Transparency Myanmar

transparency.myanmar@gmail.com

DVB, 15th February 2010

          မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေများကို အကဲခတ်ရန် ခန့်အပ်ထားသော ကုလသမဂ္ဂ အထူး အရာရှိ Tomas Ojea Quintana သည် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင်၏ ရှေ့နေများနှင့် ယနေ့ ရန်ကုန်မြို့တွင် တွေ့ဆုံသည်။

          ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်သော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုကို ရန်ကုန် မြရိပ်ညို ဟိုတယ်တွင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက စီစဉ်ပေးခြင်း ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

          တရားသူကြီးများ လွတ်လပ်စွာ စီရင်ခွင့် မရှိခြင်းနှင့် ပွင့်လင်းသော တရားရေးစနစ် ပျောက်ကွယ်နေခြင်းကို Quintana အားရှင်းပြခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမှုအနေအထားကို ဦးကြည်ဝင်းကအသေးစိတ် ရှင်းပြခဲ့သည်ဟု ဆိုပါသည်။

          ကုလအထူးကိုယ်စားလှယ်ကို ဦးဥာဏ်ဝင်းက မြန်မာနိုင်ငံ၏ တရားရေးစနစ်နှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ရာတွင် လွတ်လပ်စွာ ဆောင်ရွက်ခွင့်နှင့် ကျိုးကြောင်း ဆီလျှော်မှုတို့ ချို့တဲ့ အားနည်းနေခြင်း၊ နိုင်ငံရေး အကျဉ်းသားများအပေါ် ပြင်းထန်နေသော ပြစ်ဒဏ်များ ချမှတ်နေခြင်း စသော အချက်များ ပါဝင်သည်။

          Quintana သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အနေအထားများကို အကဲဖြတ်ရန် အတွက် ၅ ရက် ခရီးစဉ်အဖြစ် ယနေ့ ရောက်ရှိခြင်း ဖြစ်သည်။ ယခု အကြိမ်သည် တတိယ အကြိမ်မြောက် ဖြစ်၍ ၂၀၀၈ သြဂုတ်တွင် တစ်ကြိမ်၊ ၂၀၀၉ ဖေဖော်ဝါရီတွင် တစ်ကြိမ် လာရောက်ခဲ့ဖူးသည်။

          ၎င်းက သံတမန်များ၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တရားသူကြီး အဖွဲ့ဝင်များ အပါအဝင် အစိုးရ အရာရှိများနှင့် တွေ့ဆုံရန် မျှော်လင့်ထားသည်။ ရိုဟင်ဂျာ မူဆလင် အသိုင်းအဝန်းကို အကဲခတ်ရန် အတွက်လည်း မနက်ဖြန် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားသည်။

          ဝေးလံသော မြန်မာနိုင်ငံ အနောက်မြောက်ဖက် ပြည်နယ် ဘင်္ဂလားဒေ့ရှ်နှင့် ကပ်နေသော ရခိုင် ဒေသသို့ ကုလ ကိုယ်စားလှယ် လာရောက်ခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး၊ ရခိုင် လွှတ်တော်အမတ် ဦးအေးသာအောင်က ကြိုဆိုလိုက်သည်။ ရိုဟင်ဂျာများ၏ အနေအထားကို သာမကဘဲ အဖိနှိပ်ခံ နေရသော သာမန် ရခိုင်ပြည်သူများ၏ အကြောင်းကိုပါ လေ့လာသွားရန် ကုလ ကိုယ်စားလှယ်ကို ၎င်းက တိုက်တွန်းထားသည်။

          ဇန်နဝါရီလတွင် DVB နှင့် ပြုလုပ်သော အင်တာဗျူး၌ Quntana က ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ အခြား နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် တောင်းဆိုထားသော်လည်း သူမနှင့် တွေ့ဆုံခွင့် ရမရကို ရှင်းစွာ မသိရသေးဟု ပြောကြားခဲ့သည်။

          "ကျွန်တော့်ရဲ့ အလုပ်ကတော့ အနေအထားတွေ တိုးတက်လာအောင် ကြိုးစားဖို့ပါပဲ။ လုပ်ပိုင်ခွင့် အာဏာနဲ့ ပြဿနာတွေကို ဆက်ပြီး အကဲဖြတ်မယ်။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ အတွက် ကျွန်တော်ရဲ့ အကြုံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ သူတို့ထဲက တစ်ချို့ ဆန္ဒရှိ သလား ဆိုတာကို သိနှင့်အောင် ကြိုးစားမယ်" ဟု Quintana က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 15th February 2010

ဝ ခေါင်းဆောင် ဦးပေါက်ယူချမ်းသည် ဝ တပ်အား နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးရန် မြန်မာ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်နှင့် တွေ့ဆုံရန် ငြင်းပယ်လိုက်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် သည် ဖေဖော်ဝါရီလ ၁၁ရက်နေ့က ပေါက်ယူချမ်းအား လားရှိုးရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တွင် ဖေဖော်ဝါရီလ ၁၄ ရက် နေ့၌ လာရောက် တွေ့ဆုံရန် အကြောင်းကြားခဲ့သည်။ သို့သော် ဝ တပ် (UWSA) က ဦးပေါက်ယူချမ်းသည် နေမကောင်းကြောင်း၊ တရုတ် နှစ်ကူးပွဲတော်လည်း ဆင်နွှဲရန် ရှိကြောင်း၊ မလာရောက်နိုင်ကြောင်း ပြန်ကြားခဲ့သည်ဟု တရုတ်မြန်မာ နယ်စပ်ရှိ သတင်းပေးပို့သူထံမှ သတင်းရရှိသည်။

UWSA က မြန်မာ ဗိုလ်ချုပ်သို့ ပြောကြားရာတွင် အကယ်၍ တွေ့ဆုံလိုပါက ဝ ဋ္ဌာနချုပ် ပန်ဆန်သို့ ဖေဖော်ဝါရီလ ၂၀ ရက်နောက်ပိုင်းတွင် လာရောက် နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရသည် ဖေဖော်ဝါရီည ၆ ရက် နှင့် ဇန်နဝါရီလ ၅ ရက် ကလည်း လားရှိုးသို့ လာရောက် တွေ့ဆုံရန် အကြောင်းကြား ခဲ့သေးသည်။

ယခုကဲ့သို့ ထပ်တလဲလဲ အကြောင်းကြားနေခြင်းသည် အစိုးရ အနေဖြင့် နယ်ခြားစောင့်တပ် အရေး ကိစ္စ ဆွေးနွေးလိုခြင်းထက် အခြား လျှို့ဝှက်သော အစီအစဉ်များ ရှိလိမ့်မည်ဟု ထင်ကြောင်း စစ်တပ်အား လေ့လာသူများက ဆိုသည်။ အင်အာ ၃၀၀၀၀ ရှိသော ဝ တပ် (UWSA) သည် မြန်မာ ဗိုလ်ချုပ်များနှင့် ၁၉၈၉ ခုနှစ်က ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ဝ တပ်သည် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့များ အနက် အင်အား အများဆုံး ဖြစ်သည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မြန်မာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးချိန်မှ စ၍ UWSA နှင့် မြန်မာစစ်တပ် ကြားတွင် တင်းမာမှုများ ပိုမို မြင့်မားလာသည်။

ငြိမ်းချမ်းရေး ယူထားသော အဖွဲ့ ၁၈ ဖွဲ့ အနက် အများစုက အစိုးရ၏ တောင်းဆိုမှုကို ပယ်ချခဲ့ကြသည်။ အစိုးရ၏ အစီအစဉ်သည် ရွေးကောက်ပွဲကို ဦးစားပေးရန်ထက် ၎င်းတို့ အင်အား ပိုမို တောင့်တင်းရန် ကြိုးစားခြင်း ဖြစ်သည်။

UWSA က ပြင်ဆင်သည့် အနေဖြင့် ၎င်း၏ နယ်အတွင်းရှိ အရပ်သားများကို စစ်သင်တန်း ပေးလျက် ရှိသည်။

ဝ တပ်သည် ရှမ်းပြည်နယ်၏ နယ်စပ် တလျှောက်လုံးတွင် ချုပ်ကိုင်ထားနိုင်ပြီး၊ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ဈေးကွက်တွင် အဓိက ကဏ္ဍမှ ပါဝင်နေသည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ဈေးကွက်သည် ကမ္ဘာပေါ်တွင် အာဖဂန် နစ္စတန် ပြီးလျှင် ဒုတိယ အကြီးဆုံး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Jakarta Post, 15th Febraury 2010

          တိုင်းပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ စနစ်သို့ ဦးတည်သည့် တရားမျှတ လွှတ်လပ်၍ ပွင့်လင်းသည့် ရွေးကောက်ပွဲများ ယခုနှစ်အတွင်း ကျင်းပနိုင်ရန်အတွက် မြန်မာနိုင်ငံကို ကူညီရေးသည် အာဆီယံ အသိုင်းအဝိုင်း၏ ကိစ္စ ဖြစ်သည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရိုမြက ပြောကြားလိုက်သည်။

          အလည်အပတ် ရောက်ရှိနေသော ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက တနင်္ဂနွေနေ့တွင် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားရာ၌ မြန်မာနိုင်ငံ၏ ရည်မှန်းချက် အောင်မြင်ရေးအတွက် အာဆီယံ၏ ဒီမိုကရေစီ အထွန်းကားဆုံး နှစ်နိုင်ငံ ဖြစ်သော ထိုင်းနှင့် အင်ဒိုနီးရှားက ကူညီနိုင်လိမ့်မည်ဟု ဆိုသည်။

          အာဆီယံ မိသားစု အဖွဲ့ဝင်များနှင့် မိတ်ဆွေများ အနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းရေး ရရှိသည်ကို တွေ့မြင်လိုခြင်း ဖြစ်၍ မြန်မာ ပြည်တွင်းရေး ကိစ္စကို ဝင်ရောက် စွက်ဖက်သည်ဟု မမြင်စေလိုပါ။ လွတ်လပ် မျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်းသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းရေး ရရှိအောင် မြန်မာနိုင်ငံကို ဆောင်ကြဉ်း ပေးလိမ့်မည်ဟု ၎င်းက ဆိုသည်။

          တည်ငြိမ် အေးချမ်း၍ ဒီမိုကရေစီ ထွန်းကားလာမည့် မြန်မာနိုင်ငံသည် နယ်မြေချင်း ထိစပ်နေသော ထိုင်းနိုင်ငံကို သာမက အာဆီယံကိုပါ ခြုံငုံ၍ အကျိုး ဖြစ်ထွန်းစေလိမ့်မည်ဟု ပီရိုမြက ပြောကြားသည်။

          ဒီမိုကရေစီ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် မြန်မာ အရာရှိများကို လေ့ကျင့်ပေးရေးအတွက် ထိုင်းနိုင်ငံက ကမ်းလှမ်းမည်ဟုလည်း သိရသည်။

          ရွေးကောက်ပွဲကို အကဲခတ် လေ့လာသူများကိုပါ စေလွှတ် ကူညီမည်ဟုလည်း ၎င်းက ပြောသည်။

          ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် ရွေးကောက်ပွဲများကို ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထား၍ မကြာမီ ထွက်ပေါ်လာမည်ဟု ပြောကြားခဲ့သည်။

          ၎င်းတို့၏ ရည်ရွယ်ချက်ကို အရိပ်အယောင် ပြသသည့် သဘောဖြင့် မြန်မာအစိုးရက (၇)နှစ် နီးပါး ဖမ်းဆီးထားခဲ့သည့် အတိုက်အခံ ဒီမိုကရေစီပါတီ၏ ဒုတိယ ခေါင်းဆောင်ကို လွှတ်ပေး ခဲ့သော်လည်း ထိန်းသိမ်းထားဆဲ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ရွေးကောက်ပွဲ ဝင်ခွင့်ပြုရန် ကိစ္စနှင့် စပ်လျဉ်း၍ ရည်ညွှန်း ပြောဆိုမှု မရှိသေးပါ။

          မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ဆိုင်ရာ လုပ်ဆောင်မှုများကို အကဲခတ်ရန် လာရောက်မည့် ကုလ အထူး ကိုယ်စားလှယ် မလာမီ အချိန်လေးတွင် NLO ဒုတိယ ခေါင်းဆောင် အသက် ၈၂ နှစ်ရှိ ဦးတင်ဦး ကို စနေနေ့က ကပ်၍ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီ ရွေးကောက်ပွဲတွင် ပါဝင်ရန် လိုအပ်သလို ရွေးကောက်ပွဲများ တရားမျှတ၍ ထင်သာ မြင်သာရှိရန်လည်း လိုအပ်သည်ဟု အင်ဒိုနီးရှားနိုင်ငံက ထုတ်ဖော် ပြောကြားလိုက်ပြီး အကယ်၍ မြန်မာ အစိုးရက တောင်းဆိုပါက အကဲခတ် လေ့လာသူများ လွှတ်ပေးရန် အဆင်သင့် ရှိနေသည်ဟုလည်း ကမ်းလှမ်း လိုက်သည်။

          မည်သို့ပင် ဖြစ်စေ မြန်မာ ပြည်တွင်းရေး ကိစ္စကို မဆိုင်ဘဲ ဝင်ရောက် စွက်ဖက်သည်ဟု အထင်မခံရအောင် အင်ဒိုနီးရှား နိုင်ငံက အထူးသတိပြု ရှောင်ရှားခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝမ်ကလည်း Takata Post နှင့် ပြုလုပ်သော အင်တာဗျူးတွင် အာဆီယံ လုပ်ငန်းစဉ်တွင် ဒီမိုကရေစီ ရှိသည် ဟု မယူဆနိုင်သော အရာများတွင် ပါဝင်ရန် အင်ဒိုနီးရှားက ရွေးချယ်ခဲ့သည်ဟု ပြောကြားသည်။

          ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကလည်း ရွေးကောက်ပွဲများတွင် ပါဝင်ခြင်း ပြု / မပြုကို ဆုံးဖြတ်ရခြင်း မရှိသေးဘဲ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် တရားမျှတမှု မရှိကြောင်းနှင့် စစ်အုပ်ချုပ်ရေးကိုသာ သက်ဆိုးရှည် စေလိမ့်မည်ဟု ပြောကြားခဲ့သည်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များကလည်း သဘောထား တစ်ထပ်တည်း ရှိကြောင်း ထုတ်ပြန်ခဲ့ကြသည်။

          ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆာဆစ်ပီရိုမြက တနင်္ဂနွေနေ့က စတင်ခဲ့သော ၂ ရက်ကြာ ခရီးစဉ် သည် ထိုင်းနှင့် အင်ဒိုနီးရှား အကြား နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မြဲရန် ရည်ရွယ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စများ ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်မည့် နည်းလမ်းများကို မာကီနာတာလီဂါဝမ် နှင့် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒုတိယ ဥက္ကဋ္ဌ ကို စစ်အစိုးရက နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းထားရာမှ လွှတ်ပေး လိုက်ပြီးနောက် မကြာမီ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကုလသမဂ္ဂ အထူး သံတမန် Tomas Quintana မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။

မစ္စတာ Quintana သည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများကို အကဲဖြတ် သုံးသပ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ခရီးစဉ် အတွင်း ယနေ့အချိန် အထိ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုရန် ၎င်းက တောင်းဆို ထားသည်။

နှစ်ပေါင်း ၇ နှစ် နီးပါးမျှ ထိန်းသိမ်း ခံထားရရာမှ ပြန်လည် လွတ်မြောက်လာသော NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ၎င်းအနေဖြင့် ပျော်ရွှင်မှု မရှိကြောင်း၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ အကျဉ်းထောင်အတွင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရဆဲ ဖြစ်ကြောင်း ပြောကြားသည်။ မြန်မာ စစ်အစိုးရသည် နိုင်ငံရေး လှုပ်ရှားသူ ၂၁၀၀ ခန့်ကို ဖမ်းဆီး အကျဉ်းချထားသည် ဟု လူ့အခွင့်အရေး စောင့်ကြည့်သည့် အုပ်စုများက ဆိုသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသည် ယခင်က ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ယခု ပြန်လည် လွတ်မြောက်လာပြီးနောက် NLD ဒုတိယ ဥက္ကဋ္ဌ တစ်ဦး အနေဖြင့် လုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲကာ ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

NLD ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဖြစ်သော ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည် ဖြစ်ရာ ယခုကဲ့သို့ ကုလ အထူးသံတမန် မြန်မာနိုင်ငံသို့ လာရောက်မှုကို အထူးပင် ကြိုဆိုကြောင်း ပြောကြားသည်။

အကျဉ်းထောင် လေ့လာရေး ခရီး

ကုလ အထူး သံတမန်သည် ငါးရက်တာ ခရီးစဉ်အတွင်း မြန်မာ စစ်အစိုးရ ဝန်ကြီးများ၊  အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရမည်ဟု မျှော်လင့်ရသည်။ ထို့ပြင် ရန်ကုန်မြို့တွင် နာမည်ဆိုး ထွက်နေသော အင်းစိန် အကျဉ်းထောင်နှင့် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း ဒေသရှိ အခြား အကျဉ်းထောင်ကိုလည်း သွားရောက် လေ့လာမည် ဖြစ်သည်ဟုလည်း သိရသည်။

ဤရက်ပိုင်းမှာပင် ဦးတင်ဦး လွတ်မြောက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်သည်။ "NLD ဥက္ကဋ္ဌ ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ရာမှ လွှတ်ပေး လိုက်သည့်အတွက် မိမိ တို့အနေဖြင့် အထူးပင် ကြိုဆိုကြောင်း၊ အစိုးရ နှင့် NLD အကြား ခိုင်မာမှု ရှိသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်နိုင်မည်ဟုလည်း မျှော်လင့်မိသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမြန်ဆုံး လွှတ်ပေးမည်ဟု မျှော်လင့်ပါကြောင်း" ဘန်ကီမွန်း၏ ကြေညာချက်က ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် တည်ဆောက်လျက် ရှိသော ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ စွမ်းအင် ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းတွင် အိန္ဒိယ နိုင်ငံပိုင် ONGC နှင့် Gail India Ltd တို့က အစုရှယ်ယာ ရယူရန် စီစဉ်နေသည့် ကိစ္စကို အိန္ဒိယ ကက်ဘိနက်က အတည်ပြုဖွယ် ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံက တည်ဆောက်နေခြင်း ဖြစ်ပြီး မြန်မာ့ ကမ်းရိုးတန်း ဒေသမှ သဘာဝ ဓာတ်ငွေ့များကို သွယ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

"ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မတိုင်မီ အိန္ဒိယ စီးပွားရေး ဆိုင်ရာ ကက်ဘိနက် ကော်မတီ (CCEA) က အတည်ပြု ပေးနိုင်တယ်" ဟု အိန္ဒိယ အစိုးရ အရာရှိတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာ ကမ်းရိုးတန်း ဒေသရှိ လုပ်ကွက်အမှတ် A-1 နှင့် A-3 တို့မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် သွယ်ယူမည့် စီမံကိန်းကို အကောင်အထည် ဖော်လျက် ရှိသည်။ အဆိုပါ လုပ်ကွက်များတွင် အိန္ဒိယ ONGC ၏ Videsh (OVL) နှင့် Gail India Ltd တို့က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ရင်းနှီး မြှုပ်နှံထားသည်။

OVLသည် ONGC ၏ ပြည်ပ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပြီး အဆိုပါ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းတွင် ၈ ဒဿမ ၃၅ ရာခိုင်နှုန်းခန့် အစုရှယ်ယာ ရယူလိုသည်။ Gail ကုမ္ပဏီက ၄ ဒဿမ ၁၇ ရာခိုင်နှုန်း ခန့် ရှယ်ယာ ဝင်လိုသည်။

ငွေပမာဏဖြင့် ဆိုပါက OVL နှင့် Gail တို့သည် အဆိုပါ ကီလိုမီတာ ၈၇၀ ရှည်လျားမည့် စီမံကိန်းတွင် အမေရိကန် ဒေါ်လာ ၂၅၁ ဒဿမ ၂ သန်း ရင်းနှီး မြှုပ်နှံမည် ဖြစ်သည်။ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမည့် စီမံကိန်းကို တရုတ်အမျိုးသား ရေနံ ကုမ္ပဏီ ဖြစ်သော CNPC က တည်ဆောက်နေခြင်း ဖြစ်သည်။

အိန္ဒိယ အရာရှိ၏ အဆိုအရ CNPC က လုပ်ကွက် အမှတ် A 1 နှင့် A 3 တို့တွင် အကောင်အထည် ဖော်နေသော ဓာတ်ငွေ့ ပူးပေါင်း ရှာဖွေရေး လုပ်ငန်းတွင် အစုရှယ်ယာ ၄၉ ဒဿမ ၉ ရာခိုင်နှုန်း ခန့် ပါဝင်ရန် OVL နှင့် Gail တို့ကို ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံ Daewoo ကော်ပိုရေးရှင်းက A 1 နှင့် A 3 လုပ်ကွက် တို့တွင် အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းစီ ရယူထားသည်။ OVL က ၁၇ ရာခိုင်နှုန်း၊ Korea Gas ကော်ပိုရေးရှင်း နှင့် Gail တို့က ၈ ဒဿမ ၅ ရာခိုင်နှုန်းစီ ရယူထားပြီး ကျန်ရှိသော ၁၅ ရာခိုင်နှုန်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တို့က ရယူထားသည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Argentina Star, 15th February 2010

          ရုရှားက ၎င်းသည် အီရန်သို့ S-300 လေကြောင်းရန် ကာကွယ်ရေး စနစ်များ ရောင်းချမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

          ကရင်မလင်၏ လုံခြုံရေး ကောင်စီ ဒုတိယ အတွင်းရေးမှူး Vladimar Nazaron က သတင်းထောက်များသို့ ပြောကြားရာတွင် ပစ္စည်းများ ပေးပို့ရခြင်း မရှိသေးသော်လည်း၊ စာချုပ်အတိုင်း ပေးအပ် သွားမည်ဟု ဆိုသည်။

          ယခု ရောင်းဝယ်မှုမှာ မည်သည့် နိုင်ငံတကာ အရေးယူမှုများနှင့်မျှ ငြိစွန်းမှု မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ မိမိကိုယ်မိမိ ကာကွယ်ရေး လက်နက်များသာ ဖြစ်သောကြောင့်ဟု ၎င်းက ဆိုသည်။

          အစ္စရေးနှင့် အမေရိကန် ပြည်ထောင်စုတို့က အီရန်သို့ လေကြောင်း ကာကွယ်ရေး အမာထည် (Hardware) များ ရောင်းချရခြင်းအတွက် ရုရှားသို့ မေးခွန်းထုတ်ခဲ့ကြသည်။

          နှစ်နိုင်ငံစလုံးက မော်စကိုသို့ မရောင်းချရန် ကန့်ကွက်ကြပြီး အီရန်အနေဖြင့် ၎င်းတို့၏ နျူကလီယာ အဆောက်အအုံများကို စစ်ရေးအရ တိုက်ခိုက်လာမှုကို ကာကွယ်နိုင်စေရန် အသုံးပြုလိမ့်မည်ကို စိုးရိမ်ရသည်ဟု ဆိုသည်။

          သို့သော် Nazarov က ပြောကြားရာတွင် အစ္စရေးနှင့် အမေရိကန်တို့သည်လည်း လက်နက် ရောင်းချသော လုပ်ငန်းကို လုပ်ကိုင်နေရာ၊ အချို့ကို ရုရှား၏ ပြိုင်ဘက် ဂျော်ဂျီယာသို့ ရောင်းချကြသည် ဟု ဆိုသည်။

          စစ်ရေးအရ အီရန်ကို တိုက်ခိုက်ခြင်းသည် အမှား ကျူးလွန်ခြင်းနှင့် တူကြောင်း၊ အီရန်၏ နျူကလီယာ ပြဿနာကို သံတမန်နည်းအရ ဖြေရှင်းခြင်းက ပိုမို ကောင်းမွန်ကြောင်း Nazarov က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, by HYUNG – JIN KIM, 15th February 2010 

တရုတ်နိုင်ငံသည် ဆင်းရဲသော မြောက်ကိုရီးယား နိုင်ငံအား နိုင်ငံတကာ နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲသို့ ပြန်လာရန် ကြိုးစားသောအားဖြင့် ယင်းနိုင်ငံတွင် ဒေါ်လာ ဘီလီယံနှင့် ချီ၍ ရင်းနှီး မြှုပ်နှံရန် စီစဉ်လျက် ရှိသည်ဟု တနင်္လာနေ့က သတင်း ပေးပို့မှု ရရှိခဲ့သည်။

အဆိုပါ သတင်းမှာ ကင်ဂျုံအီက Beijing မှ အဆင့်မြင့် ကိုယ်စားလှယ်အား ကိုရီးယား နျူကလီယာ ကင်းမဲ့ဇုန် ဖြစ်ရေး ကတိများ ပြောကြားခဲ့ပြီး တစ်ပတ် အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ကင်ဂျုံအီကလည်း ၎င်း၏ ထိပ်တန်း နျူကလီယာ ကိုယ်စားလှယ်အား Beijing သို့ စေလွှတ်၍ ၎င်း၏ နျူကလီယာ အစီအစဉ်များ အဆုံးသတ်ရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရေးကို အကူအညီများ အတွက် အပြန်အလှန် ဆောင်ရွက်ရန် စီစဉ်ခဲ့သည်။

အချို့ နိုင်ငံပိုင် တရုတ်ဘဏ်များနှင့် နိုင်ငံစုံ ပါဝင်သော ကုမ္ပဏီများသည် မြောက်ကိုရီးယား နိုင်ငံတွင် ရထားလမ်း ဖောက်လုပ်ရေး၊ ဆိပ်ကမ်းများနှင့် အိမ်များ ဆောက်လုပ်ရန် ဒေါ်လာ ၁၀ ဘီလီယံခန့် ရင်းနှီး မြှုပ်နှံရန် ပြုံယမ်း၏ Korea Taepung International Investment Group နှင့် ဆွေးနွေးမှုများမှာ သဘောတူညီမှု ရရန် ပြီးစီးလုပြီ ဖြစ်ကြောင်း ဆိုးလ်၏ Yonhap သတင်းဌာန၏ အဆိုအရ သိရှိရသည်။

မြောက်ကိုရီးယား ရင်းနှီး မြှုပ်နှံမှု အေဂျင်စီ၏ အတွင်းသိ သတင်းတစ်ရပ် ပေးပို့မှုကို အခြေခံ၍ Yonhap က သတင်း ပေးပို့ရာတွင် ရင်းနှီး မြှုပ်နှံမည့် ဒေါ်လာ (၁၀) ဘီလီယံ၏ ၆၀ % ကျော်ကို တရုတ် ဘဏ်များက ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ရင်းနှီး မြှုပ်နှံမည့် သူများနှင့် မြောက်ကိုရီးယား၏ State Development Bank တို့သည် လာမည့် လတွင် လက်မှတ်ရေးထိုးရန် စီစဉ်လျက် ရှိသည်ဟု Yonhap က ပြောသည်။ ရင်းနှီး မြှုပ်နှံမည့် သူများ၏ အမည်ကိုမူ ဖော်ပြမထားပါ။

တနင်္လာနေ့က Beijing ၏ ဘဏ္ဍာရေး ဝန်ကြီး ဌာနသို့ ဖုန်းဆက် မေးမြန်းခဲ့သော်လည်း တရုတ် နှစ်သစ်ကူး ရုံးပိတ်ရက် ဖြစ်နေ၍ ဖုန်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။ တောင်ကိုးရီးယား၏ အဓိက စပိုင် အေဂျင်စီကမူ Yonhap ၏ သတင်း ပေးပို့မှုမှာ မှန်ကန်မှု မရှိဟု ဆိုသည်။

တောင်ကိုးရီးယား ထောက်လှမ်းရေး ဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်ကမူ ဒေါ်လာ (၁၀) ဘီလီယံ ရင်းနှီးမြှုပ်နှံမှု သတင်းမှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး အသေးစိတ် ပြောဆိုခြင်းမူ မရှိခဲ့ပါ။

ဆိုးလ်ရှိ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန တို့က ပြောကြားရာတွင် ၎င်းတို့ အနေဖြင့် ထိုသတင်းကို ချက်ခြင်း အတည်မပြု နိုင်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံသည် မြောက်ကိုးရီးယား၏ အဓိက မဟာမိတ် ဖြစ်ပြီး အကြီးဆုံး ကူညီ ဖြည့်ဆည်းပေးသူ ဖြစ်သည်။ ပြုံးယမ်း အပေါ် အများဆုံး သြဇာ လွှမ်းမိုးမှု ရှိသည့် နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် မြောက်ကိုးရီးယားကို ခြောက်နိုင်ငံ နျူကလီယာ ဆွေးနွေးပွဲသို့ ပြန်လာရန် တရုတ်၏ သြဇာ လွှမ်းမိုးမှုသည် အဓိက ကျသည်ဟု ယူဆရသည်။

မြောက်ကိုးရီးယားသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ ထွက်ခွာခဲ့ပြီး ယမန်နှစ်က ဒုတိယ အကြိမ် နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ခဲ့၍ ကုလသမဂ္ဂ၏ အရေးယူမှုကို ပိုမို ဖြစ်စေခဲ့သည်။ မြောက်ကိုးရီးယား အစိုးရသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲ သို့ ပြန်မလာမီ၊ အရေးယူမှုများကို ပြန်လည် ရုတ်သိမ်းပေးရန်နှင့်  ၁၉၅၀ - ၅၃  ကိုးရီးယား စစ်ပွဲပြီးဆုံးမှု ကျင်းပရန် တောင်းဆိုခဲ့သည်။ အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန် တို့သည် မြောက်ကိုးရီးယားတို့အား ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန်နှင့် နျူကလီယာ ကင်းမဲ့ရေး အတွက် တိုးတက်မှုများ ဖြစ်ပေါ်စေရန် ပြောဆိုလျက် ရှိသည်။

မြောက်ကိုးရီးယားသည် အစာရေစာ ပြတ်လပ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု အတွက် စီးပွားရေး အခက်အခဲများ ဖြေရှင်းရာတွင် အကူအညီများ လိုအပ်လျက် ရှိကြောင်း Yonhap က ပြောသည်။ မြောက်ကိုးရီးယား၏ ၂၀၀၈ ခုနှစ်က ပြည်တွင်း ထုတ်လုပ်မှု အသားတင် ထုတ်လုပ်မှုသည် ဒေါ်လာ (၂၄.၇) ဘီလီယံ ရှိမည်ဟု ခန့်မှန်းနိုင်ကြောင်း  ဆိုးလ် ဗဟိုဘဏ်၏ အဆိုအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Independent Mon News Agency, 12th February 2010

မြန်မာ့ တပ်မတော် အမှတ် ၁၉ ခြေလျင် တပ်ရင်းသည် ဘုရားသုံးဆူ သံဖြူဇရပ်လမ်း အနီးတဝိုက်ရှိ KNU စိုးမိုးနယ်မြေသို့ ၂၀၀၉ ဒီဇင်ဘာလတွင် ဝင်ရောက်ခဲ့ပြီး အမှတ် ၈ ခြေလျင် တပ်ရင်းသည် ဝမ်ခနိုင်း ကျေးရွာသို့ ပြီးခဲ့သော ဇန်နဝါရီလက ဝင်ရောက် တပ်စွဲခဲ့သည်ဟု သိရှိရသည်။

''အာဏာပိုင်တွေရဲ့ အစီအစဉ်ကို ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ နယ်မြေကို စစ်သားတွေ ဝင်လာတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ သူတို့မှာ အကြောင်း တစ်ခုခု ရှိလိမ့်မယ်လို့ ထင်တယ် '' ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

"KNU ထိန်းချုပ် နယ်မြေကို မြန်မာ အာဏာပိုင်တွေ အများကြီး ရောက်လာတယ်။ KNU တပ်မဟာ ၄ ကတော့ တပ်မဟာ ၆ နဲ့ သွားပြီး ပေါင်းတယ်" ဟု အဆိုပါ ဒေသခံက ဖြည့်စွက် ပြောကြားသည်။

မွန်ပြည်သစ် ပါတီ NMSP က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့ပြီးနောက် တနင်္သာရီတိုင်း အခြေစိုက် မြန်မာ့ တပ်မတော် ခြေမြန်တပ်ရင်း အမှတ် (၂၈၂)  က NMSP စိုးမိုးနယ်မြေ ( သုဝဏ္ဏဘူမိ ကျေးရွာ )  သို့ ဇန်နဝါရီ (၁၀) ရက်နေ့က ဝင်ရောက် တပ်စွဲခြင်း ဖြစ်သည်။

'' တကယ်လို့ အာဏာပိုင်တွေက ၂၀၁၀ ရွေးကောက်ပွဲတွေ မလုပ်ရသေးဘူး ဆိုရင် အပစ်ရပ် တပ်ဖွဲ့တွေကို တိုက်ဦးမှာ မဟုတ်သေးဘူး၊ ရွေးကောက်ပွဲ ပြီးသွားပြီ ဆိုရင်တော့ တိုက်ချင်ရင် တိုက်လိမ့်မယ်'' ဟု ဘုရားသုံးဆူ နယ်မြေ တစ်ဝိုက် ရှိ အပစ်ရပ် အဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက မှတ်ချက်ပေးသည်။

KNU နှင့် နီးစပ်သူ တစ်ဦးကမူ ''အပစ်ရပ် အဖွဲ့ ထိန်းချုပ် နယ်မြေထဲမှာ မြန်မာစစ်တပ်က ပြောက်ကျား တပ်ဖွဲ့တွေလို လှုပ်ရှား နေကြတယ်'' ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ အာဏာပိုင်များက အကြောင်းပြချက် ပေးရာတွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်ခြင်းနှင့် KNU ကို ပစ်မှတ်ထားခြင်းဟု ဆိုသော်လည်း မွန်ပြည်သစ်ပါတီ NMSP ကိုလည်း ပစ်မှတ်ထားပုံ ရပါသည်။

မြန်မာ အာဏာပိုင်များက ၎င်းတို့၏ တပ်ရင်းများ အတွက် ရိက္ခာများ စုဆောင်းနေပြီး KNU ကို ပစ်မှတ်ထားသည် ဟု ဆိုသော်လည်း အဆိုပါ နယ်မြေမှာ NMSP ထိန်းချုပ်နယ်မြေ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး ဆိုင်ရာ နိုင်ငံတကာ စကားဝိုင်းသို့ ပြန်လည် ဝင်ရောက်မည်ဖြစ်ရာ အဆိုပါ စကားဝိုင်း မစတင်မီ အချိန်အတွင်း မိမိတို့ အနေဖြင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ထိပ်တန်း အရာရှိကြီး တစ်ဦးက ပြောကြားလိုက်သည်။

မြောက်ကိုရီးယားသည် ဗုံးလက်နက်များ တပ်ဆင်နိုင်ရေးအတွက် လိုအပ်သော ပလူတိုနီယံများ အလုံအလောက် ရရှိထားပြီ ဖြစ်သည်ဟု ယုံကြည်ရပါသည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်က နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့ပြီးနောက် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူခြင်းကို ခံထားရသူဖြစ်သည်။

မြောက်ကိုရီးယားက လက်နက်ဖြုတ်သိမ်းမှုဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲများမ စတင်မီ ကာလအတွင်း ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားရေး၊ ၁၉၅၀-၅၃ ခုနှစ်က ရှိခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည်စတင်ရေးတို့ကို ပြုလုပ်ပေးရန် တောင်းဆိုထားသည်။ အဆိုပါ နျူလက်နက် ဖြုတ်သိမ်းမှုဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ စကားဝိုင်းတွင် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ၊ အမေရိကန်၊ တရုတ်၊ ရုရှားနှင့် ဂျပန်တို့ပါဝင်သည်။

"ဒီဖြစ်စဉ်ဟာ ဆွေးနွေးညှိနှိုင်းပြီးသားကိစ္စပါ။ အခု သူတို့က ဆွေးနွေးပွဲဖြစ်စဉ်ကို ပြန်လည် စတင်မယ်ဆိုတာ ကျွန်တော့်အနေနဲ့ အတော့်ကို အသိအမှတ်ပြုမိပါတယ်။ အချိန်တော့ ပေးရပါလိမ့်မယ်" ဟု ကုလသမဂ္ဂဆိုင်ရာ နိုင်ငံရေးအကြီးအကဲ Lynn Pascoe က မြောက်ကိုရီးယားမှ အပြန် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားပါသည်။

Lynn Pascoe သည် ၂၀၀၄ ခုနှစ် နောက်ပိုင်း မြောက်ကိုရီးယားသို့ ပထမဆုံးသွားရောက် သော ကုလအဖွဲ့၏ ထိပ်တန်းအရာရှိကြီး တစ်ဦး ဖြစ်ပါသည်။

"အခုဆွေးနွေးပွဲမှာ စေ့စပ်ညှိနှိုင်းမှုတွေပြန်လုပ်လာနိုင်ဖို့အတွက်ကျွန်တော်တို့ကမျှော်လင့် ခဲ့တာပါ။ အဲဒါကြောင့် အမြန်ဆုံးစတင်ချင်ပါတယ်" ဟု မြောက်ကိုရီးယားနှင့် ပတ်သက်၍ ၎င်းက ပွင့်လင်းစွာပြောကြားခဲ့သည်။

အဆိုပါ သုံးသပ်ပြောကြားချက်သည် မြောက်ကိုရီးယားက တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးစားနေစဉ် ကာလအတွင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယခုရက်ပိုင်း အတွင်းမှာပင် မြောက်ကိုရီးယား အစိုးရက နျူကလီးယားဆိုင်ရာ အထူးသံတမန် Kim Kye Gwan ကို တရုတ်နိုင်ငံ ဘေကျင်းမြို့သို့ စေလွှတ်ခဲ့သည်။

"မြောက်ကိုရီးယားနဲ့ တရုတ်နှစ်ဖက်စလုံးဟာ လေးနက်တဲ့ ဆွေးနွေးမှုတွေ လုပ်ထားပါတယ်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး၊ တရုတ်-မြောက်ကိုရီးယား ဆက်ဆံ မှု မြှင့်တင်ရေး စတာတွေအတွက် လုပ်ထားတာပါ" ဟု Kim Kye Gwan ၏ ပြောကြားချက်ကို ကိုးကား၍ KCNA သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော အခါ မစ္စတာ Kim က ခြောက်နိုင်ငံစ ကားဝိုင်း ပြန်လည် စတင်ရေးအတွက် တရုတ်နိုင်ငံနှင့် တိုင်ပင်လျက်ရှိသည့် အနေ အထားတွင် ရှိကြောင်း၊ တရုတ်နှင့်လည်း သံတမန်နည်းလမ်းအရ အဆက်အသွယ်များ ရရှိထားပါကြောင်း အသိပေး ပြောကြားသည်။ ဆွေးနွေးမှု အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ Kim Kye Gwan သည် တရုတ်နိုင်ငံ ဘေကျင်းမြို့တော်တွင် ၎င်းနှင့် ရာထူးအဆင့် အတန်းတူသော တရုတ် သံတမန်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါ သည်။

တောင်ကိုရီးယားနိုင်ငံထုတ် Dong Ilbo သတင်းစာ ရေးသားချက်အရ ယခုအခါ မြောက်ကို ရီးယား အစိုးရသည် မစ္စတာ Kim အား အမေရိကန် ပြည်ထောင်စုသို့ မတ်လ အတွင်း သွားရောက်ပြီး အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ရန် တွန်းအားပေးနေကြောင်း သိရပါသည်။ သို့သော် အမေရိကန်ပြည်ထောင်စုက ၎င်းအား ဗီဇာထုတ်ပေးခြင်း မရှိသေးဟုလည်း ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က မစ္စတာ Kim ၏ ခရီးစဉ်နှင့်ပတ် သက်၍ ဆွေးနွေးညှိနှိုင်းမှုများ မပြုလုပ်ရသေးကြောင်း၊ လာရောက်ရန်လည်း စီစဉ်ခြင်းမရှိ သေးကြောင်း ပြောကြားပါသည်။

ဤအတောအတွင်းမှာပင် မြောက်ကိုရီးယားမြို့တော် ပြုံယမ်း၌ ပြည်သူတစ်သိန်းခန့် လောက်က အစိုးရ၏ မြင့်မြတ်ကြီးမား ကြွယ်ဝချမ်းသာရေး ပေါ်လစီကို ထောက်ခံအားပေးရန် လူဆုဆန္ဒပြ လမ်းလျှောက်ပွဲ တစ်ရပ်ကို ကျင်းပလျက်ရှိကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းစာကဆိုသည်။

AP သတင်းကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

           မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီပါတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးအား စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားရာမှ ဖေဖော်ဝါရီ လ ၁၃ ရက်နေ့တွင် လွှတ်ပေး လိုက်ပြီးနောက် ကုလသမဂ္ဂအထူးသံတမန် Thomas Ojea Quintana သည် မြန်မာနိုင်ငံ သို့ လာရောက်မည် ဖြစ်ကြောင်း သိရပါသည်။

မစ္စတာ Quintanaက ခရီးစဉ်အတွင်း နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရ သော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခွင့်ပေးရန် တောင်းဆို ထားကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေနေများကိုလည်း လေ့လာအကဲဖြတ်မည် ဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေးများ ချိုးဖောက်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသော မြန်မာစစ်အစိုးရသည် NLD ဒုတိယ ခေါင်းဆောင် ဦးတင်ဦး(၈၂ နှစ်)ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လွှတ်ပေးခဲ့သည်။

စစ်အစိုးရက ဦးတင်ဦးအား နှစ်ပေါင်း ၇ နှစ်ခန့် နေအိမ်အကျယ်ချုပ် အပါအဝင် ထောင်တွင်း အကျဉ်းချမှုများ ပြုလုပ်ပြီးနောက် လွှတ်ပေးလိုက်ခြင်း ဖြစ်ပါသည်။ဦးတင်ဦးသည် NLD ပါတီ ထူထောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား အကူအညီပေးခဲ့ သူတစ်ဦး ဖြစ်ပါသည်။

"ကျွန်တော် အခုလို လွတ်မြောက်လာလို့ မပျော်နိုင်ပါဘူး၊ ကျွန်တော့်ရဲ့ လုပ်ဖော် ကိုင်ဖက် တွေ ထောင်ထဲမှာ နှစ်ရှည်လများ ထိန်းသိမ်း ခံနေရတဲ့အတွက် အတော့်ကို စိတ်မကောင်း ဖြစ်မိ ပါတယ်" ဟု ဦးတင်ဦးက ဖမ်းဆီးထိန်းသိမ်းမှုမှ လွတ်မြောက်လာပြီးနောက် ရွှေတိဂုံ စေတီတော်သို့ သွားရောက်ကာ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များအတွက် ဝတ်ပြုဆုတောင်းစဉ် သတင်း ထောက်များအား ပြောကြားပါသည်။

လူ့အခွင့်အရေး စောင့်ကြည့်သော အဖွဲ့အစည်းများ၏ အဆိုအရ မြန်မာစစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်အား ဖမ်းဆီးထိန်းသိမ်း ထားပါသည်။တစ်ချိန်က ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်ခဲ့ဖူးသော ဦးတင်ဦးသည် ဖမ်းဆီးထိန်းသိမ်း မှုမှ လွတ်မြောက်လာပြီးနောက် ဒီမိုကရေစီအတွက် ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

NLD ၏ ဒုတိယဥက္ကဋ္ဌအနေဖြင့် နိုင်ငံရေး ဆောင်ရွက်ချက်များကို ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ၂၀ ဦးနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောပါသည်။ NLD ပါတီ ၏ ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်သော ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုး ဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည်ဖြစ်ရာ ယခုကဲ့သို့ ကုလအထူး သံတမန် မြန်မာနိုင်ငံသို့ လာရောက်မှုကို အထူးပင် ကြိုဆိုပါကြောင်း ပြောကြားပါသည်။

"မစ္စတာ Quintana အနေနဲ့ အခုခရီးစဉ်မှာ လူ့အခွင့်အရေး ကိစ္စတွေအားလုံးကို ထုတ်ဖော် ပြောဆို နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။ ဒါပေမဲ့လည်း ချိုးဖောက်မှုအချို့ကိုတော့ ထုတ်ဖော် အသိပေးနိုင်လိမ့်မယ် ဆိုတာသေချာပါတယ်" ဟု ၎င်းကပြောပါသည်။

မစ္စတာ Quintana သည် ငါးရက်တာမျှ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ဝန်ကြီးများ၊ အတိုက် အခံ နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရမည်ဟု မျှော်လင့်ရသည်။ ထို့ပြင် ၎င်းသည် ရန်ကုန်မြို့မှ နာမည်ဆိုးထွက်နေသော အင်းစိန်အကျဉ်းထောင်နှင့် ရခိုင်ပြည်နယ် အနောက် မြောက်ပိုင်း ဒေသမှ အခြားအကျဉ်းထောင် တစ်ခုကိုလည်း သွားရောက် စစ်ဆေးမည်ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက  NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကို လွှတ်ပေးသည့်အတွက် အထူးပင် ကြိုဆိုရပါကြောင်း၊ အစိုးရ နှင့် NLD အကြား ခိုင်မာသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါကြောင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။

ထို့ပြင် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထား ရသော ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အချိန်မစောင့်ဆိုင်းဘဲ အမြန်ဆုံး လွှတ်ပေးစေ လိုကြောင်း ၎င်းက တိုက်တွန်း ပြောဆိုပါသည်။

ဦးတင်ဦးကမူ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ချက် အပြည့် ထားရှိနေခဲ့မိကြောင်း ပြောဆိုသည်။ ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား မလွှတ်ပေးမီ အချိန်ပိုင်းအလိုတွင် မိမိအား ထောင်မှဦးစွာလွှတ်ပေးခဲ့သည် ဟု ၎င်းက ဥပမာပေးကာ ပြောဆိုပါသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက်တွေ့ဆုံခွင့် ရရှိအောင် သက်ဆိုင်ရာ အာဏာပိုင်များ ထံသို့ တောင်းဆိုမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ အီးယူနှင့် အခြားသော ဖိအားပေးမှုများ ပြုလုပ်ပေးခဲ့ကြသည့် သူများအားလုံးကိုလည်း အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ၎င်းကပြောပါသည်။

ဦးတင်ဦးသည် နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခံ ထားရစဉ်အတွင်း ပြင်ပနှင့် အဆက်အသွယ် မရရှိခဲ့ပေ။ စစ်အစိုးရက ဦးတင်ဦးအား တတ်နိုင်သမျှ အထီးကျန် ဖြစ်စေရန် ကြိုးပမ်းခဲ့ပါသည်။ ၎င်း၏နေအိမ်မှ တယ်လီဖုန်းလိုင်းကိုလည်း ဖြတ်တောက်ခဲ့ပြီး ရေဒီယိုတစ်လုံးသာ အသုံးပြု နားထောင်ခွင့်ပြုခဲ့သည်။

"ဒီမိုကရေစီဆန်တဲ့ မီဒီယာတွေအားလုံးရဲ့ ကျေးဇူးကြောင့် ကျွန်တော်ဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး" ဟု ၎င်းကပြောပါသည်။

AP သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.