yangonchronicle 2011 - (2) |
၁၂.၉.၂ဝ၁၂
ဘာသာပြန်သတင်းများ အပိုင်း(၂)
- စစ်ဘေးသင့် တိုင်းရင်းသား ဒေသတွေ စီးပွားရေး ဖွံ့ဖြိုးအောင် သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နိုင်မှာလား
(Christian Science Monitor မှ 11 September 2012 ရက်စွဲပါ Could Myanmar's economic reform bring business to war-torn ethnic regions ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်)
- မြန်မာနိုင်ငံတွင်စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးလိုအပ်
(12 September 2012 ရက်စွဲပါ The Nation မှ Supalak Ganjanakhundee ရေးသားသော Myanmar Needs Peace for true Developmentကို ဘာသာပြန်ဆိုသည်။)
***********************************************************
ဘာသာပြန်သတင်းများ
စစ်ဘေးသင့် တိုင်းရင်းသား ဒေသတွေ စီးပွားရေး ဖွံ့ဖြိုးအောင် သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင် နိုင်မှာလား
(Christian Science Monitor မှ 11 September 2012 ရက်စွဲပါ Could Myanmar's economic reform bring business to war-torn ethnic regions ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်)
ယခုအခါ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို မြန်မာနိုင်ငံ၌ အတည်ပြုလိုက်နိုင်ခဲ့ပြီဖြစ်ရာ စစ်ဘေးသင့်ခဲ့သော ကရင်ပြည်နယ်မှ အချို့သော စွန့်ဦးတီထွင်သမားများလည်း ၎င်းတို့ဒေသသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန် မျှော်လင့်နေကြပြီဖြစ်သည်။
လတ်တလော မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည့်နည်းတူ ပြည်တွင်းစစ်မီး ကြီးစွာ တောက်လောင်ခဲ့သည့် ကရင်ပြည်နယ်၌လည်း Shar Mu Larအမည်ရ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခု လွန်ခဲ့သည့် နှစ်လခန့်က ပေါ်ထွက်လာသည်။ ကုမ္ပဏီကို Shar Phaungဆိုသူက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်ဒေသ ကရင်ပြည်နယ်တွင်း စီးပွားရေး အခွင့်အလမ်းများ ဖြစ်ပေါ်လာရန် မျှော်လင့်ထားသည်။
Shar Phaungနေထိုင်ရာ ကရင်ပြည်နယ်သည် ကေအန်ယူ(ကရင်အမျိုးသား သမဂ္ဂ)တို့နှင့် မြန်မာအစိုးရ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ် လိုက်၊ အပစ်အခတ် ရပ်စဲလိုက် ဖြစ်ခဲ့သော စစ်မီးမငြိမ်းနိုင် ဖြစ်ခဲ့သည့် ပြည်နယ်လည်းဖြစ်သည်။ တိုက်ပွဲများကြောင့် ကရင်တိုင်းရင်းသား ထောင်ပေါင်းများ စွာမှာ နေအိမ်ပစ်ကာ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ ထောင်ပေါင်းများစွာ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည်။
ယခု သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက် အရှေ့တောင်အာရှဒေသတွင် ဆင်းရဲ့နွမ်းပါးဆုံးစာရင်းဝင်နေသည့် မြန်မာနိုင်ငံအား စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဟူသော ကတိကဝတ်များ နှင့်အတူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် များလည်း အစဉ်အလိုက် ထွက် ပေါ်လာသည်။ အစိုးရသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကေအန်ယူအဖွဲ့နှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးသည်။ နှစ်ဖက်တပ်ဖွဲ့ဝင်များ၏ အခြေအနေ များကိုလည်း ဆွေးနွေးရာတွင် ထည့်သွင်းခဲ့သည်။
"ယခု တတိယအကြိမ် အစိုးရနဲ့ ကေအန်ယူအဖွဲ့ တွေ့ဆုံတာနဲ့ ပတ်သက်ပြီး ခြုံငုံပြောရမယ်ဆိုရင် အခြေအနေတွေ တိုးတက်မှု ရှိတယ်လို့ပဲ ပြော ရမှာပါ။ အစိုးရက ကေအန်ယူကို လူသိရှင်ကြား ချီးမွမ်းပြောဆိုထားတယ်"ဟု ကရင်အမျိုးသမီးများအဖွဲ့ (KWAG)မှ Susanna Hla Hla Soeက ပြော သည်။ ၎င်းသည် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အစိုးရနှင့် ကေအန်ယူအကြား နောက်ဆုံးပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲ၌ လေ့လာသူ အနေဖြင့် တက်ရောက်ခဲ့သည်။
ဖားအံမြို့မှာ သံလွင်မြစ်ဘေးတွင် တည်ရှိပြီး ရန်ကုန်မြို့မှ မော်တော်ကားဖြင့် သွားမည်ဆိုပါက ခြောက်နာရီမျှ မောင်းရသည်။ ယခုလို ကရင်ပြည်နယ်တွင်း အပစ်အခတ်များ လျော့ကျလာသည့် အတွက်ကြောင့် Shar Phaungအနေဖြင့် စီးပွားရေး အခွင့်အလမ်းများကို စတင်တွေ့မြင်လာရပြီဖြစ်သည်။
"ကေအန်ယူနဲ့ အစိုးရကြားမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသက ကြာအင်းဆိပ်ကြီးမြို့လို နေရာဒေသမျိုးကို သွားလို့ရပါပြီ။ အဲဒီမှာ ခနောက်စိမ်း ထွက်တယ်"ဟု ဘက္ကထရီများတွင် အသုံးပြုနိုင်သည့် သဘာဝ တွင်းထွက် သတ္တု ဖြစ်သော ခနောက်စိမ်း တူးဖော်သည့် လုပ်ငန်းမျိုး လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းရှိကြောင်း Shar Phaungကပြောသည်။
ခနောက်စိမ်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေသည့် မြန်မာ့သဘာဝ သယံဇာတများအနက် တစ်ခုသော တွင်းထွက်သတ္တု ဖြစ် သည်။ မြန်မာ့ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ သစ်နှင့်ရေနံ အစရှိသည်တို့မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အထူးစိတ်ဝင်စားခြင်း ခံရသည်။ ခနောက်စိမ်း ကို တစ်ခါတစ်ရံတွင် သေနတ်ကျည်ဆံများ၌ ထည့်သွင်းအသုံးပြုကြသည်။ ယခု အဆိုပါ ခနောက်စိမ်းကို Shar Phaungအနေဖြင့် ကရင်ပြည်နယ်တွင်း မကြာမီ ရှာဖွေတူးဖော် တော့မည်ဖြစ်သည်။
သို့သော် Susanna Hla Hla Soeနှင့် Shar Phaungတို့ နှစ်ဦးစလုံးက ကရင်ပြည်နယ်တွင်း နိုင်ငံရေး အခြေတကျဖြစ်ရန် အချိန်ကာလ ကြာမြင့်စွာ စောင့်ဆိုင်းရဦးမည်ဟူသောအချက်ကို သိရှိနားလည် ထားကြသည်။ "လောလောဆယ်တော့ အပစ်အခတ် ရပ်စဲရေးပဲ ရှိပါသေးတယ်။ သူတို့ အနေနဲ့ ဆွေးနွေးရမယ့် ကိစ္စတွေ အများကြီး ကျန်ပါသေးတယ်" ဟု Shar Phaungက ပြောကြားသည်။
ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် ၎င်းတို့၏ နယ်မြေဒေသတွင်း ဗဟိုအစိုးရက ထိန်းချုပ်ထားမှုကို မလိုလားဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိနိုင်မည့် နည်းလမ်းများကို သာရှာဖွေခဲ့ကြသည်။ သို့သော် မြန်မာဗဟိုအစိုးရမှ အာဏာပိုင် အဖွဲ့များက ယင်းတိုင်းရင်းသား လူမျိုးစု ဒေသများ ပြည်မကြီးမှ ခွဲထွက်သွားမည့်အရေးကို အထူးပင် စိုးရိမ်ပူပန်လျက် ရှိသည်။
အခက်အခဲများရှိနေဆဲ
အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် ရရှိထားသည့်တိုင် ရှေ့ဆက်ဆွေးနွေးရမည့် အရေးကိစ္စကြီးများစွာ ကျန်ရှိနေသေးသည်။ ပြဿနာ များကလည်း စောင့်ကြိုနေသည်။ တိုင်းရင်းသား ပြည်သူများ၏ တရားဝင်အမည်၊ နေရာဒေသများ၏ အမည် အစရှိသည်တို့မှာ Burma နှင့် Myanmar ကဲ့သို့ပင် ပြဿနာဖြစ်မည့် ကိစ္စများပင် ဖြစ်သည်။ ယခင်စစ်အစိုးရသည် မြန်မာနာမည်၏ တရားဝင်အမည် Burmaကို Myanmar အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ယခု ကရင်ပြည်နယ်တွင် နေထိုင်သော ကရင်တိုင်းရင်းသားများကို အစိုးရက Kayinဟုခေါ်ပြီး ဖားအံမြို့ကို Hpa'anဟုခေါ်သည်။ နိုင်ငံတကာတွင် အများသိရှိထားသည်မှာ Karenနှင့် Pa'an ဖြစ်သည်။
လေ့လာဆန်းစစ်သူများ အဆိုအရ ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးထက် သိသာထင်ရှားသော စီးပွားရေး အပြောင်းအလဲများ ဆောင်ကြဉ်းမည့် ကိစ္စက ပိုမိုကြာမြင့်မည် ဖြစ်သည်ဟု ခန့်မှန်းပြောဆိုကြသည်။
"ကျွန်တော်တို့တတွေ လိုအပ်တာ ပြင်ပက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြင်ပက နည်းပညာတွေပါ။ အလုပ်အကိုင်တွေကို ပိုမိုထိထိရောက်ရောက် လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အများကြီး ရောက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"ဟု Shar Phaungက ပြောကြားသည်။ ၎င်းအနေဖြင့် ခနောက်စိမ်း သတ္တုတူးဖော်ရန် အစိုးရနှင့် ကန်ထရိုက်ချုပ်ဆိုမှု မပြုလုပ်ရသေးပေ။
"ယခုလောလောဆယ်တော့ လက်နဲ့ပဲ သတ္တုတူးဖော်ရေး လုပ်ကိုင်လို့ ရပါမယ်။ ခနောက်စိမ်း တူးဖော်မယ့် အလုပ်ကို အပြည့်အဝ လုပ်ကိုင်နိုင်ဖို့ စက်ပစ္စည်းနဲ့ ယန္တရားတွေ ကျွန်တော်တို့ လိုအပ်တယ်"
မြန်မာနိုင်ငံ လွှတ်တော်က မကြာသေးသော ရက်ပိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် တစ်ရပ်ကို အတည်ပြုလိုက်သည်။ အဆိုပါ ဥပဒေသစ်အတွက် လပေါင်းများစွာ အချိန်ပေးကာ လွှတ်တော်တွင်း ငြင်းခုန်ခဲ့ကြရသည်။ ယခင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အဆမတန် ဝင်ရောက်လာမှုကို ဟန့်တားထားသည့် အပိုဒ်များ ပါဝင်သော်လည်း ယခုဥပဒေသစ်တွင် အဆိုပါ ကန့်သတ်ချက်များကို ဖယ်ရှားထားသည်။ သို့အတွက်ကြောင့် Shar Phaung၏ သတ္တုလုပ်ငန်း စီမံကိန်းသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် နိုင်ငံခြား ကုမ္ပဏီများ ဝင်ရောက် လာနိုင်တော့မည် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ အချိန်အားဖြင့်တော့ အတော်အတန် စောင့်ရပေဦးမည်။ "နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက မြန်မာပြည်ထဲမှာရှိတဲ့ စစ်မက် ပဋိပက္ခ ဒေသတွေမှာ ငြိမ်းချမ်းရေး အစစ်အမှန် ပေါ်ထွန်းလာမယ့် အခြေအနေရောက်အောင် စောင့်ကြည့်နေကြတယ်"ဟု P&A Asiaမှ Managing Partnerဖြစ်သူ Alessio Polastriကပြောသည်။ ၎င်း၏ ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မည့် နိုင်ငံခြား ကုမ္ပဏီများအား ဥပဒေဆိုင် ရာ အကြံဉာဏ်ပေးခြင်း၊ အတိုင်ပင်ခံလုပ်ခြင်း အစရှိသည့် ဝန်ဆောင်မှုများ လုပ်ကိုင်ပေးသည်။
နောက်ထပ်အရေးတကြီး ဖြစ်နေသော ကိစ္စရပ်တစ်ခုမှာ မြန်မာနိုင်ငံ၏ လက်ရှိသတ္တုတူးဖော်ရေးဆိုင်ရာ ဥပဒေဖြစ်သည်။ ယင်းဥပဒေအရ မြန်မာ အစိုးရနှင့် ရင်းနှီးမြှုပ်နှံသူအကြား အမြတ်ဝေစုခွဲ ၃၀ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းထိ ခွဲဝေရန် လိုအပ်သည်။ အခွန်လည်း ပေးဆောင်ရန် လိုအပ်သည်။ Shar Phaung မျှော်လင့်နေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရေးတွင် အဆိုပါ ဥပဒေက အဟန့်အတားသဖွယ် ဖြစ်ကောင်းဖြစ်နေ ပေလိမ့်မည် ဖြစ်ကြောင်း မစ္စတာ Alessio Polastriက ပြောကြားသည်။
ဆင်းရဲတွင်းက နက်ဆဲ
မည်သို့ပင် ဖြစ်စေကာမူ ဖာအံမြို့မှ အခြားသောပြည်သူများသည် ပြည်တွင်းစစ်မီးများ၏ အကျိုးဆက်ဂယက်များကို ဆက်လက်ခံစား နေရဆဲ ဖြစ်သည်။ စားဝတ်နေရေး အတွက်လည်း ခဲရာခက်ဆစ် ရုန်းကန်လှုပ်ရှား နေကြရဆဲဖြစ်သည်။ ဖားအံမြို့ပြင်ဒေသ ရပ်ကွက်တစ်ခုတွင် နေထိုင်သော Jerome Naဆိုသူ ကရင်အမျိုးသမီး တစ်ဦးသည် သူမ၏ နေအိမ်ဧည့်ခန်း ကျဉ်းလေးထဲတွင် ရှပ်အကျီင်္နှင့် လုံချည်များ ချုပ်လုပ်ကာ မိသားစုဝင်ငွေ ရရှိ အောင် ကြိုးပမ်းလျက် ရှိသည်။ သူမသည် လွန်ခဲ့သော ၈ရှစ်ခန့်က မိသားစုနှင့်အတူ ဖားအံမှ မိုင်၄၀ခန့် ဝေးကွာသော ကျေးရွာမှ ထွက်ပြေးရောက်ရှိ လာခြင်း ဖြစ်သည်။ ထိုစဉ်က စစ်တပ်နှင့် ကေအန်ယူတို့အကြား တိုက်ပွဲများကြောင့် ထွက်ပေးလာရခြင်းဖြစ်သည်။ "မြေမြှုပ်မိုင်းတွေ အများကြီးပဲ။ ရွာကို ပြန်ဖို့ မဖြစ်နိုင်ဘူး။ အင်မတန် အန္တရာယ် များပါတယ်။ ရွာမှာသွားနေရင် တစ်နေ့စာ စားသောက်ဖို့အတွက် ငွေရှာလို့ မရနိုင်ဘူး"ဟု Jerome Na ကပြောပြ သည်။ သူမနေထိုင်ခဲ့သေ ကျေးရွာတွင် သောက်သုံးရေ မရရှိနိုင်သလို လျှပ်စစ်မီးလည်းမရှိပေ။
"ကျွန်မအတွက် စီးပွားရေး ဆိုတာက အရင်နှစ်တွေက လိုပါပဲ။ ကျွန်မထင်ပါတယ် . . တခြားသူတွေလည်း အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့တ တွေဟာ ယခုအချိန်ထိ ဆင်းရဲနေတုန်းပါပဲ"
--------------------------------------------------------------------------------------------------------------------
မြန်မာနိုင်ငံတွင် စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးလိုအပ်
(12 September 2012 ရက်စွဲပါ The Nation မှ Supalak Ganjanakhundee ရေးသားသော Myanmar Needs Peace for true Development ကိုဘာသာပြန်ပါသည်။)
မြန်မာနိုင်ငံသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က ထူထောင်ခဲ့သော မဟာမဲခေါင် ဒေသခွဲ(GMS) စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင်အမှန်တစ်ကယ် ဦးတည်ခဲ့ခြင်း မရှိပေ။
၁၉၉၂တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စပွန်ဆာဖြင့် စတင်တည်ထောင်ခဲ့သော GMSသည် ဒေသတွင်း အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မစီမံကိန်းကြီး ဖြစ်ခဲ့ပါသည်။ မြန်မာကိုယ်စားလှယ် အဖွဲ့သည် GMSအစည်းအဝေးတိုင်းသို့ တက်ရောက်ခဲ့သော်လည်း ပြည်တွင်းအခက်အခဲများနှင့် နိုင်ငံတကာအရေးယူမှုများကြောင့် ၎င်း၏စီမံကိန်းများကို အကောင်အထည်ဖော် ခဲလှပါသည်။
မြန်မာနိုင်ငံသည် GMS ပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍအားလုံးတွင် ပါဝင်ခဲ့သော်လည်း စီမံကိန်းများအတွက် မည်သည့် ငွေကြေားအကူအညီမျှရခဲ့မရှိကြောင်း၊ အရေးယူပိတ်ဆို့မှုများကြောင့် ဖြစ်ကြောင်း ADB မှတ်တမ်းတစ်ခုက ဆိုပါသည်။
GMS ၏ အစီအစဉ်အရ မြန်မာနိုင်ငံသည် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း တို့နှင့် တရုတ်၊ အိန္ဒယ နှင့် တောင်အာရှတစ်ခုလုံးကို ချိတ်ဆက်ရာတွင် အဓိကကျသော တည်နေရာတွင် ရှိနေပါသည်။
ပထ၀ီအနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒယ နှင့် တရုတ် ကဲ့သို့သော အာရှ၏ အဓိကစီးပွားရေးတိုးတက်ကြီးထွားနေသော နိုင်ငံနှစ်ခုကိုချိတ်ဆက်ရာတွင် ပြည့်စုံသောအနေအထားတွင် တည်ရှိနေသော်လည်း ချိတ်ဆက်ရာတွင် အသုံးပြုနိုင်မည့် တိုင်းပြည်တစ်ဝှမ်းရှိ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးများမှာ သုံးမရသည့်အနေအထားတွင် ရှိပါသည်။
တရုတ်နှင့်ထိုင်းနိုင်ငံ ဆက်သွယ်မည့်လမ်းဖြစ်သည့် ယူနန်မှ ဘန်ကောက်သို့သွားသည့် လာအိုလမ်းကြောင်းအမှတ် ၃ လမ်းမကြီးမှာ နှစ်ပေါင်းအတော်ကြာကပင်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ တိုင်းနိုင်ငံမှ ဗီယက်နမ် သို့ လာအိုလမ်းကြောင်း အမှတ် ၉ လမ်းမကြီးမှာလည်း မကြာမှီနှစ်များက အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။ မဲခေါင်မြစ်ကိုဖြတ်၍ အရှေ့တောင်အာရှ အရှေ့ခြမ်းသို့သွားသော တံတားများမှာ မကြာမီလေးကမှ ပြိးစီးခဲ့ပြီးဖြစ်ပါသည်။
သို့သော် ထိုင်းနိုင်ငံ အနောက်ပိုင်းနှင့် မြန်မာနိုင်ငံ ဆက်သွယ်မှုမှာ စစ်မက်ဖြစ်ပွားသော ဇုန်များရှိနေ၍ အခက်အခဲဖြစ်လျှက် ရှိနေပါသည်။ နယ်စပ် စစ်ဆေးရေး စခန်းများမှာ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေရခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးမှာလည်း မှောင်ခိုများ လက်ဝယ်ရောက်နေသည်မှာ နှစ်အတန် ကြာနေပြီ ဖြစ်ပါသည်။
မဲဆောက်-မြ၀တီ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် အသင့်ဖြစ်နေသည်မှာ ဆယ်စုနှစ်တစ်ခု ရှိပြီဖြစ်ပါသည်။ သို့သော်အဆိုပါ ကိစ္စကို အကြိမ်ကြိမ် ပြန်လည်သုံးသပ်ခဲ့ကြပြီး အတိတ်မှ အစိုးရများသည် သတင်းစာ ဆရာများအား အချိန်ကောင်း စောင့်နေသည်ဟု ပြောကြားခဲ့ပါသည်။ ယနေ့အထိ ဘာမှထူးမလာပေ။
မဲဆောက်-မြ၀တီ နယ်စပ်မှာလည်း ကာလအတန်ကြာ ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့် ဒီဇင်ဘာလကမှ ပြန်လည်ဖွင့်လှစ် ခဲ့သည်။ ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံကို မြန်မာနိုင်ငံ မှတဆင့် ချိတ်ဆက်ဆက်သွယ်ရေး အိုင်ဒီယာကို မဟာဗျူဟာကျသော ပတ်တနာများသည် မှန်မှန်ဆွေးနွေး ခဲ့ကြသည်။ သို့သော် မည်သို့စတင်လုပ်ဆောင် ရမည်ဆိုသည်ကို မည်သူမျှမသိရှိခဲ့ကြပေ။
GMSဖွံ့ဖြိုးရေး စီမံကိန်း၏ မဲခေါင်ဒေသတွင် အခြေခံ အဆောက်အဦး စီမံကိန်း အတော်များများသည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုခန့်ကပင် ပြီးစီး၍ နှစ်နှစ်ဆယ်ပြည့် အောင်ပွဲခံ ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ယခုအခါ GMSသည် မြန်မာနိုင်ငံကိစ္စကိုသာ ၎င်း၏အစီအစဉ်တွင် ထိပ်ဆုံးဦးစားပေး လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။
မြန်မာနိုင်ငံသည် စီးပွားရေး အရရော၊ နိုင်ငံရေးအရပါ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လျှက် ရှိသည်။ ADBက ၎င်း၏မကြာသေးမီက အစီရင် ခံစာတွင် ခန့်မှန်းထားရာ၌ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးကို မှန်ကန်သော လမ်းကြောင်းပေါ်တွင် အရှိန်အဟုန်မပျက် ရှိနေပါက နောက်ထပ် ထွက် ပေါ်လာမည့် ကြယ်တစ်ပွင့် ဖြစ်သည်ဟု ဖော်ပြထားသည်။
အနောက်နိုင်ငံများက ချမှတ်ထားသော စီးပွားရေးအရ အရေးယူမှုများနှင့် ADBအပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ အရေးယူထား မှုများမှာ လုံးဝမရုတ်သိမ်း သေးသော်လည်း ယာယီရုတ်သိမ်းခြင်း သို့မဟုတ် ဖြေလျှော့မှုများ ရှိခဲ့ပြီဖြစ်၍ အရင်းအနှီးများ စီးဝင်နိုင်ရန် လွယ်ကူနေသည်။
နိုင်ငံအတော်များများသည် မြန်မာနိုင်ငံ၏ ကဏ္ဍအားလုံးနီးပါးတွင် အရင်းအနှီး ပြုလုပ်ရန် အသင့်ရှိကြောင်း ပြသလျက် ရှိနေသည်။ တရုတ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများစွာ လက်ဦးမှု ရယူထားပြီး ထိုင်းနိုင်ငံကလည်း ထားဝယ်စီမံကိန်းကို ရယူထားသည်။
GMSနီုင်ငံ များကလည်း ADBအား အန်ဒမန်ပင်လယ်တွင် ဆိပ်ကမ်းဆောက်၍ အိန္ဒိယနှင့် ဆက်သွယ်ခြင်း အပါအ၀င် စီးပွားရေ စင်္ကြံချဲံ့ထွင် နိုင်ရေး အလားအလာများအတွက် သတင်းအချက်အလက်များနှင့် သုံးသပ်မှုများ ပြုလုပ်ရန် တောင်းဆိုလျက်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံကြုံတွေ့ရမည့် စိန်ခေါ်မှုမှာ ပါဝင်ပတ်သက်သူအားလုံး အကျိုးအမြတ် ရစေမည့် နယ်စပ်ဖြတ်ကျော် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆက်အသွယ်ကို လုပ်ဆောင်နိုင်မည့် ငြိမ်းချမ်းရေးကို ရေရှည်ထိန်းသိမ်း ထားနိုင်ရေး ဖြစ်သည်။
******************************************************************************************
Google Drive: create, share, and keep all your stuff in one place.