Transparency Myanmar

transparency.myanmar@gmail.com

15 - Nov – 2009,Channel News Asia

           ၂၀၁၅ တွင် စီးပွားရေး အသိုက်အမြုံတစ်ခု ဖြစ်လာရေး မျှော်မှန်းထားသော အာဆီယံကို အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံမှု ပြုလုပ်ခဲ့ပါသည်။

           စင်္ကာပူတွင် APEC ထိပ်သီး အစည်းအဝေးအပြီး၌ ကျင်းပသော အမေရိကန် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် အဆိုပါ အကူအညီများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

        ခေါင်းဆောင်များက ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန်အတွက် အာဆီယံ - အမေရိကန် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များအဖွဲ့ကို ထူထောင်ရန် သဘောတူခဲ့ကြကြောင်း တစ်နာရီခွဲကြာ အစည်းအဝေးအပြီး ပူးတွဲကြေညာချက်တွင် ဖေါ်ပြထားပါသည်။

          ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ရာတွင် အာဆီယံ-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးကို အားပေးကူညီသွားရန် ရည်ရွယ် လှုပ်ရှားနေကြခြင်း ဖြစ်သည်။

          အမေရိကန်၏ ပြောင်းလဲလိုက်သော မူဝါဒသစ်၏ ရလဒ်အဖြစ် ယခုအစည်းအဝေးတွင် မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

         အမေရိကန် သမ္မတနှင့် အာဆီယံ (၁၀) နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှုသည် ယခုပထမဆုံး အကြိမ်ဖြစ်သော်လည်း အမေရိကန်နှင့် အာဆီယံအဖွဲ့မှာ ပုံမှန်ဆွေးနွေးနေကျ လုပ်ဖော်ကိုင်ဘက်များ ဖြစ်သည်။ အမှန်စင်စစ် ၁၉၇၇ ကပင် ယခု အခြေအနေမျိုး ရရှိခဲ့ရမည် ဖြစ်သည်ဟု အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

          အိုဘားမားက အရှေ့တောင်အာရှဒေသနှင့် ညှိနှိုင်းဆွေးနွေးမှုကို ပိုမို ခိုင်မာအောင် ဆောင်ရွက်သွားရန် အမေရိကန်က ကတိပြုကြောင်း ပြောကြားပါသည်။

         ယခုအစည်းအဝေးတွင် အမေရိကန်နှင့် အာဆီယံမိတ်ဖက်များအဖြစ် အတူတကွ ပူးပေါင်းကာ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်း ဆောင်ရွက်သွားမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ပြီး၊ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အရေးကြီးကိစ္စများ၊ နျူကလီးယား မပြန့်ပွားရေးကိစ္စများနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နာလံထမှုကို ဟန်ချက်ညီညီ ထိန်းသိမ်းရန် ကြိုးစားနေသည့် (G-20) အားထုတ်မှုကို အတူတကွ အားပေး ထောက်ခံဆောင်ရွက်ရေးစသည့် ကိစ္စများပါဝင်သည်ဟု ဆိုပါသည်။

          ရှေ့ဆက်ဆောက်ရွက်မည့် မူဝါဒများကို တိုကျိုတွင် ပြန်လည် အတည်ပြုခဲ့ပြီး၊ အထူးသဖြင့် မြန်မာနိုင်ငံနှင့် သက်ဆိုင်ကြောင်း၊ ကိစ္စအတော်များများကို ထိပ်ပိုင်းအဆင့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်သွားရန် လိုအပ်သည်ဟု မိမိတို့ ယူဆကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

         အာဆီယံ အလှည့်ကျ သဘာပတိ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ရာတွင် အာဆီယံသည် အမေရိကန်၏ ယုံကြည်စိတ်ချရသော မိတ်ဆွေအဖြစ် ရပ်တည်ရန် အဆင်သင့်ရှိနေကြောင်းကို ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကိစ္စများတွင် နမူနာ ကြည့်နိုင်သည်ဟု ပြောကြားခဲ့သည်။ ယခုအကြိမ်သည် သမိုင်းဝင် အစည်းအဝေးဖြစ်၍ လုပ်ဖော်ကိုင်ဘက် ဆက်ဆံရေးကို တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ပျော်ရွှင်မိသည်ဟု ဆိုပါသည်။

         ခေါင်းဆောင်များသည် မြန်မာနိုင်ငံအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပြီး၊ အမေရိကန်၏ တွေ့ဆုံ ဆွေးနွေးရေး မူဝါဒကိုလည်း ထောက်ခံကြိုဆိုကြပါသည်။

       အာဆီယံခေါင်းဆောင်များက အမျိုးသားပြန်လည် ပေါင်းစည်းရေးကို ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း ဖေါ်ပြခဲ့ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၊ မျှတ၍ မြင်သာထင်သာရှိသော နိုင်ငံတကာက လက်ခံနိုင်သော အဆင့်နှင့် ကိုက်ညီရမည်ဟု အလေးထား ပြောကြားခဲ့ကြပါသည်။

         ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံ (ကိုပင်ဟေဂင်) အောင်မြင်စွာ ချမှတ်ခဲ့သော မူများကို အတူတကွ ရင်းနှီးစွာ လုပ်ဆောင်ရန် နှစ်ဦးနှစ်ဘက် သဘောတူခဲ့ကြပြီး၊ ရာသီဥတု ပြောင်းလဲခြင်း ပြဿနာကို ဖြေရှင်းရန် ရေရှည် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကိုပါ ထည့်သွင်းသင့် သည်ဟု ဆိုပါသည်။

        ဒေသတွင်း ရာသီဥတုပြောင်းလဲခြင်း၏ ပြင်းထန်သော ဆိုးကျိုးများ တိုးပွားလာခြင်းကို အလိုက်သင့် လက်ခံနေမှုသည် အလွန် အန္တရာယ်ကြီးကြောင်း၊ အာဆီယံနှင့် အမေရိကန် ခေါင်းဆောင်များက သတ်မှတ်ခဲ့ပြီး၊ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မူဝါဒနှင့် အကောင်အထည်ဖော်မှုများ၊ သုတေသနကိစ္စများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူခဲ့ကြပါသည်။

        လာမည့်နှစ်တွင် ဒုတိယအဆင့် ခေါင်းဆောင်များ၏ အစည်းအဝေးကို ကျင်းပနိုင်ရန် မျှော်လင့်ထားသည်ဟု အိုဘားမားက ပြောကြားခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

Date: 14 - Nov – 2009, C Raja Mohan Posted Online

          အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုကို အိန္ဒိယနိုင်ငံက ကြိုဆိုထောက်ခံရန် အကြောင်းများစွာ ရှိနေပြီး၊ ဒေသတွင်း လုံခြုံရေးနှင့် အာရှ မဟာဗျူဟာအပေါ် ဝေဖန်စရာ ဖြစ်နေသော မိမိတို့၏ အရှေ့ဘက် အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားသော အရေးယူမှုများ အဆုံးသတ်ရန် အထောက်အကူ ဖြစ်နိုင်ပါသည်။

          နှစ်ပေါင်းများစွာကပင် ဒေလီသည် မြန်မာနိုင်ငံကို ခွဲခြားဆက်ဆံသည့် မူဝါဒကို သဘောမတူကြောင်း ဝါရှင်တန်ကို သတိပေးခဲ့ပြီး၊ မြန်မာနိုင်ငံ အုပ်ချုပ်သူ လူတန်းစား၏ အမှန်တကယ် မလုံခြုံသော ခံစားမှုကို အသိအမှတ်ပြုရန် အမေရိကန်ကို တိုက်တွန်းခဲ့ပါသည်။ အာရှတိုက်သို့ ပထမဆုံး သမ္မတ ခရီးစဉ်အဖြစ် ဂျပန်တွင် ရပ်နားစဉ် မိန့်ခွန်း ပြောကြားရာ၌ သမ္မတ အိုဘားမားက မြန်မာအစိုးရအပေါ် အရိပ်အယောင် ပြသည့်အနေနှင့် နောက်ကျသော်လည်း ရှည်လျားသည့်  နိုင်ငံရေးစကားများ ပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအပေါ် အမေရိကန်၏ ကူညီပံ့ပိုးမှုကို ပွင့်လင်းစွာ ဖော်ပြသည့်အနေဖြင့် အိုဘားမားသည် နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း စောင့်ရှောက်သူများအဖြစ် မိမိကိုယ်မိမိ ယူဆနေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် ထိန်းမရသော ပြည်တွင်းစစ် ဖြစ်ပွားလိမ့်မည်ဟု စိုးရွံ့နေသော မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ သောကကို ဖယ်ရှားပေးရန် ကြိုးစားခဲ့ပါသည်။

          နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် နိုင်ငံတကာက အားထုတ် ကြိုးပမ်းလျက်ရှိရာ အရေးကြီးဆုံး ပထမအဆင့်အနေဖြင့် အမျိုးသားပေါင်းစည်း ညီညွတ်ရေးကို ဆောင်ရွက်ရမည်ဟု အနောက်နိုင်ငံများက တွန်းအားပေးနေမှုကို မြန်မာအစိုးရက အငြင်းပွားလျက် ရှိပါသည်။

          ညီညွတ်သော၊ ငြိမ်းချမ်းသော၊ အောင်မြင်သော၊ ဒီမိုကရေစီ ကျင့်သုံးသော မြန်မာနိုင်ငံ ဖြစ်လာအောင် မိမိတို့ အားပေး ကူညီသွားမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံသည် အဆိုပါ ဦးတည်ချက်အတိုင်း လုပ်ဆောင်ပါက အမေရိကန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရရှိနိုင်ပါသည်ဟု အိုဘားမားက တိုကျိုတွင် ရှင်းလင်း ပြောကြားခဲ့သည်။

          ယခု သီတင်းပတ်များအတွင်း နိုင်ငံ ဆွေးနွေး ညှိနှိုင်းခဲ့ကြသော ကျယ်ပြန့်သည့် နိုင်ငံရေး အခြေခံမူဝါဒများတွင် အမျိုးသားပေါင်းစည်း ညီညွတ်ရေးသည် အစိတ်အပိုင်းတစ်ခု အဖြစ် ယုံကြည်ကြောင်း အိုဘားမားက အလေးအနက်ထား၍ ပြောကြားခဲ့ပါသည်။

          ယခင် အမေရိကန် မူဝါဒဟောင်းကို ပြောင်းပြန်လှန်ပစ်ရာတွင် အိုဘားမားအစိုးရက မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တိုင်ပင် ညှိနှိုင်းခဲ့ပါသည်။ ယခု အစီအစဉ်သည် အပြန်အလှန် နှစ်ဦးနှစ်ဖက် ဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို အဆုံးသတ်ရန် စီမံထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။

          တိုကျိုတွင် အိုဘားမားက လွန်ခဲ့သော နှစ်များအတွင်း ရည်ရွယ်ချက်များ ကောင်းမွန်သော်ငြားလည်း အမေရိကန်၏ အရေးယူပိတ်ဆို့မှု၊ အခြားနိုင်ငံများ၏ ညှိနှိုင်းဆွေးနွေးမှုတို့သည် မြန်မာပြည်သူလူထု၏ ဘဝများကို တိုးတက်လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဟု ပြောကြားခဲ့ပြီး၊ ဒီမိုကရေစီ ထွန်းကားရေးကို ဦးတည်သော ဆောင်ရွက်ချက်များ ခိုင်ခိုင်မာမာ ပြုလုပ်လာသည်အထိ အရေးယူမှုများကို ဆက်လက် ထားရှိသွားမည် ဖြစ်ပြီး၊ မြန်မာအစိုးရနှင့် တိုက်ရိုက်ဆက်ဆံ ဆွေးနွေးညှိနှိုင်းနေသည်ဟု ကြေညာခဲ့ပါသည်။

          အရေးယူပိတ်ပင်မှုများကို ရုတ်သိမ်းပေးမည့် အမေရိကန်ဘက်မှ လိုလားချက်များကို အမေရိကန်သမ္မတ စီစဉ်ထားရာတွင် မြန်မာအစိုးရဘက်မှ ရှင်းလင်းစွာ ဆောင်ရွက်ရမည့် အဆင့်များမှာ နိုင်ငံရေးအကျဉ်းသားများ (ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) ကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ လူမျိုးစုတပ်ဖွဲ့များနှင့် အငြင်းပွားမှုကို အဆုံးသတ်ရန်၊ အစိုးရနှင့် အတိုက်အခံပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကြားတွင် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပ၍ အနာဂတ်ကို မျှတစွာ ရှုမြင်အဖြေရှာရန် စသည်တို့ဖြစ်ပါသည်။

          အာဆီယံအဖွဲ့ကပါ ဝိုင်းဝန်းထောက်ခံခဲ့သော အိုဘားမား၏ စွမ်းဆောင်ချက်သည် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးတွင် ကဏ္ဍသစ် ဖွင့်လှစ်မည့် အဆင့်တစ်ခုပင် ဖြစ်သည်။ ယခုကဲ့သို့ ကျန်ကမ္ဘာ့နိုင်ငံများ မြန်မာနိုင်ငံကို ပြန်လည် ဆက်ဆံလာချိန်တွင် အိန္ဒိယနိုင်ငံကလည်း မိမိ၏ အိမ်နီးချင်း မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍများ ခေတ်မီတိုးတက်ရေးကို ထိရောက်စွာ ပါဝင် ဆောင်ရွက်နိုင်ပါလိမ့်မည်။     

          အကယ်၍ မြန်မာနိုင်ငံသည်သာ ငြိမ်းချမ်းရေး ရရှိပြီး၊ ကျယ်ဝန်းသော ကမ္ဘာကြီးနှင့် ညှိနှိုင်း ဆွေးနွေးမှု အောင်မြင်ခဲ့ပါက အိန္ဒိယနိုင်ငံ၏ အင်အားကြီးသော မိတ်ဖက်နိုင်ငံ ဖြစ်လာနိုင်သလို အိန္ဒိယ၏ အရှေ့ဖက် ပြင်ပ နယ်နမိတ်သည်လည်း အသွင်ပြောင်းသွားမည် ဖြစ်သည်။ ဤကိစ္စသည် လွယ်ကူမည် မဟုတ်သော်လည်း "ဒေလီ" သည် အပြည့်အဝ နားလည် မျှဝေခံစားကာ မြန်မာနိုင်ငံ၏ အမျိုးသား ပေါင်းစည်းရေး၊ ကမ္ဘာကြီးနှင့် ပြန်လည်ဆက်ဆံရေး ကြိုးပမ်း အားထုတ်မှု များကို ထိရောက်စွာ ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

14 Nov 2009

earthtimes . org

          အမေရိကန်ပြည်ထောင်စု သမ္မတဘားရတ်အိုဘားမားက မြန်မာနိုင်ငံအစိုးရအပေါ် ချမှတ်ထားသော အရေးပိတ်ပင်မှုများကို ဖြေလျော့ရေးတွင် ကြိုတင်လုပ်ဆောင်ရမည့်ကိစ္စအဖြစ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် လိုအပ်သည်ဟု စနေနေ့က ပြောကြားပါသည်။ မြန်မာနိုင်ငံအနေနှင့် ဒီမိုကရေစီစနစ်သို့ ဦးတည်ရာတွင် ရှင်းလင်းစွာလုပ်ဆောင်ရန် လိုအပ်သော အဆင့်များမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို အကန့်အသတ်မရှိလွှတ်ပေးရန်၊ လူမျိုးစု တပ်ဖွဲ့များနှင့် အငြင်းပွားမှုကို အဆုံးသတ်ရန်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အတိုက်အခံအဖွဲ့အ စည်းများနှင့် စစ်မှန်သော စကားဝိုင်းကျင်းပပြီး မျှတသော အနာဂတ်ကို အဖြေရှာရန် စသည်တို့ဖြစ် သည်ဟု အိုဘားမားက ပြောကြားခဲ့သည်။

          အခြားသူများမအောင်မြင်ခဲ့သော အရေးယူမှုများနှင့် ညှိနှိုင်းမှုများအပြီးတွင် အမေရိကန်ပြည် ထောင်စုသည် မြန်မာအစိုးရခေါင်းဆောင်းပိုင်းနှင့် တိုက်ရိုက်ဆက်ဆံမှုများကို စတင်ခဲ့ပြီဖြစ်သည် ဟု ၎င်းကဆိုပါသည်။ ဝါရှင်တန်မှ ပို့လိုက်သော သတင်းလွှာတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ဦးတည်သော စစ်မှန်ခိုင်မာသည့် ဆောင်ရွက်ချက်များရှိလာသည်အထိ အရေးယူပိတ်ပင်မှုများကို ဆက် လက်ထားရှိမည်ဟု ဖော်ပြထားပါသည်။

          သမ္မတအိုဘားမားသည် ၎င်း၏ ၈-ရက်ကြာ အာရှခရီးစဉ်၏ တစိတ်တဒေသအဖြစ် ဂျပန်ဝန်ကြီးချုပ် ဟူလီယိုဟာတိုယားမားနှင့် တွေ့ဆုံဆွေးနွေးပြီးနောက်တစ်ရက်တွင် တိုကျိုဆန်တိုရီခန်းမ၌ ဂျပန်နိုင်ငံသားများ သိပ္ပံရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များကို မိန့်ခွန်းပြောကြားခဲ့ပါသည်။

          ၎င်း၏ မိန့်ခွန်းများတွင် အိုဘားမားက မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆွေးနွေးပွဲသို့ ပြန်လည်ပါဝင်ရန် တောင်းဆိုခဲ့ပြီး မိမိနိုင်ငံပြည်သူများကို ဆိုးကျိုးများဖြစ်ပေါ်စေသည့် အထီးကျန်ဝါဒကို စွန်ပစ်၍ နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပေါင်းစည်းမှုဝါဒကို ရွေးချယ်ရန် တိုက် တွန်းလိုက်ပါသည်။

          ထို့အပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားကဏ္ဍများစသော စီးပွားရေးအခွင့်အလမ်းများကို ကွန်မြူနစ်စနစ်ဒဏ်ခံနွမ်းပါးသော ပြည်သူများအားပေးအပ်၍ မြောက်ကိုရီးယားကို ခြားနား ကောင်းမွန်သော အနာဂတ်သို့ ပို့ဆောင်ရန် ဝါရှင်တန်က ပြင်ဆင်ထားပြီးဖြစ်ကြောင်း ယခင်ပေးထား သော အာမခံချက်ကို ထပ်မံ၍ အတည်ပြုခဲ့ပါသည်။

          ကမ္ဘာ့စင်မြင့်ထက်တွင် အရေးပါအရာရောက်လာမှုနှင့် ကြီးထွားလာသော အဆင့်ကြောင့်တရုတ်နိုင်ငံကို အိုဘားမားက ချီးကျူးခဲ့ပြီး ဝါရှင်တန်သည် ဘီဂျင်းနှင့် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။

          ပြီးခဲ့သောနှစ်များအတွင်း ဆွေးနွေးညှိနှိုင်းမှုများ မရှိသလောက်ဖြစ်ခဲ့ပြီးနောက် အာရှဒေသတွင် အရေးပါသော အနေအထားကို ပြန်လည်ရယူမည့် ဝါရှင်တန်၏ ရည်ရွယ်ချက်ကို အိုဘားမားက ကြေညာခဲ့ပြီး ၎င်း၏ရှေ့မှ သမ္မတဘွတ်ရှ်လက်ထက်တွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ယုံကြည်မှု ပျက်ပြားခဲ့ခြင်းကို ရည်ညွှန်းကိုးကားလိုက်ပါသည်။ အိုဘားမားသည် လာမည့် အင်္ဂါနှင့် ဗုဒ္ဓဟူးတွင် တရုတ်သမ္မတဟူကျင်းတောင်နှင့် ဘီဂျင်းတွင်တွေ့ဆုံရန်ရှိပါသည်။

          အမေရိကန်သမ္မတသည် စင်ကာပူသို့ မထွက်ခွာမီ စနေနေ့နှောင်းပိုင်းတွင် ဂျပန်ဘုရင်နှင့် မိဖုရားကို တွေ့ဆုံမည်ဖြစ်ပါသည်။ ၎င်းသည် တနင်္ဂနွေနေ့တွင် စင်ကာပူ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများ မှ ခေါင်းဆောင် ၁၀ ဦးနှင့် တွေ့ဆုံမည်ဖြစ်ကာ APEC နှစ်ပတ်လည် ထိပ်သီးညီလာခံသို့ တက်ရောက် ပါလိမ့်မည်။

          စင်ကာပူတွင် ရှိနေစဉ်အတွင်း အိုဘားမားသည် ရုရှားသမ္မတဒီမီထရီမက်ဗီဒက်နှင့် APEC ညီလာခံပြင်ပအဝန်းအဝိုင်းတွင် တွေ့ဆုံရန်စီစဉ်ထားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---