Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဂျပန် Investment တွေဝင်လာဖို့ တော်တော်များများ ရှိနေတယ်။ အီးယူနဲ့ လက်မှတ်ထိုးဖို့ မကြာခင် ညှိနှိုင်းတော့မယ်။ အဲဒါပြီးရင် အီးယူက Investment တွေဝင်လာမယ်။ တရုတ်နဲ့ထိုင်းနိုင်ငံမှာရှိတဲ့ တချို့လုပ်ငန်းတွေက ရေရှည် ဆက်ရပ်တည်ဖို့ စိန်ခေါ်မှုတွေများလာတယ်။ ဘယ်နိုင်ငံကို ရွှေ့ရင်ကောင်းမလဲလို့ ပြန်သုံးသပ်တဲ့ အခါမှာ မြန်မာနိုင်ငံကို တွေ့တယ်။ လုပ်ငန်းထပ်ချဲ့တာတွေရှိမယ်။ အဲဒီ အခြေအနေအရပ်ရပ်ကြောင့် ၂၀၁၄-၂၀၁၅ မှာ မြန်မာနိုင်ငံရဲ့ Investment က အနည်းဆုံး ၄ ဘီလျံနဲ့ ၅ ဘီလျံကြား ခန့်မှန်းထားတယ်”

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Trade Time Journal အတွဲ “လာမည့်ဘဏ္ဍာနှစ်တွင် FDI လေးဘီလျံ ကျော်နိုင်” သတင်းမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သိန်းတစ်ထောင်ကို တွန့်ဆုတ် တွန့်ဆုတ် သုံးနေရတော့ တစ်ခါတလေကြရင် သုံးရမလို၊ မသုံးရမလို ဖြစ်မိတယ်။ နိုင်ငံခြားအမတ်တွေနဲ့ ယှဉ်ရင်လည်း အများကြီးမျက်နှာငယ်ရတယ်။ ဒါ့ကြောင့် ပြည်သူကိုတိုက်ရိုက် အကျိုးမပြုတဲ့ စီမံကိန်း၊ ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့ စီမံကိန်းများကို ပယ်ဖျက်သင့်တာ ပယ်ဖျက်၊ ဆိုင်းငံ့သင့်တာ ဆိုင်းငံ့ပြီး ပြည်သူ လိုလားတဲ့ စီမံကိန်းတွေကို အချိန်တိုအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးရမယ်လို့ တင်ပြလိုပါတယ်”

ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၂) အမှတ် (၆) တွင် ပါရှိသော “ကျပ်သိန်း တစ်ထောင်အစား ကျပ်သိန်းတစ်သောင်းချပေးပါက ပိုမိုဝမ်းသာမည်ဖြစ်ကြောင်း ဥပဒေကြမ်း အထောက် အကူပြုအဖွဲ့ဝင် ဦးမြင့်ထွန်း ပြောကြား” သတင်းမှ ဥပဒေကြမ်း အထောက်အကူပြု ကော်မတီ အဖွဲ့ဝင် ဦးမြင့်ထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒုသမ္မတတွေက သမ္မတက ခန့်အပ်လို့ ဒုသမ္မတဖြစ်လာတယ်။ သမ္မတက သူတို့ကို အချိန်မရွေးပြန်ထုတ်လို့ ရတယ်လို့ ယူဆနေပုံရတယ်။ အမှန်က သမ္မတက ဒုသမ္မတွေကို မကြိုက်လို့ မကျေနပ်လို့ဆိုပြီး၊ ဖြုတ်ခွင့်မရှိဘူး၊ လွှတ်တော်မှာ အဆုံးအဖြတ်ခံရမယ်။ သမ္မတက မကြိုက်တောင် လွှတ်တော်က လက်ခံရင် ဆန္ဒပြုရင် သမ္မတက ဘာမှလုပ်လို့မရဘူး။ ဒါ ၂၀၀၈ အခြေခံဥပဒေအရ ပြောတာပါ”

ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ် အမှတ် (၃၉၄) တွင်ပါရှိသော “ဒုတိယသမ္မတွေရဲ့ အခန်းကဏ္ဍ ပီပြင်စွာမတွေ့ရှိရသေး” သတင်းမှ မြန်မာ့နိုင်ငံအရေးလေ့လာစောင့်ကြည့်သူ ကို ဆလိုင်းမာန် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလာနေကြပါတယ်။ ဒါပေမယ့် အထည်ချုပ်လုပ်ငန်းတွေပဲ များတယ်။ အစိုးရက အထည်ချုပ် စက်ရုံ ပိုင်ရှင်တွေအပေါ် အခွန်သိပ်မကောက်တာ လူတွေက သိကြတယ်။ ဒါပေမယ့် အကြီးစား စက်မှုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူတွေက ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ၊ မရ ကြည့်ဖို့ လာမည့်နှစ် ရွေးကောက်ပွဲအထိ စောင့်ကြည့်နေ ကြတယ်”

ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် News Watch Journal အတွဲ (၈) အမှတ် (၃၅) တွင် ပါရှိသော “၂၀၁၄ ခုနှစ် မြန်မာ့စီးပွားရေး မရေရာ၊ မသေချာမှုများ ဆက်လက်ရှိနေကြောင်း ကျွမ်းကျင်သူပညာရှင်များ ခန့်မှန်း” သတင်းမှလှိုင်သာယာစက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီ နိုင်ငံမှာရှိနေတဲ့ အရေးကိစ္စတွေဟာ ဒီနိုင်ငံမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ ဗြိတိသျှ အစိုးရအနေနဲ့ ပါဝင်စရာမလိုပါဘူး။ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေ တယ်ဆိုတော့ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် စုံစမ်းစစ်ဆေးတဲ့အထဲမှာ ဘယ်သူတွေပါမယ် ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုမှာ တစ်ဖက်တည်းကပဲ ပါနေမယ်ဆိုရင်တော့ ယုံကြည်ဖို့ သံသယ ဖြစ်စရာတွေ ရှိလာနိုင် ပါတယ်။ ဒါ့ကြောင့် စုံစမ်းစစ်ဆေးမှုကို ဆက်လက်စောင့်ကြည့် သွားမှာ ဖြစ်ပါတယ်”

ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “ရခိုင်အရေးကိစ္စ ဝင်ရောက် စွက်ဖက်မည် မဟုတ်သော်လည်း စုံစမ်းစစ်ဆေးရေးကိစ္စများကို စောင့်ကြည့်နေမည် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ပြော” သတင်းမှ ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီး ဟူဂိုဆွတ်ရ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment