Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့တိုင်းရင်းသားတွေက ကိုယ့်နေရာကိုယ့်ဒေသမှာ အေးအေးချမ်းချမ်းနဲ့ ရှာဖွေစားသောက်ချင်တယ်။ ထမင်းဝိုင်းမှာ ကိုယ်မိသားစုနဲ့ကိုယ် ထမင်းလက်ဆုံစားချင်ပါတယ်။ စစ်ပြေးဒုက္ခသည် မဖြစ်ချင်တော့ဘူး။ အခု ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးရင် အခုချက်ချင်းငြိမ်းချမ်းဖွံ့ဖြိုးချင်တယ်။ ဆွေးနွေးနေရတာနဲ့၊ တိုင်ပင်နေရတာနဲ့ တင် အချိန်ကုန်နေမယ်ဆိုရင်တော့ လက်မှတ်ရေးထိုးတဲ့ ကိစ္စပြန်စဉ်းစားရလိမ့်မယ်။”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် Newsweek ဂျာနယ် အတွဲ ၂၊ အမှတ် ၂၄၊ တွင်ပါရှိသော “နိုင်ငံတော်မှ ချမှတ်ဖော်ဆောင်နေသော ဆင်းရဲမွဲတေမှု လျော့ချရေးကို အားမရကြောင်း KNU/KNLA ဗိုလ်မှူးချုပ်တင်မိုသီ ထုတ်ဖော်ပြောကြား”  သတင်းမှ KNU/KNLA ဗိုလ်မှူးချုပ်တင်မိုသီပြောကြားချက်အား ကောက်နှုတ်ချက်။


“ မေး- ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မမြင် ဖြစ်နေရတဲ့ အကြောင်းအရင်းတွေထဲမှာ အစိုးရသစ် တက်ပြီး နောက်ပိုင်းမှ ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ငယ်တွေက ငြိမ်းချမ်းရေးစကား ပြောရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးတွေရတဲ့ အခွင့်အရေးနဲ့ တန်းတူရရှိရေးကို တောင်းဆိုနေတာကြောင့် ကြန့်ကြာမှုတွေ ရှိတယ်ဆိုပြီး MPC ကပြောပါတယ်။ ဒါကို တော်တော်ညှိယူရဦးမယ် ဆိုပြီးပြောတယ်။ ဒီစကားကို ဘယ်လိုမြင်ပါသလဲ။

ဖြေ- ဒါက အာဏာပိုင်တွေ ဘက်ကို ဘက်လိုက်ပြီးပြောတဲ့ စကားလို့ပဲမြင်တယ်။ ဒါကို ရခိုင်တပ်မတော် နိုင်ငံရေး အင်းအားစုက လက်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ANC အနေနဲ့ ရခိုင်ပြည်သူတွေ ညီညွတ်ရေးကို အရင်ဆုံး တည်ဆောက်ရမှာပါ။ ဒီ ညီညွတ်ရေး တည်ဆောက်ပြီးမှပဲ လက်နက်ကိုင်တပ်ကိစ္စတွေကို ANCက စဉ်းစားနိုင်မှာပါ။ အခုတော့ ကျနော်တို့ ANC က အစိုးရနဲ့ပြောတဲ့အခါမှာ စည်းကမ်းချက်တွေနဲ့ မကိုက်ညီသေး လို့။  လက်မခံသေးပေမယ့် ပြည်တွင်းမှာ အခြေကုတ်အခြေကျတဲ့ တစ်နေ့မှာ ရခိုင်တပ်မတော်ကို လက်ခံ အသိအမှတ် ပြုပေးရမယ်လို့ တင်ပြထားတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် Venus News ဂျာနယ် အတွဲ ၅၊ အမှတ် ၃၁၊ တွင် ပါရှိသော “ရခိုင်အမျိုသားကောင်စီ (ANC) ဒုဥက္ကဋ္ဌ ဦးခင်မောင်နှင့် တွေ့ဆုံမေးမြန်းခြင်း” အင်တာဗျူးမှ ရခိုင်အမျိုးသားကောင်စီ (ANC) ဒုဥက္ကဌ ဦးခင်မောင် ၏ ဖြေကြားချက်အား  ကောက်နှုတ်ချက်။


