Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Energy Business Review မှ 19 Feb 2014 ရက်စွဲပါ  “Max Power Signs Power Purchase Agreement for 50 MW gas-Fired Power in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

(Associated Press မှ 19 Feb 2014 ရက်စွဲပါ “UN: Sectarian Violence Threatens Myanmar Reforms” သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံမှ ၅၀ မဂ္ဂါဝပ်ဓါတ်ငွေ့လောင်စာသုံး ဓါတ်အားပေးစက်ရုံအတွက် စင်ကာပူ Max Power

(Energy Business Review မှ 19 Feb 2014 ရက်စွဲပါ  “Max Power Signs Power Purchase Agreement for 50 MW gas-Fired Power in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

စင်ကာပူမှ Navigat အုပ်စု၏ လုပ်ငန်းခွဲဖြစ်သော Max Power (သာကေတ) နှင့် မြန်မာ့လျှပ်စစ်ဓါတ်အား လုပ်ငန်း MEPE တို့သည် မြန်မာနိုင်ငံတွင် တည်ဆောက်နေသော ၅၀ မဂ္ဂါဝပ် ဓါတ်ငွေ့လောင်စာသုံး လျှပ်စစ်ဓါတ်အား ပေးစက်ရုံအတွက် ဓါတ်အားအရောင်းအဝယ်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး လိုက်ကြပြီ ဖြစ်သည်။

ရန်ကုန်ဆင်ခြေဖုံး သာကေတတွင် တည်ရှိသည့် ဓါတ်အားပေးစက်ရုံသည် ယခုအခါ အပြည့်အဝ လည်ပတ် နိုင်ပြီဖြစ်ပြီး GE ကုမ္ပဏီ၏ Jenbacher ဓါတ်ငွေ့တာဘိုင် ၁၆ လုံး တပ်ဆင်ထားကာ၊ စင်ကာပူ Max Power ကုမ္ပဏီက ဒေါ်လာ ၃၅ သန်း ရင်းနှီးမြှုပ်နှံထားသည်။

ယခု အစီအစဉ်ကြောင့် နောက်ထပ် အကောင်အထည်ဖော်ရန် အလားအလာရှိသည့် ဓါတ်အားပေး စီမံကိန်း များအတွက် Max Power နှင့် မြန်မာအစိုးရကြား စီးပွားရေးဆက်ဆံမှုကို ခိုင်မာအောင် အထောက်အကူ ဖြစ်စေသည်ဟု ဆိုသည်။

Navigat စီအီးအို ဆော်ရန် က ကုမ္ပဏီသည် နောက်ဆုံးပေါ် နည်းပညာနှင့် ထိပ်တန်းစက်ပစ္စည်းများကို အသုံးပြုကာ ဖွံ့ဖြိုးဆဲဒေသများအတွက် မြန်ဆန်၊ စိတ်ချ၊ ပြည့်ပြည့်ဝဝ ဓါတ်အားဖြန့်ဖြူးပေးရန် ဆုံးဖြတ် လုပ်ကိုင်လျက်ရှိ သည်ဟု ပြောကြားသည်။

“ဒီ သဘောတူစာချုပ်ကြောင့် Max Power ဟာ မြန်မာလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ ရေရှည်လက်တွဲ သွားမယ် ပထမဆုံး နိုင်ငံခြားကုမ္ပဏီ စစ်စစ်ဖြစ်လာပါတယ်” ဟု ၎င်း ကဆက်လက်ပြောဆိုသည်။

သာကေတ ဓါတ်အားပေးစက်ရုံပြီးစီးသွားမှုကြောင့် Max Power သည် အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံ တွင် ဓါတ်အားပေးစီမံကိန်းများ လုပ်ကိုင်နေသော တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်လာသည်ဟုလည်း သိရှိရသည်။

မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးထိန်လွင် ကလည်း “Max Power ရဲ့ အရှေ့ တောင်အာရှ ဒေသတွင်း အတွေ့အကြုံတွေ၊ စီမံကိန်းရဲ့ စိန်ခေါ်မှုတွေအပေါ် နောကျေမှုတွေ GE ရဲ့ အံ့မခန်း နည်းပညာတွေ ပူးပေါင်းလိုက်တဲ့အခါ Max Power ဟာ ဒီလို အထင်ကရ သဘောတူစာချုပ် အတွက် ယုံကြည်စိတ်ချ ထိုက်တဲ့ လက်တွဲဖော်ဖြစ်လာခဲ့ ပါတယ်” ဟု ပြောဆိုခဲ့သည်။


