Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာနိုင်ငံ၏ အခက်အခဲဒုက္ခများအပေါ် သဘာဝဘေးအန္တရာယ်များကထပ်ဆင့်ခြိမ်းခြောက်နေ

(Inter Press Service မှ 11 Jan 2014 ရက်စွဲပါ “Natural disasters add to Myanmar’s troubles” သတင်းဆောင်းပါးကိုဘာသာပြန်ဆိုသည်)

ကာလရှည်ကြာစစ်ဖက်ကအုပ်ချုပ်ခဲ့ပြီးနောက် ခနော်ခနဲ့ ဒီမိုကရေစီကို ပြုစုပျိုးထောင်နေသော မြန်မာနိုင်ငံတွင် နောက်ထပ်ထွက်ပေါ်လာသော အန္တရာယ်သစ်တစ်ခု ဖြစ်သည့် ရာသီဥတုပြောင်းလဲမှု Climate Change သည် နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်မှုများနှင့် အကျပ်အတည်းတို့ကိုပိုဆိုးစေမည့်အလားအလာရှိသည်ဟု ကျွမ်းကျင်သူများကဆိုပါသည်။

နာဂစ်ဆိုက်ကလုံးအလွန် ငါးနှစ်ခန့်ရှိလာသည့်တိုင်အောင် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် နေထိုင်သူများမှာ ၎င်းတို့ ခြေထောက်ပေါ်ရပ်နိုင်ခြင်းမရှိသေးဟု NGOs များကထောက်ပြကြသည်။

ဆိုးဆိုးဝါးဝါး ပျက်စီးသွားသော သက်မွေးဝမ်းကျောင်းလုပ်ငန်းများကြောင့် အခက်အခဲများ ထပ်မံကြုံတွေ့နေရ သည်ဟု Environment and Economic Research Institute of Myanmar မှ ဒုတိယဥက္ကဋ္ဌဒေါက်တာလင်းသီးစ်မီယာ က ပြောကြားသည်။

ဆားငန်ရည်ဝင်ခြင်းကြောင့် လယ်များဆုံးရှုံးသွားသော (သို့) ပိုက်ဆံမရှိ၍ လယ်မစိုက်နိုင်သော မြစ်ဝကျွန်းပေါ် ဒေသခံများသည် အကြွေးထဲနစ်လျှင်နစ်၊ နေ့စားစာရင်းငှားဖြစ်ရင်ဖြစ်၊ သို့မဟုတ်ပါက Free Trade Area ဟုခေါ်သော ပို့ကုန်ထုတ်လုပ်ရေး ဇုန်အသစ်များသို့ ပြောင်းရွှေ့ကြရုံသာရှိသည်ဟု မြစ်ဝကျွန်းပေါ် ပြန်လည်ထူထောင်ရေး အစီအစဉ် များ အကြောင်း နှံ့စပ်ကျွမ်းကျင်သူလင်းသီးစ်မီယာ က ဆိုပါသည်။

နာဂစ်ဆိုက်ကလုံးအပြီးတွင် ကျေးလက်အခြေပြုပုံစံ ပြန်လည်ထူထောင်ရေး စီမံချက်များကို ခရိုင်ဒေသ များစွာတွင် အစိုးရက စီစဉ်ခဲ့သော်လည်း ငွေကြေးရင်းမြစ်နှင့် ကျွမ်းကျင်ဝန်ထမ်းချို့တဲ့မှုကြောင့် အနည်းငယ်သာ အကောင်အထည်ဖော်နိုင်ခဲ့သည်ဟု သိရှိရသည်။

“လူတိုင်းရေဒီယိုရှိအောင်၊ အရေးပေါ်သတင်းတွေ ဖမ်းယူနားထောင်တက်အောင် အစိုးရကလုပ်ပေးခဲ့ပေမယ့် လှေနဲ့မှ ခရီးသွားလို့ရတဲ့ နေရာတွေ ဖြစ်တဲ့အတွက် နောက်တစ်ကြိမ် မုန်တိုင်းလာရင် လွတ်မြောက်ဖို့က ပြဿနာရှိနေ တုန်းပါပဲ၊ သူတို့ တကယ်လိုအပ်နေတာကပုန်းခိုနိုင်မယ့် Shelters တွေ ဖြစ်ပါတယ်” ဟုသူမကပြောကြားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးဌာန UNOCHA က လူဦးရေး ၅၃ သန်းကျော်ရှိသော မြန်မာနိုင်ငံသည် အာရှပစ္စဖိတ်ဒေသတွင် ထိခိုက်အန္တရယ် ဖြစ်နိုင်ခြေအများဆုံး တိုင်းပြည်ဟု ၂၀၁၁ ခုနှစ်ကသတ် မှတ်ခဲ့ပြီး၊ အလတ်စားနှင့် အကြီးစားသဘာဝဘေးအန္တရာယ်များ ၂ နှစ်တစ်ကြိမ် ဖြစ်ပေါ်ရန် အလားအလာ အလွန်များ သည်ဟု မှတ်ချက်ပေးထားပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိနှစ်ပိုင်းအတွင်းအဆိုးဝါးဆုံးဖြစ်ပေါ်ခဲ့သော ၂၀၀၈ နာဂစ်ဆိုက်ကလုံးအပြီးတွင် ပြည်တွင်းနှင့် နိုင်ငံတကာ NGOs များကရာသီဥတုဆက်နွယ်ဆိုးကျိုးသက်ရောက်မှုများကိုကာကွယ်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်ခဲ့ကြသည်။

၂၀၁၁ တွင် အရပ်ဖက်အစိုးရအာဏာရလာသောအခါ နောက်တစ်ခါလာမည့် သဘာဝဘေးအန္တရာယ်က မြန်မာနိုင်ငံ၏ လူမှုစီးပွားအပြောင်းအလဲအပေါ် မည်သို့ သက်ရောက်နိုင်သနည်း ဟူသောကိစ္စမှာ အဓိကမေးခွန်း ဖြစ်လာ သည်။

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ ကြိုတင်မှန်းဆကာကွယ်၍ ရသောဆိုးကျိုးများစွာ ခံစားရဖွယ်ရှိသည်ဟု George Washington University မှ International Strategies in Asia ဒါရိုက်တာလင်ဒါယား က သုံးသပ်သည်။ ယင်းဆိုးကျိုးများထဲတွင် ကမ်းခြေတိုက်စားခြင်း၊ ဆိုက်ကလုံးနှင့် အလွန်အမင်းမိုးခေါင်ခြင်းကဲ့သို့ ဆိုးဆိုးဝါးဝါး ဖြစ်ရပ်များမကြာခဏဖြစ်လာနိုင်ခြင်း၊ တောင်ပေါ်ဒေသများတွင် မိုးကြီး၍ မြေပြိုခြင်းစသည်တို့ ပါဝင်သည်ဟု သူမကဆိုပါသည်။

World Vision Myanmar မှ အရေးပေါ် လူသားချင်းစာနာမှုရေးရာ ဒါရိုက်တာဦးဝင်းဇင်ဦး က “ကျွန်တော် တို့ ရောင့်ရဲတင်းတိမ်နေလို့ မရပါဘူး၊ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်” ဟုသတိပေးသည်။

မနှစ်က နွေဦးတွင် ဆိုက်ကလုံးမဟာဆင် မြန်မာဖက်သို့ ဦးတည်လာသောအခါ သဘာဝဘေးအန္တရာယ်၏ မှန်းဆရခက်မှုနှင့် ရှုပ်ထွေးမှုတို့ကို ကြုံတွေ့ခဲ့ရသည်ဟု ၎င်းက ဆိုသည်။ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ကြီးကြီးမားမား ရင်ဆိုင်နေရသော ထိခိုက်အန္တရာယ်မျိုးမှ မြန်မာနိုင်ငံသက်သာရာရခဲ့သည်။ ပြီးခဲ့သော ၂ နှစ်အတွင်း သိသိသာသာဖြစ်ပွားသော ဘေးအန္တရာယ်မှာ ရေလျှံခြင်းဖြစ်ပြီးဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုတည်ငြိမ်မှုကို ပျက်ပြားစေခဲ့သည်ဟု ၎င်းကပြောကြားသည်။

World Vision သည် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းနှင့် ထိခိုက်နိုင်ခြေလျှော့ချခြင်း DRR နှစ်မျိုးစလုံးကိုဝင်ရောက်လုပ်ကိုင်ပေးနေပြီး၊ ဆိုက်ကလုံးနာဂစ်၊ ရှမ်းပြည်နယ်ငလျင်၊ မြစ်ဝကျွန်းပေါ် နှင့် ကရင်ပြည်နယ် ရေလျှံမှု တို့ကြောင့် ဒုက္ခရောက်သူများကို ကူညီပေးလျက်ရှိသည်။

ဦးဝင်ဇင်ဦး က ၎င်း၏ NGO သည် နာဂစ်အပြီးတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်ခြင်းသည် စိန်ခေါ်မှုဖြစ်နေဆဲဟု သိရှိနားလည်ခဲ့ရကြောင်း၊ သို့သော် ထိခိုက်နိုင်ခြေလျှော့ချခြင်း DDR ကြောင့် ရာသီဥတုအပြောင်းအလဲဆိုင်ရာဆိုးကျိုးများကို သိသိသာသာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသော လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖြစ်ပေါ်ရေး ဦးတည်လုပ်ကိုင်နေသော ရန်ကုန်အခြေစိုက် အင်ဂျီအို Dear Myanmar ၏ အဆိုအရလုံလောက်သော ကြိုတင်ပြင်ဆင်မှုကို အဓိကတားဆီး နေသော ပြဿနာများတွင် မိုးလေဝသသတင်း ချို့တဲ့အားနည်းမှု၊ ကြိုတင်သတိပေးစနစ် အကန့်အသတ်ရှိမှု၊ ဒေသခံ အချို့၏ အလေးမထားမှု စသည်တို့ ပါဝင်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည် စွမ်းအားနည်းခြင်းအပေါ် ထပ်ဆင့်ထုထောင်းနေသော ပြဿနာများမှာ လတ်ဆတ်သော သန်းခေါင်စာရင်းမရှိခြင်း၊ ကားလမ်း၊ လျှပ်စစ်ဓါတ်အားကွန်ယက် စသော အခြေခံ အဆောက်အဦးစနစ် အားနည်းခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ ခေတ်မမီခြင်း၊ သစ်ခုတ်၊ မိုင်းတူးလုပ်ငန်းများကို ထိန်းချုပ်မှု လျော့ရဲခြင်းတို့ဖြစ်သည်ဟု လင်ဒါယားက သုံးသပ်သည်။

လင်ဒါယားတို့အဖွဲ့နှင့် ရန်ကုန်အခြေစိုက် ALARM အင်ဂျီအိုတို့ ပူးပေါင်းကာ ပြီးခဲ့သော ဖေဖော်ဝါရီလက ဝန်ကြီးဌာန ၁၂ ခုမှ အရာရှိ ၄၅ ဦးအား Myanmar Leadership Institute on Climate Change အစီအစဉ် ကိုပို့ချပေးခဲ့ကြသည်။ ပြည်တွင်းမှ အဖွဲ့အစည်းများကတိုင်းပြည်၏ သဘာဝဒဏ်ခံနိုင်ရည်စွမ်းကို မြှင့်ရန် ကြိုးပမ်း နေကြသည်။

အစိုးရဖက်ကလည်း ၂၀၁၄-၁၅ အတွက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများထဲသို့ သဘာဝဘေး ကာကွယ်ရေး အစီအမံများ ထည့်သွင်းရေး စမ်းသပ်ချက် အနေဖြင့် ဧရာဝတီတိုင်း တနသာင်္ရီတိုင်းကို ရွေးချယ်ထားသည်။

ရန်ကုန်မှ NGO Environmental & Economic Research Institute ဒါရိုက်တာဒေါက်တာဝင်းမြင့် ကလည်းနာဂစ်အပြီးဖျက်ဆီးသွားသောစိုက်ပျိုးမြေများ ပြင်ဆင်ရန်နှင့် နည်းပညာပံ့ပိုးပေးရန်အတွက် ပြန်လည် ထူထောင် ရေးစီမံချက်တစ်ခုကို ဆောင်ရွက်ပေးခဲ့သည်။

“ဆိုက်ကလုံးအပြီးမှာသူတို့ရှင်သန်နိုင်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဆင်းရဲတွင်းသံသရာက လွတ်အောင် ကူညီဖို့ ကတော့ စိန်ခေါ်နေတုန်းပါပဲ” ဟု ၎င်းက ပြောကြားသည်။

Asia Institute of Technology နှင့် အတူ ပြန်လည်ထူထောင်ရေး စီမံချက်ကို လုပ်ကိုင်ရာတွင် ကျေးရွာ ၁၁ ရွာ မှ မြေမဲ့ယာမဲ့ အနွမ်းပါးဆုံးမိသားစုကိုးစုကိုပစ်မှတ်ထားရွေးချယ်ကာဝက်မွေးလိုသူ၊ ငါးဖမ်းလိုသူ၊ ဟင်းသီး ဟင်းရွက် စိုက်ပျိုးလိုသူများကို သင်တန်းပေးကာ ပစ္စည်းပစ္စယများ ထောက်ပံ့ကူညီပေးခဲ့သည်ဟု သိရှိရသည်။

Dear Myanmar ကလည်းမြေလွှာကိုပျက်စီးစေသော၊ ရာသီဥတုပြောင်းလဲခြင်းကို ပိုဆိုးစေသော ဓါတုမြေသြဇာများ ထက်ပိုကောင်းသော သြဂဲနစ်မြေသြဇာများ အသုံးပြုပုံပြုနည်းများကို သင်ကြားပေးသည့် လစဉ် သင်တန်းများ ပို့ချပေးနေသည်။

နာဂစ်ဆိုက်ကလုံးက ယူဆောင်လာသော ပျက်စီးဆုံးရှုံးမှုများသည် နိုင်ငံတကာအကူအညီများကို မြန်မာအစိုးရ က လက်ခံလာအောင် ဖိအားပေးခဲ့သလို၊ နိုင်ငံ၏ သဘာဝဘေး အံတုနိုင်စွမ်းကိုမြှင့်ရာတွင် ပြည်တွင်းလှုပ်ရှားသူ များကိုလည်း ပါဝင်လာစေခဲ့သည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပေးကြသည်။

ယင်းကဲ့သို့ ကြိုးပမ်းအားထုတ်မှုများ ရှိလာသော်လည်း ရာသီဥတုပြောင်းလဲမှုသည် မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းမှု ဖြစ်စဉ်အပေါ် မှန်းဆမရသော ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပြီဟု George Washington University မှ နောက်ဆုံးအစီရင်ခံစာ တစ်စောင်က ဆိုပါသည်။

ဆိုက်ကလုံးနာဂစ် အရွယ်အစားမျိုးရှိသော အကြီးစားသဘာဝဘေးအန္တရာယ်သည် အစိုးရ၏ စွမ်းဆောင်ရည် နှင့် ဒီမိုကရေစီကူးပြောင်းရေး ဖြစ်စဉ် တိုးတက်မှုတို့ကို ယုတ်လျော့အောင် ခြိမ်းခြောက်နိုင်သည်ဟု အစီရင်ခံစာက သတိပေးထားပါသည်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တပ်မတော်အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များကလုပ်ဆောင်ကြရာတွင် နိုင်ငံရေးအရ စည်းရုံးအမြတ်ထုတ်သည့် ပုံစံမျိုးဖြင့် ပြုလုပ်ခြင်းသည် သိက္ခာမဲ့လွန်းကြောင်း ရန်ကုန်မြို့မှ အကဲခတ် စောင့်ကြည့်သူများက ထောက်ပြဝေဖန် ထားကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံနောက်တစ်ဆင့် တက်နိုင်မည်လား

(13 Jan 2014 ရက်စွဲပါ Bangkok Post မှ Can Myanmar move to the next level? ကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌနေရာကို ချီးကျူးမှုနှင့် ထိုက်တန်အောင်စတင် ထမ်းဆောင်နေချိန်တွင် သမ္မတဦးသိန်းစိန်က နိုင်ငံသားတိုင်း တိုင်းပြည်ကိုခေါင်းဆောင်ရန် ခွင့်ပြုရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်ရန်  မှတ်ချက်ပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အပေါ်နောက်ထပ်ခွင့်လွှတ်သော အမူအရာပြခဲ့ခြင်း ဖြစ်ပါသည်။

တချိန်က အပယ်ခံဖြစ်ခဲ့သော မြန်မာနိုင်ငံတွင် ဝေဖန်သူများအား အတွေးကို ရှုပ်ထွေးစေပြီး အံ့အားသင့်စေချိန် တွင် အခြား အရှေ့တောင်အာရှမှ ခေါင်းဆောင်များမှာ ၎င်းတို့၏ အာဏာအတွက် စိန်ခေါ်မှုများနှင့် ကြုံနေရပါသည်။

ယဉ်ကျေးမှု၊ ဘာသာတရားနှင့် ပညာရေးဆိုင်ရာ နောက်ခံအကြောင်းအမျိုးမျိုး ရှိသော အာဏာရှင်နှင့် အင်အားကြီး သူများသည် ပြိုင်ဖက်များကို အမျိုးမျိုးချဉ်းကပ်မှုများကို ဆက်ဆံရေးအတွက် အသုံးပြုခဲ့ကြပါသည်။ အချို့က ကြင်နာတက် သော ဒီမိုကရက်တစ်ဖခင်နေရာမှ ပါဝင်ကြပါသည်။ အချို့က လွတ်မြောက်ရေး ဖော်ဆောင်ပေးသူ သို့မဟုတ် ရန်သူလက်မှ ကယ်တင်ပေးသူအဖြစ် လူအများကို မြင်စေပါသည်။ အချို့ကလည်း ၎င်းတို့ တိုင်းပြည်သာယာဝပြောရေးနှင့် စည်းလုံး ညီညွတ်မှု တည်ဆောက်သူများအဖြစ် ကြော်ငြာဝင်ကြပါသည်။

ပြောရမည့် အချက်မှာ တစ်နိုင်ငံ၏ သြဇာလွှမ်းမိုးရန် ကြိုးစားသည့် ကာလအလွန် တိုင်းပြည် တည်ဆောက်ရေး သည် အာဆီယံနိုင်ငံအများစုတွင် ဆက်လက်ဖော်ဆောင်နေဆဲ လုပ်ငန်းတစ်ခုဖြစ်ပြီး အပြည့်အဝ ပုံစံပေါ်လာသည့် အခြေနေ တွင် မရှိသေးပေ။

မျိုးဆက်ဟောင်းခေါင်းဆောင်များသည် ကွဲပြားခြားနားပြီး ကမ္ဘာဆန်လာသော နိုင်ငံသားများ၊ ပွင့်လင်းစွာ ဝေဖန်သော တိုင်းပြည်ပြင်ပမှ နိုင်ငံသားများးကို အုပ်ချုပ်ရာတွင် ပို၍ ပြဿနာများ ကြုံတွေ့ရကြောင်း တွေ့ရပါသည်။ အချို့ သည် အာဏာကို အမြဲတစေ ထိန်းချုပ်ရန်မဖြစ်နိုင်တော့သောအခါ အမှန်တရားကို လက်ခံရန် ငြင်းဆန်လာပြီး၊ ပြုပြင် ပြောင်းလဲရေးကို ငြင်းဆန်ခြင်းသို့ အခြားသူများနှင့် အာဏာခွဲဝေရန် ငြင်းဆိုခြင်းများ ပြုလာပါသည်။ ထိုသို့ လုပ်ဆောင်ရ မည့်အစား ၎င်းတို့သည် ၎င်းတို့၏ အုပ်စုတွင်းနှင့် မိသားစုတွင် သို့မဟုတ် လက်အောက်ခံများနှင့် ခရိုနီများအတွင်း အာဏာကို အသွင်ပြောင်း၍ အများဆန္ဒနှင့် ဆန့်ကျင်ဘက်ကို လုပ်ဆောင်ခဲ့ ကြပါသည်။

ဥပမာအားဖြင့် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကိုကြည့်ပါ။ ထိုင်းနိုင်ငံတွင် ပါဝါဟောင်းနှင့် အသစ်ကြားတွင် တိုက်ပွဲဖြစ်နေကြပြီး၊ ကမ္ဘောဒီးယားတွင် လက်ရှိအုပ်ချုပ်သူနှင့် တက်ကြွသူများ၊ လူ့အခွင့်အရေး ကာကွယ်သူများ ပါဝင်သော အသစ်ပေါ်ထွက်လာသည့် လူတန်းစားများကြား တိုက်ပွဲဖြစ်နေပါသည်။

ထိုင်းနိုင်ငံတွင် မျှော်မှန်းသည်ထက် ပိုမိုကြာမြင့်နေပြီဖြစ်သော နိုင်ငံရေးအရ မရေရာမှုများသည် တိုင်းပြည် တိုးတက်ရေးကို ဒရွတ်ဆွဲနေစေသည်မှာ ဆယ်စုနှစ်တစ်ခုခန့်ကြာပြီ ဖြစ်ပါသည်။ ယနေ့ ကြီးမားသော လူထုလှုပ်ရှားမှုနှင့် တိုင်းပြည်မှ ထွက်ပြေးနေရသော ပါတီခေါင်းဆောင်၏ နှစ်ဖက်မှ ခေါင်းဆောင်သော အစိုးရကြား ကြီးမားသော ထိပ်တိုက် ရင်ဆိုင်မှုသည် သာ၍ကြီးသော အသွင်ကူးပြောင်းမှုမတိုင်မီ အာဏာအတွက် ရန်ပွဲ ရိုးရိုးလေးတစ်ခုသာ ဖြစ်ပါသည်။

ကမ္ဘောဒီးယားတွင် မကျေနပ်မှုများမှာ ပြီးခဲ့သည့် ဇူလိုင်လရွေးကောက်ပွဲပြီးကတည်းက ဖြစ်ပါသည်။ ထိုစဉ်က ကမ္ဘောဒီးယား ပြည်သူ့ပါတီက အများစုအနိုင်ရသော်လည်း လိမ်ညာခဲ့ခြင်းကြောင့်ဟု အတိုက်အခံ၏ အဆိုအရ သိရပါသည်။ သို့သော် ထို့ထက်ပို၍ ကြီးမားသော ပြဿနာမှာ အလုပ်သမားအင်အားသုံးရသော စီးပွားရေး၏ ပြဿနာများ ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။ အဆိုပါ ပြဿနာများမှာ ၂၈ နှစ်လုံး အလုပ်သမားများ၏ တောင်းဆိုမှုများ၊ လူ့အခွင့်အရေးကိစ္စများကို မည်သို့ကိုင်တွယ်ရမည်ကို နားမလည်သော အစိုးရ၏ ဖိနှိပ်မှုများ အပြီး ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ တစ်ကယ်တမ်းတွင် ထိုင်းနိုင်ငံသည် လွန်ခဲ့သည့် ရှစ်နှစ်အတွင်း ဆန္ဒပြမှုများ တစ်ခုပြီးတစ်ခု ကြုံခဲ့ရပါသည်။ ၎င်း၏ ပြည်သူများသည် လေဆိပ်ကို စီးနင်းခြင်း၊ အာဆီယံ ထိပ်သီး အစည်းအဝေးကို ပယ်ဖျက်စေခြင်းနှင့် ၂၀၁၀ တွင် သွေးထွက်သံယို လမ်းဖော်ဆန္ဒပြပွဲများ ကြုံခဲ့ကြပြီး ဖြစ်ပါသည်။ ထို့ကြောင့် မကျေနပ်သည့် ပြဿနာများကို ဖုံးဖိထားတက်သည့် ဒီမိုကရေစီ အရည်အသွေး မပြည့်ဝသည့် တိုင်းပြည်များမှ အစိုးရများအတွက် အထူးအံ့သြဖွယ်တော့ မဟုတ်ပေ။

လာအို၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ် တို့သည် ယနေ့ ထိုင်းနိုင်ငံ ဝင်ရောက်နေသည်ဟု ယူဆရသော ဒုက္ခတွင်းမျိုး ကျရောက်မည်ကို စိုးရိမ်သည့် နိုင်ငံများတွင် ပါဝင်နေပါသည်။ (စိုးရိမ်ရသည့် အခြေအနေမှာ အိမ်စောင့် အစိုးရ နိုင်ငံခြားရေး ဝန်ကြီး Surapong Tovichakchaikul သည် ပြည်တွင်းကိစ္စရပ်များကြောင့် မြန်မာနိုင်ငံ တွင် ဇန်နဝါရီလ ၁၈-၁၉ တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် လွဲချော်မည် ဖြစ်ပါသည်)

မြန်မာနိုင်ငံအတွက်မူ ပြင်ပရောက် ပညာတတ်တော်တော်များများ ပြန်လည်တည်ဆောက်ရေးအတွက် ပြည်တော်ပြန် နေသည်ကို တွေ့ရခြင်းကြောင့် မြန်မာနိုင်ငံအတွင်းမှ ဖွံ့ဖြိုးတိုးတက်မှုကို အပေါင်းလက္ခဏာ ဆောင်သည်ဟု အကောင်းမြင်နေသော်လည်း သံသယရှိနေသူ အများအပြားလည်း ရှိနေပါသေးသည်။

နိုင်ငံရေးအကျဉ်းသားများရွေးချယ်၍ လွှတ်ပေးနေခြင်းမှ အားလုံးလွှတ်ပေးရေး သေချာမှု ရှိ၊မရှိ မသိနိုင်ပေ။ ဒေသခံ အသိုင်းအဝိုင်းများ ပိုမိုပါဝင်နိုင်မည့် လမ်းကြောင်းများ ရှိမရှိ၊ သီးသန့်လူများသာ နယ်အသီးသီးတွင် ပါဝင်ခွင့် ရဦးနေမည် လော။ ဥပမာအားဖြင့် နိုင်ငံနှင့် နိုင်ငံခြားပုဂ္ဂလိက ကဏ္ဍမှ မြေယာများ သိမ်းဆည်းမှုများ၊ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေး လုပ်ငန်းကြောင့် ရွှေ့ပြောင်းမှုများအတွက် မမျှတစွာ နေရာချထားမှုများ ရှိနေပါသည်။

ဆယ်စုနှစ်များစွာ စစ်တပ်မှ အုပ်ချုပ်ခဲ့ပြီးနောက်၊ အသွင်ကူးပြောင်းမှုကို စတင်လုပ်ကိုင်သည်မှာ နှစ်အနည်းငယ်သာ ရှိသေးရာ မြန်မာနိုင်ငံမှ ဖိအားပေးသော အုပ်စုများမှာ အကောင်းမြင်ရန်နှင့် စိတ်ကျေနပ်မှု ရရန်မှာ မဖြစ်နိုင်သေးပေ။

မြန်မာနိုင်ငံသည်အာဆီယံနိုင်ငံ ဖြစ်သော်လည်းပုံသဏ္ဍာန် ခြားနားမှုများရှိနေရာ ပြုပြင်ပြောင်းလဲမှုနှင့် ဒီမိုကရေစီ အတွက် နောက်ထပ်အင်အားကောင်းရန်နှင့် အရှိန်အဟုန်များ ပိုမိုဖန်တီးရန် လိုအပ်ပါသည်။

၂၀၀၆ ခုနှစ်က မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌအလှည့်ကျသော်လည်း စစ်အုပ်ချုပ်ရေးကြောင့် ဖိအားများအရ လွဲခဲ့ရပြီးနောက် လေးနှစ်အကြာတွင် ရွေးကောက်ပွဲဖြင့် စစ်အစိုးရနေရာတွင် ယခင်စစ်ခေါင်းဆောင်ဟောင်းများ ပါဝင်သော အရပ်သားအစိုးရ တက်လာပြီး၊ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီဖော်ဆောင်မှုများ လုပ်ဆောင် လာပါသည်။

စောင့်ကြည့်သူများက အချိန်အနည်းငယ်ရယူရမည် ဖြစ်ကြောင်း လာမည့်နှစ်ရွေးကောက်ပွဲအလွန်တွင် ကောင်းလာ နိုင်ကြောင်း၊ ထိုမတိုင်မီ အခြေခံဥပဒေပြင်ဆင်ရေးကြောင့် ဒေါ်အောင်ဆန်းစုကြည်တွင် အကျိုးရှိနိုင်ကြောင်း ဆိုပါသည်။

အချို့အဆိုးမြင်သူများကပင် မြန်မာနိုင်ငံသည် အိမ်နီးချင်းများထက် စမတ်ကျကြောင်း၊ မျှော်လင့်ချက်ပေးပြီး ပြည်သူ များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို မည်သို့ချွေးသိပ်ရမည်ကို သိရှိကြကြောင်း ဆိုပါသည်။

သို့သော် ရိုးသားသော ပြုပြင်ပြောင်းလဲမှုနှင့် ဒီမိုကရေစီဖော်ဆောင်မှု၊ ကောင်းစွာမျှတသော ဝင်ငွေမျှဝေခြင်းများ မရှိပါက မြန်မာနိုင်ငံမှ ပြည်သူများသည် တချိန်တွင် ယခုအိမ်နီးချင်းနိုင်ငံများတွင် ဖြစ်နေသကဲ့သို့ အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုအတွက် စတင်ဖိအားပေး လာကြလိမ့်ဦးမည် ဖြစ်ပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive