Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်မလား

(5 February 2014 ရက်စွဲပါ BBC News မှ Jonah Fisher ရေးသားသော “Will Aung San Suu Kyi ever become president of Burma” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လျင်မြန်စွာ ပြောင်းလဲနေမှုများရှိနေရာ မလွဲမသွေပြင်ရမည့် နောက်ထပ် ပြုပြင်ပြောင်းလဲမှုများ ကိုလည်း တွေ့မြင်လိုလာကြပါသည်။ သို့သော် ပြုပြင်ပြောင်းလဲမှုကတော့ မလုပ်ရသေးပေ။

အပေါ်ယံတော့ ကြည့်ကောင်းနေပါသည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့သည်။ ဥပဒေသစ်များ ပြုခဲ့ပြီး မီဒီယာအနေအထားနှင့် စီးပွားရေးအလားအလာများကို အသွင်ပြောင်း ပေးခဲ့ပါသည်။

သို့သော် နက်နက်နဲနဲ ပြုပြင်ပြောင်းလဲမှုကိုမူ သိပ်မတွေ့ရသေးပေ။ စစ်တပ်မှ ကိုင်ထားသော အာဏာကို ကြီးကြီးမားမား တို့ထိခြင်းမရှိသေးပေ။ ဆယ်စုနှစ်ပေါင်းများစွာ အာဏာကိုင်ထားသော ဗိုလ်ချုပ်ကြီးများက အရပ်သား များထံမှ အမိန့်ကို နာခံမည့် လက္ခဏာမျိုးကိုကား လုံးဝမတွေ့ရသေးပေ။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြည်သူများ ညွှန်းဆိုနေသည့် တွေ့ကြုံနေရသည့် အခက် အခဲများမှာ စစ်တပ်ရေးဆွဲသော ၂၀၀၈ အခြေခံဥပဒေအပေါ် လွှတ်တော်၏ သုံးသပ်မှု ဖြစ်ပါသည်။ ပြီးခဲ့သည့် အပတ်က ၁၀၈ ဦးပါဝင်သော အခြေခံဥပဒေ သုံးသပ်ရေးကော်မတီသည် ၎င်း၏ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။  ကော်မတီသို့ ကိစ္စရပ်အတော်များများအတွက် တင်ပြမှု ၃၀၀၀၀ နီးပါးလက်ခံရရှိခဲ့ပါသည်။

သမ္မတနေရာအတွက် အတားအဆီးများ

ဒေါ်အောင်ဆန်းစုကြည်အတွက်မူ စိတ်ပျက်စရာပင် ဖြစ်ပါသည်။ လာမည့်နှစ် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်အဖို့ အရေးအကြီးဆုံးကိစ္စမှာ သမ္မတနေရာအတွက် ၎င်းအား တားဆီးထားသည့် ပုဒ်မ  ကို ပြောင်းလဲနိုင်ရေး ဖြစ်ပါသည်။

၎င်းမှာ နိုဘယ်ဆုရှင်အတွက် သီးသန့်ရေးဆွဲထားရာ အဆိုပါ ပုဒ်မ ၅၉ စ တွင် သမ္မတနေရာအတွက် အလားအ လာ ရှိသူ၏ အိမ်ထောင်ဖက်နှင့် သားသမီးများသည် နိုင်ငံခြားတိုင်းပြည်၏ ထောက်ပံ့မှုမှ ကင်းလွတ်ရမည်ဟု ဆိုထားပါ သည်။

လွှတ်တော်အစီရင်ခံစာတွင် အဆိုပါ အငြင်းပွားဖွယ်ကိစ္စကို ရှောင်ရှားပြီး ၎င်းထံ တင်ပြလာသော အကြောင်း အရာများ အကျဉ်းချုပ်ကိုသာ ဖော်ပြခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်၍ ဖော်ပြထားသော ပုဒ်မ ၅၉ စ နှင့် ၆၀ ကိစ္စရပ်တွင် ဥပမာအားဖြင့် ၅၇၄၀ ဦးက ပြင်ဆင်ရန် တောင်းဆိုကြပြီး၊ ၅၅ ဦး ကဖြည်စွက်ရန်၊ ၁၉၄ ဦးက ဖယ်ရှားရန်နှင့် ၅၁ ဦးက ဆက်လက်ထားရှိရန် တင်ပြကြသည်ဟု ဖော်ပြထားပါသည်။

အကြံပြုချက် အနည်းငယ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရည်မှန်းချက်ကို အနှောင့်အယှက်ဖြစ်အောင် တမင် စီစဉ်ထားပုံ ပေါ်လွင်ပါသည်။

အစီရင်ခံစာတွင် ဆန္ဒခံယူပွဲလုပ်ရန် မလိုသော ပြုပြင်ပြောင်းလဲမှုများကို ဦးစားပေးသင့်ရန် သင့်ကြောင်း (၅၉ စ ကတော့ ဆန္ဒခံယူပွဲ လိုပါသည်) ဖော်ပြထားပြီး တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဦးစားပေးသင့် ကြောင်းလည်း ဖော်ပြထားပါသည်။

“ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ်နိုင်ရေးကို တားဆီးထားတာတွေ ဖယ်ရှားဖို့ မဟာဗျူဟာအတွက် ကြီးစွာသော အတားအဆီးပါပဲ” ဟု အောက်စဖို့ဒ် တက္ကသိုလ်ဥပဒေဌာန ကထိက Myanmar Constitutional Reform Project ဒုတိယဒါရိုက်တာ Andrew Melerd က ပြောပါသည်။

