Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 18th February 2010

          လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုများကို စစ်ဆေး အကဲဖြတ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ ကိုယ်စားလှယ်သည် လတ်တလော လွတ်မြောက်လာသော အတိုက်အခံ ခေါင်းဆောင်နှင့် ကြာသပတေးနေ့တွင် တွေ့ဆုံမည် ဖြစ်ပြီး အထိန်းသိမ်းခံ နေရဆဲ ဖြစ်သော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် ကြိုးစားနေသည်ဟု အတိုက်အခံ ပါတီ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

          ၅ ရက်ကြာ ခရီးစဉ်အတွက် တနင်္လာနေ့က ရောက်ရှိလာခဲ့သော ကုလ ကိုယ်စားလှယ် Tomas Ojea Quintana သည် ၇ နှစ် နီးပါး အကျယ်ချုပ် ကျခံပြီး စနေနေ့က လွတ်မြောက်လာသော NLD ပါတီ ဒုတိယ ခေါင်းဆောင် ဦးတင်ဦးနှင့် တွေ့ဆုံ ဆွေးနွေးမည်ဟု ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

          တိုက်ပွဲဝင် ဆုတံဆိပ် များစွာ ရရှိခဲ့ဖူးသော ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးတင်ဦး (အသက် ၈၂ နှစ်) က အလည်အပတ် ရောက်ရှိနေသော ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ကြိုဆိုသည့် အနေဖြင့် "ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဖွဲ့တွေ များများလာလေ၊ တိုင်းပြည် အတွက် ပိုကောင်းလေပါပဲ" ဟု ပြောကြားလိုက်သည်။

          ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည် စိတ်ချရသော လုပ်ဖော်ကိုင်ဖက် တစ်ဦး ဖြစ်သူ ဦးတင်ဦးသည် ဖမ်းဆီး မခံရမီအထိ ဒီမိုကရေစီ အရေး လှုံ့ဆော်ရန် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ နိုင်ငံအနှံ့ ခြေဆန့်ရာတွင် တောက်လျှောက် လိုက်ပါခဲ့သူ ဖြစ်သည်။

          Quintana သည် အတိုက်အခံ ပါတီ ဗဟို ကော်မတီ အဖွဲ့ဝင်တစ်ဦး ဖြစ်သော အချိန် ကြာမြင့်စွာ အကျဉ်းကျခံခဲ့ရသည့် ဦးဝင်းတင်နှင့်လည်း တွေ့ဆုံမည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

          ဦးဝင်းတင်သည် ရန်ကုန် အင်းစိန်ထောင်တွင် အကျဉ်းကျ ခံနေစဉ်က Quintana နှင့် တစ်ကြိမ် တွေ့ဆုံခဲ့သေးသည်။ Quintana သည် မြန်မာနိုင်ငံ အနောက်မြောက်ဘက် ရခိုင်ပြည်နယ်တွင် အကျဉ်းသားများ၊ ဒေသခံ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီးနောက် ကြာသပတေးနေ့တွင် ရန်ကုန်သို့ ပြန်လာရန် စီစဉ်ထားသည်။

          ဆက်လက်၍ Quintana သည် မြန်မာနိုင်ငံမှ မထွက်ခွာမီ ပြည်ထဲရေး ဝန်ကြီး အပါအဝင် အဓိက အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် အတွက် အုပ်ချုပ်ရေး မြို့တော် နေပြည်တော်သို့ သောကြာနေ့တွင် သွားရောက်ရန် မျှော်လင့်ထားသည်။

          ကုလ အထူး ကိုယ်စားလှယ်သည် နေအိမ်တွင် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုထားပြီး၊ ပြီးခဲ့သော ခရီးစဉ်များတွင်လည်း ၎င်းအား သူမနှင့် တွေ့ဆုံခွင့် မပေးခဲ့ပါ။

          ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် လူစိမ်း ဧည့်သည် တစ်ဦးအား တည်းခိုခွင့် ပေးမှုဖြင့် ယမန်နှစ်က နေအိမ် အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ် ချမှတ်ခံရပြီး အဆိုပါ တရားစွဲဆိုမှုကြောင့် မြန်မာ အစိုးရအား နိုင်ငံတကာက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Telegraph, 18th February 2010

          အိန္ဒိယ နိုင်ငံပိုင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကော်ပိုရေးရှင်း ONGC နှင့် GAIL (India) Limited တို့၏ မြန်မာနိုင်ငံ ဓာတ်ငွေ့ စီမံကိန်းများတွင် ဒေါ်လာ ၁.၃၃ ဘီလျံ ရင်းနှီး မြှုပ်နှံမည့် အစီအစဉ်ကို အိန္ဒိယ အစိုးရက ယနေ့ အတည်ပြု လိုက်သည်။ အဆိုပါ စီမံကိန်းမှ ထွက်ရှိမည့် ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။

          ONGC ၏ ပင်လယ်ရပ်ခြား ဌာနခွဲ ONGC Videsh သည် အဆိုပါ စီမံကိန်းများတွင် ဒေါ်လာ ၈၃၂.၅၄ သန်း ထပ်မံ ရင်းနှီး မြှုပ်နှံမည် ဖြစ်၍ စုစုပေါင်း ရင်းနှီး မြှုပ်နှံငွေ ဒေါ်လာ ၁ ဘီလျံ ကျော်သွားပြီ ဖြစ်သည်။

          တရုတ်သို့ ပို့မည့် ကမ်းလွန်ဓာတ်ငွေ့ ပိုက်လိုင်းနှင့် ဓာတ်ငွေ့လုပ်ကွက် အပါအဝင် စီမံကိန်းများတွင် ဓာတ်ငွေ့လုပ်ငန်း GAIL (India) က ဒေါ်လာ ၅၀၂ သန်း ရင်းနှီး မြှုပ်နှံဦးမည် ဖြစ်သည်။

          မြန်မာ့ကမ်းလွန် A-1 နှင့် A-2 လုပ်ကွက်များမှ ထွက်ရှိသော ဓာတ်ငွေ့များကို သယ်ဆောင်ရန် တရုတ်နိုင်ငံ CNPC က တည်ဆောက်နေသော ပိုက်လိုင်း စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံရန် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ဦးဆောင်သော ဗဟို အစိုးရ စွမ်းအင် ကော်မတီ CCEA က OVL နှင့် GAIL ကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

          OXL သည် ဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းတွင် ၂၀ % ရင်းနှီး မြှုပ်နှံမှု အတွက် ဒေါ်လာ ၆၆၄.၇ သန်း ပေးသွင်းရမည် ဖြစ်ပြီး ပိုက်လိုင်း စီမံကိန်း ရှယ်ယာ ၈.၃၅ % အတွက် ဒေါ်လာ ၁၆၇.၈၄ သန်း သီးခြား ပေးသွင်းရမည် ဖြစ်သည်။

          အဆိုပါ ရင်းနှီး မြှုပ်နှံမှုများကို ပြည်တွင်းနှုန်းဖြင့် တွက်ချက်ပါက ၁၂.၅၃ % နှင့် ၁၅.၅ % အမြတ် အစွန်း ပြန်လည် ရရှိမည်ဟု OVL က မျှော်လင့်ထားသည်။

          အဆိုပါ လုပ်ကွက်များမှ ထွက်ရှိသော ဓာတ်ငွေ့များကို မြန်မာကမ်းခြေ အရောက် ဗြိတိသျှ သာမယ် တစ်ယူနစ်လျှင် အမေရိကန် ဒေါ်လာ ၇.၇၂ ဖြင့် ရောင်းချမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irish Sun, 18th February 2010

          ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဒေသတွင်း ဆက်သွယ်မှု တိုးတက်ရေး အတွက် ၎င်း၏ အရှေ့တောင်ဖက်မြို့ Cox's Bazar မှ မြန်မာနိုင်ငံသို့ လမ်းဖောက် လုပ်ရာတွင် အကူအညီများ ရယူရန် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) သို့ ချဉ်းကပ်လျက် ရှိသည်။

          ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့် လည်းကောင်း၊ တရုတ်နိုင်ငံနှင့် လည်းကောင်း၊ တရုတ်နိုင်ငံ ကူမင်းနယ်အထိ ကုန်းတွင်း ဆက်သွယ်မှု အတွက် အချိန် အတော်ကြာကပင် စကားပြောလျက် ရှိသည်။

          ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဒက်ကာမြို့တွင် ဝန်ကြီးချုပ် Sheikh Hasina နှင့် ADB မှ တောင်အာရှ ဌာန ညွှန်ကြားရေးမှူးချုပ် Sultan Hafeez Rahman တို့ တွေ့ဆုံရာတွင် အဆိုပါ ကိစ္စကို ပြောကြားခဲ့ကြောင်း The Daily Star သတင်းစာက ပြောသည်။

          သူမသည် တောင်အာရှ နိုင်ငံများကြား ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ရန်နှင့် ဆင်းရဲမွဲတေမှု လျော့ချရန် ရည်ရွယ်၍ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် ဆက်သွယ်မှု ပိုမိုအားကောင်းရန် လိုအပ်ပုံကို အလေးပေး ပြောကြားခဲ့သည်ဟု ဆိုသည်။

          ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်နှင့် အခြား တောင်အာရှ နိုင်ငံများသည် နှစ်နိုင်ငံနှင့် ဒေသတွင်း ဆက်သွယ်မှု ပိုမို တိုးတက်ရေးကို လုပ်ဆောင်လျက် ရှိသည်။

          ဝန်ကြီးချုပ်နှင့် ADB ထိပ်တန်း တာဝန်ရှိသူတို့သည် လျှပ်စစ်မီး၊ စွမ်းအင်၊ သယ်ယူ ပို့ဆောင်ရေးနှင့် လူမှုရေး ကဏ္ဍများ ကဲ့သို့သော အခြေခံ အဆောက်အအုံများကို ငွေကြေး အကူအညီ ပေးရေး ဆွေးနွေးခဲ့ကြသည်။ ထိုကဏ္ဍများကို ငွေကြေး အကူအညီပေးခြင်းသည် ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့် ဖြစ်လာမည့် အကျိုးဆက်များ နည်းပါးအောင် ကြားခံ ပေးသလိုလည်း ဖြစ်သည်ဟု ဆိုသည်။

          ဝန်ကြီးချုပ်က ဘင်္ဂလားဒေ့ရှ်ကို အခြေခံ အဆောက်အဦး စီမံကိန်းကြီးများတွင် ထပ်ဆောင်း ငွေကြေး အကူအညီများ ပေးနိုင်ကြောင်း ပြောခဲ့သည်ဟု United News of Bangladesh သတင်းဌာန၏ သတင်း ပေးပို့ချက်အရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 18th February 2010

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မှတ်ပုံတင် မထားသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များကို ပြင်းထန်စွာ နှိမ်နှင်းခဲ့သည်ဟု နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီက စွပ်စွဲလိုက်သည်။

နေထိုင်သူ အရေအတွက် တိုးပွားလာသော အိမ်ရာမဲ့များ စခန်းတွင် လူသားချင်း စာနာမှု မရှိသော ပြဿနာများ ပေါ်ပေါက်နေသည်ဟု Medecins sans Frontieres (MSF) ကလည်း သတိပေးထားသည်။

ဒုက္ခသည် ထောင်ပေါင်းများစွာသည် မတရား ဆက်ဆံ ခံရမည်ကို ကြောက်ရွံ့စိတ်ဖြင့် စခန်းသို့ ရောက်လာခဲ့ကြသည်ဟု MSF က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ရဲအဖွဲ့က ရိုက်နှက် လိုက်သူများကို ဆေးကုသ ပေးနေရသည်ဟု အဆိုပါ ဆေးခန်းမှ ဆရာဝန်များက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်း၌ ဆယ်စုနှစ် ၃ ခုခန့် အေးချမ်းစွာ နေထိုင်ခဲ့ရသော ရိုဟင်ဂျာ အများစုက ၎င်းတို့၏ အိမ်များ ဖျက်ဆီးခံရကြောင်းနှင့် နယ်ခြားစောင့် လုံခြုံရေး တပ်များကလည်း အတင်း မောင်းထုတ်လျက် ရှိကြောင်း တိုင်ကြားထားသည်။

၎င်းတို့အား နိုင်ငံသား အဖြစ် အသိအမှတ် မပြုသော မြန်မာနိုင်ငံသို့ ပြန်ရန် ရိုဟင်ဂျာများက ငြင်းဆန်ကြပြီး ပိုမို ဆိုးဝါးစွာ ဆက်ဆံခံရမည်ဟု ၎င်းတို့က ပြောကြားသည်။

နှိမ်နှင်း ဖြိုခွဲမှု စတင်သော အောက်တိုဘာလမှ စ၍ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း နယ်မြေများမှ ဒုက္ခသည် ၆၀၀၀ ခန့် ကူတူပလောင်း စခန်းသို့ ရောက်ရှိလာကြသည်ဟု MSF က ဆိုသည်။

ပိုမို နက်ရှိုင်းလာသော ပြဿနာများ

လိုအပ်သော အခြေခံ ဖြည့်ဆည်းမှုများ မရှိသည့် ပြွတ်သိပ်၊ ညစ်ပတ်နေသော နေရာတွင် လူပေါင်းများစွာ ရောက်ရှိနေကြသည်ဟု ပြောဆိုသူမှာ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ MSF  မစ်ရှင် အကြီးအကဲ  Paul Critchley  ဖြစ်သည်။

၎င်းတို့ ဘာသာ ရှင်သန် နေထိုင်ရန် အတွက် အလုပ်လုပ်ခြင်းကို တားမြစ် ပိတ်ပင်ထားပြီး ကယ်ဆယ်ရေး ရိက္ခာကိုပင် ခွင့်ပြုခြင်း မရှိပါ။ ဒုက္ခသည် အရေအတွက် များလာပြီး လိုအပ်သော ရင်းမြစ်များ ပိုမို ရှားပါးလာသည့် အတွက် ပြဿနာများ ကြီးထွားလာမည်ကို အလွန်အမင်း စိုးရိမ် ပူပန်သည်ဟု ၎င်းက ဆိုသည်။

ဘန်ကောက် အခြေစိုက် ကယ်ဆယ်ရေး အဖွဲ့  Arakan Project  က ယခု အပတ် ထုတ်ပြန်သော အစီရင်ခံစာတွင်လည်း အလားတူ သတင်း အချက်များကို ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ အကာအကွယ်မဲ့ ရိုဟင်ဂျာများ အပေါ်တွင် လူသားချင်း မစာနာသော ကပ်ဘေးကြီး ဆိုက်ရောက်လျက် ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

မှတ်ပုံတင်ထားခြင်း မရှိသော ရိုဟင်ဂျာ ဒုက္ခသည်များ အပေါ် စားနပ်ရိက္ခာနှင့် အသက်မွေး ဝမ်းကျောင်းခွင့်များ ဆက်လက် ပိတ်ပင် တားဆီးခြင်းနှင့် အပြင်းအထန် နှိပ်ကွပ်မှုများကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ချက်ချင်း မရပ်ဆိုင်းပါက အခြေအနေများ ပိုမို ဆိုးဝါး ယိုယွင်း လာလိမ့်မည် ဟုလည်း ဖော်ပြထားသည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ အနောက်မြောက် ဒေသများမှ ဖြစ်၍ ဘင်ဂါလီ စကား ပြောဆိုသူများ ဖြစ်သည်။

မြန်မာ အစိုးရက ၎င်းတို့ကို နိုင်ငံသား အဖြစ် အသိအမှတ် မပြုသလို ကိုယ်ပိုင် နယ်မြေပေးရန် ငြင်းဆန်ထားသောကြောင့် ရိုဟင်ဂျာများမှာ ကမ္ဘာပေါ်တွင် အဖိနှိပ် ခံရဆုံးနှင့် ငြင်းပယ် ခံရဆုံး လူသားများ ဖြစ်နေသည်။

၎င်းတို့အား ခွင့်ပြုချက် မရှိဘဲ ခရီးသွားလာခြင်း၊ လက်ထပ်ခြင်းများကိုလည်း ပိတ်ပင်ထားသည်။

လတ်တလောတွင် တရားမဝင် နေထိုင်သူများ အဖြစ် လူဦးရေ ၂ သိန်းခန့် ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း ၎င်းတို့ကို ကြိုဆိုခြင်း မရှိသလို အလုပ် လုပ်ကိုင်ခွင့်၊ ကျန်းမာရေးနှင့် ပညာသင်ခွင့်များလည်း မရှိကြပါ။

လောလောဆယ် ၎င်းတို့ နေထိုင်နေသော ဒေသသည် ဘင်္ဂလားဒေ့ရှ်တွင် အဆင်းရဲဆုံး နိုင်ငံ ဖြစ်၍ ရိုဟင်ဂျာများသည် ဒေသတွင်း ရင်းမြစ်များကို ဖောက်စားနေကြောင်း၊ အလုပ်အကိုင်များကို လုယူနေကြောင်း၊ ရာဇဝတ်မှုများနှင့် မှောင်ခို လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေကြောင်း ဒေသခံ အသိုင်းအဝိုင်းက ကန့်ကွက် တိုင်ကြားမှုများ ရှိနေသည်။

ဒုက္ခသည် ၃၀၀၀၀ ခန့်မှာ ကုလ သမဂ္ဂမှ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုမှုကို လက်ခံရရှိသော်လည်း အဆိုပါ အခွင့်အရေးကို မရရှိသော အများစုမှာ ဘင်္ဂလားဒေ့ရှ် အစွန်အဖျား ကျေးရွာများ၊ အိမ်ရာမဲ့ စခန်းများတွင် အလွန် ဆိုးဝါးသော အခြေအနေ၌ ရှင်သန် နေထိုင်ရသည်။

၎င်းတို့အား ထိထိရောက်ရောက် အကာအကွယ် ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့်  UNHCR ကို MSF က တောင်းဆိုလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.mnnonline.org, 18th February 2010

ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်း ဆေးခန်း တစ်ခု၊ စာသင်ကျောင်း နှစ်ကျောင်း အပါအဝင် အိမ် (၇၀) ခန့်သည် မြန်မာ စစ်တပ် ၏ မီးရှို့ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

မြန်မာနိုင်ငံသည် အင်ဒို - ချိုင်းနား (Indochina) ဒေသတွင် ပထဝီအရ အကြီးဆုံး နိုင်ငံ တစ်ခု ဖြစ်သည်။

ကရင် လူမျိုးများသည် မြန်မာနိုင်ငံ၏ စုစုပေါင်း လူဦးရေ၏ ၇ % ရှိပြီး၊ ကရင်ပြည်နယ် လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်လာသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သည်။

Vision Beyond Borders မှ Patrick Klein သည် အဆိုပါ ဒေသမှ မကြာမီကမှ ပြန်ရောက်လာသူ ဖြစ်သည်။ ၎င်းက စစ်တပ်သည် ဒေသ တစ်ခုတွင် အိမ် (၄၆) လုံး၊ နောက်ထပ် ဒေသ တစ်ခုတွင် အိမ် (၂၈) လုံး မီးရှို့ခဲ့ကြောင်း၊ မီးရှို့ရာတွင် ရွှေ့ပြောင်း ဆေးခန်း တစ်ခု၊ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် မူကြိုကျောင်း တစ်ကျောင်း ပါဝင်သည်ဟု ဆိုသည်။ ထောင်ပေါင်းများစွာသော လူများသည် တိုက်ခိုက်မှုကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ရပြီး၊ ပုန်းအောင်း နေကြရသည်ဟု ဆိုသည်။

ယခုကဲ့သို့ တိုက်ခိုက်ခြင်းမှာ ခရစ်ယာန် ဘာသာဝင်များကို ပြောင်ကျကျ တိုက်ခိုက်ခြင်း ဖြစ်ပြီး၊ လူမျိုးတုံး အောင် သတ်ဖြတ်ခြင်း တစ်မျိုး ဖြစ်ကြောင်း Klein က ပြောသည်။ မိမိတို့၏ Vision Beyond Borders သည် မြန်မာနိုင်ငံတွင် နာဂစ်ဒေသ၌ ပြန်လည် ထူထောင်ရေးများ လုပ်ပေးနေသော ဘာသာရေး အဖွဲ့တစ်ခု ဖြစ်ကြောင်း၊ မိဘမဲ့ ကလေးများကို စောင့်ရှောက်လျက် ရှိကြောင်း၊ သို့သော် အစိုးရ၏ ဆန့်ကျင်ဘက် လုပ်ရပ်များကို ပိုမို ကြုံတွေ့လာရကြောင်း ဆိုသည်။ အစိုးရသည် အထူးသဖြင့် ခရစ်ယာန်များက ကလေးများကို ခရစ်ယာန် ဘာသာဝင်များ ဖြစ်အောင် မွေးမြူသည်ကို မလိုလားကြောင်း ၎င်းက ပြောသည်။

''ကျွန်တော် ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ရှိတဲ့ ကျွန်တော့် အဆက်အသွယ်တွေနဲ့ စကားပြောခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် လူတွေ ပိုပြီး အသတ်ခံရမှာကို သူတို့ စိုးရိမ်နေကြတယ် '' ဟု Klein က ပြောသည်။

မြန်မာ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရမည်ဟု အာမခံထားသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသည် အာဏာ မက်မောသည်။ သူသည် တိုင်းပြည်မှ ငွေ အမြောက်အမြား ယူငင် စုဆောင်းထားရာ ဒေါ်လာ တစ် ဘီလီယံကျော် စုဆောင်းမိပြီ ဖြစ်သောကြောင့် ယခုအခါ တိုင်းပြည်တွင် အကြွင်းမဲ့ အာဏာရှင် ဖြစ်ချင်နေသည်။

ကမ္ဘာအနှံ့ ခရစ်ယာန် စုစည်း ညီညွတ်ရေး အဖွဲ့ (Christian Solidarity Worldwide) ၏ အဆိုပါ Benedict Rogers က သတင်း ထုတ်ပြန်ချက်တွင် ယခု တိုက်ခိုက်မှုများသည် မြန်မာ အစိုးရ၏ တိုင်းရင်းသားများ အပေါ် သွေးထွက် သံယိုမှုများဖြင့် အပြောင်ရှင်းမည့် အစီအစဉ် ဖြစ်ကြောင်း ထင်ရှားသည့် သက်သေပင် ဖြစ်ကြောင်း၊ ကရင်များသည် လူ့ အခွင့်အရေး ချိုးဖောက်မှု အခံရဆုံး ဖြစ်ပြီး အချိန် ကြာမြင့်စွာကပင် ခံနေရခြင်း ဖြစ်ကြောင်း၊ မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်သည့် လက်နက် ရောင်းဝယ်မှုကို ပိတ်ပင်ပြီး တုန့်ပြန်သင့်ကြောင်း ဖော်ပြထားသည်။

CSW သည် လူ့အခွင့်အရေး အဖွဲ့တစ်ခု ဖြစ်ပြီး၊ ခရစ်ယာန် ယုံကြည်မှုကြောင့် ဖိနှိပ် ခံနေရသူများ ကိုယ်စား တိုက်ပွဲ ဝင်ပေးနေရပြီး လူတိုင်း လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရအောင် လုပ်ဆောင် ပေးနေသည့် အဖွဲ့ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းတွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော မိသားစု ဝင်ပေါင်း ငါးသောင်း အတွက် နေထိုင်စရာပေးရန် International Organisation for Mirgation(IOM) အဖွဲ့က အမေရိကန်ဒေါ်လာ ၁၇ သန်း မေတ္တာရပ်ခံ တောင်းဆို ထားပါသည်။

"ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက မုန်တိုင်းဒဏ်သင့်တဲ့ မိသားစု တစ်သိန်း လောက်ဟာ လာမယ့် မိုးရာသီအတွက် နေထိုင်စရာ အလုံအလောက် မရှိပါဘူး။ လာမယ့် မေလ မှာ နောက်ထပ် ရန်ပုံငွေ အသစ် ထပ်မရဘူးဆိုရင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက ကျွန်တော်တို့ရဲ့ နေထိုင်စရာ ချထားပေးတဲ့ အစီအစဉ်ကို ရပ်ဆိုင်းရပါတော့မယ်။ ရုံးခန်းတွေလည်း ပိတ်ပစ်ရပါတော့မယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ IOM အကြီးအကဲ Mariko Tomiyama ကပြောကြားပါသည်။

၂၀၀၈ ခုနှစ်၊ မေလတွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်းကြောင့် လူပေါင်း တစ်သိန် လေးသောင်းခန့်သေဆုံးခဲ့ပြီး ၂ ဒဿမ ၄ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်းလုပ်ကိုင်နေသော နာဂစ် အလွန် အရေးပေါ် တုံ့ပြန်ရေးနှင့် ပြန်လည် တည်ဆောက်ရေးဆိုင်ရာ အဖွဲ့ဖြစ်သည့် Tripartite Core Group ၏အဆိုအရ ယနေ့အချိန်အထိ နာဂစ်ဒဏ်သင့်သူ လူပေါင်း ၅ သိန်း ခန့် အိုးအိမ်မဲ့ ဖြစ်နေသေးကြောင်း သိရပါသည်။

IOMသည် နာဂစ်မုန်တိုင်းပြီးနောက်ပိုင်း လပေါင်း ၂၀ ခန့်မျှ ဧရာဝတီဒေသတွင် အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပြီး လူပေါင်း လေးသိန်းခန့်အတွက် နေထိုင်စရာများ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ ကုသမှုတို့ ရရှိစေရန် စီစဉ်ပေးနိုင်ခဲ့သည်။

Relief Web မှ Press Release ကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၏ လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သြစတြေးလျ နိုင်ငံအစိုးရက မြန်မာဘွဲ့လွန် ကျောင်းသားများကို ပညာသင်ဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြည်တွင်း သတင်း မီဒီယာ တစ်ခု၏ ရေးသားချက်ကို ကိုးကား၍ Xinhua သတင်းဌာနက ရေးသား ဖော်ပြလိုက်သည်။

၂၀၁၀-၂၀၁၁ ပညာသင်နှစ် အတွက် မြန်မာ ကျောင်းသား ၁၀ ဦးကို ရွေးချယ်ကာ ပညာသင်ဆု ချီးမြှင့်မည်ဟု အဆိုပါ သတင်းက ဆိုသည်။

သြစတြေးလျ အစိုးရသည် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ဂျပန် နှင့် ဥရောပ နိုင်ငံများမှ ကျောင်းသားများကိုလည်း ပညာသင်ဆုများ ထောက်ပံ့ ချီးမြှင့်လျက် ရှိသည်။

သြစတြေးလျက ပေးမည့် ပညာသင်ဆု ထောက်ပံ့ရေး အစီအစဉ်တွင် Journalism၊ Mass Communication၊ Public Relation၊ Accounting and finance၊ International Business Management and Marketing၊ Logistics Management၊ e-business and e-commerce၊ Construction Management and Property and hospitality နှင့် Tourism စသည့် ဘာသာရပ်များ ပါဝင်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း သြစတြေးလျ အဆင့်မြင့် ပညာဌာနက ဆစ်ဒနီမြို့ရှိ Raffles College of Design and Commerce တွင် မြန်မာ ကျောင်းသားများ အနေဖြင့် ဘွဲ့လွန်ပညာ ဆည်းပူး နိုင်ရေးအတွက် သြစတြေးလျ ဒေါ်လာ တစ်သောင်း ထောက်ပံ့သွားမည်ဟု ကြေညာခဲ့သည်။

အဆိုပါ ပညာသင်ဆု အတွက် လျှောက်ထားမည့် ကျောင်းသားများ အနေဖြင့် G.C.E 'O' Level နှင့် IELTS အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတွင် အနည်းဆုံး အမှတ် 6.0 ရရှိထားသူများ ဖြစ်ရမည်ဟု အရည်အချင်း ကန့်သတ်ချက်များ ထားရှိထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် သြစတြေးလျ Central Queensland University နှင့် Jame Cook University အပါအဝင် နိုင်ငံတကာ စာသင်ကျောင်းပေါင်း ၂၀ ပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် လားရှိုးမြို့တွင် နိုင်ငံတကာ ပညာရေး ပွဲတော် တစ်ရပ်ကို ကျင်းပခဲ့ကြသည်။

Bernama သတင်းဝက်ဆိုက်မှ Australia to provide scholarship to Myanmar students ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြည်ပ မြန်မာအလုပ်သမား သမဂ္ဂများ၏ အဆိုအရ ယနေ့ခေတ် မြန်မာနိုင်ငံတွင်းမှ အလုပ်သမားများ၏ အလုပ်သမား အခွင့်အရေးနှင့် လူမှု လုံခြုံရေး အစရှိသည်တို့ ရရှိနိုင်ရန် အလုပ်သမား သမဂ္ဂများ လိုအပ်လျက် ရှိကြောင်း သိရသည်။

မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) တို့သည် မကြာသေးခင်က ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန်တွင် ဖြစ်ပွားခဲ့သော အလုပ်သမားများ ဆန္ဒပြမှုကို အသေးစိတ် သိရှိရန် စုံစမ်းလျက် ရှိသည်။

သတင်းများအရ လှိုင်သာယာ စက်မှုဇုန်ရှိ Tayi ဖိနပ်စက်ရုံ၊ ကြာမင်း၊ အိုပယ်-၂ (မြအထည်ချုပ်) စသည့် စက်ရုံများမှ အလုပ်သမားများ အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုကို မကျေနပ်သောကြောင့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည် ဟုဆိုသည်။

"မြန်မာနိုင်ငံမှာ လူမှု လုံခြုံရေးစနစ်တွေ အားနည်းနေပါတယ်။ အလုပ်သမား တွေအတွက် အာမခံ စနစ်တွေ မရှိဘူး။ အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ ကန်ထရိုက် စာချုပ်တစ်ခု ရှိသင့်ပေမယ့်လည်း အခုထိ ဘယ်စက်ရုံမှာမှ အဲဒီလို စာချုပ် ချုပ်တာ မရှိဘူး။ အလုပ်သမား အခွင့်အရေးကို ကာကွယ်ပေးမယ့် သမဂ္ဂတွေ မရှိသလို အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးမယ့်အဖွဲ့အစည်းတွေလည်း မရှိပါဘူး။ အဲဒီလို အဖွဲ့အစည်းတွေ မရှိတော့ ပြဿနာ အသေးလေးတွေက တဖြည်းဖြည်း ကြီးထွားလာပြီး လူမှုရေး အလှုပ်အယမ်းတွေ အထိ ဖြစ်လာနိုင်ပါတယ်" ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ မှ အတွင်းရေးမှူး ကိုမိုးဆွေက မဇ္ဈိမ သတင်းဌာနသို့ ပြောသည်။

FTUB မှ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က "ကျွန်တော်တို့ ကြားသိ ထားသလောက် ပြောရရင် အလုပ်ရှင်တွေက အလုပ်သမားတွေကို အားလပ်ရက် မပေးပါဘူး။ အလုပ်ပျက်ရက် တစ်ရက်မှ မရှိတဲ့ သူတွေကို တစ်လကို ကျပ် ၄၈၀၀၀ ပဲ ပေးတယ်။ ပြောရရင် အဲဒီ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေက မြန်မာပြည်မှာ အလုပ်သမား သမဂ္ဂတွေ မရှိတဲ့ အခြေအနေကို အခွင့်ကောင်း ယူပြီး ခေါင်းပုံဖြတ်ခွင့် ရနေတာပါပဲ" ဟု ပြောသည်။

Tai Yi အမည်ရ ဖိနပ် စက်ရုံ အလုပ်သမားများသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အလုပ်ရှင်များ အနေဖြင့် အချက် ၁၀ ကို လိုက်လျောပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ အလုပ်သမားများ အဓိက တောင်းဆိုသော အချို့ အချက်များမှာ အလုပ်အားရက် ပေးရန်၊ နားနေချိန် တိုးမြှင့်ပေးရန်၊ ဆုကြေးငွေ(ဘောနပ်စ်)ကို နှစ်စဉ် ပေးရန်၊ ရက်ပျက် မရှိသော အလုပ်သမားများကို နေ့စဉ် ဆုကြေးပေးရန် တို့ ပါဝင်သည်။ မြဖက်ရှင် (Opal-2) အထည်ချုပ် စက်ရုံမှ အလုပ်သမား များကလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ဆန္ဒပြခဲ့ကြသည်။
အကြောင်းမှာ အဆိုပါ စက်ရုံ စီမံ အုပ်ချုပ်ရေး အဖွဲ့က ကြီးကြပ်ရေးမှူး အဆင့်ရှိသူများကို လစာငွေ ကျပ်တစ်သောင်းစီ တိုးမြှင့်ပေးခဲ့သော်လည်း အလုပ်သမားများကို မတိုးမြှင့် ပေးသောကြောင့် ဖြစ်သည်။ အလုပ်သမားများက တောင်းဆိုသည့် အချက်များတွင် လက်ရှိ လုပ်ကိုင်နေရသော အလုပ်ချိန် (နံနက် ၇ နာရီမှ ည ၁၁ နာရီ) ကို လျှော့ချပေးရေး၊ လုပ်ငန်းခွင် နှင့် ထမင်းစားဆောင်များ ကျန်းမာရေးနှင့် ကိုက်ညီအောင်၊ သန့်ရှင်းအောင် ပြုလုပ်ပေးရေးတို့ ပါဝင်သည်။

အဆိုပါ နေ့တွင်ပင် ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဦးနေလင်း၊ စစ်ဒေသမှူး ဗိုလ်မှူးကြီး တင့်ဆန်း၊ အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် တို့က စက်ရုံသို့ သွားရောက်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ် ခဲ့ကြသည်ဟု သိရသည်။

လွန်ခဲ့သော ၁၉၄၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံမှ သခင်ခေါင်းဆောင် လေးမောင်နှင့် သခင် ဘ တို့သည် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားများ သမဂ္ဂ ကွန်ဂရက်ကို ဖွဲ့စည်း ထူထောင်ခဲ့ပြီး အလုပ်သမားတို့အကြား ဖြစ်ပေါ်သော ပြဿနာများကို ဖြေရှင်းပေးနိုင်ခဲ့သည်။ သို့သော် ဂျပန်တို့ ဝင်ရောက်လာသောအခါ အဆိုပါအဖွဲ့ကို ပိတ်ပင်လိုက်ပြီး အလုပ် သမား အဖွဲ့ဟု ပြောင်းလဲ ဖွဲ့စည်းစေခဲ့သည်။

ဒုတိယ ကမ္ဘာစစ် အပြီးတွင် အလုပ်သမား အဖွဲ့က မြန်မာပြည် အလုပ်သမား သမဂ္ဂ ကွန်ဂရက် (TUCB) ဟု ပြောင်းလဲ ဖွဲ့စည်းခဲ့ပြန်သည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာ သိမ်းပိုက်လိုက်ပြီး နောက်ပိုင်းတွင် မည်သည့် အလုပ်သမား အသင်းနှင့် သမဂ္ဂတို့ကိုမျှ လုပ်ကိုင်ဖွဲ့စည်းခွင့် မပြုတော့ပေ။ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက ၎င်းတို့၏ အုပ်ချုပ်မှု အောက်တွင် အလုပ်သမားနှင့် လယ်သမား အဖွဲ့များကိုသာ ဖွဲ့စည်းစေခဲ့သည်။

အလုပ်သမား သမဂ္ဂများ လွတ်လပ်စွာ လှုပ်ရှားခွင့် ရရှိစဉ် အချိန်က အဆိုပါ အဖွဲ့များသည် အလုပ်သမား ပြဿနာများကို ဖြေရှင်းရာတွင် သြဇာ အင်အား ကြီးမားခဲ့ပြီး အလုပ်သမား အခွင့်အရေးအတွက် ကာကွယ်မှုများ ပေးနိုင်ခဲ့သည်။ အခွင့်အရေးများ ရရှိအောင်လည်း တိုက်ပွဲ ဝင်ပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိသည့် သမဂ္ဂများ မရှိတော့ပေ။ သို့အတွက်ကြောင့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ အမျိုးသမီး စသည့် မတူညီသော လူတန်းစားများ၏ အခွင့်အရေးအတွက် လုပ်ကိုင်ပေးသော အဖွဲ့အစည်းများသည် မြေအောက် လှုပ်ရှားမှု အသွင်ဖြင့်သာ လည်ပတ် နေကြရသည်။ သို့သော်လည်း အဆိုပါ အရေးကိစ္စများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိပေ။

Mizzima သတင်းဌာန၏ Burma badly needs trade unions for workers ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Wall Street Journal, 17th February 2010

ပြီးခဲ့သည့် ရက်သတ္တပတ် ကုန်ဆုံးချိန်က မြန်မာနိုင်ငံတွင် အဓိက အစိုးရ ဆန့်ကျင်သူ တစ်ဦးကို လွှတ်ပေးခဲ့ခြင်းဖြင့် မြန်မာ စစ်အစိုးရသည် ယခုနှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည် ဆိုသော ကတိ အတိုင်း ပြုလုပ်ပေးမည်လော။ အတိုက်အခံကလည်း မည်သည့် ပုံစံဖြင့် ပါဝင်မည်လော စသည်ဖြင့် မေးခွန်းများကို ပိုမို တိုးပွားလာစေသည်။

အင်္ဂါနေ့က စိုးရိမ် ပူပန်မှုများ ပိုမို တိုးပွားလာစေမည့် သတင်းများ ပိုမို ရရှိလာခဲ့ရာ နိုင်ငံရေး လှုပ်ရှားသူ အမျိုးသမီး လေးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ခြင်းနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အဖွဲ့မှ ပြီးခဲ့သည့် နှစ်များ အတွင်း နိုင်ငံရေး လှုပ်ရှားသူများ အပေါ်နှိပ်စက်မှုများနှင့် ပတ်သက်၍ အသေးစိတ် လေ့လာချက်ကို ထုတ်ပြန်ခဲ့ခြင်းများပါဝင်ပါသည်။

အဆိုပါ အဖြစ်အပျက်များနောက်တွင် ကုလသမဂ္ဂ ကိုယ်စားလှယ် Toma's Ojea Quintana သည် မြန်မာနိုင်ငံ တွင် လူ့အခွင့်အရေး တိုးတက်မှုများကို လေ့လာရန် ရောက်ရှိလာသည်။ ဒီမိုကရေစီ လိုလားသော အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ဆန့်ကျင်သူ နိုင်ငံရေး လှုပ်ရှားသူ ၂၀၀၀ ကျော်ခန့်ကို ထောင်ထဲတွင် ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ အချိန်ကာလ ကြာမြင့်စွာပင် မြန်မာ အစိုးရ၏ ကျူးလွန်မှုများကို စွပ်စွဲ ပြောဆိုခဲ့သည်။

မကြာသေးမီက အစိုးရသည် အငြင်းပွားနေမှုများကို ရပ်တန့် သွားစေလိုသည့် သဘောကို တွေ့ရသည်။ ပြီးခဲ့သည့် စနေနေ့က နာမည်ကြီး နိုင်ငံရေး လှုပ်ရှားသူ ဦးတင်ဦးကို ၂၀၀၃ ခုနှစ်မှ စတင်၍ နေအိမ် အကျယ်ချုပ် ချထားခြင်း ပြီးဆုံးချိန်တွင် လွှတ်ပေးခဲ့သည်။

အစိုးရသည် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အားလည်း သူမ၏ ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။ လေ့လာသူများက သုံးသပ်ရာတွင် စစ်တပ်သည် ရွေးကောက်ပွဲဖြင့် ၎င်း၏ တရားဝင် ရပ်တည်မှုကို ပြုလုပ်လိုပြီး၊ ရွေးကောက်ပွဲ သိက္ခာရှိရေး အတွက် အတိုက်အခံကိုလည်း အတိုင်းအတာ တစ်ခု အထိ ပါဝင်စေလိုပုံ ရသည်ဟု ဆိုပါသည်။ နိုင်ငံရေး လှုပ်ရှားသူများနှင့် အဝေးရောက်များက ဦးတင်ဦးအား လွှတ်ပေးမှသာ အမှန်တကယ် တိုးတက်မှု ဖြစ်မည်ဟု ဆိုသည်။

အမေရိကန် ပြည်ထောင်စုနှင့် အခြားဒေသများရှိ ခေါင်းဆောင်များက သူမကို လွှတ်ပေးခြင်းမှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အတွက် အကြို ပြင်ဆင်မှု ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ကြသည်။ အချို့ နိုင်ငံရေး လှုပ်ရှားသူများက ဦးတင်ဦးအား လွှတ်ပေးခြင်းမှာ ၎င်းသည် အသက် ၈၂ နှစ် ရှိပြီ ဖြစ်ပြီး အစိုးရအား ဒုက္ခပေးရန် အိုမင်း နေသောကြောင့်ဟု ဆိုသည်။ ''အစိုးရ ဟာ ရွေးကောက်ပွဲ မတိုင်ခင် သူတို့ နာမည်ကောင်း ရအောင် ဒီလို လှပတဲ့ တိုက်ကွက် ကလေးတွေ လုပ်လိမ့်ဦးမယ်လို့ မျှော်လင့်ရတယ်'' ဟု ထိုင်းနိုင်ငံ အခြေစိုက် Forum for Democracy အဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် စိုးအောင်က ပြောသည်။ အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီ အတိုက်အခံများ လှုပ်ရှား၍ မရသော အခြေအနေ မရောက်သေးဘူး ဆိုလျှင် အားနည်း သွားစေရန် ဘာလုပ်ရ လုပ်ရ၊ မည်မျှ ကုန်ကျပါစေ လုပ်လိမ့်ဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာ အစိုးရသည် နိုင်ငံခြား သတင်းစာ ဆရာများနှင့် တွေ့ဆုံ စကားပြောရန် ခဲယဉ်းသောကြောင့် အစိုးရနှင့် ထိတွေ့ ဆက်ဆံရန် ကြိုးစားမှုများမှာ မအောင်မြင် နိုင်ပေ။ ယခု ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ်မှာလည်း မည်သည့် တိုးတက်မှု ရလဒ်များ ဆောင်ကြဉ်းနိုင်မည်လည်း ဆိုသည်မှာ မသေချာသေးပေ။ ၎င်းသည် အစိုးရ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံရန် မျှော်လင့် သော်လည်း မသေချာသည့် အခြေအနေတွင် ရှိနေသည်။

အတိုက်အခံ ပြောခွင့်ရ ပုဂ္ဂိုလ်၏ ပြောကြားချက်ကို အခြေခံ၍ AP သတင်းဋ္ဌာနမှ ပြောကြားရာတွင် တနင်္လာနေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ခဲ့သော အမျိုးသမီးများမှာ ဘုန်းတော်ကြီးများကို ဆွမ်းလောင်းသောကြောင့် စွပ်စွဲပြီး ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဖွဲ့၏ ၂၀၀၉ ခုနှစ် သြဂုတ်လ အထိ အကြုံးဝင်သော အစီရင်ခံစာတွင် အစိုးရသည် တိုင်းရင်းသား နိုင်ငံရေး သမားများကို ရည်ရွယ်၍ ထောင်ထဲတွင် သေသည် အထိ နှိပ်စက်ရန် ပစ်မှတ်ထားခဲ့သည်ဟု ဆိုသည်။ ၎င်းတို့က အစိုးရကို နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 17th February 2010

Dalai Lama သည် ကြာသပတေးနေ့တွင် အမေရိကန် သမ္မတ Barack Obama နှင့် တွေ့ဆုံရန် အမေရိကန် ပြည်ထောင်စု သို့ ရောက်ရှိ လာပြီ ဖြစ်သည်။ အဆိုပါ ကိစ္စကို တရုတ်က ကန့်ကွက်လျက် ရှိသည်။

အမေရိကန်နှင့် တရုတ်တို့ ဆက်ဆံရေး တင်းမာနေချိန်တွင် အဆိုပါ တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့သည်။ အမေရိကန်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းခြင်း ကိစ္စ၊ တရုတ်၏ ဆိုက်ဘာ စပိုင် ကိစ္စ နှင့် နှစ်နိုင်ငံ ကုန်သွယ်မှု ဆက်ဆံရေး ကိစ္စများတွင် အငြင်းပွားဖွယ်များ ဖြစ်ပေါ်နေချိန် ဖြစ်သည်။

တရုတ်နိုင်ငံသည် Dalai Lama ကို ခွဲထွက်ရေး သမားဟု မြင်ပြီး၊ Dalai Lama နှင့် တွေ့ဆုံမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို အားနည်းစေမည် ဖြစ်ကြောင်း တရုတ်က သတိပေးခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် အဆိုပါ ကိစ္စကို သေချာစွာ ကိုင်တွယ်လျက် ရှိနေပြီး၊ ကြောက်ရွံ့နေရန် မလိုအပ် ဟု ဆိုသည်။

Dalai Lama သည် ဝါရှင်တန် သို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာရာ၊ ဟော်တယ်သို့ သွားရောက်ပြီး၊ တိဗက် လုပ်ဖော်ကိုင်ဖက်များနှင့် တရုတ်နှစ်သစ်ကူးကို ဆင်နွှဲခဲ့သည်။

Dalai Lama ၏ အထူး ကိုယ်စားလှယ် Lodi Gayari က ယခုကဲ့သို့ တွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းသည် အရေးကြီးမှုများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

Dalai Lama သည် အမေရိကန် သမ္မတအား တိဗက် ကိစ္စအား ဖြေရှင်းရာတွင် တိဗက်နှင့် တရုတ် လူမျိုးများ နှစ်ဦး နှစ်ဖက် အကျိုး ရှိစေမည့် အဖြေရှာနိုင်ရေး အတွက် အကူအညီ ပေးရန် တောင်းခံလိမ့်မည်ဟု ၎င်းက ဆိုသည်။

အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Robert Gibbs က ပြီးခဲ့သည့် အပတ်က Dalai Lama အား လက်ခံတွေ့ဆုံမှု အတွက် ဆုံးဖြတ်ချက် ချရခြင်း အပေါ် ကာကွယ် ပြောဆိုသွားရာတွင် ၎င်းသည် နိုင်ငံတကာ က လေးစားသော ဘာသာရေး ခေါင်းဆောင် ဖြစ်သောကြောင့် ဟု ဆိုသည်။

Gibbs က တရုတ် အမေရိကန် ဆက်ဆံရေးတွင် နိုင်ငံတကာ အရေးကိစ္စများ အတွက် တူညီသော အခြေခံ အချက်များ ရှာဖွေရာတွင် သဘော မတူမှုများ အတွက် လူကြီးဆန်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Obama သည် ယမန်နှစ်က တရုတ်နိုင်ငံ သို့ ၎င်း၏ တရားဝင် ခရီးစဉ် ရှိသောကြောင့် ဝါရှင်တန်တွင် Dalai Lama နှင့်တွေ့ဆုံရန် ရှောင်ရှားခဲ့သည်။

Obama သည် ကြာသပတေးနေ့တွင် အိမ်ဖြူတော်ရှိ နိုင်ငံခြား ခေါင်းဆောင်များနှင့် VIP ဧည့်သည်များအား လက်ခံ တွေ့ဆုံလေ့ ရှိသည့် ဘဲဥပုံ ရုံးခန်းတွင် လက်ခံ တွေ့ဆုံမည် ဖြစ်သည်။

Dalai Lama သည် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

တရုတ်သည် တိဗက်နှင့် ပတ်သက်သော ကိစ္စများတွင် အထိမခံ ဖြစ်လျက် ရှိရာ တရုတ် နိုင်ငံခြားရေး ဌာနက အမေရိကန်အား တရုတ် အမေရိကန် ဆက်ဆံရေးတွင် ထိခိုက်မှု မရှိစေရန် တွေ့ဆုံမှုအား ပယ်ဖျက်ရန် တိုက်တွန်းခဲ့သည်။

တရုတ်သည် ၁၉၅ဝ ခုနှစ်က တိဗက်ကို သိမ်းပိုက်ခဲ့ပြီး၊ Dalai Lama ကို ခွဲထွက်ရေး သမား အဖြစ် သတ်မှတ်ကာ ၎င်းအား နိုင်ငံတကာ ခေါင်းဆောင်များကို မတွေ့ဆုံရန် တောင်းဆိုပြီး အထီးကျန်အောင် ပြုလုပ်ရန် ကြိုးစားခဲ့သည်။

Dalai Lama သည် ၁၉၅၉ ခုနှစ် တွင် တိဗက်မှ ထွက်ပြေးလာခဲ့ပြီး အိန္ဒိယနိုင်ငံတွင် နေထိုင်ခဲ့သည်။

တရုတ်သည် အမေရိကန်မှ ထိုင်ဝမ်သို့ ဒေါ်လာ (၆.၄) ဘီလီယံ  ( ပေါင်စတာလင် ၄ ဘီလီယံ) တန်ဖိုးရှိ လက်နက်များ ရောင်းချခြင်း အတွက် ဝမ်းနည်းကြောင်း ဖော်ပြအပြီး မကြာမီ ယခုကဲ့သို့ တွေ့ဆုံမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

Beijing သည် ထိုင်ဝမ်ကို တရုတ်၏ အချုပ်အချာ အာဏာပိုင်သည့် နယ်မြေ တစ်ခု အဖြစ် သတ်မှတ်ပြီး လိုအပ်ပါက အင်အားသုံး၍ ပြန်လည် ပေါင်းစည်းရေး လုပ်မည်ဟု ယူဆထားသည်။

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှု အတွက် အခြား အကြောင်းတစ်ခုမှာ ရှာဖွေရေး အင်ဂျင်ကြီး ဖြစ်သည့် Google သည် တရုတ်နိုင်ငံတွင်း၌ ရည်ရွယ်ချက် ရှိရှိဖြင့် ဆိုက်ဘာ တိုက်ခိုက်မှုများ၊ အင်တာနက် ဆင်ဆာများကို ခံစားခဲ့ရခြင်းကြောင့် ဖြစ်သည်။

နောက်တစ်ချက်မှာ အချိန် ကြာမြင့်စွာကပင် အငြင်းပွားနေသော Obama ပေးသည့် တရုတ် ငွေကြေးအပေါ် ပိုမို အလေးပေး ကိုင်တွယ်ရန် အကြံပြုမှု အပေါ် တရုတ်၏ လျစ်လျူရှုမှု ဖြစ်သည်။ ကုန်သည် အချို့က တရုတ်ငွေကို ဟန်ဆောင်၍ အားနည်းအောင် လုပ်ထားသည်ဟု ဆိုသည်။

တချိန်တည်းတွင် အမေရိကန်သည် တရုတ်ကို အီရန်၏ နျူကလီယာ အစီအစဉ်ကြောင့် ကုလသမဂ္ဂ မှ အရေးယူရာတွင် ပါဝင် ထောက်ခံ ကူညီရန် အလိုရှိနေပြန်သည်။

အမေရိကန်က Dalai Lama ကို ထောက်ခံခြင်းကြောင့် တရုတ်တို့က စိတ်ဆိုးခြင်းမှာ ယခု အကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ပေ။

၂၀၀၇ ခုနှစ်က သမ္မတ Bush က Dalai Lama ကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံပြီး၊ Dalai Lama အား ချီးမြှင့်သော ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ် ချီးမြှင့်ပွဲသို့ တက်ရောက်စဉ်က တရုတ်သည် စိတ် အနှောင့်အယှက် ဖြစ်ခဲ့ဖူးသည်။

ထိုစဉ်က အမေရိကန် သမ္မတသည် တိဗက် ခေါင်းဆောင်နှင့် အတူ တွဲ၍ လူအများရှေ့ ထွက်ပြခဲ့ခြင်းသည် ပထမဦးဆုံး အကြိမ် ဖြစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.