Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ပြီးတော့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်နေပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လုပ်နေတဲ့ အချက်နှစ်ချက်ကို ကျွန်တော် ချပြပါမယ်။ ပထမအချက်က နိုင်ငံတော် ငြိမ်းချမ်းသာယာရေး ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ အဓိကအားဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ ငြိမ်းချမ်းရေးကို လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အေးချမ်းသာယာဖို့ ဆိုတာက အခုလို ကွင်းကြီးထဲမှာ စည်စည်ကားကား ကျင်းပနိုင်တာကိုက ငြိမ်းချမ်းသာယာနေတာကို ဖော်ပြနိုင်တာပါပဲ"

ဇန်နဝါရီလ ၂ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "တိုင်းရင်းသား ပြည်သူများ တည်ငြိမ်သည့် ငြိမ်းချမ်းရေး မျှော်လင့်နေ ၊ ကရင် နှစ်သစ်ကူးနေ့ အခမ်းအနား မြဝတီ ခရိုင် ရွှေကုက္ကိုမြိုင်  ကျင်းပ" သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


 

"သမ္မတကြီး တက်လာပြီးတဲ့ နောက်ပိုင်း ပြည်တွင်းမှာ သွေးထွက်သံယိုမှုတွေ အများကြီး နည်းလာတယ်။ အဲဒါနဲ့ ယှဉ်ပြီး လယ်ယာမြေ ပြဿနာတွေကြောင့် သွေးထွက်သံယိုမှုတွေလည်း အများကြီး ဖြစ်လာတယ်။ အဲဒါကို ပြန်နှိုင်းယှဉ်မယ်ဆိုရင် တစ်ဖက်က သွေးထွက်သံယိုမှုတွေ နည်းအောင် လုပ်သော်လည်း တစ်ဖက်ကတော့ လက်နက်အားကိုးနဲ့ လက်နက်မရှိသူတွေ အပေါ် အနိုင်ကျင့်တာတွေ တွေ့ရတယ်။ ဒါတွေကို သမ္မတကြီး အနေနဲ့လည်း စိတ်ညစ်မှာပဲလေ။ ကျွန်တော်တို့ သမ္မတကြီးကို ကိုယ်ချင်းစာတယ်။ ကချင်စစ်ပွဲ ရပ်ဆိုင်းဖို့ စစ်တပ်ကို ပြောတယ်။ ဒါပေမဲ့ မရဘူး။ ဒါတွေကို စိတ်ညစ်ပြီး သူ သမ္မတ မလုပ်ဘူးလို့တောင် သတင်းထွက်လာတာပဲ။ သမ္မတ ဆိုတာ ပြောတိုင်း ပြီးရမယ်။ တီးတိုင်း မြည်ရမယ်လေ။ တပ်မတော် အပေါ်မှာလည်း ထိုင်စေထိုင် ၊ ထဆိုထ ရှိရမယ်။ ခုဖြစ်နေတာက တပ်မတော် နဲ့ ပတ်သက်ရင် သမ္မတကြီးက အဲသလို ပြောလို့ မရသလို သြဇာ မရှိသလို ဖြစ်နေတယ်။ သမ္မတကြီး တာဝန် ဆက်မထမ်းဆောင်တော့ဘူး ပြောတာလည်း သူတော်တော့်ကို ဘေးကျပ်နံကျပ် ဖြစ်လို့ပဲလေ။ သူရဲ့ သက်တမ်းမပြည့်ခင်မှာ တာဝန် ဆက်မထမ်းဆောင်ဘူး ဆိုပြီး သတင်းထွက်လာတာ ငါတို့ တိုင်းရင်းသားတွေ အနေနဲ့တော့ တကယ့်ကို စိတ်မကောင်းဘူး။ ငါတို့ ယုံကြည်လက်ခံတဲ့ သမ္မတကြီး အနေနဲ့ သူ့ပေါ်ရှိနေတဲ့ ရိုက်ခတ်မှုတွေကြောင့် သက်တမ်းစေ့ တာဝန် မထမ်းဆောင်နိုင်ဘူးဆိုရင်တော့ ပြည်တွင်းရေး ဒီထက် ပိုရှုပ်ထွေးလာမှာပဲ"

