Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့သဘာဝဓာတ်ငွေ့ ဒေ၀ူးက တရုတ်ကိုရောင်း

(From Alexander's Gas and Oil Research Store)

26 - Aug - 2009

 

          တောင်ကိုရီးယားနှင့်အိန္ဒိယတို့မှကုမ္ပဏီများ စုပေါင်းထားသော စီးပွားရေးအဖွဲ့အစည်း (Consortium) သည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် အမေရိကန် ဒေါ်လာ . ဘီလီယံ (ပေါင်စတာလင် . ဘီလီယံ) ရင်းနှီးမြှပ်နှံထားပါသည်။ အဆိုပါ ဓာတ်ငွေ့ များကို ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ပါသည်။

          တောင်ကိုရီးယားနိုင်ငံမှ Daewoo International ဦးဆောင်သော အဆိုပါစီးပွားရေးအဖွဲ့ အစည်းသည် တရုတ်နိုင်ငံမှ China National Petroleum Corporation (CNPC) သို့ မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့သိုက်ကြီးမှ ထုတ်ယူရရှိသော ဓာတ်ငွေ့များကို နှစ် ၃၀ ရောင်းချရန် သဘော တူခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်အရ မြန်မာနိုင်ငံ၏စီးပွားရေးအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုနှင့် အရေးပါမှုကို ပိုမိုတိုးတက်လာစေမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ အနောက်တောင်ဘက်၌ တည်ရှိသော အထီးကျန်ပြီး ဆင်းရဲသောနိုင်ငံတစ်ခုဖြစ်ပါသည်။

          အထက်ပါစီးပွားရေးအဖွဲ့အစည်း (Consortium) တွင် ဒေ၀ူးသည် ၅၁% ပိုင်ဆိုင်ပြီး၊ အခြားပါဝင်သောအဖွဲ့များမှ အိန္ဒိယနိုင်ငံပိုင်ရေနံကုမ္ပဏီ ONGC အိန္ဒိယနိုင်ငံပိုင် သဘာဝ ဓာတ်ငွေ့ကုမ္ပဏီ GAIL Korea Gas နှင့် မြန်မာအစိုးရပိုင် MOGE တို့ပါဝင်ကြပါသည်။

          အဆိုပါ သဘာဝဓာတ်ငွေ့မှာ မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ကမ်းလွန် ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်ရှိ အလွန်တရာကြီးမားသော ရွှေသဘာဝဓာတ်ငွေ့နယ်မြေမှ ထွက်ရှိပါ သည်။ ၂၀၀၃ ခုနှစ်တွင် တွေ့ရှိသော ရွှေသဘာဝဓာတ်ငွေ့နယ်မြေနှင့် ရွှေဖြူသဘာဝဓာတ်ငွေ့ နယ်မြေများသည် အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်မည်ဟု ခန့်မှန်းရပါသည်။ ဒေ၀ူး၏ ကိန်း ဂဏန်းများအရ သဘာဝဓာတ်ငွေ့ 3 tn မှ 6 tcf အတွင်းရှိမည်ဟု ဆိုပါသည်။

          အဆိုပါ သဘာဝအရင်းအမြစ်သည် မြန်မာစစ်အစိုးရအတွက် အလွန်တရာတန်ဖိုးကြီးမား ပြီး၊ သဘာဝဓာတ်ငွေ့ရောင်းရငွေသည် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းရ ပါသည်။

          တရုတ်နိုင်ငံအနေဖြင့်မူ စွမ်းအင်အရင်းအမြစ်များပိုင်ဆိုင်သော ၎င်း၏အိမ်နီးချင်းအပေါ် မျက်စိကျလျက် ရှိနေပေသည်။ တရုတ်နိုင်ငံ၏ ဓာတ်ငွေ့လိုအပ်ချက်ကလည်း တိုးတက်လာနေပြီး၊ ၎င်း၏မြောက်များလှစွာသော စွမ်းအင်ပြဿနာများကို ဖြေရှင်းရန် ကြိုးစားနေ သည့် အချိန်ဖြစ်သည်။ ပြည်တွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ထွက်ရှိမှုကလည်း လျော့နည်းလာနေပြီ ဖြစ်သည်။ ကျောက်မီးသွေးဖြင့်လည်ပတ်သော လျှပ်စစ်ဓာတ်အားပေးစနစ်ကြောင့် ကာဗွန်ထုတ် လွှင့်မှုနှင့် လေထုညစ်ညမ်းမှု လျော့ချရေးကလည်း လိုအပ်လျက်ရှိနေသည်။

          ဓာတ်ငွေ့ထုတ်လုပ်သည့် ပိုင်ရှင်စီးပွားရေးအဖွဲ့သည် စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းလျက် ရှိနေပါသည်။ အဆိုပါ စီးပွားရေးအဖွဲ့တွင် ပါဝင်သော MOGE သည် အစိုးရပိုင်ဖြစ်ပြီး ရှယ်ယာ 15% သာ ပိုင်ဆိုင်ပါသည်။ အဆိုပါစီမံကိန်းကို လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်လျက်ရှိသည်။ ထို့အပြင် သဘာဝဓာတ်ငွေ့စီမံကိန်းသည် စစ်အစိုးရကို အထောက်အပံ့ ဖြစ်စေရုံမျှမက၊ ရခိုင်ပြည်နယ်တွင် နေထိုင်သူ တိုင်းရင်းသားများကို လူ့အခွင့်အရေးများ ကန့်သတ်ဖိနှိပ်မှုများ ပြုလုပ်မည်ကို စိုးရိမ်သူ အခြားအဖွဲ့များကလည်း ကန့်ကွက်ဆန့်ကျင်လျက်ရှိပါသည်။

          မြန်မာ့နိုင်ငံ၏ သဘာဝဓာတ်ငွေ့ အရင်းအမြစ်အကြောင်းအရာသည် စစ်အစိုးရအား ဆန့်ကျင်သည့် အတိုက်အခံများကြားတွင် ငြင်းခုန်စရာ အကြောင်းတစ်ခုဖြစ်ခဲ့ပါသည်။ နိုင်ငံရေး လှုပ်ရှားသူများသည် ယခင်က Andaman ပင်လယ်ပြင်ရှိ ပြင်သစ် Total နှင့် ဗြိတိသျှ Premier Oil တို့တူးဖော်သော ရတနာနှင့် ရဲတံခွန်စီမံကိန်းတို့ကို ပူးပေါင်းကန့်ကွက်ခဲ့ကြပါသည်။

          ရတနာနှင့်ရဲတံခွန်တို့မှ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ရောင်းချခဲ့ပြီး ထိုင်းနိုင်ငံ သို့ ပိုက်လိုင်းသွယ်တန်းရာတွင် သဘာဝသစ်တောကြီးများနှင့် တိုင်းရင်းသားများနှင့် အငြင်းပွား နေသောနယ်မြေများကို ဖြတ်သန်းသွားရာ မကျေလည်မှုများစွာကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကန့်ကွက်သူများ၏ အသံများငြိမ်သက်သွားစေရန်အတွက် Premier Oil သည် ၎င်း၏ရှယ်ယာများကို မလေးရှား နိုင်ငံပိုင် ရေနံကုမ္ပဏီဖြစ်သော Petronas သို့ ရောင်းချခဲ့လေသည်။

          ပြီးခဲ့သော ဇူလိုင်လက CNPC က ဘင်္ဂလားပင်လယ်အော်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း မှ တရုတ်ပြည်သို့သွယ်တန်းမည့် ပိုက်လိုင်းစီမံကိန်းတွင် ရှယ်ယာ 49.9% ပါဝင်ရန် ဒေ၀ူးသို့ ကမ်းလှမ်းခဲ့ပါသည်။ အဆိုပါ ပိုက်လိုင်းသည် ယူနန်သို့ 870 ကီလိုမီတာရှည်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။

          တရုတ်နိုင်ငံသည် စွမ်းအင်ရရှိမှုအတွက် မနားတမ်း ကြိုးပမ်းလျက်ရှိရာ ၎င်း၏အိမ်နီးချင်း နိုင်ငံများနှင့် ညှိနှိုင်းရရှိရုံမက အာရှအလယ်ပိုင်းမှ စွမ်းအင်အရင်းအမြစ် ကြီးမားစွာပိုင်ဆိုင်သော တာခ့်မင်နစ္စတန်နှင့် ကာဇက်ကစ္စတန်တို့ကိုပါ စည်းရုံးညှိနှိုင်းနိုင်ခဲ့ပါသည်။ ထို့အပြင် သြစတေးလျမှ Liquefied Natural Gas (LNG) တင်ပို့မှုကိုလည်း ၀ယ်ယူရန် ညှိနှိုင်းနိုင်ခဲ့ပါသည်။ အစောပိုင်းကပင် တရုတ်နိုင်ငံ၏ Petro China သည် သြစတေးလျအနောက်မြောက်ဘက်မှ LNG တင်ပို့မှု စံချိန်တင်တန်ဖိုး အမေရိကန်ဒေါ်လာ 41 ဘီလီယံကိုဝယ်ယူရန် Exxon Mobil နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

အာဖဂန်နစ္စတန်ရလဒ်များ သေချာမှသာ အမေရိကန်ဆုံးဖြတ်မည်

BBC News

19 - Oct - 2009

          အာဖဂန်နစ္စတန်အစိုးရသစ်သည် မိမိတို့၏ မိတ်ဆွေစစ်ဖြစ်ကြောင်း မသတ်မှတ်နိုင်မီအထိ ၎င်းနိုင်ငံသို့တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်မည့်ဆုံးဖြတ်ချက်ကို ချဦးမည်မဟုတ်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

          အိမ်ဖြူတော်အရာရှိချုပ် Rahm Emanuel က CNN TV သို့ပြောကြားရာတွင် အစိုးရသစ်ကို အသေးစိတ်သုံးသပ်မှုမလုပ်ဘဲ ဆုံးဖြတ်ချက်ချခဲ့ပါက "ဗရမ်းဗတာ" ဖြစ်သွားနိုင်သည်ဟု ဆိုပါသည်။

          အာဖဂန် နစ္စတန်တွင် တပ်ဖွဲ့ဝင် ၄၀၀၀၀ ခန့် ဖြည့်တင်းရန် တောင်းဆိုထားမှုကို ၀ါရှင်တန်တွင် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

          သမ္မတရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲလိမ်မှုများကို စုံစမ်းစစ်ဆေးခဲ့ရာ လာမည့်ရက် အနည်းငယ်အတွင်း ရလဒ်များ ထွက်ပေါ်လာတော့မည် ဖြစ်သည်။

          လက်ရှိ သမ္မတ ဟာမစ်ကာဇိုင်းအနေနှင့် ဒုတိယအကြိမ်ယှဉ်ပြိုင်မှုကို ရှောင်လွှဲရန် လိုအပ် သော ဆန္ဒမဲ ၅၀% ကျော်ကို မရရှိခဲ့ကြောင်း ထုတ်ပြန်ကြေငြာမည်ဟု မျှော်လင့်ရသည်။

          Mr. Karzai က သြဂုတ်လ ၂၀ ရက် ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရရှိကြောင်း အပြင်းအထန် ခုခံပြောကြားခဲ့သော်လည်း ဥရောပစောင့်ကြည့်လေ့လာသူများက မဲစုစုပေါင်း၏ လေးပုံတစ်ပုံခန့်မှာ သံသယဖြစ်ဖွယ်ရှိသည်ဟု ပြောပါသည်။

          အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Benard Kouchner အပါအ၀င် နိုင်ငံခြားရေးဝန်ကြီများက Mr. Karzai အနေနှင့် အမှန်တကယ်ရှုံးနိမ့်မှုကို ရင်ဆိုင်ရန် တိုက်တွန်းခဲ့ကြသည်။

          နိုင်ငံကို အမှန်တကယ် အုပ်ချုပ်နိုင်ရန် မိတ်ဆွေစစ်ဖြစ်လာနိုင်သည့် အရည်အချင်းများရှိ သောအစိုးရဖြစ်ကြောင်း အမေရိကန်က ပထမဦးစွာ သိရှိလိုသည်ဟု Emanuel က CNN သို့ ပြောကြားသည်။

          အခြေအနေကို ခွဲခြမ်းစိတ်ဖြာမကြည့်ဘဲ တပ်ဖွဲ့များ ထပ်မံဖြည့်တင်းရန် ဆုံးဖြတ်ခဲ့ပါက ဗရမ်းဗတာ ဆန်လွန်းပါလိမ့်မည်။ အမေရိကန်တပ်ဖွဲ့များ စီစဉ်ဆောင်ရွက်နေသော နယ်ပယ်ကို ၀င်ရောက်ဖြည့်ဆည်းရန် အဆင်သင့်ဖြစ်နေမှသာလျှင် တိုင်းပြည်ကို အမှန်တကယ်အုပ်ချုပ်နိုင် သော မိတ်ဆွေစစ်အစိုးရ ဖြစ်လာနိုင်ပါသည်ဟု ဆိုပါသည်။

          အမေရိကန်၏ မဟာဗျူဟာပြန်လည်သုံးသပ်မှုအရ အာဖဂန်ရှိ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ၏ တပ်မှူးဗိုလ်ချုပ်ကြီး Stanley Mc Chrystal က တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ရန် တောင်းဆိုထားပါသည်။

          အာဖဂန်တွင် တပ်စွဲထားသော တပ်ဖွဲ့ဝင်အရေအတွက်မှာ အာဖဂန်အစိုးရနှင့် ထိရောက် စွာ တွဲဖက်လုပ်ကိုင်နိုင်စွမ်းရှိ မရှိ ဆိုသောအချက်၏နောက်တွင် ဒုတိယဦးစားပေးအဆင့်သာရှိ သည်ဟု Emenual က ဆက်လက်ပြောကြားပါသည်။

          တပ်ဖွဲ့ဝင်များ မည်မျှစေလွှတ်မည်နည်း ဆိုသည်က အရေးမကြီးပါ။ အာဖဂန်ပြည်သူများ လိုအပ်နေသော လုံခြုံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထောက်ပံ့ဖြည့်ဆည်းပေးမည့် လမ်းစဉ်တွင် အမှန်တကယ် အရည်အချင်းရှိသော အာဖဂန်အစိုးရဟုတ် မဟုတ်ကသာ အရေးကြီး ပါသည်ဟု ၎င်းက ဆက်လက်ပြောကြားပါသည်။

          သြဂုတ်လရွေးကောက်ပွဲ၏ အစဦးရလဒ်များအရ ဟာမစ်ကာဇိုင်းက ၅၅% နှင့် ၎င်း၏ အနီးဆုံးပြိုင်ဘက် အဗ္ဗဒူလာက ၂၈% ရရှိသည်ဟုဆိုပါသည်။

          သို့ရာတွင် မဲလိမ်မှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့ကြောင်း စွပ်စွဲချက်များပေါ်ထွက်ခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု Electoral Complaints Commission (ECC) က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။

          ၎င်းအဖွဲ့က Independent Election Commission (IEC) သို့အစီရင်ခံစာတင်ပြခဲ့ပြီး နောက်ဆုံးရလဒ်များကို ထုတ်ပြန်ခဲ့ရာ ဟာမစ်ကာဇိုင်းအနေနှင့် စုစုပေါင်း၏ ၅၀% မပြည့်သဖြင့် ပြန်လည်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

          ဟာမစ်ကာဇိုင်းသည် ဒုတိယအကြိမ်ပြန်လည်ယှဉ်ပြိုင်ရမည့် အရေးကြောင့် ဒေါသထွက် နေခဲ့ပြီး၊ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ကြန့်ကြာအောင်လုပ်မည့် ခြိမ်းခြောက်မှုများရှိနေသည် ဟု သိရပါသည်။

          ECC စုံစမ်းမှုရလဒ်များကို မထုတ်ပြန်ခင်ကပင် ၎င်းကလက်ခံရန်ငြင်းပယ်ခဲ့သည်။ ECC က စုံစမ်းမှုရလဒ်များကို စနေနေ့တွင် ကြေငြာရန် စီစဉ်ထားသော်လည်း ဟာမစ်ကာဇိုင်းနှင့် ထိပ်တိုက်တွေ့နေသောကြောင့် နှောင့်နှေးကြန့်ကြာနိုင်သည်ဟု ဆိုပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---