Transparency Myanmar

transparency.myanmar@gmail.com

ဘာသာပြန်သတင်းများ (၂)

(HS Jane's 360မှ  11 Feb 2014 ရက်စွဲပါ “China training UWSA air and ground crews” သတင်းကို ဘာသာပြန်ဆိုသည်)

(Bernama News မှ 12 Feb 2014 ရက်စွဲပါ “Police set up special squad to investigate attempt to assassinate MP from Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)


“ဝ”လေတပ် ဝေဟင်နှင့် မြေပြင် ခရူးများကို တရုတ်လေ့ကျင့်ပေး

(HS Jane's 360မှ  11 Feb 2014 ရက်စွဲပါ “China training UWSA air and ground crews” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ အနက် အင်အားအကြီးဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင် အခြေ စိုက်ကာ နယ်မြေ အတော်များများကို ထိန်းချုပ်ထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးစစ်တပ် UWSA ၏ လေကြာင်းတပ်ဖွဲ့သစ်သည် တရုတ်နိုင်ငံတွင် သင်တန်းတက်မည့် ဒေသခံပိုင်းလော့နှင့် စက်မှုပညာရှင်များကို အားကိုးနိုင်တော့မည်ဟု ရန်ကုန်မီဒီယာ သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။

တရုတ်နိုင်ငံလုပ် M:17 အမျိုးအစား စစ်ဖက်သုံးသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် သက်ဆိုင်သည့် သင်တန်း အစီအစဉ်အတွက် UWSA တပ်ဖွဲ့ဝင် ၃၀ ကို ရွေးချယ်ထားကြောင်း ပြည်ပအခြေစိုက် မြန်မာသတင်းဌာန တစ်ခုက မကြာသေးမှီက သတင်းထုတ်ပြန်သည်။

မကြာသေးမှီက ရှမ်းပြည် အရှေ့မြောက်ပိုင်း ပန်းဆန်းရှိ UWSA ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး၊ မြန်မာစစ်တပ် (တပ်မတော်) နှင့် အပစ်ရပ်သဘောတူညီမှု ရရန်အားထုတ်နေသော တိုင်းရင်းသားလက်နက်ကိုင် နောက်တစ်ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA သတင်းရပ်ကွက်ကို ကိုးကားကာ ယင်းသို့ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း တရုတ်မြန်မာ နယ်စပ်တွင် အခြေစိုက်သော ဝ တပ်ဖွဲ့ UWSA ထံသို့ တရုတ်နိုင်ငံက M:17 စစ်ဖက်သုံး ရဟတ်ယာဉ်အချို့ကို လာအိုနယ်မြေကို ဖြတ်၍ ပို့ဆောင်ခဲ့သည်ဟု ခိုင်လုံသောသတင်းများ မနှစ်က ထွက်ပေါ်ခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံနှင့် UWSA တို့မူ ၎င်းသတင်းမှားယွင်းကြောင်း ငြင်းဆိုထားကြသည်။


မြန်မာလွှတ်တော်အမတ်များအား လုပ်ကြံရန် ကြိုးစာမှုကို စုံစမ်းရန် အထူးအဖွဲ့ဖွဲ့စည်း

(Bernama News မှ 12 Feb 2014 ရက်စွဲပါ “Police set up special squad to investigate attempt to assassinate MP from Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာလွှတ်တော်အမတ် ဒေါက်တာအေးမောင်ကို ဘူကစ်ဘင်တန်းတွင် လုပ်ကြံရန်ကြိုးပမ်းမှုကို စုံစမ်းရန် အထူးအဖွဲ့ အဖွဲ့လိုက်ပြီဖြစ်ကြောင်း ကွာလာလမ်ပူရဲက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

နိုင်ငံရေးပတ်သက်မှုရှိသော ထိုအမှုကို စုံစမ်းမည့် အထူးအဖွဲ့အား ကွာလာလမ်ပူ စီအိုင်ဒီ အကြီးအကဲ ခါရီအာဆာ ကိုယ်တိုင် ဦးဆောင်မည်ဟု ဆိုပါသည်။

ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှ ဥက္ကဋ္ဌ ဒေါက်တောအေးမောင်သည် ရခိုင်ပြည်နယ်မှ လူမျိုးရေး အဓိကရုဏ်းသတင်းများကို စုံစမ်းရန် အစိုးရက ဖွဲ့စည်းထားသော ကော်မရှင်ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေသူ ဖြစ်သည်။

အထူးစုံစမ်းရေးအဖွဲ့သည် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင် အပါအဝင်လေးဦးတို့ ပစ်ခတ်ခံရသော လမ်းကြောင်းတစ်လျှောက်ရှိ အထောက်အထားများကို စစ်ဆေးလျှက်ရှိသည့် အပြင်၊ နောက်တစ်နေ့တွင် အင်ပန်း၌ မြန်မာနိုင်ငံသား တစ်ဦးပစ်ခတ်ခံရကာ သေဆုံးသည့် ဖြစ်ရပ်နှင့် ဆက်နွယ်မှု ရှိမရှိကိုပါ စုံစမ်းနေသည်ဟု စီအိုင်ဒီ အကြီးအကဲ ခါရီက ပြောကြားသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးကို လုပ်ကြံရန် ကြိုးစားခဲ့သည့် မော်တော်ဆိုင်ကယ်နှစ်စီးကို ခြေရာခံရန်အတွက် မြန်မာသံရုံးနှင့်လည်း ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရှိရသည်။

လုပ်ကြံမှုနှင့် ရင်ဆိုင်ရသူ မြန်မာနိုင်ငံသားငါးဦးအနက် လေးဦးမှာ အခင်းဖြစ်ရပ်အပြီး နောက်တစ်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်သွားကြပြီး၊ UNHCR ကဒ်ကိုင်ဆောင်သူငါးဦးမြောက် ပုဂ္ဂိုလ်မှာမူ ကွာလာလမ်ပူမြို့တွင် ရှိနေဆဲဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ဘူတစ်ဘင်တန်းတွင် ရခိုင်ခေါင်းဆောင်နှစ်ဦးလိုက်ပါလာသော မော်တော်ကားကို မော်တော်ဆိုင်ကယ်ပေါ်မှ သေနတ်ကိုင်လူဆိုးနှစ်ဦးက အချက်ပေါင်းများစွာ ပစ်ခတ်လုပ်ကြံရန် ကြိုးစားခဲ့သော်လည်း အဆိုပါ ရခိုင်ခေါင်းဆောင်များ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ကြသည်။


 

 

Attached: International media (2)
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (1)

Snapshot of the item below:
International media (1)

မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရန် ဂျာမန်များ ခြေတုံချတုံဖြစ်နေ

(Deutsche Welle မှ 13 Feb 2014 ရက်စွဲပါ Germans hesitant to invest in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာ့စီးပွားရေးသည် ယနေ့အချိန်အထိ စစ်တပ်နှင့် ချိတ်ဆက်နေသော်လည်း ဒီမိုကရေစီဖော်ဆောင်ရေး အတွက် သတိကြီးစွာလုပ်ကိုင်နေသော အစိုးရ၏ ခြေလှမ်းများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် လမ်းဖွင့်ပေးလျက်ရှိပါသည်။ သို့သော်လည်း ဂျာမနီနိုင်ငံမှ ကုမ္ပဏီကြီးများကမူ ထိုလမ်းမှ တစ်ဆင့်ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ခြေတုံချတုံပင်ဖြစ်လျက်ရှိလေသည်။

“အဲဒီဝန်ကြီးက သူ့ရဲ့စစ်ယူနီဖောင်းကိုတော့ မဝတ်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်သူ့ကို မှတ်မိနေတုန်းပဲ” ဟု မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့နှင့် မြို့တော်ဟောင်းဖြစ်သော ရန်ကုန်အခြေစိုက် ဂျာမန်စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးကပြောကြားသည်။ “သူ စစ်ယူနီဖောင်းဝတ်တဲ့အချိန်တုန်းက သူနဲ့မကြာခဏဆိုသလို ကျွန်တော်အလုပ် လုပ်ခဲ့ဖူးတယ်” ဟု အမည်မဖော်ပြလိုသူ အဆိုပါ ဂျာမန်လုပ်ငန်းရှင်ကြီးက ဒေါ့ရှ်ဝဲလား(DW) သတင်းဌာနသို့ ပြောကြားသည်။ ၎င်းသည် ၁၉၈၀ ပြည့်နှစ်များအတွင်း မြန်မာစစ်အစိုးရနှင့် စီးပွားရေးလုပ်ငန်းကိစ္စများလုပ်ကိုင်ရာ၌ ပါဝင်ပတ်သက်ခဲ့ဖူးသည်။

သို့သော် ၁၉၈၈ ခုနှစ် စစ်အစိုးရက ဒီမိုကရေစီနှင့် လွတ်လပ်မှုလိုလားသော ကျောင်းသားများအပေါ် ပစ်ခတ် နှိမ်နင်းခဲ့ချိန်တွင် အစစအရာရာမှာ ပြောင်းလဲသွားတော့သည်။ အကျိုးဆက်အားဖြင့် ဆိုရလျှင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုပြုလုပ်ခဲ့ရာ အဆိုပါဂျာမန်စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး မှာလည်း အရှေ့တောင်အာရှဒေသဆီက (ဘားမား)Burma ဟု ခေါ်သော မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ ရတော့သည်။

ယနေ့ အချိန်ကာလတွင်မူ ယင်းဂျာမန်လုပ်ငန်းရှင်ကြီး မြန်မာနိုင်ငံသို့ တစ်ကျော့ပြန်လည် ရောက်ရှိလာပြီး ယခင်က သူနှင့် တွဲဖက်ခဲ့ဖူးသောစီးပွားရေးလုပ်ငန်းရှင် အသိအကျွမ်းများနှင့် တစ်ဖန်ပြန်၍ ချိတ်ဆက်မိရန် ကြိုးပမ်း လျက်ရှိသည်။ အဆက်အသွယ်ကောင်းလှသည့် အစိုးရဝန်ကြီးတစ်ဦးက မိမိအတွက် စီးပွားရေးအချိတ်အဆက်အချို့ ပြန်လည်ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးထားသောကြောင့် ယုံကြည်စိတ်ချမှုရှိကြောင်း ၎င်းက ပြုံးလျက်ပြောဆိုသည်။

မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန်အစိုးရလက်အောက်တွင် ဒီမိုကရေစီဖော်ဆောင်သည့် ခြေလှမ်းများကို သတိကြီး စွာဖြင့် လျှောက်လှမ်းလျက်ရှိသည်။ အစိုးရကလည်း မီဒီယာအပေါ် တင်းကြပ်စွာထိန်းချုပ်မှုများကို ဖြေလျှော့ပေးပြီး နိုင်ငံရေး အကျဉ်းသားအားလုံးနီးပါးကို လွှတ်ပေးခဲ့သည်။ ယခင်တစ်ချိန်က ပိတ်ပင်ခံထားရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ရာ ၎င်းသည် ယခုဆိုလျှင် ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်နေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကိုယ်ကျိုး စီးပွားများကို အကာအကွယ်ပေးရန်အလို့ငှာ ပါဝါကြီးမားလှသော စစ်ဗိုလ်ချုပ်ကြီးများရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်ဘက်အရာရှိကြီးများက လွှတ်တော်၏ လေးပုံတစ်ပုံကို အခိုင်အမာရယူထားနိုင်အောင် လုပ်ဆောင် ပေးထားသည်။

စီးပွားရေးအပေါ် ထိန်းချုပ်လက်ဝါးကြီးအုပ်မှု

ဂျာမန်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်ကြီးများအသင်း၏ ဥက္ကဌဖြစ်သူ Georg Barun ၏အဆိုအရ စီးပွားရေးအခန်းကဏ္ဍတွင် နေရာများစွာရယူထားသည့် စစ်တပ်၏ကွန်ရက်သည် ယခင်ကအတိုင်းပင် မလှုပ် မယှက်ရှိနေဆဲဖြစ်သည်။ အဆိုပါအခြေအနေမှာလည်း အချိန်တိုတွင်း ပြောင်းလဲဦးမည်မဟုတ်ဟု ၎င်းက ယုံကြည် လျက်ရှိသည်။ မစ္စတာ Georg Barun စိတ်ဝင်စားနေသည့် မေးခွန်းမှာ စစ်တပ်အနေဖြင့် နိုင်ငံခြားသားများကို စီးပွားရေးတွင် ဝင်ရောက်ခွင့်ပြုနိုင်ပါမည်လော ဟူသည့်မေးခွန်းပင်ဖြစ်သည်။ ဥပမာအားဖြင့်ဆိုပါက စစ်တပ်က ယနေ့ထိတိုင် ထိန်းချုပ်ထားသော စွမ်းအင်တူးဖော် ရှာဖွေရေးကဏ္ဍတွင် နိုင်ငံခြားသားများ ဝင်ရောက်ရင်းနှီးမြှုပ်နှံ ခွင့်ပြုမည်လောဟူသည်ကို ၎င်းကသိရှိလိုသည်။

မစ္စတာ Georg Barun ၏  B. Braun Melsungen A.G ကုမ္ပဏီသည် ရန်ကုန်တွင် ရုံးခန်းတစ်ခန်း ဖွင့်ထားသည့် ဂျာမန်လုပ်ငန်းအနည်းငယ်အနက် တစ်ခုအပါအဝင်ဖြစ်သည်။

“အခြေခံအဆောက်အဦးတွေက ကိုလိုနီခေတ်ကာလတုန်းကအတိုင်းပဲ” ဟု ၎င်းကပြောကြားသည်။ လယ်ယာစိုက်ပျိုးရေး အခန်းကဏ္ဍတွင်လည်း လုပ်ကိုင်ဆောင်ရွက်စရာများစွာ ကျန်ရှိနေသေးကြောင်း၊ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု မရှိသောကြောင့် ပလပ်ထားရသည့်လယ်ယာမြေများစွာရှိနေကြောင်း ၎င်းကသုံးသပ်သည်။ ဥရောသမဂ္ဂသည် စစ်လက်နက်ရောင်းချမှုမှအပ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ အားလုံးကို ဖယ်ရှားပေးခဲ့ပြီးဖြစ် သည်။ သို့သော် အမေရိကန်ပြည်ထောင်စုက ဥရောပသမဂ္ဂအတိုင်း အပြည့်အဝ လိုက်ပါလုပ်ဆောင်မှုမပြုသေးပေ။ သို့အတွက်ကြောင့် အမေရိကန်ကုမ္ပဏီများမှာ သတိကြီးစွာထား၍ စောင့်ကြည့်နေကြသည်။ ဤသို့သော အခြေအနေ က ဂျာမန်စီးပွားရေးလုပ်ငန်းကြီးများအတွက် အခွင့်အရေးတစ်ရပ်ပင်ဖြစ်နေသည်။ အဓိကယှဉ်ပြိုင်ရမည့် ပြိုင်ဘက် ဟူ၍လည်း တရုတ်၊ ဂျပန်နှင့် မလေးရှားလုပ်ငန်းများသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ  မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင်များသည် ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်၍ သတိကြီးစွာဖြင့် လေ့လာစောင့်ကြည့်နေ ကြသည်။ ယင်းအဖွဲ့မှ လုပ်ငန်းရှင်တစ်ဦးက မြန်မာနိုင်ငံ သည် ဂျာမနီရင်းနှီးမြှုပ်နှံမှုအပေါ် အလွန်အမင်းစိတ်ဝင်စားကြောင်းထုတ်ဖော်ပြသမှုပြုထားကြောင်း၊ သို့သော် မိမိကိုယ်တိုင် သည်ပင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းလိုစိတ်ရှိနေကြောင်း DW သို့ပြောကြားသည်။ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ လာမည့်နှစ်တွင်ကျင်းပရန်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးရေး၊ ဥပဒေလေးစားလိုက်နာမှု အစရှိ သည့် ဥပဒေ အကြောင်းကိစ္စရပ်များစွာမှာ မဖြေရှင်းရသေးဘဲ ရှိနေပါသေးသည်။ ပို၍ဆိုရလျှင် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦး ခေတ်မီဆန်းသစ်ရေးဟူသည်မှာ ပြီးမြောက်အောင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

နိုင်ငံရေးမသေချာမရေရာမှုများ၊ ပြဿနာများရှိနေသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်နေသည့် စွန့်ဦးတီထွင် ဂျာမန်လုပ်ငန်းရှင်ကြီးတစ်ဦးက ၎င်းအနေဖြင့် မြန်မာ့အနာဂတ်အပေါ် အပြုသဘော ရှုမြင်ထားသောကြောင့် စိုးရိမ်ပူပန်မှုမရှိကြောင်းပြောကြားသည်။ မြန်မာနိုင်ငံကို အာဖဂန်နစ္စတန် သို့မဟုတ် ဆိုမာ လီယာနိုင်ငံ တို့နှင့် နှိုင်းယှဉ်မှုမပြုသင့်ကြောင်း ၎င်းက အလေးအနက်ထား ပြောဆိုသည်။

အကောင်းမြင်မှု

ယခုကဲ့သို့သော အကောင်းမြင်မှုက ယခင်နိုင်ငံရေးအကျဉ်းသမားဟောင်းတစ်ဦးဖြစ်သူ Shell ဆိုသူအတွက် မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။ အသက် ၄၀ အရွယ်ရှိပြီဖြစ်သော Shell က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် တိုင်းပြည်အတွက် အလွန်အမင်းအရေးကြီးသည်ဟု ရှုမြင်သည်။ “မြန်မာနိုင်ငံမှာ ဆင်ရဲနွမ်းပါးမှုက အဆမတန် ဖြစ်နေတာ၊ ပြည်သူလူထုက အလုပ်အကိုင်လိုအပ်နေတယ်” ဟု ၎င်းကဆိုသည်။ အခြားသော နိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းအားဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ပါက ပြည်သူလူထုအနေဖြင့် ၎င်းတို့ ခဲရာခဲဆစ်ကြိုးပမ်းထားသည့် ဒီမိုကရေစီအပြောင်းအလဲမှ အကျိုးအမြတ် ခံစားရမည်မဟုတ်ကြောင်း ၎င်းကသုံးသပ်သည်။

Shell သည်နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ပေါင်း ၁၄ နှစ်ခန့်ထောင်ကျခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် Burma VJ ဟုဆိုသော တက်ကြွလှုပ်ရှားသူများနှင့်အတူ ရိုက်ကူးခဲ့သည့် ဗီဒီယိုအခွေကို လျှို့ဝှက်စွာပြည်ပသို့ပို့ရန် ကြိုးပမ်းသည်ဟူသော စွပ်စွဲချက်ဖြင့် နောက်ဆုံးအကြိမ်အဖြစ် ဖမ်းဆီးခံခဲ့ရသည်။ ငါးနှစ် အကြာတွင် အစိုးရက နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ Shell လည်း လွတ်မြောက်လာခဲ့သည်။

သို့သော် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အပေါ် ၎င်းက စိုးရိမ်ပူပန်လျက်ရှိသည်။နိုင်ငံရေးအရ ထပ်မံ ဖမ်းဆီးမှု များပြုလုပ်လာပြီး နောက်ကြောင်းပြန်လှည့် သွားမည်ကိုလည်း စိုးရိမ်နေသည်။ မည်သို့ပင်ဆိုစေ ယခင် စစ်ခေါင်းဆောင် များအနေဖြင့် အနောက်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာပြည်တွင်ရှိနေသေးသရွေ့ ဒီမိုကရေစီ စံချိန်စံနှုန်းများအတိုင်း အလေးအနက်ထား လုပ်ဆောင်သွားကြလိမ့်မည်ဟု ၎င်းက ယုံကြည်လျက်ရှိပါသည်။  



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive