yangonchronicle2011 Op-Ed |
၂၄.၁၁.၂၀၁၁
ဆောင်းပါးကဏ္ဍ
- အထီးကျန်မှု နိဂုံးချုပ်ပြီ
***********************************************************
ဆောင်းပါးကဏ္ဍ
အထီးကျန်မှု နိဂုံးချုပ်ပြီ
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းသစ်တစ်ခုပေါ်သို့ မှန်ကန်မှုရှိသည့် နည်းလမ်းများဖြင့် ချီတက်လာလျက်ရှိပြီ ဖြစ်သည်။ အသွင် ကူးပြောင်းရေး ဖြစ်စဉ်များတွင် ဖြစ်တတ်သည့် စီးပွားရေး၊ နိုင်ငံရေး မတည်ငြိမ်မှုများကို ဦးသိန်းစိန်အစိုးရမှ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်လျက် ရှိကြောင်း တွေ့ရသည်။ အမေရိကန်၊ ဂျပန်၊နှင့် အီးယူအပါအဝင် အာဆီယံဒေသတွင်းတွင်ပါ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ထွန်းပြောင်းလဲမှုများ တစ်နည်း ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်များကို ထိထိရောက်ရောက် ကူညီလိုသည့် စိတ်ဆန္ဒများရှိကြောင်း တွေ့ရသည်။ ဤသို့သော အရပ်ရပ် အခြေအနေအောက်တွင် မြန်မာနိုင်ငံမှာ ယခင်လို အထီးကျန်ဖြစ်နေသည့် နိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ရှိနိုင်တော့မည် မဟုတ်ကြောင်း ကောက်ချက်ချ သုံးသပ်၍ ရနိုင်ပါသည်။
ကမ္ဘာပြုမှုဖြစ်စဉ်ကြီး ဂယက်
ကမ္ဘာပြုမှုဖြစ်စဉ်ကြီး (Globalization) အပြန့်ကျယ် ထွန်းကားလာသည့် ယခုခေတ်အခါမျိုးတွင် နိုင်ငံအများစုမှာ အထီးကျန်နေ၍ မဖြစ်နိုင် တော့ပါ။ ကမ္ဘာပေါ်တွင် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရေစီးကြောင်းကြီးနှင့် ဆက်စပ်မှုမရှိသည့် နိုင်ငံဟူ၍ မြောက်ကိုရီးယား၊ ကျူးဘား အစရှိသည့် နိုင်ငံများသာ ကျန် ရှိနေတော့သည်။ အဆိုပါနိုင်ငံများ၏ နိုင်ငံရေးစနစ်မှာ သမိုင်းတွင် အိပ်ပျော်သွားခဲ့ပြီးဖြစ်သော တစ်ပါတီကွန်မြူနစ် အာဏာရှင် စနစ်ဖြစ်ပြီး စီးပွားရေးမှာ သွင်းကုန်အစားထိုး (Import substitute strategy) မဟာဗျူဟာ အဓိကထားသုံးစွဲကြောင်း တွေ့ရသည်။ ယင်း နိုင်ငံတို့မှာ ဆိုရှယ်လစ်စီးပွားရေး အတွေးအခေါ်များဖြစ်သည့် စီးပွာရေးတွင် အရင်းရှင်များ၏ စီးပွားရေးလုပ်ဆောင်မှုကို သွေးစုပ်မှု (ယင်းတို့၏ စကားအရ) ဟူ၍ ရှုမြင်သောကြောင့် ဈေးကွက်စီးပွားရေးစနစ်ကို ပစ်ပယ်ကာ စီမံကိန်းစီးပွားရေး ကျင့်သုံးခဲ့ကြသည်။ ရလဒ်အနေနှင့်ကား ကမ္ဘာ့ ဈေးကွက်နှင့် အဆက်ပြတ်သွားခြင်း၊ နိုင်ငံပိုင်စက်ရုံများ စွမ်းဆောင်ရည်မပြည့်ဝသည့်အဖြစ်သို့ ရောက်ရှိသွားခြင်းနှင့် ဝိုင်းလုပ်ဝိုင်းစား အကျင့်များ ထွန်းကားလာခဲ့ရသည်။
လွတ်လပ်ရေးဖခင်များ၏ သမိုင်းအမွေ
မြန်မာနိုင်ငံသမိုင်းကို လေ့လာသုံးသပ်ကြည့်ပါက အဓိကအကောင်အထည်ဖော် ဆောင်ရွက်ရမည့် အမျိုးသားရေးမစ်ရှင်ကြီး (national massion) ကြီးသုံးခုမှာ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးနှင့် ဆိုရှယ်လစ် အရေးတို့ပင်ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မူအရ နိုင်ငံရေး ဒီမိုကရေစီနှင့် စီးပွားရေးဆိုရှယ်လစ် စနစ်ကိုကျင့်သုံးကြရန် ဖြစ်သော်လည်း မူဝါဒချမှတ်သူများတွင် လက်တွေ့ကျသူများ ပါဝင်နေခြင်းကြောင့် ဈေးကွက်စီးပွားရေးကိုသာ အဓိကစီးပွားရေးစနစ်အဖြစ် ဆက်လက်ကျင့်သုံးခဲ့ပါသည်။ ထိုအတွက်ကြောင့် လွတ်လပ်ရေး ခေတ်နောက်ပိုင်း ပထစ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ အရပ်ရပ်အခြေအနေမှာ အိမ်နီးချင်းနိုင်ငံများထက် သာလွန်ကောင်းမွန်သောကြောင့် အာရှတွင် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာအရှိဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ၁၉၆၂ခုနှစ်နောက်ပိုင်းတွင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေးအစိုးရမှ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် စီမံကိန်းစီးပွားရေးစနစ်ကို ကျင့်သုံးလာခဲ့သည်မှာ ၁၉၈၈ခုနှစ်အထိ ၂၆နှစ်တာကာလအတွင်း နိုင်ငံမှာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိသွားကာ ကမ္ဘာနိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲများနှင့် လုံးလုံးကြီး အဆက်အသွယ်ပြတ်သွားသည့် ရလဒ်ကို ရရှိခဲ့ပါသည်။ ယင်းမှတဖန် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာခဲ့သည်မှာ ယနေ့အချိန်ထိပင် ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံ၏ ကုန်ထုပ်လုပ်မှု စနစ် ရွေးချယ်မှုအပေါ် မူတည်၍ နိုင်ငံ၏ နိုင်ငံရေးဘဝ၊ လူမှုရေး အပြောင်းအလဲများအပေါ် များစွာသက်ရောက်မှုရှိကြောင်း တွေ့မြင်ရမည် ဖြစ်သည်။ သို့နှင့် မြန်မာနိုင်ငံနိုင်ငံရေး၊ စီးပွာရေးသမိုင်းကြောင်း ဖြစ်စဉ်များကို ကြည့်၍ နိုင်ငံမှာ အထီးကျန်ဆန်စွာ နေခဲ့သည့်ကာလ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သိုင်းသိုင်းဝန်းဝန်း ဆက်ဆံခဲ့သည့် ကာလများ ကိုသုံးသပ်၍ ရနိုင်ပါသည်။
တရားဥပဒေစိုးမိုးမှုမရှိလျှင်လည်း
ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသော်ငြားလည်း အာဏာရှင်နိုင်ငံရေးစနစ် ဖြစ်နေခြင်းကြောင့်သော်လည်းကောင်း၊ နိုင်ငံရေး စိတ်စေတနာ ထက်သန်မှုအားနည်းခြင်းကြောင့်သော် လည်းကောင်း နိုင်ငံတကာနှင့် အထီးကျန်ဆန်စွာ နေခဲ့ရသည့် ကာလလည်းရှိခဲ့ဖူးပါသည်။ ၁၉၉၀ လွန် မြန်မာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ဖြေလျော့ပေးမှုများ စတင်လုပ်ဆောင်လာသည့် ကာလပင် ဖြစ်သည်။ ထိုအချိန်အခါက နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်ခဲ့ပါသည်။ သို့သော် တရားဥပဒေ စိုးမိုးမှု (rule of law) မှာ ဗဟိုဦးစီးစနစ်၏ နိုင်ငံရေး စိတ်စေတနာ အားနည်းမှုကြောင့် အထိုက်အသင့်သာရှိခဲ့လေရာ ရင်းနှီးမြုပ်နှံမှုများသည်လည်း ရေရှည် စီးပွားရေး ဖွံ့ဖြိုးမှုကိုဆောင်ကြဉ်းသွားနိုင်သည့် မဟာဗျူဟာမြောက် ရင်းနှီးမြုပ်နှံမှုများ ဖြစ်မလာခဲ့ပေ။ ထိုသို့သော အခြေအနေများ အနောက်နိုင်ငံ များ၏ စီးပွားရေးပိတ်ဆို့မှုများနှင့် ၁၉၉၇ အာရှစီးပွားရေး အကျဉ်အတည်းတို့ ပေါင်းစုံသွားသည့်အခါ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများလည်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့သည်။ တနည်းအားဖြင့် ပြောရလျှင် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသောအရာမှာ Political Will ဟုခေါ်သော နိုင်ငံရေး စိတ်စေတနာပင် ဖြစ်သည်။ ထိုသို့သော စိတ်စေတနာမျိုးကို တောင်ကိုးရီးယားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်တွင် အထင်သား တွေ့မြင်ရနိုင် ပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးဖြစ်စဉ်သမိုင်းကို ကြည့်ပါက ဗိုလ်ချုပ်ပတ်ချောင်ဟီးမှာ ၎င်းအာဏာတည်မြဲရေးအတွက် လုပ်ဆောင်ခဲ့သော်ငြားလည်း နိုင်ငံစီးပွားရေး ဖွံ့ဖြိုးရေးဟူသည့် နိုင်ငံရေးစိတ်စေတနာလည်း အပြည့်ရှိခြင်းကြောင့် နိုင်ငံတကာအဆင့်ရှိသည့် ဆမ်ဆောင်း (SunSaung)၊ ဟွမ်ဒေး (Hundyi)၊ ဒေဝူး(Dawoo) အစရှိသည့် ကော်ပိုရေးရှင်းကြီးများကို ပေါ်ထွန်းလာခဲ့သည်။
ရင်ဆိုင်ဖြတ်သန်းရဦးမည့် မဟာဗျူဟာမြောက် အချိုးအကွေ့များ
သို့နှင့် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် အဆက်အသွယ်ပြတ်ကာ အထီးကျန်ဆန်စွာနေခဲ့ရပြီးနောက် ယခုမှ တဖန်နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ပြန်လှန်မြှင့်တင်လာနိုင်ခြင်းဖြစ်သည်။ အာဆီယံ ဒေသတွင်းနိုင်ငံများကလည်း မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် လိုလိုလားလား ပေးအပ်လာပြီး နိုင်ငံတကာမျက်နှာစာတွင် ပွဲထုတ်လာသည်။ မြန်မာနိုင်ငံ၏ အသစ်ဖြစ်ထွန်းလာသည့် နိုင်ငံရေးဖြစ်စဉ်တွင် ယခင် အာဏာရအစိုးရ အုပ်ချုပ်မှုကို ပြောင်းလဲရန် အတိုက်အခံအသွင်ဆောင်သည့် နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ရပ်တည်လာခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ယခုဒီမိုကရေစီအစိုးရသစ်နှင့် နိုင်ငံရေးတည်ဆောက်ရေးကို လက်တွဲအကောင်အထည်ဖော်မည့် တနည်း ပင်မရေစီးကြောင်း နိုင်ငံရေး ဖြစ်စဉ်တွင် ထဲထဲဝင်ဝင်ပါဝင်လာမည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။ ယခုလို အချိန်အခါမျိုးတွင် အရပ်သားတစ်ပိုင်းအစိုးရ (Semi civilian government) အဖြစ်တည်ရှိနေမှုအပါဝင် အုပ်ချုပ်ရေး ဒီဇိုင်းများတွင် ဒီမိုကရက်တစ်မဆန်မှု (illiberal democratic) ဖြစ်နေခြင်းကို ရိုးမယ်ဖွဲ့ကာ အုပ်ချုပ်ရေးစနစ် အပြောင်းအလဲကိုတောင်းဆိုနေ၍ မသင့်တော့၊ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်၏ မဟာဗျူဟာမြောက် အချိုးအကွေ့ များတွင်သာ ထဲထဲဝင်ဝင်ပါဝင်လာဖို့ သင့်ပါသည်။
နိဂုံးချုပ်အနေဖြင့်ပြောရလျှင် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားကို ထင်ဟပ်နိုင်သည့် နိုဗယ်ဆုရဘောဂဗေဒ ပညာရှင် “အမတြာဆင်း” ၏ “ရေတွင်းထဲမှ ဖားသူငယ်” ဟူသောသင်္သကရိုဋ် ပုံပြင်လေးဖြင့် အဆုံးသတ်ချင်ပါသည်။ ရေတွင်းထဲမှာ မွေးဖွားပြီး၊ ရေတွင်းထဲ၌သာ ကြီးပြင်ခဲ့ရသော ဖားသူငယ်လေးမှာအပေါ် ရေတွင်းနှာခမ်းအနားသတ် ကျယ်ပြန့်သရွှေ့သာ လောကကြီးကို မြင်ခွင့်ရခဲ့သည်။ တနေ့သ၌ ဖားကလေးသည် ရေတွင်းထဲက ကြိုးစားခုန်ထွက်ခဲ့သည့်အခါ အဆုံးမရှိမိုးကုတ်စက်ဝန်းတလျှောက်အပြန့် ကျယ်လွန်းသည့် လောကကြီးတွေ့မြင်ကြုံတွေ့ခဲ့ရပြီး ပျော်ရွှင် မြူးတူးခဲ့ရသည်။ ထိုအတူပင် မြန်မာနိုင်ငံသည် လည်းအထီးကျန်မှုများဖြစ်စေသည့် တံတိုင်းများကို ဖြိုချတန်သလောက် ဖြိုချပြီး သကာလသမိုင်တွင် ရရှိခဲ့ဖူးသည့် အမျိုးသားစည်းလုံးညီညွှတ်မှုကို ပြန်လည်ရရှိလုနီးပြီဖြစ်သော ယခုလိုအချိန် အခါသမယမျိုးတွင် အဖက်ဖက်က နောက်ကျ ကျန်ရစ် နေသည့် နိုင်ငံကိုတစ်ဆချင်းတစ်ထစ်ခြင်းတည်ဆောက်ယူဖို့ အချိန် ကျရောက်ပြီဖြစ်ပါကြောင်း….။
***************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.