သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ
“သူတို့အဖွဲ့ ကျွန်တော်တို့ ပြည်နယ်အစိုးရက ရခိုင်ပြည်နယ်မှာ ကျန်းမာရေးနှင့် ပတ်သက်တဲ့ စောင့်ရှောက်မှုတွေကို အဓိကထား လုပ်ဖို့ညွန်ကြားထားတာပါ။ အခုသူတို့က အဲဒါတွေမလုပ်ဘဲ နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေမယ့် ဖြားယောင်းလှုံဆော်တဲ့ သတင်းတွေတွေကို ပြည်ပသတင်းဌာနများသို့ မမှန်မကန်ပေးပို့ခြင်းလူမျိုးစွဲ ပုဂ္ဂိုလ်စွဲနဲ့ ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကြောင့် မကြာခဏဆိုသလို ပြဿနာများဖြစ်နေရတယ်။ ဒါကြောင့် ပြည်နယ်အစိုးရက အခုလုပ်လိုက်တာပါ”
မတ်လ ၄ ရက်နေ့ထုတ် Tomoprrow အတွဲ ၁၊ အမှတ် ၂ ဂျာနယ်တွင် ပါရှိသော “နယ်စည်းမခြားဆရာဝန်အဖွဲ့၏ ရပ်ဆိုင်းခံထားရသော လုပ်ငန်းများအား ပြန်လည်ပတ်နိုင်ရေး အစိုးရနှင့်ဆွေးနွေး” သတင်းမှ ရခိုင်လူမှုကွန်ယက်မှ ဗဟိုကော်မတီဝင် ဦးမောင်ကြီး ၏ပြောကြာချက်အား ကောက်နှုတ်ချက်။
“စာချုပ်မူကြမ်းကို ညှိတဲ့အဆင့် ရောက်နေပါပြီ၊ ဒီစာချုပ်မှုကြမ်းကတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ သဘောထားပေါ့၊ အဲဒီမူနဲ့ ဆွေးနွေးရာမှာ တိုင်းရင်းသားလက်နက်ကိုင်တပ် အားလုံးပါဝင်မှာပါ။ ဘယ်တပ်ဖွဲ့မှာ ကျန်နေ တယ်ဆိုတာမျိုး မဖြစ်စေရဘူး”
မတ်လ ၄ရက်နေ့ထုတ် Venus News အတွဲ ၅၊ အမှတ် ၃၂၊ ဂျာနယ်တွင်ပါရှိသော “နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမည့် စာချုပ်မှုကြမ်းကို အစိုးရနှင့် ညှိနှိုင်းနေဟုပြော” သတင်းမှ ညီညွတ်သော တိုင်းရင်းသား ဖက်ဒရေးရှင်းကောင်စီ (UNFC) အတွင်းရေးမှူး ခွန်ဥက္ကာ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။
“ကျွန်တော်တို့နှစ်ဖက် လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ မပါသေးဘူး။ ဒီအတွက် ဘာကို လိုက်နာရမလဲဆိုတဲ့ အကြောင်း၊ ဒါတွေပါတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ချုပ်ဆိုဖို့လိုတယ်၊ နှစ်ဖက်လုံးက ဒီတိုင်းပြည် ဘယ်နေရာမှာ မဆို လိုက်နာရမယ့် စစ်သည်တော် ကျင့်ဝတ်ဆိုတာ ရှိဖို့လိုတယ်၊ ကျင့်ဝတ်အတိုင်း နှစ်ဖက်လုံးက လိုက်နာခြင်း ရှိမရှိ၊ စောင့်ကြည့်ဖို့အတွက် ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့ဖို့လိုအပ်တယ်”
မတ်လ ၄ ရက်နေ့ထုတ် ကုမုဒြာ အတွဲ ၃၊ အမှတ် ၄၈၊ ဂျာနယ်တွင် ပါရှိသော “တိုက်ပွဲတွေ ထပ်မဖြစ်ဖို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မှာ စစ်သည်တော်ကျင့်ဝတ် ထည့်သွင်းဖို့စီစဉ်” သတင်းမှ NCCT အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး အဓိပတိ ကောင်စီ အဖွဲ့ဝင် ဒေါက်တာလျှန်စမှုန်စခေါင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“အလွဲသုံးစားလုပ်မှုနဲ့ ပွင့်လင်းမြင်သာမှုက ဆက်စပ်နေပါတယ်။ ပွင့်လင်းမြင်သာမှုရှိစွာ လုပ်နေတယ်ဆိုရင် ခိုးလုပ်စရာမလိုပါဘူး။ ဒါကြောင့် ပွင့်လင်းမြင်သာမှုကို တရားဥပဒေအဖြစ် ဥပဒေအဖြစ် ပြဋ္ဌာန်းဖို့လိုတယ်လို့ ပြောတာပါ။ ဥပမာ စင်ကာပူမှာဆိုရင် အစိုးရက ဘယ်လိုပရောဂျက်မျိုးကို လုပ်လုပ် တစ်နိုင်ငံလုံးသိအောင်၊ တစ်ကမ္ဘာလုံးသိအောင် ကြေညာထားတဲ့အတွက် ဒီလုပ်ငန်းကို လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေကလည်း အစိုးရသတ်မှတ်ထားတဲ့ စဉ်းမျဉ်းစည်းကမ်းတွေ အတိုင်းဝင်ရောက် လုပ်ကိုင်ဖို့ လျောက်ထားကြရတာ ဖြစ်တဲ့အတွက် လက်သိပ်ထိုးပေးတဲ့ ကိစ္စမျိုးတွေ မရှိနိုင်တော့ဘူး”
မတ်လ ၄ ရက်နေ့ထုတ် Daily Eleven သတင်းစားတွင် ပါရှိသော “နိုင်ငံသားများ သိပိုင်ခွင့် ဥပဒေပြဌာန်းရန် လိုအပ်ကြောင်း Myanmar Transitional platform အဖွဲ့အကြုံပြု” သတင်းမှ ဒေါက်တာသိန်းသိန်းဝင်း၏ ပြောကြား ချက်အား ကောက်နှုတ် ချက်။
“အခြေခံတွေရှိမှပဲ စက်မှုလုပ်ငန်းဖွံ့ဖြိုးမယ်၊ စက်မှုတိုးတက်မှ နိုင်ငံစီးပွားရေးကောင်းမယ်။ နိုင်ငံတိုးတက်ချင်တယ်ဆိုရင် အခုစက်မှုလုပ်ငန်းတွေ လိုအပ်နေတဲ့ အရာတွေကို နားလည်မှရမယ်။ ကျွန်တော်တို့ အအေးခန်းဆိုရင် ၂၄ နာရီလည်ပတ် နေတာ လျှပ်စစ်မီးက အလွန်အရေးကြီးတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်သုံးစွဲမှုက အာဆီယံ ၁၀ နိုင်ငံမှာ အနည်းဆုံးပဲ”
မတ်လ ၄ ရက်နေ့ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာတွင်ပါရှိသော “ပြည်တွင်းစက်မှုဇုန် အခြေခံ အဆောက် အအုံများဖြင့် ၂၀၁၅ aec နှင့် aftaအား ယှဉ်ပြိုင်ရန် ခက်ခဲနေဟုဆို” သတင်းတွင် လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။