Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အဓိကကSMEs ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ဘယ်အလုပ်တွေပါလဲ။ အသေးစား၊ အလတ်စား ဆိုတာတွေကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်ထားလဲဆိုတဲ့ ဥပဒေတစ်ရပ် တိတိကျကျထွက်လာမှသာ လုပ်ရတာအဆင်ပြေမှာ။ အခုက SMEs ချေးငွေလို့ပြောပြီး တော်တော်ကြီးတဲ့ လုပ်ငန်းတွေပဲ အဆင်ပြေတာတွေ့ရတော့ SMEs ဖွံ့ဖြိုးရေးဆိုတာနဲ့ ပြန်ချိန်ရင် တော်တော်လေး အဆင်မပြေဖြစ်နေပါတယ်”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် Mizzima Daily သတင်းစာတွင်ပါရှိသော “အသေးစားနှင့်အလတ်စား လုပ်ငန်းဥပဒေ ယခုနှစ်အစောပိုင်းတွင် ပေါ်ထွက်လာဖွယ်ရှိ” သတင်းမှ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးနေလင်းဇင် ပြောကြားချက်အား ကောက်နှုတ်ချက်။


“အမျိုးသမီးကို ထည့်ပေးတဲ့အတွက်တော့ ကောင်းတယ်။ အမျိုးသမီးကဏ္ဍ ဒီထက်ပိုများရင်လည်း ကောင်းပါတယ်။ ဒါပေမယ့် ဦးတို့ လိုချင်တာ အဲဒါမှ မဟုတ်တာ။ လွှတ်တော်မှာပါဝင် ဝင်ရောက်ပြီးတော့ ဆွေးနွေးပေးနိုင်မယ့် ပြည်သူ့အတွက် နိုင်ငံ အတွက် အဆုံးအဖြတ်ပေးနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်မျိုးလိုချင်တယ် “

ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် Reporter ဂျာနယ်တွင် ပါရှိသော “တပ်မတော်သားကိုယ်စားလှယ်များသည် အမျိုးသာဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ကာချုပ်၏ သဘောပဲဖြစ်နေ၍ လွှတ်တော်တွင် အကျိုးပြုနိုင်ရန် သက်ရောက်မှု အားနည်း” သတင်းမှ  ဖက်ဒရယ် ပြည်ထောင်စုပါတီ၏ ဒုတိယဥက္ကဋ္ဌ(၂) ဦးစောမြသန်းမြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သမ္မတက ရပ်ဆိုင်းထားပါလို့ပြောထာတဲ့အချိန်ကစပြီး လူထုတွေရဲ့ သဘောထား ရယူနေတဲ့ သဘောရှိတယ်။ မြစ်ကြီးနား လူထုရဲ့ ခွင့်ပြုချက်ရရင် သူတို့လုပ်နိုင်မယ်လို့ ယုံကြည်ထားတဲ့ အခြေအနေရှိတယ်။ အရင်က ကျေးရွာ ဒေသခံတွေ လုံးဝ အဆက်အဆံ မရှိခဲ့ရာကနေ အခုဆိုရင် ဒေသခံတွေနဲ့ နီးနီးစပ်စပ်နေတယ်။ ကူညီတာတွေ လုပ်ပေးနေတယ်။ ဒေသခံတွေ သဘောတူရင် စီမံကိန်းပြန်ပြီးတော့ စမယ်ဆိုပြီး ကြိုးစားနေတဲ့ သဘောလို ဖြစ်နေပါတယ်”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၂) အမှတ် (၈) တွင် ပါရှိသော “မြစ်ဆုံစီမံကိန်း ပြန်လည်စ တင်လာမည်ကို ကချင်ဒေသခံများ အကြီးအကျယ်စိုးရိမ်လျက်ရှိ” သတင်းမှ လူမှုဖွံ့ဖြိုးရေးကွန်ယက်မှ (ကချင်ပြည်နယ်) မှ တာဝန်ခံ မဒေါင်ရွန် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းဟာ ကျွန်တော်တို့ စီမံကိန်းတွေ၊ ဖွံ့ဖြိုးတိုးရေးဇုန်တွေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ပိုပြီးတော့ အကျိုးရှိအောင် မျှမျှတတဖြန့်ဝေဖို့ လိုအပ်တယ်။ ဥပမာ ထားဝယ်အထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဟာ အလွန်အရေးကြီးတဲ့ စီမံကိန်းဖြစ်တယ်။ အခြား စက်မှုဇုန်တွေ ဖြစ်တဲ့ မြိတ် ခရိုင် စက်မှုဇုန်၊ ထီးခီး စက်မှုဇုန်၊ မောင်တောင် စက်မှုဇုန်၊ မောင်းမကန် စက်မှုဇုန် စတဲ့ စက်မှုဇုန်တွေမှာ လုပ်ငန်းအများကြီးရှိတယ်။ ကျွန်တော်တို့ စက်မှုဇုန်တွေမှာ လျှပ်စစ်မီးမရှိတဲ့ အတွက်ကြောင့် ကုန်ချော မထုတ်နိုင်ဘဲ ကုန်ကြမ်းအနေနဲ့ပဲ ရောင်းနေရတာတွေ ရှိပါတယ်”

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် The Trade Time Journal အတွဲ (၂) အမှတ် (၉၆) တွင် ပါရှိသော “နေပြည်တော် မီးလင်းရေးအစား တစ်နိုင်ငံလုံး တိုးတက်ရန် ဦးစားပေးလုပ်ဆောင်စေလို” သတင်းမှ ဒေါက်တာ ဗညားအောင်မိုး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေး- သမ္မတ၊ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့ တွေ့ဆုံမှုက ငါးကြိမ်ရှိပြီမို့ ယုံကြည်မှု တော်တော်လေး ရရှိနေပြီ လို့ ပြောလို့ရလား။

ဖြေ- လက်ရှိအုပ်ချုပ်နေတဲ့ ဗမာအစိုးရကို ဗမာတွေ အားလုံးကတောင် မထောက်ခံသေးဘူးဆိုတော့ တိုင်းရင်းသားတွေ အနေနဲ့ မပြောပါနဲ့ဦး လူထုကတောင် လက်ရှိအစိုးရကို အပြည့်အဝ ယုံကြည်သေးတာ မဟုတ်တော့ ကျွန်တော်တို့ မယုံကြည် သေးတာ ပြောနေစရာ မလိုတော့ဘူးလေ။ အခုက အသွင်ကူးပြောင်းတဲ့ ကာလဆိုတော့ ဒီလိုပဲစောင့်ကြည့်ရ ဦးမယ်။ နောက်ထပ် ဆက်တိုက်နေဦးမယ်ဆိုရင်လည်း တိုင်းပြည်နဲ့ ပြည်သူလူထုပဲ ဆင်းရဲပြီး နှစ်ဖက်လုံးမှာ လူအများကြီး ဆက်သေကြဦးမှာ ဖြစ်တယ်။ တစ်နိုင်ငံလုံးအပစ်ရပ်စဲ ရေးလုပ်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေလုပ်ရာမှာ နှစ်ဖက်လုံးက အလျှော့အတင်းတော့ လုပ်ရမယ်။ အစိုးရက ပြောင်းလဲလာတယ် ဆိုပေမယ့်လည်း အနည်းအကျဉ်းပေါ့။ ဒါပေမဲ့ အားလုံးကောင်းတဲ့ နည်းလမ်းတွေကို ရှာသွားရမယ်၊ ကိုယ့် အခွင့်အရေး၊ တိုင်းရင်းသားတွေ အားလုံးရဲ့ အခွင့်အရေး တွေအတွက် ဆက်တိုက်ယူမယ်ဆိုပေမဲ့ လက်နက်နဲ့ တိုက်တာမျိုး မဟုတ်ပဲ စားပွဲဝိုင်းပေါ်မှာ နိုင်ငံရေးနည်းနဲ့ တိုက်ယူ ဖြေရှင်းမယ်။ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အတွက်တော့ အားလုံးမှာ တာဝန်ရှိပြီး ကြိုးစားရမှာပေါ့။ အခု လက်နက် ကိုင်ထားတာက အစိုးရကို ဆက်တိုက်ဖို့ မဟုတ်တော့ဘဲ ကိုယ့်ကိုကိုယ် ခုခံကာကွယ်နေတာ ဖြစ်တယ်။ တကယ်လို့ ကျွန်တော်တို့မှာ လက်နက်မရှိရင်တော့ မလွယ်ဘူး”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၈၆) တွင် ပါရှိသော “ငြိမ်းချမ်းရေးဆွေးနွေးရတာ လူထုက အဆင်းရဲဆုံး အခြေအနေရောက်နေလို့ပါ” အင်တာဗျူးမှ ကရင် အမျိုးအသားအစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ ၏ ဖြေကြားချက်အား ကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment