Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တိုင်းရင်းသား ၁၃၅ မျိုးဆိုတာကို ဘယ်သူက သုတေသန လုပ်ထားတာလဲ။ ဒီ အကြောင်းအရာကို အစိုးရက တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုတယ်။ သက်ဆိုင်ရာအစိုးရက တိုင်းရင်းသားလူမျိုးစုတွေကို ဖိတ်ကြားပြီး မျိုးနွယ်စု တိုင်းရင်းသားတွေနဲ့ အတည်ပြုဖို့ ကောင်းတယ်။ ကျွန်တော်တို့က တိုင်းရင်းသား ၁၃၅ မျိုးဆိုတာ လက်မခံပါဘူး”

ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် တိုင်းရင်းသား ၁၃၅ မျိုးဟု ထည့်သွင်းခြင်း တိုင်းရင်းသား နိုင်ငံရေး ပါတီများ လက်မခံ” သတင်းမှ ဇိုမီဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဂင်ကမ်းလျန် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ငွေသွင်း ငွေလွှဲ ငွေထုတ် ဒီစနစ်ပဲရှိတဲ့ ဘဏ်တွေက ဒီအဆင့်ကနေ အဆင့်ထပ်မြှင့်ကြဖို့လည်း ပါပါတယ်။ နောက်တစ်ခု ကတော့ ပြည်ပဘဏ်တွေလာရင် ယှဉ်ပြိုင်နိုင်ကြဖို့ ပြင်ဆင်ထားကြတာလည်း ပါပါတယ်”

ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် Popular News Journal အတွဲ (၅) အမှတ် (၅၀) တွင်ပါရှိသော “ပုဂ္ဂလိက ဘဏ်အားလုံး ခေတ်မီဘဏ်စနစ် ကျင့်သုံးရန် သမ္မတရုံးဝန်ကြီးဌာန တိုက်တွန်း” သတင်းမှ အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ဥက္ကဌ ဒေါက်တာသန်းထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခု လက်ရှိအပြောင်းအလဲကလည်း အာဏာရယူထားတဲ့ အစိုးရအဖွဲ့က သူ့ စိတ်ကြိုက်ပြောင်းခဲ့တဲ့ အပြောင်းအလဲ ဖြစ်နေ တယ်။ စစ်အစိုးရက ကမကထလုပ်ပြီး ဒီပြုပြင်ပြောင်းလဲရေးကို ချမှတ်ခဲ့တာ ဖြစ်တယ်”

ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “မြန်မာ့နိုင်ငံရေး အပြောင်း အလဲတွင် တိုင်းရင်းသားတို့၏ တန်းတူညိမျှရရှိရေးသည် အရေးကြီးဟု ဦးကိုကိုကြီး ပြော” သတင်းမှ ဦးကိုကိုကြီး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီ စီမံကိန်းကြောင့် ဒေသခံတွေကို လူမှုရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာတွေမှာ ထိခိုက်မှုမရှိအောင် ကာကွယ်တဲ့ လမ်းညွှန်ချက် တွေရှိပါတယ်။ အခုထိရှိနေတဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ အထူးစိုးရိမ်ချက်တွေကြောင့် ဂျပန်အစိုးရနဲ့ ရင်းနှီး မြှုပ်နှံသူတွေအနေနဲ့ အဲဒီလိုလမ်းညွှန်ချက်တွေကို စီမံကိန်းမစမီ လိုက်နာရမှာ ဖြစ်ပါတယ်”

ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာ တွင်ပါရှိသော “ထားဝယ်စီမံကိန်းတွင် နိုင်ငံတကာ စံနှုန်းများ အခြေမကျမီ ရင်းနှီးမြှုပ်နှံခြင်းမှ ရှောင်ရန် DDA မှ တောင်းဆို” သတင်းမှ ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ ညှိနှိုင်းရေးမှူး ဦးသန့်ဇင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့တွေ့ဆုံတဲ့အခါမှာ လူမျိုးကြီးမူဝါဒတွေ အမိန့်အာဏာတွေ ညွှန်ကြား ချက်တွေက အဓိကမဟုတ်ပါဘူး။ လက်ဦးမှု ရယူမှုနဲ့ ရှင်းရတဲ့သဘောပါ။ တောထဲမှာ သူလည်းသေနတ်နဲ့ ကိုယ်လည်းသေနတ်နဲ့ တစ်ဖွဲ့ နဲ့တစ်ဖွဲ့ စိတ်မချရဘူး။ ဒီတော့ ပစ်ခတ်ကြတယ်။ ဒါ သဘာဝကျပါတယ်။ Idealogy နဲ့ စဉ်းစားတာနဲ့ မြေပြင်အခြေအနေနဲ့ မတူပါဘူး”

ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ (၂) အမှတ် (၁၂) တွင်ပါရှိသော “စစ်အာဏာရှင် စနစ်၏ ဖိနှိပ်မှုကြောင့် ပြည်တွင်းစစ် ကြာရှည်နေရဟု သုံးသပ်” သတင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်၏ မင်ဒဲလား အဘယ့်ကြောင့်မဖြစ်ရသနည်း

(Foreign Policy မှ 9 Dec 2013 ရက်စွဲပါ Why Suu Kyi is not Myanmar’s Mandela ကိုဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်သည် တစ်ချိန်တစ်ခါက အာဏာရှင်စနစ် လက်အောက်သို့ ရောက်ရှိခဲ့သော မြန်မာနိုင်ငံ တွင်း ဒီမိုကရေစီ စနစ်ပေါ်ထွန်းရန် ရှေ့ဆုံးမှနေ၍ တွန်းအားပေးခဲ့သောကြောင့် မြန်မာပြည်၏ နယ်လ်ဆင်မင်ဒဲလားဟု မကြာခဏဆိုသလို ခေါ်ဆိုခြင်းခံခဲ့ရသည်။ ယခု နယ်လ်ဆင်မင်ဒဲလား ကွယ်လွန်သွားချိန်တွင် ထူးခြားအံ့သြဖွယ် ကောင်းသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် လုပ်ကိုင်ဆောင်ရွက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းမှာ လတ်တလော သမိုင်းမှတ်တမ်းများတွင် ပို၍ပင် သိသာထင်ရှားလာသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်လ်ဆင်မင်ဒဲလားတို့၏ ဘဝနှစ်ခုကြားမှ တူညီမှုများမှာ လွန်စွာ ရင်သပ်ရှုမော ဖွယ် ကောင်းလှပါသည်။ နယ်လ်ဆင်မင်ဒဲလားသည် တော်ဝင်ပုဂ္ဂိုလ်များ၏ သားတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ (မြန်မာ့လွတ်လပ်ရေးဗိသုကာ) ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတစ်ဦး ဖြစ်သည်။ နှစ်ဦးစလုံး ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး နှစ်ဦးစလုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသည်။ မင်ဒဲလားမှာ ၂၇ နှစ်တိတိ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်မှာ နှစ်ပေါင်း ၂၀ နီးပါးခန့် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ ဖမ်းဆီးချုပ်နှောင်ခံ နေရစဉ်အတွင်း နှစ်ဦးစလုံးသည် ပထမပိုင်းတွင် အမျိုးသားသူရဲကောင်းများဖြစ်ခဲ့ကြပြီး နောက်ပိုင်းတွင်မူ ဒီမိုကရေစီ ပြယုဂ်များအဖြစ် ကမ္ဘာတစ်ဝန်းတွင် အသိမှတ်ပြုခံခဲ့ကြရသည်။ ဖမ်းဆီးချုပ်နှောင်ခံရမှုမှ ပြန်လည် လွတ်မြောက်လာ ကြချိန်တွင်လည်း ယခင်ကသူတို့အပေါ် ဖိနှိပ်ချုပ်ခြယ်ပြီး ဖမ်းဆီးချုပ်နှောင်ခဲ့ကြ သူများကို အလေးပေး ဆက်ဆံမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် နှစ်ဦးစလုံး ဝေဖန်ခံခဲ့ကြရသည်။ မင်ဒဲလားသည် တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့ပြီး ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း ယခုအခါတွင် မင်ဒဲလား ကဲ့သို့အလားတူ လုပ်ဆောင်ချက်များ လုပ်ကိုင်လျက်ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဒီမိုကရေစီရေး လှုပ်ရှားရုန်းကန်မှုတွင် နယ်လ်ဆင်မင်ဒဲလား ကြောင့် အသိဉာဏ်များ ကွန့်မြူးနိုင်ခဲ့သည်ဟု ချီးမွမ်းပြောဆိုခဲ့ဖူးသည်။ သို့သော် မိမိကိုယ်မိမိ မင်ဒဲလားနှင့် တူသော ပုဂ္ဂိုလ် အဖြစ် နှိုင်းယှဉ် ပြောဆိုမှုမျိုးကိုတော့ မပြုလုပ်ခဲ့ပေ။ မင်ဒဲလား ကွယ်လွန်သွားစဉ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆို ရာတွင်လည်း ရိုးရိုးရှင်းရှင်းပင် ယခုလို ပြောဆိုသည်။ “လူသားအဆင့်အတန်း မြင့်မားအောင် လုပ်ဆောင်ခဲ့တဲ့ မဟာလူ သား တစ်ယောက်အဖြစ် ကျွန်မ သူ့ကို ဂါရဝပြုလိုပါတယ်”

သို့သော် မင်ဒဲလား ကွယ်လွန်အနိစ္စရောက်မှုက ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်နှင့် ပတ်သက်၍ မေးခွန်း များစွာ ထွက်ပေါ်စေခဲ့ပါသည်။ မည်သည့်အချက်တွင် သူတို့နှစ်ဦး၏ ဇာတ်လမ်းများ မတူကွဲပြား ခြားနားသွားမည်နည်း။ ပါလီမန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်ပြီး သမ္မတရာထူးအတွက် မျှော်လင့်စရာများ ဖြစ်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ တစ်ချိန်တစ်ခါက မင်ဒဲလား ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် စိန်ခေါ်မှုမျိုးများနှင့် စတင်တွေ့ကြုံ နေရပြီဖြစ်သည်။ အကယ်၍ သမ္မတဖြစ်ရန် ကြိုးပမ်းမှု အောင်မြင်မည်ဆိုပါက သူမအနေဖြင့် နှစ်ပေါင်းများစွာ စစ်ခေါင်းဆောင်များ၏ ဖိနှိပ်ချုပ်ခြယ်မှုခံခဲ့ရမှုကြောင့် တရားမျှတမှု ပေါ်ထွန်းရန် တောင်းဆိုလျက်ရှိသည့် ပြည်သူများ အတွက် ပြန်လည်သင့်မြတ်ရေးကို လုပ်ကိုင်ပေးရမည့် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ပြည်သူများအပေါ် ဖိနှိပ်ခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများသည် ယနေ့အချိန်အထိ တိုင်းပြည်အုပ်ချုပ်ရေးတွင် ပါဝင်လျက် ရှိနေဆဲပင်ဖြစ်သည်။

မင်ဒဲလားသည် သမ္မတရာထူး စတင်ရယူချိန်တွင် အလားတူ ဆုပ်လည်းစူး စားလည်းရူး အနေအထားမျိုးနှင့် တွေ့ကြုံခဲ့ရသည်။ ခရစ်ယာန်ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၎င်း၏ ဖြေရှင်းနည်းမှာ အသားအရောင် ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုများကို မှတ်တမ်းတင်ပေးနိုင်သည့် အမှန်တရားနှင့် ပြန်လည် သင့်မြတ်ရေး ကော်မရှင်ကို ဖန်တီးနိုင်ခဲ့သည်။ အသားအရောင်ခွဲခြား ဆက်ဆံခံခဲ့ရသူများအတွက် ထိခိုက်နစ်နာကြေး ပေးမှု၊ လူ့အခွင့် အရေးချိုးဖောက်သူများကို တရားစွဲဆိုမှု အစရှိသည်တို့မှာ ယင်းကော်မရှင်ကြောင့် လုပ်ဆောင်နိုင်  ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် အဆိုပါကော်မရှင်သည် တောင်အာဖရိကနိုင်ငံ အသွင်ကူးပြောင်းရေးနှင့် ပြန်လည်သင့် မြတ်ရေး အတွက် အဓိက အခရာကျသော အစိတ်အပိုင်းတစ်ခုအဖြစ် ချီးမွမ်းထောပနာပြုခြင်း ခံခဲ့ရပါသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးကာ မှတ်တမ်းတင်မည့် အလားတူ အဖွဲ့တစ်ခု တည်ထောင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဂျားကန်တားနား က အဆိုပြုခဲ့ဖူး သည်။ အသွင်ကူးပြောင်းရေးဖြစ်စဉ် ချောမွေ့စေရေးနှင့် ဒဏ်ရာအဟောင်းများ ကုစားနိုင်ရေးအတွက် ကြိုးပမ်းချက် တစ်ရပ်အနေဖြင့် လုပ်ဆောင်ရန် ၎င်းက အကြံပြုခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ အကြံဉာဏ်ကို ဒေါ်အောင်ဆန်းစုကြည်က ယေဘုယျသဘောဖြင့် လက်ခံခဲ့သည်။ သို့သော် သူမသည် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရမှု၊ တစ်နည်းအားဖြင့် နစ်နာမှုများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုများကိုသာ ကြိုဆိုခဲ့ပြီး ထိခိုက်နစ်နာအောင် လုပ်ဆောင်ခဲ့သူများ (စစ်ဗိုလ်ချုပ်ကြီးများ) အား တရားစွဲဆို ပြစ်ဒဏ်ပေးမည့် ကိစ္စကိုမူ ဆန့်ကျင်နေပုံရသည်။ ယခင် စစ်အစိုးရလက်ထက်က ပြစ်မှုကျူးလွန်ခဲ့သူများအား အမှုဖွင့် အရေးယူနိုင်မည့် ဥပဒေခုံရုံးဖွဲ့မည့်ကိစ္စကို ထောက်ပံ့မှုပြုမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် က မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခုကဲ့သို့သော သဘောထားသည် ဒတ်စမွန်တူးတူး၏ တရားမျှတမှု ထိန်းသိမ်းရေးဟူသည့် အမြင်မျိုးနှင့် တစ်သားတည်းပင် ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။ “ကျွန်မအလိုချင်ဆုံးက ပြန်လည်သင့်မြတ်ရေးပါ၊ ကလဲ့စားချေရေး မဟုတ်ပါဘူး” ဟု ၂၀၁၂ ခုနှစ်က AP သတင်းဌာနကို ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးသည်။

သို့တိုင်အောင် သူမ၏ ရပ်တည်ချက်သဘောထားက မြန်မာပြည်သူများကို စည်းလုံးညီညွတ်စေခြင်းထက် လမ်းမှားသို့ ရောက်အောင် တွန်းပို့နေသကဲ့သို့ ရှိသည်။ စစ်အစိုးရ၏ ညဉ်းပန်းနှိပ်စက်မှုဒဏ်ကို များစွာခံစားခဲ့ရသည့် အတိုက်အခံများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ရုန်းကန်နေကြသော တိုင်းရင်းသား လူမျိုးစုများသည် အတိတ်ဆီ က ချိုးဖောက်မှု များအတွက် တရားစီရင်ပေးရန် ဆန္ဒရှိကြသည်။ အချို့ကမူ ဒေါ်အောင်ဆန်းစုကြည် သည် ၎င်းတို့၏ နစ်နာမှုများကို လျစ်လျူရှုကာ စစ်တပ်ဘက် လိုက်နေသည်ဟုပင် စွပ်စွဲပြောဆို ကြသည်။ မြန်မာစစ်တပ်၏ စစ်ရေးပြ အခမ်းအနားကြီးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည့်ရှုခဲ့မှု၊ အငြင်းပွားဖွယ် ကြေးနီတောင်သတ္တူတူးဖော်ရေး စီမံကိန်းအား လက်သင့်ခံမှု အစရှိသည်တို့က သူမကို ထောက်ခံအားပေးသူ အများစုအား စိတ်ပျက်အားလျော့မှု ဖြစ်စေခဲ့ သည်။ ထိုမျှမကသေးပေ။ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် မွတ်စလင်လူနည်းစုအပေါ် ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် သည် ရေငုံနှုတ်ပိတ်နေလျက် ရှိသည်။

နယ်လ်ဆင်မင်ဒဲလားသည် ယခင် အသားအရောင်ခွဲခြားသည့် အစိုးရလက်ထက်က ဝန်ကြီးများအား ၎င်း၏ အစိုးရအဖွဲ့ထဲသို့ ဝင်ရောက်ခွင့်ပြုခဲ့သောကြောင့် ဝေဖန်ခံခဲ့ရသည်။ ၎င်းကို ထောင်သွင်းအကျဉ်းချခဲ့သူများနှင့် အတူ အလုပ်တွဲဖက် လုပ်ကိုင်ခဲ့သောကြောင့်လည်း ပြစ်တင်ခံခဲ့ရသည်။ ယခုအခါတွင်မူ မင်ဒဲလားသည် ပြန်လည်သင့်မြတ်ရေး နှင့်ပတ်သက်၍ ဉာဏ်ကြီးရှင် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အောက်မေ့အမှတ်ရခြင်း ခံနေရပြီဖြစ်သည်။

မည်သို့ပင်ဆိုစေ နယ်လ်ဆင်မင်ဒဲလား၏ ကော်မရှင်မှာ နောက်ဆုံးတွင် ထားရှိထားသော ပန်းတိုင်များကို ရောက်အောင် မသွားနိုင်သလောက် ဖြစ်ခဲ့ရသည်။ နစ်နာကြေးပေးမှုများမှာလည်း အနည်းအကျဉ်းသာ ရရှိခဲ့သလို လူ့အခွင့်အရေး ချိုးဖောက်ခံရသူများမှာ ကတိကဝတ်ပြုထားသည်ထက် နည်းပါးသည့် လျော်ကြေးသာ ရရှိခဲ့သည်။ ပြစ်မှု ကျူးလွန်သူများအား တရားစီရင်မှုအများစုမှာ အောင်မြင်မှုမရှိခဲ့ပေ။ ကြီးမားသည့် ချိုးဖောက်မှုများ ကျူးလွန်ခဲ့သော တောင်အာဖရိက လုံခြုံရေးတပ်ဖွဲ့များမှာ ၎င်းတို့၏ ပြစ်မှုများအတွက် မည်သည့်အခါကမျှ တာဝန်ခံခဲ့ခြင်းမရှိပေ။ နယူးယောက်တိုင်းမ် သတင်းစာက မင်ဒဲလားအတွက် နာရေးဆောင်းပါး ရေးသားရာတွင် ၎င်း၏ ကော်မရှင်သည် အောင်မြင်မှု ရရှိခဲ့သော်လည်း နောက်ဆုံးတွင် အမှန်တရားနှင့် ပြန်လည်သင့်မြတ်မှု နှစ်ရပ်စလုံးမှေးမှိန်သွားခဲ့သည်ဟု ဖော်ပြသည်။ (ယခင် အသားအရောင်ခွဲခြားသည့် အစိုးရအရာရှိများမှာ လွတ်မြောက်သွားခဲ့သလို၊ စုံစမ်းစစ်ဆေး မှုမှရသည့် သတင်းအချက်အလက်များက လူမည်းများအတွက် အမျက်ဒေါသကိုသာ ပိုမိုဖြစ်စေခဲ့သည်ဟု ဆိုလိုရင်း ဖြစ်သည်) ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ သိချင်စရာကောင်းသည့် အချက်မှာ မင်ဒဲလားအပေါ် ကြည်ညို မြတ်နိုးမှုမှတစ်ဆင့် မည်သည့် သင်ခန်းစာများ ရယူမည်နည်းဟူသော အချက်ပင် ဖြစ်သည်။ အမှန်တရားနှင့် ပြန်လည် သင့်မြတ်မှု ပေါ်ထွန်းရေး ဖြစ်စဉ်အတွက် လုပ်ဆောင်ရာတွင် တိုင်းပြည်၏ ဒဏ်ရာဒဏ်ချက်များကို ကုစားပေးရန် သူမမည်သို့ စီစဉ်ထားသနည်း ဟူသည်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးပင် ဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive