Transparency Myanmar

transparency.myanmar@gmail.com

တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယ သမ္မတ Xi Jinping သည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်သည်။

၎င်းသည် တရုတ်ပြည်တွင် သမ္မတ ဟူဂျင်တောင် ပြီးလျှင် ဒုတိယမြောက် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး မစ္စတာ ဟူ၏ တာဝန်ကို တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထမ်းဆောင် ရလာဖွယ် ရှိသူဟုလည်း သတ်မှတ် ပြောဆိုခြင်း ခံထားရသည်။

ဒုတိယသမ္မတ Xi Jinping သည် မြန်မာပြည်တွင် နှစ်ရက်တာမျှ နေထိုင်မည် ဖြစ်ပြီး တပ်မတော် အစိုးရ၏ ထိပ်ဆုံး ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ခွင့်ရမည်ဟု မျှော်လင့်ရသည်။

အောက်ဖော်ပြပါ အချက်များမှာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပတ်သက်ပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် ပေါ်ထွန်းခဲ့သော တရုတ် ပြည်သူ့ သမ္မတနိုင်ငံ (People's Republic of China) ကိုပထမဆုံးအသိအမှတ်ပြုသော နိုင်ငံများအနက် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ သို့သော် ၁၉၆၀ ပြည့်နှစ် များအတွင်း ရန်ကုန်မြို့ (ထိုစဉ်က မြို့တော်) တွင် ဖြစ်ပွားခဲ့သော တရုတ် ဆန့်ကျင်ရေး အဓိကရုဏ်းများ ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ခပ်တန်းတန်း ဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုများကို စစ်တပ်က ခပ်ကြမ်းကြမ်း နှိမ်နင်း ဖြိုခွင်းလိုက်ပြီးနောက် အနောက်ကမ္ဘာက မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်သော အတိုင်းအတာဖြင့် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ထိုအချိန်မှ စ၍ တရုတ်ပြည်က အဆိုပါ လစ်ဟာချက်ကို ဖြည့်စွက်ပေးရန် ကြိုးစားလာခဲ့သည်။ မြန်မာပြည်အား စစ်လက်နက်နှင့် အခြားသော အကူအညီ အထောက်အပံ့များ ပေးသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုကိုလည်း အစွမ်းကုန် မြှင့်တင်ခဲ့သည်။ တစ်ဆက်တည်းပင် မြန်မာ တပ်မတော် အစိုးရအား ကျယ်ပြန့်သော အတိုင်းအတာဖြင့် သံတမန်နည်းအရ အထောက်အပံ့များ ပေးခဲ့သည်။

မြန်မာနိုင်ငံတွင်း တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ဒေါ်လာ တစ်ဘီလီယံ (ပေါင် ၆၁၅ ဒဿမ ၅ သန်း) ကျော်ရှိသည်။ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် အဓိက ရင်းနှီး မြှုပ်နှံထားခြင်း ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။ ယမန်နှစ် ပထမ သုံးလပတ်ကျော်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ပိုမို မြင့်တက်လာပြီး ဒေါ်လာ ၂ ဒဿမ ၆၃ ဘီလီယံ တန်ဖိုးထိ ရှိခဲ့သည်။ မြန်မာနိုင်ငံတွင်း သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင်လည်း တရုတ် ကုမ္ပဏီ အမြောက်အမြား ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်။

မြန်မာပြည်သည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကုန်းတွင်းပိတ် ဒေသများအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းခွင့် ရရှိရုံသာမက စစ်ထောက်လှမ်းရေး အခြေစိုက် စခန်းများ ဖွင့်လှစ်ခွင့်လည်း ရရှိထားသည်။

ပြီးခဲ့သည့် အောက်တိုဘာတွင် တရုတ်နိုင်ငံပိုင် CNPC ရေနံကော်ပိုရေးရှင်းက မြန်မာ့ ပင်လယ်ပြင်၌ ရေနံ တင်ပို့ရေး ဆိပ်ကမ်းကြီး တစ်ခုကို စတင် တည်ဆောက်ခဲ့သည်။ ရေကြောင်း သွားလာရေး ကျပ်တည်း ခက်ခဲသော မလက္ကာ ရေလက်ကြား မှတစ်ဆင့် ရေနံ တင်ပို့မှုကို ရှောင်ရှားနိုင်မည့် ပိုက်လိုင်း သွယ်တန်းမှု စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ဆောက်နေခြင်း ဖြစ်သည်။

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတွင် အဖုအထစ်များလည်း ရှိခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ နယ်စပ်ဒေသတွင် ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှုများကြောင့် တရုတ်ပြည်ဘက်သို့ ဒုက္ခသည် များစွာ စုပြုံ ဝင်ရောက်သွားခဲ့ကြရာ ဘေဂျင်း အစိုးရအတွက် အမျက်ဒေါသ ထွက်စရာ ဖြစ်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့တော်သစ် နေပြည်တော်နှင့် ပတ်သက်၍ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် ထိုကဲ့သို့ ငွေကြေး အမြောက်အမြား သုံးစွဲပြီး မြို့တော်သစ်ကြီး တစ်ခု တည်ဆောက်ရန် စဉ်းစားခဲ့သည့် အချက်အပေါ် လွန်စွာ အံ့အား သင့်ရပါကြောင်း၊ အဆိုပါ မြို့တော်သစ်ကြီး တည်ဆောက်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံ တစ်ခုဟု ယူဆရသော တရုတ်ပြည်ကို အသိမပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထား ထုတ်ပြန်ခဲ့သည်။

 

Xinhua သတင်းဌာနမှ Five facts about China-Myanmar relations ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ တပ်မတော် အစိုးရက နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နိုင်ငံရေးပါတီမှ သက်ကြီးပိုင်း ခေါင်းဆောင် သုံးဦး နှင့် တွေ့ဆုံခွင့် ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ သတင်းထောက်များ တက်ရောက်ခွင့် မရရှိခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီမှ လုပ်ဖော်ကိုင်ဖက်များအား နိုင်ငံတော် ဧည့်ဂေဟာ ရှိရာသို့ မော်တော်ယာဉ်များဖြင့် ခေါ်ဆောင်သွားသည်ကို တွေ့မြင်လိုက်ရကြောင်း သိရသည်။ အဆိုပါ နိုင်ငံတော် ဧည့်ဂေဟာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေမှုများ ပြုလုပ်ရာတွင် အသုံးပြုနေကျ နေရာတစ်ခု ဖြစ်သည်။

သတင်းများအရ ဒေါ်အောင်ဆန်းစုကြည် သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဦးအောင်ရွှေ (၉၁ နှစ်)၊ အတွင်းရေးမှူး ဦးလွင် (၈၆ နှစ်)၊ ဦးလွန်းတင် (၈၈ နှစ်) တို့နှင့် ၄၅ မိနစ်တာမျှ တွေ့ဆုံ ဆွေးနွေးခွင့် ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဇန်နဝါရီလက ပါတီ ခေါင်းဆောင်များနှင့် အဆိုပါ ဧည့်ဂေဟာတွင် နောက်ဆုံးအကြိမ် တွေ့ဆုံခွင့် ရရှိခဲ့သည်။

Channel4.com မှ Suu Kyi meets opposition leaders ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အရေးကိစ္စကို ဖြေရှင်းရာတွင် ရလဒ်ကောင်းများ ထုတ်ဖော် နိုင်လိမ့်မည်ဟု အပြုသဘော ဆောင်သော အမြင်ရှိပါကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့(အာဆီယံ) သံတမန်များက တူညီစွာ ပြောဆို လိုက်သည်။

"ဒီကိစ္စဟာ အချိန်နဲ့ ပတ်သက်တဲ့ ပြဿနာ တစ်ခုမျှပါပဲ" ဟု အာဆီယံ ချာတာ ရေးဆွဲရေး ဆိုင်ရာ အတိုင်ပင်ခံ ပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ Tun Musa Hitam က ဒုတိယ အကြိမ်မြောက် Asean Secretariat Policy Forum ၌ ပြောကြားသည်။ မြန်မာ ကိုယ်စားလှယ်များသည် မိမိတို့ အဖွဲ့တွင် တက်ကြွစွာ အလုပ် လုပ်ကိုင်လျက် ရှိကြောင်း၊ ကျင်းပမြဲ ဖြစ်သော ဆွေးနွေးပွဲ များသို့လည်း ပါဝင် ဆွေးနွေးမည့် ကိုယ်စားလှယ်များ စေလွှတ်လေ့ ရှိကြောင်း၊ ယင်း ကိုယ်စားလှယ်များသည် အလွန် အပြုသဘော ဆောင်သော ပုဂ္ဂိုလ်များ ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

အာဆီယံ ချာတာ ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် ပညာရှင်များအဖွဲ့၏ သံအမတ်ကြီး Rosario G Manalo က အာဆီယံတွင် အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်သည့် မူဝါဒ ရှိသော်လည်း အာဆီယံသည် မည်သည့် အရေးကိစ္စမျှ  လုပ်ကိုင် ပေးခြင်း မရှိ ဟူသော သဘောမျိုး မဟုတ်ပါကြောင်း ပြောဆိုသည်။

"ကျွန်တော်တို့ အဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက မြန်မာနိုင်ငံနဲ့ စိတ်ပါလက်ပါ ဆွေးနွေးမှု ပြုလုပ်ကြပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ဆွေးနွေးသွားဖို့လည်း ကမ်းလှမ်းထားပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာ့ အရေးကိစ္စသည် အာဆီယံအဖွဲ့တွင် ရှိသော လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်အဖွဲ့၏ ပထမ ဦးစားပေး ဖြစ်ကြောင်း မစ္စတာ Manalo က ဖြည့်စွက် ပြောပါသည်။

သို့သော် အာဆီယံအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအား ဒီမိုကရေစီအကြောင်း သင်ကြား ပေးသွားမည် မဟုတ်ပါကြောင်း Tun Musa Hitam က ဆိုသည်။

"မြန်မာနိုင်ငံကို ဒီမိုကရေစီ အရေးကိစ္စအတွက် သင်ကြားပေးမှာ မဟုတ်သလို အကူအညီနဲ့ သင်တန်းတွေ ဖွင့်နိုင်အောင်လည်း အထောက်အပံ့ ပေးသွားမှာ မဟုတ်ပါဘူး" ဟု Tun Musa Hitam က ပြောသည်။

ဒီမိုကရေစီ အရေးနှင့် ဆက်စပ်သော ဖွံ့ဖြိုး တိုးတက်မှုများ မြန်မာနိုင်ငံတွင်း ထွက်ပေါ်လာမည်ဟု အာဆီယံက မျှော်လင့်မထားပါကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

"ဒီမိုကရေစီ တိုးတက်မှုနဲ့ ပတ်သက်တဲ့ သတင်း ပေးပို့ချက်တွေအရ ထူးခြားတဲ့ ကိစ္စတွေ ထွက်လာတာတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ အနည်းငယ်တော့ တိုးတက်တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အနည်းငယ်ဟာ တိုးတက်မှု တစ်ခုလို့ ပြောလို့ ရနေပါသေးတယ်" ဟု ဆိုသည်။

အာဆီယံ အဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အာဆီယံ ချာတာ တစ်နှစ်ပြည့် အခမ်းအနားနှင့် ဒုတိယ အကြိမ်မြောက် ASEAN Secretariat Policy ဖိုရမ် ကို  "တစ်နှစ်ပြည့် အာဆီယံချာတာ" ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်သည်။

Xinhua သတင်းဌာန၏ ASEAN envoys optimistic on solution over Myanmar democracy problem ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာစစ်တပ်၏ ရက်စက်စွာနှိမ်နင်းခြင်း ခံရသော ကရင် ဒုက္ခသည်များ ရှိရာသို့ Vision Beyond Borders(VBB) အဖွဲ့ ရောက်ရှိ သွားခဲ့သည်။ အဆိုပါ ဒုက္ခသည်များနှင့် ပတ်သက် ထိတွေ့မှုရှိသော နိုင်ငံများသို့ VBB က မေတ္တာ သဝဏ်လွှာ ပေးစာ တစ်စောင် ကိုလည်း ပေးပို့ခဲ့သည်။  

          ကရင်ဒုက္ခသည် စခန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများသည် ကြောက်မက် ဖွယ်ရာ ဇာတ်လမ်းများကို နေ့စဉ်နှင့်အမျှ ကြားနေကြရသည်။ ဟိုတလောက ကြားရသည့် သတင်းမှာ အတော့်ကိုဆိုးရွားပါသည်။ မြန်မာစစ်တပ်က ကရင်လူမျိုးတို့ ပိုင်ဆိုင်သော လယ်ယာမြေများ၊ စပါးခင်းများကို ဖျက်ဆီး ပစ်ခဲ့သည်ဟု ဆိုသည်။ ကရင် တိုင်းရင်းသားများ၏ ထမင်းအိုးကို ရိုက်ခွဲလိုက်သည့် သဘောပင်ဖြစ်၏။ 

          သမိုင်းကြောင်းကို ကြည့်လျှင် ကရင်ဒုက္ခသည် များသည် နှစ်ပေါင်း ၂၅ နှစ်တာကာလ အတွင်း ထိုင်းနိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရသည်။ ထိုင်းဘက်သို့ ထွက် ပြေးသော ဒုက္ခသည် အများစုမှာ ကရင်းတိုင်းရင်းသား လူမျိုးစုများ ဖြစ်ကြပြီး ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဖိနှိပ်မှု အများဆုံး ခံရသူများလည်း ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် မြန်မာအစိုးရ၏ စနစ်တကျ ခွဲခြားဆက်ဆံမှုကို ခံကြရသည်။  

          "မြန်မာ စစ်ဗိုလ်ချုပ် တစ်ယောက်က ပြောဖူးတယ်။ ဘာလဲဆိုတော့ ၂၀၁၀ ပြည့်နှစ် ရောက်ရင် မြန်မာပြည်မှာ ကရင်လူမျိုးတွေ ကျန်တော့မှာမဟုတ်ဘူး" ဟု VBBမှ Patrick Klein က ပြောပါသည်။  

          အဆိုပါ မြန်မာစစ်ဗိုလ်ချုပ်က ကမ္ဘာပေါ်တွင် ကရင်လူမျိုး တစ်ဦးတစ်ယောက်မျှ မရှိ စေလိုကြောင်း Patirck Kelin က ဆိုသည်။ 

          ၂၀၁၀ ရွေးကောက်ပွဲများ နီးကပ်လာသည်နှင့် အမျှ ကရင် တိုင်းရင်းသားများ အပေါ် ဖိနှိပ် တိုက်ခိုက်မှုများလည်း ပိုမိုများပြားလာမည်သာ ဖြစ်သည်။ 

          မြန်မာစစ်တပ်က ကရင် ယောင်္ကျားများ၊ ကလေးငယ်များကို ပေါ်တာဆွဲပြီး အဓမ္မ လုပ်သားအဖြစ် ခိုင်းစေလျက် ရှိသည်။ ကရင် အမျိုးသမီးများကို အဓမ္မပြုကျင်ပြီး မှီို့ သတ်ဖြတ် ပစသည်။ ဒုက္ခသည် စခန်းရှိ ကရင်လူမျိုး ကလေးငယ်တိုင်းတွင် ခြောက်ခြားစရာ ကောင်းသော ဘဝဇာတ်လမ်း ကိုယ်စီ ရှိကြသည်။ မတရား ညဉ်းပန်း နှိပ်စက်မှု၊ မုဒိမ်းကျင့်မှု၊ ပစ်ခတ်သတ်ဖြတ်မှု စသည်တို့က ကလေးငယ်များအား ခြောက်လှန့်လျက် ရှိသည်။  

          ကရင် အမျိုးသမီးငယ် တစ်ဦးဆိုလျှင် အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခြင်း ခံခဲ့ရပြီး ကြိုးဖြင့် ဇောက်ထိုးဆွဲကာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။

          ထိုင်းနယ်စပ် ဒေသသို့ ခိုးကြောင်ခိုးဝှက် သွားလာနေကြသော မြန်မာစစ်သားများသည် ညပိုင်းတွင် ဒုက္ခသည် စခန်းများသို့ ဝင်ရောက်ကာ အဖိုးတန် ပစ္စည်းများကို ခိုးယူခြင်း၊ အမျိုသမီးများကို မုဒိမ်းကျင့်ခြင်း စသည်တို့ကို ရဲရဲတင်းတင်း လုပ်ကိုင်ကြသည်။ မြန်မာ စစ်သားများက ကလေးငယ်များကို လေပေါ်သို့ ပစ်မြှောက်တင်ကြပြီး မြေပြင်သို့မကျ မီ ၎င်းတို့ သေနတ်လှံစွပ်ပေါ်သို့ ကျအောင် ပြုလုပ်ကြသည်။  

          ယင်းသို့ စိတ်တုန်လှုပ် ခြောက်ခြားစရာ ကောင်းသော ဖြစ်ရပ်များ မည်သို့ပင် ရှိစေသော်ငြား ကရင်လူမျိုးများမှာ ဘုရားသခင်ကို ယုံကြည်ကြသည်။ မိဘမဲ့ ကလေးငယ်များသည် နံနက် ၄ နာရီတွင် အိပ်ရာထပြီး ဘုရားဝတ်ပြု ဆုတောင်းမှုများကို နှစ်နာရီတိတိ ပြုလုပ်ကြသည်။ ညဘက်ပိုင်းတွင်းလည်း ထိုနည်းအတိုင်းပင် ရှိခိုး ဆုတောင်းလေ့ ရှိကြသည်။  

          VBB သည် အဆိုပါ ဒုက္ခသည်များကို ကယ်တင်ရန် ကြိုးပမ်းလျက် ရှိသည်။ မြန်မာ နိုင်ငံတွင်းရှိသော ခရစ်ယာန် အသင်းများ၊ ဘုရားရှိခိုး ကျောင်းများနှင့် ချိတ်ဆက်ပြီး မိဘမဲ့ ကလေးများ ကယ်တင်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။ မြန်မာ နယ်စပ်ဒေသနှင့် ဝေးကွာသော နေရာများတွင် ဒုက္ခသည် စခန်းများ တည်ဆောက်ပေးရေး အတွက်လည်း ကြိုးပမ်းလျက် ရှိသည်ဟု သိရသည်။ ယင်းအတွက် ရန်ပုံငွေများလည်း အတော်ပင် တိုးမြင့် ရရှိခဲ့သည်။ သို့သော် ဒုက္ခသည်စခန်းများ အတွက် လိုအပ်သော အထောက်အကူများ ဖြည့်တင်း ပေးရာတွင် ထိုင်းအစိုးရ၏ သဘောတူညီချက် ရရှိရန် လိုအပ်နေသေးသည်။ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် သဘောတူညီချက် ပေးရန် ထိုင်းအစိုးရက စဉ်းစားနေဆဲ ဖြစ်သည်ဟု သိရသည်။  

          ဒုက္ခသည်များမှာ နိုင်ငံသား ကတ်ကဲ့သို့သော မည်သူမည်ဝါဖြစ်သည်ဟူသည့် အထောက်အထား မရှိသည့် အတွက် ထိုင်းအစိုးရ၏ အကူအညီကို မရရှိဘဲ ဖြစ်နေသည်။

          ကရင်ဒုက္ခသည် စခန်းများ လုံခြုံမှု ရရှိစေရေးအတွက် အစိုးရ အရာရှိကြီးများ သဘောတူညီမှု ပေးရန် ဆုတောင်းပေးကြပါ။  အစာငတ်မွတ်မှုဖြင့် ရင်ဆိုင်နေကြရသော ဒုက္ခသည်များ အတွက်လည်း ဆုတောင်းမေတ္တာ ပို့သပေးကြပါ။ VBB နှင့် တွဲဖက် လုပ်ကိုင်လျက်ရှိသော နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် စားနပ်ရိက္ခာများ ပိုမိုထောက်ပံ့ ပေးနိုင်အောင်လည်း ဆုတောင်းပေးကြပါ။  

Mission News Network မှ Karen refugees hunted and slain ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB , 15th Dec 2009

          မြန်မာအစိုးရသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးတွင် ၎င်း ပါဝင် ပတ်သက်နေသော ကဏ္ဍကို ဖုံးကွယ်ရန်အတွက် ရန်သူ လက်နက်ကိုင် အဖွဲ့များကို မူးယစ်ဆေးဝါး ထုတ်လုပ်သူများအဖြစ် တံဆိပ် ကပ်ကာ ဖော်ပြလာကြောင်း တိုင်းရင်းသား စုပေါင်းအဖွဲ့က ပြောကြားခဲ့ပါသည်။

          အထက်ပါ သုံးသပ်ချက်ကို တိုင်းရင်းသားအဖွဲ့ ကိုးဖွဲ့ကို ကိုယ်စားပြုသည် National Democratic Front (NDF) က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ UN Office ရှိ Drugs and Crime (UNODC) က မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်ကတည်းက ဘိန်း စိုက်ပျိုးထုတ်လုပ်မှုသည် နှစ်ဆ မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းကြောင့် အထက်ပါအတိုင်း သုံးသပ် ဖော်ပြလာခြင်း ဖြစ်ပါ သည်။

          UNODC အစီရင်ခံစာတွင် တိုင်းရင်းသားအဖွဲ့များသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှ ရသော ဝင်ငွေဖြင့် လက်နက်များ ဝယ်ယူကြကြောင်း ဖော်ပြထားပါသည်။ UNODC ၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် Gary Lewis က DVB သို့ ပြောကြားရာတွင် အဆိုပါ အစီရင်ခံစာအတွက် သတင်း အချက်အလက်များကို မြန်မာအစိုးရနှင့် ပူးပေါင်း ကောက်ယူသည်ဟု ဆိုပါသည်။

          အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် မြန်မာအစိုးရ (SPDC) ၏ ပါဝင် လှုပ်ရှားသော ကဏ္ဍကို ထည့်သွင်း ဖော်ပြခြင်း မပြုကြောင်း NDF က ဆိုပါသည်။

          UNODC အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွင် SPDC ခေါင်းဆောင်များ၏ အကြီးအကျယ် ပါဝင် ပတ်သက်မှုကို စုံစမ်း စစ်ဆေးသင့်ကြောင်း၊ တိုင်းရင်းသား ဧရိယာများတွင် ရှိသော စစ်တပ်များက လျှို့ဝှက်စွာ လုပ်ကိုင်ကြကြောင်း NDF ကြေညာချက်တွင် ဖော်ပြထားပါသည်။

          အစိုးရ၏ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စွပ်စွဲချက်များမှာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်သော တိုင်းရင်းသားအဖွဲ့များကို ပစ်မှတ်ထား၍ စွပ်စွဲခြင်းဖြစ်ကြောင်း NDF ၏ ကျေညာချက်တွင် ဖော်ပြထားပါသည်။

          ထို့အပြင် အစိုးရက ၎င်းတို့၏ မူးယစ်ဆေးဝါး ကိစ္စတွင် ပါဝင် ပတ်သက်မှုကို ဖုံးကွယ်လိုရုံမျှမက တိုင်းရင်းသားများအား တိုက်ခိုက်ရာတွင် နိုင်ငံတကာ၏ အကူအညီများ ရရှိရေးအတွက် စွပ်စွဲခြင်း ဖြစ်ပါသည်ဟု ဆိုပါသည်။

          NDF တွင် ရခိုင် လွတ်မြောက်ရေးပါတီ (ALP)၊ ကချင် လွတ်မြောက်ရေးအဖွဲ့(KTO)နှင့် ကရင်အမျိုးသား ယူနီယံ(KNU) တို့ ပါဝင်ပါသည်။

          UNODC ၏ အဆိုအရ မြန်မာနိုင်ငံ၌ ဘိန်းထုတ်လုပ်မှုတွင် လူတစ်သန်းခန့် ပါဝင် ပတ်သက်နေပြီး၊ ဘိန်းစိုက်ပျိုးမှုမှာ ရုတ်တရက် မြင့်တက်လာသည်ဟု ဆိုသော်လည်း၊ ဘိန်းထုတ်လုပ်မှုမှာ ၂၀၀၆ ခုနှစ်မှ စ၍ လျော့နည်းလာပါသည်။

          မြန်မာနိုင်ငံသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး ဟီးရိုးအင်း ထုတ်လုပ်မှု ဖြစ်ပြီး၊ အရှေ့တောင်အာရှတွင် မက်သာဖက်တမင်း ထုတ်လုပ်မှု ထိပ်ဆုံးက ရှိသော နိုင်ငံ ဖြစ်ပါသည်။

          မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုအတွက် အဓိက ဒေသဖြစ်သော ရှမ်းပြည်နယ်၏ အခြေအနေ သည် တည်ငြိမ်မှု မရှိဘဲ၊ ရုတ်တရက် တစ်စုံတစ်ခု ဖြစ်သွားနိုင်သော အခြေအနေတွင် ရှိပါသည်။ အင်အား ၃၀၀၀၀ ခန့် ရှိသော ဝ ညီညွှတ်ရေးပါတီ (UWSA) သည် ရှမ်းပြည်နယ်၏ နေရာ အတော်များများကို နေရာယူထားပြီး၊ အစိုးရနှင့် မသေချာသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူထားပါသည်။ ထို့အပြင် UWSA သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင် လှုပ်ရှားနေသည်ဟု ယုံကြည်ရပါသည်။

          မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ မြန်မာအစိုးရ၏ မျက်စိမှိတ် ခွင့်ပြုချက်မရှိဘဲ ပြုလုပ်၍ ရနိုင်သော အရာ မဟုတ်ကြောင်း NDF ကျေညာချက်တွင် ဖော်ပြထားပါသည်။

          ပြီးခဲ့သည့် သြဂုတ်လက မြန်မာစစ်တပ်သည် နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲရန် ငြင်းဆန်ခဲ့သော ကိုးကန့် လက်နက်ကိုင် အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

          တိုက်ပွဲများ အချိန်မကြာမြင့်ဘဲ ပြီးဆုံးသွားသောအခါ မြန်မာအစိုးရ မီဒီယာများတွင် ကိုးကန့်ရွာများ၌ မက်သာဖက်တမင်း ဆေးပြားများ အမြောက်အများ တွေ့ရှိရသည်ဟု ကြေညာခဲ့ပါသည်။ ထို့နောက် အစိုးရ မီဒီယာများတွင် အခမ်းအနားကြီးဖြင့် မူးယစ်ဆေးဝါးများ ဖျက်ဆီးပစ်မှုကို ဖော်ပြခဲ့ကြပါသည်။

          ထို့အပြင် နိုဝင်ဘာလက မြန်မာသတင်းစာများတွင် ကိုးကန့်အား တိုက်ခိုက်ရခြင်းမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်သောကြောင့် မဟုတ်ဘဲ လက်နက်များ တရားမဝင် ထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါးများကို အကြီးအကျယ် ရောင်းဝယ် ဖောက်ကားမှုကြောင့်ဟု ရှင်းလင်း ရေးသား ထားသည်ကို တွေ့ရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Deccanherald.com, 15th.Dec.2009

          အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအတွက် ၎င်း၏ ရပ်တည်မှု အဆင့်ကို တိုးမြှင့်ရန် ကြိုးစားနေပါသည်။  အကြောင်းမှာ နျူကလ်ီးယား စွမ်းဆောင်ရည် ဖွံ့ဖြိုးလာနိုင်ချေ ရှိသောကြောင့် ဖြစ်သည်။

          မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည် သာမကဘဲ ဗုဒ္ဓဘာသာကို အမွေ ဆက်ခံပုံချင်းလည်း တူညီနေပါသည်။  လွပ်လပ်ရေး ရပြီးနောက်တွင် အိန္ဒိယသည် မြန်မာနိုင်ငံနှင့် မတူညီသော လမ်းကြောင်းပေါ်တွင် လက်ချင်းချိတ်၍ လျှောက်လှမ်းခဲ့ပါသည်။

          သို့သော်လည်း စစ်အုပ်ချုပ်ရေး ကြီးမားစွာ နေရာယူလာချိန်တွင် မြန်မာနှင့် အိန္ဒိယ တွေ့ဆုံ ဆွေးနွေးမှုများ သိသိသာသာ လျှော့ပါးသွားခဲ့ပြီး အိန္ဒိယကလည်း အိမ်နီးချင်း မြန်မာနိုင်ငံတွင်းမှ ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုများကို သတိကြီးစွာ ထား၍ ထောက်ခံ တုန့်ပြန်ခဲ့ပါသည်။

          လာမည့် ၂၀၁၀ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ­အရေးကြီးသော မိုင်တိုင်တစ်ခု ဖြစ်လာဖွယ်ရှိပြီး တပ်မတော် အစိုးရက ရွေးကောက်ပွဲများ ကျင်းပရန် ကတိပြု ထားသောကြောင့် နိုင်ငံတွင်း ဒီမိုကရေစီ ထွန်းကားရေးနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပမှ မျှော်လင့်ချက်များ ရှင်သန်နေပါသည်။  သို့ရာတွင် လွန်ခဲ့သော နှစ် ၃၀ ခန့်အတွင်း ပထမဆုံးအကြိမ် လွပ်လပ်စွာ ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ၏ ကံကြမ္မာအရ သင်ခန်းစာ ယူစရာများ ရှိနေပါသည်။  အဆိုပါ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို စစ်ဖက် အုပ်ချုပ်သူများက အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲ ရလဒ်များကို ငြင်းပယ်ခဲ့ပါသည်။

          မြန်မာ ဒီမိုကရေစီ ခေါင်းဆောင်များအား အိန္ဒိယက ပိုမို တက်ကြွစွာ ထောက်ခံရေးနှင့် ပတ်သက်ပြီး အယူအဆများ ကွဲပြားနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ မှစ၍ နေအိမ်တွင် အကျယ်ချုပ် ကျခံနေရပါသည်။ ၂၀၀၇ စက်တင်ဘာတွင် ရာပေါင်း များစွာသော ဘုန်းကြီးများသည် သူမ၏ အိမ်ရှေ့သို့ ချီတက် လမ်းလျှောက်၍ ထောက်ခံမှုကို ပြသခဲ့ကြကာ ၄ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ပြည်သူများက သူမအား တွေ့မြင်ခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီကို တောင်းဆိုခြင်း

          စကားမစပ် ပြောရပါလျှင် NLD ပါတီ နှင့်တကွ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း စသော တိုင်းရင်းသား ပြည်နယ်များ၏ နိုင်ငံရေး အစည်းအရုံးတစ်ခု ဖြစ်သည့် တိုင်းရင်းသား လူမျိုးစုကောင်စီ ENC တို့သည် မြန်မာနိုင်ငံ၏ အနာဂတ် ဒီမိုကရေစီ အရေးအတွက် ပါဝင် ပန္ဒက် ရိုက်သူများ ဖြစ်ရပါလိမ့်မည်။ ၎င်းတို့အနက် အချို့သော ပြည်နယ်များသည် ဗြိတိသျှ ကိုလိုနီဘဝ မရောက်ခင်ကပင် လွတ်လပ်သော ဒေသများ ဖြစ်ခဲ့ပါသည်။

          "နယူးဒေလီ" ၏ ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ အရေးတွင် သာမကပဲ ပါကစ္စတန် ကိစ္စ၌ပါ ချို့ယွင်းချက်များ ရှိနေပါသည်။ ဤအချက်သည် အိန္ဒိယနိုင်ငံ၏ မူဝါဒနှင့် ရှေ့နောက်မညီ ကွဲလွဲနေပါသည်။ မိမိတို့သည် ဒီမိုကရေစီ မြတ်နိုးသူများ ဖြစ်သည်။ သို့သော် အိမ်နီးချင်း နိုင်ငံများ၏ ဒီမိုကရေစီ အရေးတွင် တက်ကြွစွာ ဆောင်ရွက်ခြင်း မရှိခဲ့ဟု ယခင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆော်လမွန်ဟောဒါ က ပြောကြားပါသည်။

