Transparency Myanmar

transparency.myanmar@gmail.com

ယခု ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) ကို စတင် ထူထောင်သော နိုင်ငံ ခြောက်နိုင်ငံ အကြား လွတ်လပ်စွာ ကုန်သွယ်မှု စတင် အကျုံးဝင်သည့် နေ့တစ်ရက် ဖြစ်သည်။ အာဆီယံ စတင် ထူထောင်သည့် ခြောက်နိုင်ငံတွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။

လွတ်လပ်စွာ ကုန်သွယ်မှု အစီအစဉ်အရ သွင်းကုန်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းအပေါ် အခွန် ကောက်ခံမှု ဖယ်ရှားပေးရမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်ကြောင့် ကုန်သွယ်မှု စရိတ်စက လျော့ကျသွားမည် ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများလည်း ပိုမို ကျယ်ပြန့်လာဖွယ် ရှိသည်။

လူဦးရေဟူသော အကြောင်းကိစ္စအရဖြင့် ပြောပါက အဆိုပါ ကုန်သွယ်မှုသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကုန်သွယ်မှု ဧရိယာတစ်ခု ဖြစ်လာပေမည်။ ထို့ပြင် ပို့ကုန် တင်ပို့မှုကို အဓိက အားပြုသော စီးပွားရေး လုပ်ငန်းများလည်း အင်အားကြီးမား လာမည် ဖြစ်သည်။

ဈေးချိုသာသော ကုန်ပစ္စည်းများ

အဆိုပါ လွတ်လပ်စွာ ကုန်သွယ်မှု အစီအစဉ်ကြောင့် တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်သူများ အနေဖြင့် အရှေ့တောင် အာရှဒေသ ပို့ကုန် တင်ပို့သူများ ထံမှ ကုန်ကြမ်းများကို ဈေးပေါပေါဖြင့် ရရှိနိုင်မည် ဖြစ်သလို ထိုနိုင်ငံများ အနေဖြင့်လည်း တရုတ်ပြည်မှ ကုန်ပစ္စည်းများ၊ စက်ပစ္စည်း အစိတ်အပိုင်းများကို ဈေနှုန်းသက်သက် သာသာ ရရှိနိုင်မည် ဖြစ်ပါသည်။

သို့သော် အရှေ့တောင် အာရှ ဒေသမှ အချို့သော စီးပွားရေး လုပ်ငန်းကြီးများ အနေဖြင့် တရုတ်ပြည်မှ လုပ်ငန်းကြီးများနှင့် စီးပွားရေးအရ ယှဉ်ပြိုင်ရန် အသင့် အနေအထားတွင် မရှိသေးကြောင်း၊ အလုပ်အကိုင်များလည်း လက်လွတ် ဆုံးရှုံးမှု ရှိနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်ခဲ့သည်ကို တွေ့ရပါသည်။

ဗီယက်နမ်နှင့် ကမ္ဘောဒီးယား အပါအဝင် အခြားသော အာဆီယံနိုင်ငံများ အနေဖြင့်လည်း နောင်လာမည့် ငါးနှစ်တွင် အဆိုပါ လွတ်လပ်စွာ ကုန်သွယ်မှုတွင် ပါဝင်လာမည်ဟု သိရသည်။ ဒေသတွင်း နိုင်ငံများ အချင်းချင်း အပြန်အလှန် ကုန်သွယ်မှု သဘောတူညီချက် စာချုပ်ပေါင်း များစွာလည်း ချုပ်ဆိုပြီး ဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဆိုအရ ၂၀၁၀ ပြည့်နှစ်တွင် ကုန်သွယ်ရေး သဘောတူညီချက် ၄၀၀ ခန့်ကို စတင် အကောင်အထည် ဖော်မည် ဖြစ်သည်။

BBC သတင်းဌာန၏ China and ASEAN Trade Deal Begins ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Agence France Presse, 31st December 2009

စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ ပြည်တွင်း တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများကို နှစ်ဆ ပိုမိုကောက်ခံမည် ဖြစ်ကြောင်း ယနေ့ ယုံကြည်ရသော သတင်းများအရ သိရှိရပါသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန၏ ဈေးနှုန်း မြှင့်တင်မှုသည် ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင် သက်ရောက်မည် ဖြစ်သည်။

ပြည်တွင်းခေါ်ဆိုခ အားလုံးကို တစ်မိနစ်လျှင် ၅ဝ ကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဟု တယ်လီဖုန်း ဆက်သွယ်ရေးဌာန အရာရှိက ပြောကြားပါသည်။ လက်ရှိ ကောက်ခံနေသော နှုန်းတားများမှာ ကြိုးဖုန်းများအတွက် တစ်မိနစ်လျှင် ၁၅ ကျပ် ဖြစ်၍ မိုဘိုင်းဖုန်းများအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် ဖြစ်ပါသည်။

ပြည်ပခေါ်ဆိုခ နှုန်းထားများကိုမူ ပြောင်းလဲမည် မဟုတ်ဟု ဆိုပါသည်။ ယခုကဲ့သို့ ဈေးတက်မည့်သတင်းကို မြန်မာအစိုးရ သတင်းဌာနများက ယခုထိ ကြေညာခြင်း မရှိသေးပါ။ "တကယ်လို့ ဒီသတင်းသာ မှန်ခဲ့ရင်တော့ ကျွန်မရဲ့ မိုဘိုင်းဖုန်းကို ခဏခဏ မသုံးဖြစ်အောင် ကြိုးစားရတော့မယ်" ဟု အသက် ၂၅ နှစ်အရွယ် အိမ်ရှင်မတစ်ဦး ဖြစ်သူ စိုးစိုးက ပြောကြားပါသည်။

ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံတစ်ဝှမ်းတွင် တယ်လီဖုန်း ဧရိယာ ကွန်ရက်များ တိုးချဲ့ခြင်းဖြင့် တယ်လီဖုန်း ဆက်သွယ်မှုများ တိုးတက်လာအောင် ကြိုးစားနေသည်ဟု မြန်မာအာဏာပိုင်များက ပြောကြားပါသည်။

အောက်တိုဘာလ အစောပိုင်းက မြို့တော်သစ် နေပြည်တော်တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ပိတ်ပင်ထားခဲ့သော မိုဘိုင်းဖုန်းများကို အစိုးရက သုံးစွဲခွင့်ပြုခဲ့ပါသည်။

ဆင်းရဲနွမ်းပါးနေသော မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်မှစ၍ တပ်မတော်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

foreignaffairs.com, By Andrew J. Nathan, 1st January 2010

မြန်မာနိုင်ငံကို ဒုက္ခပေးနေသော အကြောင်းအရာများနှင့် ပတ်သက်၍ Steinberg က အသေးစိတ် ထောက်ပြ ရှင်းလင်းခဲ့ပြီး အဓိက အကြောင်းရင်းများကို ရာဇဝင် သမိုင်းထဲတွင် အများဆုံး တွေ့ရှိရသည်ဟု ၎င်းက ဆိုပါသည်။

အတိတ် ဘုရင်စနစ်က အမွေပေးခဲ့သော အကြွင်းမဲ့ အာဏာချုပ်ကိုင်မှု၊ ထို့နောက် ကိုလိုနီခေတ်၊ ထို့နောက် ကျိုးကြောင်း ဆီလျော်မှု မရှိသော နယ်မြေ ပိုင်းခြားမှုများ၊ နိုင်ငံကို အဆိပ်အတောက်သဖွယ် အန္တရာယ်ပြုခဲ့သော တိုင်းရင်းသား လူမျိုးစုများအကြား မညီမျှသည့် ကြွယ်ဝချမ်းသာမှုများနှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးစနစ် တို့ကြောင့် နိုင်ငံ၏ စွမ်းဆောင်ရည် ကျဆင်းခဲ့ရပြီး ကြီးနိုင်ငယ်ညှင်း သမိုင်းဦးခေတ်သို့ ပြန်ရောက်သွားခဲ့ရခြင်း ဖြစ်သည်။

ပတ်ဝန်းကျင် နိုင်ငံတကာ အနေအထားကလည်း နိုင်ငံကို ထိခိုက်စေခဲ့ပါသည်။ ယခင် ဝန်ကြီးဟောင်း ဦးနု၏ ပြောစကားအရဆိုလျှင် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် ဝေးသော်လည်း ကြောက်ရသည့် အမေရိကန်တို့အကြား ပိတ်မိနေ၍ ထိန်းချုပ်ခြင်း ခံနေရပြီး "ဆူးကြားက ဘူးခါးသဖွယ်" ဖြစ်နေခဲ့ပါသည်။

အထက်ပါ အချက်သည် အာဏာရ ခေါင်းဆောင်များအား အနောက်နိုင်ငံများနှင့် တံခါးပိတ်၍ တရုတ်ကို မှီခိုခြင်းဆီသို့ ဦးတည်စေခဲ့ခြင်း ဖြစ်ပါသည်။

အခြားသော ကြီးနိုင်ငယ်ညှင်း အာဏာရှင် နိုင်ငံများကဲ့သို့ပင် အခွင့်ရ တပ်မတော် လူတန်းစားအလွှာတစ်ခု ပေါ်ထွန်းလာပြီး ၎င်းတို့သည် တိုင်းပြည် လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့် ရှိကာ ပြည်သူများထံမှ ကုတ်သွေးစုတ်နေခဲ့ခြင်း ဖြစ်ပါသည်။ တပ်မတော် လူတန်းစားအလွှာ သို့ ဝင်ရောက်လိုသူများစွာ ရှိသော်လည်း အနည်းငယ်သာ ရွေးချယ်ခြင်း ခံကြရပြီး ရှင်သန်နိုင်မှုအတွက် ပေးဆပ်ရသည့် တန်ဖိုးမှာ သစ္စာရှိမှုပင် ဖြစ်သည်။

တိုင်းရင်းသား လူမျိုးစု ပြဿနာများ၊ စီးပွားရေး ပြဿနာများ၊ ဥပဒေအရ တရားဝင်အစိုးရ ဖြစ်လိုသော ပြဿနာများသည် အချိန်တိုအတွင်း ထွက်ပေါက်မရှိသည့် ကြေကွဲဝမ်းနည်းဖွယ် ထောင်ချောက်အတွင်း မြန်မာနိုင်ငံကို ပိတ်မိစေခဲ့ပြီး အကျိုးရလဒ် မရရှိသော မရုတ်သိမ်းသေးသည့် အရေးယူ ပိတ်ဆို့မှုများ ချမှတ်စေခဲ့သည့် အမေရိကန် မူဝါဒကို ပေါ်ပေါက်လာစေခဲ့ခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 1st January 2010

မြောက်ကိုရီးယား အနေဖြင့် ငြိမ်းချမ်းရေး အဓွန့်ရှည် တည်တံ့ရေးနှင့် ကိုရီးယား ကျွန်းဆွယ်အား နျူကလီးယား ကင်းမဲ့ဇုန် ဖြစ်ရေးအတွက် ၎င်း၏ ကတိပြုမှုများကို နှစ်သစ်ကူးနေ့တွင် ထုတ်ဝေသော နိုင်ငံပိုင် မီဒီယာများ၏ ခေါင်းကြီးပိုင်းတွင် ဖော်ပြထားသည်။

ကိုရီးယား အလုပ်သမား ပါတီနှင့် အစိုးရသည် အိမ်နီးချင်းကောင်း ပီသစွာ ဆက်ဆံရေးနှင့် အခြား တိုင်းပြည်များနှင့် ချစ်ကြည်ရေးကို တိုးတက်စေရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး အလံအောက်တွင် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်ရေးအတွက် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း KCNA ၏ သတင်း ပေးပို့ချက်အရ သိရှိရပါသည်။

အဆိုပါ ခေါင်းကြီးပိုင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းက မြောက်ကိုရီးယား၏ နျူကလီယာ အစီအစဉ်များ ရပ်ဆိုင်းရေးအတွက် ခြောက်နိုင်ငံ ညှိနှိုင်းပွဲ ပြန်လည် ကျင်းပနိုင်ရန် ကြိုးပမ်းမှုအား မျှော်လင့်ချက်များ ရရှိစေပါသည်။

မြောက်ကိုရီးယားသည် အမေရိကန်အစိုးရနှင့် တိုက်ရိုက် စကားပြောရန်သာ တောင်းဆိုနေပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ငြင်းဆန်လျက် ရှိပါသည်။

ပြီးခဲ့သည့် ဧပြီလက ပြုံးယမ်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းက ၎င်း၏ နျူကလီယားနှင့် ဒုံးကျည် စမ်းသပ်မှုကို ယမန်နှစ်က ဝေဖန်ခဲ့မှုကြောင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ ထွက်ခွာ လာခဲ့ပါသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားခဲ့ရာတွင် အမေရိကန်တို့သည် မြောက်ကိုရီးယားနှင့် နှစ်နိုင်ငံ တွေ့ဆုံရန် ဆန္ဒရှိကြောင်း၊ သို့သော် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ခေါင်းစဉ်အောက်တွင်သာ တွေ့ဆုံလိုကြောင်း ဆိုခဲ့ပါသည်။ မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူကလီယား အစီအစဉ် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ခိုင်မာသော ခြေလှမ်းများ မပြုလုပ်မချင်း အမေရိကန် ပြည်ထောင်စု အနေဖြင့် ပြုံးယမ်းနှင့် ပုံမှန်ဆက်ဆံရေးများ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း၊ အရေးယူ ပိတ်ဆို့မှုများကိုလည်း ရုတ်သိမ်းပေးလိမ့်မည် မဟုတ်ကြောင်း ကလင်တန်က သတိပေးခဲ့ပါသည်။

ကိုရီးယား ကျွန်းဆွယ်နှင့် အာရှတခွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အခြေခံအကျဆုံး လုပ်ဆောင်ရမည့် အချက်မှာ မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုကြား ရန်သူသဖွယ် ဆက်ဆံရေးကို အဆုံးသတ်ရေးပင်ဖြစ်ကြောင်း သောကြာနေ့က ထုတ်ဝေသော ခေါင်းကြီးပိုင်းတွင် ဖော်ပြထားပါသည်။ ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေး တည်တံ့ ခိုင်မြဲရေး ဖြစ်တည်မှုမှာ မြောက်ကိုရီးယား၏ ခိုင်မာသော ရပ်တည်ချက် ဖြစ်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုဖြင့် နျူကလီယား ကင်းမဲ့ရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အချို့လေ့လာသူများက မြောက်ကိုရီးယားသည် အမေရိကန် ပြည်ထောင်စုနှင့် သဘောတူ ဆက်ဆံရေးအတွက် အချိန်ဆွဲလျက် ရှိသည်ဟု ယူဆရကြောင်း ဆိုပါသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ လာသော သတင်းများအရ ပြုံးယမ်းသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ ၎င်း မထွက်ခွာမီက ရပ်ဆိုင်းရန် ပြင်ဆင်နေသော Yongbyon နျူကလီယာ စက်ရုံအား ပြန်လည် လည်ပတ်ရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ သို့သော် ၎င်းသတင်းကို အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

၂ဝဝ၉ ခုနှစ်အတွင်း ပြုံးယမ်း၏ နျူကလီယာနှင့် ဒုံးကျည် စမ်းသပ်မှုများကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ပိုမို တင်းကြပ်သော အရေးယူမှုများ ချမှတ်ခဲ့ရာ မြောက်ကိုရီးယားသည် သံတမန် ရေးရာအရ အထီးကျန် ဆန်လာမှု၊ စီးပွားရေးအရ ချွတ်ခြုံကျမှုများကို စိတ်ပျက်စပြုလာပြီဟု ယူဆရကြောင်း လေ့လာသူများက ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP,30 Dec 2009

စစ်တပ်အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ပတ်သက်၍ တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့လျှင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးများအတွက် ဗုဒ္ဓဟူးနေ့က ထပ်မံ အတည်ပြု ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသည် လာမည့်အပတ်တွင် ဗြိတိသျှထံမှ လွတ်လပ်ရေး ရရှိသည့် အထိမ်းအမှတ် ရှိပါသည်။

လာမည့် တနင်္လာနေ့တွင် ကျရောက်မည့် (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အတွက် အမေရိကန် နိုင်ငံခြားရေးဌာနမှ ကြေညာချက် ထုတ်ပြန်ရာတွင် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါ် နွေးထွေးသော ဆုတောင်းမှုများနှင့် နိုင်ငံလွတ်လပ်ရေးအတွက် မယိမ်းမယိုင် ထောက်ခံမှုများ ပေးသွားမည့်အကြောင်း အဆိုပြုခဲ့ပါသည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် မြန်မာအစိုးရမှ သာတူညီမျှမှုနှင့် အဓိပ္ပာယ်ရှိသော ကြိုးပမ်းမှုများကို အခြေခံသော နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုကို ရှေ့ဆက်ရန် အဆင်သင့်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် လူသားတိုင်း ရရှိနိုင်သည့် လူ့အခွင့်အရေးများကို ငြိမ်းချမ်းစွာ အသုံးချခွင့်ကို ထောက်ခံပြီး၊ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံသားများ လူ့အခွင့်အရေးများကို အသုံးချနိုင်ရန် ရှေးရှုကြောင်းနှင့် ထိုအခွင့်အရေးကို မကြာမီ ရရှိလာလိမ့်မည်ဟု မိမိတို့ မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွန်ခဲ့သည့် နှစ်နှစ်ဆယ် အတွင်း ထိန်းသိမ်းထားခြင်း ခံရပြီး၊ အမေရိကန်ကလည်း နှစ်ပေါင်းများစွာ အထီးကျန် ပြုထားခဲ့ပါသည်။ မြန်မာအစိုးရသည် လွတ်လပ်ရေးနေ့ ရောက်တိုင်း မြန်မာနိုင်ငံရေး ဝင်ရောက် စွက်ဖက်သူများကို ကိုလိုနီလက်သစ် ဝါဒသမားများအဖြစ် ဆန့်ကျင်ခဲ့ပါသည်။

သို့သော် ယခုအခါ အမေရိကန် သမ္မတ Obama ၏ ရန်သူများကို ဆက်ဆံရေး မူဝါဒအရ၊ အမေရိကန်သည် မြန်မာအစိုးရနှင့် အဆင့်မြင့် ပုဂ္ဂိုလ်များ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပါသည်။

မြန်မာအစိုးရသည် လာမည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်နေပြီး၊ အတိုက်အခံများကမူ အတုအယောင် ဖြစ်လိမ့်မည်ကို စိုးရိမ်နေကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

economictimes.indiatimes.com,29 Dec 2009

အိန္ဒိယနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း ONGC နှင့် GAIL (အိန္ဒိယ) တို့သည် ဘင်္ဂလားပင်လယ်အော်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ပို့ဆောင်ရန် မြန်မာနိုင်ငံတွင်း၌ တရုတ်က တည်ဆောက်နေသော အမေရိကန်ဒေါ်လာ (၂.၀၁) ဘီလျံ တန်ဖိုးရှိ ဓာတ်ငွေ့ပိုက်လိုင်းတွင် (၁၂.၅%) ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိသည်ဟု သိရပါသည်။

မြန်မာ့ကမ်းလွန် ပင်လယ်ပြင် လုပ်ကွက်များဖြစ်သည့် A1 နှင့် A3 မှ သဘာဝဓာတ်ငွေ့များကို တရုတ်ပြည်မကြီးသို့ ပို့ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံပိုင် ရေနံကော်ပရေးရှင်း CNPC က မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် (၈၇၀) ကီလိုမီတာ ပိုက်လိုင်းစီမံကိန်းတွင် အမေရိကန် ဒေါ်လာ (၂၅၁.၂) သန်း ရင်းနှီးမြှုပ်နှံရန်အတွက် GAIL (အိန္ဒိယ) နှင့် နိုင်ငံပိုင် ကော်ပရေးရှင်း၏ ပြည်ပလုပ်ငန်းဌာန ONGC Videsh တို့၏ အဆိုပြုမှုကို စီးပွားရေးဆိုင်ရာ အစိုးရ ကက်ဘိနက် ကော်မတီက လက်ခံ သဘောတူခဲ့ပုံရသည်ဟု သတင်းများက ဆိုပါသည်။

တရုတ် ပိုက်လိုင်း စီမံကိန်း အပါအဝင် A1 နှင့် A3 ဓာတ်ငွေ့ လုပ်ကွက်များကို လုပ်ကိုင် ဆောင်ရွက်ရာတွင် ပါဝင်သော ၎င်း၏ရှယ်ယာများအတွက် ငွေအရင်းအနှီး ထောက်ပံ့သည့် အနေဖြင့် ONGC က OVL သို့ ဒေါ်လာ သန်း (၈၅၀) ချေးငှားရန် သဘောတူ ထားပါသည်။

A1 နှင့် A3 ဓာတ်ငွေ့လုပ်ကွက်များတွင် လုပ်ငန်းဆောင်ရွက်နေသော လုပ်ဖော်ကိုင်ဘက် ကုမ္ပဏီများအား ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် (၄၉.၉%) ရင်းနှီးမြှုပ်နှံရန် CNPC က ခွင့်ပြုခဲ့သည်ဟုလည်း သိရှိရပါသည်။

A1 နှင့် A3 လုပ်ကွက်များ၏ ရင်းနှီးမြှုပ်နှံမှုများတွင် တောင်ကိုရီးယား ဒေဝူးက (၅၁%)၊ OVL က (၁၇%)၊ GAIL (အိန္ဒိယ) နှင့် Korea Gas ကော်ပရေးရှင်းတို့က (၈.၅%) စီနှင့် ကျန် (၁၅%)ကို မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း MOGE တို့က အသီးသီး ပိုင်ဆိုင် ထည့်ဝင်ထားကြပါသည်။

အထက်ပါ ကုမ္ပဏီအုပ်စုသည် A1 နှင့် A3 ဓာတ်ငွေ့လုပ်ကွက်များမှ ဓာတ်ငွေ့များ ထုတ်ယူရန် အမေရိကန် ဒေါ်လာ (၃.၆၁) ဘီလျံ ရင်းနှီးမြှုပ်နှံထားပါသည်။

သတင်းများအရ လက် (၄၀) ပိုက်လိုင်း တည်ဆောက်ရာတွင် ဒေဝူးက ပါဝင်လုပ်ဆောင် လိုသည်ဟု ဆိုပြီး၊ အဆိုပါ ပိုက်လိုင်း စီမံကိန်း၏ နောက်ဆုံး ရှယ်ယာ ပိုင်ဆိုင်မှုများမှာ CNPC က (၅၀.၉%)၊ MOGE က (၇.၃၇%)၊ ဒေဝူးက (၂၅.၀၄%)၊ OVL က (၈.၃၅%)၊ GAIL (အိန္ဒိယ) နှင့် Korea Gas က (၄.၁၇%) စီ အသီးသီး ထည့်ဝင် ပိုင်ဆိုင်ထားသည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy news,30 Dec 2009

နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ သဘောတူညီချက် ရရှိရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပေါ် တောင်းဆိုထားမှုကို မြန်မာတပ်မတော် အစိုးရက ရုတ်သိမ်း ပေးလိုက်ပြီး ဆက်လက် ညှိနှိုင်း ဆွေးနွေးနေသည်ဟု KIO သတင်းရပ်ကွက်မှ ကြားသိ ရပါသည်။

ဥက္ကဌ လယော်ဇောင်ရ၊ ဒုတိယဥက္ကဌ(၁) ဂေါ်ရီဇော်ဆန်နှင့် အထွေထွေ အတွင်းရေးမှူး လဂျာ တို့ပါဝင်သော KIO ခေါင်းဆောင် (၈) ဦးသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ဦးဆောင်သော အဖွဲ့ဝင် (၇) ဦးပါ မြန်မာတပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် အင်္ဂါနေ့က တွေ့ဆုံခဲ့ကြပါသည်။

KIO အဖွဲ့၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KIA အတွက် မြန်မာအစိုးရ သြဇာခံ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ နောက်ဆုံး သတ်မှတ်ရက် မရှိကြောင်း KIO နိုင်ငံခြားရေးရာဌာန ဒုတိယ အကြီးအကဲ ဂျိမ်းလမ်ဒေါင်က ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီသို့ ပြောကြားခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်စလုံး ဆက်လက် ဆွေးနွေးလျက်ရှိသည်ဟု ဆိုပါသည်။

အပစ်အခတ် ရပ်စဲထားသော လွတ်လပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မြန်မာအစိုးရ သြဇာခံ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် နောက်ဆုံး သတ်မှတ်ရက်ကို အောက်တိုဘာ လကုန်အထိ ပထမဦးစွာ သတ်မှတ်ခဲ့သော်လည်း အစိုးရက ဒီဇင်ဘာလကုန်အထိ နောက်ဆုတ်ပေးခဲ့ပါသည်။

KIA နှင့် UWSA တို့ကဲ့သို့သော အင်အားကြီး လက်နက်ကိုင် တပ်ဖွဲ့များမှာ ယခုအချိန်ထိ အမိန့်ကို နာခံခြင်း မရှိသေးပါ။

အင်္ဂါနေ့က မြစ်ကြီးနားတွင် ကျင်းပသော အစည်းအဝေးတွင် KIO ကိုယ်စားလှယ်များက ပင်လုံစာချုပ် စိတ်ဓာတ်ကိုသာ နှစ်သက်လေးစားကြောင်း မြန်မာကိုယ်စားလှယ် အဖွဲ့ကို ပြောကြားခဲ့သည်ဟု လမ်ဒေါင်က ဆိုပါသည်။

ဗဟိုအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသား ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ် ရှမ်းပြည်နယ်၌ လက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရေးပင် ဖြစ်ပါသည်။

ပင်လုံစာချုပ်ကိုသာ လိုက်နာမည့် KIO ၏ လတ်တလော အဆိုပြုချက်အရ အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလွန်ဒေါသ ထွက်ခဲ့သည်ဟု မကြာမီက ရရှိသော သတင်းများက ဆိုပါသည်။

KIO အဖွဲ့သည် ပင်လုံစာချုပ်၏ မူဝါဒဘောင်အတွင်းတွင်သာ ရပ်တည်သွားရန် ဆန္ဒရှိသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် Kachin News Group မှ အယ်ဒီတာ လဖိုင်နော်ဒင်က ဆိုပါသည်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းအရသာ KIO က ဖြေရှင်းလိုသော်လည်း မြန်မာအစိုးရက အပေးအယူ လုပ်ညှိနှိုင်းရန် ဆန္ဒမရှိဟု သိရပါသည်။

ဒီဇင်ဘာလကုန် နောက်ဆုံး သတ်မှတ်ရက်ကို မည်သည့် အပစ်ရပ်အဖွဲ့ကမှ လိုက်နာခြင်း မရှိပါက မြန်မာစစ်တပ်က နမူနာပြသည့် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များကို အရေးယူ ဆောင်ရွက်လိမ့်မည်ဟု ရှမ်းပြည်နယ်မှ ရရှိသော သတင်းများအရ သိရှိရသည်ဟု ချင်းမိုင် အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစာမှ အယ်ဒီတာမှ စိုင်းဂျွန်းက ပြောကြားပါသည်။

အခြား အပစ်ရပ်တပ်ဖွဲ့တစ်ခု ဖြစ်သည့် SSA (မြောက်ပိုင်း) သည် ၎င်း၏ အောက်ခြေ လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အဆိုပြုချက်နှင့် ပတ်သက်၍ ဒီဇင်ဘာ (၇-၁၈)ရက်ထိ ရှင်းလင်း တင်ပြခဲ့သော်လည်း မြန်မာအစိုးရ၏ တောင်းဆိုချက်ကို လက်ခံခြင်း ရှိ/မရှိကို ယခုတိုင် ကြေညာခြင်း မရှိသေးပါ။ ဝတပ်ဖွဲ့ UWSA ကဲ့သို့သော အင်အားကြီး တပ်ဖွဲ့များ မည်သို့ ဆုံးဖြတ်သည်ကို SSA (မြောက်ပိုင်း) က စောင့်ကြည့်နေခြင်း ဖြစ်သည်ဟု စိုင်းဂျွန်၏ ပြောကြားချက်အရ သိရှိရပါသည်။

ထို့အပြင် တပ်ဖွဲ့ဝင် (၁၅၀၀ မှ ၂၀၀၀) ခန့်ရှိသော ကိုးကန့်တပ်ဖွဲ့သည် မြန်မာ့တပ်မတော် စစ်ကြောင်းကို အပြင်းအထန် ခုခံနိုင်ခြင်း မရှိပဲ သြဂုတ် (၂၄) ရက်နေ့တွင် ကိုးကန့်ဒေသ မြို့တော် လောက်ကိုင်ကို စွန့်လွှတ်ခဲ့ရချိန်မှစ၍ ဝတပ်ဖွဲ့ UWSA သည် ၎င်း၏ ခံစစ်ကြောင်းကို ခိုင်မာအောင် တည်ဆောက်နေပါသည်။

တချိန်တည်းတွင်ပင် UWSA က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူခဲ့သော်လည်း မြန်မာစစ်တပ် အရာရှိများ အုပ်ချုပ်သည်ကိုမူ လက်မခံနိုင်ကြောင်း ပြောကြားခဲ့ပြီး အစိုးရ တာဝန်ရှိသူများနှင့် ဆက်လက် ဆွေးနွေးနေသည်ဟု UWSA သတင်းရပ်ကွက်မှ ကြားသိရပါသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို မြန်မာအစိုးရက ထုတ်ပြန်ပြီး နောက်ပိုင်းတွင် ကချင် NDAK နှင့် ကရင်နီ KNPLF စသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းငယ်က အဆိုပါ အစီအစဉ်ကို လက်ခံ ပါဝင် ဆောင်ရွက်မည့် အသိအမှတ်ပြု အခမ်းအနားများကို နိုဝင်ဘာလတွင်းက တရားဝင် ကျင်းပခဲ့ကြပါသည်။

တရားဝင် အစိုးရ စာရင်း ဇယားများအရ မြန်မာ့တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (၁၇) ဖွဲ့ ရှိသည်ဟု သိရပါသည်။

အင်အားကြီး အပစ်ရပ် အဖွဲ့တစ်ခုဖြစ်သည့် DKBA က မြန်မာအစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အဆိုပြုချက်ကို လက်ခံ သဘောတူခဲ့သော်လည်း ယခုတိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးပါ။

DKBA တပ်ဖွဲ့ဝင်များအကြား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စနှင့် ပတ်သက်၍ သဘောကွဲလွဲမှုများ ဖြစ်ပွားနေသည်ဟု ကရင် သတင်းရပ်ကွက်မှ ကြားသိရပြီး  အဆိုပါ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို လက်ခံခဲ့သော ခေါင်းဆောင်ပိုင်းနှင့် သဘောထား မတိုက်ဆိုင်မှုကြောင့် ဧပြီလမှစ၍ DKBA တပ်ဖွဲ့ဝင် ရာပေါင်းများစွာ KNU ဘက်သို့ ထွက်ပြေး ခိုလှုံခဲ့ကြသည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters,29 Dec 2009

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ ရိုဟင်ဂျာ (၉၀၀၀) ကို ပြန်လည် ခေါ်ယူရန် မြန်မာနိုင်ငံက သဘောတူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် မီဂျာရူး ကွာရက်စ်က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး နှစ်ပေါင်း (၃၀) ကြာခဲ့ပြီ ဖြစ်သော ပြဿနာကို တစိတ်တဒေသ ဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း (၂) ခုတွင် ရိုဟင်ဂျာ နှစ်သောင်းရှစ်ထောင်ခန့် နေထိုင်လျက်ရှိပြီး စခန်းများ ပြင်ပတွင် တရားမဝင် နေထိုင်သူ သုံးသိန်းခန့် ရှိသည်ဟု ဒက်ကားက ပြောကြားပါသည်။

ရိုဟင်ဂျာများကို ပြန်ခေါ်မည့် လုပ်ငန်းစဉ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး စတင်မည်ဟု မြန်မာက ဘင်္ဂလားဒေ့ရှ်ကို အာမခံခဲ့ကြောင်း 'ကွာရက်စ်' က တနင်္လာနေ့တွင် ဒက်ကားသို့ ရောက်ရှိနေသော မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့် တွေ့ဆုံမှု အပြီးတွင် ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစုအဖြစ် အသိအမှတ်ပြုခြင်း မခံရသူ ရိုဟင်ဂျာများက ၎င်းတို့၏ လူ့အခွင့်အရေးများကို မြန်မာအစိုးရက ချိုးဖောက်နေသည်ဟု စွပ်စွဲထားပြီး ၎င်းတို့၏ သွားလာ လှုပ်ရှားမှု၊ ပညာရေးနှင့် အလုပ်အကိုင် စသော အခွင့်အရေးများကို တားဆီး ပိတ်ပင်ထားသည်ဟု ပြောပါသည်။

၁၉၇၀ နှစ်ကုန်ခန့်မှစ၍ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံကို စွန့်ခွာ၍ ဆင်းရဲနွမ်းပါးသော ဘင်္ဂလားဒေ့ရှ်သို့ ဦးတည် ထွက်ခွာခဲ့ကြပါသည်။ အကြီးမားဆုံး စွန့်ခွာထွက်ပြေးမှုမှာ ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့ပါသည်။

လတ်တလော လများအတွင်း ရိုဟင်ဂျာ ဒုက္ခသည်များသည် ဒေသတွင်း နိုင်ငံများစွာ၌ ပြဿနာများ ဖန်တီးလျက် ရှိကြပါသည်။ လှေများဖြင့် ထွက်ပြေးလာသော ရိုဟင်ဂျာ ဒုက္ခသည်များကို ထိုင်းနိုင်ငံက ပင်လယ်ပြင်သို့ ပြန်လည် မောင်းထုတ်ခဲ့သော သတင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းကို တုန်လှုပ်သွားစေခဲ့ပြီး မလေးရှားနှင့် အင်ဒိုနီးရှားသို့ ရောက်ရှိသွားသူများမှာလည်း တရားမဝင် အလုပ်လုပ်ကိုင်ရန် ကြိုးစားနေကြပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန

ပြောရေးဆိုခွင့်ရှိသူ ရုံး



 အလျင်အမြန် ထုတ်ပြန်ရန်                                                                                                                                        ဒီဇင်ဘာ ၃၁၊ ၂ဝဝ၉ ၂ဝဝ၉ / ၁၃၂ဝ           

ပြောရေးဆိုခွင့် ရှိသူ အီယန် စီ၊ ကယ်လီ၏ ထုတ်ပြန်ကြေညာချက်

မြန်မာ့လွတ်လပ်ရေးနေ့

          ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်၊ တနင်္လာနေ့သည် ဗြိတိသျှတို့ လက်အောက်မှ မြန်မာ့လွတ်လပ်ရေး ရရှိသည့် ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ယခုလို အခါ သမယတွင် မြန်မာပြည်သူများအတွက် ကျွန်ုပ်တို့က နွေးထွေးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

          မကြာသေးမီက မြန်မာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရစဉ်တွင် လွတ်လပ်၊ ငြိမ်းချမ်း၊ စည်ပင်ဝပြောပြီး ဒီမိုကရေစီ ပြည့်ဝသည့် မြန်မာနိုင်ငံပေါ်ထွန်းရေးအတွက် အမေရိကန် ပြည်ထောင်စုက မမှိတ်မသုန် ထောက်ခံ အားပေးနေကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့ပါသည်။ မြန်မာပြည်သူများ၏ ဒီမိုကရေစီ ရရှိလိုသော ပြင်းပြသည့် အာသီသကို ဖြည့်ဆည်းပေးရန် မြန်မာအစိုးရက အပြန်အလှန်နှင့် အဓိပ္ပာယ်ရှိရှိ ကြိုးစားအားထုတ်မှုများပေါ် အခြေတည်၍ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ရန် အမေရိကန် ပြည်ထောင်စုက အသင့်ရှိနေပါသည်။

          မည်သည့်နေရာမှာမဆို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးများကို ရယူ ခံစားနိုင်ရေးအတွက် ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ကြိုးစားအားထုတ်မှုများကို ကျွန်ုပ်တို့က ထောက်ခံအားပေးနေမည့်အပြင် မြန်မာပြည်သူများ ထိုသို့ ရယူပိုင်ဆိုင်နိုင်မည့် နေ့ကိုလည်း စောင့်မျှော်လျက် ရှိပါသည်။ ထိုနေ့ မကြာခင်မှာပင် ရောက်ရှိလာလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။


U.S. DEPARTMENT OF STATE

OFFICE OF THE SPOKESMAN

For Immediate Release                                                                                                                                                          December 31, 2009

2009/1320

STATEMENT BY IAN C. KELLY, SPOKESMAN

Burma's Independence Day


Monday, January 4, 2010, marks the 62st anniversary of Burma's independence from British rule. We wish to express our warmest wishes to the people of Burma on this occasion.


In recent meetings with Burma's leaders, the United States reaffirmed its unwavering support for an independent, peaceful, prosperous, and democratic Burma. The United States stands

ready to take steps to improve bilateral relations based on reciprocal and meaningful efforts by the Burmese government to fulfill the Burmese peoples' democratic aspirations.


We support the peaceful efforts of people everywhere to exercise freely their universal human rights, and we look forward to the day when Burma's citizens will be able to do so.We hope that day will come soon.


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင်း အပြောင်းအလဲ ဖြစ်ပေါ်ရေး ဗြိတိန်က

ဆက်လက် တွန်းအား ပေးသွားမည်


        ဗြိတိန်ဝန်ကြီးချုပ် Gordan Brownက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထံသို့ စာတစ်စောင် ရေးသားပေးပို့ပြီး မြန်မာနိုင်ငံတွင်း အပြောင်းအလဲ ဖြစ်ပေါ်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံအနေဖြင့် ဖြစ်နိုင်ခြေ ရှိသော တွန်းအားပေးမှုများ အားလုံးကို ဆက်လက် လုပ်ဆောင် သွားမည်ဟု အသိပေး ပြောဆိုလိုက်သည်။

အဆိုပါ စာထဲတွင် ဝန်ကြီးချုပ် Brown က လွတ်လပ်ပြီး လာမည့်နှစ်တွင် နိုင်ငံရေးသမားများ အားလုံး ပါဝင်နိုင်မည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေး၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား ဒီမိုကရေစီ အရေးကိစ္စအတွက် စစ်မှန်သော ဒိုင်ယာလော့ တစ်ရပ် ပေါ်ပေါက်ရေး စသည်တို့ ဖြစ်ပေါ်လာရန် တိုက်တွန်း ဆော်ဩလိုက်သည်။

အဆိုပါစာကို ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးမှ တစ်ဆင့် မြန်မာ အာဏာပိုင်များထံသို့ ပုံမှန် လမ်းကြောင်းဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

ဗြိတိန်ဝန်ကြီးချုပ် Gordan Brown က ဒေါ်ဆောင်ဆန်းစုကြည်သို့ ပေးပို့သော စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 ခင်မင်ရင်းနှီးရပါသော ဒေါ်စု

ခင်ဗျားဟာ ဘဝတစ်ခုလုံးကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် ဆိုတဲ့ အကြောင်း ကိစ္စတွေအတွက်ပဲ ဦးတည်ထားခဲ့တယ်။ ခင်ဗျားဟာ ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေး နာကျင် ခံစားချက်တွေ ထက် မြန်မာပြည်သူတွေရဲ့ နာကျင်မှုတွေကို ကိုယ်ကျိုးမဖက်ဘဲ အရေးပေးခဲ့တယ်။ နောက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လေးစားမှုကို ရအောင် လုပ်နိုင်ခဲ့တဲ့ သတ္တိဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အတွက် မဟုတ်ပါဘူး။ အကြောင်းအရင်း တစ်ခုအတွက်ပါ။

မြန်မာနိုင်ငံဟာ သမိုင်းတွင်မယ့် နှစ်တစ်နှစ်ကို ချဉ်းကပ် ရောက်ရှိနေပြီး ခင်ဗျားကလည်း မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေကို  ပြတ်သားနိုင်သမျှ အပြတ်သားဆုံးနည်းနဲ့ ချဉ်းကပ်နေတယ်ဆိုတာ တစ်ကမ္ဘာလုံးက သိပါတယ်။

တကယ်လို့ အကြံအဖန် အကွက်ဆင် ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတိုင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင်တွေ မပါဝင်ဘူး၊ နိုင်ငံတကာရဲ့ လေ့လာ စောင့်ကြည့်မှုတွေ မပါဝင်ဘူးဆိုရင် စစ်အစိုးရ ခေါင်းဆောင်တွေဟာ ပြစ်တင်ကဲ့ရဲ့ခြင်း ခံရမှာ ဖြစ်သလို မြန်မာနိုင်ငံဟာလည်း သံတမန်နည်းအရ အထီးကျန်ဖြစ်ကာ စီးပွားရေး တိုးတက်မှုလည်း ဆိတ်သုန်းနေမှာပါ။

ဒါပေမဲ့ တကယ်လို့ ရွေးကောက်ပွဲမှာ အားလုံး အမှန်တကယ် ပါဝင်မယ်၊ လွတ်လပ်ပြီး မျှတမှု ရှိမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးက မြန်မာနိုင်ငံနဲ့အတူ ရပ်တည်ဖို့ အဆင်သင့် ဖြစ်နေမှာပါ။ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ အသိုင်းအဝိုင်းထဲကို ပြန်လည် ဝင်ရောက်ဖို့ ကြိုဆိုနေမှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ကြွယ်ဝ ချမ်းသာမှုကို ပြန်လည် တည်ဆောက်ရာမှာ အကူအညီပေးဖို့လည်း အသင့် ဖြစ်နေမှာပါ။ ဒီလိုဖြစ်မှသာ မြန်မာပြည်သူတွေအတွက်  အနာဂတ် လုံခြုံမှု၊ တည်ငြိမ် အေးချမ်းမှု၊ တိုးတက်မှုတွေ ဖော်ဆောင်နိုင်မယ်ဆိုတဲ့ အချက်ဟာ ရှင်းနေပါတယ်။

နှစ်တစ်နှစ်သာ ကုန်သွားပြီး အရိပ် လက္ခဏာကောင်းတွေ မတွေ့ရတာကတော့ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ ခင်ဗျား ဆက်ပြီး အဖမ်းခံထားရတာရယ်၊ အကြမ်းဖက်တဲ့ အပြုအမူတွေကို ရပ်ဆိုင်းဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းတာတွေကို အရေးမစိုက် နားမထောင်ဘဲ နေပြတာရယ် စတာတွေကို ကြည့်ရင် စစ်အစိုးရရဲ့ မကောင်းတဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း တွေ့ရပါတယ်။

ခင်ဗျားကို ရန်ကုန်မှာ ရှိတဲ့ သံတမန်တွေနဲ့ အဆက်အသွယ်တွေ ပိုလုပ်ခွင့် ပေးဖို့၊ ခင်ဗျားနဲ့ တွေ့ပြီး စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဖို့နဲ့ မြန်မာပြည်သူတွေ အနေနဲ့ သူတို့ရဲ့ အနာဂတ်နဲ့ မျှော်လင့်ချက်တွေ ပြန်ရစေမယ့် စစ်မှန်တဲ့ ဒိုင်ယာလော့ခ်ကို စတင်ဖို့ ကျွန်တော့်အနေနဲ့ စစ်အစိုးရကို ဆက်ပြီး တိုက်တွန်း ဆော်သြသွားမှာပါ။

မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုကို ထိမ်းသိမ်းဖို့အတွက် ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို အသုံးချပါလို့ ခင်ဗျား ပြောခဲ့ဖူးတယ်။ ကျွန်တော်တို့ ဗြိတိန်နိုင်ငံ ဆယ်စုနှစ်သစ် တစ်ခုထဲကို ရောက်တဲ့ အချိန်၊ နှစ်သစ်နှစ်ကို စတဲ့ အချိန်က စပြီး ခင်ဗျားရဲ့ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ ထွက်ပေါ်လာဖို့ ဖြစ်နိုင်ခြေရှိသလောက် ဘာမဆို လုပ်သွားမယ် ဆိုတာကို ခင်ဗျားကို အသေအချာ ပြောချင်ပါတယ်။ ခင်ဗျားပြောခဲ့တဲ့ အတိုင်းပဲ မြန်မာနိုင်ငံမှာ ဘာမှ စောင့်ဆိုင်းမနေဘဲ လုပ်ဖို့ လိုတဲ့ အလုပ်တွေ အများကြီး ရှိနေပါတယ်။

ကျွန်တော်တို့ ဗြိတိန်နိုင်ငံဟာ ခင်ဗျားနဲ့ မြန်မာပြည်သူတွေနဲ့ အတူ မားမားမတ်မတ် ရပ်တည်နေပါတယ်။

 ရိုးသားစွာဖြင့်

 ဂေါ်ဒန်ဘရောင်း

 Number10.gov.uk ဝက်ဘ်ဆိုက်မှ UK to continue push for change in Burma – PM tells ASSK ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.