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို လူမျိုးရေးအကြမ်းဖက်မှု ခြိမ်းခြောက်နေ

(Associated Press မှ 19 Feb 2014 ရက်စွဲပါ “UN: Sectarian Violence Threatens Myanmar Reforms” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် လူမျိုးရေးအကြမ်းဖက်မှုကို အရေးပေါ်ဖြေရှင်းဆောင်ရွက်ခြင်း မပြုပါက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဘေးဥပဒ်ဖြစ်စေနိုင်ကြောင်း မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးစုံစမ်းရေး ကိုယ်စားလှယ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်တွင် မကြာသေးမှီက ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များအကြား အကြမ်းဖက်မှုကို အစိုးရ က စုံစမ်းစစ်ဆေးရာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များ အသတ်ခံရကြောင်း စွပ်စွဲမှုများကို ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်ဟု ကုလအထူးကိုယ်စားလှယ် တိုမားစ်အိုဂျာကင်တာနာ က ပြောကြားသည်။

“ရခိုင်ပြည်နယ်က အနေအထားဟာ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တစ်ခုလုံးကို ဘေးဥပဒ်ဖြစ်စေနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီအနေအထားဟာ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ရိုက်ခတ်မှုတွေရှိနေလို့ ဖြစ်ပါတယ်” ဟု မစ္စတာ ကင်တာနာ က ခြောက်ရက်ကြာ စုံစမ်းရေး မစ်ရှင်အပြီးသတ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် မောင်းတောမြို့နယ်မှ ဒူချီးရားတန်း ကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များ၏ အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံးမွတ်ဆလင် ၄၈ ဦးခန့် သေဆုံးဖွယ်ရှိသည်ဟု ကုလသမဂ္ဂက ပြောကြားထားသော်လည်း မြန်မာအစိုးရက ယင်းကဲ့သို့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်းမရှိဟု ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

မြန်မာအစိုးရ၏ လက်ရှိစုံစမ်းစစ်ဆေးမှုသည် နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီပါက ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီအား မြန်မာအစိုးရနှင့် အတူလက်တွဲ၍ ယုံကြည်စိတ်ချထိုက်သော စုံစမ်းမှုပြုလုပ်ရန် တိုက်တွန်း မည်ဟု မစ္စတာကင်တာနာ က ပြောကြားသည်။

“နည်းပညာအကူအညီပေးမှု အပါအဝင်နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပါဝင်မှု၊ ပံ့ပိုးမှုတွေနဲ့ ပြုလုပ်မယ့် စုံစမ်း စစ်ဆေးမှုဟာ မြန်မာနိုင်ငံမှာ အပြစ်ကျူးလွန်ပြီး ပြစ်ဒဏ်ကင်းလွတ်နေတဲ့ လှိုင်းဂယက်ကို ဟန့်တားဖို့ အခွင့်အလမ်းကို ဖော်ထုတ်ပေးပါလိမ့်မယ်” ဟု မစ္စတာ ကင်တာနာ ကဆိုပါသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို ခြောက်နှစ်အထူးစုံစမ်းစစ်ဆေးခွင့်ရထားသူ မစ္စတာကင်တာနာ က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အနေအထားသည် များစွာတိုးတက်မှု ရှိလာသည်ကို တွေ့မြင်ရသော်လည်း၊ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် တရားဥပဒေစိုးမိုးမှု ရှိရေးကို အထူးဦးစားပေးဆောင်ရွက်ရန် ကျန်ရှိနေဆဲဖြစ်သည်ဟု မှတ်ချက်ပေးသည်။

မစ္စတာ ကင်တာနာသ ည် ခြောက်နှစ် ခွင့်ပြုချက်ရ စုံစမ်းရေး ကိုယ်စားလှယ် တာဝန်ကို ဆောင်ရွက်ကာစ အချိန်တွင် အောက်ဆုံးအဆင့်အောက် အနှုတ်လက္ခဏာပြနေသော မြန်မာ့လူ့အခွင့်အရေး အနေအထားကို ဝေဖန်မှုကြောင့် ထိုစဉ်က တပ်မတော်အစိုးရ၏ မျက်မုန်းကျိုးမှုကို ရင်ဆိုင်ခဲ့ရပြီး၊ ယခု အရပ်ဖက်အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ် အကြမ်းဖက်မှု ပြဿနာပေါ်လာပြီးနောက် ရိုဟင်ဂျာတို့၏ အခက်အခဲကို ဖော်ထုတ်မှုကြောင့် ရခိုင်အသိုင်း အဝိုင်း၏ ငြိုငြင်မှုကို ကြုံတွေ့နေရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment