Transparency Myanmar

transparency.myanmar@gmail.com

အနောက်တိုင်း သြစတြေးလျ နည်းပညာ ကုမ္ပဏီကြီး တစ်ခုသည် မြန်မာ အစိုးရအနေဖြင့် တိုင်းရင်းသား လူနည်းစုများ အပေါ် ဖိနှိပ်ရာတွင် အဆင်ပြေ ချောမွေ့မှု ရရှိစေရန် အလို့ငှာ Hi-Frequency စနစ်သုံး ရေဒီယို ဆက်သွယ်ရေး ပစ္စည်းများ ရောင်းချလျက် ရှိကြောင်း သြစတြေးလျ နိုင်ငံရေး ပါတီကြီး တစ်ခု ဖြစ်သောGreen Party က ထုတ်ဖော် စွပ်စွဲလိုက်သည်။

မြန်မာစစ်အစိုးရကို Hi-Frequency စနစ်သုံး ရေဒီယို ဆက်သွယ်ရေး ပစ္စည်းများ ရောင်းချနေသည့် ကုမ္ပဏီမှာ Barrett Communications ဖြစ်ပြီး ဆက်သွယ်ရေး ပစ္စည်းများသည် လှိုင်းတို-လှိုင်းရှည်များကို ဖြတ်တောက် ပစ်နိုင်စွမ်း ရှိကြောင်း၊ အဆိုပါ ဆက်သွယ်ရေး ပစ္စည်းများတွင် ပါဝင်သော စနစ်မှာ ရေဒီယို လှိုင်း ကွန်ယက်အတွင်း ကြားဖြတ် နားဆင်ရန် လွန်စွာ ခက်ခဲကြောင်း Green Party မှ ဆီနိတ်တာ Scott Ludlam က ပြောကြားသည်။

အဆိုပါ ရေဒီယို ဆက်သွယ်ရေး စနစ်များသည် တိုင်းရင်းသား လူမျိုးစုများနှင့် လက်နက်ကိုင် တပ်ဖွဲ့များကို နှိမ်နင်း တိုက်ခိုက်ရာ၌ များစွာ အထောက်အကူ ပြုနိုင်ကြောင်း Scott Ludlam က ဆိုသည်။

"နယ်စပ်ဒေသမှာ နေထိုင်တဲ့ သူတွေကို နှိပ်ကွပ်တဲ့ စစ်ဆင်ရေးတွေမှာ ဒီရေဒီယို ဆက်သွယ်ရေး စနစ်တွေက အရမ်းကို အသုံးဝင်ပါတယ်။ ဘယ်လိုလဲ ဆိုတော့ နယ်စပ်ဒေသမှာ နေထိုင်တဲ့ လူမျိုးစုတွေ အသုံးပြု နားဆင်တဲ့ ရေဒီယို လှိုင်းတွေကို ပြောင်းလဲပစ်ပြီး သူတို့ပေးချင်တဲ့ အစီအစဉ်တွေ ထည့်ပေးလို့ ရတယ်။ ဒီစနစ်က တော်တော်လည်း ထိရောက်တယ်။ ဘယ်သူမှ မသိအောင် တိတ်တဆိတ် လုပ်ကိုင်လို့လည်း ရတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ ရေဒီယို ဆက်သွယ်ရေး စနစ်များ စစ်အစိုးရထံသို့ တင်ပို့ ရောင်းချမှုများအား အမြန်ဆုံး ရပ်တန့်ရမည် ဖြစ်သည်ဟု ဆီနိတ်တာ Scott Ludlam က ပြောသည်။

"သြစတြေးလျနဲ့ မြန်မာနိုင်ငံအကြား ဒီလို ကုန်သွယ်မှု ပုံစံနှစ်မျိုး မရှိသင့်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အထူးသဖြင့် မြန်မာ စစ်အစိုးရနဲ့ သြစတြေးလျ နိုင်ငံအကြား ဒီလို ရေဒီယို ဆက်သွယ်ရေး စနစ်တွေ အရောင်းအဝယ် လုပ်တာမျိုး လုံးဝ မရှိသင့်ပါဘူး" ။

"မြန်မာစစ်အစိုးရဆိုတာ ရာဇဝတ်မှု ကျုးလွန်နေတဲ့ အစိုးရ စနစ် တစ်ခုပါပဲ။ အဲဒီတော့ ဒီကိစ္စဟာ လုံးဝကို တရားမဝင်ပါဘူး။ သြစတြေးလျ ကုမ္ပဏီတစ်ခု အနေနဲ့လည်း ဒီလို အစိုးရမျိုးနဲ့ စီးပွားရေး လုပ်တယ်ဆိုတာ လုံးဝကို သင့်တော်မှု မရှိပါဘူး" ဟု Scott Ludlam က ပြောပါသည်။

သို့သော် Barrett Communications ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ Phil Bradshaw က မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချနေသော ရေဒီယို ဆက်သွယ်ရေး ကိရိယာများတွင် ကြားဖြတ် အပြောင်းအလဲ ပြုလုပ်နိုင်သော စနစ်များ ပါဝင်ခြင်း မရှိပါကြောင်း Radio Australia သို့ တုံ့ပြန် ပြောဆိုသည်။

Radio Australia မှ Australian Greens calls for stop in radio equipment exports to Burma ကို ဘာသာပြန်ဆိုပါသည်။

www.gasandoil.com, 5th January 2010

          လာမည့် ဆယ်စုနှစ် အပြီးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းသုံး သဘာဝ ဓာတ်ငွေ့ ဖြည့်ဆည်းမှုသည် ၃ ဆ တက်လာမည်ဟု မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း MOGE သတင်းရပ်ကွက်မှ သိရှိရပါ သည်။

          ကမ်းလွန် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုတွင် ဦးဆောင်နေသော ရွှေနှင့် ဇောတိက အဓိက စီမံကိန်း ၂ ခုမှ ပြည်တွင်း သုံးရန် ဓာတ်ငွေ့များ ရရှိမည် ဖြစ်၍ ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ စီမံကိန်းနှင့် မြို့တော် ရန်ကုန်ကိုလည်း ပိုက်လိုင်း အသစ် တည်ဆောက် သွယ်တန်းနေပါသည်။

          အထက်ပါ အချိန် ကာလအတွင်း ပြည်ပသို့ ဓာတ်ငွေ့ တင်ပို့မှုကိုလည်း ၂ ဆ မြင့်တင်သွားမည် ဟု MOGE ၏ ယာယီ ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ယခုလ အစောပိုင်းတွင် ပြောကြားခဲ့ပါ သည်။

          ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်တွင် ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၂.၃၈ ဘီလျံ ရရှိခဲ့သည်ဟု မြန်မာအစိုးရ စာရင်းဇယား များအရ သိရပါသည်။

          သဘာဝ ဓာတ်ငွေ့မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုမှာ ၂၀၀၅ တွင် ၃၉.၈ % ရှိရာမှ ၂၀၃၀ တွင် ၄၃ % အထိ လျှော့ချ နိုင်မည် ဖြစ်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၉၅ % ခန့်ကို ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိလာမည် ဖြစ်သည်။

Mizzima News, 7th January 2010

မြန်မာ့ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် နာဂစ်မုန်တိုင်း ဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ မနက်ဖြန် သွားရောက်မည်ဟု တပ်မတော် သတင်းရပ်ကွက်မှ ကြားသိရပါသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သွားရောက်မည့် နေရာများတွင် ဒေးဒရဲမြို့နယ် အတွင်းမှ ကျုံဒါးကျေးရွာလည်း ပါဝင်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ဆောင်ရွက်ဆဲ တည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးမည် ဖြစ်ပါသည်။ ၂၀၀၉ နိုဝင်ဘာလက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာရောက် ကြည့်ရှုခဲ့သော ဒေသများကို အဓိက စစ်ဆေးကြည့်ရှုမည် ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဧရာဝတီတိုင်း ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နာဂစ်ဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ တည်ဆောက်နေသော အဆောက်အဦးများ၊ ကျောင်းများကို ၂၀၁၀ မတ်လ (၃၁) ရက်တွင် အပြီးသတ် ဆောက်လုပ်ရန် သက်ဆိုင်ရာ အရာရှိများကို ညွှန်ကြားခဲ့ပါသည်။

ယခု တစ်ခေါက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက သတ်မှတ်ရက် အမီ စီမံကိန်း လုပ်ငန်းများ ပြီးစီးရန် ကြည့်ရှု စစ်ဆေး တွန်းအားပေးရန် မျှော်လင့်ထားပါသည်။

အေရှားဝေါလ်၊ ရွှေသံလွင်၊ ထူးကုမ္ပဏီနှင့် T2TM ကုမ္ပဏီ စသော စစ်ဖက်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများက တည်ဆောက်ရေး လုပ်ငန်းများကို အဓိက ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြစ်တင် ဝေဖန်မှုများ ရှိနေပြီး အဆောက်အဦးများ ပိုမို တည်ဆောက်ရန် လိုအပ် နေသေးသည်ဟု ညွှန်ပြမှု များစွာ ရှိနေပါသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လတ်တလောတွင် မြို့တော်ဟောင်း ရန်ကုန်သို့ ရောက်ရှိနေကာ ဇန်နဝါရီ (၄) ရက်က ကွယ်လွန်သွားခဲ့သော ၎င်း၏ ရင်းနှီးသော မိတ်ဆွေ၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြသင်း၏ အသုဘ အခမ်းအနားသို့ တက်ရောက်နေပါသည်။

gasandoil.com, December 2009

          အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ အကြားရှိ ၃ နိုင်ငံ ဓာတ်ငွေ့ ပိုက်လိုင်းသည် ၂ နှစ်၊ ၃ နှစ် အချိန် ကာလအတွင်း ပေါ်ပေါက်လာလိမ့်မည်ဟု မြန်မာ သံအမတ်ကြီး ဦးကြည်သိန်း၏ ပြောကြားမှု အရ သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် ဓာတ်ငွေ့ ရှာဖွေရေး လုပ်ကိုင်နေသော GAIL , Essar Oil, ONGC, IOC စသော အိန္ဒိယ ကုမ္ပဏီများနှင့် စီးပွားရေး သဘော တူညီမှုများ လာမည့် ၂ နှစ် ၃ နှစ်အတွင်း ပေါ်ပေါက် လာနိုင်သည်ဟု ဦးကြည်သိန်းက သံတမန်ဆိုင်ရာ ဆွေးနွေးပွဲ အဝန်းအဝိုင်းတွင် ပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း ကျောက်ဖြူနှင့် တရုတ်နိုင်ငံ ရွှေလီကို ဆက်သွယ်ပြီး ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် အဆုံးသတ်မည့် ကီလိုမီတာ ၁၁၀၀ ရှည်လျားသော ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်း သဘော တူညီချက်ကို ၂၀၀၉ ခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံက လက်မှတ် ရေးထိုး ခဲ့သည်ဟုလည်း ၎င်းက ပြောကြားပါသည်။

          ပထမအဆင့် အနေဖြင့် မြန်မာ-တရုတ် ရေနံစိမ်း ပိုက်လိုင်းကို ကျောက်ဖြူမှ ရွှေလီအထိ ၇၇၁ ကီလိုမီတာ သွယ်တန်းမည် ဖြစ်၍ တစ်နှစ်လျှင် ရေနံစိမ်းတန် ၁၂ သန်း တင်ပို့ရန် ဒီဇိုင်း ရေးဆွဲထားပါသည်။

          အိန္ဒိယ မြန်မာ ၂ နိုင်ငံ ကုန်သွယ်ရေး ပမာဏသည် လက်ရှိ ဒေါ်လာ ၉၅၁ သန်းမှ ၂၀၀၉-၂၀၁၀ တွင် ဒေါ်လာ ၁ ဘီလျံသို့ ရောက်ရှိရန် မျှော်လင့်ထားသည် ဟုလည်း သံအမတ်ကြီးက ဆိုပါသည်။

          မြန်မာမှ အဓိက ပို့ကုန်များမှာ ပဲအမျိုးမျိုး၊ ကျွန်းနှင့် သစ်မာတို့ ဖြစ်၍ သံနှင့် သံမဏိပစ္စည်း၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့် ဆေးဝါး ပစ္စည်းများကို အိန္ဒိယမှ မြန်မာသို့ တင်သွင်းသည်ဟု သိရှိရပါ သည်။

          ထိုင်းနိုင်ငံ၊ တရုတ်နှင့် စင်ကာပူတို့ ပြီးလျှင် အိန္ဒိယသည် မြန်မာနိုင်ငံ၏ စတုတ္ထ မြောက် အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ပါသည်။

