yangonchronicle 2013
* | * |
၁၀.၂.၂၀၁၃
နေ့စဉ်ထုတ်သတင်းလွှာ
- ပြည်ထောင်စုဝန်ကြီးခန့်အပ်ခြင်းအပေါ် ဝေဖန်မှုများရှိနေ
- ရခိုင်ပဋိပက္ခအရေး ဖြေရှင်းရန် နည်းလမ်းတစ်ခု ပြည်နယ်အစိုးရသို့ တင်မည်ဟုဆို
- ကချင်ဒေသဖွံဖြိုးရေးအတွက် ကျပ်သန်း ၂၃၀၀ ကျော် သုံးစွဲမည်
- ကျန်ရှိနေသေးသောနိုင်ငံရေးအကျဉ်းသားများပြန်လည်လွှတ်မြောက်ရေးအတွက် စီစစ်ရေးကော်မတီဖွဲ့စည်း
**********************************************************************************
နေ့စဉ်ထုတ်သတင်းလွှာ
ပြည်ထောင်စုဝန်ကြီးခန့်အပ်ခြင်းအပေါ် ဝေဖန်မှုများရှိနေ
ဖေဖော်ဝါရီလ ဂ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်ဆဋ္ဌမအကြိမ်အစည်းဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် မှ ပြည်ထောင်စုဝန်ကြီးခန့်အပ်တာဝန်ပေးလိုကြောင်း လွှတ်တော်သို့သဝဏ်လွှာပေးပို့ခဲ့ပြီး ဆက်သွယ်ရေးနှင့်သတင်းအချက်လက်နည်းပညာဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းတို့အား ခန့်အပ်တာဝန်ပေးလိုကြောင်း တင်ပြခဲ့ခြင်းအပေါ်တွင် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ပြည်သူလူထုအကြားတွင် ဝေဖန်ပြောကြားမှုများရှိနေကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲမှုများလုပ်ရာတွင် အရပ်ဘက်ထဲတွင်ရှိသော တတ်သိပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ပညာရှင်များကို ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်နိုင်ပြီး အတိုက်ခံပါတီများထဲမှလည်း ရွေးချယ်ခန့်အပ်နိုင်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် သစ္စာရှိမှု တစ်ခုတည်းကိုအခြေခံပြီး ၎င်းယုံကြည်စိတ်ချရသောသူများကိုသာ ရွေးချယ်လိုက်သောကြောင့် မေးခွန်းထုတ်စရာအများရှိလာနိုင်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညှိညှိသင်းက ပြောကြားခဲ့သည်။
အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုပြုလုပ်သည်မှာ ကောင်းမွန်သော်လည်း နိုင်ငံတကာက ယုံကြည်ကိုးစားမှုရှိနေပြီး၊ ဒီမိုကရေစီစနစ်ကို သွားနေသည် ဆိုသောအချိန်တွင် နိုင်ငံတော်အစိုး၏ အကြီးကဲနေရာများတွင် ဗိုလ်ချုပ်ကြီးများအားအစားထိုးခန့်အပ်လိုက်ပါသောကြောင့် နိုင်ငံတကာအသိုင်းဝိုင်းနှင့် ဆက်ဆံရေးကို အဟန့်အတားဖြစ်စေပြီး လက်ရှိအစိုးရအနေနဲ့ အရပ်သားများအပေါ်တွင် စိုးရိမ်မှုရှိနေသည့်သဘောကို ပြသရာရောက်ကြောင်း ဝါရင့်နိုင်ငံရေးသမား ဦးဘတင့်ဆွေက ပြောကြားခဲ့သည်။
လက်ရှိဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတ အဆိုပြုထားသည့် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းသည် ကာကွယ်ရေးဦးစီးချုပ်(လေ)မှဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းသည် ကာကွယ်ရေးဦးစီးချုပ်မှ အဆိုပြုထားသူဖြစ်ကြောင်း သိရသည်။
YC
--------------------------------------------------------------------------------------------------------
ရခိုင်ပဋိပက္ခအရေး ဖြေရှင်းရန် နည်းလမ်းတစ်ခု ပြည်နယ်အစိုးရသို့ တင်မည်ဟုဆို
ရခိုင်ပဋိပက္ခအရေးကိုဖြေရှင်းရန် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများက ၎င်းတို့၏ဆန္ဒအတိုင်း မြန်မာနိုင်ငံအတွင်းရှိ ဘင်္ဂါလီများအား ခွဲဝေယူလိုက်လျှင် လက်ရှိပဋိပက္ခအား ဖြေရှင်းနိုင်မည်ဟူသော ဖော်ပြချက်များပါရှိသည့် အကြံပြုစာကို ရခိုင်တိုင်းရင်းသားဆောင်းပါးရှင်တစ်ဦးဖြစ်သူ ရက္ခဝတီ(ခ) ဦးလှညိုက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြသွားမည်ဟုသိရသည်။
၎င်းတင်ပြမည့်အကြုံပြုစာတွင်အဆိုပါဋိပက္ခဖြေရှင်းရေးကို စိတ်ဝင်စားသည့်ပြည်ပရှိအိုအိုင်စီနိုင်ငံများက ငွေကြေးနှင့်ပစ္စည်းများ ထောက်ပံ့ခြင်း ထက် ဘင်္ဂါလီလူမျိုးများ၏ ဆန္ဒသဘောထားအတိုင်း ယင်းတို့၏ ဘဝရှေ့ရေးကောင်းစားရေးကို လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် အယူဝါဒဓလေ့ နှင့်လူမျိုးခြင်း တူညီသော အိုအိုင်စီအဖွဲ့ဝင် ၅၇ နိုင်ငံက ဘင်္ဂါလီများကို မိမိတို့ဆန္ဒအလျှောက် မျှဝေခေါ်ယူပြီး ကူညီဖြေရှင်းပေးခြင်းသည် ရခိုင်ပြည်နယ် တွင် ဖြစ်ပျက်နေသော ပဋိပက္ခကို အဆုံးသတ်နိုင်မည့်နည်းလမ်းတစ်ခုဖြစ်သည်ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂင်္ါလီလူမျိုးအကြား ယဉ်ကျေးမှုထုံးတမ်းဓလေ့နှင့်ကိုးကွယ်သည့် ဘာသာမတူညီခြင်းများကြောင့်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပဋိပက္ခ ငြိမ်းအေးအောင်ပြုလုပ်လျှက်ရှိပြီး ယခုလည်း အတော်ငြိမ်သက် နေပြီဖြစ်ကြောင်း၊ အိုအိုင်စီနိုင်ငံများက လက်ခံ မခံမှာမူ သူတို့နိုင်ငံများ၏ကိစ္စသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ပြန်ကြားရေးမှုးဦးဝင်းမြိုင်က ပြောကြားသည်ဟု သိရသည်။
လက်ရှိတွင် ရခိုင်ပြနယ်တွင် ပဋိပက္ခများကို အတန်သင့်ဖြေရှင်းနိုင်ပြီဖြစ်သော်လည်း တစ်ချို့သောမြို့နယ်များတွင် ညမထွက်ရအမိန့်ကို ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ကြောင်းသိရသည်။
YC
-------------------------------------------------------------------------------------------------
ကချင်ဒေသဖွံဖြိုးရေးအတွက် ကျပ်သန်း ၂၃၀၀ကျော် သုံးစွဲမည်
ကချင်ပြည်နယ်ကို ၂၀၁၂ - ၂၀၁၃ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၃၃၄ ဒသမ ၃၀ သန်းကိုအသုံးပြုကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် ကတ္တရာလမ်း(၁၀/၀)မိုင်၊ ကျောက်လမ်း(၁၃/၀)မိုင်၊ မြေသားလမ်း (၂၅/၀) မိုင်၊ သစ်သားတံတားငါးစင်း၊ ရေပြွန်တံတားခုနှစ်စင်း၊ လေးလက်မ စက်ရေတွင်း ရှစ်တွင်း၊ တွင်းတိမ် နှစ်တွင်း၊ လက်တူးတွင်း ၁၆ တွင်း၊စိမ့်စမ်းရေ လေးခု၊ ကျေးလက်အိမ်ရာအလုံး ၂၀၀ တည်ဆောက်သွားမည်ဟု ဇန်နဝါရီလ ၂၃ရက်နေ့ တွင်မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည့်လုပ်ငန်းညှိနှိုင်း အစည်းဝေးပွဲမှ ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ယင်းအစည်းအဝေးသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် ဝန်ကြီးများအပြင် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ညွှန်ကြားရေးမှူး၊ တင်ဒါရရှိသူ KZEN ကုမ္ပဏီနှင့် တော်ဝင်စိုးညွန့်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ လုပ်ငန်းရှင်များပါ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ရတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် နိုင်ငံတော်၏ ဖွံဖြိုးရေး လုပ်ငန်းများကို တင်ဒါခေါ်ယူပြီး ကုမ္ပဏီများကို လုပ်ငန်းအပ်နှံဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရရှိသောကုမ္ပဏီများအနေဖြင့် သတ်မှတ် ထားသောစံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေနှင့် လုပ်ငန်းများအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်း ပြည့်မီစေရေးအတွက် ကော်မတီများဖွဲ့စည်းကာ ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်သည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။
YC
---------------------------------------------------------------------------------------------------------------
ကျန်ရှိနေသေးသောနိုင်ငံရေးအကျဉ်းသားများပြန်လည်လွှတ်မြောက်ရေးအတွက် စီစစ်ရေးကော်မတီဖွဲ့စည်း
မြန်မာနိုင်ငံအနှံရှိ အကျဉ်းထောင်များတွင်အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေး နိုင်ရန်အတွက် နိုင်ငံတော် သမ္မရုံး၏ ညွှန်ကြားချက်ဖြင့် စိစစ်ရေးကော်မတီဖွဲ့စည်းကာ ဆောင်ရွက်သွားမည် ဖြစ်ပြီး စိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အားဆောင်ရွက်စေမည်ဟု ဖေဖော်ဝါရီလ ၆ ရက်တွင် နိုင်ငံတော်မှ ကြေညာခဲ့သည်။
အစိုးရမှ နိုင်ငံရေးလှုပ်ရှားသည်ဟု အကြောင်းအမျိုးမျိုးပြကာ အခြားပုဒ်မများနှင့်စွပ်စွဲအကျဉ်းချထားသော အကျဉ်းသားများကိုလည်း နိုင်ငံရေး အကျဉ်းသားအဖြစ်သတ်မှတ်ပြီး အဆိုပါလူများအတွက်ပါ ပြန်လည်စီစစ်ပြီး စဉ်းစားပေးစေလိုကြောင်း၊ စီစစ်ရေးကော်မတီဖွဲ့စည်းခြင်းကို ၀မ်းသာကြိုဆိုပြီး ၎င်းတို့မှာလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်လိုသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဥက္ကဋ္ဌဦးညိုထွန်းမှ ပြောကြားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားကော်မတီဖွဲ့စည်းခြင်းမှာ ကောင်းမွန်သောရည်ရွယ်ချက်တစ်ခုဖြစ်ပါကြောင်း၊ တောင်ကြီး အကျဉ်းထောင်တွင် နေခဲ့ရစဉ်က ၎င်းအပါအ၀င်နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်သာရှိပြီး ကျန်သောအကျဉ်းသားများမှာ သူပုန်အားပေးမှု၊ သူပုန်နှင့်ဆက်သွယ်မှုတို့ကြောင့် ဖမ်းဆီး အကျဉ်းချထားသောသူများဖြစ်ကြောင်း၊ အဆိုပါအကျဉ်းသားများ နိုင်ငံရေးအကျဉ်းသားများဖြစ်သော်လည်း အခြားအကျဉ်းသားများနှင့် ရောနှော ထားသည်ကို တွေ့ရသောကြောင့် အဆိုပါဖြစ်စဉ်များကိုလည်း သေချာစိစစ်ရန်လိုအပ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီ မှပြောကြားခဲ့သည်။
စီစစ်ရေးကော်မတီအနေဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လွတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ ညှိနှိုင်းရေးဆွဲခြင်းများကို ဆောင်ရွက်ပြီး စီစစ်တွေ့ရှိချက်များအား နိုင်ငံတော်သမ္မတထံ တင်ပြသွားရမည်ဖြစ်ကြောင်း အဆိုပါညွှန်ကြားချက်တွင် ဖော်ပြထားသည်။
YC
*************************************************************************