ဇန်နဝါရီလ ၃ ရက်နေ့ထုတ် The Hot News ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၇၃) တွင် ပါရှိသော "သမ္မတ ဦးသိန်းစိန် သက်တမ်းစေ့ တာဝန်မထမ်းဆောင်နိုင်ပါက ပြည်တွင်းရေး ပိုမို ရှုပ်ထွေးနိုင်ဖွယ်ရှိဟု ဆို" သတင်းမှ DKBA ဗိုလ်မှူးကြီး စောစန်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"ကျွန်တော်တို့ လျှောက်လှမ်းခဲ့ရတဲ့ ပဋိပက္ခခရီးကို နောက်ကြောင်း ပြန်မလှည့်ချင်တော့ဘူး၊ ကျွန်တော်တို့ နောက်ကြောင်း ပြန်မလှည့်ဘူး ဆိုတာကိုလည်း ကျွန်တော်တို့ ကရင် အမျိုးသားများနဲ့တကွ ဘဝတူ တိုင်းရင်းသားများ အပေါ်မှာ ကျွန်တော်တို့ ကတိပြုပါတယ်။ ဒီတိုင်းပြည်မှာ အုပ်စိုးသူ အဆက်ဆက်က ကျွန်တော်တို့ကို နိုင်ငံရေးအရ စွပ်စွဲ တိုက်ခိုက်ခဲ့တဲ့ ကရင် အမျိုးသားတွေဟာ ဒီတိုင်းပြည်ကနေ ခွဲထုတ်ဖို့ ဆိုတဲ့ ထိုးနှက်ချက်တွေကို နိုင်ငံတော်ဥသျှောင်များ ရှေ့မှောက်၊ ကျွန်တော်တို့ ကရင် အမျိုးသားများရဲ့ ရှေ့မှောက် ၊ ဘဝတူ တိုင်းရင်းသားများရဲ့ ရှေ့မှောက်မှာ ကျွန်တော်တို့ ဒီပြည်ထောင်စုက မခွဲထွက်ဘူးဆိုတာ ကျွန်တော် KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ကိုယ်စား ကျွန်တော် အလေးအနက် ကတိပြုပါတယ်"

ဇန်နဝါရီလ ၂ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ဟု ကေအင်န်ယူမှ ဖဒိုမန်းငြိမ်းမောင် ကရင် နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကတိပြု" သတင်းမှ KNU ကရင်အမျိုးသားအစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"တရုတ်ရဲ့ Investment တွေ လျော့သွားလားဆိုတဲ့ အပိုင်းမှာ တချို့လည်း ပြောကြတယ်။ လျော့သွား တယ်ပေါ့။ ကျွန်တော့်အမြင်ကတော့ သိပ်တော့ မလျော့ဘူး။ တရုတ်က ၂ဝ၁၁ - ၂ဝ၁၂ မှာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု က ၄၃၄၅ သန်း ရှိတယ်။ အဲဒီအထဲမှာ အထက်ချီဖွေပေါ့။ အထက်ချီဖွေက သန်းပေါင်း ၄၃၁၀ ရှိတယ်ဆိုတော့ တရုတ်နိုင်ငံက စုစုပေါင်း ၄၃၄၅ သန်းကနေပြီး သန်းပေါင်း ၄၃၁၀ နုတ်လိုက်ရင် အခြား Investment ဝင်တာ ၃၅ သန်းရှိတယ်။ ၂ဝ၁၂ -၂၀၁၃ မှာကျတော့ သူရဲ့ Investment က ၂၃၇ သန်းရှိတယ်။ အဲဒီတော့ ရုတ်တရက် ကြည့်လိုက်ရင် အရမ်းကျသွားတယ်လို့ ထင်ရပါတယ်။ သို့သော်လည်းပဲ အထက်ချီဖွေကို ခဏ မေ့လိုက်လို့ ရှိရင် သန်းပေါင်း ၃ဝ ကျော်ကနေ သန်းပေါင်း ၂ဝဝ ကျော် ဖြစ်လာတယ်ဆိုတော့ တက်တယ်လို့ တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် လက်ရှိကာလမှာတော့ တရုတ်က ၁၅ သန်းပဲ ရှိသေးတယ်။ မနှစ်နဲ့ ဒီနှစ်ကို နှိုင်းယှဉ်လိုက်ရင်တော့ ဒီနှစ် နည်းနည်းလေး လျော့တယ်လို့ ပြောလို့ ရပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ လက်ထဲမှာ Proposal တွေ ရောက်နေတာရှိပါတယ်။ မနှစ်ကကိုတော့ မမီပေမယ့် တအားတော့ ထိုးမကျဘူး။ ဘာလို့လဲဆိုတော့ အတည်မပြုရသေးတဲ့ Project တွေ ရှိနေတဲ့အတွက်ပါ"

ဇန်နဝါရီလ ၂ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် သဘာဝ အရင်းအမြစ်များ ထုတ်လုပ်သည့်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု လျော့ကျခဲ့" သတင်းမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"ပြည်နယ် ၊ တိုင်းဒေသကြီး ခရိုင်မြို့နယ် ကော်မရှင် အဖွဲ့ခွဲတွေမှာ အများကြည်ညိုလေးစားသူ ခြောက်ဦးနဲ့ ဌာနဆိုင်ရာ ကိုးဦး ပါဝင်ဖွဲ့စည်းထားပါတယ်။ ဌာနဆိုင်ရာ ကိုးဦးမှာ ထွေအုပ် ပါတယ်။ လဝက ပါတယ်။ ဌာနစုံ ပေါ့။ ကိုယ်ပိုင် ဝန်ထမ်းတော့ မရှိဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ တိုးချဲ့တဲ့အခါ လိုအပ်တဲ့ ဝန်ထမ်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ တောင်းပါတယ်။ သူတို့က ရွှေ့လိုတဲ့ ဆန္ဒမရှိလို့ ကာကွယ်ရေးဝန်ကြီးဌာန ဘက်ကို တောင်းတာပါ။"

ဇန်နဝါရီလ ၂ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ရုံးခွဲများတွင် ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့် ၆၃ ဦး ခန့်အပ်" သတင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment