Transparency Myanmar

transparency.myanmar@gmail.com

CNN.com, 28th December 2009

          တရုတ်နိုင်ငံ၏ ၂၀၀၈ ဂျီဒီပီ ဒေါ်လာ (၄.၅) ထရီလီယံသို့ ပြန်လည် တိုးတက်လာခြင်းနှင့် အတူ အဆိုပါ နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံအဖြစ် ဂျပန်နိုင်ငံကို ကျော်တက်ရန် အဆင်သင့် ဖြစ်နေပေသည်။

          ၂၀၀၉ ခုနှစ်အတွက် ဖွံ့ဖြိုးမှုနှုန်း (၈ %) ရှိနေသော တရုတ်နှင့် ဒုတိယ ကမ္ဘာစစ်အပြီး အဆိုးဝါးဆုံး စီးပွားပျက်ကပ်မှ လွတ်မြောက်လာကာ ယခင်နှစ်က ဂျီဒီပီ (၄.၉) ထရီလီယံ ရှိခဲ့သော ဂျပန်တို့တွင် တရုတ်နိုင်ငံသည် မကြာမီ အမေရိကန် ပြီးလျှင် ဒုတိယ အကြီးဆုံး စီးပွားရေး ထုတ်လုပ်သူအဖြစ် ရပ်တည်တော့မည်ဟု စီးပွားရေး ပညာရှင်များက ခန့်မှန်းထားပါသည်။

          တရုတ်၏ ကျန်းမာသန်စွမ်းသော ကြီးထွား ဖွံ့ဖြိုးမှုကြောင့် စုစုပေါင်း စီးပွားရေး ပမာဏတွင် ဂျပန်ထက် ကျော်လွန်သွားရန် အချိန်တစ်ခုသာ လိုတော့သည်ဟု အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင်မှ သုတေသနပညာရှင် ဇူလျံဇောင်က နိုင်ငံပိုင် သတင်းဌာနသို့ ပြောကြားပါသည်။

          အကယ်၍ ဂျပန်နိုင်ငံကို ကျော်တက်နိုင်ခဲ့ပါက စိတ်လှုပ်ရှားဖွယ် (၅) နှစ် ဆက်တိုက် စီးပွားရေး မြင့်တက်ခဲ့ခြင်းသည် အောင်မြင်စွာ ပြီးစီးမည် ဖြစ်၍ ၂၀၀၅ ခုနှစ်တွင် ယူကေနိုင်ငံ၊ ၂၀၀၇ ခုနှစ်တွင် ဂျာမနီနိုင်ငံတို့ကို ဤကဲ့သို့ ခုန်ကျော်လာခဲ့ခြင်းပင် ဖြစ်သည်။

          ယခုကဲ့သို့ အဆင့်များ တက်လာခြင်း၏ အင်အားမှာ အမှန်တကယ် အရေးကြီးသည်ထက် ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းပါသည်။ တရုတ်၏ တဟုန်ထိုး ကြီးထွားမှုသည် ပြိုင်ဘက်များကို အကြွင်းမဲ့ အနိုင်ယူခြင်း မဟုတ်ဘဲ ဂိမ်းသစ်တစ်ခု ဖန်တီးပေးခြင်းအဖြစ် ထင်ဟပ်နေပါသည်။ တရုတ်၏ အောင်မြင်မှု ရလဒ်များသည် ကမ္ဘာ့ထိပ်တန်း စီးပွားရေး နိုင်ငံများအကြား တူညီသော စီးပွားရေး ဆုံးရှုံးမှုများ၏ အကြောင်းရင်း မဟုတ်ပါ။ တရုတ်နိုင်ငံ၏ ကြီးထွားမှုသည် ကမ္ဘာတစ်ဝှမ်းရှိ ဖွံ့ဖြိုးပြီး စီးပွားရေးနိုင်ငံများ အားလုံးအတွက် အကျိုးကျေးဇူး ရရှိစေမည် ဖြစ်ပါသည်။

          တရုတ်နိုင်ငံ၏ စီးပွားရေးအဆင့် သတ်မှတ်ချက် မြင့်တက်လာခြင်း၏ စိတ်ဆန္ဒ ပြင်းပြမှုများမှာ ယခုတိုင် အားကောင်းနေဆဲ ဖြစ်ပါသည်။ တရုတ်သည် ဂျပန်နိုင်ငံကို ဖြတ်ထားနိုင်ခဲ့ပြီ ဆိုသည့်အချက်သည် အငြင်းပွားသဖွယ် အကြောင်းအရာတစ်ခု ဖြစ်နေသော်လည်း ယခုတပတ် ဖွင့်လှစ်ခဲ့သော ဝူဟမ်းဂွမ်ဇိုး ကျည်ဆံရထားလမ်းက တချိန်က စစ်ပြီးခေတ် ဂျပန်နိုင်ငံတွင် ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့သော ကမ္ဘာ့အမြန်ဆုံး ရထားများကို တရုတ်နိုင်ငံက ပိုင်ဆိုင်ပြီ ဖြစ်ကြောင်း ပြသနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

          ပြီးခဲ့သော တနင်္ဂနွေနေ့က တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ၎င်း၏ အာဏာရ သက်တမ်းအတွင်း ခပ်ပြင်းပြင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ တရုတ် ငွေကြေး တန်ဖိုးကို နှုန်းရှင်ထားရန် ပြည်ပက ဖိအားပေးမှုများကို တရုတ်က အလျှော့ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ ထိပ်တန်း ကုန်သွယ်ဖက် နိုင်ငံများထံမှ ရာသီဥတုဆိုင်ရာ ပြစ်တင် ဝေဖန်မှုများကိုလည်း လက်သံပြောင်ပြောင် တုန့်ပြန်မည် ဖြစ်ကြောင်း သွယ်ဝိုက် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

          အကယ်၍ တရုတ်နိုင်ငံသည် ဂျပန်ကို ကျော်လွှားပြီးခဲ့ပါက အမေရိကန်ကိုပါ ကျော်ဖြတ်ဦးမည်လောဟု မေးခွန်းထုတ်ခဲ့ရာ စီးပွားရေးပညာရှင် အများစုက ခေါင်းညိတ် ခဲ့သော်လည်း မကြာမီ အတောအတွင်း မဖြစ်နိုင်သေးဟု ပြောကြားခဲ့ပါသည်။

          လက်ရှိ တရုတ်နိုင်ငံ၏ စီးပွားရေးသည် အမေရိကန် ပြည်ထောင်စု စီးပွားရေး၏ သုံးပုံတစ်ပုံခန့်သာ ရှိသေး၍ လာမည့် ၂၀၂၅ ခုနှစ်တိုင်အောင် အမေရိကန်အား စုစုပေါင်း စီးပွားရေး ထုတ်လုပ်မှုတွင် ကျော်ဖြတ် အနိုင်ယူခြင်းကို မြင်တွေ့ရမည် မဟုတ်ဟု ကွန်ဆာဗေးတစ်များက ခန့်မှန်းထားပါသည်။

          အရေးကြီးသည့် ကိစ္စမှာ တစ်ဦးချင်း ထုတ်လုပ်မှုပင် ဖြစ်သည်။ ယခု တရုတ်နိုင်ငံ ကိစ္စတွင် စုစုပေါင်း ထုတ်လုပ်မှုကို လူဦးရေး သန်း (၁၃၀၀) ဖြင့် မျှခြေ ပြန်စားနေရခြင်း ဖြစ်သည်ဟု အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင်မှ ဇူလျံဇောင်၏ နိုင်ငံပိုင် သတင်းဌာနသို့ ပြောကြားချက်မှာ အရေးတကြီး ထည့်သွင်း စဉ်းစားရမည့် ကိစ္စဖြစ်ပါသည်။

          အကယ်၍ စုစုပေါင်း စီးပွားရေး ထုတ်လုပ်မှုတွင် ကျော်တက်နိုင်ခဲ့သည့် တိုင်အောင် တရုတ်နိုင်ငံ၏ ၂၀၀၈ ပျမ်းမျှ တစ်ဦးချင်း ဝင်ငွေမှာ ဒေါ်လာ (၃၂၀၀) သာ ရှိပြီး ဂျပန်နိုင်ငံက ဒေါ်လာ (၃၈၀၀၀) ရှိသည်ကို နှိုင်းယှဉ် တွေ့ရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 4th January 2009

          စစ်အစိုးရကို ထောက်ခံသော ကရင်စစ်တပ်သည် ကျေးရွာခေါင်းဆောင်နှင့် ရွာသားအချို့ကို ဖမ်းဆီး နှိပ်စက်ကြောင်း၊ ၎င်း၏ တပ်မှ တပ်သားအချို့ ဆန့်ကျင်ဖက်အဖွဲ့သို့ ထွက်ပြေးသွား သောကြောင့် ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောကြားခဲ့ပါသည်။

          ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ် (DKBA) သည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကျေးရွာမှ ရွာသားများသည် ပြီးခဲ့သည့်အပတ်က DKBA မှ အဖွဲ့ဝင် (၆) ဦး KNU သို့ ထွက်ပြေးရာတွင် အကူအညီများ ပေးခဲ့သည်ဟု စွပ်စွဲခဲ့ပါသည်။

          အစွမ်ရွာမှ ထွက်ပြေးလာသော ရွာသားအချို့က ပြောကြားရာတွင် ဇန်နဝါရီလ (၂)ရက်နေ့တွင် DKBA မှ အင်အား (၄၀) ခန့်နှင့် မြန်မာစစ်တပ်မှ အင်အား (၆၀) ခန့်သည် ရွာသို့ ရောက်လာပြီး အိမ်များကို စတင် နှိပ်စက်ကြောင်း ပြောပါသည်။

          ရွာခေါင်းဆောင် ဒေါ်ကလဲ အား ဖမ်းဆီးပြီး ထွက်ပြေးသွားသော အဖွဲ့ဝင်များ ယူဆောင်သွားသော လက်နက်များအတွက် လျော်ကြေးပေးရန် တောင်းဆိုခဲ့ကြပါသည်။

          DKBA နှင့် အစိုးရတပ်များသည် ဇန်နဝါရီလ (၁) ရက်နေ့ မနက်က ရွာသားများအား ပစ်ခတ်ခဲ့ရာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုပါသည်။

          စစ်တပ်က အဆိုပါ ရွာသားကို ရွာအပြင်၌ ကွမ်းသီး ကောက်နေသည်ကို တွေ့ရာ လက်မောင်းကို သေနတ်ဖြင့် ပစ်ခတ်ပြီး စစ်ဆေး မေးမြန်းခဲ့သည်ဟု ဆိုပါသည်။

          ကျေးရွာအစိုးရ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းစင် အိမ်ကိုလည်း ပစ်ခတ်သဖြင့် ထွက်ပြေးခဲ့ရကြောင်း ပြောကြားပါသည်။

          DKBA သည် KNU မှ ၁၉၉၅ ခုနှစ်က ခွဲထွက်ပြီး အစိုးရ၏ မဟာမိတ်အဖြစ် ရပ်တည်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာနိုင်ငံ အစိုးရဌာနများမှ လစာငွေ ပမာဏ အနည်းငယ်သာ ရရှိသော အစိုးရ ဝန်ထမ်း များကို စစ်အစိုးရက လစာငွေ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း စစ်အစိုးရ အရာရှိတစ်ဦးက ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားသည်။

စစ်အစိုးရက ပေးမည့် လစာငွေ နှုန်းထားသစ်အရ လစာငွေ ၁၅၀၀၀ကျပ် (စင်ကာပူ ၂၁ ဒေါ်လာ) မှ အလယ်အလတ် နှုန်းထား ဖြစ်သည့် ၈၀၀၀၀ ကျပ် ရရှိလျက် ရှိသော နိုင်ငံ့ဝန်ထမ်းများအား တစ်လလျှင် ၂၀၀၀၀ စီ ပုံသေ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်အစိုးရ ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်အစိုးရက လစာငွေ တိုးမြှင့်မည့် ကိစ္စကို တရားဝင် ထုတ်ဖော် ကြေညာခြင်း မရှိသော်လည်း လစာတိုးမြှင့်မည့် ကိစ္စနှင့် ပတ်သက်သော ဖြန့်ဝေစာများကို ဝန်ထမ်းများက တွေ့မြင်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

ယခု တိုးမြှင့်မည့် အစီအစဉ်တွင် လစာငွေ တစ်သိန်းနှင့် အထက် ရရှိသော ဝန်ထမ်းများ ပါဝင်မည် မဟုတ်ပေ။

ယင်းသို့ လစာ တိုးမြှင့်ပေးခြင်းသည် အစိုးရဌာနတွင်း မကျေနပ်ချက်များကို နှစ်သိမ့်ပေးသည့် သဘောမျိုး ဖြစ်သလို ယခုနှစ်တွင် ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲအတွက် အစိုးရက ပြည်သူလူထုထံမှ ထောက်ပံ့မှု ရရှိအောင် ကြိုးပမ်းသည့် သဘောလည်း ဖြစ်နိုင်သည်။

 AP သတင်းဌာန၏ Myanmar to boost salaries ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့(အာဆီယံ) ဝင် နိုင်ငံ ခြောက်နိုင်ငံသည် ယခုအခါ နယ်စပ်ဒေသမှ ဝင်ရောက်သော ကုန်ပစ္စည်း ထောင်ပေါင်း မြောက်မြားစွာအပေါ် အခွန်ကောက်ခံမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ရာ ဒေသတွင်း တစ်ခုတည်းသော ဈေးကွက်မျိုး စတင် ထူထောင်ရန် နီးစပ်လာပြီဟု ဆိုနိုင်ပါသည်။

               ယခု ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စ၍ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ နှင့် ဘရူနိုင်း တို့သည် သွင်းကုန် အမျိုးအစားပေါင်း ၇၈၈၁ မျိုးအပေါ် အခွန်စည်းကြပ် ကောက်ခံမှုအား ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

အာဆီယံ အတွင်းရေးမှူး၏ အဆိုအရ နောက်ဆုံးအဆင့် ဝယ်ယူ သုံးစွဲသူများထံသို့ ရောက်ရှိမည့် ကုန်ပစ္စည်းများ ဖြစ်သော အဲယားကွန်း (လေအေးပေးစက်)၊ ငရုပ်သီး၊ ငါး နှင့် ပဲပိစပ် အချဉ်ရည် အပါအဝင် အလတ်စား ကုန်ပစ္စည်းများ ဖြစ်သည့် မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ မော်တာစလင်ဒါများ အပေါ် အခွန် ကောက်ခံမှုကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

          စက်သုံးပစ္စည်းများ၊ အသင့်ပြင်ပြီးသား စားသောက်ကုန်များ၊ သံ၊ စတီး၊ ပလတ်စတစ်၊ စက်ပစ္စည်း၊ ဓာတုပစ္စည်း၊ စက္ကူ၊ ဘိလပ်မြေနှင့် မှန် အပါအဝင် အခြားသော ထုတ်ကုန်များလည်း သွင်းကုန် အခွန် စည်းကြပ်မှုမှ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။

နောက်ဆုံးအဆင့် စီစဉ် ဆောင်ရွက်ချက်အရ ယခင် သွင်းကုန်အခွန် စည်းကြပ် ကောက်ခံခြင်း ခံခဲ့ရသော ကုန်ပစ္စည်း အမျိုးပေါင်း ၅၄၄၅၇ အား အခွန် ကင်းလွတ်မှုဖြင့် လွတ်လပ်စွာ တင်ပို့ ရောင်းချခွင့် ရရှိပေလိမ့်မည်။  အဆိုပါ ကိန်းဂဏန်းသည် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ အတွက် ပြဋ္ဌာန်း သတ်မှတ်ထားသော ဦးစားပေး ကုန်ပစ္စည်းများ၏ ၉၉ ဒဿမ ၁ ရာခိုင်နှုန်း ဖြစ်သည်။

          ယခု နောက်ဆုံး သွင်းကုန် စည်းကြပ်ခွန် လျှော့ချမှု အစီအစဉ်နှင့်အတူ အဆိုပါ အာဆီယံ ခြောက်နိုင်ငံအတွက် ပျမ်းမျှ အခွန်စည်းကြပ် ကောက်ခံမှု နှုန်းများလည်း တဖြည်းဖြည်းချင်း လျော့ကျလာဖွယ် ရှိသည်။

          ယခု သွင်းကုန်ခွန် စည်းကြပ်မှု လျှော့ချရေး အစီအစဉ်တွင် မပါဝင်သော အခြားအာဆီယံ အဖွဲ့ဝင်များ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် အစရှိသည့် နိုင်ငံများအား ကုန်သွယ်မှု လမ်းကြောင်း ဖွင့်ပေးထားပြီ ဖြစ်သည်။ သို့သော် အဖွဲ့ဝင်သစ်များ တိုးလာခြင်း၊ စီးပွားရေးတွင် ဖွံ့ဖြိုးမှု အလွန် နိမ့်ကျနေခြင်း တို့ကြောင့် အဆိုပါ နိုင်ငံများ အနေဖြင့် ကုန်သွယ်မှု အဟန့်အတားများကို ရုတ်ချည်း ဖယ်ရှားပေးရန် လိုမည် မဟုတ်ပေ။

          အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုအရ အဆိုပါ နိုင်ငံ လေးနိုင်ငံသည် ၂၀၁၅ ခုနှစ်မှ စ၍ အလားတူ သွင်းကုန် အခွန်စည်းကြပ် ကောက်ခံမှုများကို စတင် ဖယ်ရှားပေးရမည် ဖြစ်သည်။

          အာဆီယံ အတွင်းရေးမှူးရုံးမှ ရသော သတင်း အချက်အလက်များအရ ၂၀၀၈ ခုနှစ်အတွင်း အာဆီယံ ဒေသတွင်း ကုန်ပစ္စည်းများ တင်သွင်းမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၂ ဒဿမ ၆၆ ဘီလီယံထိ ရောက်ရှိခဲ့သည်။ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်က ယခု သွင်းကုန် အခွန်စည်းကြပ်မှုများ လျှော့ချပေးလိုက်ခြင်းကြောင့် ဒေသတွင်း တစ်ခုတည်းသော ဈေးကွက်ပုံစံကို ဖော်ဆောင်နိုင်မည် ဖြစ်သလို ထုတ်ကုန် အခြေပြု အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ကိုပါ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

          ယခုကဲ့သို့ အခွန်စည်းကြပ်မှု လျှော့ချပေးခြင်းမှ ဖြစ်ပေါ်လာမည့် အမှန်တကယ် အကျိုးသက်ရောက်မှုနှင့် စားသုံးသူများအတွက် မည်၍ မည်မျှ အကျိုးသက်ရောက်မှု ထွက်စေမည် ဟူသော ကိစ္စမှာ အာဆီယံ ခြောက်နိုင်ငံ၏ ဈေးကွက်အင်အားပေါ်တွင် မူတည်ကြောင်း ဆူရင်ပစ်ဆာဝမ်က ပြောပါသည်။

 Phillippine Daily Inquirer မှ Asean scraps duties on 8000 products ကို ဘာသာပြန်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

http://myanmarbaydinsayar.blogspot.com/2010/01/blog-post.html  မှ ကူးယူဖော်ပြပါသည်။


          ၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံသည် ထူးခြား ဆန်းပြားသော အတွေ့အကြုံမျိုးစုံကို တစ်ပြိုင်နက် ခံစားရရှိမည့် အချိန်အခါ ဖြစ်သည်။ ပဋိပက္ခမျိုးစုံကို မြင်တွေ့ရမည် ဖြစ်သကဲ့သို့ ကောင်းကျိုး အဖုံဖုံကို မြင်တွေ့ရမည့် သဘောဖော်ပြနေပေရာ နက္ခတ္တ ပညာသဘောအရ နက်နဲသောဂြိုဟ်နေဖြစ်လေ၏။

များစွာ သိသာထင်ရှားသည်မှာ မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို နိုင်ငံတကာ ကလည်းကောင်း၊ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ အင်အားစုများက လည်းကောင်း ကျေနပ်နိုင်ခြင်း မရှိသောကြောင့် အကျပ်အတည်းမျိုးစုံကို ဖန်တီးကြလိမ့် မည်ဟူသည့်သဘော မြင်ရခြင်းဖြစ်၏။

ဝသဖလ ဂြိုဟ်၏ အင်္ဂါဂြိုဟ်သည် ကိုးတန့်တွင်နေ၍ လဂ်ကို ၅တန့် အပြည့်မြင်ထားရာ စစ်တပ်သည် နိုင်ငံ၏ ကောင်းရာ ကောင်းကျိုးကို ဆောင်ကြဉ်းလိမ့်မည်ဟူ၏။ မြန်မာ လွတ်လပ်ရေး ဇာတာ၏ စနေဂြိုဟ်သည် အဆိုပါ အင်္ဂါဂြိုဟ်ကို သွား၍ ပူးယှဉ်နေရာ စစ်မက် သဘောတရားများ စစ်တပ် အတွင်း၌လည်း ပဋိပက္ခများ ရှိလိမ့်မည် ဟူ၏။ သို့သော် အဆိုပါ စနေဂြိုဟ်သည် ဝသဖလ လဂ်ကို ၅ တန့် အပြည့်မြင်ထားရာ ဗိုလ်ချုပ်မှူးကြီးသည် သဘောကောင်းစွာ ကောင်းကျိုးများကို ဆောင်ကြဉ်း ဖွယ်ရှိ၏။

စစ်အစိုးရသည် နိုင်ငံအတွက် ကောင်းကျိုးများ ဆောင်ကြဉ်းမည်ဟု ပြထားသော်လည်း အတိုက်အခံ အင်အားစုများကို မူ ဖိနှိပ်ထားလိမ့်မည်ဟု လေးတန့်တွင် ရှိနေသော ယူရေးနပ်ဂြိုဟ်က ပြဆို၏။

မတ်လကုန်ပိုင်းသည် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး အုတ်မြစ်များ ချမည့် အချိန်ဖြစ်သည်။ ယနေ့ဖြစ်နေသော အငြင်းအခုံ အားလုံးရပ်ဆိုင်း သွားတော့မည် ဖြစ်ပြီး သဘောထား တင်းမာသူ အားလုံး စစ်ဘက်၊ ဒီမိုကရေစီဘက် နှစ်ဘက်လုံးတွင် နိုင်ငံရေးမှ ထွက်သွား ကြရမည့် အချိန် ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ အားလုံးလည်း လွတ်မြောက်လာကြလိမ့်မည်။ မထင်မှတ်သော အပြောင်းအလဲ များလည်း မြင်ကြရလိမ့်မည်။

ဝသဖလ ဇာတာ၏ လဂ်ကို လွတ်လပ်ရေး ဇာတာ ကြာသပတေးဂြိုဟ်က ပူးယှဉ်ထားပြီး ဝသဖလ ကြာသပတေးက အကောင်းမြင်ထားရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် အဆုံးသတ် ကောင်းလိမ့်မည်ဟု ဆိုနိုင်ပါသည်။

ဝသဖလ ဇာတာ၏ တနင်္ဂနွေဂြိုဟ်သည် သောကြာဂြိုဟ်နှင့် ပူးယှဉ်ထားရာ အတိုက်အခံများ ဖိနှိပ်ခံရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့ နားလည်မှု ရလိမ့်မည်ဟု ဖော်ပြပါ၏။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, 31st December 2009

ထိုင်းအစိုးရ ကက်ဘိနက်သည် နိုင်ငံပိုင် အကြီးဆုံး စွမ်းအင် ကုမ္ပဏီ PTT ကို မြန်မာနိုင်ငံ Martaban ပင်လယ်ကွေ့ရှိ ဇောတိက ဓာတ်ငွေ့ စီမံကိန်းနှင့် ဓာတ်ငွေ့ဆိုင်ရာ သဘောတူညီချက် အသစ်ကို လက်မှတ် ရေးထိုးရန် ခွင့်ပြုလိုက်ပါသည်။

အမျိုးသား စွမ်းအင် မူဝါဒ ကော်မတီက တင်ပြလာသော ဓာတ်ငွေ့သဘောတူ စာချုပ်သစ် ဆိုင်ရာ အဆိုပြုချက်ကို ထိုင်း ကက်ဘိနက်က အတည်ပြုခဲ့သည်ဟု ထိုင်းအစိုးရ အိမ်တော်မှ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဝါချရာ ကန်နီကာက အင်္ဂါနေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

M9 လုပ်ကွက်မှ ဓာတ်ငွေ့သိုက်သည် တစ်ရက်လျှင် ဓာတ်ငွေ့ ကုဗပေ သန်း ၂၄ဝ ကို ထိုင်းနိုင်ငံသို့ ရောင်းချမည် ဖြစ်မည် ဖြစ်ပြီး ကုဗပေ သန်း ၆ဝ ကို မြန်မာနိုင်ငံတွင် အတည်ပြုမည် ဖြစ်သည်။ ဓာတ်ငွေ့ဈေးနှုန်းမှာ ရတနာနှင့် ရဲတံခွန် ဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့နှင့် အတူတူ ဖြစ်မည်ဟု Thai News Agency ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အစီရင်ခံစာကို ကိုးကား၍ ၎င်းက ပြောကြားပါသည်။

ထိုင်း စွမ်းအင် ဝန်ကြီး ဝါနာရတ် ချန်ဒူကူးက ၎င်း ဦးဆောင် ကျင်းပခဲ့သော အမျိုးသား စွမ်းအင် မူဝါဒ ကော်မတီ၏ အစည်းအဝေးအပြီး တနင်္လာနေ့တွင် ၅ နှစ်တာ ဝယ်ယူမည့် အစီအစဉ်ကို ထောက်ခံခဲ့ကြောင်း ပြောကြားပါသည်။ ဝယ်လိုအားသည် ၂ဝ၁၅ တွင် တစ်ရက်လျှင် ကုဗပေ ၅.၁၄၂ ဘီလျံသို့ မြင့်တက်လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။

ဓာတ်ငွေ့သဘောတူ စာချုပ်သည် အမေရိကန် ဒေါ်လာ ၁ ဘီလျံကျော် တန်ဖိုး ရှိ၍ နောက်ထပ် ၂၅ နှစ်မှ အနှစ် ၃ဝ ခန့်ထိ ဝယ်ယူသွားမည် ဟု ဆိုပါသည်။ အဆိုပါ စီမံကိန်းမှ ဓာတ်ငွေ့ပို့လွှတ်မှုကို ၂ဝ၁၃ တွင် စတင်နိုင်လိမ့်မည်ဟု ဝါနာရတ်က ပြောကြားပါသည်။

လက်မှတ်ရေးထိုးမည့် ရက်ကိုမူ ယခုတိုင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါ။

၂ဝဝ၇ စွမ်းအင် ဖွံ့ဖြိုးရေး အစီအစဉ် ဒုတိယအကြိမ် ပြန်လည် ပြင်ဆင်မှုအရ အထက်ပါ ဓာတ်ငွေ့ တင်သွင်းမည့် အစီအစဉ်မှ လျှပ်စစ်ဓာတ်အား ၆၈၉ဝ မဂ္ဂါဝပ် ဖြည့်ဆည်းပေးမည် ဖြစ်သည်။

သဘာဝ ဓာတ်ငွေ့ ဝယ်လိုအားသည် တစ်နှစ်လျှင် ၆ ရာခိုင်နှုန်း ကြီးထွားလာမည် ဖြစ်ပြီး ဓာတ်အားပေး စက်ရုံများအတွက် နှစ်စဉ် လိုအပ်ချက်မှာ ၃.၃ ရာခိုင်နှုန်း မြင့်တက်လာကာ စက်မှုကဏ္ဍတွင် ၁၁ ရာခိုင်နှုန်းနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ၂၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာလိမ့်မည်ဟု ထိုင်း အာဏာပိုင်များက မှန်းဆထားပါသည်။

ထို့အပြင် ထိုင်း လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Egat) နှင့် လာအိုနိုင်ငံတို့အကြား စွမ်းအင် သဘောတူစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးဦးမည် ဖြစ်ပြီး လာအိုနိုင်ငံအတွင်းမှ လျှပ်စစ်ဓာတ်အား ၄၄ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နမ်နွန်း ၃ လျှပ်စစ် ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသာ လျှပ်စစ်ဓာတ်အားများကို ဝယ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်၍ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုများကို ၂ဝ၁၇ တွင် စတင်နိုင်မည် ဖြစ်ပါသည်။

လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ၂.၆၅ ဘတ် ကောက်ခံရန် ရည်ရွယ်ထားသော်လည်း လျှပ်စစ်စွမ်းအား အာဏာပိုင် အဖွဲ့ Egat အနေဖြင့် ရင်းနှီးမြှုပ်နှံသူ အားလုံးနှင့် ထပ်မံဆွေးနွေး ညှိနှိုင်းရဦးမည်ဟု ဝါနာရတ်က ဆိုပါသည်။

သို့ရာတွင် ပိုမို ခန့်မှန်း တွက်ချက်ထားခြင်း ဖြစ်ဖွယ်ရှိသော စွမ်းအင် အစီအစဉ်ကို ပြန်လည်သုံးသပ် ပြင်ဆင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထိုင်းအစိုးရထံ စက်တင်ဘာလအတွင်းက မေတ္တာရပ်ခံထားပြီး အဆိုပါ စွမ်းအင် အစီအစဉ်များကြောင့် အိမ်နီးချင်းနိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားစေလိမ့်မည်ဟု ၎င်းတို့က ပြောကြားပါသည်။

မြန်မာနှင့် လာအိုတို့ ပါဝင်သော ထိုင်းအစိုးရ၏ လက်ရှိ အစီအစဉ်သည် ထိုင်းနိုင်ငံ စွမ်းအင် လိုအပ်မှုအတွက် မရှိမဖြစ် လိုအပ်သော အစီအစဉ်မဟုတ်ဟု ပြောကြားခဲ့သူမှာ Foundation for Ecological Recovery လက်အောက်ရှိ Towards Ecological Recovery and Regional Alliance (TERRA) စီမံကိန်းမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား Montree Chantawong ဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် ရွေးချယ်စရာ စွမ်းအင် ရင်းမြစ်များကို အကောင်အထည် ဖော်နိုင်စွမ်း ရှိကြောင်း သုတေသန ပြုမှုများစွာအရ သိရှိထားပါသည်။ ထို့အပြင် အရံ လျှပ်စစ် ဓာတ်အားများစွာ ရှိနေသေးသည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ တစိုင်နှင့် ဟတ်ကြီး ရေလှောင်တမံများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို ဝယ်ယူရန် မလိုအပ်ပါဟု ၎င်းက ပြောကြားခဲ့ပါသည်။

Martaban ပင်လယ်ကွေ့ရှိ M9 လုပ်ကွက်တွင် ဓာတ်ငွေ့ရှာဖွေရန် မြန်မာအစိုးရနှင့် ထိုင်း PTT တို့ သဘောတူ စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ၂ဝဝ၇ မှစ၍ ထိုင်း-မြန်မာ ဓာတ်ငွေ့သဘောတူညီမှုကို ပြန်လည် သုံးသပ်ပြင်ဆင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက တိုက်တွန်းခဲ့ပါသည်။

မြန်မာ တပ်မတော် အစိုးရကို အထောက်အပံ့ ဖြစ်စေသော စီးပွားရေး သဘောတူ စာချုပ်များနှင့် ပတ်သက်၍ လူ့အခွင့်အရေး လှုပ်ရှားသူ အဖွဲ့အစည်းများက စိုးရိမ်ပူပန်လျက် ရှိနေပါသည်။

မည်သို့ပင်ဖြစ်စေ ထိုင်းအစိုးရက ၎င်းတို့၏ အမျိုးသား စွမ်းအင် ဖူလုံရေးအတွက် အမှန်တကယ် လိုအပ်ခြင်း ဖြစ်သည်ဟု အခိုင်အမာ ပြောကြား ကာကွယ်လျက် ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima,by Brian McCarton, 31st December 2009

ယခု လာမည့် နှစ်သစ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် မီးတောက်လောင်နိုင်မည့် ကိစ္စများကို သယ်ဆောင် လာလိမ့်မည်ဟု ယူဆရပါသည်။ ဒီဇင်ဘာ ၃၁ ရက်နေ့သည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မြန်မာစစ်တပ် လက်အောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် အဆုံးအဖြတ်ပေးရမည့် နောက်ဆုံးရက် ဖြစ်ပြီး မဟုတ်ပါက စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင်မှုများ ရှိလာနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ မှ စ၍ အုပ်ချုပ်ခဲ့သော စစ်ခေါင်းဆောင်များသည် စုစည်း ညီညွတ်သော ပြည်ထောင်စု မြန်မာနိုင်ငံ တည်ဆောက်ရေးကိုသာ ဦးစားပေးခဲ့ရာ နယ်စပ် ဒေသများတွင်လည်း ဗဟိုအစိုးရက ချုပ်ကိုင်နိုင်ရေးကိုသာ လုပ်ဆောင်ခဲ့ပါသည်။ သို့သော် အဆိုပါ ကိစ္စကို သဘောမတူသော အချို့ လက်နက်ကိုင် တိုင်းရင်းသားများသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ရှိနေပါသေးသည်။

၁၉၈၉ ခုနှစ်က ပြုလုပ်ခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများသည် အဆိုပါ ဒေသတွင် နှစ်ပေါင်း နှစ်ဆယ်ခန့် ပဋိပက္ခ မရှိဘဲ ငြိမ်းချမ်းနေခဲ့သော်လည်း အဆိုပါ နယ်စပ် ဒေသများအထိ အစိုးရက ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်ဆိုသော အချက်ကို အဖြေထုတ်နိုင်ခဲ့ခြင်း မရှိပါ။

မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တပ်များသည် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်နှင့် ၎င်းတို့၏ နိုင်ငံရေးဌာနများသည် ၂ဝ၁ဝ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မူချမှတ်ပေးခဲ့ပါသည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ၂ဝဝ၉ ခုနှစ် ဧပြီလက စတင် အဆိုပြုခဲ့သော်လည်း တိုင်းရင်းသားအဖွဲ့များက အောက်တိုဘာလအထိ ရွှေ့ဆိုင်းပေးရန် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

အင်အား နည်းသော အဖွဲ့များ ဖြစ်သည့် ကချင် ဒီမိုကရက်တစ် တပ်မတော် (KDA) နှင့် ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တို့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘောတူခဲ့ကြပါသည်။ သို့သော် အဓိက အင်အားကြီး အဖွဲ့များ ဖြစ်သော ဝ တပ်မတော် (UWSA)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း (NDAA-ESS) နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မတော် (SSA-N) တို့က ငြင်းဆန်ခဲ့ကြပါသည်။ ၎င်းတို့ စိုးရိမ်သော အချက်မှာ ၎င်းတို့၏ တပ်များ အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပါက အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ၎င်းတို့၌ စစ်အင်အား မရှိတော့မည်ကို စိုးရိမ်ခြင်း ဖြစ်ပါသည်။

ပြီးခဲ့သည့် ဩဂုတ်လက အင်အား အသေးငယ်ဆုံး ဖြစ်သော ကိုးကန့်တို့ကို တိုက်ခိုက်ခြင်းအားဖြင့် တရုတ်တို့၏ စိတ်ဆိုးမှုကို ခံခဲ့ရသော်လည်း အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အနည်းငယ် ကြောက်ရွံ့စေရန် ရည်ရွယ်ခဲ့ပုံ ရပါသည်။ ယခုအခါ ကိုးကန့်ဒေသတွင် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သော်လည်း ရှမ်းပြည်နယ် အချို့ဒေသများတွင် တင်းမာမှုများ ကျန်ရှိနေဆဲ ဖြစ်သည်။

နိုဝင်ဘာလက UWSA က အဆိုပြုရာတွင် ညှိနှိုင်းဆွေးနွေးရေးအတွက် ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်။ နိုဝင်ဘာလ ၁ဝ ရက်နေ့က စာတွင် UWSA က အစိုးရသို့ အဆိုပြုရာတွင် ၎င်းတို့၏ စစ်ဒေသ တိုင်းများတွင် မြန်မာ့တပ်မတော်မှ အရာရှိနှစ်ဦးအား ဒုတိယ တပ်မှူး (Deputy Commander) နှင့် ဒုတိယ ဦးစီးအရာရှိချုပ် (Deputy Chief-of-Staff) ရာထူးများ ခန့်ထားမည် ဖြစ်ကြောင်း၊ သို့သော် ၎င်းတို့၏ တပ်ဖွဲ့များကို UWSA ကပင် ထိန်းချုပ်ခွင့် ပြုစေလိုကြောင်း အဆိုပြုခဲ့သည်။ အဆိုပါအတိုင်း NDAA-ESS ကလည်း အစောပိုင်းက အဆိုပြုခဲ့ဖူးပါသည်။ KIA ၏ နိုင်ငံရေးဌာနဖြစ်သော ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ကမူ ၂ဝ၁ဝ ရွေးကောက်ပွဲအရ တက်လာသော အစိုးရနှင့်သာ ညှိနှိုင်းလိုကြောင်း ပြောကြားခဲ့ပါသည်။ ယခုလ အစောပိုင်းက UWSA ခေါင်းဆောင် Bao Youxiang က ပြောကြားရာတွင် ဖြစ်ပျက်သမျှ အရာရာ အားလုံးသည် တပ်မတော် အစိုးရအပေါ်တွင်သာ မူတည်နေကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရ ဘာလုပ်မည်နည်း ဆိုသည်နှင့် ပတ်သက်၍ လေ့လာသူများကြားတွင် အမြင် အမျိုးမျိုး ကွဲပြားလျက် ရှိပါသည်။ အချို့ကမူ ဗိုလ်ချုပ်များသည် ဟန်ဆောင်နေခြင်း ဖြစ်သည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့သည် တိုင်းရင်းသားများနှင့် စစ်ပွဲ ဖန်တီးခြင်းအားဖြင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိမ့်မည်ဟု ယုံကြည်နေပါသည်။

ထို့အပြင် မြန်မာ၏ မဟာမိတ် တရုတ်၏ စိတ်ဆိုးမည့် အန္တရာယ်ကလည်း ခြိမ်းခြောက်လျက် ရှိပါသည်။ ပြီးခဲ့သည့် ဩဂုတ်လက ကိုးကန့်တို့ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်တို့ကို ဂရုမစိုက်သလို ပြသလိုက်သော်လည်း ယခုနောက်ထပ် နယ်စပ်တွင် ဖြစ်ပွားလာမည့် စစ်ပွဲများသည် ကိုးကန့်အရေးထက် ပိုမို ကြီးမားသော အကျိုးဆက်များ ဖြစ်လာနိုင်ချေ ရှိသဖြင့် နောက်ထပ် စစ်ပွဲတစ်ခု ဖန်တီးရန် ဆန္ဒ ရှိမရှိ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပေ။

ကိုးကန့်နှင့် ခဏတာ တိုက်ပွဲလေးကြောင့် တရုတ်နိုင်ငံသို့ စစ်ပြေး ဒုက္ခသည် ၃၇ဝဝဝ ခန့် ထွက်ပြေးသွားခဲ့ပြီး တရုတ်ကလည်း စိတ်ဆိုးမာန်ဆိုး တုံ့ပြန်ခဲ့ပါသည်။ အကယ်၍ အခြားလက်နက်ကိုင် တိုင်းရင်းသားများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါက ထိုထက်ပိုသော ဒုက္ခသည်များ တရုတ်နိုင်ငံသို့ ထွက်ပြေးလာဖွယ်ရာ ရှိသည်။ ထို့ထက် စစ်ပွဲ၏ ရှည်လျားသော ကာလ သဘာဝကြောင့် အဆိုပါ ဒေသတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာပြီး တရုတ်နိုင်ငံတွင် စစ်ပြေး ဒုက္ခသည် ဦးရေ အများအပြား နေထိုင်လာကြမည် ဖြစ်သည်။

မြန်မာခေါင်းဆောင်များသည် ယခုလအတွင်း လာရောက်သော တရုတ် ကိုယ်စားလှယ် အဖွဲ့နှစ်ခုအား ၎င်းတို့၏ ကြောက်ရွံ့မှုများအား လျော့ပါးစေခဲ့ပါသည်။ တရုတ်နိုင်ငံ Chengdu စစ်ဒေသ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ စစ်ဦးစီး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Ai Husheng သည် ဒီဇင်ဘာလ ၅ ရက်မှ ၁ဝ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် UWSA နှင့် NDAA တို့မှ ထိန်းချုပ်ထားသော ဒေသများအနီးရှိ Kentung (ကျိုင်းတုံ) သို့ သွားရောက် လည်ပတ်ခဲ့ပြီး ကိုးကန့်စစ်ဆင်ရေးတွင် တာဝန်ယူခဲ့သူ စစ်ဆင်ရေး အထူးအဖွဲ့(၂) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပါသည်။ တရုတ် ဒုတိယ သမ္မတ၏ ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂ဝ ရက် ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နယ်စပ်ဒေသ တည်ငြိမ်ရေးကို အာမခံခဲ့ပါသည်။

အချို့လေ့လာသူများကမူ မကြာမီ တိုက်ပွဲ ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့ ထောက်ပြသော အချက်မှာ အစိုးရသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို နောက်ဆုံးရက် အောက်တိုဘာမှ နှစ်လခန့် နောက်ဆုတ်၍ အချိန်ပေးထားပြီး ဖြစ်ရာ နောက်ထပ် အလျှော့ပေးခဲ့လျှင် အစိုးရ၏ အားနည်းချက်ကို ဖော်ပြရာ ရောက်မည် ဖြစ်၍ တိုက်ခိုက်လိမ့်မည်ဟု ယူဆနေခြင်း ဖြစ်ပါသည်။

မြန်မာစစ်တပ်သည် အားလုံးကို တပြိုက်နက် တိုက်ခိုက်မည့်အစား တစ်ကြိမ်လျှင် တစ်ဖွဲ့ကိုသာ တိုက်ခိုက်လိမ့်မည် ဖြစ်ကြောင်း ယူဆနေကြပါသည်။ ဇွန်လ ထောက်လှမ်းရေး သုံးသပ်ချက်များအရ နိုဝင်ဘာ ၁၂ ရက် အစီရင်ခံစာအရ ခန့်မှန်းရာတွင် KIA ကို ပထမဆုံး တိုက်ခိုက်လိမ့်မည်ဟု ဆိုပါသည်။ KIA သည် အင်အား အနည်းဆုံးဟု ယူဆ၍ တိုက်ခိုက်လိမ့်မည်ဟု ဆိုပါသည်။ အင်အားအကြီးဆုံး UWSA ကို တိုက်ခိုက်ရန် အတွက်မူ ၎င်း၏ မဟာမိတ် NDAA-ESS ပါ ပါဝင်လာလိမ့်မည် ဖြစ်သည်။ ထို့အပြင် UWSA သည် တရုတ်နှင့် ထိုင်းနယ်စပ်တစ်လျှောက် တပ်များ ရှိ၍ UWSA နှင့် တိုက်ပွဲများ ဖြစ်ပွားပါက ၎င်း၏ မဟာမိတ်များ၊ ငြိမ်းချမ်းရေး ယူမထားသော SSA-S တို့တွင်ပါ ပျံ့နှံ့သွားပြီး ရှမ်းပြည်နယ် ဗဟိုရော တောင်ပိုင်းတွင်ပါ ပဋိပက္ခများ ဖြစ်လာနိုင်ပါသည်။

အချို့ကမူ မြန်မာအစိုးရသည် လာမည့်နှစ် ရွေးကောက်ပွဲနှင့် စစ်ရေးအရ တိုက်ခိုက်မှုများကို ခွဲခြားပြီး တစ်ပြိုက်နက် ပြုလုပ်လိမ့်မည်ဟု ယူဆထားကြသည်။ ပြီးခဲ့သည့်နှစ်က နာဂစ်မုန်တိုင်း ဒဏ်ခံစားခဲ့ရသော်လည်း အခြေခံဥပဒေကို အတည်ပြုခဲ့သောကြောင့် ဖြစ်ပါသည်။

တိုက်ပွဲများအတွက် ပြင်ဆင်မှုများ ဖြစ်သော ဘန်ကာများတူးခြင်း၊ စစ်သားများ အသင့်ပြင်ခြင်းများ၊ ဖြည့်တင်းခြင်းများ ပြုလုပ်လျက် ရှိပါသည်။ UWSA နှင့် ဒီဇင်ဘာ ၁၉ ရက်နေ့က နောက်ဆုံးဆွေးနွေးပွဲ အပြီးတွင်လည်း ကြေညာချက်များ ထွက်ပေါ်လာခြင်း မရှိခဲ့ရာ ပြည်တွင်းစစ် တဖန် ဖြစ်ပွားရေးအတွက် ဖြစ်နိုင်ချေ များနေပြီဟု ဆိုရမည် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခု ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) ကို စတင် ထူထောင်သော နိုင်ငံ ခြောက်နိုင်ငံ အကြား လွတ်လပ်စွာ ကုန်သွယ်မှု စတင် အကျုံးဝင်သည့် နေ့တစ်ရက် ဖြစ်သည်။ အာဆီယံ စတင် ထူထောင်သည့် ခြောက်နိုင်ငံတွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။

လွတ်လပ်စွာ ကုန်သွယ်မှု အစီအစဉ်အရ သွင်းကုန်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းအပေါ် အခွန် ကောက်ခံမှု ဖယ်ရှားပေးရမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်ကြောင့် ကုန်သွယ်မှု စရိတ်စက လျော့ကျသွားမည် ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများလည်း ပိုမို ကျယ်ပြန့်လာဖွယ် ရှိသည်။

လူဦးရေဟူသော အကြောင်းကိစ္စအရဖြင့် ပြောပါက အဆိုပါ ကုန်သွယ်မှုသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကုန်သွယ်မှု ဧရိယာတစ်ခု ဖြစ်လာပေမည်။ ထို့ပြင် ပို့ကုန် တင်ပို့မှုကို အဓိက အားပြုသော စီးပွားရေး လုပ်ငန်းများလည်း အင်အားကြီးမား လာမည် ဖြစ်သည်။

ဈေးချိုသာသော ကုန်ပစ္စည်းများ

အဆိုပါ လွတ်လပ်စွာ ကုန်သွယ်မှု အစီအစဉ်ကြောင့် တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်သူများ အနေဖြင့် အရှေ့တောင် အာရှဒေသ ပို့ကုန် တင်ပို့သူများ ထံမှ ကုန်ကြမ်းများကို ဈေးပေါပေါဖြင့် ရရှိနိုင်မည် ဖြစ်သလို ထိုနိုင်ငံများ အနေဖြင့်လည်း တရုတ်ပြည်မှ ကုန်ပစ္စည်းများ၊ စက်ပစ္စည်း အစိတ်အပိုင်းများကို ဈေနှုန်းသက်သက် သာသာ ရရှိနိုင်မည် ဖြစ်ပါသည်။

သို့သော် အရှေ့တောင် အာရှ ဒေသမှ အချို့သော စီးပွားရေး လုပ်ငန်းကြီးများ အနေဖြင့် တရုတ်ပြည်မှ လုပ်ငန်းကြီးများနှင့် စီးပွားရေးအရ ယှဉ်ပြိုင်ရန် အသင့် အနေအထားတွင် မရှိသေးကြောင်း၊ အလုပ်အကိုင်များလည်း လက်လွတ် ဆုံးရှုံးမှု ရှိနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်ခဲ့သည်ကို တွေ့ရပါသည်။

ဗီယက်နမ်နှင့် ကမ္ဘောဒီးယား အပါအဝင် အခြားသော အာဆီယံနိုင်ငံများ အနေဖြင့်လည်း နောင်လာမည့် ငါးနှစ်တွင် အဆိုပါ လွတ်လပ်စွာ ကုန်သွယ်မှုတွင် ပါဝင်လာမည်ဟု သိရသည်။ ဒေသတွင်း နိုင်ငံများ အချင်းချင်း အပြန်အလှန် ကုန်သွယ်မှု သဘောတူညီချက် စာချုပ်ပေါင်း များစွာလည်း ချုပ်ဆိုပြီး ဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဆိုအရ ၂၀၁၀ ပြည့်နှစ်တွင် ကုန်သွယ်ရေး သဘောတူညီချက် ၄၀၀ ခန့်ကို စတင် အကောင်အထည် ဖော်မည် ဖြစ်သည်။

BBC သတင်းဌာန၏ China and ASEAN Trade Deal Begins ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Agence France Presse, 31st December 2009

စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ ပြည်တွင်း တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများကို နှစ်ဆ ပိုမိုကောက်ခံမည် ဖြစ်ကြောင်း ယနေ့ ယုံကြည်ရသော သတင်းများအရ သိရှိရပါသည်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန၏ ဈေးနှုန်း မြှင့်တင်မှုသည် ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင် သက်ရောက်မည် ဖြစ်သည်။

ပြည်တွင်းခေါ်ဆိုခ အားလုံးကို တစ်မိနစ်လျှင် ၅ဝ ကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဟု တယ်လီဖုန်း ဆက်သွယ်ရေးဌာန အရာရှိက ပြောကြားပါသည်။ လက်ရှိ ကောက်ခံနေသော နှုန်းတားများမှာ ကြိုးဖုန်းများအတွက် တစ်မိနစ်လျှင် ၁၅ ကျပ် ဖြစ်၍ မိုဘိုင်းဖုန်းများအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် ဖြစ်ပါသည်။

ပြည်ပခေါ်ဆိုခ နှုန်းထားများကိုမူ ပြောင်းလဲမည် မဟုတ်ဟု ဆိုပါသည်။ ယခုကဲ့သို့ ဈေးတက်မည့်သတင်းကို မြန်မာအစိုးရ သတင်းဌာနများက ယခုထိ ကြေညာခြင်း မရှိသေးပါ။ "တကယ်လို့ ဒီသတင်းသာ မှန်ခဲ့ရင်တော့ ကျွန်မရဲ့ မိုဘိုင်းဖုန်းကို ခဏခဏ မသုံးဖြစ်အောင် ကြိုးစားရတော့မယ်" ဟု အသက် ၂၅ နှစ်အရွယ် အိမ်ရှင်မတစ်ဦး ဖြစ်သူ စိုးစိုးက ပြောကြားပါသည်။

ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံတစ်ဝှမ်းတွင် တယ်လီဖုန်း ဧရိယာ ကွန်ရက်များ တိုးချဲ့ခြင်းဖြင့် တယ်လီဖုန်း ဆက်သွယ်မှုများ တိုးတက်လာအောင် ကြိုးစားနေသည်ဟု မြန်မာအာဏာပိုင်များက ပြောကြားပါသည်။

အောက်တိုဘာလ အစောပိုင်းက မြို့တော်သစ် နေပြည်တော်တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ပိတ်ပင်ထားခဲ့သော မိုဘိုင်းဖုန်းများကို အစိုးရက သုံးစွဲခွင့်ပြုခဲ့ပါသည်။

ဆင်းရဲနွမ်းပါးနေသော မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်မှစ၍ တပ်မတော်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

foreignaffairs.com, By Andrew J. Nathan, 1st January 2010

မြန်မာနိုင်ငံကို ဒုက္ခပေးနေသော အကြောင်းအရာများနှင့် ပတ်သက်၍ Steinberg က အသေးစိတ် ထောက်ပြ ရှင်းလင်းခဲ့ပြီး အဓိက အကြောင်းရင်းများကို ရာဇဝင် သမိုင်းထဲတွင် အများဆုံး တွေ့ရှိရသည်ဟု ၎င်းက ဆိုပါသည်။

အတိတ် ဘုရင်စနစ်က အမွေပေးခဲ့သော အကြွင်းမဲ့ အာဏာချုပ်ကိုင်မှု၊ ထို့နောက် ကိုလိုနီခေတ်၊ ထို့နောက် ကျိုးကြောင်း ဆီလျော်မှု မရှိသော နယ်မြေ ပိုင်းခြားမှုများ၊ နိုင်ငံကို အဆိပ်အတောက်သဖွယ် အန္တရာယ်ပြုခဲ့သော တိုင်းရင်းသား လူမျိုးစုများအကြား မညီမျှသည့် ကြွယ်ဝချမ်းသာမှုများနှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးစနစ် တို့ကြောင့် နိုင်ငံ၏ စွမ်းဆောင်ရည် ကျဆင်းခဲ့ရပြီး ကြီးနိုင်ငယ်ညှင်း သမိုင်းဦးခေတ်သို့ ပြန်ရောက်သွားခဲ့ရခြင်း ဖြစ်သည်။

ပတ်ဝန်းကျင် နိုင်ငံတကာ အနေအထားကလည်း နိုင်ငံကို ထိခိုက်စေခဲ့ပါသည်။ ယခင် ဝန်ကြီးဟောင်း ဦးနု၏ ပြောစကားအရဆိုလျှင် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် ဝေးသော်လည်း ကြောက်ရသည့် အမေရိကန်တို့အကြား ပိတ်မိနေ၍ ထိန်းချုပ်ခြင်း ခံနေရပြီး "ဆူးကြားက ဘူးခါးသဖွယ်" ဖြစ်နေခဲ့ပါသည်။

အထက်ပါ အချက်သည် အာဏာရ ခေါင်းဆောင်များအား အနောက်နိုင်ငံများနှင့် တံခါးပိတ်၍ တရုတ်ကို မှီခိုခြင်းဆီသို့ ဦးတည်စေခဲ့ခြင်း ဖြစ်ပါသည်။

အခြားသော ကြီးနိုင်ငယ်ညှင်း အာဏာရှင် နိုင်ငံများကဲ့သို့ပင် အခွင့်ရ တပ်မတော် လူတန်းစားအလွှာတစ်ခု ပေါ်ထွန်းလာပြီး ၎င်းတို့သည် တိုင်းပြည် လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့် ရှိကာ ပြည်သူများထံမှ ကုတ်သွေးစုတ်နေခဲ့ခြင်း ဖြစ်ပါသည်။ တပ်မတော် လူတန်းစားအလွှာ သို့ ဝင်ရောက်လိုသူများစွာ ရှိသော်လည်း အနည်းငယ်သာ ရွေးချယ်ခြင်း ခံကြရပြီး ရှင်သန်နိုင်မှုအတွက် ပေးဆပ်ရသည့် တန်ဖိုးမှာ သစ္စာရှိမှုပင် ဖြစ်သည်။

တိုင်းရင်းသား လူမျိုးစု ပြဿနာများ၊ စီးပွားရေး ပြဿနာများ၊ ဥပဒေအရ တရားဝင်အစိုးရ ဖြစ်လိုသော ပြဿနာများသည် အချိန်တိုအတွင်း ထွက်ပေါက်မရှိသည့် ကြေကွဲဝမ်းနည်းဖွယ် ထောင်ချောက်အတွင်း မြန်မာနိုင်ငံကို ပိတ်မိစေခဲ့ပြီး အကျိုးရလဒ် မရရှိသော မရုတ်သိမ်းသေးသည့် အရေးယူ ပိတ်ဆို့မှုများ ချမှတ်စေခဲ့သည့် အမေရိကန် မူဝါဒကို ပေါ်ပေါက်လာစေခဲ့ခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.