Transparency Myanmar

transparency.myanmar@gmail.com

strategypage.com, 19th – December - 2009

မြန်မာနိုင်ငံတွင် မြောက်ဘက်နှင့် အရှေ့ဘက်ရှိ တိုင်းရင်းသား သူပုန်များသည် ဘိန်းနှင့် ဟီးရိုးအင်း ထုတ်လုပ်မှုများ လုပ်ကိုင်နေသည်ဟု ယူဆရပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အဆိုပါ ဒေသများတွင် ကိုယ်ပိုင် လွတ်လပ်စွာ ရပ်တည်လိုသော်လည်း အစိုးရက ၎င်း၏ ချုပ်ကိုင်မှုအောက်သို့ သွတ်သွင်း နေသောကြောင့် စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင်မှုများ ရှိလာသောကြောင့် ဖြစ်ပါသည်။ တိုင်းရင်းသားများသည် ရာစုနှင့် ချီ၍ တိုက်ခိုက်လျက် ရှိရာ လွန်ခဲ့သော ဆယ်နှစ်ကျော်က အစိုးရသည် တိုင်းရင်းသား အများစုနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရယူခဲ့ပါသည်။ အစိုးရအား ဆက်လက် ဆန့်ကျင်လျက် ရှိသော အဓိက အဖွဲ့တစ်ခုသည် ရှမ်း ဖြစ်ပြီး၊ Shan State Army (SSA) အင်အား တစ်သောင်းရှိသော တပ် ဖြစ်ပါသည်။ ရှမ်းတို့သည် ဆယ်စုနှစ်ပေါင်းများစွာ ၎င်းတို့၏ တော်လှန်မှုအတွက် ဘိန်း ထုတ်လုပ်၍ ငွေကြေး ထောက်ပံ့မှုကို ရယူခဲ့ပါသည်။ လွန်ခဲ့သော ဆယ်နှစ်က ၎င်းတို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို စွန့်လွှတ်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းသို့ ကြေညာရခြင်းမှာ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့သော အဖွဲ့များသည် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြသောကြောင့် ဖြစ်ပါသည်။ စစ်တပ်မှ စစ်ဆင်ရေးများဖြင့် ထိုင်းနယ်စပ်သို့ ရောက်သည်အထိ တိုက်ခိုက်ခဲ့ပါသည်။ ရှမ်းတို့သည် တစ်ခုတည်းသော အစိုးရကို ဆန့်ကျင်သည့် အဓိက အဖွဲ့အဖြစ် ထီးထီးကြီး ရှိနေသောအခါ စစ်တပ်၏ အဓိက ပစ်မှတ် ဖြစ်လာခဲ့ပါသည်။ အစိုးရသည် ဝတပ် (UWSA) ၏ အကူအညီကိုလည်း ရယူခဲ့ရာ နောက်ဆုံးတွင် တိုက်ခိုက်မှု ရပ်ဆိုင်းရန် ရှမ်းတို့ သဘောတူခဲ့ရပါသည်။

မကြာသေးမီကပင် မြန်မာစစ်တပ်သည် အင်အား (၁၅၀၀) ရှိ ကိုးကန့်တပ်ကို နှိမ်နင်းခဲ့ပါသည်။ ဆယ်စုနှစ် များစွာကပင် ကိုးကန့်တို့သည် မူးယစ်ဆေးဝါးမှ အမြတ်ငွေများစွာ ရရှိရာ လက်နက်များ ဝယ်ခြင်း၊ စစ်သားများ ငှားရမ်းခြင်းနှင့် မြန်မာ အာဏာပိုင်များအား လာဘ် ထိုးခြင်းများ ပြုလုပ်ခဲ့ပါသည်။ တိုက်ခိုက်မှုကြောင့် ကိုးကန့် ပြည်သူများ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေး ကြရပါသည်။ ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် သဘော မတွေ့ခဲ့ပါ။ သို့သော် ကိုးကန့်ဒေသသည် တရုတ် တောင်ပိုင်းဒေသအတွက် ဟီးရိုးအင်းနှင့် အခြား မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ဒေသတစ်ခု အဖြစ် ဆက်လက် မရှိနိုင်တော့သည်မှာ ကောင်းသော အကျိုးဆက် ဖြစ်ပါသည်။ တရုတ် တောင်ပိုင်းဒေသသည် မူးယစ်ဆေး စွဲပြီး၊ မူးယစ်ဆေးနှင့် ပတ်သက်သော ရာဇဝတ်မှုများဖြင့် ကာလရှည်ကြာ ပြဿနာ ဖြစ်နေသော ဒေသ ဖြစ်ပါသည်။

တရုတ်နယ်စပ်ရှိ အခြား သူပုန်အုပ်စု နှစ်စု ဖြစ်သော ဝ နှင့် ကချင်တို့သည် အစိုးရကို တိုက်ခိုက်ရန် နှစ်ဦး ပူးပေါင်းထားကြပြီး ကိုးကန့်နှင့်ပါ သဘောတူထားသော အဖွဲ့များ ဖြစ်ပါသည်။ သို့သော် ကချင်တို့သည် အင်အားကြီးသော တိုင်းရင်းသားအဖွဲ့ ဖြစ်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် လုံးဝ ပတ်သက်မှု မရှိချေ။ ယခုအခါ မြန်မာစစ်တပ်သည် ကိုးကန့်နယ်မြေအတွင်း ဝ နှင့် ကချင် စစ်သားများကို မောင်းထုတ်ခဲ့ပြီး၊ ဝ၊ ကချင်တို့နှင့် လမ်းကြောင်းအား ဖြတ်တောက်ခဲ့သည်။

ယခုအခါ ဝ တို့သည် မြန်မာစစ်တပ်၏ ပစ်မှတ် ဖြစ်လာပါသည်။ ဝ တို့အား နှိမ်နင်းလိမ့်မည်ဟု ယူဆရပါသည်။ သို့မှသာ ရွှေတြိဂံ နယ်မြေတွင် ဟီးရိုးအင်း ရောင်းဝယ်မှု အဆုံးသတ်လိမ့်မည် ဖြစ်ပါသည်။ အမှန်တကယ်တွင်မူ ဟီးရိုးအင်း လုပ်ငန်းသည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ကတည်းက စ၍ ဒုက္ခတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ရွှေတြိဂံဒေသသည် ၁၉၅၀ ခုနှစ်ကတည်းက ကမ္ဘာ့ဟီးရိုးအင်း ဈေးကွက်ကို လွှမ်းမိုးထားခဲ့ရာ လွန်ခဲ့သော ဆယ်နှစ်ကမှ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်ပါသည်။ အစိုးရ စစ်တပ်မှ ဖိအားများ ရောက်ရှိလာခြင်းနှင့် အာဖဂန်နစ္စတန်မှ ဈေးပေါသော ထုတ်ကုန်များ ထွက်ပေါ်လာသောကြောင့် ဖြစ်ပါသည်။

အာဖဂန်နစ္စတန် ခေါင်းဆောင်များသည် ရွှေတြိဂံ၏ ဟီးရိုးအင်း သမိုင်းကို သိကြပါသည်။ မူးယစ်ဆေးဝါးသည် လုပ်ကိုင်သည့် အဖွဲ့များကို ၎င်းတို့အား တိုက်ခိုက်မည့် စစ်တပ်များအား ခုခံရန် လုံလောက်သည့် အင်အားကို ရရှိစေနိုင်သည်။ ရွှေတြိဂံနယ်မှ ဘိန်းထုတ်လုပ်မှုသည် ရာစုနှစ်နှင့် ချီ၍ ရှိနေပြီ ဖြစ်ပါသည်။ သို့သော် ဒုတိယ ကမ္ဘာစစ်အပြီး စီးပွားရေး တိုးတက်လာသောအခါ ရွှေတြိဂံနယ်နှင့် အနီးရှိ နိုင်ငံများသည် ဘိန်းနှင့် ဟီးရိုးအင်း စတင် သုံးစွဲလာပြီးနောက် တစ်ကမ္ဘာလုံး သုံးစွဲလာကြသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု ရပ်ဆိုင်းသွားရေးအတွက် ပိုမို အားစိုက် ကြိုးစားလာကြရသည်။

ယခုအခါ အခြေအနေသည် ပိုမို၍ အန္တရာယ်ကြီးသော အခြေအနေသို့ ရောက်ရှိလာနေပြီ ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ တရားမဝင် ရွေ့ပြောင်းလာသူများသည် နယ်စပ်ဒေသများတွင် ငွေပုံအော၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက် ရှိနေကြပါသည်။ ထိုဒေသမှ ဝ နှင့် အခြား မြန်မာတိုင်းရင်းသားများမှာ တရုတ်သွေးပါကြသည်။ တရုတ်အစိုးရက စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှု မရှိသောကြောင့် တရုတ်ငွေများ၊ တရုတ်လူမျိုး နှင့် လက်နက် အပါအဝင် တရုတ် ပစ္စည်းများသည် နယ်စပ်ကို ဖြတ်၍ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်သည် ဖြစ်ရာ၊ မြန်မာအစိုးရအတွက် နယ်စပ်ရှိ တိုင်းရင်းသားများကို နှိမ်နင်းရေးအတွက် အခက်အခဲများ ဖြစ်စေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Inter Press Services, by Stanislaus Jude Chan, 21st December 2009

မြန်မာစစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်နေသော နိုင်ငံရေး လှုပ်ရှားသူများက မည်သည့်အရာကိုမျှ လေးစား လိုက်နာခြင်း မရှိသော စစ်အစိုးရနှင့် ဆက်ဆံရေး မှန်သမျှ ဘာမျှ ဖြစ်မလာသည်ကို တွေ့ရလိမ့်မည်ဟု ဆိုကြပါသည်။ သို့သော် ၂၀၀၁ ခုနှစ် နိုဘယ်ဆုရှင် Josepth Stiglitz ကမူ ဆင်းရဲ မွဲတေမှုနှင့် ဖိနှိပ်မှုများဖြင့် နာမည်ကြီးသော တိုင်းပြည်အတွက် အခွင့်အရေး တံခါးပေါက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်ပါသည်။

တနင်္လာနေ့က ESCAP က ကြီးမှူး ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် Stiglitz သည် မြန်မာနိုင်ငံ၏ ကျေးလက် စီးပွားရေးနှင့် ပတ်သက်၍ ပြောင်းလဲမှု အလားအလာများကို အကောင်းဘက်မှ ရှုမြင်ပုံအား ဖော်ပြခဲ့ပါသည်။ ခြုံ၍ ပြောရလျှင် မြန်မာနိုင်ငံတွင် ပြောင်းလဲမှုအတွက် မျှော်လင့်ချက်များ ရှိကြောင်း Stiglitz က ပြောကြားခဲ့ပါသည်။

၎င်းသည် ကမ္ဘာ့ဘဏ်၏ စီးပွားရေး အရာရှိချုပ်ဟောင်း ဖြစ်ပြီး ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦးနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဦးစိုးသာတို့နှင့် တွေ့ဆုံခဲ့ပါသည်။ Stiglitz သည် ESCAP မှ စီစဉ်သော မစ်ရှင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေးကို အကဲဖြတ်၍ ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ပါသည်။

ESCAP သည် မြန်မာနိုင်ငံနှင့် တိုင်းပြည်၏ စိုက်ပျိုးရေးကဏ္ဍ တိုးမြှင့်ပေးရေးအတွက် ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ပြီး ဖြစ်ရာ ယခင်က ဖြစ်ခဲ့ဖူးသော အာရှတိုက်၏ ဆန်အိုးကြီးနေရာကို ပြန်လည် ရရှိရန် ကူညီမည် ဖြစ်ပါသည်။ မျှော်လင့်ချက်များ ရရှိခဲ့ကြောင်း Stiglitz က ဆိုပါသည်။

ယခုအချိန်သည် တိုင်းပြည်အတွက် ပြောင်းလဲမှု အချိန် ဖြစ်ကြောင်း၊ ယခုအချိန်ကို အမိအရ အသုံးမချ နိုင်ခဲ့လျှင် အမှားကျူးလွန်သည်နှင့် အတူတူ ဖြစ်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောပါသည်။

နှိပ်စက်မှုများ ရက်စက်မှုများဖြင့် နာမည်ဆိုးသော စစ်တပ် အုပ်ချုပ်သော တိုင်းပြည်သို့ ပြောင်းလဲမှုများ ပြုလုပ်ပေးနိုင်လိမ့်မည်ဟု Stiglitz နှင့် ESCAP တို့၏ မျှော်လင့်နေမှုကို အချို့က သံသယ ရှိနေဆဲ ဖြစ်ပါသည်။ သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် စိတ်ဆိုးနေဟန်တူသူ တစ်ဦးသည် Stiglitz ထံသို့ ထလာပြီး စွပ်စွဲ ပြောကြားခဲ့ရာတွင် "အရင်အတိုင်းပဲ စစ်အစိုးရရဲ့ ငါးမျှားချိတ်က ငါးစာ ဖြစ်ပြန်ပြီ" ဟု ပြောကြားခဲ့ပါသည်။ ဆိုလိုရင်းမှာ မသိ နားမလည်သူများကို ညာဦးမည့် စီမံကိန်း ဖြစ်ကြောင်း ဖြစ်ပါသည်။

သို့သော် အချို့ စောင့်ကြည့်နေသူများကမူ ESCAP ၏ ထိပ်တိုက် တွေ့ဆုံခြင်း မရှိဘဲ ပျော့ပြောင်းသော ချဉ်းကပ်မှုသည် မြန်မာနိုင်ငံ၏ ဆင်းရဲ မွဲတေနေသော ကျေးလက်ဒေသ၏ စီးပွားရေး အခြေအနေကို တိုးတက်လာရေးအတွက် ဦးတည်ပေးနိုင်ခဲ့သည်ဟု ဆိုပါသည်။ တိုင်းပြည်၏ (၅၇) သန်းသော လူဦးရေ၏ (၇၅ %) သည် ကျေးလက် ဒေသများတွင် နေထိုင်ကြပြီး တိုင်းပြည်၏ ဆင်းရဲမှုတွင် အဓိက အခန်းမှ ပါဝင်ပါသည်။ အာဟာရ ချို့တဲ့မှုသည် မြန်မာနိုင်ငံတွင် အဆိုးရွားဆုံး ဖြစ်ပေါ်လျက်ရှိရာ၊ တိုင်းပြည်၏ ကလေးငယ်များ၏ သုံးပုံတစ်ပုံသည် အာဟာရ ချို့တဲ့မှုဒဏ်ကို ခံစားနေရသည်။

မြန်မာနိုင်ငံတွင် ယခုထိ နာဂစ်မုန်တိုင်း၏ အကျိုးဆက်များကို ခံစားနေရဆဲ ဖြစ်ပါသည်။

ဆိုင်ကလုန်း၏ အကျိုးဆက် သက်ရောက်မှုများသည် ကာလ ကြာရှည်တတ်သည်ဟု Stiglitz က ပြောပါသည်။ အဆိုပါ သဘာဝ ဘေးဒဏ်သည် မြန်မာနိုင်ငံတွင် ငွေချေးမှု အစီအစဉ်ကို ပျက်စီးသွားစေခဲ့ကြောင်း၊ ဓာတ်မြေသြဇာ ဖြည့်ဆည်းရေးကိုလည်း ထိခိုက်ကြောင်း၊ တိရစ္ဆာန် မွေးမြူရေးကိုလည်း ဖျက်ဆီးပစ်ခဲ့ကြောင်း Stiglitz က ထည့်သွင်း ပြောကြားခဲ့ပါသည်။

သဘာဝ ဘေးအန္တရာယ်၏ ကာလရှည်ကြာ သက်ရောက်မှုများအပြင် ကမ္ဘာ့စီးပွားရေးကပ်၏ သက်ရောက်မှုများနှင့် ရာသီဥတု ပြောင်းလဲမှုများ၏ သက်ရောက်မှုများ ပေါင်းလိုက်သောအခါ မြန်မာနိုင်ငံကို အန္တရာယ်ကြီးသော အခြေအနေသို့ တွန်းပို့ခဲ့လေသည်။ ထို့ကြောင်း Stiglitz က ယခုအချိန်သည် ကုလသမဂ္ဂ ဒေသတွင်း အဖွဲ့အနေဖြင့် တိုင်းပြည်၏ တိုးတက်မှုအတွက် Dr. Noelleen Heyzer ဦးဆောင်ပြီး အာရှ၏ အဖိနှိပ်ဆုံး အစိုးရနှင့် ဆက်နွယ်ပြီး ဆောင်ရွက်ရန် အသင့်တော်ဆုံး အချိန် ဖြစ်သည်ဟု ယုံကြည်နေပါသည်။

ကမ္ဘာ့စီးပွားရေးနှင့် တစ်သီးတစ်ခြား ဖြစ်နေသော နိုင်ငံသည်ပင် ကမ္ဘာ့စီးပွားရေးကပ်၏ ရိုက်ခတ်မှုကို ခံရမည် ဖြစ်သည်ဟု Stiglitz က ဆိုပါသည်။ မြန်မာ အစိုးရအတွင်းတွင် ကမ္ဘာကြီးက ပြောင်းလဲနေသဖြင့် မိမိတို့လည်း လိုက်ပါ ပြောင်းလဲရမည် ဖြစ်ကြောင်း သဘောပေါက်မှုများ တိုးပွားလာလျက် ရှိကြောင်း Stiglitz က ထည့်သွင်း ပြောကြားခဲ့ပါသည်။

မိမိတို့ ယခုခွဲခြမ်း စိတ်ဖြာထားမှုများနှင့် အကြံဥာဏ်များသည် မူဝါဒ ဆွေးနွေးမှုများနှင့် ဖွံ့ဖြိုးရေးအတွက် ပိုမို နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်မှုများအတွက် ကဏ္ဍသစ် တစ်ရပ် ဖွင့်လှစ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နေပြည်တော်၌ ကျင်းပသော အစည်းအဝေး၌ Dr. Noelleen Heyzer က ပြောကြားခဲ့ပါသည်။

ယခု ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချမှတ်ထားသော ဦးတည်ချက်များသည် ပြည်တွင်း ပညာရှင်များနှင့် လက်တွေ့ဖြစ်ပျက်နေသည်များကို သိသော ပြည်သူများ အောင်မြင်စွာ ဆက်သွယ် ဆောင်ရွက်နိုင်မှသာ အောင်မြင်မှု ရလိမ့်မည် ဖြစ်သည်ဟု သူမက ပြောပါသည်။ မြန်မာအစိုးရ အဆိုပြုသော ဖွံ့ဖြိုး တိုးတက်မှု ပါတနာရှင်သည် ထင်ရှားသော နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်းသုတေသန ပညာရှင်များနှင့် အစိုးရ အေဂျင်စီများ၊ အရပ်သား အဖွဲ့အစည်းများကြား အတွေ့အကြုံများ ဖလှယ်ကြမည့် အစီအစဉ်များကိုလည်း ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါသည်။

Stiglitz သည် ၎င်း၏ ခရီးစဉ်အတွင်း လယ်သမားများနှင့် တွေ့ဆုံရာမှ မြန်မာနိုင်ငံအတွက် အခက်အခဲတစ်ခုကို ထောက်ပြရာတွင် ကျေးလက်ဒေသများတွင် ငွေချေးယူမှုများအတွက် ပေးဆပ်ရမှု မြင့်မားပုံကို ပြောကြားသွားပါသည်။ ငွေချေး ယူရာတွင် အတိုးငွေ တစ်လလျှင် အနည်း ဆုံး (၁၀ %) ပေးနေရခြင်းကို ထောက်ပြခဲ့ပါသည်။

ထုတ်လုပ်မှု တိုးတက်စေမည့် ဆည်မြောင်းများ တိုးပွားလာကြောင်း၊ သို့သော် အများစုမှာ ဓာတ်မြေသြဇာ ဝယ်ရန်နှင့် ရေအားလျှပ်စစ်အတွက် ငွေချေး၍ မရကြကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှု အပြည့်အဝ မရနိုင်ကြောင်း ၎င်းက ထောက်ပြသွားပါသေးသည်။

ထို့ကြောင့် ၎င်းက မြန်မာအစိုးရကို စိုက်ပျိုးရေးနှင့် ပတ်သက်သော ငွေကြေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ရန် အကြံပြုခဲ့ပါသည်။ မျိုးစေ့များ၊ ဓာတ်မြေသြဇာများ ရရှိနိုင်ရန် ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့် ပညာရေးတွင်လည်း သုံးစွဲပေးရန်၊ ဝင်ငွေမြင့်လာပြီး ပိုမိုသုံးစွဲလာနိုင်ရန် ကျေးလက် အခြေခံ အဆောက်အဦး တည်ဆောက်ရေး လုပ်ငန်းများတွင် လစာကောင်းကောင်း ပေးနိုင်သော အလုပ်များ ချဲ့ထွင်နိုင်ရန် တိုက်တွန်းခဲ့ပါသည်။

အကယ်၍ လူသား အရင်းအမြစ် အရင်းအနှီးကို အမြဲတမ်း အသက်ဝင်အောင် လုပ်မထားပါက တဖြည်းဖြည်း တန်ဖိုးလျော့သွားမည် ဖြစ်ကြောင်း၊ တိုင်းပြည်၏ လစ်ဟာနေသော ပညာရေးအတွက် တံတားထိုး ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ပါသည်။

Stiglitz က အခြေခံ အဖွဲ့အစည်း အဆောက်အအုံများ ကောင်းစွာ လုပ်ဆောင်နိုင်မှုကလည်း အောင်မြင်မှုအတွက် အသက်ပင် ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အခြား သယံဇာတ ပေါသော တိုင်းပြည်များ၏ အမှားများကို သင်ခန်းစာ ယူရမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိသော ဝင်ငွေများသည် ကောင်းစွာ အသုံးပြုခဲ့မည် ဆိုပါက ခေတ်သစ်တစ်ခုကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ မဟုတ်လျှင်မူ တန်ဖိုးကြီးသော အခွင့်အရေးကို အလဟဿ အဆုံးခံလိုက်ရမည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့် နိုင်ငံရေးသည် ခွဲခြား၍ မရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အလယ်တွင် ဝင်ဆန့်ရေးနှင့် မှန်ကန်သော လုံခြုံမှုနှင့် တည်ငြိမ်မှု ရရှိရန် အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သော လုပ်ငန်းစဉ် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် ဤလမ်းမှာ တစ်ခုတည်းသော ရှေ့ဆက်ရမည့် လမ်းကြောင်းပင် ဖြစ်ကြောင်း Stiglitz က ထည့်သွင်း ပြောကြားသွားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကမ္ဘာကြီး ပူနွေးမှု၏ အကျိုးဆက် ဖြစ်သော ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုကြောင့် တစ်ချိန်က အာရှ ဆန်အိုးကြီးဟု တင်စား ခေါ်ဆိုခံခဲ့ရသော မြန်မာနိုင်ငံတွင် ဆန်စပါး ထွက်ရှိမှု ကျဆင်းလာကြောင်း လယ်ယာလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

ကမ္ဘာ့ ပင်လယ်ပြင် အပူချိန် မြင့်တက်လာမှုကြောင့်လည်း ငါးဖမ်းဆီး ရရှိမှုနှုန်းလည်း ကျဆင်းလာကြောင်း ၎င်းက ပြောဆိုသည်။

"စပါး စိုက်ပျိုးတဲ့ တချို့လယ်မြေတွေ ပျက်စီးသွားပြီး ဆန်စပါးထွက်ရှိမှုလည်း ကျဆင်းသွားပါတယ်။ စပါးပင်တွေသာ များတာပါ၊ ဒါပေမဲ့ သီးနှံထွက်ရှိမှု မရှိပါဘူး။ စပါးမသီးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ် မိုးကုန်တာ စောလို့ပါ" ဟု ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် နေထိုင်သော လယ်သမားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင်လည်း အလားတူ ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ဟု ကြားသိရကြောင်း၊ ဆောင်းနှင့် နွေရာသီ ကာလ တစ်လျှောက်လုံးတွင်ပါ မိုးများ ရွာသွန်းကြောင်း ၎င်းက ဆိုသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် နေထိုင်သော မိသားစုဝင် ၆၀ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးမှုကို အဓိက မှီခိုလျက် ရှိသည်။ အဆိုပါ မြစ်ဝကျွန်းပေါ် ဒေသသည် ပြီးခဲ့သည့် ၂၀၀၈ မေလက ကျရောက်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးကို ယနေ့ အချိန်အထိ ခံစားနေရဆဲ ဖြစ်သည်။ လယ်ယာမြေ စုစုပေါင်း ဟက်တာ ရှစ်သိန်းခန့်မှာလည်း ပျက်စီးသွားခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၆၀ ပြည့်နှစ် မတိုင်မီ ကာလများအတွင်း နိုင်ငံတကာ ဆန်ဈေးကွက်ကို ဦးဆောင်သော နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် စစ်အုပ်ချုပ်ရေး စတင်သည့် အချိန်မှစ၍ ပျက်ယွင်းသွားခဲ့သည်။

၁၉၃၀ ပြည့်နှစ်များတွင် တစ်နှစ်လျှင် ဆန်တန်ချိန် ၂ သန်းခန့် ထွက်ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်တွင် ၀ ဒဿမ ၀၃ သန်းခန့်သာ ထွက်ရှိတော့သည်။

ရာသီဥတု စောင့်ကြည့်ရေးဆိုင်ရာ ဂျာမန်အဖွဲ့တစ်ခုက ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အန္တရာယ် အစီရင်ခံစာ တစ်ရပ်အရ မြန်မာနိုင်ငံသည် ၁၉၉၀ မှ ၂၀၀၈ ခုနှစ်အတွင်း ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ဒုတိယ အဆိုးရွားဆုံး ခံစားခဲ့ရသော နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံတွင်း ရာသီဥတုနှင့် ပတ်သက်သော သတင်း ပေးပို့မှုများ၊ သတိပေးစနစ်များ တိုးမြှင့် လုပ်ဆောင်ပေးမည်ဟု စစ်အစိုးရက ကတိပြု ခဲ့သော်လည်း လပ္ပတ္တာမြို့နယ်အတွင်း နေထိုင်သူများမှာ သဘာဝအလျောက် သိရှိနိုင်သော ရာသီဥတု ခန့်မှန်းချက်များကိုသာ မှီခိုနေကြရသည်။

"တကယ်လို့ ကဏန်းတွေက ကုန်းမြေမြင့်ဘက်ကို တက်ပြေးလာပြီဆိုရင် အဲဒါ ရေကြီးတော့မယ့် အရိပ်လက္ခဏာပါပဲ၊ ပင်လယ်ဇင်ယော်တွေ မြစ်အတွင်းပိုင်းထဲကို ဝင်လာပြီဆိုရင်တော့ မုန်တိုင်းလာတော့မယ့် လက္ခဏာပါပဲ။ ကျွန်တော်တို့မှာ အဲဒီလို အကြောင်း ကိစ္စတွေကို ကြည့်ပြီး ရာသီဥတုကို ခန့်မှန်းနိုင်တဲ့ အသိ ရှိပါတယ်" ဟု ၎င်းက ပြောသည်။

DVB သတင်းဌာန၏ Global warming causing low rice yields ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, 19th December 2009  

မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု၏ ရှုမြင်သုံးသပ်မှု ပျော့ပြောင်းလာခြင်းနှင့်အတူ ဥရောပ သမဂ္ဂကလည်း ၎င်း၏ ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ ထားခဲ့ခြင်းကြောင့် အီးယူ၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှု မူဝါဒနှင့် ပတ်သက်၍ အဖွဲ့ဝင် နိုင်ငံများအတွင်း သဘောကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု ယခင် ဝါရင့်ဗြိတိသျှ ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောကြားလိုက်ပါသည်။

          ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင် တောင်လှန်ရေး ကာလမှစ၍ အီးယူက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း ကျွန်းသစ်များ တန်ဖိုးကြီး သတ္တုနှင့် ကျောက်မျက်များသည် ဥရောပဈေးကွက်မှ ဖယ်ခွာ၍ တရုတ်၊ ထိုင်းနှင့် ဒေသတွင်း နိုင်ငံများသို့ ပြန့်နှံ ရောက်ရှိခဲ့သောကြောင့် အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သည်ဟု ယခင် ထိုင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း Network Myanmar လူ့အခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌ Derek Tonkin ပြောကြားခဲ့ပါသည်။

          ၂၇ နိုင်ငံ ပါဝင်သော ဥရောပ သမဂ္ဂ EU ၏ အဖွဲ့နိုင်ငံ အချို့အတွင်း၌ စီးပွားရေး ပိတ်ဆို့မှု ဖြေလျော့နိုင်ရေးအတွက် ပြန်လည် သုံးသပ်မှု ပြုလုပ်ရန် လှုပ်ရှား ဆောင်ရွက်နေသော်လည်း လတ်တလော ကျင်းပနေသော အီးယူ နိုင်ငံခြားရေးရာ ကောင်စီ၏ အစည်းအဝေးတွင် အဆိုပါကိစ္စကို ဆွေးနွေးရန် ရှောင်ရှားခဲ့ကြပါသည်။

          အီးယူက အလွယ်တကူ ပြစ်ဒဏ် ချမှတ်ခဲ့သော မြန်မာလူမျိုးတို့၏ စီးပွားရေးလုပ်ငန်းများ စာရင်းနှင့် ပတ်သက်၍လည်း Tonkin က စွပ်စွဲ ပြစ်တင်ခဲ့ပါသည်။ အကြောင်းမှာ ၎င်းတို့သည် အစိုးရ (သို့) တပ်မတော်၏ အကျိုးစီးပွားနှင့် ဆက်သွယ်မှု မရှိသော်လည်း အီးယူက ပစ်မှတ်ထားသော ကဏ္ဍများတွင် စီးပွားရေး လုပ်ဆောင်နေသည်ဟု သတ်မှတ်ခံရခြင်းကြောင့် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, 19th December, 2009 

မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်နွယ်မှု အပါအဝင် တရုတ်စီးပွားရေး လုပ်ငန်းများကို အဆက်မပြတ် တိုးချဲ့ရန် မျှော်ကြည့်လျက် ရှိသည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ပြီး ဘီဂျင်းမှ ဝါရင့် ခေါင်းဆောင်သည် မြန်မာနိုင်ငံသို့ ယခု သီတင်းပတ် အကုန်တွင် သွားရောက်ခဲ့ပါသည်။

          ကဏ္ဍ အရပ်ရပ်၌ သိသာ ထင်ရှားသော ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို အားကောင်း လာခြင်းနှင့် အတူ တရုတ်နှင့် မြန်မာတို့၏ အိမ်နီးချင်း မိတ်ဆွေဟောင်း ဆက်ဆံရေးမှာ ဆက်လက် ဖွံ့ဖြိုး တိုးတက် နေသည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ယီဒါဘိုက ယခုအပတ်တွင် ပြောကြားခဲ့ကြောင်း တရုတ် ကွန်မြူနစ်ပါတီ သတင်းစာ People's Daily က ဖော်ပြခဲ့ပါသည်။

          တရုတ် ဒုတိယသမ္မတ ဇီဂျင်ပင်း၏ ၂ ရက်ကြာ ခရီးစဉ် မတိုင်မှီ ယီဒါဘိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၈ တွင် အမေရိကန် ဒေါ်လာ ၁.၃၃ ဘီလျံအထိ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်ဟု People's Daily က ဆိုပါသည်။

          နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၂.၆ဘီလျံ တန်ဖိုး ရှိခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံဖက်မှ ဝယ်ယူမှုများ ဖြစ်ပါသည်။

          ဇီဂျင်ပင်းသည် မြန်မာအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဖွယ် ရှိသော်လည်း အသေးစိတ် အချက်အလက်အချို့ကိုသာ ထုတ်ပြန် ကြေညာခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, 19th-December-2009

        ဘန်ကောက် အနီးရှိ ထိုင်းနိုင်ငံ၏ အဓိက ရေနံဓာတု စက်မှုဇုံ တစ်ခုလုံး ရပ်ဆိုင်းလုနီးပါး အခြေအနေသည် မြန်မာနိုင်ငံ၏ ဓါတ်ငွေ့ တင်ပို့မှု ထိခိုက်နိုင်မည့် အနေအထား ရှိနေပါသည်။

          မာတာဘင် ပင်လယ်ကွေ့ရှိ မြန်မာပိုင် ရတနာနှင့် ရဲတံခွန် ကမ်းလွန် ဓာတ်ငွေ့ စီမံကိန်းများမှ ထွက်ရှိသော ဓါတ်ငွေ့များအနက်မှ အချို့ကို ဘန်ကောက် တောင်ဘက် ရာယောင်းရှိ မက်တာဖွတ် စက်မှုဇုံသို့ ပိုက်လိုင်းဖြင့် တင်ပို့နေခြင်း ဖြစ်ပါသည်။

          လုပ်ငန်း လည်ပတ်နေသော စက်ရုံများနှင့် လုပ်ငန်း စတင်မည့် စီမံကိန်းအသစ်များကို ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးက ယာယီ ရပ်ဆိုင်းထားပါသည်။

          မက်တာဖွတ် စက်မှုဇုံမှ ဓာတု ညစ်ညမ်းမှုများကြောင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက်နေသည်ဟု ဆရာဝန်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက စွပ်စွဲ ထားပါသည်။

          ထိုင်းနိုင်ငံပိုင် ရေနံနှင့် ဓါတ်ငွေ့ကော်ပိုရေးရှင်း PTT သည် ၂၀၁၀ တွင် မြန်မာနိုင်ငံမှ ဓါတ်ငွေ့ ပမာဏ မြောက်မြားစွာ ဝယ်ယူရန် ကန်ထရိုက် စာချုပ်ချုပ်ဆိုထားပါသည်။

          မည်သို့ပင်ဖြစ်စေ အရောင်းအဝယ် သဘောတူစာချုပ်အရ ထိုင်းနိုင်ငံသည် တရားရုံး အမိန့်ကြောင့် ဓာတ်ငွေ့ တင်သွင်းမူကို ရပ်ဆိုင်းထားခဲ့ပါက ဓာတ်ငွေ့ တင်ပို့သူများ ဖြစ်သည့် Total၊ Chevron နှင့် မြန်မာ့ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ကို ဒေါ်လာ ၁၇၇ သန်းခန့် လျော်ကြေး အနေဖြင့် ပေးဆောင်ရဖွယ် ရှိနေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်တွင် တည်ငြိမ်အေးချမ်းမှု ပေါ်ထွန်းအောင် ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံက တရုတ်ပြည်ကို ကတိကဝတ် ပြုလိုက်သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက နယ်စပ်ဒေသ မတည်မငြိမ် ဖြစ်ပွားခဲ့ပြီး တရုတ်ပြည်ဘက်သို့ ဒုက္ခသည်ပေါင်းများစွာ ထွက်ပြေး ဝင်ရောက်သွားခဲ့သည့် ကိစ္စနှင့် ဆက်စပ်၍ ယင်းသို့ ကတိပြုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ မြို့တော်သစ် နေပြည်တော်သို့ တရုတ်နိုင်ငံ၊ ဒုတိယသမ္မတ Xi Jinping လာရောက် တွေ့ဆုံစဉ် စစ်အစိုးရ၏ နံပါတ်-၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှုကို  ထိန်းသိမ်း သွားပါမည်ဟု ကတိကဝတ် ပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

"မြန်မာနိုင်ငံသည် တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အမြဲပင် ကြိုးစား အားထုတ်နေသည့် အားလျော်စွာ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းသွားမည် ဖြစ်သည်" ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြောကြား ချက်ကို ကိုးကား၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

"တရုတ်နှင့် မြန်မာသည် ရှည်လျားသော နယ်စပ်ဒေသ တစ်လျှောက်ကို မျှဝေ ပိုင်ဆိုင်ထားသည်။ အဆိုပါ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးသည် နှစ်နိုင်ငံစလုံး အတွက် လွန်စွာ အရေးကြီးသည် ဟူသော အချက်ကို မြန်မာနိုင်ငံက ကောင်းစွာ နားလည် သဘောပေါက်သည်" ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဆိုကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လက မြန်မာစစ်အစိုးရသည် တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ဆယ်စုနှစ် တစ်ခုတာမျှ ခြေကုပ်ယူ နေထိုင်ခဲ့သော ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့အပေါ် ချေမှုန်း တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ယင်းဒေသတွင် နေထိုင်သူ ၃၇၀၀၀ ခန့်မှာ ဒုက္ခသည် အဖြစ် တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် မြန်မာစစ်အစိုးရ၏ အခိုင်မာဆုံး မိတ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံမှာ စိုးရိမ်မကင်း ဖြစ်ခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေးလည်း အေးခဲသွားသလို ဖြစ်ခဲ့ရသည်။

အဆိုပါ ကိစ္စ ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က ပြီးခဲ့သည့် လအနည်းငယ်အထိ ရှမ်းပြည်နယ်တွင် တပ်စွဲခဲ့သည်။ ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမားများ အဆိုအရ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား အစိုးရ လက်အောက်ခံ နယ်စပ်ဒေသ စောင့်တပ်အဖြစ် တာဝန်ယူ ဆောင်ရွက်စေလိုပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်စေလိုကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ Myanmar Pledges Stability ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrwaddy: 19th December, 2009

ပြင်သစ် စွမ်းအင်ရင်းမြစ် ကုမ္မဏီ Total သည် မြန်မာနိုင်ငံတွင်းရှိ ၎င်း၏ အနေအထားနှင့် ပတ်သက်၍ လိမ်ညာ ဖုံးကွယ်ထားခဲ့ပြီး နိုင်ငံကို ဖြတ်သန်း ပို့လွှတ်နေသော ၎င်း၏ ဓာတ်ငွေ့ ပိုက်လိုင်းတွင် အဓမ္မ ခိုင်းစေသော လုပ်သားများ အသုံးပြုနေကြောင်း စွပ်စွဲချက်များကို ငြင်းဆိုနိုင်ခဲ့ခြင်း မရှိဟု လူ့အခွင့်အရေးအဖွဲ့က ပြောကြားပါသည်။

အဓမ္မ စေခိုင်းမှုများနှင့် ပတ်သက်သည့် စောဒကတက် တိုင်ကြားမှုများကို အိုင်အယ်အို ILO နှင့် အခြားအဖွဲ့အစည်းများ လက်လှမ်းမမီစေရန် ဖုံးကွယ် ထိန်းသိမ်းထားခဲ့သည်ဟု Earthright International ERI က Total ကို စွပ်စွဲလိုက်ပါသည်။

Total ပိုက်လိုင်းကို တင်းကြပ်စွာ ကာကွယ်ထားသည့် မြန်မာစစ်တပ်က ဆင့်ခေါ်သော အဓမ္မ စေခိုင်းမှုများနှင့် ပတ်သက်၍ အထောက်အထား ရာနှင့်ချီ၍ ယခင်နှစ်က ရရှိခဲ့ပြီး အဆိုပါကိစ္စများ ဆက်လက် ဖြစ်ပွားနေသည်ဟု ERA ၏ အစီအစဉ်ကို ညှိနှိုင်းရေးမှူး နိုင်ထူးက အဖွဲ့အစည်း၏ အစီရင်ခံစာသစ်နှင့် တစ်ဆက်တည်း ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံ ကမ်းလွန် ဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့များကို မြန်မာနိုင်ငံကို ဖြတ်သန်း၍ ထိုင်းနိုင်ငံသို့ ပို့လွှတ်နေသည့် ပိုက်လိုင်းကို စောင့်ရှောက်နေသော မြန်မာစစ်သားများ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် အသေးစိတ် အစီရင်ခံစာကို ERI က စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့ပါသည်။

အမေရိကန်နှင့်ဆက်နွယ်နေသော ERI က Total သည် စွပ်စွဲချက်များကို ငြင်းပယ်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ယခုအပတ်တွင်မူ Total ၏ တုန့်ပြန် ဆောင်ရွက်မှုများကို အနီးကပ် စောင့်ကြည့်ခဲ့ခြင်းဖြင့် အလွန်ရှင်းလင်း သေချာသွားခဲ့ပြီး လူ့အခွင့်အရေးနှင့် ငွေကြေးဆိုင်ရာ သက်ရောက်မှုများ စသည့် မြန်မာပြည်တွင်း ၎င်းတို့၏ စီးပွားရေး ကိစ္စများနှင့် ပတ်သက်၍ မိမိတို့ လေ့လာ တွေ့ရှိသည့် အထောက်အထားများကို ငြင်းဆန်ခြင်း မပြုခဲ့ဟု ပြောကြားပါသည်။

Total သည် မြန်မာနိုင်ငံရှိ ၎င်း၏ အနေအထားအပေါ် ရှုမြင်မှုများကို ဖုံးကွယ် လှည့်စားရန် ဆက်လက် ကြိုးစားနေသည်။ ထိုဒေသရှိ ၎င်း၏ အနေအထား ရပ်တည်မှုများကို အမှန်တကယ် ပြောင်းလဲသွားစေသည့် အသုံးစရိတ်များနှင့် ပတ်သက်၍ သံသယ ရှိစရာ မလိုပါဟု ERI ၏ မြန်မာနိုင်ငံ ဆိုင်ရာ စီမံကိန်း ညှိနှိုင်းရေးမှူး Matthew Smith က ပြောဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua News, 21st Dec 2009

          တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် ဓာတ်ငွေ့ ထုတ်လုပ်သူ နိုင်ငံပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC သည် တရုတ်မြန်မာ ရေနံစိမ်းပိုက်လိုင်း တည်ဆောက်ခြင်းနှင့် လုပ်ကိုင်ခြင်းအတွက် အထူးအခွင့်အရေးများ ရရှိမည့် သဘောတူညီချက် တစ်ရပ်ကို မြန်မာ စွမ်းအင်ဝန်ကြီးဌာနနှင့် လက်မှတ် ရေးထိုးခဲ့သည်ဟု တနင်္လာနေ့က ကြေညာပါသည်။

          အဆိုပါ သဘောတူညီချက်အရ CNPC က ထိန်းချုပ်ထားသော South East Asia Crude Oil Pipeline Ltd. အား ပိုက်လိုင်း လုပ်ကိုင် စီမံခွင့်ကို လိုက်လျောခွင့် ပြုမည် ဖြစ်သည်ဟု CNPC က ဆိုပါသည်။

          ၎င်း ပိုက်လိုင်းကုမ္ပဏီသည် အခွန် လျော့ပေါ့မှုနှင့် အကောက်အခွန် ရှင်းလင်းရေးဆိုင်ရာ အခွင့်အရေးများလည်း ခံစား ရရှိဦးမည်ဟု CNPC ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။

          ကုမ္ပဏီ၏ ပိုင်ဆိုင်မှုနှင့် အထူးစီမံ လုပ်ကိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ အပါအဝင် ပိုက်လိုင်း လုံခြုံရေးကို မြန်မာအစိုးရ အနေဖြင့် အာမခံရန် လိုအပ်သောကြောင့် သဘောတူ စာချုပ်ကို ချုပ်ဆိုခြင်း ဖြစ်သည်။

          ပိုက်လိုင်း ဒီဇိုင်း၊ ပိုက်လိုင်း တည်ဆောက်ခြင်းနှင့် ပိုက်လိုင်းလုပ်ငန်း လည်ပတ်ခြင်းတို့အတွက် CNPC က တာဝန်ရှိကြောင်း သဘောတူသည့် နားလည်မှု စာချွန်လွှာကို CNPC နှင့် မြန်မာအစိုးရက ဇွန်လတွင် လက်မှတ် ရေးထိုးခဲ့ကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားပါသည်။

          မြန်မာနိုင်ငံ အနောက်ပိုင်း မဒေးကျွန်းမှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရူလီ သို့ ဆက်သွယ်မည့် ၇၇၁ ကီလိုမီတာ ရှည်သော ပိုက်လိုင်းသည် ကနဦး တစ်နှစ်လျှင် ရေနံစိမ်း တန်ပေါင်း ၁၂ သန်းခန့် သယ်ပို့ပေးနိုင်မည်ဟု မျှော်လင့်ထားပါသည်။

          CNPC သည် တရုတ်မြန်မာ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော ဆိပ်ကမ်းတစ်ခုကို မြန်မာနိုင်ငံ အနောက်ပိုင်းဒေသတွင် အောက်တိုဘာလကုန်က စတင် တည်ဆောက်နေသည်ဟု ကုမ္ပဏီက သတင်း ထုတ်ပြန်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများနှင့် တရုတ်သံတမန်များနှင့် နီးစပ်သော သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်ဘဏ်ကြီးနှစ်ခုသည် မြန်မာနိုင်ငံတွင်း ဘဏ်စီးပွားရေး လုပ်ငန်းများ ဖွင့်လှစ်နိုင်ရန် အရှိန်ယူ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

"တရုတ်ဖွံ့ဖြိုးရေးဘဏ် (China Development Bank) နဲ့ ချိုင်းနားဘဏ်(Bank of China) က မြန်မာပြည်မှာ လာပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့ စိတ်ထားထက်သန် နေကြတယ်။ ဘဏ်ကြီး နှစ်ခုစလုံးဟာ ငွေအရင်းအနှီးများတဲ့ ဘဏ်ကြီးတွေပါ"ဟု အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။ 

မြန်မာနိုင်ငံတွင်း တရုတ်စီးပွားရေးလုပ်ငန်းများ များပြားလာခြင်းကြောင့် ယခုကဲ့သို့ ဘဏ် လုပ်ငန်းဝန်ဆောင်မှုများလုပ်ကိုင်နိုင်ရန် တွန်းအားပေးမှုများမြင့်တက်လာခြင်းဖြစ် သည် ဟု ဆိုသည်။ ထို့အတူ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလည်း ပိုမိုမြင့်မား လာမည်ဖြစ်သည်။

ယခု နှစ်လယ်ခန့်တွင် တရုတ်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ Jiang Chaoliang မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး ဘဏ်လုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် စီးပွားရေး အခွင့်အလမ်းများကို ရှာဖွေခဲ့သည်။ မစ္စတာ Jiang Chaoliang သည် ခရီးစဉ်အတွင်း မြန်မာအစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိကြီးများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အလားတူပင် ချိုင်းနားဘဏ်မှ အရာရှိကြီးများသည် ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံ ဘဏ်လုပ်ငန်း ပူးပေါင်းလုပ်ကိုင်ရန် ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။

မည်သို့ပင် ဆိုစေကာမူ မြန်မာနိုင်ငံတွင်း ပြည်ပဘဏ်ခွဲများ လာရောက်ဖွင့်လှစ်ရေးမှာ လာမည့် နှစ်များအတွင်း ဖြစ်နိုင်ချေ မရှိသေးကြောင်း ပြည်တွင်းဘဏ်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက သုံးသပ် ပြောကြားသည်။

"မဖြစ်နိုင်သေးဘူး ဆိုတဲ့အချက်က ဘာ့ကြောင့်လဲဆိုရင် မြန်မာစစ်အစိုးရမှာ ပြည်ပဘဏ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ မရှိသေးလို့ပါပဲ" ဟု ၎င်းက ပြောသည်။ သို့သော် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်မည့် ကိစ္စမှာ ပို၍ ဖြစ်နိုင်ချေ ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

မည်သို့ဆိုစေ မြန်မာပြည်သို့ နိုင်ငံခြားဘဏ်များ ဝင်ရောက် လည်ပတ် လုပ်ကိုင်မည် ဟူသော ကိစ္စကို ကြိုဆိုရမည် ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံစီးပွားရေးကို ပိုမို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ၂၀၀၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒဿမ ၆၂၆ ဘီလီယံထိ ရှိခဲ့သည်။ မှတ်တမ်းများအရ ၁၉၉၄ ခုနှစ်က မြန်မာနိုင်ငံတွင် ဗြိတိန်၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်နှင့် အခြားသော နိုင်ငံများမှ ဘဏ်များ၏ ကိုယ်စားလှယ် ရုံးများ စုစုပေါင်း ၅၀ ခန့် ရှိခဲ့သည်။

 

Mizzima သတင်းဌာန၏ Chinese banks eye operations in Burma ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.