“တကယ်လို့သာ သမ္မတဖြစ်ရေး အရည်အချင်းနဲ့ ပတ်သက်ပြီး ဆက်စည်းရုံးရေးဆင်းနေမယ်ဆိုရင်လဲ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စလစ်လျူရှုပြီး ကိုယ့်ကျိုးစီးပွားကိုပဲ ရှေ့တန်းတင်တယ်လို့ မြင်လာကြဦးမယ်” ဟု ၎င်းက ဆိုပါသည်။

ထောင်ချောက်လေလား

ပထမကော်မတီသည် မပြည့်စုံသော တွေ့ရှိချက်များကိုသာ လုပ်ဆောင်ရန်လ အတန်ကြာခဲ့ပြီးနောက် အကောင်အထည်ဖော်ရန် ကော်မတီတစ်ခု ဖွဲ့လိုက်ပြန်ပြီ ဖြစ်သည်။ ၎င်းကော်မတီတွင် အဖွဲ့ဝင် ၃၁ ဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ နှစ်ဦးသာ ပါဝင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်နေမှုမှာ ပိုမိုကြီးမားလာကြောင်း မြင်သာလာခြင်းနှင့် အတူ ၎င်း အနေဖြင့် ၂၀၁၁ နှစ်ကုန်က အခြေအနေကို ပြန်လည် စဉ်းစားကောင်း စဉ်းစားနေလိမ့်မည် ဖြစ်ပါသည်။

ထိုစဉ်က ၎င်းသည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး သမ္မတကလည်း ဆယ်စုနှစ် နှစ်ခုအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲဝင်မည် ဖြစ်ကြောင်းကျေညာပြီး ၂၀၁၁ ကို အဆုံးသတ်ခဲ့ပါသည်။

ထို ဆုံးဖြတ်ချက်နှင့်အတူ မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်အပြင်သည် အသွင်ပြောင်းသွားခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသောအခါ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ အနေအထားသည် အကောင်းဖက်သို့ ချိုးကွေ့သွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD လုပ်ဖော်ကိုင်ဖက် ၄၂ ဦးသည် လွှတ်တော်ကိုယ်စားလှယ်များဖြစ်လာ ပြီး အားလုံးကသရော်နေသည့် နိုင်ငံရေးစနစ်မှာလည်း ချက်ခြင်းတရားဝင် အသိအမှတ်ပြုမှု ရလာခဲ့ပါသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းက သံသယများလည်း နောက်တန်း ရောက်သွားခဲ့ကာ အနောက် နိုင်ငံများက စီးပွားရေးအရ အရေးယူမှုများ လျင်မြန်စွာ ရုတ်သိမ်းခြင်း၊ သံတမန် ဆက်ဆံရေးများ ပြန်လည် စတင်လာခြင်းများ တွေ့လာရပါသည်။

ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံရေးအရ ဈေးဆစ်နိုင်သော ပါဝါကိုင်ထားနိုင်ခြင်းကြောင့် ဦးသိန်းစိန်က လိုအပ်သော အခြေခံဥပဒေ ပြောင်းလဲရေးကို လုပ်ဆောင်မည်ဆိုသော အာမခံချက်ကို ရရှိခဲ့သည်ဟု အများက ထင်မြင်ယူဆခဲ့ ကြပါသည်။

ဦးသိန်းစိန် သည် အခြေခံဥပဒေပြောင်းလဲရန် လိုအပ်ချက်နှင့် ပတ်သက်၍ အများအား အသိပေးရာတွင်မူ အနည်းငယ် မရှင်းမလင်း ရှိပါသည်။

“ကျွန်တော့် အနေနဲ့ နိုင်ငံသားတိုင်းကို တိုင်းပြည်ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေးကို မပိတ်ပင်လိုပါဘူး။ တချိန် တည်းမှာပဲ အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေ ရှိဖို့လဲ လိုအပ်ပါတယ်” ဟု ဇန်နဝါရီလ အစောပိုင်းက ပြောကြားခဲ့ပါသည်။

ပုဒ်မ ၅၉ စ ကို ဆက်လက်တည်ရှိနေစေလိုသူများက အချုပ်အခြာအာဏာ ဆိုသည့် စကားလုံးကို မကြာခဏ အသုံးပြု၍ ကာကွယ်ကြသည်ကို တွေ့ရပါသည်။ ယခုမူ ထိပ်ပိုင်းကလည်း ပြင်ဆင်ရန်ရှင်းလင်းသည့် ညွှန်ကြားချက်မရှိ စစ်တပ်ကလည်းး လွှတ်တော်တွင် ဗီတိုပါဝါရှိနေရာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကိစ္စမှာ ဝေးကွာလာပါသည်။

“ကျွန်တော်ထင်တာတော့ သူ ထောင်ချောက်ထဲ သက်ဆင်းမိပြီလို့ ထင်တယ်” ဟု Human Rights Watch မှ  မြန်မာနိုင်ငံသုတေသနပြုသူ David Mathieson ကပြောပါသည်။

“ကျွန်မက လွှတ်တော်ကိုဝင်ပြီး ရှင်တို့ လုပ်ငန်းစဉ်ကြီးကို တရားဝင်အောင် လုပ်ပေးခဲ့တယ်။ ရှင်တို့ကလည်း ၅၉ စ ကို ပြင်ပေးမယ်လို့ ပြောလို့ သမ္မတဖြစ်နိုင်တယ်လို့ စဉ်းစားခဲ့ပါတယ်။ နှစ်နှစ်လောက်ကြာတော့ ထောင်ချောက် တစ်ခုဆိုတာ ပိုပြီးထင်ရှားလာပါတယ်” ဟု ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment