Transparency Myanmar

transparency.myanmar@gmail.com

Mizzima News,11 Jan 2010

        မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများ ဆင်းရဲကျပ်တည်း နေခြင်းကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ကမ္ဘာတလွှား အဓိက ဆန်တင်ပို့သူ ဖြစ်လာရေးသည် မြန်မာ့ဆန်စပါး စီးပွားရေး ကဏ္ဍအတွက် အရေးကြီးဆုံး အချက်ဖြစ်သည်ဟု ရန်ကုန်မှ စီးပွားရေး ပညာရှင်များက ပြောဆိုပါသည်။

        ယခင်လက နေပြည်တော်တွင် ကျင်းပခဲ့သော စီးပွားရေး နိုဘယ်ဆုရှင် ဂျိုးဇက်စတစ်ဂလစ်နှင့် မြန်မာအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ၏ ဆွေးနွေးပွဲနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲကို စနေ့က ရန်ကုန်တွင် ပြုလုပ်ခဲ့ရာ၌ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု စတစ်ဂလစ်က အခိုင်အမာ ပြောကြားခဲ့ကြောင်း ဒေါက်တာဦးမြင့်က ပြောဆိုပါသည်။

        ဆန်စပါးသည် လယ်ယာထွက် ကုန်စီးပွားရေး လုပ်ငန်း၏ အဓိက ကဏ္ဍတစ်ခု ဖြစ်၍ တောင်သူလယ်သမား အများစု၏ သက်မွေး ဝမ်းကျောင်း လုပ်ငန်းလည်း ဖြစ် သည်ဟု ထင်ရှားသော စီးပွားရေးပညာရှင်ဒေါက်တာဦးမြင့်က ပြောကြားပါသည်။

        စုစုပေါင်း နယ်မြေဧရိယာ ၆၇၆,၅၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော မြန်မာနိုင်ငံသည် ၁၉၃၀ ခုနှစ်များက ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်ခဲ့ဘူးပါသည်။ သို့သော်လည်း ၁၉၄၀ ခုနှစ်များတွင် ဆန်စပါးတင်ပို့မှု သုံးပုံနှစ်ပုံ ကျဆင်း သွားခဲ့ပြီးချိန်မှစ၍ ကမ္ဘာ့ဆန်စပါး ကုန်သွယ်ရေး လောက၏ အဓိကနေရာကို ပြန်လည် တက်လှမ်းနိုင်ခြင်း လုံးဝမရှိတော့ပါ။ လက်ရှိ ကမ္ဘာ့တင်ပို့မှု လုပ်ငန်းကို ထိုင်းနှင့် ဗီယက်နမ်က ဦးဆောင်နေပါသည်။

        ၁၉၃၈-၃၉ ဘဏ္ဍာရေးနှစ်က မြန်မာ့ ပို့ကုန်ဝင်ငွေ တန်ဖိုးတွင် ဆန်စပါးတင်ပို့မှုမှ ၄၇% ရရှိခဲ့ဘူးသော်လည်း ပြီးခဲ့သော ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်တွင် ဆန်စပါး၏ ပို့ကုန် ဝင်ငွေ အချိုးသည် ၂% ပင် မပြည့်သည်ကို တွေ့ရပါသည်။ ကမ္ဘာ့ဆန်တင်ပို့မှု ဝင်ငွေ ပမာဏတွင် ၁.၂%မျှသာ ရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အရည်အသွေးနိမ့်ဆန်ကို တင်ပို့ရန် ကြိုးစားနေခြင်းကြောင့် ပြိုင်ဘက် နိုင်ငံများနှင့် ယှဉ်လျှင် ပို့ကုန်တန်ဖိုး ကျဆင်းလျော့နည်းနေရခြင်း ဖြစ်သည်။

        ထို့အပြင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့၏ ကောက်ပဲသီးနှံနှစ်စဉ်ထုတ် လုပ်မှုကို ပြန်ကြည့်ပါက ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုမှာ တရားဝင် စာရင်းဇယားများအရ မက်တရစ်တန် ၃၅ သန်း နီးပါးရှိနေပြီး မြန်မာနိုင်ငံထက် ၈ ဆမှ ၁၀ ဆအတွင်း ပိုမို ထုတ်လုပ် တင်ပို့နိုင်သည်ကို တွေ့ရှိရပါသည်။

        ယခုကဲ့သို့ အိမ်နီးခြင်း ၂ နိုင်ငံ ကွာခြားနေခြင်းမှာ ပျှမ်းမျှ အိမ်ထောင်စု စီးပွားရေး အခြေအနေ ကွာခြားနေသော အချက်ကလည်း တစိတ်တပိုင်း ပါဝင်သည်ဟု အနည်းဆုံး တွေးဆကြည့်နိုင်ပါသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာန၏ ဗဟို စာရင်းဇယားအဖွဲ့မှ ထုတ်ပြန်ချက်များအရ ပျှမ်းမျှ မြန်မာအိမ်ထောင်စု တစ်ခုသည် စုစု ပေါင်း အသုံးစရိတ်၏ ၇၂% ကို စားစရိတ်အတွက် သုံးစွဲနေရပြီး ထိုင်းနိုင်ငံတွင်မူ ၃၂% သာရှိသည်ဟု ဆိုပါသည်။

အခြား ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများကိုကြည့်လျှင်လည်း စားစရိတ်သုံးစွဲမှုမှာ မြန်မာနိုင်ငံထက် လျော့နည်းသည်ကို တွေ့ရမည်ဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ် တွင် ၅၂%၊ ကမ္ဘောဒီယားတွင် ၅၇%နှင့် လာအိုတွင် ၆၁%သာ ရှိပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ်စားစရိတ်သုံးစွဲမှုမှာ အိမ်ထောင်စု အသုံးစရိတ်၏ ပျှမ်းမျှ ၁၄%ခန့်သာရှိပါသည်။

        ကမ္ဘာ့ဆန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန်အတွက် ဆန်စပါးစီးပွားရေးလုပ်ငန်းကို ပြန်လည်စုစည်းခြင်းသည် ဆန်အရည်အသွေးနှင့် အရေအတွက် ၂ ခုလုံးတိုးတက်လာ စေရန် တွန်းအား ပေးနိုင်မည်ဖြစ်၍ နိုင်ငံလူဦးရေ ၅၈ သန်း၏ ၆၅% ရှိသော ကျေးလက် လူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေကိုပါ တိုးပွား စေလိမ့်မည်ဟု ဒေါက်တာဦးမြင့်က ပြောကြားခဲ့ပါသည်။ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် စိုက်ပျိုး ဧက ၃၁ သန်းခန့် ရှိသည့်အနက် စိုက်ဧက ၁၆ သန်းမှာ ဆန်စပါးကိုသာ တစိုက်မတ်မတ် စိုက်ပျိုးခဲ့ကြသည်ဟု ဆိုပါသည်။

        စီးပွားရေးပညာရှင် စတစ်ဂလစ်က မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးပွဲတွင် ကမ္ဘာ့ဆန် အဓိက တင်ပို့သူအဖြစ် မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရန် အလေး ပေး ပြောကြားခဲ့ပြီးနောက် ထိုသုံးသပ်ချက်သည် အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စ အဖြစ် သဘောထား ကိုက်ညီမှုရှိခဲ့သည်။ မြန်မာ တာဝန်ရှိပုဂ္ဂိုလ်များ၏ အားပေး ထောက်ခံမှုကို ရရှိခဲ့ပါသည်။

        မြန်မာနိုင်ငံ၏ ဆန်စပါးမူဝါဒ ပျော့ပြောင်းလာမှုနှင့် ကမ္ဘာ့ဆန် ဈေးကွက်သို့ ပြန်လည် ဝင်ရောက်ရန် ကြိုးပမ်းမှုသည် ဒေသတွင်း ဆန်တင်ပို့သော နိုင်ငံများအကြား ပြိုင်ဆိုင်မှု ပိုမိုမြင့်တက် လာစေလိမ့်မည်ဟု ဒေါက်ဦးမြင့်က သုံးသပ် ပြောကြား ခဲ့ပါသည်။

        သို့ရာတွင် ဆန်ဈေးကွက်မူဝါဒ တင်းကြပ်မှုကို လျော့ပေးခြင်းဖြင့် ဆန်လုပ်ငန်း နယ်ပယ်တွင် လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်၍ ယခုအခွင့်ထူး ခံစားနေသူများ အခက်ကြုံဖွယ်ရှိပြီး အတွေ့အကြုံရှိသော ဆန်လုပ်ငန်းရှင်များ ရှင်သန်နိုင်ဖွယ်ရှိသည် ဟုလည်း ၎င်းကပြောပါသည်။

        လက်ရှိ မြန်မာနိုင်ငံသည် တနှစ်လျှင် ဆန်တန်ချိန် ၁၈ သန်းခန့် ထုတ်လုပ်နေပြီး ၎င်းအနက်မှ ငါးပုံတစ်ပုံကို ပြည်ပသို့ တင်ပို့နေသည်ဟု ပြည်တွင်း ဆန် ပို့ကုန်လုပ်ငန်းရှင် တစ်ဦး၏ အဆိုအရ သိရှိရပါသည်။

        ဆန်စပါး စိုက်ပျိုးမှု ကဏ္ဍအတွင်းမှ အထွက်တိုး ထုတ်လုပ်မှု၊ ထွက်ငွေ၊ ဝင်ငွေနှင့် အလုပ်အကိုင်များသည် ကျေးလက်ဆင်းရဲမှု လျော့ပါးစေရန် အထောက်အကူ ပြုမည်ဖြစ် သလို စားနပ်ရိက္ခာ ဖူလုံမှုကိုလည်း ကြီးမားစွာ အထောက်အပံ့ ပြုလိမ့်မည်ဟု ဦးမြင့်က ပြောကြားခဲ့ပြီး ရရှိသော ဝင်ငွေ၊ အခွန်များ အားလုံး တပ်မတော်အစိုးရထံ ရောက်ရှိသွားသည့် ရေနံနှင့် ဓာတ်ငွေ့ စီးပွားရေးကဏ္ဍနှင့် ဆန်စပါး စီးပွားရေးကဏ္ဍသည် သဘော သဘာဝခြင်း မတူဟုလည်း ၎င်းက မှတ်ချက်ပေးပါသည်။

        ထို့အပြင် ပွင့်လင်းမြင်သာမှု အားနည်းစေပြီး လဘ်ပေးလဘ်ယူမှုများ တိုးပွားစေသည့် မလိုအပ်သော လုပ်ထုံးလုပ်နည်းများနှင့် အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက် သွားရေးကိုလည်း ၎င်းက တိုက်တွန်းခဲ့ပါသည်။ ကြိုးနီစနစ်နှင့် အကျင့်ပျက် ခြစားမှုများကြောင့် စရိတ်ပိုမို ကုန်ကျခြင်းသည် လယ်သမားများ ရသင့်သော ဝင်ငွေကို လျော့နည်း သွားစေပြီး ကျေးလက်ပြည်သူများကို ဆင်းရဲတွင်း သံသရာအတွင်းမှ မရုန်း ထွက်နိုင်အောင် ဆွဲနှစ်ထားသလို ဖြစ်နေသည်ဟုလည်း ဝေဖန်ခဲ့ပါသည်။

        တစ်ချိန်ထဲတွင် စတစ်ဂလစ်၏ ခရီးစဉ်သည် မည်သည့်အသီးအပွင့် မှ မရရှိဘဲ တိုင်းပြည်အတွက် အကြံဥာဏ်သစ်များလည်း ထွက်ပေါ်ခဲ့ခြင်းမရှိဟု ဝေဖန်နေမှုများကို လည်း ၎င်းက ပြန်လည်ထိုးနှက်လိုက်ပါသည်။

        စတစ်ဂလစ်၏ ခရီးစဉ်နှင့် ဆွေးနွေးပွဲသည် အချို့သောသူများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပုံ ရသော်လည်း မိမိကိုမူ စိတ်အနှောက်အယှက်ဖြစ်စေ ခြင်းမရှိဟု ၎င်းက ဆိုပါသည်။ ဤကိစ္စကို ယခင်က မည်သူ ပြောဆိုခွင့် ရခဲ့သည် ဆိုသည်ကို အသာထား၍ တိုင်းပြည်အတွက် အကျိုးရှိ၊ အသုံးဝင်သော အကြံဥာဏ်ကို ထပ်မံ ပြောကြားခြင်းသည် စိတ်အနှောက်အယှက် မဖြစ်သင့်သလို သံသယလည်း မထားသင့် ဟု မိမိယုံကြည်ကြောင်း ဦးမြင့်က ဝေဖန်သူများကို စောဒက တက်လိုက် ပါသည်။ မိမိတို့ သဘောမတူသော သဘောထားအမြင်များ၊ အကြံဥာဏ်များ၊ လုပ်ဆောင်ချက်များကို အကြံပေးနေသူများ အသွင်မတူသူများနှင့် ကျေနပ် သင့်မြတ်စွာ ဆက်ဆံ ဆောင်ရွက်မှု ပြုလုပ်ရန် မိမိတို့တွင် အရည်အချင်းမရှိသေးခြင်း၊ အဖြေမထွက်သေးသော ပြဿနာများ စသည်တို့ အပါအဝင် မြန်မာ လူ့အဖွဲ့အစည်း အတွင်းမှ ချို့ယွင်း အားနည်းချက်များကို ကြိုးစား ဖြေရှင်း ဆောင်ရွက် သွားကြရန်သာ ရှိသည်ဟုလည်း ၎င်းကပြောဆို ခဲ့ပါသည်။

        လက်ရှိ စစ်ဖက် ခေါင်းဆောင်များ၏ အငြင်းပွားဖွယ် ရပ်တည်နေမှုနှင့် ပတ်သက်၍ ဦးမြင့်က မှတ်ချက်ပေးရာတွင် တပ်မတော်အတွင်း၌ သဘောထား တင်းမာသူများနှင့် သဘောထား ပျော့ပြောင်းသူများ ဟူ၍ အုပ်စု ၂ စုရှိကြောင်း၊ တပ်မတော် ခေါင်းဆောင်များ စိတ်နေသဘောထား ပြောင်းလဲလာအောင် လုပ်ဆောင်ရေးမှာ လွယ်ကူသော အလုပ် မဟုတ်ဟု ပြောကြားပါသည်။

        သို့ရာတွင် တိုင်းပြည်ကောင်းစားရေး အပေါ်တွင် အာရုံစူးစိုက်ရန် မိမိတို့၏ စိုးရိမ် ပူပန်မှုများကို မျှဝေခံစားပေးမည့် သူအချို့ တာဝန်ရှိနေရာများ ရယူထားခြင်း အပါအဝင် အစပျိုးမှုများစွာ ရှိနေသည့် အချက်ကိုမူ မိမိအခိုင်အမာ ပြောကြားနိုင်ကြောင်း ဦးမြင့်က အသေးစိတ် ရှင်းလင်းခဲ့ပါသည်။

 

အယ်လ် ကေးဒါး အကြမ်းဖက် ကွန်ယက်များ ရှိနေခြင်းကြောင့် ယင်းတို့၏ ခြိမ်းခြောက်မှုကို ခံနေရသော ယီမင်နှင့် ဆိုမာလီယာ အစိုးရထံသို့ အမေရိကန်တပ်ဖွဲ့များ စေလွှတ် အကူအညီ ပေးရေး အစီအစဉ်များ ပြုလုပ်ရန် လတ်တလော အနေအထားတွင် မရှိသေးပါကြောင်း အမေရိကန် သမ္မတ ဘားရက် ဟူစိန် အိုဘားမားက အတည်ပြု ပြောကြားသည်။

"ယီမင်မှာ အယ်လ်ကေးဒါး တို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ဒီနှစ်အတွင်း ပိုမို ဆိုးရွားလာတဲ့ ပြဿနာ တစ်ခု ဖြစ်နေတယ် ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒီလိုပဲ ဆိုမာလီယာ နိုင်ငံမှာလည်း အယ်လ်ကေးဒါး အကြမ်းဖက်မှုတွေ ကြီးထွားနေပြီး အစိုးရက အပြည့်အဝ မနှိမ်နင်းနိုင်လို့ သူတို့ လွှမ်းမိုးသွားနိုင်တဲ့ အန္တရာယ်တောင် ရှိနေပါတယ်" ဟု People မဂ္ဂဇင်းက တွေ့ဆုံ မေးမြန်းရာတွင် အိုဘားမားက ထည့်သွင်း ပြောကြားသည်။

People မဂ္ဂဇင်း မဖြန့်ချိမီ တစ်ပတ် အလိုတွင် အိုဘားမားက "စင်စစ် ကျွန်တော်တို့ရဲ့ မိတ်ဆွေ ရောင်းရင်းတွေ ဖြစ်တဲ့ အဲဒီ နိုင်ငံတွေဆီကို အမေရိကန်တပ်ဖွဲ့တွေ လွှတ်ဖို့ တကယ်ကို ရည်ရွယ်ချက် မရှိပါဘူး" ဟု ပြောကြားသည်။

"နိုင်ငံတချို့မှာ အမေရိကန်တပ်ဖွဲ့တွေ ရှိနေတာနဲ့ ပတ်သက်လို့ ဆန့်ကျင်မှုတွေ၊ မကျေမနပ် ရိုင်းပြမှုတွေ ရှိနေတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဝါရှင်တန် အနေနဲ့ ကမ္ဘာကြီးအတွက် ဘယ်လို စီမံကိန်းမျိုး ရေးဆွဲရမယ် ဆိုတာ စဉ်းစားရပါမယ်။

အဲဒါကို မွတ်စလင် လူထုအကြား သဘော ပေါက်နိုင်အောင် လုပ်ပြရပါမယ်။ မွတ်စလင် အများစုက အယ်လ်ကေးဒါး တို့ရဲ့ လုပ်ရပ်ကို မနှစ်မြို့ကြပါဘူး၊ ပစ်ပယ်ကြပါတယ်။ လက်တစ်ဆုပ်စာ လူနည်းစု လောက်ကသာ ဂျီဟတ် ဘာသာရေး စစ်ပွဲ ဆင်နွှဲဖို့ စိတ်ဝင်စားပြီး လှုပ်ရှားနေကြတာ ဖြစ်ပါတယ်" ဟုလည်း အိုဘားမားက ပြောကြားသည်။

လူအများစု၏ မေတ္တာကို ရယူနိုင်ပြီး အကြမ်းဖက် အစွန်းရောက် လူနည်းစုတွေကို အထီးကျန် ဖြစ်အောင် ဖယ်ထုတ်ခြင်းဖြင့် ကြီးမားသော အောင်မြင်မှု တစ်ရပ် ရရှိနိုင်မည်ဟုလည်း အိုဘားမားက ဆိုသည်။

ယီမင် အစိုးရ အနေဖြင့် အစ္စလာမ္မစ် အစွန်းရောက်များ၏ အကြမ်းဖက်မှုများကို သဘောထား ကြီးစွာ သည်းခံ နိုင်ခဲ့သော်လည်း နိုင်ဂျီးရီးယား လူမျိုးတစ်ယောက်က ဒက်ထရွိုက်မြို့ အနီး လေယာဉ် တစ်စင်းကို ဖောက်ခွဲရန် ကြိုးပမ်း ကြံစည်မှု ပေါ်ပေါက်ခဲ့ပြီးနောက် လုံခြုံရေး စီမံချက်သစ်များ ချမှတ်ခဲ့ရတော့သည်။ အဆိုပါ ဖောက်ခွဲရေးသမားသည် ယီမင်ရှိ အယ်လ်ကေးဒါးများနှင့် ပူးပေါင်းပြီး နောက်ပိုင်း ယင်းအကြံအစည်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

ဤအဖြစ်အပျက်ကြောင့် ဇန်နဝါရီ လဆန်းပိုင်းက အမေရိကန် စစ်ဘက်ဆိုင်ရာ ဂွမ်တာနာမို အကျဉ်းစခန်းမှ ယီမင် အကျဉ်းသား ၁၀၀ နီးပါးကို ယီမင်သို့ ပြန်လွှတ်မည့် အစီအစဉ်အား သမ္မတ အိုဘားမားက ရပ်ဆိုင်းပစ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော် အခုပြောချင်တာက အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြား နယ်စပ်ဒေသဟာ အယ်လ်ကေးဒါးတွေ ဦးစီး ဦးဆောင်လုပ်ပြီး သူတို့ရဲ့ အစွန်းရောက် မဟာမိတ်တွေ လှုပ်ရှားနေတဲ့ အချက်အချာ နေရာ ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ" ဟု အိုဘားမားက ပြောကြားပါသည်။

Washington Post မှ သတင်းကို ဘာသာပြန်ဆိုပါသည်။

နိုင်ငံတကာ အလုပ်သမား အဖွဲ့(ILO) အနေဖြင့် မြန်မာနိုင်ငံတွင်းမှ အရေးကိစ္စကြီးများ ဖြစ်သည့် ကလေး စစ်သားကိစ္စ၊ အဓမ္မလုပ်သား ကိစ္စ စသည်တို့ကို ချဉ်းကပ် ဖြေရှင်းပုံ နည်းလမ်း ပြောင်းလဲရန် ကြိုးစားလျက် ရှိကြောင်း ရှေ့ရက်သတ္တပတ် အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် ILO မှ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။

မြန်မာ စစ်တပ်သည် ကမ္ဘာပေါ်တွင် ကလေးစစ်သား အများဆုံး စုဆောင်းသည့် လက်နက်ကိုင် တပ်ဖွဲ့များ၌ တစ်ခု အပါအဝင် ဖြစ်ပြီး မြန်မာပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေများ အောက်တွင် တရားမဝင်သည့် လုပ်ရပ်များ ဆောင်ရွက်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများ၏ စွပ်စွဲ ပြောဆိုခြင်း ခံထားရသည်။

ရန်ကုန်မြို့ အခြေစိုက် ILO အဖွဲ့မှ ပြန်ကြားရေးနှင့် ဆက်ဆံရေး အရာရှိ Steve Marshall ၏ အဆိုအရ ကလေးစစ်သားများ အသုံးပြုသည့် ကိစ္စအတွက် မြန်မာစစ်အစိုးရနှင့် နောက်ဆက်တွဲ နားလည်မှု ရယူထားသော်လည်း ကုလသမဂ္ဂ အဖွဲ့ကြီးအနေဖြင့် ကလေးစစ်သား စုဆောင်းသည့် ကိစ္စနှင့် ပတ်သက်သော တိုင်ကြားမှုများကို ဆက်လက် လက်ခံ ရရှိနေကြောင်း သိရသည်။

ILO အဖွဲ့ကြီးသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်သော တိုင်ကြားမှုပေါင်း ၈၃ခု လက်ခံ ရရှိခဲ့ကြောင်း၊ ထိုနှစ်တွင်ပင် မြန်မာစစ်တပ်က ကလေးစစ်သား ၄၆ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း Steve Marshall က ပြောကြားသည်။

ILO သည် ယင်းသို့သော တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှ စတင် ရရှိခဲ့ပြီး ယနေ့ အချိန် အထိ ဆိုလျှင် တိုင်တန်းမှုပေါင်း ၁၂၀ ကျော် ရှိသွားပြီ ဖြစ်သည်။

ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည် လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး  အဆိုပါ ခရီးစဉ်အတွင်း ကလေးစစ်သားကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ နားလည်မှု သက်တမ်း တစ်နှစ် ထပ်တိုးမည့် စာချုပ် ချုပ်ဆိုရန် စီစဉ်ထားကြောင်း ၎င်းက ဆိုပါသည်။

ထို့ပြင် ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ အသက် မပြည့်သေးသူများ စည်းရုံး စုဆောင်းမှုမှ ကာကွယ်ရေး ကော်မတီ နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ILO အနေဖြင့် မြန်မာ စစ်အစိုးရနှင့် တွဲဖက်၍ အလုပ် လုပ်ကိုင်ရာတွင် လက်ရှိ အသုံးပြုနေသော ပြဿနာ ဖြစ်လာမှ တုံ့ပြန် ဆောင်ရွက်မှု ပြုသည့် နည်းလမ်းထက် ကြိုတင် ပြင်ဆင် ဖန်တီးယူသည့် နည်းလမ်းကို အသုံးပြုသွားမည် ဖြစ်ကြောင်း မစ္စတာ Steve Marshall က ပြောဆိုပါသည်။

မြန်မာ ပြည်တွင်း ဥပဒေရေးရာ အဖွဲ့အစည်းတစ်ခု ဖြစ်သော လမ်းပြကြယ် အဖွဲ့၏ အဆိုအရ မြန်မာစစ်တပ်အတွင်း တပ်ရင်းများ တိုးချဲ့ ဖွဲ့စည်းရေးအတွက် မက်လုံးပေးမှုများ ထွက်ပေါ် လာပြီးနောက် ကလေးစစ်သား စုဆောင်းမှုများ ပိုမို များပြားလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း ကလေးစစ်သား စုဆောင်းမှု နှိမ်နင်း တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသော အခြား အဖွဲ့အစည်း တစ်ခု ဖြစ်သည့် Human Rights Defenders and Promoters Network (HRDP) က DVB သတင်းဌာနသို့ ပြောပြချက်အရ ဧရာဝတီတိုင်း၊ ဘိုကလေး မြို့နယ်မှ အသက် ၁၆ နှစ် အရွယ် ဆယ်ကျော်သက် ယောင်္ကျားလေး တစ်ဦးအား မြန်မာစစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦးက အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားကာ ရန်ကုန်တွင် အခြေစိုက်သော တပ်ရင်းသို့ ခေါ်ဆောင် သွားသည် ဟု ဆိုပါသည်။

အဆိုပါ ဖြစ်ရပ်ကို ILO သို့ သတင်း ပေးပို့ခဲ့ကြောင်း HRDP အဖွဲ့မှ ကိုမောင်မောင်လေးက ပြောဆိုသည်။ HRPD သည် ၂၀၀၉ ခုနှစ်အတွင်း ကလေးစစ်သား အမှုပေါင်း ၄၆ မှုကို ဖြေရှင်း ပေးခဲ့ကာ ကလေး အယောက် ၂၀ ကို မိဘများထံ ပြန်လည် အပ်နှံ ပေးနိုင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

"တကယ်လို့ ကလေးငယ် တစ်ဦးဟာ စစ်သား စုဆောင်းရေး စင်တာမှာပဲ ရှိနေသေးတယ် ဆိုရင် သူ့ကို ပြန်ခေါ်ဖို့ အခွင့်အရေး အများကြီး ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်မှာ တာဝန်နဲ့ အဆင့်တစ်ခုခု ပေးလိုက်ပြီ ဆိုရင်တော့ ပြန်ခေါ်ဖို့ တော်တော် ခက်ခဲသွားပါပြီ" ဟု ကိုမောင်မောင်လေးက ရှင်းပြပါသည်။

DVB သတင်းဌာန၏ ILO to be more proactive, not reactive in Burma ကို ဘာသာပြန်ဆိုပါသည်။

မြန်မာနိုင်ငံမှ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း တစ်ခုဖြစ်သော Air Bagan လေကြောင်းသည် ယခုနှစ်အတွင်း ကမ္ဘောဒီးယား၊ ထိုင်း နှင့် တရုတ်နိုင်ငံများသို့ တိုးချဲ့ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ လေကြောင်းလိုင်းနှင့် နီးစပ်သော သတင်းရပ်ကွက်ထံမှ စုံစမ်းသိရရှိရသည်။

အသစ်ပြေးဆွဲရန် စီစဉ်ထားသည့် နေရာများမှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဆိုင်ယမ်ရိပ်ဒ်၊ ထိုင်းနိုင်ငံ ဖူးခက် နှင့် ချင်းမိုင်၊ တရုတ်ပြည် ကူမင်းနှင့် ကွမ်ကျိုး တို့ဖြစ်သည်။ အဆိုပါ ခရီးစဉ်များထဲမှ ရန်ကုန်-ချင်းမိုင် ခရီးစဉ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက စတင်ပြေးဆွဲနေပြီဖြစ်သည်။

Air Bagan သည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၊ မေလ-၁၅ ရက်နေ့တွင် နိုင်ငံတကာ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ဘန်ကောက်သို့ စတင်ပြေးဆွဲခဲ့ပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် စင်ကာပူသို့ ပြေးဆွဲခဲ့သည်။ သို့သော် အဆိုပါ ခရီးစဉ် နှစ်ခုစလုံးကို ၂၀၀၈  ခုနှစ်အတွင်း ရပ်ဆိုင်းခဲ့သည်။

Air Bagan သည် ပြည်တွင်း ခရီးစဉ် ၂၀ ခန့် ပြေးဆွဲလျက်ရှိသည်။ ယင်းတို့မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ညောင်ဦး၊ တောင်ကြီး၊ ကလေး၊ ပူတာအို၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ သံတွဲ၊ စစ်တွေ၊ ထားဝယ်၊ ကော့သောင်း၊ မြိတ်၊ ဟဲဟိုး၊ မုံရွာ၊ ဟုမ္ပလင်းနှင့် ပုသိမ်တို့ဖြစ်သည်။ နိုင်ငံတကာ ခရီးစဉ် နှစ်ခုမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်တို့ဖြစ်ပါသည်။

Air Bagan လေကြောင်းကို ၂၀၀၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံး ရာနှုန်းပြည့် ပုဂ္ဂလိကပိုင်လေကြောင်းဖြစ်ကာ Htoo ကုမ္ပဏီက ထူထောင်ခဲ့ခြင်းဖြစ်သည်။ Air Bagan တွင် ဖော်ကာ F-100 လေယာဉ် နှစ်စင်း၊ ATR-42 လေယာဉ် နှစ်စင်း၊ ATR-72 လေယာဉ် နှစ်စင်းတို့ဖြင့် ပြည်တွင်း ခရီးစဉ်များပြေးဆွဲပေးလျက် ရှိသည်။

Xinhua သတင်းဌာနမှ Myanmar private airline plans three more destinations this year ကို ဘာသာပြန်ဆိုပါသည်။

          တရုတ်နိုင်ငံသည် မကြာသေးမီက စတင် အသက်ဝင်ခဲ့သော တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာကို အကြောင်းပြုပြီး မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတွင် လုပ်အားခ သက်သာသော အထည်ချုပ် စက်ရုံများ တည်ဆောင်ရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ရပါသည်။

          တရုတ် နိုင်ငံပိုင် မီဒီယာများ ဖြစ်သော China Daily နှင့် People's Daily သတင်းစာများ၏ ရေးသား ဖော်ပြချက်အရ တရုတ်အစိုးရသည် မြန်မာနှင့် ကမ္ဘောဒီးယားတို့တွင် အထည်အလိပ် လုပ်ငန်းနှင့် ပတ်သက်သော စီးပွားရေးကို ရင်းနှီးမြှုပ်နှံရန် တရုတ်အစိုးရက အသိပေး ပြောဆိုထားပြီး ဖြစ်သည်။

          တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု သဘော တူညီချက်အရ အမျိုးအစား များပြားသော ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် စည်းကြပ် ကောက်ခံမှုကို လျှော့ချ (သို့မဟုတ်) ပယ်ဖျက်ပေးသွားမည် ဖြစ်သည်။

          သတင်း ပေးပို့ချက်များအရ ကမ္ဘောဒီးယားရှိ အထည်ချုပ်စက်ရုံ အတော်များများမှာ တရုတ် နိုင်ငံသားပိုင်များ ဖြစ်ကြပြီး အဆိုပါ စက်ရုံများတွင် လုပ်ကိုင်သူများသည် လုပ်အားခ လွန်စွာ နည်းပါးကြောင်း သိရပါသည်။

"အထည်ချုပ် လုပ်ငန်း ဟူသည် ဒေသကြီးနှစ်ခု အနီးကပ် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်နိုင်သော အခန်းကဏ္ဍတစ်ခု ဖြစ်သည်။ အာဆီယံဒေသ အထည်ချုပ် လုပ်ငန်းများက အချော မသတ်ရသေးသော တစ်ဝက်တစ်ပျက် အထည်အလိပ် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပြီး တရုတ်ပြည်က အထည်အလိပ် ပစ္စည်းများ အချောသတ် ထုတ်လုပ်မှုတွင် အားသာချက် ရှိသည်" ဟု China Daily သတင်းစာက ရေးသားသည်။

          တရုတ်ပြည်မှ ဈေးနှုန်း ချိုသာသော ကုန်ပစ္စည်းများ အာဆီယံဒေသသို့ ဝင်ရောက်လာမှုကြောင့် မိမိတို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်လာမည်ကို အာဆီယံနိုင်ငံ အချို့က စိုးရိမ် ပူပန်လျက် ရှိသည်။

          "အဲဒီလို စိုးရိမ် ပူပန်မှုတွေ ရှိနေတယ်ဆိုတာ သဘောပေါက်ပါတယ်၊ ဒါပေမဲ့ ဒီ လွတ်လပ်စွာ ကုန်သွယ်မှုဆိုတာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ဖြစ်ပေါ်စေမယ့် ကိစ္စပါ" ဟု တရုတ်ပြည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး Yi Xiaozhun ၏ ပြောကြားချက်ကို ကိုးကားပြီး China Daily သတင်းစာက ဖော်ပြပါသည်။

          တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု မစတင်မီ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံထဲမှ အထည်ချုပ် ထုတ်ကုန်များ အရည်အသွေး မြှင့်တင်ရေးအတွက် ငွေကြေး ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိကြောင်း ထုတ်ဖော် ပြောဆိုထားပါသည်။

China Daily မှ China Eyes Burma Textiles Via New Asean Free Trade Deal ကို ဘာသာပြန်ဆိုပါသည်။

          မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းများတွင် ပြည်ပရေနံ ကုမ္ပဏီကြီး နှစ်ခုက တိုးချဲ့ ဝင်ရောက် လုပ်ကိုင်တော့မည် ဖြစ်ကြောင်း အစိုးရ၏ သတင်း ထုတ်ပြန်ချက် တစ်ခုအရ သိရပါသည်။

          MPRLE & P Pte, Limited နှင့် Twinza Oil (Asia) Limited တို့သည် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ကာ ကမ်းလွန် ပင်လယ်ပြင် လုပ်ကွက်အမှတ် A-6 နှင့် ရေတံခွန် အရှေ့ရပ်ကွက် (YEB) တို့တွင် 'ဆက်စမစ်' ငလျင် တိုင်းတာမှုများကို စတင် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်က သတင်း ထုတ်ပြန်ခဲ့သည်။

          မြန်မာ့ရေနံ အရင်းအမြစ် လီမိတက် ဖြစ်သော MPRL & P Ltd သည် ယခင်က စင်ကာပူ နိုင်ငံတွင်လည်း မှတ်ပုံတင် ထားရှိသော ကုမ္ပဏီ ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ ကုန်းတွင်း ရေနံလုပ်ငန်း ဖြစ်သော 'မန်း' ရေနံ၊ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း (MOGE) တို့နှင့် အတူ အပြန်အလှန် လျော်ကြေး ကန်ထရိုက် စနစ်ဖြင့် ပူးတွဲ လုပ်ကိုင်လျက် ရှိသည်။

          အဆိုပါ ကုမ္ပဏီသည် ရခိုင်ပြည်နယ် ရွှေဓာတ်ငွေ့ စီမံကိန်း ဖြစ်သော လုပ်ကွက်အမှတ် A-6 ၌ ရှိသည့် ၉၈၃၀ စတုရန်း ကီလိုမီတာ အကျယ် ကမ်းလွန် ဒေသတွင် သဘာဝ ဓာတ်ငွေ့ ရှာဖွေကာ ထုတ်လုပ်မှု မျှဝေ ရယူရန် ကန်ထရိုက် စာချုပ်ကို ၂၀၀၇ ခုနှစ် အစောပိုင်း ကာလက လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

          MPRL သည် ဇန်နဝါရီ ၈ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ကမ်းလွန် လုပ်ကွက် အမှတ် A-6 တွင် 'ဆက်စမစ်' တိုင်းတာမှုများ လုပ်ဆောင်မည်ဟု သိရသည်။

          ထိုအချိန် ကာလတွင် သြစတြေးလျ ရေနံ ကုမ္ပဏီ ဖြစ်သော Twinza Oil (Asia) လီမိတက် သည် တနင်္သာရီ ကမ်းရိုးတန်းရှိ ရေတံခွန် အရှေ့ဘက် လုပ်ကွက် (YEB) တွင် ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းကို ဆောင်ရွက်လျက် ရှိသည်။

          အဆိုပါ ကုမ္ပဏီသည် လွန်ခဲ့သော နှစ်က ရေတံခွန် အရှေ့လုပ်ကွက်၌ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် ထုတ်လုပ်မှု အကျိုးတူ မျှဝေခံစားရေး ကန်ထရိုက် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ ယင်းလုပ်ကွက်သည် ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၀၀ တင်ပို့လျက် ရှိသော ရေတံခွန် သဘာဝဓာတ်ငွေ့ လုပ်ကွက် အနီးနားတွင် တည်ရှိသည်။

          Twinza Oil လီမိတက်၏ လုပ်ငန်းအစ ဖြစ်သော 'ဆက်စမစ်' တိုင်းတာခြင်းနှင့် ရေနံ ရှာဖွေ ထုတ်လုပ်ခြင်းများကို ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အတွင်း လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

Mizzima သတင်းဌာနမှ Two Foreign Energy Firms Expand Operations ကို ဘာသာပြန်ဆိုပါသည်။

BBC News, 7th January 2010

အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်သို့ လေကြောင်း ကာကွယ်ရေး ဒုံးပျံများ ရောင်းချရန် အစီအစဉ်ကို တရုတ်နိုင်ငံက ကန့်ကွက်နေသည့် ကြားမှ အတည်ပြုခဲ့ပြီး အမေရိကန် တရုတ် ကုန်သွယ်ရေး အငြင်းပွားမှုကို မြင့်တက်စေလိမ့်မည် ဖြစ်ပါသည်။

အဆိုပါ သဘော တူညီချက်အရ လော့ဟိမာတင် ကုမ္ပဏီက ထိုင်ဝမ်ကျွန်းသို့ ပက်ထရီယော့ လေကြောင်း ကာကွယ်ရေး ဒုံးပျံစနစ်ကို ရောင်းချပေးပါလိမ့်မည်။

ဒေါ်လာ (၆.၅) ဘီလျံ တန်ဖိုး ရှိသော အဆိုပါ ကန်ထရိုက် စာချုပ်ကို ယခင် အမေရိကန် သမ္မတ ဂျော့ဘွတ်ရှ် လက်ထက်က သဘောတူ ထားခဲ့ခြင်း ဖြစ်သည်။

တရုတ်တို့က ၎င်းတို့ ပိုင်ဆိုင်သည်ဟု စောဒက တက်နေသော ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မ က ဒုံးပျံ (၁၅၀၀) ခန့် ဖြင့် ချိန်ရွယ်ထားသည်ဟု ထိုင်ဝမ်က ခန့်မှန်း ထားပါသည်။

တာတိုနှင့် တာလတ် ဒုံးပျံများကို ကြားဖြတ် ပစ်ချရာတွင် "ပက်ထရီယော့ အဆင့်မြင့် နံပါတ် (၃)" ဒုံးပျံ စနစ်သည် အကောင်းဆုံး အမျိုးအစား တစ်ခု ဖြစ်သည်ဟု ကာကွယ်ရေး ကျွမ်းကျင်သူများက ပြောကြားပါသည်။

ထိုင်ဝမ်သည် အမေရိကန် ပြည်ထောင်စုမှ လက်နက် ရောင်းချပေးမှုနှင့် နိုင်ငံ လုံခြုံရေး အတွက် ကာကွယ်ပေးရန် အာမခံ ထားမှုကို မှီခို နေရခြင်း ဖြစ်သည်။

အမေရိကန် တရုတ် ဆက်ဆံရေး ဆိုင်ရာ အမေရိကန် အကြံပေးဌာနက အကယ်၍ တရုတ်နှင့် ထိုင်ဝမ်ကြား စစ်ဖြစ်ပွားခဲ့ပါက ဒေသတွင်းသို့ အမေရိကန် စစ်တပ်များ မရောက် လာစေရန် ပိတ်ဆို့နိုင်မည့် ရေတပ် တစ်ခုကို ဘီဂျင်းက တည်ဆောက်နေသည်ဟု ပြီးခဲ့သော နိုဝင်ဘာလတွင် သတိပေးခဲ့ပါသည်။

ယခင်ကလည်း အကယ်၍ ကျွန်းနိုင်ငံ ထိုင်ဝမ်က တရားဝင် လွတ်လပ်ရေး ကြေညာခဲ့မည် ဆိုပါက ပြည်မကြီးနှင့် ထိုင်ဝမ် ပေါင်းစည်းရန် အင်အား သုံးမည်ဟု တရုတ်နိုင်ငံက ခြိမ်းခြောက် ခဲ့ဖူးပါသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်တွင် ထိုင်ဝမ်၌ သမ္မတ မာရင်ကျိုး အာဏာ ရရှိချိန်မှ စ၍ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် တိုးတက် ကောင်းမွန်လာပါသည်။

ဒုံးပျံ ကန်ထရိုက် စာချုပ်ကို ပင်တဂွန်က အတည်မပြုမီ ရက်ပေါင်းများစွာကပင် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်ကြောင်း တရုတ်က သတိပေးခဲ့ပါသည်။

တရုတ် အမေရိကန် ဆက်ဆံရေး မထိခိုက်စေရေးအတွက် ထိုင်ဝမ်သို့ လက်နက်များ ရောင်းချမှုကို ရပ်ဆိုင်းရန် ဒုံးပျံ ရောင်းချမည့် အစီအစဉ်ကို ဖျက်သိမ်းရေးနှင့် ထိုင်ဝမ်သို့ လက်နက် ရောင်းချခြင်း၏ အရေးကြီးသည့် အနေအထားကို နားလည် လက်ခံရန် အမေရိကန် ပြည်ထောင်စုကို မိမိတို့ တိုက်တွန်းခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဂျန်ယုက အင်္ဂါနေ့တွင် ပြုလုပ်သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

လတ်တလောတွင် သံမဏိပိုက်များ၊ တာယာများ အပါအဝင် တရုတ် သွင်းကုန် အချို့ပေါ်တွင် အမေရိကန်က အခွန် တိုးမြှင့် ကောက်ခံခဲ့ပြီး တရုတ်ကလည်း ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ကုန်သွယ်ရေး မူဝါဒကို ကန့်ကွက်ကြောင်း သတိပေးခဲ့ပါသည်။

By Kirsten Grieshaber, Associated Press, 10th January 2010

ဥရောပတွင် တနင်္ဂနွေနေ့က ဆီးနှင်းများ ထူထပ်စွာ ကျရောက်မှုကြောင့် ရထားလမ်းများ၊ ကားလမ်းများ ပြန်လည် အသုံးပြုနိုင်ရေးအတွက် ကြိုးစား နေကြရပါသည်။ ဆီးနှင်းများ ကျရောက်မှုကြောင့် လမ်းကြောင်းများတွင် မတော်တဆ တိုက်ခိုက်မိမှုများ ရာနှင့် ချီ၍ ဖြစ်ပွားခဲ့ပြီး၊ ဂျာမနီနှင့် ပြင်သစ်မှ ထွက်မည့် လေကြောင်း ခရီးစဉ်များ အားလုံး ရပ်ဆိုင်း သွားခဲ့ပါသည်။ ပိုလန်တွင် ပါဝါလိုင်းများ ကျနေခဲ့ပြီး၊ ဆီးနှင်းများ ဖုံးလွှမ်းသွားသော ဂျာမနီ အဝေးပြေး လမ်းမပေါ်တွင် လူပေါင်း (၁၆၀) ခန့် တစ်ညလုံး ပိတ်မိနေခဲ့ကြပါသည်။

လူကြီး (၁၄၈) ဦး နှင့် ကလေး (၁၉) ဦး တို့သည် ဂျာမနီ ကမ်းရိုးတန်း တစ်လျှောက်ရှိ (A 20) အဝေးပြေး လမ်းမကြီးပေါ်တွင် ပိတ်မိနေပြီး၊ ကားစက်များကို နှိုးထား၍ ကယ်ဆယ်ရေးများ လာသည်အထိ စောင့်ကြရပါသည်။ ကယ်ဆယ်ရေးများသည် စက်ကြီးများဖြင့် (၆) ပေခွဲ (၂ မီတာ) အမြင့်ရှိ ဆီးနှင်းထုများကို ဖယ်ရှားပြီး၊ တနင်္ဂနွေနေ့ မနက်က ကယ်ဆယ်ခဲ့ကြောင်း Altentreptow မြို့မှ ရဲတစ်ဦးက ပြောပါသည်။

၎င်းတို့ကို ကယ်ထုတ်ပြီးနောက် ကယ်ဆယ်ရေး အဖွဲ့များ ပြုလုပ်ထားသော မိုးကာတဲများသို့ ခေါ်ဆောင်ပြီး၊ ပိတ်နေသော ကားများ အားလုံး ရှင်းပြီးသည်အထိ စောင့်ကြရပါသည်။ မီးသတ်သမားများက ၎င်းတို့ကို သောက်စရာ အပူများ၊ စားစရာများ ပေးခဲ့ကြောင်း Altentreptow အဝေးပြေးလမ်း ရဲအဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် Jens Apelt က ပြောခဲ့ပါသည်။

ဒုတိယမြောက်နေ့အဖြစ် ဆီးနှင်းများ ထူထပ်စွာ ကျရောက် အပြီးတွင် ဂျာမနီ၌ လမ်းများပေါ်တွင် ရာသီဥတုကြောင့် ယာဉ်တိုက်မှုများ ရာချီ၍ ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။ အထူးသဖြင့် Baltic ကမ်းရိုးတန်း တစ်လျှောက်တွင် ပိုမို ကျရောက်သည်ဟု ဆိုပါသည်။ Nordvorpommern တွင် ကားနှင့် သစ်ပင် ဝင်တိုက်မှုကြောင့် လူနှစ်ဦး သေဆုံးရသည်ဟု ဆိုပါသည်။

Baltic ကို ဖြတ်ပြီး Seandinaria သို့ ကြိုပို့ လုပ်ငန်းမှာလည်း ဖျက်သိမ်းခဲ့ရပါသည်။ ပင်လယ်ရေမှာလည်း တက်လာပြီး Flensburg နှင့် Luebeck မြို့များ၏ လမ်းမများပေါ်အထိ ရောက်လာခဲ့ပါသည်။ Dahmeshoeved ရွာတွင် ရေကြီးမှုကို ကာကွယ်ထားသော အကာအရံများကို ဖြိုပစ်ရန်ပင် ခြိမ်းခြောက်နေပါသည်။ ကယ်ဆယ်ရေး အဖွဲ့များသည် ပျက်စီးမှုများကို ပြင်ဆင်နေရသဖြင့် အလုပ်များနေကြောင်း ဂျာမန်သတင်းဌာန DAPD က ဆိုပါသည်။

Baltic ပင်လယ်မှ လှိုင်းများသည် ဆိပ်ခံ တံတားများကို ရိုက်ခတ်ပြီး၊ နံရံမှ အုတ်များကိုပင် အင်နှင့် အားနှင့် ဖြိုမယောင် ရှိနေပါသည်ဟု Luebeck – Travemuende မှ ရဲတစ်ဦးက အစီရင်ခံ ဖော်ပြထားပါသည်။

ပြင်သစ် အရှေ့တောင်ပိုင်းရှိ လိုင်ယွန်မြို့တွင် လေယာဉ်ကွင်း၌ ဆီးနှင်းများဖြင့် ဖုံးလွှမ်းခဲ့မှုကြောင့် စနေနေ့ တစ်ညလုံး လေယာဉ် အဝင်အထွက်များ ရပ်ဆိုင်းသွားခဲ့ရာ လူ (၈၀၀) ခန့် တစ်ညလုံး ပိတ်မိနေခဲ့ပြီး တနင်္ဂနွေနေ့ မနက်မှ တဖြည်းဖြည်း လေယာဉ် ခရီးစဉ်များ စတင်နိုင်ခဲ့ပါသည်။

ပြင်သစ်၏ TF 1 TV ၏ အဆိုအရ Tours in France's Loire Valley ရှိ အဝေးပြေး ကားလမ်းတစ်ခုသည် ဆီးနှင်းများ ကျရောက်မှုကြောင့် စကိတ်ကွင်း အသွင် ပြောင်းသွားပြီး ကားများ လမ်းချော်ပြီး လမ်းဘေးရှိ အကာအရံများကို ဝင်တိုက် ကုန်ကြကြောင်း သိရှိရပါသည်။

ပိုလန် တောင်ပိုင်းတွင် ဆီးနှင်းများကြောင့် သစ်ပင် အကိုင်းများ ကျိုးကာ အချို့ ပါဝါလိုင်းများကို ထိခိုက်ကာ တနင်္ဂနွေနေ့က လျှပ်စစ် ဓာတ်အား ပြတ်တောက်သွားခဲ့သဖြင့် လူ (၈၀၀၀) ခန့် လျှပ်စစ်မီး ပြတ်ခဲ့ရသည်ဟု PAP သတင်းဌာနမှ ဆိုပါသည်။

ပိုလန် နယ်စပ်ရှိ ဂျာမနီ မြို့တစ်မြို့ ဖြစ်သော Anklam တွင် ဆီးနှင်းများကြောင့် ပိတ်မိနေသော ခရီးသည် (၁၄) ဦးပါ ရထားတစ်စင်းကို ကယ်တင်ခဲ့ရသည်ဟု DAPD သတင်းဌာနက ဆိုပါသည်။ ဂျာမနီ အရှေ့မြောက်ရှိ Mecklenburg Western – Pomerania တွင် ဆီးနှင်းကြောင့် ရထားလမ်းများ ပိတ်ဆို့၍ ခရီးစဉ်များ ရပ်နားထားခဲ့ရပါသည်။

ဂျာမနီရှိ အချို့ ကမ်းရိုးတန်းနှင့် ကျွန်းများရှိ မြို့များတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့ပါသည်။

Frankfurt လေဆိပ်တွင် လေယာဉ်ခရီးစဉ် (၆၁) ခု ဖျက်သိမ်းခဲ့ရသဖြင့် လူပေါင်း လေးရာခန့် လေဆိပ်တွင် ညအိပ်ခဲ့ရသည်။

ဒိန်းမတ်နိုင်ငံ တောင်ပိုင်းတွင် လေပြင်းထန်ပြီး ဆီးနှင်းများ ကျရောက်မှုကြောင့် လမ်းများပေါ်တွင် ပရမ်းပတာ ဖြစ်ခဲ့ရပါသည်။ စစ်တပ် တင့်ကားများသည် ဆီးနှင်းများထဲမှ ကားများကို ကူညီနိုင်ရန် အသင့်ပြင် ထားကြရပြီး လေပြင်းဒဏ် မခံနိုင်သော မော်တော်ယာဉ်များ ဆွီဒင်သို့ သွားသော Oresund တံတားကို မဖြတ်သင့်ကြောင်း သတိပေး ထားပါသည်။

ဗြိတိန်နိုင်ငံတွင် ရာသီဥတုကြောင့် သေဆုံးသူ စာရင်းမှ (၂၆) ဦး ရှိပြီ ဖြစ်ကြောင်း Press Association သတင်းဌာနမှ စာရင်းအရ သိရှိရပါသည်။

ဗြိတိသျှ ခန့်မှန်းသူများက လာမည့် ရက်သတ္တပတ်တွင်လည်း အပူချိန်မှာ ဆိုးရွားစွာ ကျဆင်း နေလိမ့်ဦးမည်ဟု ခန့်မှန်းကြပါသည်။ ကြက်ခြေနီ နှင့် စစ်တပ်သည် ဆီးနှင်းများကြောင့် ဒုက္ခရောက်နေသူ ဗြိတိန် နိုင်ငံသားများကို ကူညီရန် အဆင်သင့် ပြင်ထားကြပါသည်။ ဗြိတိသျှ ဓာတ်ငွေ့ဌာနမှ ပြောကြားရာတွင် ၎င်းတို့ဌာနသည် အလုပ် အများဆုံး ရက်သတ္တပတ်အဖြစ် စံချိန်တင်ကြောင်း၊ ပိုက်များ အေးခဲမှု၊ ဘွိုင်လာများ ပျက်စီးမှုတို့အတွက် အကြောင်းကြားမှု များစွာ ရှိခဲ့သည်ဟု ဆိုပါသည်။

ခရိုအေးရှား နိုင်ငံတွင် ဆီးနှင်းများ ပြည့်နေသော မြစ်များသည် ရေလျှံမှု ဖြစ်ခဲ့ပါသည်။ တောင်ပိုင်းမြို့တစ်မြို့ ဖြစ်သော Metkovic တွင် ရေလျှံမှုကြောင့် တနင်္ဂနွေနေ့က ရွေးကောက်ပွဲအတွက် အိမ် အတော် များများသည် မဲရုံသို့ လှေဖြင့် သွားကြရသည်ဟု နိုင်ငံပိုင် သတင်းဌာန HINA က ဆိုပါသည်။

Xinhua News, 10th January 2010

          ယခု နှစ်ဆန်းတွင် စတင် ရောင်းချသော အစိုးရ ငွေတိုက် စာချုပ်များသည် အချိန်တိုအတွင်း များစွာ ရောင်းချခဲ့ရသည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်က အခိုင်အမာ ပြောကြားခဲ့ပြီး စုစုပေါင်း ရောင်းချ တန်ဖိုးငွေ ၁.၀၃ ဘီလျံ (အမေရိကန် ဒေါ်လာ ၁.၀၃ သန်းခန့်) ကို ရက်အနည်းငယ် အတွင်း ရရှိခဲ့သည်ဟု ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ် The Voice Weekly က တနင်္ဂနွေနေ့တွင် ဖော်ပြထားပါသည်။

          ယခင်က ထုတ်ဝေထားသော ၃ နှစ်နှင့် ၅ နှစ် သက်တမ်း စာချုပ်များအပြင် ယခုနှစ် ဇန်နဝါရီ (၁)ရက်တွင် စတင် မိတ်ဆက် ရောင်းချခဲ့သော ၂ နှစ် သက်တမ်း အစိုးရ ငွေတိုက်စာချုပ်များကြောင့် လူထု၏ စိတ်ဝင်စားမှုကို ရရှိပြီး အချိန်တိုအတွင်း ရောင်းအား မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

          ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အစိုးရပိုင် မြန်မာ့ စီးပွားရေး ဘဏ်များတွင် ရောင်းချ ပေးနေသော ငွေတိုက် စာချုပ်များကို တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ လွတ်လပ်စွာ ဝယ်ယူနိုင်ပြီး လွှဲပြောင်း (သို့) ရောင်းချခြင်းကိုလည်း ပြုလုပ်နိုင်သည်ဟု ဘဏ် အာဏာပိုင်များက ပြောကြားခဲ့သည်။

အတိုးနှုန်းများမှာ ၂ နှစ် ငွေတိုက်စာချုပ်အတွက် ၁၀.၅ %၊ ၃ နှစ် ငွေတိုက်စာချုပ်အတွက် ၁၁% နှင့် ၅ နှစ် ငွေတိုက်စာချုပ်အတွက် ၁၁.၅ % တို့ ဖြစ်သည်ဟုလည်း ဆက်လက် ပြောကြား ခဲ့ပါသည်။

          ဗဟိုဘဏ်၏ အဆိုအရ ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်တွင် ၃ နှစ်အစိုးရ ငွေတိုက်စာချုပ်များ စုစုပေါင်း ရောင်းချရသော တန်ဖိုးမှာ ကျပ်ငွေ ၈၇.၇၈ ဘီလျံ (အမေရိကန် ဒေါ်လာ ၈၇.၇၈) သန်း ရှိခဲ့ပြီး ၅နှစ် သက်တမ်း စာချုပ် ရောင်းချရမှုမှာ ကျပ်ငွေ ၄၃၀.၉၄ ဘီလျံ ရှိခဲ့သည်ဟု ဆိုပါသည်။

          နောက်ဆုံး ရရှိခဲ့သော စာရင်းဇယား များအရ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်၏ ပထမနှစ်ဝက် အတွင်း အစိုးရ ငွေတိုက်စာချုပ်များ ရောင်းချရမှု မြင့်တက်ခဲ့ပြီး ၃ နှစ် ငွေတိုက်စာချုပ် တန်ဖိုး ကျပ်ငွေ ၅၅၀.၄ ဘီလျံနှင့် ၅ နှစ် ငွေတိုက်စာချုပ် တန်ဖိုး ကျပ်ငွေ ၅၁.၁၈၃ ဘီလျံ ရောင်းခဲ့ရသည်ဟု သိရှိရပါသည်။

          အစိုးရ ငွေတိုက်စာချုပ်များကို ဝယ်ယူ ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်၍ ပြည်သူလူထု၏ စိတ်ဝင်စားမှု တိုးတက် အားကောင်းလာခြင်းကို အခြေပြု၍ အနာဂတ်တွင် စတော့ရှယ်ယာ ဈေးကွက်တစ်ခု ပေါ်ထွက်လာရန် ကောင်းမွန်သော အလားအလာများ ရှိနေသည်ဟု ငွေကြေး ကျွမ်းကျင်သူများက ရှုမြင်ကြ ပါသည်။

          ယခု ဝယ်ယူနေကြသည့် ငွေတိုက် စာချုပ်များသည် အစိုးရ ဘဏ်များမှ ထုတ်ဝေခြင်း ဖြစ်သည့် အတွက် စိတ်ချ ယုံကြည် ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဖြည့်စွက် ပြော ကြားပါသည်။

          အစိုးရ ငွေတိုက် စာချုပ်များ၏ သတ်မှတ် တန်ဖိုးမှာ ကျပ် ၁ သောင်းမှ ကျပ် ၁၀ သန်း အတွင်းရှိ သည်ဟုလည်း သိရပါသည်။

BBC News, 10th January 2010

          တရုတ်နိုင်ငံ၏ ပို့ကုန်လုပ်ငန်းသည် ယခင်နှစ် အစောပိုင်းနှင့် နှိုင်းယှဉ်လျှင် ၁၇.၇% မြင့်တက်ခဲ့ပြီး ၁၃ လ ဆက်တိုက် ကုန်သွယ်ရေး ကျဆင်းနေမှုကို ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ပါသည်။

          ၂၀၀၉ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ ပို့ကုန် တန်ဖိုးမှာ ဒေါ်လာ ၁.၂ ထရီလီယံ ရှိခဲ့ပြီး တရုတ်သည် ဂျာမနီကို ကျော်လွှား၍ ကမ္ဘာအကြီးဆုံး ပို့ကုန်နိုင်ငံ ဖြစ်လာသည်ဟု သတ်မှတ်နိုင်ကြောင်း အစီရင်ခံစာ အချို့က ဖော်ပြခဲ့သည်ဟု Xinhua က ပြောကြားပါသည်။

          သို့ရာတွင် တစ်နှစ်လုံးအတွက် စုစုပေါင်း ပြည်ပ ကုန်သွယ်ရေး တန်ဖိုးမှာမူ ၂၀၀၈ ကထက် ၁၃.၉ % ကျဆင်းခဲ့သည်ဟု Xinhua က ဆိုပါသည်။

          ယခုကဲ့သို့ ပို့ကုန် တန်ဖိုး မြင့်တက်ခဲ့ခြင်းသည် တရုတ်နိုင်ငံအတွက် အရေးကြီးသော အလှည့် အပြောင်းတစ်ခု ဖြစ်သည်ဟု ပြောကြားသူမှာ အကောက်ခွန်ဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဖြစ်ပါသည်။ တရုတ် ပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် ခက်ခဲသော ကာလတစ်ခုကို ကျော်လွှား ဖြတ်သန်းနိုင်ခဲ့ပြီဟု စိတ်ချလက်ချ ပြောဆိုနိုင်ကြောင်း အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေး (GAC) ဌာနမှ စာရင်းအင်း ပညာရှင် ဟောင်ရိုဟွာက ပြောကြားပါသည်။

          ၂၀၀၉ ခုနှစ် သွင်းကုန် လုပ်ငန်းမှာ ဒေါ်လာ ၁.၀၁ ထရီလီယံ ရှိ၍ ၂၀၀၈ ကထက် ၁၁.၂ % ကျဆင်းခဲ့ပြီး စုစုပေါင်း ကုန်သွယ်ရေး ပိုငွေပြမှုမှာလည်း ၃၄.၂ % ကျဆင်းကာ ဒေါ်လာ ၁၉၆.၁ ဘီလျံသာ ရှိခဲ့သည်ဟု GAC က ထုတ်ပြန်ပါသည်။

          ယခုကဲ့သို့ တရုတ် ကုန်သွယ်ရေး ဖြည်းညင်းစွာ ကျဆင်းခြင်းသည် နိုင်ငံတော်၏ တွန်းအားပေး အင်အားစုများ ကောင်းမွန်စွာ အလုပ်လုပ်နေခြင်း၏ လက္ခဏာပင် ဖြစ်သည်။

          ၂၀၀၉ ခုနှစ်အတွင်း ဘီဂျင်းသည် ပို့ကုန် လုပ်ငန်းများ အပေါ်တွင် တန်ဖိုးမြှင့် အခွန်များကို အကြိမ်ကြိမ် လျော့ပေးခဲ့ပြီး အခွန် ပြန်အမ်းငွေ မြင့်တက်ခဲ့ကာ ပို့ကုန်လုပ်ငန်းများ အပေါ် အာမခံ ပေးနိုင်မှုလည်း တိုးတက်ခဲ့ပါသည်။

          ထို့အပြင် ၂၀၀၈ ဇူလိုင်မှ စ၍ ဒေါ်လာနှင့် ချိတ်ဆက်၍ ယွမ်ငွေ တန်ဖိုး မြင့်တက်ခြင်းကိုလည်း ဗဟိုဘဏ်က ထိရောက်စွာ ဟန့်တားနိုင်ခဲ့ပါသည်။