Inside Burma, By Justin McCurry, 5th January 2010

မြန်မာနိုင်ငံတွင် ဆယ်စုနှစ် (၂) စုအတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ကြောင်း မြန်မာ အစိုးရ ခေါင်းဆောင်က ယမန်နေ့က အတည်ပြုခဲ့သော်လည်း မဲပေးရာတွင် မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ရန် မဲဆန္ဒရှင်များကို သတိပေးလိုက်ပါသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အဓိက အတိုက်အခံ ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် ကြာမြင့်စွာ စောင့်မျှော် ခဲ့ရသော ပထမဆုံး ရွေးကောက်ပွဲ ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိသည့် လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အထိမ်းအမှတ် သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်း၏ အဆင့် (၇) ဆင့် လမ်းပြမြေပုံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး၌ အခြေခံ လုပ်ငန်းစဉ်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ၎င်း၏သဝဏ်လွှာတွင် ယခုနှစ်အတွင်း ရွေးကောက်ပွဲများကို စနစ်တကျ နည်းလမ်းများဖြင့် ကျင်းပသွားနိုင်ရန် စီစဉ် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ကြရန် ပြည်သူ တစ်ရပ်လုံးကို တိုက်တွန်းသည်ဟုလည်း ဆိုပါသည်။ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကိုမူ သတ်မှတ်ခြင်း မရှိသေးပါ။

စစ်ဖက် အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို ဝေဖန် ပြစ်တင်နေကြသော အမေရိကန်၊ ဗြိတိန်နှင့် အနောက်နိုင်ငံများကို ရည်ညွှန်း၍ ကိုလိုနီ လက်သစ်များထံမှ ကျရောက်လာမည့် အန္တရာယ်များကို ကာကွယ်ရေးအတွက် အချိန်ပြည့် စောင့်ကြည့်နေရန် လိုအပ်သည်ဟု အသက် (၇၆) နှစ် အရွယ် ဗိုလ်ချုပ်မှူးကြီးက ပြည်သူများအား သတိပေး ပြောကြားပါသည်။

အဆိုပါ လွတ်လပ်ရေးနေ့ သဝဏ်လွှာသည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို မဲပေးခြင်း မပြုရန် သတိပေးမှု တစ်ခု ဖြစ်သည်ဟု အချို့က ထင်မြင်ချက် ပေးပါသည်။ တပ်မတော်က ရေးဆွဲခဲ့သော အခြေခံဥပဒေသစ်ကို NLD က အသိအမှတ် မပြုသလို ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်း ရှိမရှိကိုလည်း ယခုတိုင် မဆုံးဖြတ်ရသေးပါ။

၁၉၆၂ ခုနှစ်ကပင် အာဏာ သိမ်းပိုက်ခဲ့သော စစ်ဖက် အစိုးရကို ၎င်းတို့ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်ကို လွှတ်ပေးရန်နှင့် အတိုက်အခံပါတီများနှင့် ဆွေးနွေး ညှိနှိုင်းခြင်းကို စတင်ရန် NLD ပါတီမှ ယမန်နေ့က တောင်းဆိုခဲ့ပါသည်။

နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးအတွက် အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ရှေ့ရှု၍ နိုင်ငံရေး အဖွဲ့အစည်းများ အားလုံးပါဝင်သော ဆွေးနွေး ညှိနှိုင်းပွဲကို ရိုးသားသော ရည်ရွယ်ချက်ဖြင့် ကျင်းပရန် လိုအပ်သည်ဟု NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ဆွေက ပြောကြားပါသည်။

အခြေခံ ဥပဒေက လွှတ်တော် ကိုယ်စားလှယ် နေရာ လေးပုံတစ်ပုံကို တပ်မတော်အတွက် အာမခံ ထားသောကြောင့် ယခု ရွေးကောက်ပွဲသည် အတုအယောင်သာ ဖြစ်သည်ဟု အစိုးရ အတိုက်အခံများက စွပ်စွဲထားပါသည်။ မြန်မာ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များက မဲပေးပွဲကို သပိတ်မှောက်ရန် အစီအစဉ် ရှိသည်ဟု ပြောကြားနေကြသည့် အချိန်တွင် မည်သူက အာဏာရယူ အုပ်ချုပ်မည် ဆိုသည်ကို တပ်မတော် အစိုးရက ဆုံးဖြတ်ခြင်း မရှိသေးပါ။

ယခု ရွေးကောက်ပွဲသည် တပ်မတော်နှင့် ၎င်း၏ အရပ်ဖက် မဟာမိတ်များ စိုးမိုးမည့် တရားဝင် အစိုးရကို ဖွဲ့စည်းမည် ဖြစ်၍ လက်ရှိ အစိုးရ၏ အာဏာချုပ်ကိုင်မှုကို ပိုမို ခိုင်မြဲစေလိမ့်မည်ဟု ဝေဖန် ဆန်းစစ်သူများက ပြောကြားပါသည်။

အစိုးရ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို ၂၀၁၁ အထိ နောက်ထပ် (၁၈) လ ထပ်မံ သက်တမ်း တိုးထားသောကြောင့် သူမအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ရန် မျှော်လင့်နိုင်ခြင်း မရှိပါ။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင်သည်  လွန်ခဲ့သော အနှစ် (၂၀) အတွင်း (၁၄) နှစ်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရပြီး သူမ၏ နောက်ဆုံး ချမှတ်ခံရသော ပြစ်ဒဏ်အပေါ် အယူခံလွှာ တင်သွင်းထားခြင်းကို ဇန်နဝါရီ (၁၈) ရက်တွင် ပြန်လည် သုံးသပ် ကြားနာမည်ဟု ဗဟို တရားရုံးက ပြီးခဲ့သော သီတင်းပတ်တွင် ပြောကြားခဲ့ပါသည်။

ယခင် အပတ်က ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းမှ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးစာတွင် လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲများ ကျင်းပရန် မြန်မာအစိုးရကို တိုက်တွန်းထားသည်ဟု ရေးသား ပါရှိပါသည်။ အကယ်၍ အတိုက်အခံ ခေါင်းဆောင်များ ပါဝင်မှု မရှိခြင်း၊ နိုင်ငံတကာ အကဲခတ် စောင့်ကြည့်မှုများ မရှိခြင်း တို့နှင့်အတူ မရိုးမသား စီစဉ်ထားသော အခြေခံ ဥပဒေ၏ အောက်တွင် စီစဉ် ရေးဆွဲထားသည့် ရွေးကောက်ပွဲများကို ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ပါက တပ်မတော် ခေါင်းဆောင်များ အနေဖြင့် နှစ်ပေါင်းများစွာ သံတမန်ဆိုင်ရာ ပစ်ပယ်ခံရမှုများ၊ စီးပွားရေး တုန့်ဆိုင်း ကျဆင်းမှုများဆီသို့ မြန်မာနိုင်ငံကို ဆွဲချသလို ဖြစ်သွား စေလိမ့်မည်ဟု ဂေါ်ဒွန်ဘရောင်းက ပြောကြားခဲ့ပါသည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမားကမူ မြန်မာအစိုးရနှင့် ဆွေးနွေး ညှိနှိုင်းရေး မူဝါဒကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများ တိုးတက် လာစေရေးအတွက် တပ်မတော် ခေါင်းဆောင်များကို ဆွဲဆောင်ရန် အမေရိကန် အဆင့်မြင့် သံတမန်အဖွဲ့ကို နိုဝင်ဘာလတွင်းက မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါသည်။

ယမန်နေ့က ကျရောက်သော မြန်မာနိုင်ငံ၏ (၆၂) မြောက် လွတ်လပ်ရေးနေ့တွင် ဝါရှင်တန်က မြန်မာပြည်သူ ပြည်သားများအား နှုတ်ခွန်းဆက်သခဲ့ရာ၌ အခြေခံ လူ့အခွင့်အရေးများကို မြန်မာပြည်သူလူထု လွတ်လပ်စွာ ကျင့်သုံးနိုင်မည့် နေ့ရက်ဆီသို့ ရှုမျှော်လျက် ရှိသည်ဟု ဖော်ပြခဲ့ပါသည်။

Editorial from The Nation – Thailand, 7th January 2010

          မြန်မာ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု အတည်ပြု ပြောကြားခဲ့ရသည်ကို ဝမ်းမြောက် နေလိမ့်မည် ဖြစ်ပါသည်။

သို့သော် ပြဿနာမှာ ရွေးကောက်ပွဲ ကျင်းပပေးမည့် ရက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ခြင်း မရှိသေးပါ။ ထို့အပြင် လာမည့် ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် ရှိစေရေး၊ တရား မျှတရေးနှင့် မြင်သာထင်သာ ရှိရေးတို့ ရှိမရှိ၊ လိုအပ်သော ဥပဒေများကိုလည်း ထုတ်ပြန်ခြင်း မရှိသေးချေ။

          အမေရိကန် နိုင်ငံခြားရေး ဌာနကလည်း ထိုအချက်နှင့် ပတ်သက်၍ ရှင်းလင်းစွာ ပြောကြားရာ၌ အားလုံး လက်ခံနိုင်သော ရွေးကောက်ပွဲအတွက် အစိုးရမှ အဓိပ္ပာယ် ရှိသော ခြေလှမ်းများ မြင်တွေ့ရခြင်း မရှိသေးကြောင်း၊ အတိုက်အခံ ခေါင်းဆောင် အတော်များများလည်း ထောင်ထဲတွင်ပင် ရှိဆဲ ဖြစ်ပြီး နိုင်ငံရေးအရ ဆန့်ကျင်မှုများ၊ ငြင်းခုံမှုများအတွက် နေရာမရှိကြောင်း၊ သတင်းစာ လွတ်လပ်ခွင့်လည်း မရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့ကြောင့် မိမိတို့အနေဖြင့် မြန်မာအစိုးရအား အဆိုပါ အချက်များ အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဓိက အတိုက်အခံများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး ပတ်သက်သူများနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းရန် တိုက်တွန်းပါသည်ဟု ဆက်လက် ပြောကြားခဲ့ပါသည်။ အားလုံး ပါဝင်သော တွေ့ဆုံ ဆွေးနွေးမှုသည် အားလုံး ပါဝင်သော ရွေးကောက်ပွဲအတွက် ပထမ ခြေလှမ်း ဖြစ်လိမ့်မည်ဟု ထည့်သွင်း ပြောကြားခဲ့ပါသည်။

          ထိုကဲ့သို့ နိုင်ငံတကာက ပြင်းထန်စွာ တောင်းဆိုနေသော်လည်း၊ မြန်မာစစ် အစိုးရသည် ခေါင်းမာနေဆဲ ဖြစ်ပါသည်။ စစ်အစိုးရသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးကို သေချာချင် ပေလိမ့်မည်။ အကယ်၍ ရှုံးခဲ့လျှင် ဒုက္ခတွေ့လိမ့်မည် ဖြစ်သည်။ ၁၉၉၀ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ရာ၊ ယခု စစ်အစိုးရသည် အဆိုပါ အမှားမျိုးကို ထပ်မံ အဖြစ်ခံလိမ့်မည် မဟုတ်ပေ။

          ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာရန် တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားခြင်းမှာ စနစ်တကျ အကွက်ချ၍ လုပ်ဆောင်နေခြင်းပင် ဖြစ်ပါသည်။ စစ်အစိုးရ၏ လက်ရွေးစင် လက်ဝေခံများ ရွေးကောက်ပွဲဝင်ရန် အသင့်ဖြစ်မှသာ ကျင်းပမည့်ရက်ကို ကြေညာလိမ့်မည် ဖြစ်ပါသည်။ ရွေးကောက်ပွဲသည် ဒုတိယ နှစ်ဝက်နောက်ပိုင်းတွင် ကျင်းပလိမ့်မည်ဟု ထင်နေကြပါသည်။ နိုင်ငံတကာ လူသားချင်း စာနာသော အကူအညီပေးရေးနှင့် ကယ်ဆယ်ရေး အဖွဲ့များနှင့် အစိုးရတို့၏ စာချုပ်သက်တမ်းသည် ယခုနှစ် ဇွန်လကုန်တွင် သက်တမ်းကုန်မည် ဖြစ်ပါသည်။ အဆိုပါ ကန်ထရိုက် သက်တမ်း တိုးခွင့် ရလိမ့်မည်ဟု မမျှော်လင့်နိုင်ပေ။ ကန်ထရိုက် သက်တမ်းစေ့၍ အဆိုပါ အဖွဲ့များမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံမှ ထွက်ခွာရန် ရက်သတ္တပတ် အနည်းငယ် ကြာလိမ့်မည် ဖြစ်ပါသည်။ ရွေးကောက်ပွဲကို နိုင်ငံခြားသားများ၏ စောင့်ကြည့်နေမှု အောက်တွင် ကျင်းပခြင်းသည် အလွန် အန္တရာယ်ကြီးသော အလုပ် ဖြစ်ကြောင်း စစ်အစိုးရက ယူဆသည့် အလျောက် ၎င်းတို့အား မြန်မာနိုင်ငံမှ ထွက်ခွာစေလိုသည်မှာ အစိုးရ၏ ဆန္ဒဖြစ်ပါသည်။

          မြန်မာအစိုးရသည် နိုင်ငံတကာမှ ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ကြိုးစား အားထုတ်မှုများကို အထူးသဖြင့် ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းဒဏ် ခံစားရသော ဒေသများတွင် အစိုးရ၏ ကြိုးစား အားထုတ်မှု အသွင်သာ မြင်စေလိုသည်။ ထိုသို့ ထင်ယောင်ထင်မှား ဖြစ်စေရန်မှာ မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားမှ အကူအညီများမှာ အစိုးရမှ တဆင့်မဟုတ်ဘဲ၊ ရွာသားများသို့ တိုက်ရိုက် ရောက်ရှိပြီး၊ ရွာသားများမှာလည်း လွတ်လွတ်လပ်လပ် ကိုယ့်ကိုယ်ကို ကူညီနိုင်ကြပြီ ဖြစ်ပါသည်။ ကျေးရွာများတွင် အခြေစိုက်သော အရပ်သားအဖွဲ့များ၏ အခန်းကဏ္ဍသည် လျင်မြန်စွာ ကြီးထွားလာနေပြီး၊ အစိုးရ၏ အနာဂါတ်ကို ဆုံးဖြတ်ရာတွင် လွှမ်းမိုးမှု ရှိလာနိုင်ပါသည်။ ထို့ကြောင့် အစိုးရကလည်း ပြည်တွင်း အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး၊ အနာဂတ်တွင် ပြဿနာ ပေးနိုင်မှုများကို ကာကွယ်လျက် ရှိပါသည်။

          နောက်တစ်ချက်မှာ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မကြေညာသေးခြင်းမှာ တိုင်းရင်းသားအဖွဲ့များ အပါအဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ရန် စီမံနေသော အတိုက်အခံများ၏ ခြေလက်များ ရိုက်ချိုးနိုင်မည့် အချိန်ကို အချိန်ကိုက် လုပ်ဆောင်လိုခြင်းလည်း ဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက အစည်းအဝေး လုပ်ခွင့် မပြုသောကြောင့် စောဒက တက်လျက် ရှိခြင်းမျိုး ဖြစ်ပါသည်။ ထို့ကြောင့်ပင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အဆင့်မြင့် သံတမန်အား ၎င်းတို့နှင့် တွေ့ဆုံစဉ်က သူမ၏ ဆိုးရွားသော နိုင်ငံရေးနှင့် ပတ်သက်သော အခြေအနေကို ပြောပြခဲ့ပါသည်။

          တကယ်တော့ အစိုးရသည် ရွေးကောက်ပွဲတွင် သန့်ရှင်းရလိမ့်မည် ဖြစ်ပါသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံပါဝင်သော အာဆီယံ အဖွဲ့ကြီးက ရွေးကောက်ပွဲတွင် နိုင်ငံရေး ဖြစ်စဉ်ကြီးတွင် ပါဝင်သောသူများ အားလုံး ပါဝင်ရေးအတွက် တောင်းဆိုခဲ့ကြပါသည်။ ယခု အထိတော့ အစိုးရသည် ဘာမျှ လုပ်ဆောင်ခြင်း မရှိဘဲ၊ အရင်အတိုင်း အချိန်ဆွဲလျက်သာ ရှိနေပေသည်။

          ထို့ကြောင့် ရွေးကောက်ပွဲ ပြီးလျှင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာဖွယ် ရှိပါသည်။ ရွေးကောက်ပွဲ အပြီးတွင် လူတိုင်းသည် မိမိတို့၏ ကံကြမ္မာကို သိနိုင်ကြပြီ ဖြစ်သည်။ ဗိုလ်ချုပ်များသည် ၎င်းတို့ ပျက်စီးစေမည့် နည်းလမ်းများနှင့် ပျော့ကွက် ဟာကွက်များကို ပိတ်ပင် လိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ရက်စက် ကြမ်းကြုတ်သော အမူအကျင့်များကိုသာ ပြသကြလိမ့်မည် ဖြစ်သည်။ ရွေးကောက်ပွဲ အဖြေတွင် အစိုးရ၏ မသမာမှုများ တွေ့ရှိရလျှင် လူအများသည် ရလဒ်ကို လက်ခံလိမ့်မည် မဟုတ်ဘဲ၊ ၁၉၈၈ နှင့် ၁၉၉၀ တို့ကကဲ့သို့ ပရမ်းပတာ၊ ဝရုန်းသုန်းကား ဖြစ်လိမ့်ဦးမည် ဖြစ်ပါသည်။ ပြည်သူများ၏ ဆန္ဒများမှာ ဘေးဖယ်ခံထားရပြီး ဖြစ်နေပါပြီ။

ပြည်တွင်းရန် ကာကွယ်ရန် အင်အား ၉၀၀ မှ ၁၀၀၀ ရှိတပ်ဖွဲ့ ဖွဲ့စည်းပေးရန် နေပြည်တော်ရှိ အာဏာပိုင်တို့၏ တောင်းဆိုချက်နှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး တစ်ရပ် ပြန်လည်ကျင်းပရန် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည့် Shan State Army(SSA) "မြောက်ပိုင်း" က စီစဉ်လျက် ရှိကြောင်း တရုတ်-မြန်မာ နယ်စပ်ဒေသရှိ သတင်းရပ်ကွက် တစ်ခုထံမှ စုံစမ်း သိရှိရပါသည်။

SSA ၏ အမှတ်-၁ တပ်မဟာသည် ကီးဆိုင်မြို့နယ် ဝမ်ဟိုင်းတွင် အခြေစိုက်သည်ဟု သိရသည်။ မူလက အဆိုပါ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေး ကျင်းပချိန်တွင် ကျိုင်းလန်း၌လည်း ဘာသာရေးပွဲတော် တစ်ခု ကျင်းပနေခဲ့သည်။

အစောပိုင်းက ကျင်းပခဲ့သော အစည်းအဝေးကို ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ SSA ဌာနချုပ်၌ ၁၂ ရက်တာမျှ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် အဆိုပါ အစည်းအဝေးပွဲ၌ ခေါင်းဆောင်ပိုင်းများ လက်သင့်ခံနိုင်သော ဆုံးဖြတ်ချက် တစ်စုံတရာ ချမှတ်နိုင်ခြင်း မရှိခဲ့ကြောင်း အမည်မဖော်လိုသူ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တစ်ချိန်တည်းမှာပင် SSA အနေဖြင့် နေပြည်တော်၏ တောင်းဆိုချက်ကို အကြောင်းပြန်ရန် အချိန်ကာလ သတ်မှတ်ချက်ကလည်း ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ သို့အတွက်ကြောင့် မြန်မာစစ်အစိုးရက SSA အား နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် မူလနောက်ဆုံး သတ်မှတ်ကာလ ဖြစ်သော အောက်တိုဘာလ အစား ဒီဇင်ဘာလ သို့ တိုးမြှင့်ပေးခဲ့သည်။

နယ်ခြားစောင့်တပ် (BGF) ဖွဲ့စည်းရေး အစီအစဉ်ကို ကန့်ကွက်လျက် ရှိသော အပစ်အခတ် ရပ်စဲရေး တပ်ဖွဲ့များတွင် "ဝ" ပြည်နယ် ပေါင်းစည်းရေး တပ်ဖွဲ့ (UWSA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့- ရှမ်းပြည်နယ် အရှေ့ပိုင်း (NDAA-ESS)၊ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့(KIA)၊ ကယန်း နယ်မြေသစ်ပါတီ (KNLP)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် Shan State Army (SSA) တို့ ဖြစ်သည်။

မြန်မာစစ်အစိုးရသည် KIA အတွက် သတ်မှတ် အချိန်ကာလကို ရုပ်သိမ်းလိုက်သော်လည်း အခြားသော တပ်ဖွဲ့များအတွက် အလားတူ ရုပ်သိမ်းမှု ပြုလုပ်မည်၊ မပြုလုပ်မည် ဟူသော ကိစ္စအတွက် သတင်း တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

"ဝ" နှင့် စစ်အစိုးရ အကြား ဆက်ဆံရေးတွင် တိုးတက်မှု ရှိသော အရိပ်လက္ခဏာများ မတွေ့ရသေးပေ။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျိုင်းတုံ မြောက်ပိုင်းနှင့် "ဝ" တို့ ထိန်းချုပ်သော နယ်မြေ မိုင်းပေါက် တောင်ပိုင်းဒေသ ဖြစ်သော မိုင်းခတ်၌ အခြေစိုက်သည့် စစ်အစိုးရ၏ ခြေမြန်တပ်ရင်း အမှတ် ၃၂၇ မှ စစ်သည် ခြောက်ဦးအား "ဝ" လက်နက်ကိုင်များက လျို့ဝှက် ဝင်ရောက်သည် ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

စစ်အစိုးရတပ်ဖွဲ့က "ဝ" နှင့် မဟာမိတ်အုပ်စုများ၏ လှုပ်ရှားမှုကို စုံစမ်းရန် အဆိုပါ စစ်သည် ခြောက်ဦးအား စေလွှတ်လိုက်ခြင်း ဖြစ်သည် ဟု ယူဆရသည်။ သို့သော် "ဝ" တပ်ဖွဲ့မှ ခေါင်းဆောင် အရာရှိများက အဆိုပါ စစ်သည်ခြောက်ဦးအား နောက်ထပ် အလားတူ သူလျှိုလုပ် ထောက်လှမ်းသည့် ကိစ္စမျိုး မကျူးလွန်ရန်နှင့် အကယ်၍ ကျူးလွန်ပါက ခွင့်လွှတ်တော့မည် မဟုတ်ကြောင်း ပြောဆို မှာကြားပြီးနောက် လွှတ်လိုက်ကြောင်း အဆိုပါ အမည်မဖော်လိုသူ က ပြောကြားသည်။

Shan Herald မှ Debate over BGF continues in Shan State Army ကိုဘာသာပြန်ဆိုပါသည်

မလေးရှားနိုင်ငံ၏ Air Asia နှင့် သြစတြေးလျ အခြေစိုက် Jet Star လေကြောင်းလိုင်းတို့က  အာရှ ခရီးသည် ပို့ဆောင်ရေးနှင့် လေယာဉ်ဝယ်ယူရေး ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ပြီး   ဘဏ္ဍာရေး အကျပ်အတည်း ချောင်လည်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါသည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် သဘော တူညီချက် တစ်ရပ်ကို ဗုဒ္ဓဟူးနေ့က လက်မှတ် ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ သဘောတူညီမှု၏ အဓိက အချက်မှာ Air Aisa နှင့် Jetstar တို့အနေဖြင့် ကိုယ်ထည် သေးငယ်သော လေယာဉ်များကို အသုံးပြုသွားရန် ဖြစ်ကြောင်း သိရသည်။

အာရှရှိ ဈေးနှုန်း ချိုသာသော လေကြောင်းလိုင်းများတွင် ပါဝင်သော အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်းပြီး လေယာဉ် အများအပြား ဝယ်ယူပါက လေယာဉ် တစ်စင်းချင်းစီ အတွက် ကုန်ကျစရိတ် သက်သာပေမည်။

သြစတြေးလျ၏ Qantas လေကြောင်း လီမိတက်ပိုင် Jetstar လေကြောင်းနှင့် မလေးရှား၏ Air Asia လေကြောင်းတို့သည် သြစတြေးလျနှင့် အာရှရှိ လေဆိပ်များတွင် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများကို သာမက လေယာဉ် အပိုပစ္စည်း ဝယ်ယူရေး ကိစ္စများတွင်ပါ ပူးပေါင်း ဆောင်ရွက်ကြမည်ဟု ဆိုသည်။

အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်းပြီး အသုံးစရိတ် နည်းပါးစေမည့် နည်းလမ်းများ ရှာဖွေကာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းမှ အတန်အသင့် ပြန်လည် နာလန်ထူစေရန် မည်သို့ပင် ကြိုးပမ်းနေစေကာမူ ခရီးသွား လုပ်ငန်းများမှာ ကျဆင်းလျက်ပင် ရှိနေသေးသည်။

နိုင်ငံတကာ လေကြောင်း ပို့ဆောင်ရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေး လုပ်ငန်း၏ ဆုံးရှုံးမှုသည် ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၁၁ ဘီလီယံ ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း အမှန်တကယ်တွင် ဒေါ်လာ ၅ ဒဿမ ၆ ဘီလီယံ နီးပါးသာ ရှိခဲ့ကြောင်း သိရသည်။

Air Asia သည် စရိတ် သက်သာသော လေကြောင်းလိုင်းအဖြစ် လည်ပတ်ခဲ့သဖြင့် လွန်ခဲ့သောနှစ် ကိုးလပိုင်း ကာလအထိ အရှုံးမရှိ အမြတ်ပေါ်ခဲ့သည်။ Qantas လေကြောင်းကမူ ၂၀၀၉ ခုနှစ်၊ ပထမ ခြောက်လပိုင်းတွင် အရှုံးပေါ် ခဲ့သော်လည်း ဒုတိယ ခြောက်လပိုင်းတွင် အမြတ်ပေါ်ခဲ့သည်။ "Jetstar နဲ့ Air Asia လေကြောင်းလိုင်းတွေဟာ အပြိုင်အဆိုင်များတဲ့ ကမ္ဘာ့လေကြောင်း စီးပွားရေး ဈေးကွက်ထဲမှာ မက်လောက်စရာ အောင်မြင်မှုတွေ ရသွားနိုင်တယ်" ဟု Qantas လေကြောင်းဥက္ကဋ္ဌ အေလင်ရွိုက်စ်က ပြောပါသည်။

"Jetstar နဲ့ Air Asia လေကြောင်းလိုင်း နှစ်ခုဟာ အာရှ - ပစိဖိတ် ဒေသမှာ
တခြားလိုင်းတွေက မယှဉ်နိုင်လောက်အောင် မြင့်မားနေပြီး ဒီစံချိန်ကို အမြင့်ဆုံး ရောက်အောင် လုပ်နိုင်မယ် လို့လည်း ယူဆပါတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်း ဆောင်ရွက် သဘောတူညီချက်သည် အကျိုးအကြောင်း ဆက်စပ်မှု ရှိပြီး မှန်ကန် သင့်လျော်သော တိုးတက် ဖြစ်ထွန်းမှု တစ်ရပ် ဖြစ်ကြောင်း Air Asia ဥက္ကဋ္ဌ က ပြောကြားသည်။

ဤသို့ ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေး နာလန်ထူချိန်တွင် ကမ္ဘာ့စရိတ် အသက်သာဆုံး လေကြောင်းလိုင်းအဖြစ် စနစ်တကျ ရပ်တည်သွားနိုင်မည်ဟု Air Asia ဥက္ကဋ္ဌက ယုံကြည်လျက် ရှိသည်။

အာရှ - ပစိဖိတ်ဒေသသည် တိုးတက်သော လေကြောင်း ပို့ဆောင်ရေး ဈေးကွက်တွင် တစ်ခု အပါအဝင် ဖြစ်ပြီး ပို့ဆောင်ရေး နှုန်းထားများ လျှော့ပေါ့ကာ ဈေးကွက်တွင် သူမတူသည့်
မက်လုံးများဖြင့် ယှဉ်ပြိုင်နိုင်သောကြောင့် လေကြောင်းကုမ္ပဏီ ရှယ်ယာဝင်များ၊ ဖောက်သည်များ အတွက် အကျိုးအမြတ် ပိုမို ရရှိလာနိုင်သည်ဟု ဈေးကွက်ကျွမ်းကျင်သူ စီးပွားရေး သုတေသီ ဘင်ပေါလ်တာက ဆိုသည်။

အဆိုပါ လေကြောင်းလိုင်း နှစ်ခု ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက် Qantas လေကြောင်းသည် မူလက ရှယ်ရာ ၁ ဒဿမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၃ ဒဿမ ၀၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။

AP သတင်းဌာန၏ Air Asia, Jetstar Form Low Cost Airline Alliance ကို ဘာသာပြန်ဆိုပါသည်။

RFA, 5th January 2010

          အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် သံသယ ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး မြန်မာ အစိုးရအား တိုင်းရင်းသားများ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံများနှင့် ညှိနှိုင်း ဆွေးနွေးရန် တောင်းဆိုခဲ့ ပါသည်။

          "အခု အချိန် အထိတော့ အားလုံး လက်ခံ ယုံကြည်ရမယ့် ရွေးကောက်ပွဲ ဖြစ်ရေး အတွက် မြန်မာအစိုးရရဲ့ အဓိပ္ပါယ် ရှိတဲ့ ခြေလှမ်းတွေကို မတွေ့ရသေးပါဘူး" ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ian Kelly က ပြောကြားခဲ့ပါသည်။

          "အတိုက်အခံ ခေါင်းဆောင် အတော်များများဟာ ထောင်ထဲမှာပဲ ရှိနေဆဲ ဖြစ်ပြီး၊ နိုင်ငံရေး ဆန့်ကျင်မှု သော်လည်းကောင်း၊ ငြင်းခုံမှုကို သော်လည်းကောင်း လုပ်လို့ မရပါဘူး။ သတင်းစာ လွတ်လပ်ခွင့်လည်း မရှိ သေးပါဘူး" ဟု ၎င်းက ဆက်ပြောပါသည်။

          အတိုက်အခံ အဖွဲ့ဝင်များကလည်း ၂၀၁၀ တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် သံသယ ရှိနေဆဲ ဖြစ်ပါသည်။

          ရွေးကောက်ပွဲသည် ပြောင်းလဲမှုကို ယူဆောင် လာလိမ့်မည် ဖြစ်ပြီး၊ ဒီမိုကရေစီ အင်အားစုများကို ၎င်းတို့ ရည်မှန်းချက်များ အကောင်အထည် ဖော်ခွင့် ရလိမ့်မည်ဟု အများက မျှော်လင့် နေကြကြောင်း ၁၉၉၀ ခုနှစ်က ရွေးချယ် ခံရသော လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းက ပြောပါသည်။

          သို့သော် ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံ၍ ပြုလုပ်မည် ဆိုပါက ဒီမိုကရေစီ ပြောင်းလဲမှုများအတွက် မျှော်လင့်၍ ရလိမ့်မည် မထင်ကြောင်း သူမက အင်တာဗျူးတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

          အဝေးရောက် NCGUB မှ ဝန်ကြီးတစ်ဦး ဖြစ်သူ ဦးတင့်ဆွေက ပြောကြားရာတွင် အစိုးရသည် အတိုက်အခံများကို မဲဆွယ်ရန် အချိန် အနည်းငယ်သာ ပေးရန် တမင် ရည်ရွယ် ပြုလုပ်နေသည်ဟု ယုံကြည်ကြောင်း ပြောခဲ့ပါသည်။

          ၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်မှာ ပါတီတစ်ခုသည် ရွေးကောက်ပွဲအတွက် နှစ်နှစ်ခန့် ပြင်ဆင်ရန် လိုအပ်ကြောင်း ယခုအချိန် ဘယ်လောက်ရမည် ဆိုသည်ကို မသိရကြောင်း၊ ထိုအချက်သည် ပါတီများအတွက်ရော ပြည်သူများ အတွက်ရော မကောင်းကြောင်း၊ အစိုးရက တမင် ရည်ရွယ် လုပ်ဆောင်နေပုံ ရကြောင်း ၎င်းက ပြောပါသည်။

          တစ်ချိန်တည်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ပြည်သူများကို ရွေးကောက်ပွဲတွင် မှန်ကန် သော ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းခဲ့သော်လည်း၊ မည်ကဲ့သို့သော မှန်ကန်သော ရွေးချယ်မှု ဆိုသည်ကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့ခြင်း မရှိပေ။

          လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ၎င်းက အစိုးရ၏ ဒီမိုကရေစီသို့ လမ်းညွှန် မြေပုံ ၇ ဆင့်သည် အသွင် ကူးပြောင်းရေး ကာလအတွက် တစ်ခုတည်းသော လုပ်ငန်းစဉ် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

          သို့သော် ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ သတ်မှတ်ခြင်း မရှိသေးပါ။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင် ရခဲ့သော်လည်း အာဏာ မရရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံတကာမှ လွှတ်ပေးရန် တောင်းဆို နေသည့်ကြားမှ ဆယ်စုနှစ် နှစ်ခုနီးပါး နေအိမ် အကျယ်ချုပ် ချထားခြင်း ခံခဲ့ရပါသည်။

          အမေရိကန် သမ္မတ Barack Obama အစိုးရကလည်း မြန်မာနိုင်ငံ အပေါ် ဆယ်စုနှစ် နီးပါး အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာတွင် မအောင်မြင်သောကြောင့်၊ နည်းလမ်း အသစ်ကို ကျင့်သုံးခဲ့ပါ သည်။

          အမေရိကန် ဆီးနိတ် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ၊ အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဆီနိတ်တာ Jim Webb က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးကောက်ပွဲ ကတိကဝတ်ကို ကျေနပ်ကြောင်း ပြောကြားခဲ့ပါသည်။

          Jim Webb သည် ၂၀၀၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ရှားရှားပါးပါး တွေ့ခွင့်ရခဲ့စဉ်က ၎င်း၏ အမြင်ကို ပြောကြားခဲ့ရာတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ရွေးကောက်ပွဲတွင် အကူအညီများ ပေးနိုင်ကြောင်း၊ သို့မှသာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ ရိုးသား ဖြောင့်မတ်မှုကို သက်သေ ထူနိုင်မည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုပါသည်။

          မြန်မာပြည်သူများ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြန်လည် ဝင်ဆံ့လာသည်အထိ မိမိတို့ဘက်မှ သင့်တော်သော အကူအညီများ ပေးသွားရန် အမြဲ အသင့် ရှိကြောင်း Webb က ပြောကြားခဲ့ပါသည်။

Burma News International, 6th January 2010    

မွန်လူမျိုးစု အသိုင်းအဝိုင်းအတွင်း သွေးစည်း ခိုင်မာမှု တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံ တွင်းမှ မွန် ကိုယ်စားလှယ်များသည် နယ်စပ်ဒေသနှင့် ပင်လယ်ရပ်ခြားမှ မွန်များနှင့် တွေ့ဆုံ၍ ၃ ရက်ကြာ အစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းခဲ့ပါသည်။        

          မွန် အမျိုးသားရေးရာ ၅ ကြိမ်မြောက် ညီလာခံကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၇ မှ ၂၉ အထိ လွတ်မြောက် နယ်မြေတွင် ကျင်းပခဲ့ပါသည်။ ဝါရင့် မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်များနှင့် ပြည်တွင်း ပြည်ပ၊ ပင်လယ် ရပ်ခြားမှ မွန် တိုင်းရင်းသား အဖွဲ့အစည်းများ အပါအဝင် သတင်းထောက်များလည်း တက်ရောက်ခဲ့ကြသည်။

          ညီလာခံတွင် မြန်မာအစိုးရ SPDC က ကျင်းပမည့် ရွေးကောက်ပွဲကို ငြင်းပယ်သော ပူးတွဲ ကြေငြာချက်အား ထုတ်ပြန်ခဲ့ပြီး မြန်မာအစိုးရ၏ ရည်ရွယ် လုပ်ဆောင်မှုများသည် ဖယ်ဒရယ် ပြည်ထောင်စုအတွင်းမှ ဒီမိုကရေစီနှင့် အခြေခံ လူအခွင့်အရေးများကို အာမခံခြင်း မရှိဘဲ ပြည်သူများနှင့် မြန်မာ့ သယံဇာတများ အပေါ် ချုပ်ကိုင်ထားသည့် စစ်ဖက် အုပ်ချုပ်ရေး ခိုင်မာ သေချာစေရန်သာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ပါသည်။

          ကိုယ်စားလှယ်များသည် Mon Affairs Union (mau) အဖွဲ့ဝင်များမှ ဗဟို ကော်မတီဝင် ၃၃ ဦး ကို ရွေးချယ် ခဲ့ကြပြီး ၂ နှစ် သက်တမ်းရှိ အဆိုပါ ဗဟိုကော်မတီသည် မွန်လူမျိုးများအတွင်း ယုံကြည်မှု တည်ဆောက်ရေး၊ ဆက်သွယ်ရေး လမ်းကြောင်းများ ခိုင်မာ အားကောင်းရေးနှင့် စည်းလုံး ညီညွှတ်ရေး တို့ကို ရည်မှန်းချက် ထား၍ ရှေ့သို့ ချီတက် လှုပ်ရှားသွားမည် ဖြစ်သည်။

          မွန်ပြည်နယ် တဝှမ်းနှင့် ပင်လယ်ရပ်ခြားမှ မွန် ကိုယ်စားလှယ်များ ပါဝင်သော ယခု အစည်းအဝေးသည် အကြီးမားဆုံး စည်းဝေးပွဲ တစ်ခု ဖြစ်သည်ဟု MAU မှ အဓိက စည်းရုံး လှုပ်ရှားသူ နိုင်ပန်းက ပြောကြားပါသည်။

          ငြိမ်းချမ်းရေး ရရှိရန်အတွက် အတားအဆီးများ ရှိနေကြောင်း နားလည် သဘောပေါက်သူ နိုင်ပန်းက ပြောကြားရာတွင် မိမိတို့၏ ဆုံးဖြတ်ချက်မှာ အပြတ်အသတ် ယှဉ်ပြိုင် အနိုင်ယူရေး မဟုတ်ကြောင်း၊ MAU မည်သို့မည်ပုံ ဆက်လက် လှုပ်ရှားမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း သဘောတူညီမှုနှင့် စည်းလုံး ညီညွတ်မှု ရရှိအောင် ကြိုးစားနေချိန်တွင် မည်သို့သော မဟာဗျူဟာကို လက်ခံ ကျင့်သုံးရမည်ကို သဘောတူ ဆုံးဖြတ်ပေးနိုင်မည့်၊ မတူ ကွဲပြားသော နိုင်ငံရေး၊ လူမှုရေးနှင့် လူထု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်မည့် မွန် အမျိုးသား ညီလာခံတစ်ခု ခေါ်ယူ ကျင်းပရန် လိုအပ်နေသည် ဟု ဆိုပါသည်။