“နိုင်ငံတော်ရဲ့ ကြီးလေးတဲ့ တာဝန်ပိုင်းတွေမှာ မြန်မာအမျိုးသမီးတွေရဲ့ ပါဝင်မှုအချိုးအစား အနေနဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့မှာဆိုရင်  ပြည်ထောင်စုဝန်ကြီး နှစ်ဦးနဲ့ ဒုတိယဝန်ကြီးအဆင့် ခုနှစ်ဦးပါဝင် ဆောင်ရွက် နေရတာရှိပါတယ်။ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်တွေမှာလည်း အမျိုးသမီး ၅၃ ဦးရွေး ချယ်ခံခဲ့ရပါတယ်။ အမျိုးသမီးတွေ အရည်အချင်းရှိတယ်ဆိုရင် ဝန်ကြီးဌာန တစ်ခုထက်မကတဲ့ အမျိုးသမီး ဝန်ကြီးတွေ အများကြီးပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ သီးခြားအနေနဲ့ အမျိုးသမီးကိုသာ ခန့်အပ်ရမယ်ဆိုတဲ့ ဥပေဒ ပြဌာန်းချက်မရှိလို့ အမျိုးသမီး ဝန်ကြီးဌာနတစ်ခု သတ်မှတ်ပေး ဖို့ မဖြစ်နိုင်သေးပါဘူး။”

ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် စံတော်ချိန် သတင်းစာတွင် ပါရှိသော “အမျိုးသမီးရေးရာဝန်ကြီးဌာန သီးခြားသတ်မှတ်မည်မဟုတ်ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ဖြေ” သတင်းမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


"တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရင် တိုက်ပွဲတွေ မဖြစ်နိုင်ဘူး။ ပြီးတော့ RCSS/SSA ရဲ့ နယ်မြေတွေမှာ စစ်ဆင်ရေး ပိုမိုဆောင်ရွက်လာတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။ ပြီးတော့ ဆက်ဆံရေးရုံးတွေ ဖွင့်ထားတာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး ကိစ္စရပ်တွေ တိုင်ပင်ဆွေးနွေးကြဖို့၊ အပြန်အလှန် နားလည်ကြပြီး ရင်းနှီးစွာ ဆက်ဆံနိုင်ဖို့ ဖြစ်ပါတယ်။ ယုံကြည်မှုကို ဒီရုံးတွေကနေ တစ်ဆင့် တည်ဆောက်နိုင်ဖို့ ဖွင့်လှစ်ထား ခဲ့တာပါ"

ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ပါရှိသော “မိုင်းပန်တွင် SSA ဆက်ဆံရေး ရုံးသစ်ဖွင့်မည်” သတင်းမှ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်ရှိအတည်ပြုထားသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးသည် နှစ်ပေါင်းများစွာ ပြန်လည်စိစစ်မှု မပြုနိုင် သည့်အတွက် ကာယကံရှင် တစ်ဦးချင်းက မိမိဆန္ဒအတိုင်း၊ မိမိခံယူလိုသည့်အတိုင်း ပြောကြားခွင့် ရှိနေသည်ဖြစ်၍ မည်သည့်လူမျိုးစု သည် မြေပြင်တွင် အမှန်တကယ် ရှိနေသည်၊ မည်သည့်လူမျိုးစုများ ပျောက်ကွယ်သွားသည်။ မည်သည့် လူမျိုးစု အသစ်များ ထပ်မံတွေ့ရှိသည် စသည်တို့ကို သိရှိနိုင်မှာဖြစ်ပါတယ်။ ၎င်းအပေါ် မူတည်၍ ပြန်လည်ပြင်ဆင် အတည်ပြု ရန်များ တွေ့ရှိပါက စာရင်းကောက်ယူ ပြီးစီးချိန်တွင် ဒုတိယအဆင့်အဖြစ် လိုအပ်သော အဖွဲ့အစည်းများ စုံညီစွာ ပေါင်းစပ်၍ ပြန်လည်သုံးသပ် ညှိနှိုင်းပြီး၊ ပြင်ဆင် သွားနိုင်ရေး ဆက်လက်ဆောင်ရွက် သွားရမည်သာ ဖြစ်ပါတယ်”

ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် Daily Eleven သတင်းစာတွင် ပါရှိသော “သန်းခေါင်စာရင်း ကောက်ယူပြီး ချိန်တွင် လူမျိုး ၁၃၅ မျိုးအား ပြင်ဆင်အတည်ပြုရန် တွေ့ရှိပါက လိုအပ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်မည်” သတင်းမှ  ဒုတိယဝန်ကြီး ဦးဝင်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


International media (1)(10).jpg


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment