Transparency Myanmar

transparency.myanmar@gmail.com

Date: 20 - Nov – 2009, Bloomberg

          ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေး တောင်းဆိုခဲ့ပြီးနောက် အစိုးရနှင့် အတိုက်အခံ ပါတီများ ကြားတွင် တွေ့ဆုံဆွေးနွေးမှု စတင်နိုင်ရန် အလားအလာ ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားပါသည်။

          နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အဆိုပါ ပေးစာနှင့် ပတ်သက်၍ ကြားသိခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ရှေ့ရှုသော ဆွေးနွေးမှုများ စတင်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ian Kelly က ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

          နိုဝင်ဘာ (၁၁) ရက် နေ့စွဲဖြင့် ပေးစာတွင် ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားပြီး၊ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု သူမက ပြောဆိုခဲ့ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ AP က ဖေါ်ပြထားပါသည်။

          မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာစေရေးအတွက် မြန်မာအစိုးရနှင့် တိုက်ရိုက် ဆက်ဆံ ဆွေးနွေးရန် အိုဘားမား အစိုးရက ကြိုးစားလျက် ရှိပါသည်။ နိုဝင်ဘာ (၁၅) ရက်က စင်္ကာပူတွင် ကျင်းပသော အမေရိကန် - အာဆီယံ အစည်းအဝေးတွင် အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ထုတ်ဖေါ် ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော် သတင်းများက ဆိုပါသည်။

          အမေရိကန် ပြည်ထောင်စုသည် မြန်မာအစိုးရနှင့် ဆွေးနွေးမှု အသစ်တစ်ခုကို စတင်နေပြီး၊ အကြောင်းအရာမှာ "လွတ်လပ် ပွင့်လင်းသော နိုင်ငံရေးစနစ်ကို ဖွင့်လှစ်ရန်" မြန်မာ အာဏာပိုင်များအား တိုက်တွန်းခြင်း ဖြစ်သည်ဟု Kelly က ပြောကြားပါသည်။

          ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်ကို လွှတ်ပေးရန် ၎င်းက တောင်းဆိုထားပါသည်။

          လွန်ခဲ့သော (၁၄) နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော Kurt Campbell ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည်    (၁၄) နှစ်ကြာ အထိန်းသိမ်းခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပါသည်။ လာမည့်နှစ် ရွေးကောက်ပွဲတွင် သူမအား ဘေးဖယ်ထားရန် ရည်ရွယ်၍ အစိုးရက သူမ၏ အကျယ်ချုပ် ပြစ်ဒဏ်ကို (၁၈) လ သက်တမ်းတိုးထားပါသည်။

          မြန်မာအစိုးရနှင့် ဆက်ဆံမှု အနည်းငယ် တိုးတက်လာသော်လည်း အိုဘားမားက အရေးယူ ပိတ်ပင်မှုကို ချမှတ်ထားဆဲ ဖြစ်သည်။

          အဝေဖန်ခံနေရသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများနှင့်  ပတ်သက်၍ အမေရိကန်က တင်ပြထားသော ဆုံးဖြတ်ချက်ကို ယမန်နေ့က ကုလသမဂ္ဂတွင် မဲခွဲ ဆုံးဖြတ်ခဲ့ပါသည်။

          လူ့အခွင့်အရေး ချိုးဖောက်သော အစိုးရအား ပြင်းထန်စွာ ရှုတ်ချထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် တောင်းဆိုထားသော ဆုံးဖြတ်ချက်ကို ထောက်ခံမဲ (၉၂) မဲ၊ ကန့်ကွက်မဲ (၂၆) မဲ၊ ပျက်ကွက်မဲ (၆၅) မဲ ဖြင့် အတည်ပြုခဲ့သည်ဟု သိရှိရပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

From - Reuters (20 - Nov - 2009)

        ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထူးကော်မတီသည် အာရှတိုက်ရှိ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေမှု များကို ကြာသပတေးနေ့က ရှုတ်ချခဲ့ပါသည်။

          ၁၉၂ နိုင်ငံ ပါဝင်သော အထွေထွေညီလာခံ၏ တတိယကော်မတီသည် လူ့အခွင့်အရေး ကိစ္စရပ်များကို ပစ်မှတ်ထားပြီး မြောက်ကိုရီးယားအပေါ် ဆုံးဖြတ်ချက် (၉၇-၁၉) အား ကြားနေမဲ ၆၅ မဲဖြင့် အတည်ပြုခဲ့ပါသည်။

          ထို့အတူ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက် (၉၇-၂၆) အား ကြားနေမဲ ၆၅ မဲ ဖြင့် အတည်ပြုခဲ့ပါ သည်။

          မြောက်ကိုရီးယားအပေါ် ဆုံးဖြတ်ချက်တွင် အလွန်တရာ အလေးအနက် စိုးရိမ်ရကြောင်း ဖော်ပြထားပြီး လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အရပ်ဘက်ဆိုင်ရာနှင့် ယဉ်ကျေးမှု ရပိုင်ခွင့်များကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ဖွယ်ရာ ဖိနှိပ်လျက်ရှိကြောင်း အဆက်မပြတ် အစီရင်ခံစာများအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

          ပြုံယမ်း၏ ရက်စက်မှုများတွင် နှိပ်စက်မှုများ၊ လူမဆန်သော အခြေအနေရှိသော နေရာများတွင် ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ လူအများရှေ့တွင် သတ်ဖြတ်ခြင်း၊ သီးသန့် အပြစ်ဒဏ်ပေးခြင်းများ၊ အကျဉ်းစခန်းများစွာ ရှိနေမှုနှင့် အဓမ္မ လုပ်အားပေး စေခိုင်းမှုများ အကြောင်းကို အဆိုပါ ဆုံးဖြတ်ချက်တွင် ဖော်ပြထားပါသည်။

          မြောက်ကိုရီးယားမှ ကုလသမဂ္ဂဆိုင်ရာ ဒုတိယသံအမတ် Pak Tok Hun က အဆိုပါ ဆုံးဖြတ် ချက်သည် ၎င်းတို့၏ ရန်သူများ၏ နိုင်ငံရေးအရ တိုက်ခိုက်မှုဟု ဆိုပါသည်။

          ဆုံးဖြတ်ချက် မှုကြမ်းသည် ရန်သူနိုင်ငံများ၏ နိုင်ငံရေးအရ လျို့ဝှက်စွာ မကောင်းကြံမှုတစ်ခုသာ ဖြစ်ပြီး၊ မိမိတို့ကို အပြီးတိုင် ချေမှုန်းရန် ဝိုင်းဝန်းကြံစည်မှု ဖြစ်ကြောင်း ၎င်းက ကော်မတီသို့ ပြောပါသည်။

          မြောက်ကိုရီးယားအပေါ် ဆုံးဖြတ်ချက်ကို အဓိက အားပေးသူများမှာ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ဖြစ်ကြပါသည်။

          လူ့အခွင့်အရေးအဖွဲ့များက လူ့အခွင့်အရေး အခြေအနေ ချို့တဲ့သည်ဟု စွပ်စွဲခြင်း ခံထားရသော ဖွံ့ဖြိုးဆဲ နိုင်ငံများကလည်း အဆိုပါ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း၊ နိုင်ငံတစ်ခုချင်း ရွေးထုတ်၍ ရှုတ်ချခြင်းကို ဆန့်ကျင်ကြောင်း ကော်မတီသို့ ပြောကြားခဲ့ပါသည်။ အဆိုပါနိုင်ငံများတွင် တရုတ်၊ ရုရား၊ လစ်ဗျား၊ ဆူဒန်၊ ဆီးရီးယား၊ အီဂျစ်နှင့် ဇင်ဘာဘွေတို့ ပါဝင်ပါသည်။

          မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်တွင် လက်ရှိ ဖြစ်နေသော စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မြန်မာပြည်သူများ၏ အခြေခံ လွတ်လပ်ခွင့်များကို နှိပ်စက်နေမှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားပါသည်။ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးသန်းဆွေက မိမိတို့ နိုင်ငံအပေါ် ဆုံးဖြတ်ချက်အား ကန့်ကွက်ကြောင်း ပြောကြားခဲပါသည်။

          အဆိုပါ ဆုံးဖြတ်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တိုးမြှင့် ထားရှိမှုအတွက် စိုးရိမ်ကြောင်း ဖော်ပြထားပြီး၊ သူမနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။

          ဦးသန်းဆွေက အဆိုပါ ဆုံးဖြတ်ချက်သည် သိသိသာသာ ကောင်းမွန်ခြင်း မရှိဘဲ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအပြင် ဖိအားပါ ပူးတွဲပေးလိုခြင်းသာ ဖြစ်ကြောင်း ပြောခဲ့ပါသည်။

          တတိယကော်မတီတွင် အထွေထွေညီလာခံမှ အဖွဲ့ဝင် အားလုံး ပါဝင်ပြီး လာမည့် သောကြာ နေ့တွင် အီရန်အပေါ်တွင်လည်း လူ့အခွင့်အရေး ကိစ္စအတွက် ဆွေးနွေးကြမည် ဖြစ်သည်။ အထွေထွေ ညီလာခံ၏ အထူးဆွေးနွေးပွဲကို လာမည့်လတွင် ပြုလုပ်သောအခါ ယခုကော်မတီ၏ ဆုံးဖြတ်ချက်များ အားလုံးကို တရားဝင် လက်ခံအတည်ပြုမည် ဖြစ်ပါသည်။

         


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---