Transparency Myanmar

transparency.myanmar@gmail.com

The Nation, By Petchanet Pratruangkrai, 21st January 2010

          အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု သဘော တူညီချက် Asean Free Trade Agreement (AFTA) သည် နယ်စပ် ကုန်သွယ်ရေးတွင် တိုးတက် သက်ရောက်လာမည် ဖြစ်ရာ ထိုင်းနိုင်ငံသည် ၎င်း၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနှင့် မြန်မာတို့ဖြင့် ကုန်သွယ်ရေးသည် ယခု လက်ရှိ ဘတ် (၈) ဘီလီယံမှ ၂၀၁၃ တွင် ဘတ် (၁) ထရီလီယံ အထိ တိုးမြှင့်ရန် မျှော်မှန်း ထားပါသည်။

ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Porntiva Nakasai သည် ယမန်နေ့က တာဝန်ရှိသူများနှင့် မီဒီယာများကို ဇန်နဝါရီလ တစ်ရက်နေ့တွင် စတင်ခဲ့သည့် AFTA အတွက် ဖြစ်လာနိုင်သည့် ပြဿနာများကို လေ့လာနိုင်ရန် Aranyaprathet ရှိ နယ်စပ် ကုန်သွယ်ရေးတွင် တိုင်းတာမှုများ ပြုလုပ်နိုင်ရန် စီစဉ် ပေးခဲ့ပါသည်။

အဆိုပါ ဒေသရှိ ကုန်သည်များက ပြောကြားရာတွင် အဆိုပါ ဒေသတွင် AFTA ၏ အကောက်ခွန်မဲ့ စီမံချက်နှင့် ပတ်သက်၍ မည်သည့် မကောင်းသည့် အကျိုးဆက်များ မတွေ့ရသေးကြောင်း ပြောကြား ခဲ့ပါသည်။ တိတိကျကျ ဆိုရလျှင် ကမ္ဘောဒီးယားမှ လယ်ယာ ထွက်ကုန်များ ပိုမို တိုးတက်ပြီး ရောင်းချလာသည်ကို မတွေ့ရသေးကြောင်း ဆိုပါသည်။

အစိုးရသည် ကမ္ဘောဒီယားနှင့် နယ်စပ် တလျှောက် အမြဲတမ်း စစ်ဆေးရေး စခန်းများ တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိပြီး၊ ကမ္ဘောဒီးယားနှင့် ကူးသန်း ရောင်းဝယ်မှု ပိုမို တိုးတက် လာစေရန် ရည်ရွယ်ခဲ့ပါသည်။

ယခု လက်ရှိအားဖြင့် နယ်စပ် စစ်ဆေးရေး စခန်းများမှ ထိုင်း ပို့ကုန်များသည် သွင်းကုန် လက်မှတ် ထုတ်ပေးမှု လိုအပ်ချက်ကြောင့် တိုးတက်မှု အတွက် အဟန့်အတား ဖြစ်လျက် ရှိပါသည်။ ထို့ကြောင့် ကမ္ဘောဒီးယား အစိုးရအား နယ်စပ် အာဏာပိုင်များကို သွင်းကုန် လက်မှတ်များ ထုတ်ပေးရန် ညွှန်ကြားရေး အတွက် တောင်းဆိုခဲ့ပါသည်။

ယခု လက်ရှိအားဖြင့် ထိုင်း နှင့် ကမ္ဘောဒီးယား နယ်စပ်တွင် အမြဲတမ်း စခန်း (၂) ခု နှင့် ယာယီ စခန်း (၃) ခု ရှိပါသည်။

ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Porntiva ကိုယ်တိုင် Sa Kaew နယ်ရှိ Klong Luk ရှိ နယ်စပ် စစ်ဆေးရေး စခန်းတွင် AFTA အကောင်အထည် ဖော်မှုကို ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

အခြား အမြဲတမ်း နယ်စပ် စစ်ဆေးရေး စခန်းတစ်ခုမှာ Si Sa Ket နယ်ရှိ Chong Sra – njam တွင် ရှိပါသည်။

အခြား ယာယီ စစ်ဆေးရေး စခန်းများမှာ Sa Kaew နယ်ရှိ Ta Phraya ၊ Baan Nong Prue နှင့် Baan Khao Din တို့တွင် ရှိပါသည်။

ထိုင်း - ကမ္ဘောဒီးယား နှစ်နိုင်ငံ ကုန်သွယ်ရေး၏ (၅၀%) သည် နယ်စပ် ကုန်သွယ်ရေးမှ ဖြစ်ရာ ကမ္ဘောဒီးယားနှင့် နယ်စပ် ကုန်သွယ်ရေး စီးဆင်းမှု ချောမွေ့ရေးကို ထိုင်း အစိုးရက အလေးထား ပါသည်။

နယ်စပ် စစ်ဆေးရေး စခန်းများ တိုးချဲ့ ဖွင့်လှစ်ခြင်းသည် ကုန်သွယ်မှုကို တိုးတက်စေရုံ သာမက၊ ရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွားလာမှုကိုလည်း တိုးတက်စေပါသည်။

နိုင်ငံခြား ကုန်သွယ်ရေး ဌာန၏ အဆိုအရ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ် ကူးသန်း ရောင်းဝယ်ရေးသည် မနှစ်က ဘတ် (၂၉.၆၉) ဘီလီယံ ရှိခဲ့ရာ၊ ထိုင်းနိုင်ငံ ပို့ကုန်သည် ဘတ် (၂၆.၆၅) ဘီလီယံ ရှိပြီး၊ သွင်းကုန်သည် ဘတ် (၃.၀၄) ဘီလီယံသာ ရှိပါသည်။

ကမ္ဘောဒီးယားသို့ ထိုင်းနိုင်ငံ၏ နယ်စပ် အဓိက ပို့ကုန်မှာ ဝက်များ၊ စားသောက်ကုန်များ၊ ဘိလပ်မြေ၊ ရာဘာတာယာများ နှင့် မော်တော်ဆိုင်ကယ်များ ဖြစ်ပြီး အဓိက နယ်စပ် သွင်းကုန်မှာ ပဲပိစပ်၊ ပီလောပီနံဥ နှင့် သံထည် အဟောင်းများ (Scrap Metal) ဖြစ်ပါသည်။

ထိုင်း နှင့် ကမ္ဘောဒီးယား၏ ကုန်သွယ်မှု တစ်ခုလုံးသည် ယမန်နှစ်က ဘတ် (၅၆.၅၇) ဘီလီယံ ရှိခဲ့ပြီး၊ ထိုင်း ပို့ကုန်သည် (၁၉.၅၆ %) ကျဆင်းပြီး ဘတ် (၅၃.၉၁) ဘီလီယံ ရှိကာ၊ သွင်းကုန်မှာလည်း (၁၁.၅၅ %) လျော့သွားကာ ဘတ် (၂.၆၆) ဘီလီယံ ရှိခဲ့သဖြင့်၊ ကုန်သွယ်ရေး ပိုငွေ ဘတ် (၅၁.၂၅) ဘီလီယံ ရှိခဲ့ပါသည်။

ကမ္ဘောဒီးယားသို့ ထိုင်းနိုင်ငံ၏ အဓိက ပို့ကုန်များမှာ လောင်စာဆီ၊ သကြား၊ ဘိလပ်မြေ၊ ဖျော်ရည်များနှင့် ဓာတုပစ္စည်းများ ဖြစ်ပြီး၊ အဓိက သွင်းကုန်များမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ သံရိုင်းများနှင့် သံထည်ဟောင်းများ၊ သံ၊ စတီး နှင့် ပျော့ဖတ်များ ဖြစ်ပါသည်။

ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားရာတွင် AFTA ကြောင့် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ထိုင်း ရင်းနှီးမြှုပ်နှံသူများက တိုးတက် စိတ်ဝင်စား နေသည်ဟု ဆိုပါသည်။

ယခု လက်ရှိအားဖြင့် ကမ္ဘောဒီးယားတွင် အချို့ ထိုင်း ကုန်ပစ္စည်းများသည် ထုတ်လုပ်မှု စရိတ် မြင့်မားမှုကြောင့် တရုတ် ပစ္စည်းများနှင့် ယှဉ်ပြိုင်ရာတွင် အခက်အခဲ တွေ့လျက် ရှိပါသည်။ ထို့ကြောင့် အဆိုပါ ပစ္စည်းများကို လုပ်အားခ သက်သာပြီး၊ ကုန်ကြမ်းရသော ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံ ထုတ်လုပ်ရန် စဉ်းစားသင့်ကြောင်း ဝန်ကြီးဌာနက အကြံပြုလျက် ရှိပါသည်။

ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံသင့်သော ကဏ္ဍများမှာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုများ၊ အဝတ်အထည် နှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာ စာရင်းများအရ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယား၌ ရင်းနှီးမြှုပ်နှံသူများတွင် နံပါတ် (၅) နေရာ၌ ရှိပြီး တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း (၃၀၀) (ဘတ် ၉.၈၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံ ထားပါသည်။

ထိပ်ဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ လေးဦးမှာ မလေးရှား၊ တရုတ်၊ ထိုင်ဝမ် နှင့် အမေရိကန် ပြည်ထောင်စုတို့ ဖြစ်ပြီး၊ မလေးရှားက ဒေါ်လာ (၂.၁) ဘီလီယံ၊ တရုတ်က ဒေါ်လာ (၈၀၁) မီလီယံ၊ ထိုင်ဝမ်က ဒေါ်လာ (၈၇) မီလီယံ နှင့် အမေရိကန်က ဒေါ်လာ (၃၃၆) မီလီယံ ရင်းနှီးမြှုပ်နှံ ထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

straitimes.com, 20th January 2009

ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းသော လုပ်ငန်းစဉ်ကို ကူညီရန် တပ်မတော် အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးရေးကို ကြိုးစားနေသော အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် မကြာမီအတွင်း တွေ့ဆုံ ဆွေးနွေးမှုများ ပိုမို ပြုလုပ်သွားရန် ရှိသည်ဟု အမေရိကန် ဝါရင့် သံတမန် တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။

အရှေ့ အာရှ နှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က နိုင်ငံခြားရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် တောင်းဆိုထားမှုများနှင့် ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံသည် ပြဿနာများ ရောထွေးနေသော အထုပ်ကြီး ဖြစ်ကြောင်း မှတ်ချက် ပေးလိုက်ပါသည်။

မိမိတို့သည် မြန်မာ အာဏာပိုင်များနှင့် တိုက်ရိုက် ဆက်ဆံမှု အချို့ကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ မကြာမီ အတောအတွင်း ဆွေးနွေး ညှိနှိုင်းမှုများ တစ်ခုပြီး တစ်ခု ဆက်တိုက် ပြုလုပ်သွားရန် မိမိတို့ ကြိုးစားနေသည်ဟု Mr. Campbell က သတင်းထောက်များကို ပြောကြား ပါသည်။

Mr. Campbell နိုဝင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ချိန်မှ စ၍ မြန်မာအစိုးရက တိုးတက် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်း ရှိမရှိနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ဒီကိစ္စကို ပြောရမယ်ဆိုရာ၌ အရောအနှော အထုပ်ကြီးပဲ ဟု ၎င်းက ပြောဆိုခဲ့ပါသည်။

သေချာသော အရာများကို မိမိတို့ တွေ့မြင်နေရပြီး ဂရုတစိုက် စောင့်ကြည့်နေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်ပိုင်းအဆင့် ဆွေးနွေး ညှိနှိုင်းမှုများကို မိမိတို့ တွေ့မြင်နေရသည် ဟု ၎င်းက ပြောကြားပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ပြီး သူမ လွတ်မြောက်ရေး အတွက် မေတ္တာ ရပ်ခံမှုများ ရှိနေသည့် ကြားမှ လွန်ခဲ့သော ဆယ်စုနှစ် (၂) စု နီးပါး အစိုးရက ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ပါသည်။

ဒါပေမယ့် ခု အချိန်မှာတော့ အမှန်တကယ် စိုးရိမ် ပူပန်ရမယ့် ကဏ္ဍတွေ အထင်အရှား ရှိနေပါတယ် ဟု Campbell က ဆိုပါသည်။ တိုင်းရင်းသား လူမျိုးစုများ ဖိနှိပ်ခံနေရသော ကိစ္စများကို ၎င်းက ရည်ညွှန်း ပြောကြားခြင်း ဖြစ်ပါသည်။

လာမည့် သီတင်းပတ်များအတွင်း အခြေအနေများ ပိုမို ကြည်လင် ပီပြင်လာရန် ဝန်ကြီးနှင့်  မိမိတို့ တစ်ဖွဲ့လုံး ကြိုးစား နေကြပါသည်ဟု ပြောမည် ဆိုပါက သင့်တင့် မျှတပါလိမ့်မည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို ရည်ညွှန်း၍ Campbell က ဖြေကြား သွားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 18th January 2010

          မြန်မာ စစ်တပ်နှင့် အပစ်ရပ် ဝတပ်ဖွဲ့ တို့အကြား တင်းမာမှုများ ဖြစ်ပွားနေသည့် ကြားမှ ရှမ်းပြည်နယ်ရှိ အရပ်ဖက် ပြည်သူ ထောင်ဂဏန်း အရေအတွက်ကို ဝ တပ်ဖွဲ့ (UWSA) က စစ်သင်တန်း ပေးနေသည်ဟု ဒေသခံ သတင်းများက ဆိုပါသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး အပစ်ရပ် အဖွဲ့ဖြစ်သော တပ်ဖွဲ့ဝင် (၃၀,၀၀၀) ရှိသည့် ဝ တပ်ဖွဲ့ UWSA သည် ရှမ်းပြည်နယ် ဝဒေသရှိ မြို့နယ် ပေါင်းစုံမှ အရပ်သားများကို ယခင်နှစ် ဒီဇင်ဘာလမှ စ၍ လေ့ကျင့် သင်တန်း ပေးနေသည်ဟု စစ်ဖက် ရေးရာ အကဲခတ်သမား အောင်ကျော်ဇောက DVB သို့ ပြောကြားပါသည်။

အမျိုးသမီးများအား လက်နက်ငယ် သင်တန်းပေးခြင်း ပါဝင်သော အစီအစဉ်သည် ဇန်နဝါရီ (၂၀) တွင် ပြီးဆုံးမည် ဖြစ်သည်။ ရှမ်းပြည်နယ် အတွင်း ကြီးမားသော နယ်မြေ အစိတ်အပိုင်းများကို ထိန်းချုပ်ထားသည်။ ဝ တပ်ဖွဲ့သည် ဒေသတွင်း ရှမ်း လူမျိုးများ၏ သစ္စာခံမှုကိုလည်း ရရှိထားပါသည်။ ထို့အပြင် အာဖဂန် နစ္စတန် ပြီးလျှင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဖြစ်သည့် မြန်မာဘိန်း ဈေးကွက်တွင်လည်း ဦးဆောင် ကဏ္ဍမှ လှုပ်ရှားလျက် ရှိပါသည်။

နေပြည်တော်၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်တွင် ထားရှိမည့် နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် အစိုးရက ဖိအားပေးခဲ့ ပြီးနောက် မြန်မာစစ်တပ်နှင့် ဝတပ်ဖွဲ့ တို့ကြားတွင် တင်းမာမှု ကြီးထွားလာခြင်း ဖြစ်သည်။

ဒေသခံ ပြည်သူတွေကို ပြည်သူ့စစ်တွေလို လေ့ကျင့် ပေးနေတာပါဟု အောင်ကျော်ဇောက ဆိုပါသည်။ သက်ဆိုင်ရာ နယ်မြေ အသီးသီးက UWSA တပ်ရင်းတွေက ဦးစီးပြီး လေ့ကျင့်ပေး နေတာပါ။ ရှမ်းမြောက် မိုင်းမော ခရိုင်က မြို့နယ် (၁၁) ခုနဲ့ အိုက်ချင်းမြို့နယ်မှာ သင်တန်းသား များစွာ တက်ရောက်ခဲ့ပြီး အရေအတွက် (၇၀၀) ခန့် ရှိသည်ဟုလည်း ၎င်းက ပြောပါသည်။

မြန်မာ အစိုးရ၏ တောင်းဆိုမှုကို တုန့်ပြန်သည့် အနေဖြင့် ဝ တပ်ဖွဲ့က ဝ နယ်မြေကို တိုးချဲ့ သတ်မှတ်ပေးရန်နှင့် နယ်ခြား စောင့်တပ်တွင် ဝစစ်သားများသာ တာဝန် ထမ်းဆောင်ရန် ပြန်လည် တောင်းဆိုခဲ့ရာ မြန်မာအစိုးရက ပယ်ချခဲ့ပါသည်။ ယင်းကဲ့သို့ ပယ်ချ ခဲ့ပြီးနောက်တွင် ဝ ခေါင်းဆောင် ပေါက်ယူချန်းနှင့် မြန်မာ စစ်တပ် အာဏာပိုင်များ တွေ့ဆုံမည့် အစီအစဉ်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ဝ တို့က ငြင်းပယ် ခဲ့ပါသည်။

ဝ ထိန်းချုပ် နယ်မြေ (၂) ခု အတွင်းရှိ နယ်ခြားစောင့်တပ်များတွင် ဒုတိယ တပ်ရင်းမှူး နေရာကို မြန်မာစစ်တပ် အရာရှိက တာဝန်ယူမည့် အကြံဥာဏ်ကို တင်ပြလာသော အစိုးရကို တုန့်ပြန်သည့် အနေဖြင့် အချက် (၉) ချက်ပါ အဆိုပြုချက်ကို ဝ တပ်ဖွဲ့က ယခင်လက ပြန်လည် တောင်းဆိုခဲ့ပါသည်။

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများ မတိုင်ခင် ၎င်းတို့၏ အနေအထား ခိုင်မာစေရန် ကြိုးစားသည့် အနေဖြင့် ရည်ရွယ် ဆောင်ရွက်သည့် အစိုးရ၏ တောင်းဆိုမှုကို အပစ်ရပ် တပ်ဖွဲ့ (၁၈) ဖွဲ့ အနက် အများစုက ငြင်းပယ် ခဲ့ကြပါသည်။

မြန်မာ အစိုးရနှင့် အပေါ်ယံ စစ်ပြေငြိမ်းမှုမျှသာ ဆုပ်ကိုင်ထားသည့် အပစ်ရပ် တပ်ဖွဲ့များ အပေါ် အစိုးရက ဖိအားပေးနေခြင်းကို မလျှော့ပါက ယခင်နှစ် သြဂုတ်လ ကိုးကန့် ပြဿနာနှင့် အလားတူ ပဋိပက္ခများ ဖြစ်ပွားနိုင်သည်ဟု အကဲခတ်များက သတိပေးထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Saw Yan Naing, 19th January 2010

နိုင်ငံတကာ လေ့လာသူ အများစု ဖြစ်သော မြန်မာ့ အတိုက်အခံများသည် ယခုနှစ်တွင် စစ်အစိုးရမှ စီစဉ် ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် ကန့်ကွက် နေကြချိန်တွင် စနေနေ့က ရန်ကုန်မြို့တွင် အချို့ နိုင်ငံရေးသမား ဟောင်းများ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ တက်ကြွသော ကျောင်းသားများ တွေ့ဆုံကြရာတွင် ရွေးကောက်ပွဲအား ထောက်ခံကြောင်း ဖော်ပြလာခဲ့ပါသည်။

စနေနေ့က ရန်ကုန်မြို့ရှိ ကရဝိတ် ဟော်တယ်တွင် မြန်မာ့အရေး ဆွေးနွေးပွဲ အမည်ဖြင့် ရွေးကောက်ပွဲကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များ အကြောင်းကို ဆွေးနွေးခဲ့ကြရာ လူ (၅၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲကို ယခုနှစ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော ၁၉၈၈ အရေးအခင်းတွင် ပါဝင်ခဲ့သော ကျောင်းသားများ နှင့် နိုင်ငံရေးသမားများ ပါဝင်သော ကော်မတီက စုစည်း ကျင်းပခြင်း ဖြစ်ပါသည်။ ရှမ်း တိုင်းရင်းသား နိုင်ငံရေးသမား ရွှေအုန်း၊ ယခင် ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ချိုချိုကျော်ငြိမ်း တို့ တက်ရောက် ကြပါသည်။

စီစဉ် ကျင်းပသူ တစ်ဦး ဖြစ်သူ သိန်းတင်အောင်က ပြောကြားရာတွင် ရွေးကောက်ပွဲသို့ ချဉ်းကပ်ရန် ခေါင်းစဉ်ဖြင့် ဆွေးနွေး ရည်ရွယ်ထားခဲ့ကြောင်း၊ တက်ရောက်သူများက စစ်တပ် အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ကူးပြောင်းရောတွင် ချောမွေ့စေရေးကို ဆွေးနွေး သွားကြကြောင်း၊ စစ်တပ် အစိုးရနှင့် မည်သို့ ဆက်ဆံမည်လဲ၊ ထိပ်တိုက် တွေ့မည်လား။ ပူးပေါင်း ဆောင်ရွက်မည်လား ဆိုသည့် ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။

"ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ခရီးစဉ်မှာ အရေးကြီးတယ်လို့ ဖြစ်ပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

တနင်္လာနေ့က ချိုချိုကျော်ငြိမ်းမှ ဧရာဝတီသို့ ပြောကြားခဲ့ရာတွင် ရွေးကောက်ပွဲသည် နိုင်ငံရေးသမားများ အတွက် ကြီးမားသော အခွင့်အရေး ဖြစ်ကြောင်း၊ ပြည်သူများ အတွက်ရော၊ နိုင်ငံအတွက်ပါ အခွင့်အရေးပင် ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ကြည့်ပြီး ပြောရမည် ဆိုလျှင် မိမိတို့သည် ဤအခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ပြောခဲ့ပါသည်။

"ရွေးကောက်ပွဲကို သွားဖို့ အခြား နည်းလမ်း မရှိပါဘူး" ဟု သူမက ပြောပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဒီမိုကရက်တစ် မဟာမိတ် ပါတီ တည်ထောင်ခဲ့သူ ရွှေအုန်းမှ ဖက်ဒရယ်မူကို စတင် ဆွေးနွေးလာရာ ချိုချိုကျော်ငြိမ်းမှ "၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတယ်လို့ မဆိုလိုပါဘူး၊ အနာဂါတ် တစ်ချိန်ချိန်မှာ အခြေခံ ဥပဒေကို ပြန်ပြင် နိုင်လိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အပါအဝင် အဓိက အတိုက်အခံ ပါတီ အများစု နှင့် တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ခြင်း မရှိပေ။

NLD ကမူ စစ်အစိုးရအား အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်ရန်နှင့် နိုင်ငံရေး အကျဉ်းသားများကို မလွတ်မချင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ရန် စဉ်းစားလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
          အစိုးရသည် ရွေးကောက်ပွဲ ဥပဒေကိုသော် လည်းကောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုသော် လည်းကောင်း ကြေညာခြင်း မပြုသေးပေ။ သို့သော် ဂျပန်နိုင်ငံ နေ့စဉ် သတင်းစာ အဆာဟိ ရှင်ဘွန်းက ပြီးခဲ့သည့် အပတ်က ရွေးကောက်ပွဲကို အောက်တိုဘာ (၁၀) ရက်တွင် ကျင်းပလိမ့်မည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

တစ်ချိန်တည်းတွင် ၁၉၈၈ အရေးအခင်းက ကျောင်းသား ခေါင်းဆောင် ဖြစ်ပြီး ၂၀၀၅ ခုနှစ်က ပြည်ထောင်စု မြန်မာနိုင်ငံ (၈၈) မျိုးဆက်သစ် ကျောင်းသားအဖွဲ့ကို တည်ခဲ့သူ အေးလွင်ကမူ ၎င်း၏ အဖွဲ့သည် မြန်မာနိုင်ငံ မြို့နယ် အတော်များများတွင် စည်းရုံးရေး ဆင်းလျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။

"အပြောင်းအလဲ အတွက် ရွေးကောက်ပွဲဟာ အခွင့်အရေး တစ်ခုပါပဲ၊ ဒါကြောင့် ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး၊ တစ်ယောက်ကို အမြင်တစ်မျိုး ရှိခဲ့ကြရင်တောင်မှ ကျွန်တော်တို့ ကြိုးစားရပါမယ်" ဟု အေးလွင်က ပြောကြားခဲ့ပါသည်။

၎င်းက ဆက်လက် ပြောကြားရာတွင် ၎င်း၏ အဖွဲ့သည် လူထု အတော်များများ၏ အပေါင်း လက္ခဏာ ဆောင်သော တုန့်ပြန်မှုကို ရရှိလျက် ရှိကြောင်း၊ သို့သော် အချို့မှာ နိုင်ငံရေးတွင် ပါဝင်ရန် ကြောက်နေဆဲပင် ဖြစ်ကြောင်း ဆိုပါသည်။

သတင်းများ၏ အဆိုအရ စစ်အစိုးရ ထောက်ခံသူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ  (NUP) သည်လည်း နိုင်ငံအဝှမ်း စည်းရုံးရေး ဆင်းလျက် ရှိကြောင်း သိရှိရပါသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD က အမတ် နေရာ (၃၉၂) နေရာ အနိုင်ရချိန်တွင် NUP သည် အမတ် (၁၀) နေရာ အနိုင် ရရှိခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ဘရပ်ဆဲ အခြေစိုက် Euro – Burma Office က ပြောကြားရာတွင် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် တိုင်းရင်းသား အဖွဲ့များနှင့် အတိုက်အခံ ပါတီများ လိုအပ်ပါက ငွေကြေး ထောက်ပံ့မှုများ ပေးမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ Harn Yawnghwe ၏ အဆိုအရ သိရပါသည်။ Euro – Burma Office သည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးတွင် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများကို အကူအညီ ပေးနေသည့် အဖွဲ့ ဖြစ်ပါသည်။

အဆိုပါ အဖွဲ့များကို ထောက်ပံ့ ရခြင်းမှာ မြန်မာအစိုးရက ဖွင့်ပေးရမည့် တိုင်းရင်းသား အခွင့်အရေးများ၊ ဒီမိုကရေစီ လှုပ်ရှားမှုများကို အထောက်အကူ ဖြစ်စေရန် ဖြစ်ကြောင်း ၎င်းက ပြောပါသည်။

မြန်မာနိုင်ငံ ပြင်ပရှိ အစိုးရ ဆန့်ကျင်သူများ၊ နိုင်ငံတကာ လေ့လာသူများက ရွေးကောက်ပွဲကို အတုအယောင် အဖြစ် ကန့်ကွက်ခဲ့ကြပြီး၊ စစ်အစိုးရ အုပ်ချုပ်ရေး သက်ဆိုး ရှည်စေရန် အကွက်ဆင် ထားခြင်းကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် တောင်းဆိုလျက် ရှိကြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima news, 19th January 2010

          ရန်ကုန်မြို့ အင်းစိန်ထောင်ရှိ အထူး တရားရုံးသည် နိုင်ငံရေး အကျဉ်းသား (၂၀) ခန့်၏ အမှုများကို ယခုလအတွင် အမြန် ပြီးအောင် စစ်ဆေးလျက် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများဖက်မှ လိုက်ပါ ဆောင်ရွက်သည့် ရှေ့နေများ၏ အဆိုအရ သိရှိရပါသည်။

          "တရားရုံးက နိုင်ငံရေး လှုပ်ရှားသူများ၏ အမှုများကို ဖြစ်နိုင်သမျှ ပြီးအောင် လုပ်ဆောင်လိုကြောင်း ပြောခဲ့ပါသည်။ ကြားနာမှုများကို တစ်ပတ် (၂) ကြိမ် ပြုလုပ်ရန် စီစဉ်ထားပါတယ်။ တစ်လအတွင်း အမိန့်ချ နိုင်မလားတောင် မသိပါဘူး" ဟု လိုက်ပါ ဆောင်ရွက်သူ ရှေ့နေတစ်ဦးက ပြောပါသည်။

          အမှုများ စစ်ဆေးမှုမှာ အရင်ထက် မြန်နေကြောင်း၊ အဘယ်ကြောင့် ဆိုသည်ကို မသိရှိရကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

          ယခု လအတွင်း အပြီးသတ်မည့် အမှုများတွင် ရခိုင် လူငယ် (၁၁) ဦး၏ အမှု ပါဝင်ပြီး၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့် တရားမဝင် အဖွဲ့များဖြင့် ဆက်သွယ်ခြင်းများကြောင့် စွဲချက်တင် ခံရကြောင်း ရှေ့နေကျော်ဟိုးက ပြောပါသည်။

          ၂၀၀၉ စက်တင်ဘာလ အတွင်း ရန်ကုန်မြို့ နေအိမ်များမှလည်းကောင်း၊ ရခိုင်ပြည်နယ် မြို့နယ်ပေါင်းစုံမှ လည်းကောင်း အကြောင်းကိစ္စ မျိုးစုံဖြင့် ဖမ်းဆီးခြင်း ခံရသော ရခိုင် လူငယ်များကို ရှေ့နေ ကျော်ဟိုးက အမှုလိုက် ကာကွယ်ပေး နေပါသည်။

အဆိုပါ ရခိုင် လူငယ်များအပြင် လူဝင်မှု ဥပဒေဖြင့် တရားစွဲ ခံရသူ သန္တာထွန်း နှင့် မောင်ညိုတို့ကို စစ်ဆေး ကြားနာမှု၊ နော်အုန်းလှ နှင့် အတိုက်အခံ အမျိုးသမီး (၄) ဦး၏ အမှု၊ နိုင်ငံတော်ကို မလေးစားမှုဖြင့် တရားစွဲ ခံရသော ရေနံချောင်းနှင့် ချောက်မှ လူ့အခွင့်အရေး လှုပ်ရှားသူ (၆) ဦးကို စစ်ဆေး ကြားနာမှုများလည်း ယခုလ အစီအစဉ်တွင် ပါဝင်နေပါသည်။

ဇန်နဝါရီ (၁၃) ရက်နေ့တွင် အင်းစိန်ထောင်တွင်း အထူး တရားရုံးက လှိုင်မြို့နယ်မှ ရွှေဂျိုး၊ စမ်းချောင်းမြို့နယ်မှ စိန်လှိုင် နှင့် အလုံမြို့နယ်မှ မချို (ခေါ်) မြင့်မြင့်စန်း တို့ကို တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် တရားစွဲကာ ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ် ပေးခဲ့ပါသည်။

၂၀၁၀ ရွေးကောက်ပွဲများ နီးကပ်လာခြင်းသည် နိုင်ငံရေးနှင့် လူမှုရေး လှုပ်ရှားသူများကို အစောတလျှင် တရားစွဲ ပြစ်ဒဏ် ချမှတ်နေခြင်း၏ နောက်ကွယ်မှ အကြောင်းရင်း ဖြစ်သည်ဟု မိမိ ယုံကြည်မိကြောင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ ဗဟို တရားရုံး ရှေ့နေ ဦးကြည်ဝင်းက ပြောကြားခဲ့ပါသည်။

ကျွန်တော် တရားရုံးမှာ နောက်ဆုံး အမှုထမ်းခဲ့တုန်းက​ တရားသူကြီးချုပ် ဦးအောင်တိုးက အမှုတွေက အမြန်ဆုံး လက်စသတ်ဖို့ မပြီးသေးတဲ့ အမှုတွေကို စစ်တရားရုံးကို လွှဲဖို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ အဲဒီတုန်းက ၁၉၉၀ ရွေးကောက်ပွဲကြောင့် အလောသုံးဆယ် လုပ်ကြရတယ်။ အခုလည်း အလားတူပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲ နီးလာတော့ အမှုတွေကို အပြီးသတ်ဖို့ တရားသူကြီးတွေ အလျင်စလို ဖြစ်နေတယ်ဟု ဦးကြည်ဝင်းက ဆက်လက် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News, 18th January 2010

မြန်မာ အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခြင်း မရှိသေးသဖြင့် မိမိတို့ စိတ် အနှောင့်အယှက် ဖြစ်ရကြောင်းနှင့် ၎င်းသည် ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ် ရွေးချယ်ရေးကို နှောင့်နှေး စေရကြောင်း တနင်္လာနေ့က ရန်ကုန် အခြေစိုက် ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေး ပါတီ တစ်ခုက ဖော်ပြခဲ့ပါသည်။

ပါတီ ဖွဲ့စည်းရန်နှင့် စည်းရုံးရေး ဆင်းရန် အချိန် နည်းလွန်းမည် ဆိုလျှင် ရွေးကောက်ပွဲ ဝင်ရန်ပင် မသေချာကြောင်း ဒီမိုကရက်တစ် ပါတီ အထွေထွေ အတွင်းရေးမှူး ချိုချိုကျော်ငြိမ်းက တနင်္လာနေ့က မဇ္ဈိမသို့ ရွေးကောက်ပွဲ ဥပဒေ ကြေညာချက် မထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။

"ရွေးကောက်ပွဲ မလုပ်ခင် သုံးလလောက် အလိုကျမှ ဥပဒေ ထွက်မယ်လို့ ကျွန်မတို့  ကြားတယ်၊ အဲဒါ မှန်ခဲ့ရင်တော့  ဝင်ရောက် ယှဉ်ပြိုင်ဖို့ တော်တော် ခက်သွားပါပြီ၊ အခု ကျွန်မတို့ အနေအထားကို ပြန်ပြီး စဉ်းစား သုံးသပ်နေပါတယ်" ဟု ချိုချိုကျော်ငြိမ်းက ပြောပါသည်။

ဒီမိုကရက်တစ် ပါတီ (DP) သည် ဒု ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ချိုချိုကျော်ငြိမ်း၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး သန်းသန်းနု၊ ဝန်ကြီးဟောင်း ဦးဗဆွေ၏ သမီး နေရီဗဆွေ တို့ဖြင့် ဖွဲ့စည်းထားပါသည်။

၎င်းတို့ သုံးဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ်ပြိုင်များ ဖြစ်ကြပြီး၊ ၎င်းတို့၏ ဖခင်များသည် ဗြိတိသျှထံမှ လွတ်လပ်ရေး ရယူရန် တိုက်ပွဲ ဝင်စဉ်က အတူတကွ ပါဝင်ခဲ့ကြသူများ ဖြစ်ပါသည်။

မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာ ထားသော်လည်း၊ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်များ အတွက် စည်းမျဉ်း ကန့်သတ်ချက်များ ပါဝင်မည့် ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့်ရက်ကို ယခုထိ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

"ကျွန်မတို့ ဥက္ကဋ္ဌ ဦးသုဝေက ရွေးကောက်ပွဲ ဥပဒေကို သုံးလ အလိုမှ ထုတ်ပြန်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပေးဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တောင်းဆိုထားပါတယ်" ဟု ချိုချိုကျော်ငြိမ်းက ပြောပါသည်။

သူမက ဆက်လက် ပြောကြားရာတွင် အခြားပါတီများ ကဲ့သို့ပင် သူမတို့၏ DP ပါတီသည်လည်း ပါတီ ကိုယ်စားပြုမည့် သူများ ရွေးချယ်ရန် နှင့် စည်းရုံးရေး ဆင်းရန် ခြောက်လနှင့် အထက် အချိန် လိုအပ်ကြောင်း ဆိုပါသည်။

"အခု အချိန်မှာတော့ ကိုယ်စားလှယ်အတွက် ဘယ်သူတွေ ပါဝင်နိုင်မလဲ ဆိုတဲ့ စည်းမျဉ်းလဲ မသိသေးတော့၊ ဘာမှ မသေချာသေးပါဘူး" ဟု သူမက ဆိုပါသည်။

"အခုအချိန်မှာတော့ ရွေးကောက်ပွဲ မဝင်သင့်တော့ဘူး လို့တောင် ခံစားမိပါတယ်။ အချို့ အဖွဲ့ဝင်တွေကတော့ ဖြစ်နိုင်ပါသေးတယ်လို့ ပြောနေကြပါတယ်" ဟု ချိုချိုကျော်ငြိမ်းက ဖြည့်စွက် ပြောကြားသွားခဲ့ ပါသည်။

သူမ၏ အဆိုအရ ရွေးကောက်ပွဲ ဥပဒေသည် ဧပြီလ တစ်ချိန်ချိန်တွင် ထွက်ပေါ်လာပြီး သုံးလအကြာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ယူဆရပါသည်။ သို့သော် စစ်အစိုးရ၏ လျှို့ဝှက်တတ်သော သဘာဝအရ၊ သူမ၏ သတင်းမှာလည်း မှန်မမှန် ပြော၍ မရနိုင်သေးပေ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 18th January 2010

          တောင်ကိုရိးယားမှ စားနပ်ရိက္ခာ ထောက်ပံ့မည့် ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက လက်ခံခဲ့သည်ဟု ဆိုးလ်မှ အရာရှိများက ထုတ်ပြန် ကြေညာပါသည်။

          စားနပ်ရိက္ခာ တန်ချိန် (၁၀,၀၀၀) ကူညီရန် အောက်တိုဘာ လကပင် ကမ်းလှမ်း ထားခဲ့သော်လည်း ယခုအချိန် တိုင်အောင် တုန့်ပြန်မှု မရှိခဲ့ဟုလည်း သိရပါသည်။

          ယခု အကြိမ်သည် လွန်ခဲ့သော (၂) နှစ်က နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားခဲ့ချိန် နောက်ပိုင်း ပထမဆုံး တရားဝင် ကူညီ ထောက်ပံ့မှု ဖြစ်ဖွယ် ရှိပါသည်။ မြောက်ကိုရီးယားတွင် ယခင်နှစ်က ကောက်ပဲ သီးနှံများ ပျက်ဆီး ဆုံးရှုံးခဲ့မှုကြောင့် စားနပ်ရိက္ခာ အကြီးအကျယ် ပြတ်လပ်ခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားပါသည်။

          ထို့အပြင် မြောက်ကိုရီးယားသည် ဆင်းရဲဒုက္ခ ရောက်မှုကြောင့် နိုင်ငံတွင်းမှ ထွက်ပြေးရန် ကြိုးစားသော နိုင်ငံသားများကို ပြင်းထန်စွာ အပြစ်ပေးနေသည်ဟု ကုလသမဂ္ဂ အရာရှိတစ်ဦးက ထုတ်ဖော် ပြောဆိုပါသည်။ ယခင်နှစ်က မြောက်ကိုရီးယား လုပ်ဆောင်ခဲ့သော ဒုံးကျည်နှင့် နျူကလီးယား စမ်းသပ်မှုများအတွက် ချမှတ်ခဲ့သော ပြင်းထန်သည့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများသည် တိုင်းပြည်ကို အထိနာစေခဲ့သည်ဟု အကဲခတ် လေ့လာရေးသမားများက ယုံကြည်ထားပါသည်။

ကူညီ ထောက်ပံ့မှုကို မှီခို နေရခြင်း

          ကူညီရန် ကမ်းလှမ်း ထားသော စားနပ်ရိက္ခာ ပမာဏမှာ အရေးမပါ လှသော်လည်း ကူညီ ထောက်ပံ့မှုကို လက်ခံခဲ့ခြင်းသည် တောင်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက်မှု ရှိရန် ပြုံးယမ်းက ကြိုးစားနေသော လက္ခဏာ တစ်ခု ဖြစ်နိုင်သည်ဟု ဆိုးလ်မှ BBC သတင်းထောက် John Scrdwoth က ပြောကြားပါသည်။

          သမ္မတ လီမြောင်ဘက်သည် ၂၀၀၈ ဖေဖော်ဝါရီလတွင် ၎င်းအာဏာ လွှဲပြောင်း ရယူပြီး နောက်ပိုင်းတွင် မြောက်ကိုရီးယားသို့ ခြွင်းချက်မရှိ ထောက်ပံ့ရေး အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပြီး ထောက်ပံ့ရေး ကိစ္စကို နျူကလီးယား လက်နက် ဖျက်သိမ်းရေး လုပ်ငန်း တိုးတက်မှုနှင့် ဆက်စပ် ထားခဲ့ပါသည်။

          သမ္မတလီ မတိုင်မီက ဆိုးလ်သည် မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာ တန်ချိန် သိန်းနှင့် ချီ၍ နှစ်စဉ် ပေးပို့ ထောက်ပံ့ခဲ့ပါသည်။

          ၁၉၉၀ ခုနှစ်များတွင် မြောက်ကိုရီးယား၌ သဘာဝ ဘေးအန္တရာယ် ကပ်ဘေးများ ကျရောက်ပြီး လူပေါင်း သိန်းနှင့်ချီ သေဆုံး ခဲ့ပြီးချိန်မှ စ၍ ပြည်သူများကို ကျွေးမွေးရန် ပြည်ပ ထောက်ပံ့မှုများကို မှီခိုနေရပါသည်။

          ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်က စက်တင်ဘာ လကုန်တွင် ပြောကြားခဲ့ရာတွင် မြောက်ကိုရီးယား အမျိုးသမီးနှင့် ကလေး သူငယ်များ၏ သုံးပုံ တစ်ပုံခန့်မှာ အဟာရ ချို့တဲ့မှု ဖြစ်ပွားနေပြီး ၂၀၀၉ ခုနှစ်တွင် လိုအပ်သော စားနပ်ရိက္ခာ ပမာဏထက် တန်ချိန် (၁.၈)သန်း လျော့နည်းခဲ့သည်ဟု ဆိုပါသည်။

ဆွေးနွေး ညှိနှိုင်းရန် ကမ်းလှမ်းခြင်း

          ပြုံးယမ်းသည် ၎င်း၏ တာဝေးပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို အားလုံးက ဝိုင်းဝန်း ပြစ်တင် ရှုံ့ချခဲ့သောကြောင့် နျူကလီးယား အစီအစဉ် ရပ်ဆိုင်းရေး ဆွေးနွေးပွဲမှ ပြီးခဲ့သော ဧပြီလတွင် နှုတ်ထွက်သွားခဲ့ပါသည်။

          မေလတွင် မြေအောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု ထပ်မံ ပြုလုပ်ခဲ့သောကြောင့် နိုင်ငံတကာ ဖိအားပေးမှုများ ကြီးထွား လာခဲ့ပြီး ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများဖြင့် ပြစ်ဒဏ် ချမှတ်ခံရသလို ၎င်းကလည်း ဒုံးကျည် စမ်းသပ်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။

          သို့ရာတွင် ပြီးခဲ့သော ဒီဇင်ဘာလကမူ ကျန်ရှိနေသေးသော ကွာဟမှုများ ကျဉ်းမြောင်း သွားစေရန် အမေရိကန်နှင့် ဆွေးနွေး ဆောင်ရွက်လိုကြောင်း မြောက်ကိုရီိးယားက ပြောကြားခဲ့ပြီး အရေးယူ ပိတ်ဆို့မှုများ အဆုံးသတ်ရေး၊ အမေရိကန်နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုရေး တို့အတွက် အလဲအလှယ် သဘောဖြင့် နျူကလီးယား လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲသို့ ပြန်လည် တက်ရောက်မည်ဟု ယခု သီတင်းပတ် အစောပိုင်းတွင် ထပ်မံ ပြောကြားခဲ့ပါသည်။

          ၁၉၅၀ - ၅၃ ကိုရီးယား စစ်ပွဲသည် အပစ် အခတ် ရပ်စဲရေးဖြင့်  အဆုံးသတ်ခဲ့ခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုထားခြင်း မရှိပါ။

          ယခုကဲ့သို့ စားနပ်ရိက္ခာ ထောက်ပံ့မှုကို လက်ခံခဲ့မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂက ခန့်အပ်ထားသော အထူး ကိုယ်စားလှယ်က ပြောကြားရာတွင် ဖမ်းဆီးရမိသော စွန့်ခွာ ထွက်ပြေးသူများကို ပြုံးယမ်းက ပြင်းထန်စွာ အပြစ်ပေးမှုသည် ထွက်ပြေးရန် ကြိုးစားသူ ဒုက္ခသည် နည်းပါးသွားစေရန် ရည်ရွယ်ပုံ ရသည်ဟု ဆိုပါသည်။

          မြောက်ကိုရီးယားတွင် စားနပ်ရိက္ခာ ရရှိရေး ကဲ့သို့သော အခြေခံ အခွင့်အရေးများကို ပိတ်ပင်ခြင်း အပါအဝင် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားနေသည်ဟု ကုလ အထူးကိုယ်စားလှယ်၊ ထိုင်း ဥပဒေ ပါမောက္ခ ဗီတစ်မန် တပ်ဟွန်က သုံးသပ် ဆွေးနွေးခဲ့ပါသည်။

          ၎င်းသည် မြောက်ကိုရီးယားမှ ထွက်ပြေးလာသူ အစိုးရ ဝန်ထမ်းများ၊ မြောက်ကိုရီးယားတွင် အလုပ်လုပ်နေသော ကယ်ဆယ် ထောက်ပံ့ရေး အဖွဲ့များနှင့် မေးမြန်း စူးစမ်း ပြီးနောက် ဆိုးလ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

          ဆက်လက် တာဝန်ယူမည့် သူကို တာဝန် လွှဲပြောင်းရန် ပြင်ဆင်နေသူ မန်တပ်ဟွန်အား အဆိုပါ အထူး တာဝန်ရယူချိန် ၂၀၀၄ မှ စ၍ မြောက်ကိုရီးယားက လုံးဝ ဝင်ခွင့် မပေးခဲ့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

newsinfo.inquirer.net, 17th January 2010

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကာဆူယာ အိုဆာဒါသည် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် တရား မျှတသော ရွေးကောက်ပွဲကို ကျင်းပရန် မြန်မာ အစိုးရအား တနင်္ဂနွေနေ့က တိုက်တွန်းခဲ့သည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြားပါသည်။

အာရှနှင့် လက်တင် အမေရိက နိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေးပွဲ၏ အဝန်းအဝိုင်းတွင် မိနစ် (၂၀) ကြာ တွေ့ဆုံ ဆွေးနွေးခဲ့စဉ်အတွင်း အိုကာဒါက မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းကို အကယ်၍ လွတ်လပ်သော ရွေးကောက်ပွဲသာ ကျင်းပပေးမည် ဆိုပါက ကူညီ ထောက်ပံ့မှုများ ပိုမို ရရှိ နိုင်လိမ့်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုတိုင် ရက်သတ်မှတ်ခြင်း မရှိသေးသည့် ရွေးကောက်ပွဲများ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေး စေလိုသည့် ဂျပန်နိုင်ငံ၏ မျှော်လင့်ချက်များကို အိုကာဒါက ထပ်မံ ပြောကြားခဲ့သည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါသည်။

ရွေးကောက်ပွဲများသည် ပါတီ အားလုံးနှင့် ပြည်သူများကို တံခါး ဖွင့်ပေးမည် ဖြစ်ပြီး၊ လူအများ မျှော်လင့်နေကြသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ပါဝင် ယှဉ်ပြိုင်ရန်ကိုလည်း တံခါး ဖွင့်ထား မည်ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်ဟု သိရှိရပါသည်။

မြန်မာ စစ်ဖက် အုပ်ချုပ်သူများသည် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင်ကို လွန်ခဲ့သော အနှစ် (၂၀) အတွင်း (၁၄) နှစ်ခန့် ထိန်းသိမ်း ထားခဲ့ပြီး ၁၉၉၀ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့သော ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် သူမ၏ ပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့သော ရလဒ်များကို အသိအမှတ် ပြုရန် ငြင်းဆန်ခဲ့ပါသည်။

          မြန်မာနိုင်ငံအား ၎င်း၏ အဓိက နိုင်ငံရေး ထောက်ခံသူနှင့် ကုန်သွယ်ဖက်၊ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ပိုမို နီးစပ်ရန် စစ်ဖက် အစိုးရက တွန်းအားပေးနိုင်သော အချက်ကို ပြင်းပြင်းထန်ထန် သတိပေးနေသော ဂျပန်နိုင်ငံသည် မြန်မာ အစိုးရ နှင့် ကုန်သွယ်ရေး၊ ညှိနှိုင်း ဆွေးနွေးရေး တို့ကို ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် တိုးမြှင့် ကျခံနေရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံဝင်မှု အပေါ် မြန်မာနိုင်ငံ တရားရုံးချုပ်က အပြီးသတ် ကြားနာ စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

          ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က အင်းလျား ကန်စောင်းမှ သူမ၏ နေအိမ်သို့ အမေရိကန် အမျိုးသား တစ်ဦး ရေကူးကာ ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်၍ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ၁၈ လ တိုးမြှင့် ချမှတ်ခြင်း ခံခဲ့ရသည်။

          ယင်းပြစ်ဒဏ် နှင့် ပတ်သက်၍ အစောပိုင်းက အောက်တရားရုံးသို့ အယူခံ ဝင်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ အဖွဲ့ဝင် ကိုယ်စားလှယ်တို့ မကြာခဏ တွေ့ဆုံ ဆွေးနွေးပြီး နောက်ပိုင်းမှသာ ဤသို့ ကြားနာခွင့် ရသည့် အခြေအနေ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အရှေ့တောင် အာရှဒေသ ဆိုင်ရာ BBC သတင်းထောက်၏ အဆိုအရ အဆိုပါ အမှုကို အမှုသွား အမှုလာ အကြောင်းရပ်ထက် တရားရေး ဆိုင်ရာ အရေးကိစ္စအပေါ် အခြေခံ၍ ကြားနာ ခဲ့ကြောင်းလည်း သိရပါသည်။

          မြန်မာ စစ်အစိုးရက ပယ်ပျက်သွားပြီ ဖြစ်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေပါ ပုဒ်မကို အသုံးပြု၍ အမှုသည်အပေါ် စွဲချက် တင်ထားခြင်း ဖြစ်ပါသည်။

          အယူခံလွှာကို မတင်သွင်းမီ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အနက် တစ်ဦးကို BBC သတင်းဌာနက တွေ့ဆုံ မေးမြန်းရာတွင် အဆိုပါ ရှေ့နေက "တကယ့် အမှန်တရား ဥပဒေ ရှုထောင့်က ကြည့်ရင် ကျွန်တော်တို့ ဒေါ်စုဘက်က နိုင်မှာပါ" ဟု ပြောကြားပါသည်။

          သို့သော် ရန်ကုန်မြို့ရှိ အနောက်တိုင်း သံတမန် ရပ်ကွက်ကမူ ဤကိစ္စတွင် မျှော်လင့်ရုံသာ ရှိပြီး အပြည့်အဝ မျှော်မှန်း၍ မဖြစ်နိုင်သေးဟု ဆိုကြသည်။ နောင် ရက်သတ္တပတ်အတွင်း ဆုံးဖြတ် နိုင်ဦးမည်လည်း မဟုတ်ကြောင်း သိရပါသည်။

ရွေးကောက်ပွဲ အစီအမံများ

          ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့ နှစ်ဦး တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပြီး ရက်ပိုင်း အတွင်း အယူခံ အမှုကို ကြားနာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆက်သွယ်ရေး ဝန်ကြီးနှင့် မည်ကဲ့သို့ ဆွေးနွေးခဲ့ကြသည် ကိုမူ အသေးစိတ် မသိရှိရပေ။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တိုက်ရိုက် တွေ့ဆုံကာ နိုင်ငံတကာ ပိတ်ဆို့မှု များ လျော့ပါးအောင် ညှိနှိုင်း ပြောဆိုမည်ဟု တောင်းဆိုခဲ့ဖူးသည်။

          အဆိုပါ အကြံပြုမှုကို လွန်ခဲ့သော ၄ လက ဦးစွာ တောင်းဆိုခဲ့သော်လည်း ယခု အချိန်အထိ တရားဝင် တုံ့ပြန်ချက် တစ်စုံတရာ မရရှိသေးပေ။

          မြန်မာ စစ်အစိုးရသည် ယခုနှစ်ထဲတွင် ရွေးကောက်ပွဲ လုပ်ရန် စီစဉ်လျက် ရှိသည်။ ၁၉၉၀ ပြည့်နှစ်က အမျိုးသား ဒီမိုကရေစီ ပါတီ(NLD) သည် မဲ အပြတ်အသတ်ဖြင့် အနိုင် ရရှိသော်လည်း စစ်အစိုးရက အသိအမှတ် မပြုဘဲ အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားခြင်းဖြင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုနိုင်အောင် ပြုလုပ်ထားခြင်းပင် ဖြစ်ပါသည်။

 BBC သတင်းဌာန၏ Burma court hears Suu Kyi appeal ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 16th January 2010

တပ်မတော် အုပ်ချုပ်သော မြန်မာနိုင်ငံ၏ အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် လွှတ်တော် ရွေးကောက်ပွဲများကို ယခုနှစ်တွင် ကျင်းပရန် စီစဉ်ထားပါသည်။ သို့သော် ဆောက်လုပ်ဆဲ လွှတ်တော် အဆောက်အဦးမှာ ယခုတိုင် မပြီးသေးသဖြင့် လာမည့် လ အနည်းငယ် အတွင်း မဲပေးပွဲများ ကျင်းပရန် အခွင့်အရေး အနည်းငယ်သာ ရှိပါသည်။

          ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို စစ်ဖက် အစိုးရက ယခုတိုင် သတ်မှတ်ခြင်း မရှိသေးပါ။ သို့သော်လည်း အောက်တိုဘာလ (သို့) ယင်းထက် စော၍ ကျင်းပနိုင်သည်ဟု အချို့က မှန်းဆ နေပါ သည်။

          မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦးကို ရှားရှားပါးပါး ခဏတာ မြင်တွေ့ခဲ့ရာတွင် မပြီးသေးသော လမ်းများမှသည် ငြမ်းဆင် ထားဆဲ စုလစ်မွန်းချွန် အမိုးများနှင့် အဆောက်အဦး ၃၁ လုံးကို ဆေးသုတ်ခြင်း အထိ လုပ်စရာများစွာ ကျန်ရှိနေသေး သည်။

          အဆောက်အဦးများ၏ အတွင်းပိုင်း အပြီးသတ်ရန် အပါအဝင် လုပ်ငန်းများ မည်မျှ ကျန်ရှိ နေသေးသည် ဆိုသည်ကိုမူ တည်ဆောက်ရေး လုပ်ငန်းခွင်ကို တွေ့မြင်ခဲ့သူ ရိုက်တာ သတင်းထောက်က ပြောကြားနိုင်ခြင်း မရှိပါ။

          သို့သော်လည်း မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်ဟောင်း ရန်ကုန်မှ ကီလိုမီတာ ၃၂၀ (မိုင်၂၀၀) ကွာဝေးသော၊ ရှောင်ပုန်းလိုသူ စစ်ဖက် အုပ်ချုပ်သူများ သီးခြား နေထိုင်ရန် ရွေးချယ်ခဲ့သော၊ နေပြည်တော်သည် လွန်ခဲ့သော ၄ နှစ် ဘာမှ မရှိသည့် အနေအထားမှ မြို့တော်အဖြစ် လျင်မြန်စွာ ပျံနှံ့ ကြီးထွားလာသည်ကို ကြီးမားသည့် ဖွံ့ဖြိုးမှုများက သက်သေပြ နေပါသည်။

          ရှင်ဘုရင်များ နေထိုင်သော နေရာဟု အဓိပ္ပါယ် သက်ရောက်သည့် နေပြည်တော်သည် ဝန်ကြီးဌာန အဆောက်အဦးများ၊ အစိုးရ အိမ်တော်များ၊ အရပ်ဖက် ဝန်ထမ်း အိမ်ယာများ၊ ရောမပုံစံ တိုင်လုံးကြီး များဖြင့် ဆင်ယင်ထားသော မပြီးသေးသည့် သမ္မတ အိမ်တော်များဖြင့် ဖွဲ့စည်းထားသော ဝင်္ကပါ တစ်ခုသဖွယ် ဖြစ်၍ ၎င်းအရာ အားလုံးသည် ဖုံထူသော၊ ခြောက်သွေ့သော ဖုန်းဆိုးမြေ အဆင့်မှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

          ဂုဏ်ယူစွာ တခမ်းတနား အလှဆင်မှုများ ဖြစ်သည့် ရေများစွာ အသုံးပြုထားသော မြက်ခင်းစိမ်းများ၊ မတွေဖူးသော ကျောက်တုံးစီ နံရံများသည် အာရှတိုက်၏ အဆင်းရဲဆုံး တစ်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံတွင်းမှ အခြား နေရာများနှင့် ကွဲပြားနေပါသည်။ သက်ကယ်မိုး ထရံကာ တဲများဖြင့် နေထိုင် ကြသော အနီးတဝိုက်မှ ရွာများနှင့်လည်း များစွာ ကွာခြားလှပါသည်။

          ဂေါက်ကွင်း ၅ ကွင်း၊ အပန်းဖြေ ပုံစံ ဟိုတယ် ၇ လုံး၊ သောက်သုံးနိုင်သော အဆင့် ရှိသည့် ဘုံဘိုင် ရေပေးစနစ်၊ အနောက်တိုင်း ပုံစံ ဈေးဝယ် စင်တာ၊ ကြီးမားသော တိရိစ္ဆာန် ဥယျာဉ်၊ ကျယ်ပြောလှသော ရေပန်းဥယျာဉ်၊ ကြီးမား ခန့်ထည်သော အစိုးရ စံအိမ်ကြီးများဖြင့် ဆွဲဆောင်မှု ရှိစေရန် ပြင်ဆင်ထားသော နေပြည်တော်တွင် ၂၄ နာရီ လျှပ်စစ်မီး ပေးထားသော်လည်း ကျန်တစ်နိုင်ငံလုံး တွင် စွမ်းအင် မလုံလောက်၍ လျှပ်စစ်မီး ပျောက် ဒုက္ခရောက်လျက် ရှိပါသည်။

          ပြောင်လက် တောက်ပလှသော ရုပ်ရှင်ရုံ အပါအဝင် နေပြည်တော်ရှိ အဆောက်အဦး များစွာကို ခေတ်မီ ဆောက်လုပ်ရေး စက်ကရိယာများ မပါဘဲ ပြင်းထန်သည့် အပူဒဏ် အောက်တွင် အလုပ်သမားများ ပင်ပန်း ဆင်းရဲစွာ လုပ်ကိုင်ရသည့် ကြောက်မက်ဖွယ် ဆောက်လုပ်ရေး စနစ်ဖြင့် တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။

          နေ့စား အလုပ်ကြမ်း လုပ်သူ အမျိုးသမီးများသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အုတ်ခဲများကို ခေါင်းပေါ်ရွက်၍ တပင်တပန်း သယ်ဆောင်ကြရသလို၊ အလုပ်ကြမ်းသမား အမျိုးသား များမှာလည်း သစ်သားရိုးတပ် တံစဉ်များ၊ ပေါက်တူး ပေါက်ပြားများဖြင့် မြေယာ ပြုပြင် ရှင်းလင်းမှုကို လုပ်ကိုင်နေကြပါသည်။ တပ်မတော်က အသစ် ဖောက်လုပ်ထားသော ရန်ကုန် နေပြည်တော် အဝေးပြေး လမ်းမပေါ်တွင် နွားလှည်းများဖြင့် သစ်များ သယ်ဆောင်နေသည်ကို တွေ့နိုင်ပါသည်။

          နေပြည်တော် တည်ဆောက်ခြင်း၏ ကုန်ကျစရိတ်ကို ထုတ်ဖော် ပြောကြားရန် အစိုးရက ငြင်းဆန်ခဲ့သော်လည်း ဒေါ်လာဘီလျံနှင့် ချီ၍ ကုန်ကျလိမ့်မည်ဟု သံတမန် ရပ်ကွက်က ပြောကြားပါ သည်။ တိုင်းပြည် ရင်ဆိုင်နေရသော နာတာရှည် ဆင်းရဲ မွဲတေမှုများ၊ တစစီ စုတ်ပြတ်နေသော အခြေခံ အဆောက်အဦးများ စသည့် ဦးစားပေး ကိစ္စများကို ဆောက်ရွက်စေလိုသော ကူညီ ထောက်ပံ့ရေး အဖွဲ့ များ၏ ဝေဖန် ပြစ်တင်မှုများလည်း ပေါ်ထွက်လာပါသည်။

          မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တုန့်ပြန် ဆောင်ရွက်သည့် အနေဖြင့် အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့ထားသော်လည်း ကျွန်းနှင့် သစ်မာများ၊ သဘာဝ ဓာတ်ငွေ့များမှသည် အဖိုးတန် မြန်မာ ကျောက်မျက်များ အထိ ရှိသော ကြွယ်ဝသည့် မြန်မာ သယံဇာတ ရင်းမြစ်များကို မက်မောနေသူ တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံ များကြောင့် မြန်မာအစိုးရ၏ သံတမန်ရေးနှင့် ဘဏ္ဍာရေး အခြေအနေ တောင့်တင်း ခိုင်မာလာသည်ကို နေပြည်တော် မြင်ကွင်းက ထင်ဟပ်ပြနေပါသည်။

ပျောက်ဆုံးနေသော အသက်ဝိညဉ်

          "မြို့တစ်ဝှမ်း ပြန့်ကျဲနေတဲ့ နိုင်ငံခေါင်းဆောင် အိမ်တော် ၃ လုံးရယ်၊ ဝန်ကြီးဌာန ရုံးတွေရယ် အပြင် အခု လွှတ်တော် အဆောက်အဦး ၃၁ လုံးကို အစိုးရက ဘယ်လို ပြီးအောင် ဆောက်မှာလဲ" ဟု နေပြည်တော်၏ အရွယ်အစား ကြီးမားမှုကို အံအားသင့်နေသူ ရန်ကုန်မှ အနောက်နိုင်ငံ သံတမန် တစ်ဦးက မေးခွန်း ထုတ်ပါသည်။

          "ဆောက်လုပ်ဆဲ အဆင့်သာ ရှိသေးတဲ့ အဆောက်အဦးတွေကို ဘယ်လို မြန်မြန် ဆောက်မှာလဲ ဆိုတာ အံသြစရာပဲ" ဟု ၎င်းက ပြောကြားပါသည်။

          သို့ရာတွင် အရေးကြီးဆုံး အရာတစ်ခု ပျောက်ဆုံးနေပါသည်။ အသက်ဝိညာဉ်ပင် ဖြစ်ပါသည်။ အစိုးရက ၎င်း၏ ဝန်ထမ်းများ၊ အလုပ်သမားများ အားလုံး နီးနီးကို နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့ပြီး ၄ နှစ်ခန့် ကြာသည့် တိုင်အောင် လူစည်ကား ရှုပ်ထွေးနေသော မြို့လယ် နေရာများကို မတွေ့ရပါ။

          နေပြည်တော်တွင် လူဦးရေ တစ်သန်း ရှိသည်ဟု အာဏာပိုင်များက ပြောကြားသော်လည်း အဆိုပါ အရေအတွက်မှာ ပတ်ဝန်းကျင်ရှိ မြို့နယ် ၄ ခုကြောင့် ဖောင်းပွနေခြင်းသာ ဖြစ်သည်။ နိုင်ငံခြားသားများကို တားမြစ်ထားသော်လည်း ပြည်ပ ခရီးသွား ဧည့်သည်များကိုမူ ကြိုဆိုသည်ဟု ဆိုပါသည်။ နေပြည်တော်ကို ကြည့်ရသည်မှာ အမြင့်ဆုံးမှ တစ္ဆေမြို့ တစ်ခု အလား ခံစားရပါသည်။

          ဆယ်လမ်းသွား ၂ လမ်းစာ ကျယ်ပြန့်သော လမ်းမကြီး တစ်ခု အပါအဝင် နေပြည်တော် လမ်းများမှာ ရှုပ်ထွေး၍ ကျယ်ပြန့်သော်လည်း လူသူ ကင်းမဲ့နေပါသည်။ သာမန် အရပ်သားတို့၏ ကားများမှာ နည်းပါးလှသည်။ မြို့တော်၏ အလယ်ဗဟိုဟု ဆိုရမည့် လမ်းငါးခွ ဆုံရာ အဝိုင်းတွင် လူသူ ခြောက်ကပ် ၍ ကျူးဘား အုန်းပင်များနှင့် အလှစိုက် ပန်းပင်များသာ ရှိပါသည်။

          စားသောက်ဆိုင်များတွင် ညအခါ လူစည်ကားသော်လည်း မြို့တော်၏ အဆင်တန်ဆာများ ဖြစ်သည့် ဥယျာဉ်များမှသည် မီးများ လင်းထိန်နေသော အဆင့် ၂ ဆင့်ပါ ဂေါက်သီး လေ့ကျင့်ရေးကွင်း အထိ ကြောက်မက်ဖွယ်ရာ လူသူ ဆိတ်သုဉ်းနေပါသည်။

          ရန်ကုန်မှ နေပြည်တော်သို့ အမြန် လမ်းသစ်ကြီးပေါ်တွင် နာရီ အနည်းငယ် မောင်းနှင်ရပြီး ကား ၆ စီး ခန့်သာ တွေ့မြင်ခဲ့ရပါသည်။

          အစိုးရ ခေါင်းဆောင်များ ပျော်ရွှင်စွာဖြင့် ရန်ကုန်တွင် ထားရစ်ခဲ့သူမှာ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်၊ ပြည်သူ ချစ်သော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။ ယခင်နှစ် သြဂုတ်လက  သူမအား အကျယ်ချုပ် ထိန်းသိမ်းထားခြင်းကို အစိုးရက ထပ်မံ သက်တမ်းတိုး ခဲ့ပါသည်။

          ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာနိုင်သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ အပြတ်အသတ် အနိုင်ရအောင် ဦးဆောင်ခဲ့သည့် သူမအား ယခု တစ်ကြိမ် နိုင်ငံရေးတွင် အဓိက ကဏ္ဍမှ ပါဝင်ခွင့်ကို မျှော်လင့်နိုင်မည် မဟုတ်ဟု နိုင်ငံရေး ကျွမ်းကျင်သူ တချို့က ပြောကြားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.