The Independent, 12th November 2010
(၇) နှစ် ထိန်းသိမ်းထားသည် ဆိုသည့် အဖြစ်မှာ ဆိုးလွန်းလှသည်။ သို့သော် လွတ်မြောက်ခြင်းသည် အဆိုးဆုံး ဖြစ်စေမည်လော။ အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် လွတ်မြောက်လာသည် ရှိသော် သို့မဟုတ် ကောလ ဟာလများ အတိုင်း ယခု ညနေတွင် လွတ်လာခဲ့သည် ရှိသော် သူမ၏ နိုင်ငံရေး ဘဝ၏ စိန်ခေါ်မှုကို တွေ့ကြုံရလိမ့်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းသည် သူမ နောက်ဆုံးအကြိမ် အပြင်တွင် ရှိသည့် အချိန်နှင့် စာလျှင် အသွင်အပြင်က အစ သိသိသာသာ ပြောင်းသွားပြီ ဖြစ်သည်။ နောက်ဆုံးအကြိမ် သူမ လွတ်မြောက်စဉ် ၂၀၀၂ ခုနှစ်က သူမ၏ ပါတီ NLD သည် လူမုန်းများသော အစိုးရကို ဆန့်ကျင်သော တစ်ခုတည်းသော ပါတီအဖြစ် ရပ်တည်ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိမှုတည်း ဟူသော အသာစီး ရရှိမှုကလည်း အငြင်းပွားဖွယ် မရှိသော အချက် ဖြစ်ခဲ့သည်။
ယခု တစ်ကြိမ်တွင်မူ သူမ လွတ်မြောက်လာလျှင် ရွေးကောက်ပွဲ အတွက် မှတ်ပုံ တင်ရန် ငြင်းပယ်မှုကြောင့် အစိုးရ၏ ဖျက်သိမ်းမှု ခံရသော ပါတီ၏ ခေါင်းဆောင် ဖြစ်နေခြင်းပင် ဖြစ်သည်။ အတိုက်အခံ ကဏ္ဍတွင် ပြိုင်ဘက်များနှင့် ပြည့်နေသည်။ အဓိကမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဖြစ်ပြီး၊ NLD မှ ခွဲထွက်လာသူ ဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲတွင် (၁၆) နေရာ အနိုင် ရရှိထားသည်။ သူမ မည်သူ့ ကိုယ်စား စကားပြောမည်နည်း။ သူမ၏ ပလက်ဖောင်း ကရော ဘာလဲ။
မှန်သည် ဆိုသည်ထက် ပို၍ ထင်ရှားသော ပြဿနာများ ကလည်း ရှိနေသေးသည်။ ယခုအခါ ရွေးကောက်ပွဲအပေါ် အစိုးရ၏ လုပ်ဆောင်မှုမှာ လုံးဝ လက်ခံနိုင်ဖွယ် မရှိ ဆိုသည်မှာ ထင်ရှားလာပြီ ဖြစ်ရာ သူမ၏ မဆုတ်မနစ် ရပ်တည်နေခဲ့သော ရွေးကောက်ပွဲကို သပိတ် မှောက်ခြင်းမှာ ဟန်ကျ နေသေးတော့သည်ဟု ပြောရသည်ထက် ပိုမှန်နေပေသည်။ အကယ်၍ ရွေးကောက်ပွဲကို မနက်ဖြန် မှန်မှန်ကန်ကန် ပြုလုပ်ပေးမည် ဆိုလျှင်၊ သူမသည် ၁၉၉၀ ကကဲ့သို့ အောင်မြင်မှုမျိုး ရရန် သူမ၏ ပါတီကို ဦးဆောင်လိမ့်မည် ဖြစ်သည်။ ဗိုလ်ချုပ်များကလည်း ထိုအချက်ကို သိ၍ သူမအား သော့ခတ်၍ ထိန်းသိမ်းထားခြင်း ဖြစ်သည်။ သူမကတော့ လွတ်မြောက်လာသည်နှင့် အစိုးရ လစ်လျူရှုထား၍ မရနိုင်သော တစ်ဦးတည်းသော ဒီမိုကရေစီ ကိုယ်စား စကားပြောမည့်သူ ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ထိုအချက်ကြောင့် အစိုးရသည် သူမနှင့် စကားပြောရန် သဘောတူ လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထိုကိစ္စမှာ ၎င်းတို့ နောက်ဆုံး အဆင့်မှသာ စဉ်းစားမည့် အချက် ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်နှစ်ဆယ် အတွင်း (၁၈) နှစ်ခန့်ကို သူမနှင့် သူမ၏ လုပ်ဖော် ကိုင်ဖက်များကို ဘေးဖယ်ထားသော အတုအယောင် ဒီမိုကရေစီ အခင်းအကျင်းကို ပုံဖော်လျက် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် အတွက်မူ ကြီးမားသော လူအုပ်ကြီးအား စကား ပြောခြင်းဖြင့် သူမအား မတရား ပြန်လည် ဖမ်းဆီးစေရန် လုပ်ဆောင်ခြင်းထက် ရိုးစင်းသော ကိစ္စ ရှိတော့မည် မဟုတ်ပေ။ သို့သော် ခါးသီးသော အတွေ့အကြုံ အရ ထိုသို့ လုပ်ပါက သူမအား ပြန်လည်၍ ထိန်းသိမ်း ထားမည်မှာ မုချ ဖြစ်သည်။
သူမ၏ အမှန်တကယ် နိုင်ငံရေး စိန်ခေါ်မှုမှာ ဗိုလ်ချုပ်များကို သူမနှင့် တွေ့ဆုံ ဆွေးနွေးရေး စားပွဲသို့ အရောက် ခေါ်နိုင်ရေးပင် ဖြစ်သည်။ လွန်ခဲ့သည့် ခုနှစ်နှစ် အတွင်း ၎င်းတို့နှင့် ရှားရှားပါးပါး စကားပြောခွင့် ရခဲ့စဉ်က၊ သူမသည် ၎င်းတို့အား သေချာစွာ ကိုင်တွယ်ရန် လိုအပ်ပုံကို ပြသခဲ့သည်။ ဥပမာအားဖြင့် ပြည်သူလူထု၏ တရားစီရင်မှုဖြင့် ၎င်းတို့အပေါ် ခြိမ်းခြောက်မှုများ မပြုတော့ပဲ၊ အရေးယူ ပိတ်ဆို့မှုများကြောင့် ဖြစ်လာသည့် ပြဿနာများကို ရှာဖွေရန် သဘော တူခဲ့ခြင်းမျိုး ဖြစ်သည်။ ပျော့ပျော့ ပြောင်းပြောင်း လုပ်ကိုင်ခြင်းသည် လမ်းမပေါ် ထွက်ခြင်းထက် ပို၍ ကောင်းသည် ဟုတော့ အာမခံချက် မရှိသော်လည်း၊ အနည်းဆုံးတော့ တစ်ခုခု အသစ်တော့ ဖြစ်မည် ဖြစ်သည်။
တစ်ချိန်တည်းတွင် သူမ လုပ်ကိုင်ရန် လိုအပ်သည့် တစ်ခုမှာ အစိုးရ၏ နှိပ်ကွပ်မှုကြောင့် ဆိုးဝါးစွာ ပျက်စီးသွားသော သူမ၏ ပါတီကို တစ်ခုခု လုပ်ပေးရန် လိုသည့် အချက် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အလွန် ကောင်းသော ခေါင်းဆောင် တစ်ဦး ဖြစ်ကောင်း ဖြစ်မည် ဖြစ်သော်လည်း နိုင်ငံရေး ပင်လယ်ကြောတွင် စီးမျောရန် စီးနိုင်ရန် သင့်တော်သော ရွက်လှေတစ်စီး လိုအပ်သည်။ ထိုသို့ ပြုလုပ်နိုင်ရန် သူမသည်သာ တစ်ဦးတည်း အာဏာပိုင်သူ တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.