Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာ ၂ ဘီလီယံပေးရန် ကတိပြု

(PUNCH News မှ 26 Jan 2014 ရက်စွဲပါ “World bank pledges 2 bn development aid for Burma” သတင်းကို ဘာသာပြန်ဆိုသည်)

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ စွမ်းအင်ဖြန့်ဖြူးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် စီမံကိန်းများ အတွက် ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာ နှစ်ဘီလီယံ ပေးရန်ကတိပြုလိုက်ပါသည်။

နေပြည်တော်သို့ ပထမဆုံးအကြိမ်ရောက်ရှိလာစဉ် ကမ္ဘာ့ဘဏ်ဥက္ကဌ ဂျင်ယောင်ကင် က ထိုသို့ကြေညာ လိုက်ခြင်းဖြစ်သည်။

Burma ဟု အခေါ်အဝေါ်များသော မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးနှင့် နှစ်ပေါင်းများစွာ အဆက်ဖြတ် တံခါးပိတ်ထားရင်း စီးပွားရေး ချွတ်ခြုံကျ ပြိုလဲသွားပြီးနောက် ယခုအခါ စီးပွားရေး ပြန်လည်တည်ဆောက်ရေး အတွက် ကြိုးစားရုန်းကန်လျက် ရှိသည်။

နိုင်ငံကို အာဏာသိမ်းမှုအုပ်ချုပ်ခဲ့သော စစ်ဖက်အစိုးရက ချေးငွေပြန်ဆပ်ရန် ပျက်ကွက်မှုကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား ငွေချေးခြင်းကို လွန်ခဲ့သော နှစ် ၃၀ ခန့် ကပင် ရပ်နားထားခဲ့သည်။

တိုင်းပြည်လူဦးရေ ၇၀ ရာခိုင်နှုန်းသည် စိတ်ချလက်ချ အားကိုးလောက်စရာ လျှပ်စစ်မီးကို သုံးစွဲခွင့် မရသောကြောင့် ဓါတ်အားဖြန့်ဖြူးမှု တိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးမှုအတွက် သော့ချက်ဖြစ်နေသည် ဟု မစ္စတာကင် က ဆိုသည်။

“မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ အကြီးစား ပြုပြင်ပြောင်းလဲမှုတွေအတွက် ကျွန်တော်တို့ရဲ့ အကူအညီကို တိုးမြှင့်ပေးနေပါပြီ။ ဘာ့ကြောင့်လဲဆိုရင် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို အစိုးရက မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးနိုင်အောင် ကျွန်တော်တို့က ကူညီပေးချင်လို့ ဖြစ်ပါတယ်”

“မြန်မာနိုင်ငံလို တိုင်းပြည်မှာ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်မှုကို တိုးချဲ့တာဟာ လူ့အဖွဲ့အစည်း အသွင်ပြောင်း တာကို အထောက်အကူဖြစ်စေ ပါတယ်။ ညပိုင်းမှာကလေးတွေ စာကျက်နိုင်မယ်။ ဈေးဆိုင်တွေလဲ ဖွင့်နိုင်မယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာလည်း အသက်ကယ်စောင့်ရှောက်ရေး လုပ်ငန်းအတွက် အလင်းရောင်နဲ့ စွမ်းအင်တွေ လုံလုံ လောက်လောက် ရရှိလာမယ်။ တိုင်းပြည်နဲ့ လူထုရဲ့ ဆင်းရဲမွဲတေမှု အဆုံးသတ်သွားအောင် လျှပ်စစ်ဓါတ်အားက ကူညီဆောင်ကြဉ်း ပေးနိုင်ပါတယ်” ဟု ကမ္ဘာ့ဘဏ် ဥက္ကဌက ပြောကြားသည်။

ယခင်မြန်မာအစိုးရက ဒေါ်လာသန်းရာချီသော ချေးငွေများကို ပြန်ဆပ်ရန် ပျက်ကွက်ခဲ့ပြီးနောက် ဝါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းက မြို့တော်ရန်ကုန်၊ (Rangoon ဟု ခေါ်ကြသည်)  တွင် ဖွင့်လှစ်ထားသော ရုံးခွဲကို ၁၉၈၇ တွင် ပိတ်ပစ်ခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ ခေတ်ပြောင်းစနစ်ပြောင်းသွားပြီးနောက်တွင် ဂျပန်နိုင်ငံ၏ ပေါင်းကူးချေးငွေ အကူအညီဖြင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံဖြိုးရေး ADB တို့ ထံပေးဆပ်ရန် ကြွေးဟောင်းများကို မနှစ်က ပယ်ဖျက် ရှင်းလင်း နိုင်ခဲ့သောကြောင့် အဆိုပါ နိုင်ငံတကာငွေကြေး အဖွဲ့အစည်းနှစ်ခုစလုံးကို ပွင့်လင်း ပျော့ပျောင်းလာသော မြန်မာနိုင်ငံအား ငွေပြန်ချေးမည့် အစီအစဉ်ကို စတင်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၀-၂၀၁၁ တွင် ရွေးကောက်ပွဲများ ကျင်းပကာ စစ်ဖက်အစိုးရကို ဖျက်သိမ်း၍ အရပ်ဖက်အစိုးရအဖြစ် အသွင်ပြောင်းအုပ်ချုပ်ခဲ့ရာ အာဏာလွှဲပြောင်းလက်ခံရရှိသော သမ္မတဦးသိန်းစိန်က နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ပြုလုပ်ပြသခဲ့သောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ် ပြုခြင်းကို ခံခဲ့ရပြီး စစ်ဖက်အစိုးရအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းသွားစေခဲ့သည်။

သို့ရာတွင် အမျိုးသားရေးအစွန်းရောက်အုပ်စုများ ခေါင်းထောင်လာကာ နိုင်ငံတစ်လွှား အကြမ်းဖက် ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ပြောင်းလဲမှုအရှိန်မြန်လွန်းသည်ဟု အချို့ဆန်းစစ်သူများက ဝေဖန်ကြသည်။

“အချို့ကလည်း နိုင်ငံနှင့်လူထု အကျိုးအတွက် မြန်မြန်ဆန်ဆန် ပြောင်းလဲပြင်ဆင်ရမည့် ကိစ္စများကို အစိုးရက လုပ်ဆောင်နိုင်စွမ်းမရှိခြင်းကို ထောက်ပြကာ နှေးကွေးလွန်းသည့် “တစ်စက်ပြီး တစ်စက် ဒီမိုကရေစီ” ဟု ဆိုကြသည်။

မည်သို့ပင်ဖြစ်စေ များပြားလှသော သဘာဝသယံဇာတများရှိရုံသာမကပဲ လူဦးရေသန်း ၆၀ ဈေးကွက်၏ အလားအလာကလည်း ကောင်းနေသည့်အပြင် တရုတ်၊ အိန္ဒိယ နှင့် အာဆီယံ တို့အကြား မဟာဗျူဟာမြောက် ခွ၍ တည်ရှိသော မြန်မာနိုင်ငံအပေါ် ယခင်ချမှတ်ထားသော Sanctions များ ရုတ်သိမ်းသွားခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံ လိုသည့် ပင်လယ်ရပ်ခြားကုမ္မဏီများကလည်း တန်းစီနေကြပြီ ဖြစ်သည်။

ကမ္ဘာ့ဘဏ်က ကြေညာသော ဖွံ့ဖြိုးရေးအကူအညီအစီအစဉ်တွင် ၂၀၃၀ ၌ ကျန်းမာရေးစောင့်ရှောက်မှု တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်အောင် အကူအညီပေးမည့် ဒေါ်လာသန်း ၂၀၀ ပါဝင်သည်။ ထို့အပြင် အဂတိလိုက်စားမှု များကို တိုက်ဖျက်ရန် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို တနလာင်္နေ့က သတိပေးခဲ့သည်။ မြန်မာနိုင်ငံသည် အပြောင်းအလဲများ ပြုလုပ်နေသော်ငြားလည်း ကမ္ဘာ့ဘဏ်၏ နှစ်စဉ် စီးပွားရေးအစီရင်ခံစာပါ ၁၈၉ နိုင်ငံတွင် မြန်မာနိုင်ငံကို အဆင့် ၁၈၂ သတ်မှတ်ထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment