Transparency Myanmar

transparency.myanmar@gmail.com

Macdonald Dzirutwe, Reuters, 21st February 2010

          ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီသည် ၎င်း၏ ၈၆ နှစ်မြောက် မွေးနေ့ကို တနင်္ဂနွေနေ့က ကျင်းပခဲ့သည်။ ၎င်းသည် လွတ်လပ်ရေး ရပြီးကတည်းက နှစ်ပေါင်း သုံးဆယ်ခန့် အုပ်ချုပ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ၎င်း၏ ဘဝတစ်ခုလုံး အာဏာကို ဖက်တွယ်ထားလိမ့်မည် ဖြစ်သည်ဟု သုံးသပ်ကြပြီး၊ ၎င်းသည် အုပ်စိုးမှု သက်တမ်း ရှည်ကြာအောင် တိုင်းပြည်ကို သွေးခွဲ အုပ်ချုပ်ခဲ့သည်ဟု ဆိုသည်။

          ၎င်း၏ ZANU-PF ပါတီက စနေနေ့၌ Bulawayo မြို့တွင် စီတန်း လှည့်လည်ခဲ့ကြပြီး၊ မူဂါဘီကမူ သူ၏ မိသားစုနှင့် တနင်္ဂနွေနေ့က တိတ်တဆိတ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

          ကယ်တင်သော သူရဲကောင်း အဖြစ် နိုင်ငံရေး ထောက်ခံသူများက ချီးမြှောက်ကြပြီး၊ အာဖရိက တစ်ခုလုံးကလည်း အနောက်နိုင်ငံများ၏ ဗိုလ်ကျမှု ခံရသော နိုင်ငံအဖြစ် ချီးကျူးကြသည်။ ၎င်း၏ အတိုက်အခံများကမူ အာဏာရှင်အဖြစ် စွပ်စွဲပြီး အားလုံးက ညီတူညီမျှပင် ၎င်းကို မုန်းတီးနေကြသည်။

          ဒီဇင်ဘာက မူဂါဘီသည် ၎င်း၏ ပါတီအား နောက်ငါးနှစ် ဆက်လက်ဦးဆောင်ရန် ကန့်ကွက်သူ မရှိ ရွေးချယ်ခံရသည်။ နိုင်ငံရေး ဝေဖန်သူများက ၎င်းသည် နောက်လာမည့် ရွေးကောက်ပွဲ အတွက် ZANU-PF ပါတီ၏ သမ္မတလောင်းအဖြစ် အလိုအလျောက် ဖြစ်လာမည် ဖြစ်ပြီး ၂၀၁၃ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သူသည် အသက် ၈၉ နှစ် ရှိမည် ဖြစ်သည်။

          သူသာ ပါတီခေါင်းဆောင် အဖြစ် ရှိနေပြီ ဆိုပါက သူ၏ ပါတီကို ခွဲပစ်လိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ခုနှစ် မတ်လက သူ၏ ပါတီသည် ပထမဦးဆုံး အကြိမ်အဖြစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့၍ ဖြစ်သည်။ ရွေးကောက်ပွဲ ရှုံး၍ အတိုက်အခံ Movement for Democratic Change (MDC) နှင့် ညွန်ပေါင်း အစိုးရဖွဲ့ရပြီး MDC ခေါင်းဆောင် Morgan Tsvangirai ကို ဝန်ကြီးချုပ် ခန့်ထားရသည်။

          မူဂါဘီသည် ၎င်း၏ ရှည်လျားသော နိုင်ငံရေး ဘဝကြီး၏ နေဝင်ချိန် အပိုင်းကို ရောက်နေပြီ ဖြစ်သော်လည်း ၎င်း၏ နေရာတွင် ဆက်ခံမည့်သူကို ရွေးချယ်ရန် ငြင်းခုန်ဆဲဖြစ်ပြီး၊ ဆက်ခံမည့် ခေါင်းဆောင်များ၏ နောက်လိုက်များ အင်အားချည့်နဲ့အောင်၊ စိန်ခေါ်မှုများ မလုပ်နိုင်အောင် ပြုလုပ်ထားသည်။

          ၎င်းသည် အသက် ၈၆ နှစ် ရှိပြီ ဖြစ်သော်လည်း နောက်ထပ် ငါးနှစ် ပါတီကို ဦးဆောင်ရန် ရွေးချယ်ခံ ထားရကြောင်း၊ ZANU-PF ကို ဦးဆောင်သူများက ၎င်းကို ပါတီ ခေါင်းဆောင် အဖြစ် ကွယ်လွန်သည်ကိုသာ မြင်လိုကြသည်ဟု ဇင်ဘာဘွေ တက္ကသိုလ် နိုင်ငံရေး သိပ္ပံ ကထိက Eldred Masunungure က ပြောသည်။

          ZANU-PF ၏ ဒု ဥက္ကဋ္ဌ သုံးဦးမှာလည်း ဒုဥက္ကဋ္ဌ အဖြစ်နှင့်ပင် ကွယ်လွန်ကြသည် ဖြစ်ရာ ၎င်းကိုလည်း ဥက္ကဋ္ဌအဖြစ်နှင့်သာ သေသည်အထိ နေစေလိုသည်ဟု Masunungure က ပြောသည်။

          မူဂါဘီအား ဥက္ကဋ္ဌ အဖြစ် နောက်ထပ် ငါးနှစ် ရွေးချယ်ခဲ့ခြင်းသည် ဝေဖန်မှုများကို ပိုမို လာစေသည်။ ၎င်း၏ အုပ်စိုးမှု သက်တမ်း ကြာလာသည်နှင့်အမျှ ဇင်ဘာဘွေ၏ ပြဿနာများကို ပိုမို ဆိုးရွားလာစေပြီး၊ စီးပွားရေး ပြန်လည် နာလံထမှုကိုလည်း ရပ်သွားစေမည် ဖြစ်ကြောင်း ဝေဖန်ကြသည်။

          မူဂါဘီ၏ မှားယွင်းသော မူဝါဒများကို ဥပမာအဖြစ် ထောက်ပြရာတွင် လူဖြူများ ပိုင်သော လယ်များကို သိမ်းဆည်းခြင်း၊ ဥပဒေသစ် ထုတ်ပြန်၍ နိုင်ငံခြားသားပိုင် ဘဏ်များ၊ သတ္တု တူးဖော်ခြင်းများ စသည့် ရှယ်ယာ အများစုကို လူမည်းများသို့ ပေးစေခြင်းများ ဖြစ်သည်။

          မူဂါဘီနှင့် ၎င်း၏ အတွင်းအသိုင်းအဝိုင်းကို ZANU-PF ပါတီ ၂၀၀၀ ခုနှစ်က ရွေးကောက်ပွဲ နိုင်ကတည်းက အနောက်နိုင်ငံက အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ မူဂါဘီကမူ လူဖြူများ၏ လယ်များကို သိမ်း၍ မြေယာမဲ့ လူမည်းများကို ပြန်လည် နေရာချထားမှုကြောင့် ၎င်းအား ဒဏ်ခတ်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

          မူဂါဘီသည် ၎င်း၏ အသက်နှင့် စာလျှင် ကျန်းမာ သန်စွမ်းပြီး မည်သူ့ စကားမျှ နားမထောင်ဘဲ မိမိ ပြုလုပ်ချင်ရာ ပြုလုပ်နေဆဲပင် ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် နှစ်က ညွှန်ပေါင်း အစိုးရ ဖွဲ့ခဲ့ပြီး နောက်ပိုင်း အနောက်နိုင်ငံများနှင့် ပြည်တွင်း အတိုက်အခံများကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခြင်း မရှိတော့ပေ။

          သို့သော် အတိုက်အခံ Tsvangirai နှင့် ပူးပေါင်းလိုက်ရခြင်းသည် အုပ်ချုပ်မှု အာဏာ ခွဲဝေရေးနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာတွင် တင်းမာမှုများ ရှိနေခြင်းကြောင့် ဒုက္ခတွေ့လျက် ရှိနေသည်။

          ပြီးခဲ့သည့် လက ဇင်ဘာဘွေတွင် အခြေခံ ဥပဒေသစ် ရေးဆွဲရေးကို ခေတ္တ ရပ်ဆိုင်းခဲ့ရသည်။ အကြောင်းမှာ ငွေထောက်ပံ့ရေး ကိစ္စများ၊ အခြေခံ ဥပဒေအပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အတွက် မျှော်လင့်ချက်များ အတွက် ငြင်းခုံမှုများ ဖြစ်ပြီး ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

          ၎င်း၏ မွေးနေ့ မတိုင်မီညက မူဂါဘီနှင့် အင်တာဗျူးတွင် ၎င်းက ညွန့်ပေါင်းအစိုးရ မပြိုလဲစေရေး ကတိပြုခဲ့သည်။

          သုံးသပ်သူများ၏ အဆိုအရ တရားမျှတသော ရွေးကောက်ပွဲတွင် မူဂါဘီသည် Tsvangirai ကို ရှုံးနိုင်ကြောင်း၊ သို့သော် ၂၀၀၈ ခုနှစ်က ZANU-PF ပါတီ ရှုံးနိမ့်အပြီးတွင် မူဂါဘီသည် အနိုင်ရရန် သမိုင်းကြောင်းတွင် ရက်စက်မှုများ ရှိခဲ့သော၊ လွတ်လပ်သည့် စစ်ပြန်များ ပါဝင်သော နိုင်ငံရေး အဖွဲ့ အပေါ်တွင် ပို၍ အားထားလာဖွယ် ရှိသည်ဟု ဆိုသည်။

          လူအများ မေးနေသော မေးခွန်းမှာ မူဂါဘီသည် ဇင်ဘာဘွေ၏ ဘဝရှင် မင်းတရားကြီး ဖြစ်တော့မည်လားဟု ဖြစ်ကြောင်း၊ ဇင်ဘာဘွေ နိုင်ငံသားများသည် အဆိုပါ ဖြစ်နိုင်သည့် အမှန်တရားကို လက်ခံလာရလိမ့်မည် ဖြစ်ကြောင်း Masunungure က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အကယ်၍ ထိုင်းအစိုးရကသာ နိုင်ငံသား စိစစ်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်လာမည် ဆိုပါက ထိုင်းနိုင်ငံတွင် နေထိုင်လျက် ရှိသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများမှ ရွှေ့ပြောင်းလုပ်သား အများအပြား ပြည်နှင်ဒဏ် ပေးခံရမည့် အနေအထားမျိုးနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင် သူများက သုံးသပ် ပြောဆိုလိုက်သည်။

ထိုင်းအစိုးရ ကက်ဘိနက်သည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံတွင်း လာရောက် နေထိုင် အလုပ်လုပ်ကိုင်လျက် ရှိသော ရွှေ့ပြောင်း လုပ်သားများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံတွင် နေထိုင်သော ရွှေ့ပြောင်း လုပ်သားများ အနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက် မတိုင်မီ ပြည်ထဲရေး ဝန်ကြီးဌာနသို့ ကိုယ်ရေးရာဇဝင်များ တင်ပြနိုင်ပါက အလုပ် လုပ်ခွင့် ပါမစ် သက်တမ်း ၂ နှစ် တိုးမြှင့်ပေးမည် ဖြစ်သည်

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း လုပ်သား စုစုပေါင်း ၁ ဒသမ ၃ သန်းခန့် နေထိုင်လျက် ရှိသည်ဟု ခန့်မှန်းရသည်။

မည်သို့ပင် ဖြစ်စေ သတ်မှတ်ရက် မတိုင်မီ ကိုယ်ရေး ရာဇဝင် တင်ပြနိုင်ခြင်း မရှိပါက မိမိနိုင်ငံသို့ ပြန်ပို့ခံရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။

ကုလသမဂ္ဂ ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင်သူ Jorge Bustamante က လက်ရှိ အခြေအနေတွင် ရွှေ့ပြောင်း လုပ်သား အားလုံး မှတ်ပုံတင်နိုင်ခြင်း မရှိသေးကြောင်း၊ အကယ်၍ မှတ်ပုံတင်မည် ဆိုပါကလည်း စာရွက်စာတမ်း မြောက်များစွာ လိုအပ်မည် ဖြစ်ရာ ၎င်းတို့ အနေဖြင့် အခက်အခဲ ရှိလိမ့်မည် ဖြစ်ကြောင်း မှတ်ချက်ပေး ပြောဆိုသည်။

"ရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ ဖေဖော်ဝါရီ လကုန်ပြီးတာနဲ့ ပြည်နှင်ဒဏ် ပေးခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ကြရပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ထိုင်းအစိုးရကို ယခင် ပြောခဲ့ဖူးတဲ့ ကိစ္စကို ပြန်ပြောလိုပါတယ်။ အဲဒါကတော့ ရွှေ့ပြောင်း လုပ်သားတွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒကို ပြန်လည် သုံးသပ်ဖို့ပါပဲ။ လောလောဆယ် ကျွန်တော် စိတ်ပျက်မိတာက ထိုင်းအစိုးရက ကျွန်တော်တို့ ပို့ထားတဲ့ စာနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ တုံ့ပြန်မှု မလုပ်သေးတာပါပဲ။ တကယ်လို့ ထိုင်းအစိုးရ အနေနဲ့ အဲဒီမူဝါဒ အတိုင်း ဆက်လုပ်သွားမယ် ဆိုရင် လူမှုရေး ထိခိုက် နစ်နာမှုတွေ ရှိလာမှာ သေချာပါတယ်။ ဒါတင် မကပါဘူး။ နောက်ဆက်တွဲ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိလာနိုင်တယ်" ဟု ၎င်းက ဆိုသည်။

UN News Center မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကမ္ဘာပေါ်တွင် ဆန်စပါးအများဆုံး တင်ပို့သူဖြစ်သော ထိုင်းနိုင်ငံက နှစ်လကျော်ခန့် သိုလှောင် ထားသည့် ဆန်တန်ချိန် ၂ သန်းခန့်ကို ရောင်းချဖွယ် ရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် ဆန် ဝယ်ယူသူများထံမှ ဝယ်လိုအား မြင့်တက်လာချိန်၊ ပြိုင်ဘက်နိုင်ငံများ၏ ဆန်တင်ပို့မှု ခေတ္တမျှ ရပ်ဆိုင်းနေချိန် တို့ကို အကျိုးအမြတ် ရယူသည့် အနေဖြင့် ယင်းသို့ တင်ပို့ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ထိုင်း အရာရှိတစ်ဦးက ဆိုပါသည်။

ထိုင်း နိုင်ငံခြားကုန်သွယ်ရေး ဌာန၏ အဆိုအရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သော ဆန်တန်ချိန် ၃၅၀၀၀၀ နှင့် ပတ်တွန်တာနီဆန် တန်ချိန် ၁၅၀၀၀၀ တို့ကို ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများအား ရောင်းချမည်ဖြစ်သည်။ ထိုမျှမကသေးဘဲ ထိုင်းနိုင်ငံ အနေဖြင့် ဆန်များကို အစိုးရအချင်းချင်း ရောင်းချသည့် စနစ် (G to G) ဖြင့်လည်း ရောင်းချရန် စီစဉ် ထားသည်ဟု နိုင်ငံခြား ကုန်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Vichak Visetnoi ကပြောပါသည်။

ယခုအခါ ထိုင်းနိုင်ငံတွင် ရောင်းချရန် သိုလှောင်ထားသည့် ဆန်တန်ချိန် စုစုပေါင်း ၅ ဒဿမ ၆ သန်းခန့် ရှိရာ ဈေးကွက်တွင်း ဆန်ဈေးနှုန်းများ ကျဆင်းနေမှုကို ပိုမိုဆိုးရွား စေနိုင်သောကြောင့် ထိုင်းအစိုးရက ယင်းသို့ ထုတ်ရောင်းရန် စီစဉ်ခြင်းလည်းဖြစ်ပါသည်။

အမေရိကန် စိုက်ပျိုးရေး ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ထိုင်းယခုနှစ်အတွင်း ကမ္ဘာလုံး ဆိုင်ရာ ဆန်တင်ပို့ ရောင်းချမှုတွင် ဆန်တန်ချိန် ၃၀ ဒဿမ ၈၅ သန်းခန့်ရှိသည်။

"ပြိုင်ဘက် ဆန်တင်ပို့တဲ့ နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ မြန်မာတို့က ဆန်တင်ပို့မှုကို လျှော့ချနေတဲ့ အချိန်မှာ အခုလို သိုလှောင်ထားတဲ့ ဆန်တွေကို ထုတ်ဖို့ စီစဉ်တာဟာ အချိန်ကိုက်ပါပဲ။ ဆန်ဝယ်လိုအား ကလည်း ကောင်းနေတုန်းပဲလေ" ဟု Vichak Visetnoi ကဘန်ကောက်မြို့တွင် ပြောကြားသည်။ "တကယ်လို့ စီစဉ်ထားတဲ့အတိုင်း ဆန်ရောင်းချနိုင်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ သိုလှောင်ထားတဲ့ အထဲက တန်ချိန် ၂ သန်းလောက်အထိ ထုတ်နိုင်မှာပါ"ဟု ၎င်းက ဆက်လက်ပြောဆိုပါသည်။

အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ပေါင် ၁၀၀လျှင် ၁၆ ဒဿမ ၂၇ ဒေါ်လာအထိ ဈေးနှုန်းမြင့်တက် ခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် ၁၃ ဒဿမ ၄၂ ဒေါ်လာဖြင့် အရောင်းအဝယ် ရှိဖြစ်ခဲ့သည်။

"အကယ်၍ ထိုင်းအစိုးရကသာ လာမယ့် ၂ လအတွင်း ဆန်တန်ချိန် ၂သန်းကို ထုတ်ရောင်းမယ် ဆိုရင် ထိုင်းနိုင်ငံက စံသတ်မှတ်ထားတဲ့ ဈေးနှုန်းတွေ လျော့ကျလာပါလိမ့်မယ်။ တစ်တန်ကို ၁၀ ဒေါ်လာက နေ ၂၀ ဒေါ်လာအထိ ကျဆင်းသွားနိုင်ပါတယ်" ထိုင်းနိုင်ငံ စားသောက်ကုန် ရောင်းဝယ်ရေးဌာနမှ ဒါရိုက်တာ Kiattisak Kanlayasirivat ကပြောကြားပါတည်။

"ကမ္ဘာ့ဈေးကွက်မှာ ဆန်ဝယ်လိုအားကျဆင်းနေပါတယ်" ဟု ၎င်းကဆိုသည်။ အဆိုပါ ဌာန သည် တစ်နှစ်လျှင် ဆန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့် တင်ပို့ရောင်းချလျက်ရှိသည်။ အ လားအလာရှိသော ဝယ်လက်များ အစိုးရအချင်းချင်း ရောင်းဝယ်ဖောက်ကားရေး အစီအစဉ်အရ ထိုင်းနိုင်ငံသည် မကြာမီကာလအတွင်း ဆန်တန်ချိန် ၇၀၀၀၀၀ (ခုနစ်သိန်း) ကို အရှေ့တောင်အာရှ ဒေသသို့ တင်ပို့ရောင်းချရန် စီစဉ်တော့မည် ဖြစ်သည် ဟု Vichak Visetnoi ကပြောပါသည်။

သို့သော် အဆိုပါ အစီအစဉ်သည် တန်ချိန် ၂ သန်း ရောင်းချမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်၊ မဖြစ်သည်ဟူသော အချက်ကိုမူ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ထိုင်းနိုင်ငံမှ ဆန်များကို ဝယ်ယူရန်စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုပါသည်။

သေချာသည့် အချက်မှာ အာဖရိက၊ ဖိလစ်ပိုင်နှင့် သဘာဝ ဘေးအန္တရာယ် ဆိုးများ ထိခိုက်မှု ခံထားရသော နိုင်ငံများမှ ဝယ်လိုအားကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်လာဖွယ်ရှိသည် ဟု ထိုင်း နိုင်ငံခြား ကုန်သွယ်ရေးဌာနက ကြေညာချက်ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင် နိုင်ငံကလည်း လာမည့် မတ်လ တွင် ၂၀၁၀ ပြည့်နှစ်အတွက် ဆန်ပိုမို တင်သွင်း နိုင်ရန် တင်ဒါ ခေါ်ယူဖွယ်ရှိပြီး အာဖရိက နိုင်ငံများကလည်း သိုလှောင်ထားသည့် ဆန်များ လျော့နည်း နေပြီဖြစ်သည့် အတွက်ကြောင့် ဆန်တင်ပို့မှုကို တိုးမြင့်လာနိုင်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်သည် ကမ္ဘာပေါ်တွင် ဆန်အများဆုံး ဝယ်ယူတင်သွင်းသည့် နိုင်ငံတစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့တွင် နိုင်ငံတော်က အရံထားသည့် ဆန်တန်ချိန် ၃၇၅၀၀၀ အား ရောင်းချမည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သည်။ ဝယ်လိုအား လျော့နေသောကြောင့် ဟုဆိုသည်။

Bloomberg သတင်းဌာန၏ Thailand may sell 2 million tons of stockpiled rice ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Inter-American Development Bank (IADB) ၏ သုတေသန ပြုလုပ်ချက်အရ ဟေတီ ငလျင်သည် မျက်မှောက်ခေတ် သမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝ ဘေးအန္တရာယ်ကြီး တစ်ခု ဖြစ်ကြောင်း သိရသည်။

၇ ဒဿမ ၀ မဂ္ဂနီကျု အင်အား ရှိသော ငလျင်ကြောင့် လူပေါင်း ၂၅၀၀၀၀ (နှစ်သိန်းငါး သောင်း) ခန့် သေဆုံးပြီး ပျက်စီး ဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ခန့် ရှိကြောင်း IADB က ဆိုသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ ဦးရေသည် ၂၀၀၄ ခုနှစ်က အင်ဒိုးနီးရှား နိုင်ငံတွင် ဖြစ်ပွားသော ဆူနာမီ ငလျင်ကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ ဦးရေနှင့် ထပ်တူ ထပ်မျှခန့် ရှိကြောင်း၊ သို့သော် ဟေတီနိုင်ငံ လူဦးရေသည် အနည်းငယ်မျှသာ ရှိရာ ဆူနာမီ ငလျင်ထက် ပိုမို ထိခိုက်ဆုံးရှုံးသည်ဟု သတ်မှတ်ကြောင်း IADB က ဖော်ပြသည်။

"နိုင်ငံ လူဦးရေနဲ့ သေဆုံး ပျောက်ဆုံးတဲ့သူ စာရင်းကို ကြည့်ရင် ဟေတီငလျင်က ပိုပြီး ထိခိုက် ပျက်စီးမှု များလှပါတယ်။ မြို့တော်ဟာ ငလျင်ကြောင့် အစိုးရ ဌာနဆိုင်ရာ တွေ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဆက်သွယ်ရေး စနစ်တွေ အားလုံး ထိခိုက် ပျက်စီးသွားပါပြီ" ဟု IADB မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

"အမှန်စစ်စစ် ဟေတီ ငလျင်ဟာ ၂၀၀၄ ခုနှစ် အင်ဒိုနီးရှား ဆူနာမီ ငလျင်နှင့် ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ နာဂစ် ဆိုင်ကလုန်းတို့ထက် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို ပိုမို ဖြစ်ပေါ်စေခဲ့ပါတယ်။ ၁၉၇၂ ခုနှစ် နီကာရာဂွါမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှင့် နှိုင်းယှဉ် မယ်ဆိုရင်လည်း ဟေတီငလျင်မှာက လူပေါင်း ၅ ဆလောက် ပိုမို ထိခိုက် ပျက်စီးခဲ့တာ  ကို တွေ့ရတယ်" ဟု IADB က ကြေညာချက် ထုတ်ပြန်သည်။

