Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

အောက်တိုဘာ ၆

နေပြည်တော်က အမေရိကန်စွမ်းအင်ထုတ်လုပ်မှု ကုမ္ပဏီ Conoco Phillips ကို ဘင်္ဂလားပင်လယ်အော်တွင် ကမ်းလွန်ရေနံထုတ်လုပ်ရန် လေ့လာမှုပြုလုပ်ခြင်းအတွက် သတိပေးခဲ့သောကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့(ရှ်)နိုင်ငံအကြား ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပေါ်လာရသည်။

မြန်မာသည် သတိပေးချက် ထုတ်ပြန်ပြီး အဆိုပါ မကျေမလည်ဖြစ်နေသည့် နယ်စပ်ဒေသ တလျှောက်တွင် စစ်တပ်အင်အားကို တိုးချဲ့ချထားလိုက်ကြောင်း ဘင်္ဂလားဒေ့(ရှ်) ကပြောပါသည်။

အမေရိကန် ရေနံကုမ္ပဏီသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြလာကြောင်း၊ အရာရှိတစ်ဦးမှ ပြောကြားသွားသည်။ ကုမ္ပဏီက ပြောကြားရာတွင် ဘင်္ဂလားဒေ့(ရှ်) က ၎င်းတို့ကို ခွင့်ပြုခဲ့သော ကမ်းလွန်ရေနံထုတ်လုပ်ရေးအကွက် (၁၁) သည် မြန်မာ့ပင်လယ်ရေပိုင်နက် အတွင်းတွင် ရှိသည်ဟူသော ဖော်ပြချက်ဖြင့် မြန်မာတို့ထံမှ သတိပေးစာ ရရှိခဲ့ကြောင်း ပြောကြားပါသည်။

Conoco Phillips ကုမ္ပဏီမှ တာဝန်ရှိသူများက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွေးနွေးလိုကြောင်း ၊ယခုအပတ်အတွင်း အစည်းအဝေးပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ New Age သတင်းမှ သက်ဆိုင်ရာ အရာရှိတစ်ဦး၏ ပြောကြားချက်အရ ယခုတောင်းဆိုသော နေရာသည် သိသိသာသာ ကျယ်ဝန်းသည့် နယ်မြေမဟုတ်ကြောင်း သိရပါသည်။

အမေရိကန်ကုမ္ပဏီသည် နိုင်ငံပိုင် Petrobangla သို့ ယင်းလုပ်ကွက်(၁၁) ကိုဆက်လက်လုပ်ကိုင်ခြင်းမပြုရန် အတွက် ရန်ကုန်မှသတိပေးချက်ကို အကြောင်း ကြားပြီး ဖြစ်ကြောင်းသိရသည်။

စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံနယ်စပ်ရှိ အရှေ့တောင်အာရှဒေသအတွင်း ထူးခြားမှုများ ဖြစ်နေကြောင်း၊ မြန်မာအစိုးရက အခင်းဖြစ်ပွားရာ ဒေသအတွင်း နယ်ခြားစောင့်တပ် ပိုမိုချထားကြောင်း သိရှိရပါသည်။

www.thehindubusinessline.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

အောက်တိုဘာ ၇၊

အမျိုးသားလုံခြုံရေးကောင်စီ၏ ထိုင်းနယ်ခြားရေးရာနှင့် ကာကွယ်ရေးဗျူရို ဒါရိုက်တာ ဖြစ်သူက ထိုင်းနိုင်ငံသည် ၎င်းတို့၏ နယ်စပ်တွင် ရောက်ရှိနေသော မြန်မာဒုက္ခသည်များကို အတင်းအကြပ် ပြန်လည်မောင်းထုတ်မည် မဟုတ်ကြောင်း ပြောကြားပါသည်။ လာမည့် အထွေထွေ ရွေးကောက်ပွဲ ပြီးဆုံးသည့်အချိန်ထိ ဆက်လက်နေခွင့်ပြုထားမည် ဖြစ်ကြောင်း သိရသည်။

Chulalongkorn University ၏ ထိုင်း-မြန်မာ ဆက်ဆံရေး အစည်းအဝေး တက်ရောက်စဉ် Bhonchart Bunnag က ထိုင်းအစိုးရသည် မြန်မာဒုက္ခသည်များကို လုံခြုံမှုမရှိသော ဒေသအတွင်းသို့ အတင်းအကြပ် ပြန်လည်၍ မောင်းထုတ်ခြင်း ပြုမည်မဟုတ်ကြောင်း သတ်မှတ်ထားသည့် ပေါ်လစီအတိုင်း ဆက်လက်ကျင့်သုံးမည် ဖြစ်ကြောင်း ပြောကြားသွားသည်။ ပြန်လည်ပို့ဆောင်မှု ရှိလျှင်လည်း ပို့ဆောင်ခြင်းခံရသူများ၏ သဘောတူညီချက်အရသာ ဖြစ်သည်ဟုဆိုသည်။

မြန်မာစစ်တပ်သည် ငြိမ်းချမ်းရေးယူထားသော ရှမ်းနှင့် ဝ သူပုန်များအား ဆက်လက်တိုက်ခိုက်ပါက ဒုက္ခသည်ကိစ္စသည် ပိုမိုဆိုးလာမည် ဖြစ်ကြောင်းလည်း ပြောကြားသွားပါသည်။

ဩဂုတ်လအတွင်းက ကိုးကန့်လူမျိုးများကို တရုတ်-မြန်မာနယ်စပ်တွင် တိုက်ခိုက်မှုများကြောင့် ထောင်ပေါင်းများစွာသော တရုတ်လူမျိုးစုများနှင့် တောင်ပေါ်လူမျိုးစုများ တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့ပါသည်။

ထိုင်းနှင့် တရုတ်နယ်စပ်တွင် ခိုင်မာစွာ တပ်စွဲထားသော အင်အား ၂၀,၀၀၀ ရှိသည့် ဝ ပြည်နယ် တပ်မတော် (United Wa State Army) ကို တိုက်ခိုက်ခြင်းအားဖြင့် ချင်းမိုင်နှင့် ချင်းရိုင်ဒေသအတွင်းသို့ ဒုက္ခသည် ၂၀၀,၀၀၀ ခန့်ကို ရောက်ရှိစေခဲ့ကြောင်း လုံခြုံရေးအရာရှိက ပြောပါသည်။

အဆိုပါနေ့က ပြုလုပ်ခဲ့သော အခြေအတင် ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မဟာဗျူဟာနှင့် ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြသည်။ မြန်မာစစ်အစိုးရအား ထောက်ပံ့ စေ့စပ်ဆွေးနွေးခြင်းကို ထောက်ခံပြောဆိုခဲ့သော်လည်း ဒီမိုကရက်တစ်ပါတီ၊ ပါလီမန်အဖွဲ့ဝင် Kraisak Choonhavan က မြန်မာနိုင်ငံအတွင်းနှင့် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသော ကရင်နှင့် ရှမ်း ဒုက္ခသည်များ၏ အရေးကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့် လစ်လျူရှုရန် မသင့်ကြောင်း ပြောကြားခဲ့သည်။

Chulalongkorn University မှ နိုင်ငံရေးသိပ္ပံပညာရှင် လက်ထောက်ပါမောက္ခ Puangthong Pawakapan က လူ့အခွင့်အရေးဖောက်ဖျက်မှုသည် တိုင်းပြည်၏ အတွင်းရေးကိစ္စသာ ဖြစ်သည်ဟူသော ယူဆချက်ကို ရှုံ့ချသွားသည်။ ၎င်းကပင် ဆက်လက်၍ ပြည်သူများကို ဖိနှိပ်ခြင်း၊ သူပုန်အဖွဲ့များနှင့် တိုက်ခိုက်ခြင်း၊ အုပ်ချုပ်မှုလျော့ရဲခြင်းနှင့် တရားမဝင် အလုပ်သမားများနှင့် ဒုက္ခသည်များ အလုံးအရင်းနှင့် ဝင်ရောက်လာမှုများ မည်သို့ပင် ရှိစေကာမူ ထိုင်းနိုင်ငံသည် မြန်မာပြည်တွင်းရေး ပြဿနာ အသီးသီးကို လက်ခံနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်နေသည်ဟု ပြောကြားသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒ တရားသေ သတ်မှတ်ထားခြင်း မရှိပါ။ တစ်ဖက်တွင် မိမိတို့သည် မြန်မာနိုင်ငံမှ ဈေးပေါသည့်လုပ်သား၊ သဘာဝသယံဇာတနှင့် နယ်စပ်တွင် သစ်ထုတ်လုပ်မှုကို လိုချင်သည်။ သို့သော် တစ်ဖက်တွင်လည်း မြန်မာစစ်အစိုးရက သူ၏ ပြည်သူများကို ဒုက္ခသည်ဖြစ်စေပြီး ထွက်ပြေးအောင် လုပ်နေကြောင်း၊ ဤအချက်ကို သိထားရန်လိုကြောင်း ပြောပါသည်။

Kraisak က မြန်မာစစ်အစိုးရတပ်သားများ၏ လူမျိုးစု အမျိုးသမီးများအား အဓမ္မပြုကျင့်နေသည့် ရက်စက်သော အပြုအမူများသည် ပြုလုပ်ပိုင်ခွင့် လိုင်စင်ထုတ်ထားပေးသကဲ့သို့ ဖြစ်နေကြောင်း ထောက်ပြသွားသည်။ ဤကိစ္စများသည် ထိုင်းနှင့် နိုင်ငံခြားစီးပွားရေးသမားများ မျက်စိကျနေသော သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံအတွင်းတွင် ဖြစ်ပေါ်နေပါသည်။

(The Nation သတင်းစာတွင် Oct 7th,2009 ဖော်ပြချက်၊ Kornchanok Raksaseri ရေးသည်)

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။
Burma: Political Prisoners and Labour Camps
အောက်တိုဘာ ၇

ဟယ်ဆင်ကီ လူ့အခွင့်အရေးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများနှင့် အလုပ်ကြမ်းစခန်းများဟု ခေါင်းစဉ်တပ်ထားသည့် Antoni Stodkowski ၏ ဝေဖန်သုံးသပ်ချက်အား ဆွေးနွေးပွဲကို စက်တင်ဘာ (၂၄) ရက်နေ့က ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးကို Viridarium မှ စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရှေးဦးစွာ ၂၀၀၇ ခုနှစ်က ရက်စက်စွာ နှိမ်နင်းခံရသော သံဃာလှုပ်ရှားမှုကို ၂ နှစ်မြောက် နှစ်ပတ်လည်အဖြစ် ဂုဏ်ပြုခဲ့ပြီး ဗြိတိသျှအုပ်စိုးမှု နောက်ပိုင်း ပြန်လည်ပြင်ဆင်ခြင်း မလုပ်ခဲ့သော လစ်လျူရှုခံ ကိုလိုနီခေတ် အဆောက်အဦးများ၊ နေရာတကာတွင် မြင်တွေ့ရသော ရွံ့၊ ဖုံများနှင့် ဆင်းရဲမွဲတေမှုများ အကြောင်းကို စတင်ဆွေးနွေးခဲ့ပါသည်။

နိုင်ငံတွင်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာများဖြစ်သော်လည်း အခြားဘာသာကွဲ လူနည်းစုများမှာလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိပါသည်။ နိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်သော ရန်ကုန်မြို့လယ်တွင် တွေ့ရှိရသည့် ဗလီများက အကောင်းဆုံးသက်သေပင် ဖြစ်ပါသည်။ ခရစ်ယာန်ဘာသာကိုးကွယ်သူ အသိုင်းအဝိုင်းသည်လည်း ၎င်းတို့၏ ရန်ပုံငွေ အသင်းအဖွဲ့များပေါ်တွင် အခြေပြု၍ တက်ကြွစွာ လှုပ်ရှားလျက်ရှိပါသည်။ ဘုန်းတော်ကြီးသင် ပညာရေးစနစ် ကျယ်ပြန့်စွာ တည်ရှိမှုကြောင့် စာမတတ်သူဦးရေ နည်းပါးပြီး ONZ ၏တရားဝင် စာရင်းဇယားများတွင် အမှတ်ကောင်းကောင်း ရနေပါသည်။

မြန်မာနိုင်ငံတွင် တပ်မတော် ခေါင်းဆောင်များက နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပြီး အလွန်အခြေခံကျ၍ အရေးပါသော လူ့အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ (ဥပမာ- လွတ်လပ်စွာ ပြောဆိုခွင့်) ကို ပိတ်ပင်တားဆီးထားခဲ့သည်။ “ပြည်သူလူထုသည် ပြည်တွင်းတွင် ၎င်းတို့၏ ပါးစပ်ကို ကျယ်ကျယ်ဟခွင့် မပေးသဖြင့် ပြည်ပသို့ ထွက်၍ သွားစိုက်ကုသမှု ခံယူကြရသည်” ဟူသော အလွန်စိတ်ပျက်ဖွယ် ဟာသများသည် နိုင်ငံတဝှမ်း ရေပန်းစားလေ့ ရှိပါသည်။ လွန်စွာ ထင်ရှားသော မြန်မာ့အတိုက်အခံ ခေါင်းဆောင်၊ နိုဘယ်ဆုရှင်၊ မြန်မာနိုင်ငံ၏ ဂန္ဓီဟု တင်စားခံရသူ အောင်ဆန်းစုကြည်ကို နေအိမ်တွင် အကျယ်ချုပ်ချထားခဲ့သည်မှာ နှစ်ပေါင်း အတန်ကြာခဲ့ပြီဖြစ်သည်။

Antoni Stodkowski က ဆက်လက်၍ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ အခြေစိုက် လူငယ်ပိုင်း အတိုက်အခံများဖြစ်သည့် မုတ်ဆိတ်ညီအစ်ကိုများ (Moustache Brother) အကြောင်းကို တင်ပြခဲ့သည်။ ၎င်းတို့မှာ တပ်မတော်အစိုးရ၏ နာမည်ပျက်စာရင်းဝင်များဖြစ်ပြီး နိုင်ငံရေးဝေဖန် ဟောပြောစည်းရုံးမှုများကြောင့် အကြိမ်များစွာ ထောင်ကျခံရသူများ ဖြစ်သည်။ ၎င်းတို့အား လွှတ်ပေးရန် Amnesty International က ၂၀၀၇ ခုနှစ်တွင် စေ့စပ်ဆွေးနွေးခဲ့ဖူးသည်။

အစည်းအဝေးတက်ရောက်သူများသည် မြန်မာအကျဉ်းထောင်များနှင့် အကျဉ်းစခန်းများ၏ လက်ရှိအမှန်တကယ် အခြေအနေများ ထင်ဟပ်နေသော သက်သေ အထောက်အထားများကို လေ့လာကြည့်ရှုခဲ့ကြပြီး အချို့သော အကျဉ်းထောင်များကို မှတ်တမ်းတင်ထားသော ရုပ်ရှင်လည်း ပါဝင်ပါသည်။ Antoni Stodkowski က မြန်မာနိုင်ငံတွင် ပြည်သူများကို အာဏာဖြင့် ကန့်သတ်ထိန်းချုပ်မှုများအား “Burmese Gulag” ဟု ကင်ပွန်းတပ်လိုက်ပါသည်။ မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း ၄၃ ခုနှင့် အလုပ်ကြမ်း အကျဉ်းစခန်း ၉၂ ခု ရှိနေပါသည်။

၎င်းထောင်များတွင် ထိန်းသိမ်းခံရသူများကို ညှင်းပန်း နှိပ်စက်မှုများ ရှိနေကြောင်း သိရှိရပါသည်။ ဥပမာအားဖြင့် သက်တောင့်သက်သာ မရှိသော ပုံစံတစ်ခုဖြင့် အချိန်ကြာမြင့်စွာ ထားခြင်း၊ လျှပ်စစ်ဖြင့် တို့၍ ရှော့ခ်တိုက်ခြင်း၊ ရိုက်နှက် နှိပ်စက်ညှင်းပန်းခြင်း၊ ရေထဲနှစ်၍ ညှင်းပန်းခြင်း စသည်တို့ ဖြစ်ပါသည်။ ငှက်ဖျား၊ တီဘီ၊ အေအိုင်ဒီအက်စ် အစရှိသော ကူးစက်ရောဂါများလည်း လျှင်မြန်စွာ ပြန့်ပွားလျက်ရှိပါသည်။ ဆေးထိုးအပ်များကို အဖန်တလဲလဲ အသုံးပြု၍ ကာကွယ်ဆေးထိုးမှုများကြောင့် HIV ပြန့်နှံ့မှုများလည်း ဖြစ်ပွားနေပါသည်။ အကျဉ်းသားများအား သဲများ မကြာခဏရောနေသော မနူးနပ်သည့် ထမင်းဟင်းများကို ကျွေးမွေးခဲ့ပြီး ၎င်းတို့ ထွက်မပြေးစေရန် ခြေကျဉ်းသံကြိုးများ ခတ်၍ ထိန်းသိမ်းထားပါသည်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီများက ဈေးပေါသော လုပ်သားအင်အားအဖြစ် ၎င်းတို့ကို အစိုးရထံမှ ငှားရမ်းအသုံးပြုလေ့ ရှိပါသည်။

အစည်းအဝေးအပြီးတွင် မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးရေးဆိုင်ရာ အဖွဲ့အစည်း (AAPP) ၏ လှုပ်ရှားမှုများကို တင်ပြခဲ့ပြီး Antoni Stodkowski ၏ အဓိက တာဝန်မှာ အကျဉ်းထောင်များကို လေ့လာစောင့်ကြည့်ရန် ဖြစ်ပါသည်။ AAPP သည် ယခင် အကျဉ်းသားများ အပါအဝင် လက်ရှိ နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများကို ငွေကြေးထောက်ပံ့မှုပါ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအချက်သည် မြန်မာပြည်မြေအောက် နိုင်ငံရေးလှုပ်ရှားမှုများ၏ ထောက်တိုင်သဖွယ် အရေးပါ၍ စစ်ဖက်အုပ်ချုပ်ရေး၏ ရာဇဝတ်မှုမြောက်သော ကျူးလွန်မှုများနှင့် မှုခင်းစီရင်မှုများနှင့် ပတ်သက်သော အထောက်အထားများ ရှာဖွေစုဆောင်းရန် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

Antonio Stodkowski ၏ မိန့်ခွန်းအပြီးတွင် “Polish Burma Solidarity” ၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင် သန်းထိုက်က အစည်းအဝေးစင်မြင့်တွင် နေရာယူ၍ ဆက်လက်တင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းက ယခုလက်ရှိ မြန်မာအုပ်ချုပ်သူများသည် နိုင်ငံတကာ အဝန်းအဝိုင်းတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုရန် တရားမဝင်ကြောင်း သို့ဖြစ်၍ ခေါင်းဆောင်များကို ကုလသမဂ္ဂမှ ထုတ်ပယ်သင့်ကြောင်း တောင်းဆိုလိုက်သည်။ နိုင်ငံတကာ တရားရုံးတွင် အစစ်ဆေးခံရမည့်သူများလည်း ဖြစ်သည်ဟု ဆက်လက်ပြောဆိုခဲ့သည်။

ယခုအခါ နည်းပညာအသစ်များနှင့် သတင်းအချက်အလက်နယ်ပယ် ကျယ်ပြန့်လာခြင်းသည် မြန်မာနိုင်ငံတွင်းရှိ အခြေအနေများနှင့် ပတ်သက်သော သတင်းများ ကျယ်ပြန့်စွာ ဖြန့်ချိရေးနှင့် ရှုမြင်သုံးသပ်ချက်များ မျှဝေရေးအတွက် အခွင့်အလမ်းများ ပွင့်လန်းလာပြီး အထူးသဖြင့် Twitter နှင့် Facebook ကဲ့သို့သော Website များ၊ Blog များသည် လွန်စွာ အထောက်အကူပြုကြောင်း သက်သေပြနေပါသည်။

သို့ရာတွင် မြန်မာနိုင်ငံအခြေအနေများသည် ထင်သလောက် လူသိမများလှပါ။ ဘွတ် ရှ် အစိုးရ ချမှတ်ခဲ့သော ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့မှုများ အပါအဝင် မြန်မာနိုင်ငံတွင်း အခြေအနေများ ပြုပြင်ပြောင်းလဲစေရေးအတွက် အသုံးပြုသော နည်းလမ်းများကို ယခုလက်ရှိ အမေရိကန်အစိုးရက စတင်ပြောင်းလဲနေပြီ ဖြစ်ပါသည်။ ဆီနိတ်တာ Jim Web ၏ မကြာသေးခင်က မြန်မာနိုင်ငံခရီးစဉ်သည် အထက်ပါအချက်ကို သက်သေပြနေပါသည်။

လာမည့် ၂၀၁၀ တွင် ပါလီမန် ရွေးကောက်ပွဲအသစ် ကျင်းပတော့မည် ဖြစ်ပြီး ဒီမိုကရေစီနည်းလမ်း ကျစွာ ကျင်းပနိုင်ရေးအတွက်မူ အခွင့်အရေးအနည်းငယ်မျှသာ ရှိပါသည်။

ဆောင်းပါးရှင် Antonio Stodkowski သည် လန်ဒန် ယူနီဗာစီတီ အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးဆိုင်ရာ ကောလိပ်တွင် ဂျပန်နိုင်ငံအကြောင်း ဆည်းပူးနေသူ ကျောင်းသားတစ်ဦးဖြစ်ပြီး European Voluntary Service Scheme နှင့် Southwark Day Centre for Asylum Seekers and Refugees တွင် Volunteer အဖြစ် ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါသည်။ ၎င်းသည် ၂၀၀၈ ခုနှစ်က မြန်မာ၊ လာအို၊ ထိုင်း စသော အရှေ့တောင်အာရှနိုင်ငံများသို့ ခရီးလှည့်လည်ခဲ့ပြီး ယခုလက်ရှိတွင် Assistance Association for Political Prisoners (AAPP) in Burma တွင်ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၎င်းသည် Japan Times နှင့် Gazeta Wyborcza တွင် ဆောင်းပါးများ ရေးသားလျက် ရှိပါသည်။

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။
(Editorial from The Asahi Shimbun) 6th Oct, 2009

အမေရိကန်စစ်အစိုးရသည် မြန်မာနိုင်ငံစစ်အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံစကားပြောရန် ၎င်းတို့၏ မူဝါဒကို ရုတ်တရက် ပြောင်းလဲခဲ့ပါသည်။

လွန်ခဲ့သော ၂ နှစ် မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်းတွင်မှစ၍ အမေရိကန်ပြည်ထောင်စုသည် မြန်မာဗိုလ်ချုပ်များ ဒီမိုကရေစီ ဖော်ဆောင်လာစေရန် ရည်ရွယ်၍ ပြင်းထန်သော အရေးယူပိတ်ဆို့မှု (Sanctions) များကို ချမှတ်ခဲ့ပါသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ခံနေရပြီး အခြားနိုင်ငံရေး အကျဉ်းသား အများအပြားလည်း ထောင်ထဲတွင်ပင် ရှိနေဆဲ ဖြစ်ပါသည်။ စစ်အစိုးရသည် လာမည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် အစီအစဉ် ရေးဆွဲထားသော်လည်း အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို တွေ့မြင်နေရဆဲ ဖြစ်သည်။

သို့ဆိုလျှင် အဘယ်ကြောင့် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် အဆက်အဆံပြုလုပ် စကားပြောရန် ကြိုးစားခဲ့သနည်း။ အကယ်၍ မြန်မာနိုင်ငံကို ဗိုလ်ချုပ်များစိတ်ကြိုက် ကြိုက်ရာလုပ်ခွင့် ပြုထားခဲ့ပါက ကမ္ဘာ့အရေးတွင် ကြီးမားသော မတည်ငြိမ်မှု (Serious Destabilization Factor) ကို ဖန်တီးမည့် နိုင်ငံဖြစ်လာမည်ကို ဝါရှင်တန်က စိုးရိမ်မည်မှာ အသေအချာဖြစ်သောကြောင့် ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက သံသယဖြစ်ဖွယ်ရာ အချက်အသစ်တစ်ခု ထွက်ပေါ်လာရာ မြန်မာနိုင်ငံက မြောက်ကိုရီးယား၏ အကူအညီဖြင့် နျူကလီယားစွမ်းအင် ထုတ်လုပ်ရေးကို လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။ တဖန် ပြီးခဲ့သော ဇွန်လတွင် ကုလသမဂ္ဂ၏ အရေးယူမှုအရ တားမြစ်ထားသော လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား သင်္ဘောတစ်စင်းကို အမေရိကန်တပ်ဖွဲ့များက ခြေရာခံမိကြသည်။ အဆိုပါသင်္ဘော၏ ခရီးလမ်းဆုံးမှာ မြန်မာနိုင်ငံဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့ရသည်။

အကယ်၍သာ မြန်မာစစ်အစိုးရသည် နျူကလီယာလက်နက် ထုတ်လုပ်ရေးကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါက အမေရိကန်တို့ အာရှအပေါ် ထားရှိသည့် မူဝါဒကို အခြေခံမှစ၍ အမြစ်လှန်ပစ်ပြီး စဉ်းစားသုံးသပ်ရတော့မည် ဖြစ်သည်။ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု ပြန့်ပွားခြင်းကလည်း စိုးရိမ်ရမည့် အချက်တစ်ခုဖြစ်သည်။ အခြားစိုးရိမ်စရာ အချက်တစ်ခုမှာ ဒေသတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာမှု အန္တရာယ်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ဆက်လက်ထားရှိမည့် တစ်ချိန်တည်းတွင်ပင် တွေ့ဆုံစကားပြောဆွေးနွေးရန်ကိုလည်း ဆုံးဖြတ်ခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် အမေရိကန်တို့၏ ယခုလုပ်ဆောင်မှုသည် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဖြစ်စဉ် တိုးတက်လာရေးအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ သို့သော် မည်သည့်အရာမျှ ဖြစ်လာမည်ဟု သေချာပေါက် မပြောနိုင်ချေ။

ပြီးခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပိတ်ဆို့အရေးယူမှုအားလုံးကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ပါသည်။ စစ်အစိုးရ၏ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲကို လက်ရှိစစ်တပ်၏ ချုပ်ကိုင်မှုအောက်တွင် ကျင်းပပေးပြီး တရားမဝင်သော စစ်တပ် အုပ်ချုပ်ရေးကိုပင် ဆက်လက်တည်ရှိနေစေချင်ပုံရသည်။ မြန်မာအစိုးရ၏ ပြီးခဲ့သောနှစ်က အဆိုပြုခဲ့သော အခြေခံဥပဒေသစ်သည် စစ်တပ်ကို တရားမဝင်သော အရာများ ပြုလုပ်နိုင်ရန် ရေးဆွဲထားသည်။ ပါလီမန်၏ ၂၅ ရာခိုင်နှုန်းသော နေရာကို တပ်မတော်အရာရှိများအတွက် သတ်မှတ်ပေးထားပါသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို တရားမျှတ၍ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ကျင်းပပေးရမည် ဖြစ်သည်။ မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုရမည်ဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်အရ ဒီမိုကရက်တစ်အစိုးရကို အာဏာလွှဲပြောင်းပေးရာတွင် တကယ့်အာဏာကို စစ်တပ်ထံတွင် ထားရှိသော အမည်ခံ လွှဲပြောင်းခြင်းဖြစ်ပါက နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံလိမ့်မည်မဟုတ်ပေ။

အကယ်၍ စစ်အစိုးရသည် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အမှန်တကယ်ပြန်လာလိုလျှင် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးရာ၌ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို ရှင်းရှင်းလင်းလင်း ပြောပြရမည်ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော သံတမန်ရေးရာ ရပ်တည်မှုမှာ မုန့်ရော တုတ်ရောပေးဝေခြင်း အစီအစဉ်ကို အသုံးပြုရေးဖြစ်သည်။ ဂျပန်အစိုးရသည် အသစ်အသစ်သော အကူအညီပေးရေး အစီအစဉ်များကို ရပ်ထားသော်လည်း မြန်မာနိုင်ငံမှ တာဝန်ရှိဝန်ကြီးများကို တွေ့ဆုံဆွေးနွေးရေးအတွက် ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံကသာ စိတ်ဝင်စားခြင်းမဟုတ်ဘဲ အာရှတိုက်ဒေသတစ်ခုလုံးကပါ စိတ်ဝင်စားခြင်းဖြစ်ပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ တိုးတက်လာမှသာ မြောက်ကိုရီးယားနှင့်မြန်မာနိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်နေမှု အလားအလာများကို ဟန့်တားနိုင်လိမ့်မည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး Katsuya Okada သည် ပြီးခဲ့သည့် စနေနေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် လွတ်လပ်သော ရွေးကောက်ပွဲ ပြုလုပ်ပေးရေးတို့ကို လေးလေးနက်နက် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုများကို အားပေးထောက်ခံသော ဥပဒေပြုရေးအဖွဲ့ (Lawmaker’s Group) အဖွဲ့ဝင်လည်းဖြစ်သော ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းပေါ်တွင် စကားပြောခဲ့ပါသည်။ အမေရိကန်က မြန်မာနိုင်ငံပေါ် ထားရှိသော မူဝါဒ အပြောင်းအလဲမူကို အကြောင်းပြု၍ ထွက်ပေါ်လာသော အခွင့်အရေးများကို ဂျပန်နိုင်ငံက အမိအရ ဆုပ်ကိုင်သင့်ပါသည်။ မြန်မာစစ်အစိုးရကို သံတမန်နည်းလမ်း ဖိအားများပေးရာတွင် ပိုမိုအားကောင်းစေရေးအတွက် ဂျပန်နိုင်ငံသည် အမေရိကန်၊ တရုတ်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သင့်သည်။ ပြောင်းလဲမှုများ ပြုလုပ်ရန်လည်း တိုက်တွန်းရလိမ့်မည်။

(Cindy Saine, Washington) 6th Oct, 2009
eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

အမေရိကန်ဆီးနိတ် ဘဏ်၊ အိမ်ရာနှင့် ဆင်ခြေဖုံးရေးရာ ကော်မတီ (US Senate Committee on Banking, Housing and Urban Affair) အဖွဲ့ဝင်များသည် အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှု အသစ်များအတွက် ဥပဒေများ ပြုလုပ်ရန် တိုက်တွန်းသွားပါသည်။ သို့သော် အင်္ဂါနေ့က Capital Hill တွင် ပြုလုပ်သည့် ကြားနာပွဲတွင် အိုဘာမားအစိုးရ၏ ဝါရင့်တာဝန်ရှိသူများက အကယ်၍ အီရန်နှင့် ညှိနှိုင်းမှုများ မအောင်မြင်ခဲ့လျှင် မိမိတို့အား ပိတ်ဆို့အရေးယူရေးအတွက် နိုင်ငံတကာ၏ ထောက်ခံမှု ရရှိစေရန် ရက်သတ္တပတ် အနည်းငယ် ပိုမို၍ အချိန်ပေးရန် ကွန်ဂရက်သို့ တောင်းဆိုခဲ့ပါသည်။

အဆိုပါ ကော်မတီဥက္ကဋ္ဌ ဒီမိုကရက် Christopher Dodd က ပြောကြားရာတွင် အီရန်၏ ယူရေနီယံသန့်စင်မှုအပေါ် ကမ္ဘာကြီး၏ လုံခြုံရေးအတွက် ဝိုင်းဝန်းရှုတ်ချမှု၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများနှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲက မငြိမ်မသက်သည့် ဖြစ်စဉ်များသည် အီရန် ခေါင်းဆောင်များကို ဖိအားပေးရေး ခြေလှမ်းအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကို ပို၍ညီညွတ်လာစေခဲ့ကြောင်း ဖော်ပြထားပါသည်။

“ကျွန်တော်တို့ အလျှော့ပေးမှာ မဟုတ်ပါဘူး။ ကော်မတီအနေနဲ့ ထောင့်စေ့အောင် ပြင်ဆင်ထားတဲ့ ပိတ်ဆို့အရေးယူရေး ဥပဒေဖြစ်လာအောင် ရှေ့ဆက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော့်အနေဖြင့် ပြောပါမည်။ လုပ်ဖော်ကိုင်ဖက်များလည်း သဘောတူလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကွန်ဂရက်ဟာ အီရန်ရဲ့ ခြိမ်းခြောက်လာနေမှုကို ကျွန်တော်တို့ သမ္မတအနေနဲ့ ရင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ အရာအားလုံးဖြည့်ဆည်းပေးမှာ အသေအချာဖြစ်ပါတယ်” ဟု Dodd က ပြောကြားသွားပါသည်။

ဆီးနိတ်၏ အီရန်အပေါ် အရေးယူပိတ်ဆို့ရေး မူကြမ်းတွင် အီရန်သို့ သန့်စင်ပြီး ရေနံထုတ်ကုန်များ ရောင်းချသော ကုမ္ပဏီများကို အရေးယူမှုအသစ်များ ချမှတ်ရေး၊ အန္တရာယ်ရှိသော နည်းပညာ (Sensitive Technology) များ တရားမဝင်လွှဲပြောင်းနေမှုကို ရပ်ဆိုင်းသွားရေးအတွက် ပို့ကုန်ထိန်းချုပ်ရေးကို တင်းကျပ်ရေး အစီအစဉ်များ ပါဝင်ပါသည်။

အီရန်နိုင်ငံသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ကို ပိုင်ဆိုင်ပြီး ရေနံစိမ်းတင်ပို့မှုမှာလည်း ကြီးမားလှသည်ကို တွေ့ရပါသည်။ သို့သော် ပြည်တွင်းလောင်စာဆီ လိုအပ်ချက်အတွက် ရေနံစိမ်းကို သန့်စင်နိုင်စွမ်းအားမှာမူ မရှိပေ။

ဒီမိုကရက်တစ် ဆီနိတ်တာ Charles Schumer က အထက်ပါ Banking ကော်မတီသို့ ပြောကြားရာတွင် အီရန်သို့ သန့်စင်ပြီး လောင်စာဆီတင်ပို့မှုကို ကန့်သတ်ခြင်းသည် အီရန်ကို လွှမ်းမိုးနိုင်ရန် နည်းလမ်းတစ်ခု ဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။ လောင်စာဆီကိစ္စသည် မိမိတို့ဖက်မှ တစ်ဖက်သတ်လုပ်ရုံမျှဖြင့် အီရန်အပေါ် အတော်အတန် ဖိအားပေးနိုင်ပြီး အီရန်၏ စီးပွားရေးမှာ သက်ရောက်မှုတွေ ရှိနိုင်သည်ကို မိမိတို့ တွေ့မြင်နိုင်လိမ့်မည်။ အခြားကိစ္စများမှာမူ မိမိတို့ဖက်မှချည်း လုပ်ဆောင်၍ မရဘဲ အခြားတစ်ဖက်၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ကြောင်း ဖော်ပြထားပါသည်။

အီရန်အပေါ် ပိတ်ဆို့အရေးယူမှု အသစ်များ ပြုလုပ်ရန် တိုက်တွန်းအားပေးမှုများ ပြုလုပ်လာရခြင်းအကြောင်းမှာ အီရန်သည် ကမ္ဘာတွင် ဒုတိယအကြီးဆုံး နျူကလီယာဓာတ်ပေါင်းဖိုကို ဆောက်လုပ်လျက် ရှိပြီး အစီရင်ခံစာ အသစ်တစ်ခုအရ အီရန်သည် နျူကလီယာလက်နက်နှင့် ပတ်သက်၍ တိုးတက်မှုမှာ ယခင်ထင်ထားသည်ထက် ရှေ့သို့ ရောက်နေကြောင်း ဖော်ပြထား၍ ဖြစ်သည်။

ရီပတ်ဘလစ်ကင်ရော၊ ဒီမိုကရက်တစ် ဆီနိတ်တာများသည် တီဟီရန်အပေါ် စိတ်မရှည်မှုများ ပြသခဲ့ကြသည်။ သူတို့ ကြောက်ရွံ့သည့်အချက်မှာ အီရန်သည် တစ်ဖက်တွင် ယခုအတိုင်း နိုင်ငံတကာနှင့် နျူကလီယာကိစ္စ စကားပြောနေချိန်၊ အခြားတစ်ဖက်၌ နျူကလီယာလက်နက်များ လျှို့ဝှက်စွာ ထုတ်နေမည့် အချက်ဖြစ်သည်။ အီရန်ကတော့ နျူကလီယာလက်နက် အစီအစဉ်များ မရှိကြောင်း ခိုင်ခိုင်မာမာ ငြင်းဆိုလျက်ရှိသည်။

ကွန်ဂရက်၏ ရည်မှန်းချက်ဖြစ်သော အီရန်ကို နျူကလီယာလက်နက် ပိုင်ဆိုင်သောနိုင်ငံဖြစ်ရေးမှ ကာကွယ်ရန် အစီအစဉ်တွင် အိုဘာမားအစိုးရကလည်း ပါဝင်မည်ဖြစ်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး James Steinberg က ပြောကြားပါသည်။ ၎င်းက ဆက်လက်၍ အမေရိကန်အနေဖြင့် အီရန်အပေါ် လမ်းကြောင်းနှစ်သွယ် ချဉ်းကပ်နည်းဗျူဟာကို ကျင့်သုံးရန် ရည်ရွယ်ထားရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း ငါးနိုင်ငံ၊ ဂျာမနီနှင့် အီရန်တို့ အကြား ဆွေးနွေးမှုကို ပြုလုပ်နေစဉ်မှာပင် လိုအပ်လျှင် အရေးယူပိတ်ဆို့မှု (Sanction) အသစ်များ ချမှတ်ရန် ပြင်ဆင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

Steinberg က ဆက်လက်ပြောကြားရာတွင် အမေရိကန်တို့သည် တင်းကျပ်သော အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်ရန်အတွက် နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိရန် အခွင့်အလမ်းများနေသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်တို့အနေဖြင့် လေးနက်သော တွေ့ဆုံဆွေးနွေးမှုကို အရင်ပြုလုပ်ရန် ဆန္ဒရှိကြောင်း သက်သေပြခဲ့ပြီး ဖြစ်၍ဖြစ်သည်ဟု ဆိုသည်။ “မိမိတို့အနေဖြင့် နောက်ဆုံးအချိန်အထိ သံတမန်ရေးရာအရ ဆုံးဖြတ်ချက်တွေကို ရှာဖွေသွားမှာ ဖြစ်၍ အခြားနည်းလမ်းများကို အသုံးပြုနိုင်ပါက ပိုမို၍ နားလည်မှုရှိလာနိုင်မှာ ဖြစ်ပါတယ်” ဟု Steingberg က ဆက်ပြောပါသည်။

ဘဏ္ဍာရေးဆိုင်ရာ လက်ထောက်အတွင်းဝန် Stuart Levey က အထက်ပါ Banking ကော်မတီသို့ ပြောကြားရာတွင် ၎င်း၏ ဌာနအနေဖြင့် အကယ်၍ လိုအပ်ခဲ့ပါလျှင် အရေးယူပိတ်ဆို့မှုအသစ်များ ပြုလုပ်ရန်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်များ အပြည့်အစုံ ပြုလုပ်ထားပြီးကြောင်း ဆိုပါသည်။ ပိတ်ဆို့ရေးဥပဒေသစ်ချမှတ်ရေးမှာ အီရန်နိုင်ငံ၏ အပြုသဘောဆောင်သော ပြောဆိုမှုများကို အလုပ်ဖြင့်သက်သေပြမှုပေါ်တွင် မူတည်ကြောင်း ထည့်သွင်းပြောကြားထားပါသည်။

အီရန်နှင့် နိုင်ငံတကာဆွေးနွေးမှု ဒုတိယအကြိမ်အဖြစ် October 19 ကို သတ်မှတ်ထားပြီး ဖြစ်သည်။ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Steinberg က ယခုလအကုန်တွင် တစ်ကမ္ဘာလုံးက အီရန်၏ နျူကလီယာအစီအစဉ်များနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း နားလည်လိမ့်မည် ဖြစ်ကြောင်း ပြောသွားပါသည်။

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။ (By Lawi Weng, from The Irrawady) 5th Oct, 2009

အကယ်၍ မြန်မာအစိုးရသာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုသာ ဆက်လက်တောင်းဆိုနေမည်ဆိုပါက လက်နက်နှင့် ရင်ဆိုင်မှုများ ဖြစ်လာနိုင်ကြောင်း KIO အထွေထွေ အတွင်းရေးမှူးက စစ်အစိုးရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။

“ကျွန်တော်တို့ဟာ ရေရှည် ငြိမ်းချမ်းရေးကို လိုလားပါတယ်။ စစ်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ အစိုးရက ကျွန်တော်တို့တပ်တွေ အသွင်ပြောင်းဖို့ အတင်းအကျပ်လုပ်လာရင်တော့ ဒီဒေသရဲ့ ငြိမ်းချမ်းရေးကတော့ ပျက်စီးသွားမှာပဲ” ဟု KIO အထွေထွေ အတွင်းရေးမှူး လဂျာ(La Ja) က ဧရာဝတီသို့ တနင်္လာနေ့က ပြောကြားပါသည်။

လဂျာနှင့် KIO အဖွဲ့ဝင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များက မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပါသည်။

လဂျာက တိုင်းမှူးသည် KIO ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ရည်ရွယ်၍ KIO ဌာနများအကြောင်း၊ KIO တပ်၏ စီမံခန့်ခွဲမှုအကြောင်းများနှင့် ပတ်သက်၍ မေးခွန်းများစွာ မေးပါသည်ဟု ပြောပါသည်။

KIO ခေါင်းဆောင်များသည် မြန်မာစစ်ခေါင်းဆောင်များနှင့် အဆိုပါ နယ်ခြားစောင့်တပ်နှင့် ပတ်သက်၍ ရှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီး ဖြစ်ပါသည်။ KIO က ကချင်ပြည်နယ်စောင့်တပ်အဖြစ် အသွင်ပြောင်းရေးကိုသာ အဆိုပြုတင်ပြခဲ့ပါသည်။

“ကျွန်တော်တို့ဟာ တစ်ချိန်မှာ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းဖို့ လုံးဝသဘောတူပါတယ်။ ဒါပေမဲ့ အခုအချိန်ဟာ ပြောင်းဖို့အချိန်မရောက်သေးပါဘူး။ ပြောင်းလဲဖို့ဆိုရင် အချိန်ရော အခြားအချက်အလက်များရော လိုအပ်ပါတယ်” ဟု လဂျာက ပြောပါသည်။ လဂျာက ဆက်လက်ပြောကြားရာတွင် KIO တပ်သည် ဗဟိုအစိုးရ၏ နယ်ခြားစောင့်တပ် ဖြစ်လာမှာဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှာ စစ်မှန်သော ဒီမိုကရေစီ ကျင့်သုံးနိုင်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်သည့် အချိန်ကျမှသာ အသွင်ပြောင်းပေးမှာ ဖြစ်ကြောင်း၊ ထည့်သွင်းပြောကြားသွားပါသည်။

ရှမ်းပြည်နယ် အရှေ့မြောက် တရုတ်နိုင်ငံ နယ်စပ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၄ ကို ရုတ်သိမ်းရန် အစိုးရက အမိန့်ပေးသည်ဆိုသော သတင်းမှာမူ မဟုတ်ကြောင်း KIO က ပြောပါသည်။

အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူထားသော အဓိက လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲရေးအဆိုပြုချက်ကို လက်မခံကြောင်း ပြောကြားခဲ့သည်။

အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲရေးအတွက် သတ်မှတ်ထားသော နောက်ဆုံးရက်မှာ အောက်တိုဘာဖြစ်သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်များသည် အစိုးရ၏ လက်အောက်တွင်သာ ရှိရမည်ဟု ဆိုသည်။

၂၀၀၉ အောက်တိုဘာ ၈

လက်ရှိအစိုးရအတွင်း ဝင်ရောက်လုပ်ကိုင်နေသော နယက ဝန်ကြီးများ လာမည့် ဒီဇင်ဘာနောက်ဆုံးပတ်တွင် သက်တမ်းကုန်၍ အနားယူရတော့မည် ဖြစ်သည်။

အဆိုပါသက်တမ်းကုန်၍ အနားယူရတော့မည့် ဝန်ကြီးများအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီဖွဲ့၍ ပြန်လည်ဝင်ရောက်အရွေးချယ်ခံရန် ပြင်ဆင်သူများရှိသကဲ့သို့ အချို့ဝန်ကြီးများမှာ သက်တမ်းကုန်ဆုံးပါက မည်သို့ ရပ်တည်ရမည်ကို မသေချာကြသေးကြောင်း ၎င်းတို့ နှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။

လတ်တလောအနေအထားအရ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဝန်ကြီးများ အနားမယူမီ ယင်းတို့နှင့် ပတ်သက်သည့် အခွင့်အလမ်းများ ပူးပေါင်းကြံစည်လုပ်ငန်းများကို အမြန်ဆုံး အဆုံးသတ်ရန် ကြိုးပမ်းနေရကြောင်း၊ ၂၀၁၀ မတိုင်မီ ကြားကာလအတွင်း မသေချာသော အခွင့်အလမ်းရှာဖွေမှုများအတွက် အနားယူမည့် ဝန်ကြီးများကို သတိထား ဆက်ဆံနေရကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လိုင်စင်၊ ပါမစ် စသည့် အခွင့်အလမ်း အမျိုးမျိုးအတွက် ယခင်က ဝန်ကြီးများအား တံစိုးလက်ဆောင်ခြင်း ရောင်းဝယ်ရေးလုပ်ငန်းများပင် ယခုလအတွင်း ထက်ဝက်ခန့်ကျဆင်းလာကြောင်း လက်ဆောင်ခြင်းအရောင်းလုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။
“လက်ဆောင်ခြင်းကတော့ ဈေးအမျိုးမျိုးရှိတယ်။ အရင်ကတော့ လက်ဆောင်ခြင်းတွေ လာဝယ်တယ်၊ လာသွင်းတယ်ဆိုတာက ပုံမှန်ပါပဲ။ ကိုယ့်ဖောက်သည်နဲ့ ကိုယ်ပေါ့။ အခု သီတင်းကျွတ်ကာလအတွင်းမှာတော့ အရင်က နှစ်နဲ့ မတူဘူး။ ၃-၄ သိန်းတန် ရှယ်ခြင်းတွေဆို မနှစ်က အရောင်းရဲ့ ထက်ဝက်ပဲ ရှိတယ်။ သူတို့အနားယူတော့မယ့် သတင်းလည်း ကြားတယ်” ဟု လက်ဆောင်ခြင်းရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

eaglecentre.blogspot.com မှကူးယူဖော်ပြသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မြန်မာနယ်စပ်အနီးရှိ Lincang မှ ဒေသအာဏာပိုင်များက ပြီးခဲ့သော ဩဂုတ်လကုန်ပိုင်းတွင် မြန်မာ့တပ်မတော်မှ ပြုလုပ်ခဲ့သော ကိုးကန့်ဒေသ ထိုးစစ်အတွင်း နစ်နာဆုံးရှုံးပျက်စီးမှုများအတွက် လျော်ကြေး ယွမ် သန်းပေါင်း ၂၈၀ (အမေရိကန်ဒေါ်လာ ၄ သန်း) ပေးရန် မြန်မာအစိုးရထံ တောင်းဆိုလိုက်သည်။

ကိုးကန့်ဒေသ လောက်ကိုင်ရှိ တရုတ်နိုင်ငံသားများ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့ရခြင်းကြောင့် မြန်မာအစိုးရက လျော်ကြေးပေးစေလိုခြင်း ဖြစ်သည်ဟု တရုတ် မြန်မာနယ်စပ် သတင်းများအရ သိရှိရသည်။

မြန်မာအာဏာပိုင်များက တရုတ် အာဏာပိုင်များကို ပျက်စီးဆုံးရှုံးမှုစာရင်းများ အသေးစိတ် ဖော်ပြပေးပို့ရန် ပြန်လည်တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံတွင်း တရားဝင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်များအတွက်သာ လျော်ကြေးပေးနိုင်မည်ဖြစ်ကြောင်း ထပ်ဆင့် ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်သော ကြေငြာချက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အငြင်းပွားဒေသအနီးတွင် နေထိုင်သော တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံရန်နှင့် အလားတူ အငြင်းပွားမှုကို ရှောင်ကြဉ်ရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်က စက်တင်ဘာ ၂၉ ရက်တွင် China News Service သို့ ပြောကြားရာ၌ ကိုးကန့်ဒေသမှာ အပြည့်အဝ ပြန်လည်ငြိမ်းချမ်းနေပြီ ဖြစ်ပါကြောင်း၊အငြင်းပွားမှုအတွင်း ပျက်စီးခဲ့ရသော ဒေသခံများ၏ ဆုံးရှုံးနစ်နာမှုများအပေါ်တွင် နားလည်ခံစားနိုင်ပါကြောင်း အစရှိသဖြင့် ပြောကြားခဲ့ပါသည်။

ကိုးကန့်အဖွဲ့အစည်းသည် ၁၉၈၉ မတ်လက မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပထမဆုံးလက်မှတ်ရေးထိုးခဲ့သော လက်နက်ကိုင်လူမျိုးစု တပ်ဖွဲ့ဖြစ်ပါသည်။

Irrawady news magazine 1st Oct, 2009. Eaglecentre.blogspot.com မှ ရယူသည်။

အောက်တိုဘာ ၇

ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းနှင့် ရတနာပုံ အက်ဖ်စီ အသင်းတို့ ကစားသောပွဲတွင် မန္တလေးတိုင်း ဒုတိယတိုင်းမှူးမှ ထူးကုမ္ပဏီ၏ ထိပ်ပိုင်းခေါင်းဆောင်များကို ခြိမ်းခြောက်ဆက်ဆံခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့က ဗထူးအားကစားကွင်း၌ ပြုလုပ်သော ရတနာပုံ အက်ဖ်စီနှင့် ရန်ကုန်ယူနိုက်တက်တို့ ယှဉ်ပြိုင်သော ဘောလုံးပွဲတွင် အရေးကြီး ပုဂ္ဂိုလ်များထိုင်ခုံရှေ့တန်းတွင် ထိုင်နေသော ထူးကုမ္ပဏီမှ မန်နေဂျာများနှင့်အတူ ဘောလုံးပွဲကြည့်ရှုနေသူများ၏ စာရင်းနှင့် ကိုယ်ရေးရာဇဝင်ကို ၎င်းထံ စုဆောင်း အစီရင်ခံရမည်ဟု ဒုတိုင်းမှူးမှ ရုံးဖိုင်တစ်ခုကို ပစ်ပေါက်ညွှန်ကြားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

မြန်မာ့တပ်မတော်မှ တိုင်းမှူးအဆင့်၊ တပ်မမှူးအဆင့်၊ ဗျူဟာမှူးအဆင့်ရှိသူ တချို့သည် လက်ရှိတပ်မတော် ထိပ်ပိုင်းခေါင်းဆောင်ကြီးများနှင့် အလွမ်းသင့်၍ ကြွယ်ဝချမ်းသာနေသော လုပ်ငန်းရှင်များနှင့် တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေး အဖွဲ့များမှ ခေါင်းဆောင်များအား အမြင်မကြည်၊ နှစ်သက်ခြင်းမရှိ၍ အခွင့်သာလျှင် သာသလို အာဏာပြဆက်ဆံလေ့ရှိကြောင်း မြန်မာ့အရပ်ဖက်၊ စစ်ဖက် ဆက်ဆံရေးကို စောင့်ကြည့်လေ့လာနေသူတစ်ဦးက ပြောကြားသည်။

“နာဂစ်ကယ်ဆယ်ရေးတုန်းက ထိပ်တန်းကုမ္ပဏီပိုင်ရှင် သူဋ္ဌေးကြီးတချို့ သတင်းမပို့လို့ ဆိုပြီး တပ်ရင်းမှူးအဆင့်လောက်က အကျယ်ချုပ်နဲ့ ကန့်သတ်တာမျိုးတောင် ရှိတယ်” ဟု ၎င်းက ဆိုသည်။

ထူးကုမ္ပဏီအနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်း၏ ပရိသတ် ၂၅၀၀ ကျော်အား ရထား ၂ စီး၊ အဝေးပြေးခရီးသည်ယာဉ် အစီး ၃၀ နှင့် ကျပ်သိန်း ၅၀၀ ကျော်ကုန်ကျခံ၍ ရတနာပုံ အက်ဖ်စီ အသင်းနှင့် ကန်မည့်ပွဲအား ကြည့်ရှုရန် စီစဉ်ပေးခဲ့ကြောင်း အပတ်စဉ်ထုတ် အားကစားဂျာနယ်များ၌ ဖော်ပြခဲ့သည်။

ဘောလုံးပွဲ အပြီး၌ ရန်ကုန်ပရိသတ်များ လိုက်ပါလာသော ယာဉ်များအနီးသို့ မန္တလေးပရိသတ်အချို့မှ ဆိုင်ကယ်ဖြင့် ဘေးချင်းယှဉ်ကပ်၍ ခဲဖြင့် ပစ်ပေါက်သကဲ့သို့ မြို့ဟောင်းဘူတာအနီးတွင်လည်း အမြန်ရထား ၂ စီးကို ခဲဖြင့် ပစ်ပေါက်ခဲ့၍ ရန်ကုန်ပရိသတ်များ ဒဏ်ရာရရှိခဲ့ကြောင်း အပတ်စဉ်ထုတ် သတင်းစာများမှ သိရှိရသည်။

ရတနာပုံအက်ဖ်စီအသင်းက ၂ ဂိုး ၁ ဂိုး နှင့် အနိုင်ရရှိသော အဆိုပါပွဲစဉ်တွင် မန္တလေးပရိသတ်များ ဒေသစွဲနှင့် တစ်ဖက်သတ်အားပေးခြင်းသည် မဖြစ်သင့်သော်လည်း အတွေ့အကြုံနည်း၍ ရင့်ကျက်မှုမရှိသေးသော ပရိသတ်များအဖြစ် လက်ခံခွင့်လွှတ်လို့ ရကြောင်း ထူးကုမ္ပဏီမှ မန်နေဂျာအဆင့် ထိပ်ပိုင်းဝန်ထမ်းများကို မန္တလေးတိုင်းမှူးမှ ခြိမ်းခြောက်ပြဿနာရှာခြင်းကိုမူ စဉ်းစားမရကြောင်း ရန်ကုန်မှ ဘောလုံးဝါသနာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

အဆိုပါ မန္တလေး ဒုတိုင်းမှူးသည် ရခိုင်ပြည်နယ် စစ်တွေတွင် ဒကစမှူး (စစ်ဒေသ ကွပ်ကဲရေးမှူး) မှ မန္တလေးသို့ ဒုတိုင်းမှူးအဖြစ် ရွှေ့ပြောင်းလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော် ဖွဲ့စည်းပုံအရဖြစ်စေ၊ နယက စစ်ကောင်စီ ဖွဲ့စည်းပုံအရဖြစ်စေ၊ ဒုတိယတိုင်းမှူး အများစု၏ အခန်းကဏ္ဍ မှေးမှိန်နေတတ်ပြီး အကယ်၍ တိုင်းမှူးများ ရာထူးအဆင့်မြင့်သွားလျှင်လည်း တပ်မမှူးအများစုသာ တိုင်းမှူးဖြစ်လာလေ့ရှိကြောင်း စစ်ရေးအကဲခတ်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။

Eaglecentre.blogspot.com မှကူးယူဖော်ပြသည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ၏ အငြင်းပွားစရာ နယ်နိမိတ်အတွင်းသို့ ရောက်ရှိနေသောရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များနှင့်ပတ်သက်ပြီးဖြစ် ပေါ်နေသော တင်းမာမှုများကိုလျှော့ချ သည့်အနေဖြင့် တူးဖော်ရေးလုပ်ငန်းစဉ် များကို ရှောင်ရှားလုပ်ကိုင်သွားမည်ဖြစ် ကြောင်း ဒေါင်ဂျုံးသတင်းဋ္ဌာန ရေးသား ဖော်ပြသည်။ဘင်္ဂလားဒေ့ရှ်သတင်းစာ ဖြစ်သောNew Age ၏ရေးသားဖော် ပြချက်အရ မြန်မာစစ်အစိုးရက ဘင်္ဂလားဒေ့ရှ်ကမ်းလွန်ဒေသ လုပ်ကွက် တွင် တူးဖော်ရေးလုပ်ငန်းများလုပ်ကိုင် နေသော Conoco Philips ကုမ္ပဏီကို သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင် များက မြန်မာစစ်အစိုးရသည် အဆိုပါ သတိပေးချက်နှင့် စစ်သားများစည်းရုံး မှုပြုခဲ့သောကြောင့် နယ်စပ်ဒေသတင်း မာမှုများဖြစ်ပေါ်လျက်ရှိကြောင်း ပြော ကြားသည်။ “ကျွန်တော်တို့နှစ်နိုင်ငံနယ် စပ်ဒေသ နယ်မြေအငြင်းပွားမှုဟာ ရိုး အီနေတဲ့ ကိစ္စတစ်ခုပါ၊ မြန်မာစစ်အစိုး ရဘက်က တပ်တွေဒီနယ်စပ်ဒေသမှာ လှုပ်ရှားနေမှုနဲ့ ပတ်သက်ပြီးကျွန်တော် တို့ သတိမထားမိပါဘူး”ဟု ဘင်္ဂလားဒေ့ ရှ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ စီနီယာ အရာရှိကြီးတစ်ဦးက ပြောသည်။ ဘင်္ဂ လားဒေ့ရှ်နိုင်ငံအနေဖြင့် အငြင်းပွားစရာ ဖြစ်နေသည့် နယ်မြေထဲသို့ဝင်ရောက်ကာ စွမ်းအင်တူးဖော်သည့် လုပ်ငန်းများလုပ် ကိုင်မှုကို ဂရုတစိုက်ရှောင်ရှားသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုသည်။

“မြန်မာနိုင်ငံဘက်က ရေကြောင်းပိုင် နက်ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုနေတဲ့ ကိစ္စတွေအပေါ် တလေးတစားရှိတယ်ဆို တဲ့အချက်ကို ကျွန်တော်တို့ထုတ်ဖော်ပြ သနေပါတယ်။ ကျွန်တော်တို့ဘက်က ဘယ်တော့မှချိုးဖောက်မှာမဟုတ်ပါဘူး” ဟု သူကပြောပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် ပက်ထရိုဘင်္ဂလားကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ မွတ်တာဒါအလီက “အခုပြောနေ ကြတဲ့အငြင်းပွားစရာ နယ်စပ်ဒေသမှာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ကျွန်တော် တို့ အနေနဲ့တိကျတဲ့ ညှိနှိုင်းဆောင်ရွက် မှုတွေလုပ်ဖို့လိုပါတယ်။ အဲဒီဒေသမှာ စွမ်းအင်ကုမ္ပဏီတွေ မျှပြီအလုပ်လုပ်ကိုင်နိုင် ဖို့ကန်ထရိုက်စာချုပ်မချုပ်ရ သေးပါဘူး။ အဲဒီစာချုပ်မချုပ်ခင် ဒီကိစ္စ တွေကို ကျွန်တော်တို့ဖြေရှင်းသွားမှာပါ” ဟုဆိုပါသည်။ ဘင်္ဂလားဒေ့ရှ်သည် အနာဂတ်ကာလစွမ်းအင်အခန်းကဏ္ဍ လုံခြုံစိတ်ချမှုရှိထားရန် မိမိပိုင်သော ရေ အပိုင်နက်အတွင်း ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်မှုများလုပ် ကိုင်လိုသည်။ သို့သော်ပထ၀ီအနေအ ထားအရ အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ကြားတွင်ညပ်နေပေရာ အဆိုပါနှစ်နိုင် ငံမှ စွမ်းအင်အကျိုးစီးပွားနှင့်ပတ်သက် သော ယှဉ်ပြိုင်မှုများဖြင့် ရင်ဆိုင်နေရ သည်။

DowJones သတင်းဋ္ဌာန ၏ Bangladesh Go Avoid Exploration In Disputed Territory သတင်းကိုဘာသာပြန်ထားခြင်းဖြစ်သည်။ Eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။