စစ်ဗိုလ်များဖြစ်ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဖြစ်သည်။ ယင်းပါတီကို ယခင် စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးက ဦးဆောင်ပြီး ၎င်းက သမ္မတဦးသိန်းစိန်သည် ကျန်းမာရေးအခြေအနေကြောင့် ဒုတိယသမ္မတသက်တမ်းကို ဆက်လက် ထမ်းဆောင်နိုင်ဖွယ် မရှိသော ဦးသိန်းစိန်၏ နေရာကို အစားထိုးလိုသည်ဟု ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုမှာ နိုင်ငံရေးအရ မှတ်မှတ်ထင်ထင် ဖြစ်နေမည့် ကိစ္စကြီးတစ်ခုဖြစ်သည်။ သူမ၏ ဖခင်သည် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပြီး ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် အသက် ၂ နှစ်အရွယ်၊ ၁၉၄၇ ခုနှစ်တွင် လုပ်ကြံ သတ်ဖြတ်ခံလိုက်ရသည်။

မြန်မာနိုင်ငံ၏ တိုတောင်းလှသော ပါလီမန်ဒီမိုကရေစီခေတ် ၁၉၆၂ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှု နှင့်အတူ နိဂုံးချုပ် သွားပြီးနောက်ပိုင်း ဆယ်စုနှစ်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်တွင် နေထိုင်ခဲ့သည်။ သို့သော် ၁၉၈၈ ခုနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ထွက်လာချိန်တွင် သူမသည် နာမကျန်းဖြစ် နေသော မိခင်ဖြစ်သူအား ပြုစုစောင့်ရှောက်ရန် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ ယင်းဒီမိုကရေစီ အရေးတော်ပုံကြီးအတွက် လိုအပ်နေသော အထင်ကရခေါင်းဆောင်နေရာကို ဒေါ်အောင်ဆန်းစုကြည်က ဝင်ရောက်ရ ယူခဲ့သည်။ ထို့နောက် သူမသည် အမျိုးသားဒီမိုကရေစီပါတီ(NLD) ကို ထူထောင်ကာ ၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ သည်။ သို့သော် ယင်းရွေးကောက်ပွဲရလဒ်အား စစ်တပ်က အသိအမှတ်မပြုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာမှုသည် မြန်မာစစ်ခေါင်းဆောင်များ ပြုပြင်ပြောင်းလဲမှုအား အရေးတကြီး လုပ်လိုကြခြင်းကြောင့် ဖြစ်သည်ဟု ရှုမြင်သုံးသပ်မှုများလည်း ရှိခဲ့သည်။

ပထမဆုံးအဆင့်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က သူမကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ် ကြီးများနှင့် မဟာဗျူဟာမိတ်ဖွဲ့နိုင်မည့် နည်းလမ်းများကို ရှာခဲ့ဟန်ရှိသည်။ သူမ၏ ဒီမိုကရေစီ မဟာမိတ်များ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြသည့် ကိစ္စရပ်တစ်ခုလည်း ရှိခဲ့သည်။ ယင်းမှာ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် သူမသည် စစ်ဗိုလ်ချုပ်ကြီးများနှင့်အတူ ရှေ့ဆုံးတန်းမှနေ၍ ကြည့်ရှုခဲ့ခြင်းပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က မိမိသည် တပ်မတော်ကို မုန်းတီးသူတစ်ဦးမဟုတ်ဟုပင် ပြောဆိုခဲ့သည်။

သို့သော် သူမသည် လတ်တလောလများအတွင်း အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များနှင့် ဆင်းရဲနွမ်းပါးကာ ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် တိုင်းပြည်အပေါ် စစ်တပ်က ဆက်လက်ကြီးစိုးနေမှုများနှင့် ပတ်သက်၍ ဝေဖန် ပြောဆိုမှုများကို ပိုမိုလုပ်ဆောင်လာသည်။

“စစ်ခေါင်းဆောင်တွေဟာ မျှော်လင့်ထားသလို လုပ်ဆောင်ပေးခြင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခံစားလာရ ပုံရပါတယ်” ဟု Burma Campaign UK မှ ဒါရိုက်တာ Mark Farmaner က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဆိုခဲ့ရာတွင် သူမက နိုင်ငံရေးအကျဉ်းသားများ ယနေ့အချိန်ထိ ဖမ်းဆီးထိန်း သိမ်းခံထားရမှုနှင့် အခြေခံဥပဒေ ပြင်ဆင်မည့်ကိစ္စတွင် တိုးတက်ဖြစ်ထွန်းခြင်း မရှိမှုတို့အပေါ် စိုးရိမ်ပူပန်လျက် ရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း Mark Farmaner ကပြောကြားသည်။

အချို့သော ဝေဖန်ရေးသမားများက ဒေါ်အောင်ဆန်းစုကြည် ယခုကဲ့သို့ နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုကို ထောက်ခံမှု ပြုခြင်းကြောင့် သူမအနေဖြင့် အရေးပါသော နိုင်ငံရေးအရင်းအနှီးများ စိုက်ထုတ်ရကြောင်း၊ သို့ဆိုပါက ဒေါ်အောင်ဆန်းစုကြည် သည် မည်သို့သော ခေါင်းဆောင်မျိုးဖြစ်နိုင်မည်နည်းဟူ၍ မေးခွန်းထုတ်ကြ ကြောင်းသိရသည်။

“အချိန်တိုလေးအတွင်းမှာ စစ်တပ်အပေါ် အလွယ်တကူ ကောင်းချီးပေးခဲ့တာကိုး” ဟု ဒီမိုကရေစီရေးလှုပ်ရှားသူ မခင်ဥမ္မာ က ပြောကြားသည်။ “အဲဒီတော့ နိုင်ငံတကာကို ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားဟာ ဝိတ်(အလေးချိန်) မရှိတော့ ဘူး” ဟု နိုင်ငံခြားတွင် ပြည်ပြေးဘဝဖြင် နှစ်များစွာနေထိုင်ခဲ့သူ မခင်ဥမ္မာက ဆက်လက်ပြောကြားသည်။

မွတ်စလင်လူနည်းစုအပေါ် ဆန်ကျင်အကြမ်းဖက်မှုကြောင့် လူရာနှင့်ချီ၍ သေဆုံးခဲ့ရမှုအပါအဝင် အခြားသော

လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ရေငုံနှုတ်ပိတ်နေခဲ့မှုကိုလည်း လွန်စွာ စိတ်ပျက်မိကြောင်း မဥမ္မာက ဆိုသည်။  ထိုသို့ ဘာသာရေးနှင့် တိုင်းရင်းသား လူမျိုးစုဆိုင်ရာ တင်းမာမှုများကို လျော့ကျသွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် မြန်မာအစိုးရကို အများစုက ဝေဖန်ကြသည်။

အမျိုးသားဒီမိုကရေစီပါတီမှ ဦးဟံသာမြင့်က ဒေါ်အောင်ဆန်းစုကြည်သည် သံတမန်ဆန်စွာ ရိုးရိုးရှင်းရှင်းပင် ပြုမူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ခင်ဗျား အဖမ်းခံထားရချိန်မှာ စိတ်ကူးယဉ်သမားဖြစ်ဖို့ အင်မတန်လွယ်တယ်။ အဲဒီလို စိတ်ကူးယဉ်သမား ဖြစ်မှလည်း ရပ်တည်နေနိုင်မှာလေ။ ဒါပေမဲ့ ကျွန်တော်တို့ လက်တွေ့ကျတဲ့အလုပ်ကို လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင် လက်တွေ့ကျရမှာ ဖြစ်ပါတယ်” ဟု ဦးဟံသာမြင့်က ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများစွာ တပ်ဆင်ချိတ်ဆွဲ ထားသော NLD ဌာနချုပ်တွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် တသီးတခြားနေသော ခေါင်းဆောင်ဖြစ်ပြီး NLD ကို ခေတ်မီဆန်းသစ်အောင် လုပ်ဆောင်ရာတွင် နှေးကွေးလျက်ရှိသည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်နေခိုက် ပါတီအနေဖြင့် ရှေ့ဆက်လျှောက်ရ မည့်လမ်းကို ကြိုးစားရှာဖွေလျက် ရှိသည်ဟူသော အချက်ကို ဦးဟံသာမြင့်က လက်ခံပြောဆိုသည်။ သို့သော် NLD ၏ အောင်မြင်မှုများကိုလည်း ဦးဟံသာမြင့်က ထောက်ပြသည်။ ၎င်းတို့ပါတီသည် မြန်မာနိုင်ငံတစ်လွှားရှိ ပြည်သူများ အတွက် စာသင်ကျောင်းများ၊ ဆေးခန်းများဖွင့်လှစ်ခြင်း၊ ရေတွင်းများ တူးဖော်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ နာမည်ကျော်ကြား လူကြိုက်များဆဲပင်ဖြစ်ကြောင်း ဦးဟံသာမြင့်က ဆက်လက်ပြောဆိုသည်။

ရန်ကုန်မြို့လယ်ရှိ NLD ပါတီက ဖွင့်လှစ်ပေးထားသော အထက်တန်းကျောင်းတစ်ခုတွင် အင်္ဂလိပ်ဘာသာ သင်ကြားပေး ခြင်းဖြင့် တစ်လျှင် ဒေါ်လာ ၁၀၀ ခန့်ရရှိနေသူ ကိုမင်းမင်းကမူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်အတွက် တစ်ဦးတည်းသော ရွေးချယ်စရာ ခေါင်းဆောင်ဖြစ်သည်ဟု ပြောကြားသည်။

“ကျွန်တော်တို့တတွေ မှားတဲ့အရာတွေကို သိကြတယ်၊ ဒါပေမဲ့ မှန်တဲ့အရာတွေကိုတော့ မသိကြဘူး။ လူ့အခွင့်အရေး ကဘာလဲ။ ဒီမိုကရေစီဆိုတာ ဘာလဲ။ ကျွန်တော်တို့ အားလုံးက စစ်အစိုးရလက်အောက်မှာ ပညာ လေ့လာဆည်းပူးခဲ့ကြရတာ။ အဲဒီတော့ ကျွန်တော်တို့ မသိကြဘူး။ ပြည်သူလူထုအများစုကလည်း နိုင်ငံရေးဆို တာကို နားမလည်ကြပါဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို သင်ကြားပေးနေတယ်”



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(VOA မှ 27 Nov 2013 ရက်စွဲပါ “UN Third Committee on Burma Rights” သတင်းကို ဘာသာပြန်ဆိုသည်)

(Brisbane Times မှ 28 Nov 2013 ရက်စွဲပါ “Aung San Suu Kyi : Kachin ethnic group boycotts visit to Opera House” သတင်းကို ဘာသာပြန်ဆိုပါသည်)


မြန်မာ့လူ့အခွင့်အရေးအပေါ်ကုလတတိယ ကော်မတီရဲ့ ဆုံးဖြတ်ချက်

(VOA မှ 27 Nov 2013 ရက်စွဲပါ “UN Third Committee on Burma Rights” သတင်းကို ဘာသာပြန်ဆိုသည်)

လူမှုဆိုင်ရာ လူသားချင်းစာနာမှုရေးရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရသည့် ကုလသမဂ္ဂ တတိယကော်မတီက မြန်မာ့လူ့အခွင့်အရေး အနေအထားနှင့် ပတ်သက်၍ တစ်ခဲနက်ဆုံးဖြတ်ချက် တစ်ခုကို မကြာသေးမှီက ချမှတ်ခဲ့သည်။ ဆုံးဖြတ်ချက်ကို ပူးတွဲတာဝန်ယူသူ ၄၁ ဦးတွင် အမေရိကန် ပြည်ထောင်စု ပါဝင်ပြီး မြန်မာအစိုးရက နိုင်ငံတကာ၏ တစ်ခဲနက်ထောက်ခံမှုကို ရရှိသွားသည်။

နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ အမျိုးသားပြန်လည် သင့်မြတ်မှု၊ လူ့အခွင့် အရေးမြှင့်တင်မှု၊ လက်ရှိအချိန်အထိ ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှု ပမာဏကို အသိအမှတ်ပြုမှု လမ်းကြောင်း ပေါ်တွင် ဆက်သွားမည်ဟု ဖော်ပြသော မြန်မာအစိုးရ၏ ကတိကဝတ်နှင့် မြန်မာနိုင်ငံမှ အပြုသဘောတိုးတက်မှုများကို ၎င်းဆုံးဖြတ်ချက်က ကြိုဆိုလိုက်ပါသည်။

တတိယကော်မတီ ဆုံးဖြတ်ချက်တွင် “မြန်မာနိုင်ငံ၌ နိုင်ငံရေးလှုပ်ရှားမှု၊ စုဝေးမှု၊ ဟောပြောမှုနှင့် သတင်းစာများ နေရာပို ရလာခြင်း” ကို အသိအမှတ်ပြုကာ မီဒီယာပြုပြင်ပြောင်းလဲမှု ကျယ်ကျယ်ပြန့်ုပြန့် ပြုလုပ်ရန် လွတ်လပ်၍ အနှောင် အဖွဲ့ကင်းသော မီဒီယာကို ခွင့်ပြုခြင်းအပါအဝင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ဖွဲ့စည်းခွင့်၊ စုဝေးခွင့် အခွင့်အရေးများကို အကာ အကွယ်ပေးရန်၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ဆက်လက် လှုပ်ရှားနိုင်အောင် ဘေးကင်းမှု၊ လုံခြုံမှု၊ လွတ်လပ်မှုတို့ကို အာမခံရန် ကတိပေးထားခြင်းကို အပြည့်အဝ အကောင်အထည်ဖော်ရန် မြန်မာအစိုးရကို တိုက်တွန်း ထားသည်။

ထို့အပြင် မတရားဖမ်းဆီးမှုများ၊ မြေယာသိမ်းယူမှုများ၊ လိင်အကြမ်းဖက်မှုများ၊ ရက်စက်၍ လူမဆန်သော အပြုအမူ များ ကျန်ရှိနေခြင်းကိုလည်း စိုးရိမ်ပူပန်ကြောင်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပူးတွဲပါဝင်သူ အမေရိကန်ပြည်ထောင်စုကလည်း “စဉ်ဆက်မပြတ်နိုင်သော ဒီမိုကရေစီ အုတ်မြစ်များ တည်ဆောက်ရာတွင် မြန်မာနိုင်ငံပြုလုပ်ခဲ့သော တိုးတက်မှု” ကို အသိအမှတ် ပြုလိုက်ပါသည်။ သို့သော် ဆုံးဖြတ်ချက် အတည်ပြုပြီးနောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆမန်သာပါဝါ ပြောကြားသည့်အတိုင်း ကြီးကျယ်သော စိန်ခေါ်မှုများ ကျန်ရှိနေပါသေးသည်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားသူတွေကို မတရားဖမ်းဆီး၊ ထိန်းသိမ်းမှုတွေ ဆက်ဖြစ်နေ တဲ့အပေါ် ကုလသမဂ္ဂညီလာခံရဲ့ စိုးရိမ်မှုအတိုင်း ကျွန်မတို့လည်း ထပ်တူထပ်မျှ စိုးရိမ်မိပါတယ်” ဟု သူမ ကပြောကြားသည်။

မြန်မာနိုင်ငံတစ်လွှားမှ မွတ်ဆလင်များ၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ အပါအဝင် ဘာသာကွဲလူမျိုးစုများ၊ တိုင်းရင်းသားများအပေါ် သက်ရောက်နေသော အကြမ်းဖက်မှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ စီးပွားရေးအခြေအနေ ဆိုးဝါးမှုများ အပါအဝင် ကိစ္စရပ်များကို ဖြေရှင်းရန် မြန်မာအစိုးရကို ကုလသမဂ္ဂဆုံးဖြတ်ချက်တွင် တိုက်တွန်းထားသည်။

“ကုလသမဂ္ဂ တတိယ ကော်မတီက မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ပေးခဲ့သလိုပဲ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေက တဆင့် (လူ့အခွင့်အရေး ကြေညာစာတမ်းများ ပြဌာန်းထားတဲ့အတိုင်း) ကမ္ဘာတစ်လွှားက လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အခြေခံလူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာအတွက် ထောက်ခံအားပေး နေတယ်ဆိုတာကို နောက်တစ်ကြိမ် ပြသလိုက်ပါပြီ” ဟု သံအမတ်ကြီး ဆမန်သာပါဝါ က ပြောကြားပါသည်။


ဆစ်ဒနီ Opera House သို့လာလည်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံကချင်တို့ သပိတ်မှောက်

(Brisbane Times မှ 28 Nov 2013 ရက်စွဲပါ “Aung San Suu Kyi : Kachin ethnic group boycotts visit to Opera House” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ငါးရက်ကြာ သြစတြေးလျ ခရီးစဉ် အဖြစ် ဗုဒ္ဓဟူးနေ့ က ဆစ်ဒနီသို့ ရောက်ရှိလာခဲ့ပြီး၊ စစ်တပ်အသိုင်းအဝိုင်းက လွှမ်းမိုးထားဆဲ မြန်မာနိုင်ငံ၏ အခြေခံဥပဒေ ထိထိ ရောက်ရောက် ပြောင်းလဲရေးအတွက် အက်ဘော့အစိုးရ၏ ထောက်ခံမှုရအောင် ၎င်းခရီးစဉ်အတွင်း ကြိုးစားလိမ့်မည်ဟု မျှော်လင့်ရသည်။

သူမအား နယူးဆောက်သ်ဝေး ပြည်နယ်နေ မြန်မာ ၄၀၀၀ ကျော် က နွေးထွေးစွာကြိုဆိုခဲ့ကြပြီး၊ ဒေသခံ မြန်မာ အသိုင်းအဝိုင်းခေါင်းဆောင် ဒေါက်တာမြင့်ချို က “သူမ ဒီကို ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့အတွက် အများကြီး စိတ်လှုပ်ရှားမိပါတယ်” ဟု ပြောကြားသည်။

သို့သော်လည်းဆစ်ဒနီ Opera House သို့ မိန့်ခွန်းပြောရန် သူမရောက်ရှိလာခြင်းကို နယူးဆောက်သ်ဝေး ဒေသခံ ကချင်ကိုယ်စားလှယ်များက သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ကချင်တို့အပေါ် မြန်မာ စစ်တပ်၏ ဆိုးဆိုးဝါးဝါး ဆက်ဆံမှုများကို ထုတ်ဖော်ဝေဖန်ရန် ပျက်ကွက်ခဲ့သည်ဟု ၎င်းတို့က စွပ်စွဲထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်ဆလင်များ ဖိနှိပ်ခံရ မှုကို ရှုတ်ချရန် ပျက်ကွက်မှုကြောင့် ဥရောပ ခရီးစဉ်တွင်လည်း အလားတူ ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရသည်။

ဗုဒဟူးနေ့တွင် ဆစ်ဒနီမှ ပရိတ်သတ်များအား ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားရာတွင် “သူမ နေဖြင့် မြန်မာ အစိုးရအား တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းစေချင်ကြောင်း လူမျိုးရေးအကြမ်းဖက် ကိစ္စရပ်များနှင့် ပတ်သက်၍ တပ်မတော် ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ကြောင်း၊ ပြစ်တင်ရှုတ်ချခြင်းကြောင့် ရလဒ်ကောင်း ထွက်ပေါ်လာသည်ကို မတွေ့ဘူးကြောင်း၊ ပြန်လည်သင့်မြတ်မှုကိုသာ ရရှိလိုကြောင်း” ရှင်းလင်း ပြောဆို သွားခဲ့သည်။

ရန်ကုန်မြို့မှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးရာတွင် “ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာအောင် ပျိုးထောင်ပေးရန်အတွက် ခိုင်ခိုင်မာမာ ခြေကုတ်ယူဖို့ ကြိုးစားနေရခြင်းကို ပြည်သူများက နားလည်ပေးရန်လိုအပ်ကြောင်း အာဏာရှင်ဟောင်းအသိုင်းအဝိုင်းက ချထားသော ထောင်ချောက်များ၊ အတားအဆီးများ ကြားမှ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ကြိုးစားနေချိန်မျိုးတွင် သူမနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ပြဿနာများဖြင့် သူမကို အားလျော့အောင် မပြုလုပ်သင့်ကြောင်း၊ အပြောင်းအလဲကို နှေးကွေးစေလိုသော အာဏာရှင်ဟောင်းများ၏ ဥာဏ်နီ၊ ဥာဏ်နက် တို့ကို ပြည်သူလူထုအနေဖြင့် ပါးနပ်စွာ တုန့်ပြန်တက်ရန် လိုအပ်ကြောင်း” သုံးသပ်ပြောဆိုထားကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive