International media (1)ဘာသာပြန်သတင်းများ
မြန်မာ့ဘာသာရေးအကြမ်းဖက်မှု သို့မဟုတ် ဗုဒ္ဓဘာသာဝင်တို့၏ အမျိုးစောင့်ရှောက်ရေး စိတ်ဓာတ်
(စင်ကာပူနိုင်ငံ၊ နန့်ယန်းတက္ကသိုလ်၊ Rajaratnam School of International Studies ကထုတ်ပြန်သည့် အွန်လိုင်းစာစောင်မှ 20 Feb 2014 ရက်စွဲပါMyanmar's Religious Violence: A Buddhist 'Siege Mentality" at Work ကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်များအပေါ် ဗုဒ္ဓဘာသာမြန်မာလူမျိုးများအကြမ်းဖက်တိုက်ခိုက်ရသည့် အကြောင်း အရင်းများမှာ ခက်ခဲရှုပ်ထွေးလွန်းလှသည်။ အဆိုပါ အကြောင်းအရင်းများနှင့် ပတ်သက်၍ နိုင်ငံတကာ မီဒီယာများ ရေးသားတင်ဆက်ကြသည့် ဇာတ်လမ်းများနှင့် ဆန့်ကျင်ကာ မတူကွဲပြားခြားနားသည့် နားလည်သ ဘောပေါက်မှု ဖြစ်ပေါ်လာရေးအတွက် အလားအလာရှိသော အဖြေတစ်ခု ထုတ်ဖော်ရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဘာသာရေးအကြမ်းဖက်မှု ဖြစ်ပွားပြီး နောက်ပိုင်း၌ အခြားသော ပြည်နယ်ဒေသများသို့ ကူးစက်ပျံ့နှံ့သွားသည့် အချိန်မှစ၍ ရိုဟင်ဂျာများ၏ ဘေးဒုက္ခများနှင့် ပဋိပက္ခ၏ အကြောင်းအရင်းမှန်များအပေါ် ဝေဖန်ဆန်းစစ်မှုများတစ်သီကြီးထွက်ပေါ်လာခဲ့ပါသည်။ ယင်းအကြောင်း အရင်းနှင့် သက်ဆိုင်သော လေ့လာဆန်းစစ်မှုအများစုမှာ အမျိုးသားရေးဝါဒီများနှင့် "၉၆၉ လှုပ်ရှားမှု" ဟုအမည်ရ သည့် အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်သောဘုန်းတော်ကြီးများဦးစီးသည့် အဖွဲ့အစည်းတို့၏ လုပ်ကိုင် ဆောင်ရွက်မှုများကိုသာ အဓိက အခြေခံထားသည်ကို တွေ့ရပါသည်။
လေ့လာဆန်းစစ်သူများက စစ်တပ်ထိန်းချုပ်မှုနှင့် ဆင်ဆာတည်းဖြတ်မှု လျော့နည်းလာခြင်း၊ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ အစိုးရတွင်းမကျေမချမ်းဖြစ်နေသည့် အုပ်စုများ၏ အကွက်ချစီစဉ်မှုများ အစရှိသည်တို့ကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားရသည်ဟု ယူဆကြသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ အုပ်ချုပ်ရေး ယန္တရားသည်ပင် အရေးတယူပြုဆောင်ရွက်မှုမရှိဟု စွပ်စွဲခံရသလို ရည်ရွယ်ချက်ရှိရှိ ပါဝင်ပတ်သက်နေသည်ဟုပင် ပြောဆိုဝေဖန်ခံရသည်။ မြန်မာနိုင်ငံတွင် မွတ်ဆလင်များအပေါ် အကြမ်းဖက်သည့် အခြေအနေသို့ ဆိုက်ရောက်စေ ခဲ့သည့် လက်တလောဖက်တာ (Factor) များစွာရှိနေစဉ် အခြားအရေးကြီးသည့် အရေးကိစ္စရပ်များကိုမူ သတိမပြုမိဘဲ ဖြစ်နေကြသည်ကို တွေ့ရသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာနိုင်ငံတော် သို့မဟုတ် ဗုဒ္ဓဘာသာ သီးခြားလူ့အဖွဲ့အစည်း ထူထောင်ရေး (Buddhist Millenarianism) ၊ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဟူသည့် ယုံကြည်မှုများအပေါ် နှစ်ကာလကြာရှည်စွာ အခြေတည်ထားသည့် မြန်မာလူမျိုးများ၏ စည်းတားလိုသော စိတ်နေ စိတ်ထားကိစ္စပင် ဖြစ်သည်။
မြန်မာဗုဒ္ဓဘာသာဝင်များ အကြားတွင် တွင်ကျယ်ကျယ်ဖြစ်နေသည့် ယုံကြည်မှုတစ်ရပ်ရှိပါသည်။ ယင်းမှာ အနာဂတ် ကာလတွင် ဗုဒ္ဓသာသနာ ကွယ်ပျောက်လိမ့်မည်ဟူသော ယုံကြည်ချက်ပင် ဖြစ်သည်။ နိုင်ငံတကာက ရေးသားဖော်ပြ ကြရာတွင် မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်လူဦးရေကို ထောက်ပြပြီး အစ္စလာမ်ဘာသာဝင်များ ဝင်ရောက်လာခြင်း ကြောင့်ဖြစ်ပေါ်နေသည့် စိုးရွံ့ထိတ်လန့်မှုများမှာ အဓိပ္ပာယ်မရှိသော အတွေးအခေါ်မျှ သာဖြစ်သည်ဟု သုံးသပ်ကြသည်။ သို့သော် မြန်မာဗုဒ္ဓဘာသာဝင်များ၏ အမြင်မှာမူကမ္ဘာ့အမြင်နှင့် လုံးလုံး လျားလျားပင် ကွဲပြားဆန့်ကျင် လျက်ရှိသည်။ မြန်မာဗုဒ္ဓဘာသာဝင်များက ၎င်းတို့ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားသည် စနစ်တကျစည်းရုံးမှု၊ ထောက်ပံ့မှု အားကောင်းသော ဘာသာခြားတို့၏ ဝိုင်းရံခြင်းခံလာ ရသည်ဟု ရှုမြင်ကြသည်။ ယခုလို ဗုဒ္ဓဘာသာ နိုင်ငံတော်သို့မဟုတ် သီးခြားလူ့အဖွဲ့အစည်းထူထောင်ရေးကိစ္စမှာ ပဋိကတ်ကျမ်းတော်များတွင် အခိုင်အမာ မတွေ့ရသော်လည်း ဗုဒ္ဓဘာသာသည် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်းငါးထောင် အချိန်ကာလအရောက်တွင် ကွယ်ပျောက်လိမ့်မည်ဟူသော ဟောကိန်းကိုမူ ဗုဒ္ဓဘာသာဝင်များက အတိုင်းထက်အလွန် လက်ခံယုံကြည်လျက် ရှိသည်။
ဗြိတိသျှကိုလိုနီနယ်ချဲ့တို့ ဝင်ရောက်လာသောအခါ ဗုဒ္ဓဘာသာအပေါ် နိုင်ငံတော်အစိုးရ၏ ကျောထောက် နောက်ခံပြုမှုမှာ ပြိုလဲသွားခဲ့ရပြီး ကိုလိုနီအစိုးရက ခရစ်ယာန်သာသနာပြု မစ်ရှင်များအပေါ် နည်းဗျူဟာကျကျ ထောက်ခံ အားပေးခဲ့သည်။ ဗြိတိသျှလက်အောက်ခံ အိန္ဒိယမှ ရွှေ့ပြောင်းလုပ်သားများ ဒလဟောဝင်ရောက်လာမှုက ဘာသာခြားများနှင့် လူမျိုးခြားများ တစ်စထက်တစ်စဝင်ရောက်လာသည်ဟူသော သဘောတရားများကို ဖြစ်ပေါ် ဖန်တီးစေခဲ့ပြီး ၁၉၃၀ ပြည့်နှစ် ဆရာစံဦးဆောင်သော အမျိုးသားရေး ပုန်ကန်ထကြွသည့် ဖြစ်ရပ်များပေါ်ထွက် သည်အထိပင်ဖြစ်လာခဲ့သည်။
ပို၍ဆိုပါက အာရှဒေသနေရာအချို့တွင် ဗုဒ္ဓဘာသာအယူဝါဒ မှေးမှိန်းလာပြီး အစ္စလာမ္မစ်အယူဝါဒ သြဇာလွှမ်းမိုးလာ မှုက “၇၈၆” အမှတ်တံဆိပ်အပေါ် မှားယွင်းစွာ အဓိပ္ပာယ်ကောက်ယူမှုနှင့် အတူတကွ ပေါ်ပေါက် လာသည်။ (၇၈၆ သည် မွတ်စလင်တို့ ပိုင်ဆိုင်မှုဟူသည့် အမှတ်သင်္ကေတ သို့မဟုတ် မွတ်ဆလင်တို့၏ အုတ်မြစ်ချမှု အဖြစ်ရှုမြင်ခံရသည်) ထို့အတူ အစ္စလာမ်ဟူသည် ဗုဒ္ဓဘာသာဝင် တို့ရန်သူဖြစ်သည်၊ ၂၁ ရာစုသည် ဗုဒ္ဓဘာသာ မကွယ်ပျောက်စေရေးအတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်ရမည့် အရေးကြီးသော အချိန်ကာလ ဖြစ်သည်ဟူ သည့် အတွေးအခေါ်၊ အယူအဆမျိုးကို ဖြစ်ပေါ်စေခဲ့ပါသည်။
ဗုဒ္ဓသာသနာထွန်းကားပါမှ လူ့အဖွဲ့အစည်း အေးချမ်းသာယာမည်ဟူသည့် ယုံကြည်မှုသည် ဘာသာခြားနှင့် လူမျိုးခြားများ ဝိုင်းရံခံနေရသည်ဟူသည့် ပြင်းထန်သော အတွေးအခေါ် အယူအဆမျိုး ဖြစ်ပါသည်။ မြန်မာလူမျိုး အများစု ကောင်းစွာသိရှိ နားလည်ထားသည်မှာ ၎င်းတို့၏တိုင်းပြည်သည် လူဦးရေအင်မတန် များပြားလှသည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့လိုနိုင်ငံများနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်ဟူသော အချက်ပင်ဖြစ်သည်။ ပို၍ဆိုပါက ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းကာလများ အတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှ တရုတ်လူမျိုးများ ဝင်ရောက်မှုကို လူဝင်မှုကြီးကြပ်ရေးဌာနက အသေအချာ ကြပ်မတ်စစ်ဆေးမှု မပြုလုပ်ခဲ့သည့်အချိန်မှ စ၍ မြန်မာပြည်မြောက်ပိုင်း ဒေသတွင် တရုတ်ဘက်မှ ရွှေ့ပြောင်းဝင်ရောက်လာသူ တရုတ်လူမျိုး ၂ သန်းခန့်ထိဖြစ် လာပြီး တင်းမာမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ရိုဟင်ဂျာတို့၏ နိုင်ငံရေးခေါင်းဆောင်အီလစ်များက ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ခွင့် တောင်းဆိုနေ သော်လည်း ၎င်းတို့၏ အနေအထားမှာ ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မရှိပေ။ ၁၉၇၅ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ရန်ကုန်အခြေစိုက် ဗြိတိန်နိုင်ငံသံအမတ်ကြီးကို "ရခိုင်ပြည်နယ်ထဲတွင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသူ ဘင်္ဂါလီ ငါးသိန်းခန့်ရှိကြောင်း၊ ၎င်းတို့ကို မြန်မာများအနေဖြင့် လက်သင့်မခံဘဲ ငြင်းပယ် ပိုင်ခွင့်ရှိကြောင်း" ပြောကြားခဲ့ဖူးသည်။
ကိုလိုနီခေတ်ကာလတုန်းက အာရှတောင်ပိုင်းဒေသ (အထူးသဖြင့်အိန္ဒိယ) မှ ရွှေ့ပြောင်းလုပ်သားများ နှင့် အမှုထမ်း၊ အရာထမ်းများ ဒလဟောဝင်ရောက်လာခဲ့ကြရာ စီးပွားရေးတွင် တရုတ်နှင့် အိန္ဒိယလူမျိုးများ ကြီးစိုးလာမှု အပေါ် မကျေမနပ်ဖြစ်သည့် စိတ်အခံများနဂိုကတည်းက ရှိထားပြီးဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံဟူသည် သဘာဝ သယံဇာတ နှင့် အခြားသော အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု အသိအမှတ်ပြု လက်ခံ ထားရာ လူဦးရေ အင်မတန်များပြားသော အိမ်နီးချင်းနိုင်ငံကြီးများသည် လူဦးရေဟူသော ဖိအားဖြင့် တိုင်းပြည်ကို ဝါးမြိုရန် ကြံစည်လျက်ရှိသည် ဟူသော စိတ်ခံစားချက်မျိုးကို အတော်အတန် ဖြစ်ပေါ်စေသည်။
ရခိုင်ပြည်နယ်တစ်ခုတည်းကို ကြည့်မည်ဆိုလျှင်ပင် ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ၏ ပင်မလူမျိုးများ ဖြစ်သော မြန်မာလူမျိုးနှင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်တို့က နိုင်ငံရေး၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ စီးပွားရေး၊ လူဦးရေ နှင့်ဘာသာရေး အကြောင်းကိစ္စများဖြင့် ဝိုင်းရံလာလျက်ရှိသည်ဟူသော ခံပြင်းသည့် စိတ်သဘော ထားမျိုးရှိ ကြသူများဖြစ်ကြရာ မွတ်ဆလင်ရော၊ ရခိုင်လူမျိုးမဟုတ်သူ အခြားတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များကိုပါ ရန်ငြှိုးသို မုန်းတီးမှုများ ပိုမိုကြီးထွားစေသည်။
မြန်မာနိုင်ငံ၏ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများအပေါ် သတင်းပေးပို့ ရေးသားဖော်ပြမှုများ ပိုမိုများပြား လာသည်နှင့်အမျှ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မီဒီယာတို့သည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဆန္ဒသဘောထား အမြင်များကို လျစ်လျူရှုပြီး ၎င်းတို့နှင့် ရိုဟင်ဂျာအရေးကိစ္စများအပေါ်သာ စိုးရိမ်တကြီးဖြစ်နေကြသည်ဟူသော ခံစားချက်များ မြန်မာဗုဒ္ဓဘာသာဝင် များအကြား ကြီးထွားလာပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်တို့ အမှန်တကယ် စိုးရိမ်ပူပန်စရာ ကောင်းသော အရာအဖြစ်ရှုမြင်ခံစားမှုများအပေါ် ပြည်ပနိုင်ငံများမှ ထင်မြင်သုံးသပ်ချက်ပေးသူများက အလေးအနက် စဉ်းစားဆင်ခြင်မှုမရှိဘဲ ပယ်ချနေခြင်းက နိုင်ငံတကာမီဒီယာများအပေါ် ရွံမုန်းသည့် စိတ်ခံစားချက်များ ထပ်မံ ဖြစ်ထွန်း စေသည်။ ထို့အတူ ရိုဟင်ဂျာနှင့် ဆူပူအကြမ်းဖက်မှုများအကြောင်း နိုင်ငံတကာမီဒီယာများ၏ ရေးသား တင်ဆက်မှုမှန်သမျှသည် အလွန်အမင်း ပုံကြီးချဲ့ကားထားသော ဝါဒဖြန့်မှုများဖြစ်သည်ဟူသည့် အထင်အမြင်များ လည်း ပိုမိုဖြစ်ပေါ်လာစေပါသည်။
အချို့သော နိုင်ငံတကာမီဒီယာများတွင် မြန်မာဗုဒ္ဓဘာသာနှင့် အမျိုးသားရေးကိစ္စတို့ကို "၉၆၉ လှုပ်ရှားမှု" နှင့်အတူ ရောနှောပေါင်းစပ်ပြီး နှိပ်ကွပ်သည့်ပုံစံမျိုးများ ရေးသားဖော်ပြလာမှုကြောင့် သဘောထားပျော့ပြောင်းပြီး လူမျိုးကြီး ဝါဒကို လက်သင့်မခံသော မြန်မာများအနေဖြင့် ပြည်ပမှ ဝေဖန်မှုများဆန့်ကျင်တွန်းလှန်ရမည့် အခြေအနေ ဆိုက်ရောက်သွားစေသည်။ ထို့ပြင် ရိုဟင်ဂျာပြဿနာအား မည်သို့မည်ပုံဖြေရှင်းမည်ဟူသော အရေးကိစ္စနှင့် ပတ်သက်သည့် အခြေတင်ပြောဆို ဆွေးနွေးမှုများကိုလည်း အဟန့်အတား ဖြစ်သွားစေပါသည်။
ဤမျှမကသေးပါ။ ယခင်စစ်အစိုးရအပေါ် ဝေဖန်ပုတ်ခတ်ရေးသားမှုများ ကျယ်ကျယ်ပြန့်ပြန့်ပင် ဆက်လက်ရှိနေပြန်ရာ နိုင်ငံတကာဖိအားပေးမှုအပေါ် စစ်အစိုးရ၏ တွန်းလှန်ဖယ်ရှားလိုသည့် သဘောတရားများ လည်း သာမန် မြန်မာလူမျိုးများအကြား ပျံ့နှံ့လျက်ရှိသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာအရေး ကိစ္စနှင့်ပတ်သက်၍ ပြည်ပမှလာသော ဖိအားများကို ခေါင်းငုံ့နာခံရန်မလိုအပ်ဟူသော အယူအဆမျိုးဖြစ်သည်။
အမျိုးသားရေးဝါဒီများ၊ အစွန်းရောက်သော ဘုန်းတော်ကြီးများက မီးထိုးပေးလိုက်သည့် ပုံကြီးချဲ့ကားပြော ဆိုမှုနှင့် လူမျိုးခြား၊ ဘာသာခြားတို့အပေါ် သံသယလွန်ကဲမှုတို့ကြောင့် ယခုလိုသန္ဓေတည်လာသည့် အမျိုး၊ဘာသာ၊ သာသနာ ကာကွယ်လိုသော စိတ်နေသဘောထားများ (ဤသို့ ကာကွယ်မှုမပြုပါက လူမျိုး၊ ဘာသာ၊ သာသနာ ကွယ်ပျောက်မည်ဟူသော စိုးရိမ်စိတ်များ) နှင့်ပတ်သက်၍ ရှုထောင့်ပေါင်းစုံမှ ဝေဖန်မှုများရှိနေသော်လည်း အခြေအနေသည် ပိုမိုကွဲပြားခြားနားပြီး လေးနက်လှသည့် နားလည်သဘောပေါက်မှုရရှိရန် လိုအပ်သည်မှာ ထင်ရှားပါသည်။ သမိုင်းကြောင်းဆိုင်ရာ ခံစားချက်သဘောတရားများ၊ သတင်းမီဒီယာများ အလေးအနက်ထား ရေးသားမှုမရှိခြင်း၊ တက်ကြွလှုပ်ရှားမှုပါသည့် သတင်းရေးသားမှုများ၊ အလွန်အမင်း ကောလဟလထုတ်လွှင့်မှုများ အပါအဝင် အခြားသောဖက်တာများကို ကြည့်မည်ဆိုပါက အမျိုး၊ဘာသာ၊သာသနာ ကာကွယ်လိုသည့် စိတ်နေ သဘောထားများကို ကောင်းစွာနားလည်သဘောပေါက်လာစေရန် သို့မဟုတ် ကောင်းစွာထုတ်ဖော်ဖြေရှင်းရန် လိုအပ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
မည်သို့ပင်ဆိုစေကာမူ ရိုဟင်ဂျာနှင့် မြန်မာဗုဒ္ဓဘာသာဝင်များအရေးကိစ္စအပေါ် ထင်မြင်သုံးသပ်ချက်ပေးသူ အချို့က ဗုဒ္ဓဘာသာဝင်များ၏ အမျိုး၊ဘာသာ၊ သာသနာစောင့်ရှောက်ရေးဟူသည့် သဘောတရားမှာ လူမျိုးခြား၊ ဘာသာခြား များအပေါ် သံသယလွန်ကဲသော စိတ်နေစိတ်ထားတစ်ခုတည်းအပေါ် အလွန်အမင်း အခြေခံထား ခြင်းဖြစ်သည် သို့မဟုတ် စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ထိန်းသိမ်းစောင့်ရှောက်ပေးသူဟူသည့် အခန်းကဏ္ဍမှ ပါဝင်လိုသောကြောင့် ဖန်တီးခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ ဆိုရလျှင် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးဟူသည့် သဘောတရားအပေါ် ပေါ့ပေါ့တန်တန်သဘာထားကာ နှိမ့်ချမှုနှင့် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုများကို ရှင်းရှင်းလင်းလင်းကြီးဖြစ်အောင်၊ တွေ့မြင်ရအောင် ထုတ်ဖော်ရေးသား တင်ဆက်ပြသမှု အစရှိသည်တို့သည် ရောဂါ၏ အကြောင်းအရင်းဇစ်မြစ်ကို မှားယွင်းစွာ စမ်းသပ်ရှာဖွေမိသကဲ့သို့ ဖြစ်စေပြီး အလားအလာရှိသည့် အဖြေထွက်ရန် ပိုမိုအလှမ်းဝေးစေသည်ကို သတိချပ် သင့်ပါသည်။ ယခုလို ဆိုရခြင်းသည် အမျိုးသားရေးဝါဒီများအနေဖြင့် အများပြည်သူများအပေါ် ဘာသာရေးနှင့် လူမျိုးရေးတပ်လှန့်မှုများ ပြုလုပ်နေခြင်းကို တရားဝင်ဖြစ်အောင် လုပ်ပေးရန်လိုအပ်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
အခြေအနေအရပ်အရပ် အပေါ် ပိုမိုလေးနက်ပြီး ကွဲပြားခြားနားလှသည့် သိမြင်နားလည်မှုမျိုးနှင့် ချဉ်းကပ်မှု မျိုးလိုအပ်သည်ဟုသာ ဆိုလိုရင်း ဖြစ်သည်။ အကြောင်းမှာ အဆိုပါအရေးကိစ္စသည် မြန်မာနိုင်ငံပြင်ပတွင် ကြက်တူရွေးတစ်ကောင် စာဖတ်သကဲ့သို့ အစွမ်းကုန် ရှင်းလင်းပြောဆို နေကြသည်ထက်ပင် ပို၍ရှုပ်ထွေးနက်နဲ သောကြောင့် ဖြစ်ပါသည်။
ဤကိစ္စတစ်ခုလုံးကို ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရာ၌ ဆင်းရဲနွမ်းပါးမှု၊ ဦးတည်ချက်မတူညီသော အောက်ခြေမီဒီ ယာများ၊ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများ၊ သမိုင်းကြောင်းကိစ္စရပ်များ၊ ဖြစ်ပေါ်နေသည့် အခြေအနေပေါ် ဝါဒဖြန့်မှုများ ပြုလုပ်ကာ အကျိုးအမြတ်ရယူနေသည့် နှစ်ဖက်နိုင်ငံရေးအီလစ်များ အစရှိသကဲ့သို့ အခြားအစိတ်အပိုင်းများကို ထည့်သွင်း စဉ်းစားရန်လိုအပ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပြောင်းလဲနေသော အရပ်ဘက် လူ့အဖွဲ့အစည်းအခင်း အကျင်းနှင့် ပြင်ပဇာတ်ကောင်များ၏ လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်း ထည့်သွင်းစဉ်းစားသင့် ပေသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာအစိုးရအနေဖြင့် လူမျိုးရေးဘာသာရေး မုန်းတီးမှုဖြစ်အောင် ပြောဆို ရေးသားမှု များကို တိုက်ဖျက်ရာတွင် ရဲဝံ့ပြတ်သားမှုရှိရန်လိုအပ်ပြီး ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုများတွင် ရဲတပ်ဖွဲ့ဝင်များ ဘက်လိုက်မှုမရှိကြောင်း ထုတ်ဖော်ပြသရန်အရေးကြီးသည်မှာ အထူးသတိပေးပြောဆိုရန် လိုမည် မဟုတ်ဟု ထင်ပါသည်။ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများအတွက် လိုအပ်သော ထောက်ကူ ပစ္စည်းနှင့် သင်တန်းပို့ချမှုများ မရှိသလောက်ဖြစ်နေမှုအပေါ် အစိုးရကဖြေရှင်းဆောင်ရွက်ပေးကာ လူမျိုး၊ အသား အရောင်၊ နိုင်ငံသားဟူသည့်ခွဲခြားမှုမပါအဝင်ဘဲ မြန်မာနိုင်ငံတွင်း နေထိုင်သူများအားလုံး လုံခြုံမှုရှိစေရန် လုပ်ကိုင်ရ မည်ဖြစ်ပါသည်။ ယခုလို ရှုပ်ထွေးနက်နဲလှသည့် ပြဿနာမျိုးကို ဖြေရှင်းမည်ဆိုပါက ယင်းပြဿနာတွင် ပါဝင်သည့် အစိတ်အပိုင်းများနှင့် သိမ်မွေ့လှသည့် ကွဲပြားခြားနားချက်များအားလုံးကို ကောင်းစွာသိရှိကာ ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။