          အိန္ဒိယနိုင်ငံ၏ အစဉ်အလာများအပေါ် သက်ရောက်မှု ဖြစ်ပေါ်လာမည်ကို ပူပန်နေသော North-East Studies Center မှ ပါမောက္ခ ဆန်ဂျွိုင်းဟာဇာရီကာက ပြောကြားရာတွင် မြန်မာဗိုလ်ချုပ်များက ဒီမိုကရေစီစနစ်ကို ချေမှုန်း၍ အခြားပုံစံတစ်ခုဖြင့် နိုင်ငံဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့သော ၁၉၉၀ ခုနှစ်များတွင် ALL India Radio က အလွန် အရေးကြီးသော ကဏ္ဍမှ ပါဝင်ရပ်တည်၍ ဒီမိုကရေစီကို အားပေးခဲ့သည်ဟု ဆိုပါသည်။

          တရုတ်နိုင်ငံက မြန်မာအစိုးရနှင့် ခိုင်မာသော ဆက်ဆံရေးများ တည်ဆောက် လာသောအခါတွင် ဒီမိုကရေစီအရေးကို အပြည့်အဝ ထောက်ခံခြင်း မပြုသင့်တော့ ဟူသော မဟာဗျူဟာဆိုင်ရာ အတွေးအခေါ်များ အိန္ဒိယနိုင်ငံတွင် ပေါ်ပေါက်လာခဲ့သည်ဟု ၎င်းက ပြောကြားပါသည်။

          Euro-Burma Office ၏ ညွှန်ကြားရေးမှူး ပါမောက္ခ ဟန်ယောင်ဂွေးကမူ အမေရိကန် ပြည်ထောင်စုသည် တရုတ်နှင့် ဆွေးနွေးရာတွင် မြန်မာနိုင်ငံအရေးကို ထည့်သွင်းနိုင်ခြင်း မရှိ၍ မြန်မာအစိုးရနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို တိုးမြင့် ဆောင်ရွက်လာခြင်း ဖြစ်သည်ဟု သုံးသပ်ပါသည်။ သို့ဖြစ်၍ အမေရိကန်သည် အာဆီယံ အဖွဲ့အတွင်း ပိုမို တက်ကြွစွာ လှုပ်ရှားရန် အစီအစဉ်များ ရေးဆွဲ ထားပါသည်။ မြန်မာနိုင်ငံသည် ပြဿနာနိုင်ငံ ဖြစ်နေသောကြောင့် အမေရိကန်သည် အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ သို့သော် ယခုအခါ မြန်မာနိုင်ငံသည် နျူကလီးယား စွမ်းဆောင် မှုများ ဖွံ့ဖြိုးလာဖွယ် ရှိသောကြောင့် အမေရိကန်က စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

          အကယ်၍ ဘင်္ဂလားဒေ့ရှ်က အိန္ဒိယအပေါ် ရန်လိုသော သဘောထားကို ပြောင်းလဲခဲ့သည့် တိုင်အောင် အိန္ဒိယ အရှေ့မြောက် ဒေသအရေးအတွက် မြန်မာနိုင်ငံသည် ပြဿနာတစ်ရပ် ဖြစ်နေပါသေးသည်ဟု ယခင် ပြည်ပရေးရာ ဝန်ကြီး ရာဂျစ်ဆီကရီက ပြောကြားပါသည်။ ဤအချက်သည် အရှေ့မျှော် မူဝါဒ(Look East Policy) ၏ တစ်စိတ်တစ်ဒေသအဖြစ် နယူးဒေလီက နားလည် သဘောပေါက်လာခြင်း ဖြစ်သည်ဟု ၎င်းက ဆိုပါသည်။

          မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ထိစပ်နေသော အရူနာချာပရာဒေ့ရှ် ပြည်နယ်သည် ဘီဂျင်းက စောဒက တက်နေသော ပြည်နယ်တစ်ခု ဖြစ်သည်။ တရုတ်သည် ကချင်ပြည်နယ်ကို ကောင်းစွာ ထိန်းချုပ်ထားသည်ဟု ၎င်းက ပြောပါသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင်းရှိ ကားလမ်းနှင့် ရထားလမ်း စီမံကိန်းများတွင် ပိုမို ရင်းနှီးမြှုပ်နှံခြင်း၊ ပြည်သူချင်း ထိတွေ့ ဆက်ဆံမှုကို တိုက်တွန်း အားပေးခြင်းနှင့် ရာစုနှစ်ဟောင်းကပင် ရှိခဲ့သော ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးသွားလုပ်ငန်းကို ချဲ့ထွင်ခြင်းတို့ကို ပို၍ အားပေး ဆောင်ရွက်သင့်သည်ဟု ရာဂစ်ဆစ်ကရီက မှတ်ချက်ပေးပါသည်။

ဘာသာစကား မတူသော တိုင်းရင်းသားများ

          ဗမာလူမျိုး အများစု ရှိနေသော မြန်မာနိုင်ငံတွင်းရှိ ဘာသာစကား ကွဲပြားသော တိုင်းရင်းသား လူနည်းစုများကို ဆုံးဖြတ်ခွင့် ပေးရန် ငြင်းဆန်နေခြင်းသည် မြန်မာနိုင်ငံ၏ အဓိက ပြဿနာတစ်ခု ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင်းမှ အတိုက်အခံပါတီများ၊ လူ့အခွင့်အရေး အဖွဲ့များနှင့် ဆက်ဆံမှု မရှိသည့်အတွက် စိတ်မကောင်း ဖြစ်ရသည်ဟု Women League Of Burma မှ အဖွဲ့ဝင် သင်းသင်းအောင်က ပြောကြားပါသည်။

          ပြည်ပရောက် NLD လွှတ်တော်အမတ် ဒေါက်တာတင့်ဆွေက တပ်မတော်မှ စတင် ဆောင်ရွက်ခဲ့သော အရေးကြီး လုပ်ငန်းစဉ် ၂ ခု ဖြစ်သည့် လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့အများစုနှင့် အပစ်အခတ် ရပ်စဲခြင်း၊ ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပရန် ကတိပြုခဲ့ခြင်းတို့ကို ထောက်ပြ ဆွေးနွေးပါသည်။

          မြန်မာနိုင်ငံမှ  ပြည်တွင်းစစ်နှင့် ဒုက္ခသည် အမြောက်အမြား မလေးရှား၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် သို့ ထွက်ခွာ သွားလာမှုကို ပြောကြားခဲ့သူမှာ တိုင်းရင်းသား လူမျိုးစုကောင်စီ ENC ဗစ်တာဗျတ်လျန် ဖြစ်ပါသည်။ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိနေသော ချင်း ဒုက္ခသည် ၇ သောင်းခန့် ရှိပါသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဓမ္မ စေခိုင်းမှုများ၊ ကွင်းမိုင်း(Land Mine) များ၏ ဆိုးကျိုး ခံစားရသော သားကောင်များ၊ ဒုက္ခသည်စခန်းများမှ မိဘမဲ့ကလေးများ၊ ကလေးနှင့် မိန်းမများသာ ရွာတွင် ကျန်ရစ်ခဲ့သော ရွှေ့ပြောင်း နေထိုင်မှုများနှင့် အစိုးရ၏ တပ်ဖွဲ့ဝင် တစ်သန်း နေရာယူထားမှုများကို ၎င်းက ရည်ညွှန်းကိုးကား ပြောဆိုခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေး ပေါ်ပေါက်လာရန် နိုင်ငံတကာက ထိရောက်စွာ ဖိအားပေးရေးအတွက် ၎င်းက ကြိုးစားနေခြင်း ဖြစ်ပါသည်။

          တပ်မတော် အစိုးရက ကျင်းပရန် ကတိပေးထားသော ၂၀၁၀ ရွေးကောက်ပွဲကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြချိန်တွင် မြန်မာအစိုးရအား ဒီမိုကရေစီ စံနှုန်းများကို ကူညီ ပြသခြင်း၊ ဒီမိုကရေစီ အခြေခံ အဆောက်အဦများ တည်ဆောက်ရန် ကူညီခြင်းဖြင့် အိန္ဒိယနိုင်ငံက ကောင်းစွာ ပါဝင် ဆောင်ရွက်နိုင်ပါသည်။ မြန်မာနိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုများကို တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် နယူးဒေလီသည် မြန်မာနိုင်ငံ၏ အနာဂတ်တွင် အပေါင်းလက္ခဏာ ဆောင်သော တိုးတက်မှုများ မြင်တွေ့နိုင်ရန် ကောင်းစွာ တွန်းအား ပေးနိုင်ပါလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်ဆီး ထိန်းသိမ်းခံထားရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ စီနီယာ အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပြုတော့မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

ရဲချုပ် ခင်ရီသည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီပါတီ ဥက္ကဌ ဦးအောင်ရွှေ၏ နေအိမ်သို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ၏ ထိပ်ပိုင်း အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ပြောဆိုခဲ့ကြောင်း ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဆွေက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုကော်မတီဝင် ဦးလွန်းတင်တို့ ပါဝင်မည် ဖြစ်သည်။ သို့သော် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည့် နေ့ရက်နှင့် အချိန် အတိအကျကို မသိရှိရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လတွင် နေအိမ် အကျယ်ချုပ် ၁၈ လ ထပ်မံ ကျခံရန် ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရသည်။ ထို့ပြင် နေအိမ် အကျယ်ချုပ် ကာလအတွင်း ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံရန် သော်လည်းကောင်း၊ နေအိမ် အကျဉ်းထောင်မှ ပြင်ပသို့ ထွက်ရန် လည်းကောင်း အခွင့်အရေး အနည်းအကျဉ်းသာ ရရှိခဲ့သည်။

မြန်မာစစ်အစိုးရ မီဒီယာများ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ အဖွဲ့ဝင်များနှင့် သီးခြားစီ တွေ့ဆုံမည့် အစီအစဉ်များကို ပယ်ချခဲ့သည်။ အကြောင်းမှာ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးမှာ တွေ့ဆုံ ဆွေးနွေးခွင့် ရရှိမည် မဟုတ်သောကြောင့် ဟု ဆိုသည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံ ဆွေးနွေးမှုများ ပေးခဲ့သည်။

ဦးခင်မောင်ဆွေက အဆိုပါ ယခု ပြုလုပ်ခွင့်ပေးမည့် တွေ့ဆုံ ဆွေးနွေးပွဲသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ဒေါ်အောင်ဆန်းစုကြည် က ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရေးရန် စာဖြင့် ရေးသား တောင်းဆိုခဲ့မှု၏ အကျိုးဆက် ဖြစ်ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးအတွက် မြန်မာအစိုးရ အပါအဝင် သူမ၏ ပါတီအဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်လိုပါသည် ဟု စာရေးသားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တိုက်ရိုက် တွေ့ဆုံခွင့် ပြုရန် တောင်းဆိုခဲ့သည်။

"ပိတ်ဆို့ အရေးယူမှု ဖယ်ရှားရေးအတွက် ပထမအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒုတိယအဆင့်ကတော့ အဆိုပြု တောင်းဆိုထားတဲ့ အတိုင်း ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရမယ် ဆိုတာပါ" ဟု ဦးခင်မောင်ရွှေက ပြောကြားသည်။

"နောက်ဆုံးအဆင့်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးခွင့် ရလာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ရတာပဲ။" ဟုလည်း ဆက်လက် ပြောကြားသွားသည်။

ဤအတောအတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် သူမနှင့် တွေ့ဆုံ ဆွေးနွေးခွင့် ပြုရန် ရှေ့နေများက စစ်အစိုးရထံသို့ စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်။

"ဘယ်နေ့၊ ဘယ်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်ဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံခွင့် ရခဲ့တုန်းက အယူခံကိစ္စမှာ ပြင်ဆင် ဖြည့်စွက်ဖို့ လိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ကို ပြောခဲ့တယ်။ အခု ကျွန်တော်တို့ သူမ ပြောတဲ့အတိုင်း ပြင်ဆင်ပြီးပါပြီ။ အဲဒါတွေကို သူမကို ပြပြီး သဘောတူညီချက် ယူဖို့ပဲ ရှိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် အမှုအတွက် အယူခံကို ကာကွယ် ပြောဆိုရမည့်နေ့ ဖြစ်ရာ ထိုနေ့မတိုင်မီ သူမနှင့် တွေ့ဆုံ ဆွေးနွေးလိုပါ ကြောင်း ၎င်းက ဆိုသည်။

DVB သတင်းဌာန ၏ Suu Kyi to meet with party colleagues ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Press Release: United Nations, scoop.co.nz/stories,16th Dec 2009

            ကုလသမဂ္ဂ ဖွံ့ဖြိုးမှု ဆက်ဆံရေး အစီအစဉ်က မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို အားဖြည့် မြှင့်တင်ရန် ကြိုးစားနေပါသည်။

          ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အရာရှိများသည် မြန်မာအစိုးရ ဝန်ကြီးများနှင့် ယနေ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး ဆင်းရဲ နွမ်းပါးသော နိုင်ငံ၏ လယ်ယာကဏ္ဍကို အားဖြည့် မြှင့်တင်ကာ အာရှတိုက်၏ ဆန်အိုးကြီး အနေအထားသို့ ပြန်လည် ရောက်ရှိအောင် ကူညီရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

          ယနေ့ အကြံဥာဏ်များနှင့် လေ့လာ ဆန်းစစ်မှုများသည် မူဝါဒရေးရာ ဆွေးနွေးမှုများနှင့် ဖွံ့ဖြိုးရေး အစီအစဉ်များတွင် ရှေ့လျှောက် ပိုမို ထိရောက်စွာ ဆက်ဆံ ဆောင်ရွက်နိုင်ရေးအတွက် ကဏ္ဍသစ် ဖွင့်လှစ်ပေးနိုင်လိမ့်မည်ဟု မိမိ မျှော်လင့်ကြောင်း အာရှ ပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် ESCAP ၏ အမှုဆောင် အတွင်းရေးမှူး နိုလင်းဟေဇာက နေပြည်တော်တွင် ကျင်းပသော ဆွေးနွေးပွဲတွင် ပြောကြားပါသည်။

          အစိုးရက တောင်းဆိုခဲ့သော ယခု ဖွံ့ဖြိုးရေးဆိုင်ရာ ဆက်ဆံ ပူးပေါင်းရေး အစီအစဉ်သည် ကျော်ကြားသော နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်း သုတေသန ပညာရှင်များအတွက် အစိုးရ ဌာနများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် အတွေ့အကြုံ၊ အကြံဥာဏ်များ ဖလှယ်ရန် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်လာပါလိမ့်မည်။ အဆိုပါ ကိစ္စကို လယ်ယာဆည်မြောင်း ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာနနှင့် ESCAP တို့ ကမကထ ပြု၍  ကျင်းပသော ဆွေးနွေးပွဲ၏ ဒုတိယပိုင်း အစီအစဉ်အဖြစ် နိုလင်းဟေဇာက ပြောကြားသွားပါသည်။

          ESCAP က ဖိတ်ကြားထားသူ နိုဘယ်ဆုရှင် စီးပွားရေး ပါမောက္ခ ဂျိုးဇက်စတစ်ဂလစ်နှင့် အခြား ကျော်ကြားသော ကျွမ်းကျင် ပညာရှင်များကလည်း မြန်မာနိုင်ငံတွင် ဆင်းရဲ မွဲတေမှုကို လျှော့ချရန်အတွက် များစွာသော မဟာဗျူဟာ ပေါင်းစုံကို ဒေသတွင်း အတွေ့အကြုံများဖြင့် ဆွေးနွေး ခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍ အောင်မြင်မှု ကျောထောက်နောက်ခံဖြင့် စီးပွားရေး ဖွံ့ဖြိုးလာသော ဒေသတွင်း အခြားနိုင်ငံများထံမှ အတွေ့အကြုံနှင့် သင်ခန်းစာများ ရယူရန် အကောင်းဆုံး အနေအထားတွင် ရှိနေသည်ဟု စတစ်ဂလစ်က မှတ်ချက်ပေးပါသည်။

          အောင်မြင် တိုးတက်ရန်အတွက် ကြီးမားသော အခွင့်အလမ်းများ ရှိနေသည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ် ဆောင်ရွက်သင့်သည်ဟု ၎င်းက ပြောကြားခဲ့ပြီး သင့်လျော်သော စိုက်ပျိုးရေး ဘဏ္ဍာရေးစနစ် တစ်ခုကို ရရှိပိုင်ဆိုင်ရေးနှင့် မျိုးစေ့များ၊ မြေသြဇာများ ရရှိရေး အခွင့်အလမ်းများကို တွန်းအားပေးရန် အစိုးရအား တိုက်တွန်းခဲ့ပါသည်။ မြန်မာအစိုးရ အနေဖြင့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် သိသာ ထင်ရှားစွာ ပိုမို တိုးမြှင့် သုံးစွဲသင့်ပြီး ဖွံ့ဖြိုး တိုးတက်ရေးကို လှုံ့ဆော်ရန်နှင့် ဝင်ငွေ၊ သုံးငွေများ တိုးတက်လာစေရန် ကျေးလက် အခြေခံ အဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းများတွင် ဝင်ငွေ ကောင်းသော အလုပ်များ ဖန်တီး ဖော်ဆောင် ပေးသင့်သည်ဟု ဆိုပါသည်။

          အခြေခံစနစ်များ၊ အခြေခံ အဆောက်အအုံများ ကောင်းစွာ အသားကျနေခြင်းသည် အောင်မြင်မှုအတွက် အလွန်အရေးပါသည်ဟု စတစ်ဂလစ်က မှတ်ချက်ပေးခဲ့ပြီး ရေနံနှင့် ဓာတ်ငွေ့မှ ရသော ဝင်ငွေများကို သင့်လျော် မှန်ကန်စွာ အသုံးချနိုင်ပါက ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်လိမ့်မည်ဟု အလေးအနက် ပြောကြားပါသည်။ ကောင်းမွန်စွာ အသုံးမချနိုင်ပါက တန်ဖိုးကြီးသော အခွင့်အလမ်းများကို ဖြုန်းတီးရာ ရောက်မည် ဖြစ်၍ အထူး သတိထားရန် လိုကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးသည် ခွဲခြား၍ မရနိုင်ကြောင်း ၎င်းက သတိပေး ပြောကြားခဲ့ပါသည်။

          ကမ္ဘာ့စင်မြင့်တွင် မြန်မာအနေဖြင့် နေရာတစ်ခု ရရှိရေးနှင့် အမှန်တကယ် လုံခြုံ၍ တည်ငြိမ်သော အခြေအနေကို ရရှိရန်အတွက် အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ဆောင်ရွက်နိုင်မှုနှင့် အားလုံးနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ ရှိရမည်ဟု ၎င်းက ဆိုပါသည်။

          ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆက်ဆံ ပူးပေါင်းရေး အစီအစဉ်များတွင် ESCAP နှင့် ပိုမို ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဗိုလ်ချုပ်ဌေးဦးက ကြိုဆိုလိုက်ပါသည်။ ၂၀၁၀ တွင် ပေါ်ပေါက်လာမည့် ဖက်စပ် ပူးပေါင်း ဆောင်ရွက်မှုများ အထူးသဖြင့် အားလုံးနှင့် သက်ဆိုင်သော ကျေးလက် စီးပွားရေး ဖွံ့ဖြိုးမှုကို ရှေ့ရှုသော လယ်ယာကဏ္ဍ ရှင်သန်နိုင်ရေးအတွက် ဒေသတွင်း ဖွံ့ဖြိုးရေး အစီအစဉ်များကို မိမိ မျှော်လင့်နေပါသည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP news from : news.yahoo.com, 15th Dec 2009

          ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးသည် ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး ခရီးစဉ်အဖြစ် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး ယခင် စစ်တိုက်ခဲ့ကြဖူးသော နိုင်ငံ (၂) ခုကြား ဆက်ဆံရေးသည် အလွန် အရေးကြီးသည်ဟု ပြောကြားခဲ့သူ ထင်ရှားသည့် အမေရိကန် ဆီနိတ်တာနှင့် အင်္ဂါနေ့က တွေ့ဆုံခဲ့ပါသည်။

          ဗိုလ်ချုပ်ကြီး ဖန်ကွမ်သန်သည် အရှေ့အာရှဆိုင်ရာ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်တစ် ဆီနိတ်တာ Jim Webb နှင့် တွေ့ဆုံခဲ့ပြီး အထက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များ ကော်မတီဝင် ထိပ်တန်း ရီပတ်ဗလီကင် အမတ် ဆီနိတ်တာ John McCain နှင့်လည်း တွေ့ဆုံရန် ရှိပါသည်။

          အမေရိကန် ပြည်ထောင်စု အနေဖြင့် အရှေ့တောင် အာရှနှင့် အဆင့်တိုင်း၌ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရန် အလွန်အရေးကြီးသည်ဟု ပြောကြားခဲ့သူ Jim Webb သည် ဗီယက်နမ် စစ်ပွဲကာလက ကမ်းတက် တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး သြဂုတ်လ ဟနွိုင်း ခရီးစဉ်တွင် ကသောကမျော  (၃၅) မိနစ် အစည်းအဝေး အပြီး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

          မိမိသည် အမေရိကန်နှင့် ဗီယက်နမ်ကြား ချစ်ကြည်ရေး တံတားထိုးရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပါသည်။ ရင်းနှီးစွာ ဆက်ဆံရေးသည် အလွန် အရေးကြီးပါသည်ဟု Jim Webb က ပြောခွင့်ရ အမျိုးသမီးမှ တစ်ဆင့် ပြောကြားခဲ့ပါသည်။

          John McCain သည်လည်း ဗီယက်နမ် စစ်ပြန် စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ်ပြီး ဟနွိုင်းတွင် ပစ်ခတ်ခံရပြီး (၅) နှစ်ခွဲခန့် အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်။

          ဗီယက်နမ်စစ်ပွဲအပြီး နှစ် (၂၀) အကြာ ၁၉၉၅ ခုနှစ်တွင် နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေး ထူထောင်ပြီးချိန်မှ စ၍ အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့သော ဒုတိယမြောက် ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး သန်ကို ဗီယက်နမ် မီဒီယာများက အလေးပေး ဖေါ်ပြခဲ့ကြပါသည်။

          ပါရာဆဲ ကျွန်းစုများ၊ ဝေးလံသော တောင်ပိုင်း စပရက်တလေ ကျွန်းစုများ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး တရုတ်နှင့် ဗီယက်နမ် အကြား အချိန် ကြာမြင့်စွာ အငြင်းပွားနေမှုသည် ယခုနှစ် စောစောပိုင်းက ပိုမို ကြီးမားလာခဲ့ပြီးနောက် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး၏ အမေရိကန် ခရီးစဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy,Saw Yan Naing, 14th Dec 2009

          မြန်မာနိုင်ငံ ပြင်ပရှိ မီဒီယာများသည် မြန်မာနိုင်ငံအတွင်းရှိ မြန်မာသတင်းစာ ဆရာများ အနေဖြင့် ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြပွဲများနှင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့သလို၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတင်း အချက်အလက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများကို ပေးပို့ကြရန် မျှော်လင့်နေကြပါသည်။

          ပြီးခဲ့သည့် သောကြာနေ့က ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်သော မဲခေါင် မီဒီယာ ဆွေးနွေးပွဲတွင် ဧရာဝတီမှ အုပ်ချုပ်မှု အယ်ဒီတာ ကျော်စွာမိုးက မြန်မာနိုင်ငံသား သတင်းစာ ဆရာများသည် အနာဂတ်၊ အထူးသဖြင့် ၂၀၁၀ တွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်ရလိမ့်မည် ဖြစ်ပြီး၊ မီဒီယာများသို့ ဓာတ်ပုံများ၊ သတင်းများ ဖြန့်ဝေပေးရလိမ့်မည်ဟု ပြောကြားခဲ့ပါသည်။

          ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သော အရေးအခင်းတွင် မြန်မာနိုင်ငံတွင်းမှ သတင်းစာဆရာများ၊ အစိုးရ ဆန့်ကျင် လှုပ်ရှားသူများ၊ အစိုးရ ဝန်ထမ်းများနှင့် ဘလောဂ့်ဂါများသည် အစိုးရ၏ တင်းကြပ်သော အကန့်အသတ်များကြားမှ အင်တာနက်ကို အသုံးပြု၍ မြန်မာနိုင်ငံ ပြင်ပရှိ မီဒီယာများနှင့် နိုင်ငံတကာ သတင်းဌာနများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းများ၊ ဓာတ်ပုံများ ပေးပို့ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့ကြပါသည်။

          ၂၀၀၇ ခုနှစ် အရေးအခင်းအတွင်းက မိမိတို့သည် ရန်ကုန်နှင့် အခြားမြို့များမှ ဓာတ်ပုံများနှင့် သတင်းများ အမြောက်အများ လက်ခံရရှိကြောင်း၊ အချို့ဆိုလျှင် မည်သူက ပေးပို့သည်ကိုပင် မသိကြောင်း ကျော်စွာမိုးက ပြောပါသည်။

          ၂၀၀၇ ခုနှစ်သည် မြန်မာပြည်သား သတင်းစာဆရာများ မွေးဖွားသောနှစ်ဟု ဆိုရမည် ဖြစ်ကြောင်း၊ ငယ်ရွယ်သော ကျောင်းသား၊ ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများ အပါအဝင် အလွှာပေါင်းစုံ လူတန်းစားများသည် မိမိတို့ မျက်မြင်ကိစ္စရပ်များကို သတင်း ပေးပို့ခဲ့ကြပါသည်ဟု ၎င်းက ပြောပါသည်။

          ၂၀၀၈ ခုနှစ်တွင် လူပေါင်း (၁၃၀၀၀၀) ကျော် သေဆုံးသော ရန်ကုန်တိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် တိုက်ခတ်သော နာဂစ်မုန်တိုင်းကြောင့် အခြေအနေ ဆိုးရွားပြီး လိုအပ်ချက် သတင်းများကို ပြည်တွင်း သတင်းစာ ဆရာများ ပေးပို့နိုင်ခဲ့ပါသည်။

အကယ်၍ စစ်အစိုးရ၏ အင်တာနက် ဆင်ဆာများက သိရှိသွားခဲ့လျှင် ပြည်တွင်းသတင်းစာ ဆရာများအဖို့ အန္တရာယ် အလွန်များကြောင်း ကျော်စွာမိုးက ပြောပါသည်။ ၎င်းတို့သည် အစိုးရ၏ အလက်ထရွန်းနစ် ဥပဒေ ပုဒ်မ ၃၃ (က) နှင့် အရေးယူ ခံရနိုင်ကြောင်း လူနှစ်ရာခန့် တက်ရောက်သော မဲခေါင်မီဒီယာ ဆွေးနွေးပွဲတွင် ၎င်းက ပြောပါသည်။

မဲခေါင် မီဒီယာ ဆွေးနွေးပွဲတွင် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှ သတင်းစာ ဆရာများ၊ မဲခေါင်ဒေသမှာ NGO ကိုယ်စားလှယ်များ (၂၀၀) ခန့် တက်ရောက်ကြပါသည်။

၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များတွင် မြန်မာ အာဏာပိုင်များသည် အစိုးရ ဆန့်ကျင်သူများ၊ သံဃာများ၊ သတင်းစာဆရာများကို ဖမ်းဆီးပြီး ထောင်နှစ်ရှည် ပြစ်ဒဏ်များ ချမှတ်ခဲ့ပါသည်။ စာရေးဆရာ ဇော်သက်ထွေးမှာ ဆိုင်ကလုန်းဒေသတွင် ကူညီမှုများကြောင့် ထောင် (၁၉) နှစ် ချခဲ့ပြီး၊ မြန်မာဘလော့ဂ်ဂါ နေဘုန်းလတ်မှာလည်း ၎င်း၏ အီးမေးလ်တွင် အစိုးရ ဆန့်ကျင်ရေး ကာတွန်းကို တွေ့ရှိမှုကြောင့် ထောင် (၁၅) နှစ် ပြစ်ဒဏ်ပေးခဲ့ပါသည်။

သံဃာတော်များ အရေးအခင်း အပြီးတွင် အရပ်သားများ ဆန္ဒပြမှုများ ထပ်မံ ပေါ်ပေါက်နိုင်သည်ဟု အများက ခန့်မှန်းကြသော်လည်း အစိုးရ ဆန့်ကျင်သူများနှင့် သံဃာတော်များကို အစိုးရက တင်းကြပ်စွာ စောင့်ကြည့်နေသောကြောင့် ထပ်မံ ဖြစ်ပွားခြင်း မရှိကြောင်း ကျော်စွာမိုးက ပြောပါသည်။

ယခုအခါ အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲဆီသို့ ဦးတည်နေရာ၊ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်မှုအား အရှိန်မြှင့်၍ လုပ်ဆောင်လာဖွယ် ရှိပြီး၊ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်သူများကို နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်မှုဟု စွပ်စွဲ၍ လူသိရှင်ကြား အရေးယူလိမ့်မည် ဖြစ်ကြောင်း သုံးသပ်သူများက ဆိုပါသည်။

သို့သော် မြန်မာအစိုးရအဖို့ မြန်မာနိုင်ငံသား သတင်းစာဆရာများ၏ နိုင်ငံ ပြင်ပတွင် သတင်းများ စီးဆင်းမှုအား တားဆီးနိုင်လိမ့်မည် မဟုတ်ကြောင်း၊ အစိုးရ ဆန့်ကျင်သူများ အနေဖြင့်လည်း နည်းပညာ မြင့်မားမှု ကျွမ်းကျင်ကြသူများ ဖြစ်ကြောင်း မြန်မာ ပြင်ပရောက် သတင်းစာ ဆရာများက ပြောပါသည်။

၂၀၀၉ ခုနှစ် နှစ်လယ်ခန့်က စစ်တပ်မှ လူများ ကိုယ်တိုင်ကပင် မြန်မာနိုင်ငံ၏ ထိပ်တန်း လျှို့ဝှက်ထားသော လက်နက် စီမံကိန်းများ၊ လိုဏ်ခေါင်းများ ကိစ္စ ဓာတ်ပုံ၊ ဗွီဒီယိုများကို မီဒီယာများသို့ ပေးပို့ခဲ့ကြပါသည်။ ပြင်ပ မီဒီယာများသို့ ပေးပို့သော စစ်သားများနှင့် အရပ်သား ဝန်ထမ်းများအား ဖမ်းဆီးပြီး ပြီးခဲ့သည့်လက တရားစွဲဆိုခဲ့ပါသည်။

ဘန်ကောက် အခြေစိုက် Southeast Asia Press Alliance မှ အမှုဆောင် ဒါရိုက်တာ Roby Alampay က ပါဝင် ဆွေးနွေးရာတွင် ၂၀၁၀ တွင် ပြည်တွင်း သတင်းစာ ဆရာများ အနေဖြင့် အထက်ပါအတိုင်း စွမ်းဆောင်နိုင်လိမ့်မည်ဟု အကောင်းမြင် ပြောကြားခဲ့ပါသည်။

သတင်းစာ ဆရာများ များပြားလာလေလေ၊ အစိုးရ အနေဖြင့် လိုက်လံ စောင့်ကြည့်ဖို့ ခက်လေလေ ဖြစ်မည်ဟု Alampay က ပြောသွားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.