Transparency Myanmar

transparency.myanmar@gmail.com

Mizzima News,5 - Dec - 2009

နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်ကို ရွေးချယ်ခြင်းသည် အဆိုပါ နိုင်ငံ၏ တိုးတက်ခြင်း (သို့) ကျဆုံးခြင်း တစ်ခုမဟုတ် တစ်ခုကို ဖြစ်ပေါ်စေနိုင်ပါသည်။ ယခင်က လွဲမှားမှုများသည် လမ်းမှား ရောက်သွားသော နိုင်ငံကို ကာကွယ် မပေးနိုင်ခဲ့သော်လည်း အကောင်းကို မျှော်လင့်ထားပါသည်။ ဆယ်စုနှစ်ပေါင်း များစွာ နိုင်ငံရေးနှင့် စီးပွားရေး စီမံခန့်ခွဲမှု မှားယွင်းခြင်း၏ အကျိုးဆက်ကြောင့် ၂၀၁၀ နောက်ပိုင်းတွင် တိုင်းပြည်အား ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရန် မှန်ကန်သော အုပ်ချုပ်ရေးစနစ်ကို စိစစ် ရွေးချယ်ရန် အခြေအနေ ဖြစ်ပေါ်လာပါသည်။

ပထမ ကမ္ဘာစစ် အလွန် ကမ္ဘာကြီးတွင် နိုင်ငံရေး၊ စီးပွားရေးစနစ် ပုံစံ (၅) ခု ပေါ်ပေါက်ခဲ့သည်။

(၁)     အလယ်အလတ် လမ်းစဉ် လစ်ဘရယ် ဒီမိုကရေစီနှင့် လွတ်လပ်သော ဈေးကွက်ဆိုင်ရာ ပုဂ္ဂလိက ထိန်းချုပ်သော စီးပွားရေးစနစ် (အမေရိကန် ပုံစံ)

(၂)     အလယ်အလတ် လမ်းစဉ် လစ်ဘရယ် ဒီမိုကရေစီ၏ စီမံခန့်ခွဲမှု အောက်တွင် ဈေးကွက်ကို ဖေါ်ဆောင်သည့် စနစ် (ဥရောပပုံစံ)

(၃)     ဒီမိုကရေစီနှင့် ဈေးကွက်ကို တိုက်ရိုက် ကျင့်သုံးသည့် စနစ် (အာရှကျားတို့၏ ပုံစံ)

(၄)     အလယ်အလတ် လမ်းစဉ် လစ်ဘရယ် ဒီမိုကရေစီနှင့် တွဲထားသော စီမံကိန်း စီးပွားရေးစနစ် (အိန္ဒိယပုံစံ)

(၅)     ကွန်မြူနစ် ဝါဒက လမ်းညွှန်သော စီမံကိန်း စီးပွားရေးစနစ် (ယခင် ဆိုဗီယက် ရုရှား ပုံစံ) စသည်တို့ ဖြစ်ပါသည်။

          ၁၉၈၉ ဘာလင် တံတိုင်း ပြိုကျမှုနှင့်အတူ နိုင်ငံပေါင်းများစွာသည် တစ်ပါတီ နိုင်ငံရေးစနစ် ကျင့်သုံးနေခိုက် စီမံကိန်း စီးပွားရေးစနစ်ကို ရွေးချယ်ရန် သင့် / မသင့်ကို ကောင်းစွာ သဘောပေါက် သွားကြပါသည်။ ၎င်းအကျိုးဆက်ကြောင့်ပင် ဆဋ္ဌမမြောက် နိုင်ငံရေး၊ စီးပွားရေး အုပ်ချုပ်မှုပုံစံ အသစ်တစ်ခု ထပ်တိုးလာခဲ့ပါသည်။ တစ်ပါတီ နိုင်ငံရေးစနစ်နှင့် ဈေးကွက် စီးပွားရေးစနစ်ပင် ဖြစ်ပါသည်။ တရုတ်၊ လာအို၊ ဗီယက်နမ် တို့သည် အထက်ပါ ဆဋ္ဌမပုံစံကို ကျင့်သုံးသော နိုင်ငံများ ဖြစ်ပြီး ရုရှားကမူ စစ်အေးတိုက်ပွဲ အပြီးတွင် ပုံစံ (၅) မှ ပုံစံ (၃) သို့ ပြောင်းလဲခဲ့ကာ အိန္ဒိယက ပုံစံ (၄) ကို စွန့်လွှတ်ပြီး ပုံစံ (၁) သို့ ကူးပြောင်းပါသည်။

          သို့သော်လည်း ၂၀၀၈ ခုနှစ်တွင် ကမ္ဘာလုံး ဆိုင်ရာ စီးပွားပျက်ကပ် ဖြစ်ပွားလာသောအခါ အမေရိကန်စနစ် ပုံစံ (၁) မှာ ရေပန်းစားမှု လျော့ကျသွားပြီး ဥရောပစနစ် ပုံစံ (၂) ကို ပိုမို နှစ်သက်လာကြပါသည်။ သို့ဖြစ်၍ ဥရောပစနစ် ပုံစံ (၂) နှင့် ဈေးကွက် စီးပွားရေး ကျင့်သုံးသော တစ်ပါတီစနစ် ပုံစံ (၆) ကို အကြီးအကျယ် စိတ်ဝင်စားလျက် ရှိကြပါသည်။

          သို့ရာတွင် သတ္တမမြောက်ပုံစံ တခုဖြစ်သည့် (၂၁) ရာစု ခေတ်မှီနိုင်ငံများ၏ အမြင့်ဆုံး မျှော်လင့်ချက်ကို အဆုံးစွန် သုံးသပ်ထားသော ဈေးကွက် စီးပွားရေးနှင့် ဆိုရှယ် ဒီမိုကရေစီကို ပေါင်းစပ်ထားသည့် စနစ် ပုံစံ (၇) လည်း ထွက်ပေါ်လာပြန်ပါသည်။

          ဆိုရှယ် ဒီမိုကရေစီကို ဆိုရှယ်လစ် ဒီမိုကရေစီနှင့် ရောထွေး၍ မစဉ်းစားသင့်ပါ။ ဆိုရှယ် ဒီမိုကရေစီသည် ပါတီစုံစနစ် ဖြစ်ပါသည်။ အလယ်အလတ် လစ်ဘရယ် ဒီမိုကရေစီနှင့်လည်း မတူဘဲ လူအဖွဲ့အစည်းအတွင်း လူမှုရေး မျှတမှုကို ဦးစားပေးထားသည့် ပုံစံအစား ပုဂ္ဂလိက လွတ်လပ်ခွင့်ကို အခြေခံသော ပုံစံကို ပိုမို ရည်ညွှန်းသည့် စနစ် ဖြစ်ပါသည်။ ဈေးကွက် စီးပွားရေးနှင့် ဒီမိုကရက်တစ် အစိုးရ၏ လူမှုအဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစည်း ကျင့်သုံးမည့် ပုံစံသစ်တစ်ခု ဖြစ်သည်။

          စကင်ဒီနေးဗီးယန်း နိုင်ငံများသည် နောက်ဆုံးစနစ် ပုံစံ (၇) ကို အကောင်အထည်ဖော် ကျင့်သုံး၍ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှု ရနိုင်သည်ကို နားလည် လက်ခံခဲ့ကြသည်။ ထို့အပြင် တရုတ်နိုင်ငံသည်လည်း ယခု နောက်ဆုံးစနစ်ကို ကျင့်သုံးသော နိုင်ငံများ စာရင်းတွင် ပါဝင်လာနိုင်သည်ဟု မှန်းဆမှုများလည်း ရှိနေပါသည်။

          မြန်မာနိုင်ငံ စီးပွားရေး နိုင်ငံရေး ဦးတည်ချက်၏ ဖြစ်နိုင်ချေနှင့် ပတ်သက်၍ မည်သို့ ရှိနိုင်ပါသနည်း ဟု မေးစရာ ရှိပါသည်။

          မြန်မာနိုင်ငံသည် ဗြိတိန်ထံမှ လွတ်လပ်ရေး ရသည့်အချိန်မှ စ၍ ကာလ (၃) ခုကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုနိုင်ပါသည်။

(၁)     ၁၉၄၈ - ၁၉၆၂ ကာလ၊ ဝန်ကြီးချုပ် ဦးနု၏ လက်အောက်တွင် ပုံစံ (၂) ကို စမ်းသပ် ကျင့်သုံးခဲ့သည်။

(၂)     ၁၉၆၂  - ၁၉၈၈ ကာလ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အုပ်ချုပ်မှု အောက်တွင် ပုံစံ (၅) ကို ရွေးချယ်ခဲ့သည်။

(၃)     ၁၉၈၈ ခုနှစ်မှ ယခုအချိန်ထိ ကာလ၊ တပ်မတော် အစိုးရသည် နိုင်ငံရေး အုပ်ချုပ်မှု အာဏာကို လက်မလွှတ်ဘဲ စီးပွားရေး ကျဆင်းမှုကို ဖြေရှင်းရန် နည်းလမ်းအဖြစ် ပုံစံ (၆) ကို ကျင့်သုံးခဲ့သည်။

          သို့သော်လည်း ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် မြန်မာနိုင်ငံသည် ပုံစံ (၃) ကို လက်ခံ ကျင့်သုံးမည့် ဖြစ်နိုင်ချေကို သိသာထင်ရှားစွာ တွေ့မြင်နေရပါသည်။ သို့ရာတွင် ပုံစံ (၇) နှင့် အနီးစပ်ဆုံး ဆင်တူသည့် စနစ်တခုကို ပြောင်းလဲမည့် အနေအထားလည်း ရှိနေနိုင်ပါသည်။ ထို့အပြင် ခေတ်မီ စက်မှုနိုင်ငံအဖြစ် အမှန်တကယ် တိုးတက် ဖွံ့ဖြိုးရန် အလျင်အမြန် သဘောပေါက် သွားနိုင်သည်ဟုလည်း ယခုတိုင် မျှော်လင့်ချက် ရှိပါသေးသည်။

          မည်သို့ပင်ဖြစ်စေ ပုံစံ (၇) ဖြင့် အနာဂါတ် မျှော်လင့်ချက်များ အောင်မြင်လိုပါက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရမည် ဖြစ်သည်။ အကယ်၍ လာမည့်နှစ် ရွေးကောက်ပွဲများကိုသာ ပယ်ချခဲ့ပါက မြန်မာနိုင်ငံရေး အခြေအနေသည် လမ်းကြောင်းမှန်ရန် ကြိုးစားနေခြင်းမှ လုံးဝ အလှမ်းကွာသွားမည် ဖြစ်ပြီး မူလ ဒုံရင်း အခြေအနေသို့ ပြန်ရောက်သွားပါလိမ့်မည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး အလွှာအနေဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းတို့၏ ပါဝင် ပတ်သက်မှုနှင့် ရပ်တည်မှု ကဏ္ဍကို အသေအချာ စဉ်းစားရပါလိမ့်မည်။ ၎င်းတို့ အလေးအနက်ထား၍ စဉ်းစား သုံးသပ်ရမည့် အချက်မှာ ၎င်းတို့ ပါဝင် လှုပ်ရှားခြင်း (သို့) ဘာမှ မလှုပ်ရှားခြင်းသည် မြန်မာနိုင်ငံ "ပြန်လည် ဦးတည်မှု" ၏ အနာဂါတ် ဖြစ်နိုင်ချေ အခွင့်အလမ်းများ အပေါ်တွင် မည်သို့ အကျိုး သက်ရောက်နိုင်ပါသနည်း ဟူသော အချက်ပင် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment