Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“သန်းခေါင်စာရင်းကောက်မယ့်ရက် သတ်မှတ်ခဲ့တာဟာ ရမ်းပြီးတော့ သတ်မှတ်ခဲ့တာ မဟုတ်ပါဘူး။ ပြောရရင် အစဉ်အဆက် ဆယ်နှစ်စာလောက်ကြည့်လိုက်ရင် ၇၃ တုန်းကလည်း ဒီလိုအချိန်ပဲကောက်တယ်။ ၈၃ တုန်းကလည်း ဒီလိုအချိန်ပဲကောက်တယ်။ ကောက်မယ့်သူတွေရဲ့ အားတဲ့အချိန် အကောက်ခံမယ့်သူတွေ အစုစည်းဆုံးအချိန် သွားရမယ့်လာရမယ့် လမ်းပန်းဆက်သွယ်ရေး ရာသီဥတု အခြေအနေတွေက ဒီအချိန်က အသင့်တော်ဆုံး ဖြစ်တဲ့အတွက် ကျွန်တော်တို့ အတွေ့အကြုံရှိတဲ့သူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့မှ ဒီအချိန်ကိုရွေးရတာ ဖြစ်ပါတယ်။ ရွှေ့ပေးပါလို့ ပြောလို့ရှိရင် တစ်လတော့ရွှေ့လို့မရဘူး အကြာကြီးရွှေ့မှရမယ်”

ဖေဖော်ဝါရီလ ၁၇ရက်နေ့ထုတ် Weekely Eleven သတင်းစာတွင်ပါရှိသော “သန်းခေါင်စာရင်း ကောက်ယူသည့် အချိန်အား နောက်ဆုတ်ပေးရန် တောင်းဆိုမှုများ ရှိသော်လည်း ရွှေ့ဆိုင်းရန် အစီအစဉ်မ ရှိဟုဆို” သတင်းမှ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗဟို သန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ  ဦးခင်ရီ၏ ပြောကြားချက်အား ကော်နှုတ်ချက်။


“ကာကွယ်ရေးဝန်ကြီးလုပ်မယ်ဆိုရင်လည်း တပ်မှာ ဘာရာထူးမှ လက်ကိုင်မရှိစေရဘူး။ ဒီအတိုင်းပဲ ကာချုပ်က ခန့်တဲ့ ပြည်ထဲရေး ဝန်ကြီးတို့၊ နယ်စပ်ရေးရာ ဝန်ကြီးတို့ဆိုတာ ဝန်ကြီးရာထူးခန့်အပ်တာနဲ့ တပ်တွင်းရာထူးမရှိစေရဘူး”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် 7Day Daily သတင်းစာတွင် ပါရှိသော “ဒုသမ္မတနှင့် ဝန်ကြီးအားလုံး လွှတ်တော်အမတ် ဖြစ်ရမည်ဆိုသည့်အချက်ကို အခြေခံဥပဒေပြင်မည့် အချက်များတွင် ပြည်ခိုင်ဖြိုး ထည့်သွင်း တင်ပြ” သတင်းတွင် ပြည်ခိုင်ဖြိုးပါတီ မကွေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့လုပ်ဆောင်နေတာဟာ တိုင်းပြည်က တိုင်းရင်းသားညီအစ်ကိုမောင်ဘွားတွေအတွက်ပါ။ ကျောင်းသားဦးရေ ၆၀ ကန့်သတ်ထားပါတယ်။ (၄၀) ဦးက  ကချင်တိုင်းရင်းသားအများစု ပါဝင်မယ်။ ကျန်နှစ်ဆယ်ကတော့ အခြား တိုင်းရင်းသား တွေအတွက် လက်ခံပေးသွားမည်ဖြစ်သည်။ စာသင်နှစ်ကတော့ လောလောဆယ် နှစ်နှစ်သတ်မှတ်ထား တယ်။ တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကျောင်းသားတွေ တက်လို့ရပါတယ်”

ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒ အတွဲ (၁)၊ အမှတ် (၄၉) ဂျာနယ်တွင်ပါရှိသော “ဖက်ဒရယ် ဥပဒေကျောင်းဖွင့်ရန် ကေအိုင်အိုစီစဉ်”  သတင်းမှ ပညာရေးမှူး နော်ဘွယ်၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


“၂၀၁၄-၁၅မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီ၊ အရင်က မြန်မာပြည်က အိမ်မက်မက်နေတာနဲ့ တူတယ်။ အခုမှ စလုပ်ရမှာ၊ ဂျာမနီက ကမ္ဘာမှာ စက်မှုမှာနာမည်ကြီးတယ်။ အလုပ်သမားတွေရဲ့ အရည်အချင်းတိုးတက်အောင်လုပ်တဲ့ စီမံခန့်ခွဲမှုမှာ တော်တယ်။ မြန်မာပြည်အနေနဲ့ အခြေခံအရမ်းနိမ့်တယ်၊ နိုင်ငံခြားတိုင်းပြည်တွေရဲ့ အချက်အလက်တွေ အရမ်းလိုတယ်၊ ဂျာမနီ ရင်းနှီးမြှုပ်နှံမှုလာရင် သူတို့ဆီက အချက်အလက်တွေ၊ နည်းပညာတွေ အများကြီးရရှိနိုင်မယ်၊ အနာဂတ်လုပ်သား အရည်အချင်းတွေတိုးတက်လာနိုင်တယ်”

ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် Envoy အတွဲ(၄)၊ အမှတ်(၃၈) ဂျာနယ်တွင် “စီးပွားရေးဈေးကွက်အတွင်း ဂျာမနီဝင်ရောက်မှုအပေါ် မြန်မာစီးပွားရေး ပညာရှင်တို့ ကြိုဆို” သတင်းမှ စီးပွားရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့ဟာ အဓိက လက်နက်ကိုင်အဖွဲ့အစည်းဖြစ်နေတယ်။ ဒါကြောင့် အစိုးရရဲ့သဘောတူညီမှု ခွင့်ပြုချက်မရဘဲ ဘာမှလုပ်ပိုင်ခွင့်မရသေးပါဘူး။ ရခိုင်ပဋိပက္ခကို အစိုးရနဲ့အတူတူဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် အားနည်း ချက် ကတော့အခုချိန်ထိတော့ တုံပြန်မှုမပေးသေးဘူး။ ပြည်သူတွေအနေနဲ့ တောင်းဆိုတာ ပဲရှိသေးတယ်”

ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် မြန်မာပို့စ် အတွဲ ၆၊ အမှတ် ၈၊ ဂျာနယ်တွင်ပါရှိသော “ရခိုင်-ဘင်္ဂါလီအရေးကိစ္စ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့များက ညှိနှိုင်းမှုများ ပြုလုပ်မည်” သတင်းမှ ရခိုင် လွတ်မြောက်ရေး တပ်မတော် ဗိုလ်ချုပ်မင်းထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(Channel News Asia မှ 14 Feb 2014 ရက်စွဲပါ “Myanmar still has very challenging human right issue: UN envoy “ သတင်းကိုဘာသာပြန်ဆိုသည်)

(The Nation သတင်းစာမှ 16 Feb 2014 ရက်စွဲပါ ခေါင်းကြီးဖြစ်သော Myanmar looking for trouble with census ကိုဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံတွင် အလွန်တရာစိန်ခေါ်နေသော လူ့အခွင့်အရေး ပြဿနာများရှိနေဆဲဟု ကုလ ကိုယ်စားလှယ် ပြောကြား

(Channel News Asia မှ 14 Feb 2014 ရက်စွဲပါ “Myanmar still has very challenging human right issue: UN envoy “ သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် အလွန်တရာစိန်ခေါ်နေသော လူ့အခွင့်အရေး ကိစ္စရပ်များနှင့် ရင်ဆိုင်ဖြေရှင်းနေရဆဲ ဖြစ်ကြောင် ကုလသမဂ္ဂကိုယ်စားလှယ် တိုမာစ်အိုဂျာ ကင်တားနားက ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက “မြန်မာအစိုးရ အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အခြခံဥပဒေပြင်ဆင်ရေးနှင့် တိုင်းရင်းသား တို့၏ အနေအထားကဲ့သို့သော ကိစ္စရပ် များကို ဖြေရှင်းရန် ယခုထက်ပိုမိုလုပ်ဆောင်ရလိမ့်မည်” ဟုပြောကြားခြင်းဖြစ်သည်။

မစ္စတာကင်တားနားသည် ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ခြောက်နှစ်သက်တမ်း တာဝန်ယူမှုကို အပြီးသတ် အနေဖြင့် ဖေဖော်ဝါရီ ၁၄မှ ၁၉အထိ မြန်မာနိုင်ငံသို့ နောက်ဆုံးခရီးစဉ် လာရောက်နေခြင်းဖြစ်သည်။

၎င်း၏ မြန်မာခရီးစဉ်အတွင်း ကနဦးတွေ့ဆုံမှုများပြုလုပ်ရာတွင် ၈၈မျိုးဆက် ဒီမိုကရေစီ လှုပ်ရှားမှုအုပ်စု ခေါင်းဆောင်များလည်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ အချို့ကိစ္စရပ်များတွင် အတော်အတန်ပြောင်းလဲလာခြင်းကို တွေ့ရသော်လည်း ရခိုင်ပြည်  နယ်မှ ဘာသာရေးပဋိပက္ခ ကိစ္စနှင့် ပတ်သက်၍ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေသည်ဟု မစ္စတာကင်တားနားက ဆိုပါ သည်။

မကြာသေးမှီက ရခိုင်ပြည်နယ်မောင်းတော မြို့နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသော သတင်းများကို မြန်မာအစိုးရက ငြင်းဆိုထားပြီး၊ ယင်းကိစ္စကို စစ်ဆေးရန်အတွက် လွတ်လပ်သော စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။

မစ္စတာကင်တားနားက “ဒီအထူးကိုယ်စားလှယ် တာဝန်ယူထားစဉ်အတွင်းမှာ ရခိုင်ပြည်နယ်ကို လေးကြိမ် သွားခဲ့တဲ့အတွက် အဲဒီကအခြေအနေကို ကျွန်တော်ကောင်းကောင်း နားလည်ပါတယ်။ အဲဒီနယ်မြေမှာ မွတ်ဆလင် အသိုင်းအဝိုင်းအပေါ် ခွဲခြားဆက်ဆံမှုတွေရှိတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်” ဟုပြောကြားသည်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကိုလေးစားဖို့နဲ့ ပတ်သက်လို့ အလွန်တရာ စိန်ခေါ်နေတဲ့ ကိစ္စတွေရှိနေ တုန်းပါပဲ။ နယ်ခြားက အပစ်ရပ်သဘောတူညီချက်တွေဟာ ဒါတွေကို ထင်ဟပ်နေပါတယ်”

“တောင်တန်းဒေသ တိုင်းရင်းသားနယ်မြေတွေမှာ လက်နက်ကိုင်ပဋိပက္ခ ဆိုးကျိုးတွေကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပါတယ်။ ဒီကိစ္စဟာ တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းတွေကို ရက်ရက်စက်စက် ထိခိုက်နစ်နာစေပါတယ်။ ဒါတွေကို ရပ်တန်းက ရပ်သင့်ပါပြီ” ဟု ကင်တားနားက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံသည် ယခင်တပ်မတော် အစိုးရလက်ထက်တွင် လူ့အခွင့်အရေးကို လုံးဝ မလေးစားသည့် အခြေအနေမျိုးမှ လက်ရှိအရပ်ဖက် အမည်ခံ အစိုးရလက်ထက်တွင် အတော်များများ တိုးတက်ပြောင်းလဲ လာနေခြင်း ဖြစ်သော်လည်း၊ ယခင်အာဏာရှင်ဟောင်း အသိုင်းအဝိုင်းနှင့် အာဏာရှင် ယန္တရားဟောင်းကို အကာအကွယ်ပေးနေ ရသော အစိုးရအနေဖြင့် အထူးသတိထားနေပုံရသည်ဟု ပြည်တွင်းမှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေးထား ကြသည်။


 သန်းခေါင်းစာရင်းကိုင်ကာ ပြဿနာရှာနေသည့် မြန်မာ

(The Nation သတင်းစာမှ 16 Feb 2014 ရက်စွဲပါ ခေါင်းကြီးဖြစ်သော Myanmar looking for trouble with census ကိုဘာသာပြန်ဆိုသည်)

နိုင်ငံသားဖြစ်ခွင့်ကဲ့သို့သော အငြင်းပွားဖွယ်အရေးကိစ္စရပ်များနှင့် ဆက်နွှယ်သည့် မေးခွန်းများဟူသည် လူမျိုးရေးနှင့် အသားအရောင်ဆိုင်ရာ ပဋိပက္ခများကိုဖြစ်ပေါ်စေနိုင်ပြီး မတူညီသော တိုင်းရင်းသားအဖွဲ့အစည်း များအကြား ခိုက်ရန်ဖြစ်မှုများကို ပိုမိုဖန်တီးပေးနိုင်သည်။

မြန်မာနိုင်ငံသည် မကြာမီကာလအတွင်း တစ်ပြည်လုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူမှု ပြုလုပ်မည် ဖြစ်ရာ မတူညီသော တိုင်းရင်းသားလူမျိုးများအကြား ဆူပူအကြမ်းဖက်မှုနှင့် ဘာသာရေးတင်းမာမှု များဖြစ်ပေါ် နေချိန်တွင် ထိုကဲ့သို့လုပ်ရပ်များဖြင့် ဘာဆက်လုပ်မည်နည်းဟူသည်မှာ စိတ်ဝင်စားစရာပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းခြင်း အစရှိသည်တို့ကို လုပ်ကိုင်လျက်ရှိချိန်တွင် မေးခွန်းများမေးမြန်းပြီး သန်းခေါင်စာရင်းကောက်ယူမည့် ကိစ္စကြောင့် ခဲရာခဲဆစ်လုပ်ကိုင်နေရသည့် အဆိုပါဖြစ်စဉ်များ ပျက်ပြားသွားနိုင်သည်ကို သတိပြုသင့်သည်။

ဘရပ်ဆဲလ်အခြေစိုက် International Crisis Group(ICG) က ယင်းသန်းခေါင်စာရင်း ကောက်ယူမှုသည် ပေါက်ကွဲလုမတတ် အခြေအနေတစ်ရပ်ထဲသို့ ဆိုက်ရောက်သွားနိုင်သည်ဟု စိုးရိမ်တကြီး ထုတ်ဖော်ပြောဆိုသည်။ သို့သော် သန်းခေါင်စာရင်းကြောင့်နိုင်ငံတကာအသိုင်းအဝိုင်းကမူ မွတ်စလင်များအပေါ် တိုက်ရိုက်ရန်ငြှိုးထား ဆူပူ အကြမ်းဖက်မှု အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ပျက်ပြားသည်အထိ ဖြစ်ပေါ်လာ နိုင်သည်ဟု ထပ်ခါတလဲလဲပင် ပြောဆိုခဲ့ကြသည်။

သို့သော်လည်း ကံမကောင်းအကြောင်းမလှစွာပင် နေပြည်တော်ရှိ အုပ်ချုပ်ရေးယန္တရားက ထိုသို့ စိုးရိမ်တကြီးပြောဆိုမှု များကို ဥပက္ခာပြုကာ သန်းခေါင်စာရင်းကောက်ယူမှုကို စီစဉ်ထားသည့်အတိုင်း ဧပြီလဆန်းပိုင်းတွင် စတင်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပေသည်။

မှန်ပါသည်။ သန်းခေါင်စာရင်း ကောက်ယူမှုဟူသည် အသေအချာ စီမံခန့်ခွဲနိုင်မည်ဆိုပါက အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးရေးအတွက် ကောင်းသောလုပ်ရပ်တစ်ခုပင် ဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားအရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူစုဖွဲ့ ဆူပူအကြမ်းဖက်မှု၊ နိုင်ငံသားဖြစ်ခွင့်၊ ရိုဟင်ဂျာကဲ့သို့ နိုင်ငံမဲ့ပြည်သူ အစရှိသည့် ပြဿနာများကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် သန်းခေါင်စာရင်းကောက်ယူမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အနုတ်လက္ခဏာဆောင်မည့် အကျိုးဆက်များကို မြန်မာခေါင်းဆောင်များအနေဖြင့် ကြိုတင်တွက်ဆထားရန် လိုအပ်ပါသည်။

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFP) ၏ ကူညီထောက်ပံ့မှုဖြင့် လုပ်ဆောင်မည့် အဆိုပါ သန်းခေါင်စာရင်း ကောက်ယူမှုသည် လွဲမှားသော အကြံဉာဏ်တစ်ရပ်သာဖြစ်ပြီး အန္တရာယ်ကြီးမားလွန်းကြောင်း၊ အကြောင်းမှာ ယင်းလုပ်ရပ်ကြောင့် တိုင်းရင်းသားလူမျိုးစု တင်းမာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ICG ကထောက်ပြ ပြောဆိုသည်။

“ကုလသမဂ္ဂ၊ အစိုးရနှင့် အလှူရှင်များက သန်းခေါင်စာရင်းကောက်ယူမှုကို ဆိုင်းငံ့မည်ဆိုပါက လတ်တလော ပြဿနာများနှင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များအပေါ် ၎င်းတို့အနေဖြင့် မည်မျှအတိုင်းအတာအထိ အလေးအနက်ထားသည်ဟူသော အချက်ကို ဖော်ကျူးနိုင်မည်ဖြစ်သလို ၎င်းတို့သည် မြန်မာပြည်တွင်းရှိ အရေးပါ သော အင်အားစုများက ထုတ်ဖော်ပြောဆိုသော အရေးကိစ္စများအပေါ် အရေးတယူပြုရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော် ပြသရာလည်း ရောက်မည်ဖြစ်ပါသည်” ဟု ICG အဖွဲ့ကဆိုသည်။

အလွန်အမင်း အနှောက်အယှက်ဖြစ်စေမည့် အချက်တစ်ရပ်မှာ ယင်းသန်းခေါင်စာရင်းကောက်ယူမှုသည် ၁၉၈၀ ပြည့်နှစ် အစောပိုင်းတွင် ရေးဆွဲခဲ့ပြီး များစွာဝေဖန်ခံထားရသည့် တိုင်းရင်းသားလူမျိုးကွဲ ၁၃၅ မျိုး၏ လူမျိုးရေး ခွဲခြားသတ်မှတ်မှု ဆိုင်ရာ စာရင်းဇယားများအပေါ် အခြေခံထားခြင်းပင် ဖြစ်သည်။

ဥပမာပြရလျှင် ချင်းတိုင်းရင်းသား၊ ချင်းတိုင်းရင်းသားနှင့် နှီးနွှယ်သော တိုင်းရင်းသားများကဲ့သို့ အချို့သော တိုင်းရင်းသား အုပ်စုများသည် ၎င်းတို့၏ သက်ဆိုင်ရာကျေးရွာများကို အခြေပြုကာ နေထိုင်သည့် လူမျိုးများဖြစ်သော် လည်း တိုင်းရင်းသားဘာသာစကားကိစ္စတွင် မနုဿဗေဒဆိုင်ရာ အခြေခံမရှိသူများ ဖြစ်ကြသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ အကဲဆတ်မှုနည်းပါးသော သို့မဟုတ် တိုင်းရင်းသားလူမျိုးရေး တင်းမာမှုမ ရှိသော နေရာဒေသများတွင် အဆိုပါ သန်းခေါင်စာရင်းကောက်မှုကို လုပ်ဆောင်သင့်ပေသည်။ သို့တည်းမဟုတ် သန်းခေါင်စာရင်းတွင် အသက်အရွယ်၊ ကျား/မ နှင့် အိမ်ထောင်ရှိ၊ မရှိ အစရှိသည်တို့ကဲ့သို့သော အရေးပါသည့် မေးခွန်းမျိုး ထိသာ ကန့်သတ်ထည့်သွင်းပေးသင့်သည်။

မြန်မာခေါင်းစဉ်များအနေဖြင့် လူမျိုးရေး သမူဟဖြစ်စေမည့် လုပ်ရပ်မျိုးကိုသာ အလေးအနက်စဉ်းစားသင့်ပြီး ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခ ပိုမိုဖြစ်ထွန်းစေမည့် လုပ်ရပ်မျိုးကိုရှောင်ရှားသင့်သည်ဟု ဆိုချင်ပါသည်။ ထို့ပြင် မွတ်စလင် ဆန့်ကျင်ရေး လှုံ့ဆော်မှုမျိုးများအပေါ် မသိကျိုးနွံပြုနေမှုများကို မြန်မာအစိုးရအနေဖြင့် ရပ်ဆိုင်းသင့်ပြီ ဖြစ်ပါသည်။ အဆိုပါလှုံ့ဆော်မှုများသည် လူမျိုးတုန်းသတ်ဖြတ်မှုများ ပြုလုပ်လာသည်အထိ အန္တရာယ်ကြီးမားလွန်း သည်ကို ဆင်ခြင်သင့်ပေသည်။

ဝမ်းနည်းဖွယ်ကောင်းသော ဖြစ်ရပ်မှန်တစ်ခုမှာ စစ်အစိုးရလက်ထက် ဖိနှိပ်ချုပ်ခြယ်မှုများ ၊ ဖမ်းဆီးအရေးယူ မှုများ ပြုလုပ်စဉ်က လူ့အခွင့်အရေးနှင့် ပတ်သက်၍ တက်ကြွစွာ ဆော်သြလှုပ်ရှားခဲ့သူများသည် ယခုလက်ရှိ အချိန်အခါတွင် ဖြစ်ပေါ်နေသော ရိုဟင်ဂျာမွတ်စလင်များအပေါ် အကြမ်းဖက်တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ တက်ကြွစွာ ထုတ်ဖော်ပြောဆိုမှု နည်းနေပုံရနေခြင်းပင် ဖြစ်ပါသည်။


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive