Op Ed News ,By Zin Linn,4 Dec 2009
ယနေ့ မြန်မာနိုင်ငံသည် ဆုံမှတ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ တာဝန်ရှိသော တပ်မတော်အစိုးရ သည် ယနေ့ အခြေအနေကိုသာ ဆက်လက် ထိန်းသိမ်းထားလိုကြပြီး၊ လူအများစုကမူ ပြောင်းလဲမှု အသစ်တစ်ခုကို မျှော်လင့်နေကြပါသည်။ ပြည်သူများက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်များကို တောင်းဆိုနေသော်လည်း အစိုးရကမူ နိုင်ငံသားများ၏ အခြေခံ ရပိုင်ခွင့်များကို ခွင့်ပြုရန် ခေါင်းမာစွာ ငြင်းဆန်နေဆဲ ဖြစ်ပါသည်။
ထို့ကြောင့်ပင် ပြည်သူအများစုသည် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တွင် ပထမ အချက်အနေဖြင့် ၂၀၀၈ အခြေခံဥပဒေသည် ဒီမိုကရေစီမူများနှင့် မကိုက်ညီသောကြောင့် ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုထားပြီး၊ ဒုတိယအချက်အနေဖြင့် ရွေးကောက်ပွဲ တွင် အားလုံး ပါဝင်စေရမည် ဖြစ်ပြီး၊ လွတ်လပ်၍ တရားမျှတစေရန် နိုင်ငံတကာ ကြီးကြပ်မှုအောက်တွင် ပြုလုပ်ရန် တောင်းဆိုထားပါသည်။
နိုင်ငံတကာ အသိုင်းအဝန်းကလည်း နိုင်ငံတကာ ထောက်ခံမှု ရရှိစေရန် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်ပေးရန် မြန်မာအစိုးရအား တိုက်တွန်းထားပါသည်။
အမေရိကန် ပြည်ထောင်စုမှ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Marciel တို့သည် နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက် ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ဘာမျှ မည်မည်ရရ အောင်မြင်မှု မရရှိခဲ့ပေ။ ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်အပြင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် လည်းကောင်း၊ အတိုက်အခံများနှင့် လည်းကောင်း၊ တိုင်းရင်သား ခေါင်းဆောင်များနှင့် လည်းကောင်း တွေ့ဆုံခဲ့ရပါသည်။ သို့သော် ၎င်းတို့ အဘယ်ကြောင့် တစ်ဦးတည်းသော အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့် မရခဲ့သနည်း ဆိုသည်ကိုမူ ၎င်းတို့ ကိုယ်တိုင် မသိရှိရပေ။
အချို့သော သုံးသပ်သူများ၏ အဆိုအရ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ လာကတည်းက မီဒီယာများကို ပိုမိုကန့်သတ်မှုများ ပြုလုပ်ခြင်း၊ အင်တာနက် အသုံးပြုသူများကို ပိုမို ချုပ်ကိုင်လာခြင်း၊ ဖမ်းဆီးမှုများ ပိုမို လုပ်ဆောင်လာခြင်းနှင့် တိုင်းရင်းသားများကို ပိုမို တိုက်ခိုက်လာခြင်း စသည်တို့ကို ပြုလုပ်လျက် ရှိပါသည်ဟု ဆိုပါသည်။
အကယ်၍ အစိုးရသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ ရိုးသားခဲ့မည်ဆိုလျှင် မီဒီယာများကို လွတ်လပ်ခွင့် ပေးရမည် ဖြစ်ပါသည်။ အားကောင်းသော ဒီမိုကရေစီ ဖြစ်စေရေးအတွက် သတင်း အချက်အလက် ရရှိမှုသည် အရေးကြီးပါသည်။ Universal declaration of Human Rights အပိုဒ် ၁၉ တွင် "လူတိုင်းသည် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်များ ရှိရမည်။ အဆိုပါ ရပိုင်ခွင့်များတွင် မိမိတို့ ထင်မြင် ယူဆချက်များကို အနှောင့်အယှက်မရှိ လွတ်လပ်စွာ ကိုင်စွဲထားနိုင်ခွင့်၊ သတင်းများနှင့် အကြံဥာဏ်များကို မီဒီယာများမှ တစ်ဆင့် ရှာဖွေခွင့်၊ လက်ခံခွင့်၊ ဖလှယ်ခွင့် ရှိရမည် ဖြစ်ပြီး၊ အကန့်အသတ်မဲ့ ဖြစ်စေရမည်"ဟု ဆိုပါသည်။
သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံရေး အတိုက်အခံများ၊ သတင်းစာဆရာများနှင့် မီဒီယာပုဂ္ဂိုလ် များသည် အာဏာရှင်အစိုးရ လက်အောက်တွင် အတင်းကြပ်ဆုံး ကန့်သတ်မှုများ အောက်တွင် နေကြရပါသည်။ တိုင်းပြည်အများစုတွင် သတင်းစာဆရာများနှင့် မီဒီယာ လုပ်ကိုင်သူများသည် ကိုယ့်အလုပ် ကိုယ်လုပ်၍ အေးချမ်းစွာ နေနိုင်ကြပါသည်။ သို့သော် တပ်မတော် အုပ်ချုပ်သော မြန်မာနိုင်ငံတွင်မူ မီဒီယာသည် အလွန် အန္တရာယ်များပြီး ဆူးခင်းသော လမ်းကို လျှောက်နေကြရသည်။ ဂျပန်လူမျိုးသတင်းစာ ဆရာ Kenji Nagai သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် အသတ်ခံခဲ့ရပြီး၊ အခြား မြန်မာ သတင်းစာဆရာများလည်း ထောင်ထဲတွင် ရှိနေဆဲ ဖြစ်ပါသည်။
Burma Media Association and Reporters Sans Frontieres ၏ အဆိုအရ ၂၀၀၈ မေလ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့် နာဂစ် ဆိုင်ကလုန်းအပြီး သတင်းစာဆရာ အနည်းဆုံး ၁၂ ဦးခန့်နှင့် အခြား မီဒီယာလုပ်ကိုင်သူ ကဗျာဆရာ၊ စာရေးဆရာ ဒါဇင်ပေါင်း များစွာသည် ထောင်ထဲတွင် ရှိနေဆဲ ဖြစ်သည်ဟု ဆိုပါသည်။
အချို့ ထောင်နှစ်ရှည် ပြစ်ဒဏ်ကျခံရသူများတွင် ဒါရိုက်တာနှင့် လူရွှင်တော် ဇာဂနာနှင့် Blogger နေဘုန်းလတ်တို့ ပါဝင်ပါသည်။ ကဗျာဆရာ စောဝေသည် Valentine Day ကဗျာတွင် အာဏာမက်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ရည်ရွယ် ရေးသားထားမှုကြောင့် ၂၀၀၈ ဇန်နဝါရီတွင် အဖမ်းခံရပြီး ထောင်ဒဏ် ၂ နှစ် အပြစ်ပေး ခံခဲ့ရပါသည်။
နယူးယောက် အခြေစိုက် သတင်းစာဆရာများအား အကာအကွယ်ပေးရေး ကော်မတီ (CPJ) ကလည်း အောက်တိုဘာ ၂၈ ရက်နေ့က အလွတ် သတင်းစာဆရာနှင့် Blogger ပိုင်စိုးဦး (ခေါ်) ဂျေပိုင်အား ဖမ်းဆီးမှုအား ပြင်းထန်စွာကန့်ကွက်ခဲ့ပါသည်။ ၎င်းသည် နာဂစ် ကယ်ဆယ်ရေး လုပ်အားပေးအဖွဲ့ လင်းလက်ကြယ်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ၎င်းအား ချက်ချင်း လွှတ်ပေးရန် CPJ က တောင်းဆိုခဲ့ပါသည်။ ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားမည် ဆိုသည့် တပ်မတော်အစိုးရကို ယုံကြည်မှု ကင်းမဲ့စေသည်ဟု ဆိုပါသည်။
CPJ ၏ အရှေ့တောင်အာရှ အကြီးတန်း ကိုယ်စားလှယ် Shawn W Crispin က မြန်မာအစိုးရသည် ဒီမိုကရေစီ လမ်းကြောင်းသို့ ဦးတည်နေသည် ဆိုသော်လည်း သတင်းစာဆရာများကို မှန်မှန် ဖမ်းဆီး ထိန်းသိမ်းလျက် ရှိနေဆဲ ဖြစ်သည်ဟု ဆိုပါသည်။ သတင်းစာ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ မြင်သာသည့် တိုးတက်မှုများ ရှိမှသာ နိုင်ငံတကာ ဖိအားပေးမှုများကို လျော့ချနိုင်မည် ဖြစ်သည်ဟု ၎င်းက ပြောပါသည်။
အမည်မဖော်လိုသူ အလွတ် သတင်းစာဆရာတစ်ဦးက ပြောကြားရာတွင် အောက်တိုဘာ တတိယအပတ်မှ စ၍ ဖျော်ဖြေရေးသမားများ၊ စာရေးဆရာများ၊ သတင်းလုပ်ကိုင်သူများကို ဖမ်းဆီးလျက်ရှိရာ အယောက် ၂၀ ခန့် ရှိသွားပြီ ဖြစ်ပါသည်ဟု ဆိုပါသည်။ အောက်တိုဘာ ၂၁ ရက်မှ ၂၈ ရက် အတွင်း ဖမ်းဆီးခြင်း ဝရမ်းမပါဘဲ အဖမ်းခံရသော သူများမှာ The Voice, The Favorite, ပြည်မြန်မာ နှင့် ကန္တရဝတီ ဂျာနယ်မှ ဝန်ထမ်းများ ပါဝင်သည်ဟု ဆိုပါသည်။
၎င်းက ရဲများနှင့် စစ်ထောက်လှမ်းရေးမှ ပုဂ္ဂိုလ်များသည် ၎င်းတို့၏ နေအိမ်များတွင် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၈ ဦးခန့်ကို အမည်နှင့်တကွ ပြောပြနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အလင်္ကာ ဝတ်ရည်ဂျာနယ်မှ ဒီဇိုင်းဆရာနှင့် ကဗျာဆရာ ခန့်မင်းထက်၊ The Foreign Affairs မှ အယ်ဒီတာ သန့်ဇင်စိုး၊ အလွတ် သတင်းထောက် ညီညီထွန်း (ခ) မီးဒုတ်၊ အလွတ်သတင်းထောက်နှင့် Blogger ပိုင်စိုးဦး (ခ) ဂျေပိုင်တို့ ဖြစ်ပြီး ကျန်လေးဦးမှာ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ ဖြစ်သော အောင်မြတ်ကျော်သူ၊ သက်ကို၊ မြင့်သိန်းနှင့် မင်းမင်းတို့ ဖြစ်သည်ဟု ဆိုပါသည်။
အဖမ်းခံရသူများမှာ ယမန်နှစ်က နာဂစ် ကယ်ဆယ်ရေးအဖွဲ့တစ်ခု ဖြစ်သော လင်းလက်ကြယ် အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြပါသည်။ အဆိုပါအဖွဲ့သည် ရန်ကုန် အခြေစိုက်အဖွဲ့ ဖြစ်ပြီး အဖွဲ့ဝင် ၄၀ ခန့် ရှိ၍ သတင်းထောက်များ၊ လူမှုရေး တက်ကြွသူ လူငယ်များ ပါဝင်ပါသည်။ ၎င်းတို့သည် နာဂစ်ဒေသမှ မိဘမဲ့ ကလေးများကို ကျောင်းသုံးစာအုပ်များနှင့် ကျောင်းစရိတ်များ ထောက်ပံ့နေသူများ ဖြစ်ကြသည်။
၁၉၆၂ ခုနှစ် တပ်မတော်က အာဏာမသိမ်းခင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ သတင်းစာ လွတ်လပ်ခွင့် ရှိသော နိုင်ငံများစာရင်းတွင် ထိပ်က ရှိခဲ့ပါသည်။ အင်္ဂလိပ်၊ တရုတ်၊ ဟိန္ဒူဘာသာ တို့ဖြင့် ရေးသားသော သတင်းစာများ အပါအဝင် သတင်းစာပေါင်း ၃ ဒါဇင်ခန့်ကို ၁၉၄၈-၁၉၆၂ အတွင်း အရပ်ဖက် အစိုးရ လက်အောက်တွင် ထုတ်ဝေခဲ့ပါသည်။ သတင်းထောက်များသည် ဝန်ကြီးချုပ်ရုံးကိုပင် ဝင်ထွက်ခွင့် ရှိပြီး နိုင်ငံတကာ သတင်းအေဂျင်စီများနှင့်လည်း လွတ်လပ်စွာ ဆက်သွယ်ခွင့် ရှိခဲ့ပါသည်။
၁၉၆၂ စစ်တပ်က အာဏာ သိမ်းလိုက်သောအခါ အနေအထားများ ပြောင်းလဲသွားခဲ့ပါသည်။ သတင်းစာအားလုံးကို စစ်တပ်က ပြည်သူပိုင်သိမ်းခဲ့ပြီး စာပေစိစစ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းကာ သာရေးနာရေး ကြော်ငြာများ အပါအဝင် ပုံနိုပ်စာပေ အားလုံးကို တင်းကြပ်စွာ စိစစ် ဖြတ်တောက်ခဲ့ပါသည်။
အစိုးရသည် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ရေးဌာနကို အဓိက လက်ကိုင်ထား၍ ချုပ်ကိုင် ဖိနှိပ်မှုများ ပြုလုပ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေသည် လွတ်လပ်သော အခြေအနေမှ ထောင်နှုတ်ခမ်း ဝလျှောက်ရသော အခြေအနေသို့ ထိုးကျနေပါသည်။ နေ့စဉ် သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်များသည် အစိုးရ၏ ကြီးကြပ်မှု၊ ဆင်ဆာများအောက်တွင် ရှိပါသည်။ ပုဂ္ဂလိက ဂျာနယ်များ၊ မဂ္ဂဇင်းများသည်လည်း အစိုးရ စာပေစိစစ်ရေး အောက်တွင် စိစစ်ပြီးမှ ထုတ်ဝေရပါသည်။ မည်သည့် ပုံနှိပ် ထုတ်ဝေမှုမျှ စာပေစိစစ်ရေး၏ ခွင့်ပြုချက် မပါဘဲ ထုတ်ဝေခွင့် မရှိချေ။
ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အခြားမီဒီယာများကို အစိုးရက ဝါဒဖြန့်ချိရေးအတွက် ချုပ်ကိုင်ထားပြီး၊ အတိုက်အခံများအတွက် ခွင့်ပြုမထားပါ။ ယခု လတ်တလော ပေါ်ပေါက်လာသော FM အစီအစဉ်များသည် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ် ထောက်ခံသူ ကိုယ်စားလှယ်များ မဲဆွယ်ရေး အတွက် အသုံးပြုလိမ့်မည် ဖြစ်ပါသည်။
စစ်အစိုးရသည် FM ရေဒီယို၏ လူကြိုက်များမှုကို အခွင့်ကောင်းယူလိမ့်မည် ဖြစ်ပါသည်။ ပြည်ပ မီဒီယာများ နားမထောင်နိုင်စေရန် FM အစီအစဉ်များကို လွှင့်ထုတ်နေခြင်း ဖြစ်သည်။ အတိုက်အခံ ပါတီများ နေရာ မရစေရေးအတွက် မီဒီယာကို ကိရိယာ တစ်ခုသဖွယ် အသုံးပြုနေပါသည်။
အစိုးရအနေဖြင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ဖွဲ့စည်းခွင့်များ ပါဝင်သော လူ့အခွင့်အရေးများကို အာမခံခြင်း မရှိခဲ့လျှင်၊ ရွေးကောက်ပွဲသည် အဓိပ္ပာယ် မဲ့နေဦးမည် ဖြစ်ပါသည်။
ဒီမိုကရေစီ၏ အသက်သည် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခြင်းနှင့် ဆိုင်ပါသည်။ မြန်မာနိုင်ငံရှိ မီဒီယာ လုပ်ကိုင်သူများသည် နိုင်ငံတကာ မီဒီယာအဖွဲ့များ၏ ထောက်ခံမှု ကူညီမှုများကို မျှော်လင့်လျက် ရှိနေကြပါသည်။ သို့မှသာ တိုင်းပြည်၏ အသွင်ပြောင်းမှုတွင် မီဒီယာသည် ကဏ္ဍတစ်ခုမှ ပါဝင် ကပြနိုင်မည် ဖြစ်ပါသည်။ သတင်းလွတ်လပ်ခွင့် မရှိဘဲနှင့်တော့ တိုင်းပြည် တစ်ခုတွင် လူမှုရေး သာတူညီမျှမှု သို့မဟုတ် ဒီမိုကရေစီ မရရှိနိုင်ပေ။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.