ဟေတီ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။

Indiatalkies ဝက်ဘ်ဆိုက်မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြောက်မြားစွာ ပြုလုပ်ထားသော တရုတ် နိုင်ငံသည် လွန်စွာ စိုးရိမ် ပူပန်လျက် ရှိကြောင်း တရုတ် နိုင်ငံဖက်မှ တာဝန်ရှိ အာဏာပိုင်များထံမှ သိရှိရသည်။

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ရရှိသော သတင်းများအရ  မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု တန်ဖိုးမှာ ၆၀၀ ဘီလီယံ ဒေါ်လာရှိကြောင်း၊ ယင်းပမာဏသည် မြန်မာပြည်တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တန်ဖိုး အနေဖြင့် အများဆုံး ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် သတ္တု တူးဖော်ရေး ကဏ္ဍများတွင် လည်းကောင်း၊ တိုင်းရင်းသား လူနည်းစုများ၏ နယ်စပ်ဒေသ စီးပွားရေး လုပ်ငန်းများတွင် လည်းကောင်း ဝင်ရောက် ရင်းနှီး မြှုပ်နှံထားသည်။

တရုတ် အစိုးရသည် မြန်မာနိုင်ငံနှင့် ထိကပ်နေသော ယူနန်ပြည်နယ် ဒေသ တစ်လျှောက် ပဋိပက္ခများ ဖြစ်ပွားမည်ကို မလိုလားပေ။ အထူးသဖြင့် လက်နက်ကိုင် ပုန်ကန် တော်လှန်ရေးကို စွန့်လွှတ်ရန် စစ်အစိုးရ၏ တိုက်တွန်းခြင်း ခံထားရသော တိုင်းရင်းသား လူနည်းစုများ၏ ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက် ရှိသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ခိုက်မှုများကို တတ်နိုင်သရွေ့ ရှောင်ရှားရန် တရုတ် အစိုးရက မြန်မာ စစ်အစိုးရကို အကြံပြုထားသည်။ ယခုအခါ ဝ၊ ကချင်နှင့် ရှမ်းတို့သည် သူတို့၏ လက်နက်ကိုင် တပ်ဖွဲ့ များအား မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင် ကူးပြောင်း ရေး အဆိုကို လက်မခံဘဲ ပယ်ချထားကြောင်း နယ်စပ်ဒေသ အခြေစိုက် တရုတ် လုံခြုံရေး ဌာနများ၏ အဆိုအရ သိရသည်။

အဓိက လက်နက်ကိုင် တပ်ဖွဲ့ကြီးများ ဖြစ်ကြသော ဝ ပြည်နယ် စည်းလုံး ညီညွတ်ရေးတပ် (UWSA)၊ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့(KIO)၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA)၊ ရှမ်းပြည်နယ် မြောက်ပိုင်း တပ်ဖွဲ့(SSA-N)၊ တို့သည် အငြင်းပွားဖွယ်ရာ ဖြစ်နေသော မြန်မာ စစ်အစိုးရ၏ နယ်စပ်ဒေသ စောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး အဆိုကို ပယ်ချထားသည်။

မြန်မာ စစ်အစိုးရသည် ဖေဖော်ဝါရီလ နောက်ဆုံးထား၍ နယ်စပ်ဒေသ စောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် သတ်မှတ် ပေးထားကြောင်း လက်နက်ကိုင် တပ်ဖွဲ့များထံမှ သတင်း ရရှိသည်။

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များသည် ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တပ်ဖွဲ့များ အရေးကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်လိမ့်မည် ဖြစ်ကြောင်း၊ ထိုလက်နက်ကိုင် တပ်ဖွဲ့များ လုံးဝ ပြိုကွဲသွားအောင် ငွေကြေး အမြောက် အများ သုံးစွဲသွားနိုင်ကြောင်း နယ်စပ်ဒေသ အခြေစိုက် တရုတ် လုံခြုံရေး ဌာနများထံမှ သတင်းများ ရရှိသည်။

ယူနန်ပြည်နယ် အစိုးရသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ကာ မြန်မာ စစ်တပ်နှင့် အဓိက လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သော UWSA နှင့် KIO တို့အကြား မလွဲမသွေ ဖြစ်ပွားနိုင်သည့် စစ်ပွဲများ ကိစ္စကို ဆွေးနွေးခဲ့သည်။

မြန်မာ စစ်အစိုးရက နိုင်ငံရေး ပြဿနာများကို ဒိုင်ယာလော့ခ် ပုံစံ ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာလိုစိတ် မရှိသလို တိုင်းရင်းသား လက်နက်ကိုင်များကလည်း စစ်ပွဲကို စတင် ဆင်နွဲရန် မလိုလားကြပေ။

"တရုတ်က မြန်မာပြည်မှာ ဒေါ်လာ ဘီလီယံ ၆၀၀ လောက် ရင်းနှီး မြှုပ်နှံ ထားတော့ နယ်စပ် ဒေသမှာ စစ်မက် ဖြစ်ပွားမှာကို မလိုလားဘူး၊ တကယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက တိုက်ပွဲကို စလိုက်ရင် တရုတ်က မြန်မာ စစ်တပ်နဲ့ ပေါင်းပြီး နယ်စပ်ဒေသက လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို တိုက်ခိုက်မှာ သေချာတယ်" ဟု နယ်စပ်ဒေသ အခြေစိုက် စစ်ရေး သုံးသပ်သူ တစ်ဦးက Kachin News Group သို့ ပြောကြားသည်။

ယခင်က ဖြစ်ပွားခဲ့ဖူးသော အတွေ့အကြုံအရ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များ ပြဿနာတွင် မြန်မာနှင့် တရုတ် အစိုးရတို့ ပူးပေါင်းပြီး စစ်ရေး ဗျူဟာကို အသုံးပြုကာ နယ်မြေ ခွဲခြား ရှင်းလင်းခဲ့သည်ကို တွေ့ရသည်။

တရုတ်နိုင်ငံသည် စစ်အာဏာရှင် စနစ် ကြီးစိုးသော မြန်မာနိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုထက် မြန်မာနိုင်ငံတွင် စီးပွားရေးအရ ရင်းနှီး မြှုပ်နှံ ထားမှုများ အပေါ် ပိုမို စိတ်ဝင်စားလျက် ရှိ သည်ဟု နယ်စပ်ဒေသ စစ်ရေး လေ့လာ သုံးသပ်သူများက ဆိုသည်။

Kachin News Group ၏ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 18th February 2010

          မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မလာရောက်မီ ကြာသပတေးနေ့၌ ထောင်တွင်းမှ ပေးပို့ခဲ့သော စာတစ်စောင်တွင် ရန်ကုန်မြို့ နာမည်ပျက် အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားများက ဖတ်စရာ စာအုပ် စာတမ်းများ၊ ကောင်းမွန်သော အစားအစာများနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ ရရှိရေး အပါအဝင် အခြေအနေ တိုးတက်အောင် ဆောင်ရွက်ပေးရန် တောင်းဆို ထားသည်။

          နိုင်ငံရေး အကျဉ်းသားများအပေါ် မြန်မာ အာဏာပိုင်များ၏ ပြုမူဆက်ဆံပုံများကို စုံစမ်း စစ်ဆေးရန် လာရောက်သော ၅ ရက်ကြာ ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကုလသမဂ္ဂ ကိုယ်စားလှယ် Tomas Ojea Quintana သည် အင်းစိန် အကျဉ်းထောင်သို့ ကြာသပတေးနေ့ နေ့လယ်တွင် သွားရောက်ခဲ့သည်။

          အဆိုပါ ပေးစာအရ အကျဉ်းသားများအား ကျွေးသော ထမင်းမှာ သိုး၍ ကျောက်ခဲများ ရောနေကြောင်း၊ ထို့အပြင် အကျဉ်းသားများသည် ထောင်ဝင်စာ လာတွေ့သော မိသားစု ဆွေမျိုးများထံမှ စာအုပ်နှင့် သတင်းဂျာနယ်များ လက်ခံခွင့် ရှိသော်လည်း စာရွက်စာတမ်း အားလုံးကို အကြီးအကျယ် စစ်ဆေး ဖြတ်တောက်ထားကြောင်း သိရရှိသည်။

          "စာအုပ်တွေ၊ ဂျာနယ်တွေကို ဖြတ်၊ ညှပ်၊ ဖြဲပြီးမှ ကျွန်တော်တို့ကို ပေးတာပါ" ဟု အဆိုပါ စာတွင် ရေးသားထားသည်။

          မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်အနက် ၄၀၀ နီးပါးကို နိုင်ငံ့ အကြီးဆုံး အင်းစိန်ထောင်တွင် ဖမ်းဆီးထားသည်။ လက်ရှိ အင်းစိန်ထောင်တွင်း၌ ပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေး အကျဉ်းသား ၃၀၀ ခန့်မှာ ၂၀၀၇ သံဃာတော်များ၏ ဆန္ဒပြပွဲများ အပြီး နောက်ဆက်တွဲ ဖမ်းဆီးခံရသူများ ဖြစ်သည်။

          အထက်ပါ ပေးစာသည် အစစ်အမှန် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ လူ့အခွင့်အရေး အဖွဲ့ AAPP (နိုင်ငံရေး အကျဉ်းသားများ ကူညီ ထောက်ပံ့ရေး အဖွဲ့အစည်း) က အတည်ပြု ပြောဆိုလိုက်သည်။

"နိုင်ငံရေး အကျဉ်းသားတွေက ပို့လိုက်တဲ့စာ ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ အတည်ပြု နိုင်တယ်" ဟု AAPP မှ ပူးတွဲ အတွင်းရေးမှူး ဘိုကြည်က ပြောကြားသည်။ "လုံခြုံရေး အကြောင်း ပြချက်များကြောင့် ဒီစာ ဘယ်လိုထွက်လာတယ် ဆိုတာ မပြောနိုင်ပါ" ဟုလည်း ၎င်းက ဆိုသည်။

ဗုဒ္ဓဟူးနေ့က Quintana သည် မြန်မာနိုင်ငံ အနောက်မြောက်ဖက် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ဘူးသီးတောင် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံရာတွင် ၂၀၀၇ သံဃာတော် လှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် ပြစ်ဒဏ် ကျခံနေရသည့် ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသား ကိုဌေးကြွယ်နှင့်လည်း တွေ့ဆုံခဲ့သည်။

အကျဉ်းထောင် စစ်ဆေးမှု အပြီးတွင် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ၆ နှစ် ကျခံ၍ ယခင် အပတ်က လွတ်မြောက်လာခဲ့သော NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးနှင့် Quintana တို့ တွေ့ဆုံမည် ဖြစ်သည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်က စစ်ဖက် အုပ်ချုပ်သူများအား နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်နှင့် ယခု နှစ်ကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ တရား မျှတမှုနှင့် ထင်သာမြင်သာ ရှိရန် တောင်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Relief Web, By Alex Ellgee, 19th February 2010

          ကြာသပတေးနေ့က ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် NHRC သည် ကရင် ဒုက္ခသည်များ နေထိုင်ရာ Naung Bwa နှင့် Mae U Su ယာယီ စခန်းများသို့ အချက်အလက် ရှာဖွေရေး မစ်ရှင်ဖြင့် သွားရောက်ခဲ့ကြသည်။

          တာဝန် ရှိသူများသည် အဆိုပါ စခန်းနှစ်ခုတွင် နေထိုင်သူများ အနက်မှ အချို့ကို တွေ့ဆုံ မေးမြန်းကာ တစ်နာရီခန့် အချိန်ယူခဲ့သည်။

          ယခု အပတ်တွင် ထိုင်း အစိုးရသည် ကရင် ဒုက္ခသည် ၃၀၀ဝ ခန့်ကို ၎င်းတို့၏ မူရင်းဒေသသို့ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်ကို ပယ်ဖျက်ထားသည်။ ၎င်းတို့၏ ဒေသတွင် ကရင် သူပုန်များနှင့် မြန်မာ စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ အဆိုပါ အစီအစဉ် ရပ်ဆိုင်းထားရခြင်းမှာ NGO များနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်စွာ ဝေဖန်သောကြောင့် ဖြစ်သည်။

          မိမိတို့ တွေ့ရှိရသော အချက်မှာ အဆိုပါ ဒုက္ခသည်များသည် ၎င်းတို့ ဒေသသို့ ပြန်သွားလိုကြ ကြောင်း၊ သို့သော် ယခု လောလောဆယ်တော့ မဟုတ်သေးကြောင်း NHRC မှ Boonthat Verawonswe က ဧရာဝတီ သို့ ပြောကြားခဲ့သည်။

          ယခု လောလောဆယ် အားဖြင့် ၎င်းတို့ အရပ်သို့ ပြန်ရန် မလုံခြုံသေးဟု ထင်နေ ကြသေးကြောင်း၊ DKBA တို့၏ မြေမြှုပ်မိုင်းများနှင့် လတ်တလော တိုက်ပွဲများကို စိုးရိမ် ကြောက်ရွံ့ နေကြကြောင်း ၎င်းက ပြောသည်။

          မည်သည့် ဒုက္ခသည်များကိုမျှ ၎င်းတို့၏ အလိုနှင့် ဆန့်ကျင်ပြီး ၎င်းတို့ နေရပ် ကရင်ပြည်နယ် သို့ ပြန်ပို့လိမ့်မည် မဟုတ်ကြောင်း မကြာသေးမီက ထိုင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

          မိမိတို့ အတင်းအကျပ် ပြန်လည် ပို့ဆောင်ခြင်း မရှိကြောင်း၊ ပြန်ပို့ရေးမှာ မိမိတို့၏ မူဝါဒ မဟုတ်ကြောင်း ဗိုလ်မှူးကြီး Noppadol Watcharajitbawom က AP သတင်းဌာနသို့ ပြောသည်။

          Boonthat Veraongse က ဆက်လက် ပြောကြားရာတွင် ထိုင်း အာဏာပိုင်များသည် ဒုက္ခသည်များ ပြန်ပို့ရေးကို ရပ်ဆိုင်းထားပြီဟု ယုံကြည်ကြောင်း၊ သို့သော် နေရပ် ပြန်ပို့ရေးအတွက် အချို့ ဖိအားပေးမှုများ ရှိနေဆဲ ဖြစ်ကြောင်း ဆိုသည်။

          "ဒုက္ခသည်တွေက ထိုင်း အာဏာပိုင်တွေ အတင်း ဖိအားပေးတယ်လို့ ကျွန်တော်တို့ကို တိုက်ရိုက် လာမပြောခဲ့ပါဘူး။ သူတို့ ပြောတာက အရာရှိတွေက မင်းတို့ ထိုင်းနိုင်ငံမှာ နေတာ ရှစ်လလောက် ရှိပြီ ဆိုတော့ ပြန်ဖို့ အချိန်တန်ပြီလို့ ပြောတယ်လို့ပဲ ပြောကြပါတယ်" ဟု Boonthat က ပြောသည်။

          Boonthat က ဒုက္ခသည်များ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ရေ သန့်ရှင်းမှုမှာ အရေးကြီးသော ကိစ္စ ဖြစ်ကြောင်း၊ Mac U Su စခန်းသည် မြစ်နှင့် ဆက်သွယ်၍ ရသော်လည်း၊ Nu P Oh တွင် မကြာခဏ ရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။

          ယခု အပတ်တွင် ထိုင်း စစ်တပ် နိုင်ငံခြား ရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ် Rachanan Thananand က ပြောကြားရာတွင် နယ်စပ်ရှိ မြန်မာဘက်မှ သတင်း ပေးပို့မှုအရ ၂၀၀၉ ခုနှစ် ဇွန်လက ဒုက္ခသည်များ ပြေးလာသည့် ဒေသများတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းပြီး ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။

          တနင်္လာနေ့က International Campaign to Ban Land Mines မှ တာဝန်ရှိသူ ပုဂ္ဂိုလ်က ပြောကြားရာတွင် မိမိတို့ ဒုက္ခသည်များအတွက် စိုးရိမ် နေရခြင်းမှာ ၎င်းတို့ ရွာနှင့် အနီး ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်းများ ရှိနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          Boonthat က မြေမြှုပ်မိုင်းများနှင့် ပတ်သက်၍ မှတ်ချက် ပေးရာတွင် မိုင်းများ၏ အခြေအနေမှာ မရှင်းလင်းသေးကြောင်း၊ သို့သော် အဆိုပါ ကိစ္စမှာ ဒုက္ခသည်များအတွက် အဓိက စိုးရိမ် ပူပန်နေရသော အချက်ဖြစ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

          မိမိတို့ Mae Tao ဆေးခန်းမှ လူများနှင့် တွေ့ဆုံရာတွင် ၂၀၀၈ ခုနှစ်က မိုင်းထိ၍ ဒဏ်ရာ ရသော လူအရေအတွက်မှာ ငါးဆယ်ဦးထက် မကျော်ကြောင်း၊ သို့သော် မနှစ်က ဒဏ်ရာရသည့် လူဦးရေ ၁၀၀ ကျော်ကြောင်း၊ ထိုအချက်မှာ မြေမြှုပ်မိုင်း၏ အခြေအနေမှန်ကို ပြသခြင်းပင် ဖြစ်ကြောင်း Boonthat က ပြောကြားခဲ့သည်။

          ထိုင်းအစိုးရသို့ NHRC မည်သည့် ထောက်ခံချက်များ ပေးမည်နည်းဟု မေးမြန်းသောအခါ ၎င်းက မိမိတို့သည် နောက်ထပ် ပြန်လည် မှားယွင်းမှု မရှိရေး မူဝါဒနှင့် ဒုက္ခသည်များ အထွေထွေ လုံခြုံရေးနှင့် ကောင်းကောင်း နေနိုင်ရေးကို အာရုံပြုရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

          NHRC သည် ၎င်း၏ ထောက်ခံချက်ကို ထိုင်း အစိုးရသို့ အင်္ဂါနေ့တွင် တင်ပြမည် ဖြစ်သည်။

          NHRC သည် အစိုးရအား မိမိတို့နှင့် သတင်း ဖလှယ်နိုင်ရေးအတွက် အခွင့်ပေးမည် ဖြစ်၍ မိမိတို့ အရာရှိများသည် လုပ်သင့်သည်ဟု ထင်မြင်သည်များကို ပြောပြမည် ဖြစ်ပြီး၊ အစိုးရမှလည်း ၎င်းတို့ လုပ်ပေးနိုင်သည်များနှင့် လုပ်မပေးနိုင်သည်များကို မိမိတို့အား ပြောပြနိုင်မည် ဖြစ်ကြောင်း၊ ဒုက္ခသည်များ လုံခြုံစွာ နေထိုင်နိုင်ရေး သေချာရန် လိုအပ်ကြောင်း Boonthat က ပြောသည်။

          ဖေဖော်ဝါရီလ ၅ ရက်နေ့က ကရင် မိသားစု သုံးစုအား ၎င်းတို့ရွာ ဖြစ်သော ကရင်ပြည်နယ် တောင်ပိုင်းရှိ Ler Per Her သို့ ပြန်ပို့ခဲ့ရာ၊ မြေမြှုပ်မိုင်းများကို ကြောက်သောကြောင့်ဟု ဆိုကာ ပြန်ရောက် လာကြသည်။

          ထိုင်း စစ်တပ်သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကရင် ဒုက္ခသည် ၃၀၀၀ အား ပြန်ပို့ရန် စီစဉ်ခဲ့ရာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လူအခွင့်အရေး အဖွဲ့များက ဝေဖန်မှုကြောင့် အဆိုပါ အစီအစဉ် ရပ်ဆိုင်းသွားခဲ့ရသည်။

          ဒုက္ခသည် ၃၀၀ ခန့်မှာ Mae U Su ယာယီစခန်းမှ ၎င်းတို့၏ ဒေသသို့ ပြန်သွားပြီး ဖြစ်ကြောင်း TBBC ၏ သတင်း ပေးပို့ချက်အရ သိရှိရသည်။

          ဖေဖော်ဝါရီလ ၄ ရက်နေ့က အမေရိကန် ကွန်ဂရက်မှ အဖွဲ့ဝင်များက ထိုင်းဝန်ကြီးချုပ် အဘီဆစ်ထံသို့ ဒုက္ခသည်များ ပြန်ပို့ရေးကို ရပ်ဆိုင်းရန် စာပေးပို့ခဲ့သည်။ အဆိုပါ စာတွင် ဒုက္ခသည် များသည် ပြန်ပို့ခြင်း ခံရပါက ကြောက်စရာကောင်းသော လူ့အခွင့်အရေး နှိပ်စက်မှုများကို ခံစားရလိမ့်မည် ဖြစ်ကြောင်း ရေးသားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asia News, 18th February 2010

          ရန်ကုန်မြို့တွင် ဆန္ဒပြ အလုပ်သမားများကို တားဆီးရန် ရဲတပ်ဖွဲ့နှင့် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များကို တပ်ဖြန့်ထားသည်။ အလုပ်သမားများက ပိုမို ကောင်းမွန်သော လုပ်ငန်းခွင် အခြေအနေ နှင့် လုပ်ခလစာ တိုးခြင်းကို လိုလားနေခြင်းကြောင့် ဖြစ်သည်။ ဆိုင်ကလုံး နာဂစ်အလွန် ကာလမှာ ၂ နှစ်ခန့် ရှိပြီ ဖြစ်သော်လည်း လူဦးရေ ငါးသိန်း (၅၀၀၀၀၀) ခန့်မှာ အိုးအိမ်မဲ့ နေဆဲ ဖြစ်ပြီး အိမ်ပြန်ဆောက်ရန် လုံလောက်သော ငွေလည်း မရှိကြပါ။

          မြန်မာ အထည်ချုပ် စက်ရုံများမှ အလုပ်သမားတို့၏ ဆန္ဒပြ အုံကြွမှုများသည် စစ်ဖက် အုပ်ချုပ် သူများအား လုံခြုံရေးတိုးမြှင့်ရန်နှင့် ရဲတပ်ဖွဲ့များ၊ အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များ သက်ဆိုင်ရာ နယ်မြေတွင် တပ်ဖြန့် ထားရန် ဖိအား ပေးသကဲ့သို့ ဖြစ်နေသည်။ နောက်ဆုံး ဆန္ဒပြမှုတွင် ပါဝင်ခဲ့သော ရန်ကုန်မြို့မှ အလုပ်သမားများက ပိုမို ကောင်းမွန်သော လုပ်ငန်းခွင် အခြေအနေနှင့် လုပ်ခလစာ တိုးပေးရန် တောင်းဆိုခဲ့ကြသည်။ မြန်မာအစိုးရ အာဏာပိုင်များက နိုင်ငံဝန်ထမ်းများကို လစာ ၂၀၀၀၀ ကျပ် တိုးပေးရန် ဆုံးဖြတ်ခဲ့ခြင်းက အလုပ်သမားများ၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်ခဲ့သည်။

          အင်္ဂါနေ့က အင်းစိန် အနောက်ပိုင်း Sky အထည်ချုပ် စက်ရုံမှ စတင်ခဲ့သော ဆန္ဒပြမှုတွင် စက်ရုံ အလုပ်သမား ၁၀၀ ခန့်က လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒပြခဲ့ကြပြီး အခြေခံလစာ တိုးပေးရန် အချိန်ပို လုပ်ခ ကြေး ပိုပေးရန်နှင့် အစိုးရရုံး ပိတ်ရက်များတွင် အနားပေးရန် တောင်းဆိုခဲ့ကြသည်။

          "အဲဒီစက်ရုံမှာ ဖြစ်နေတဲ့ ပြဿနာက မပြီးသေးဘူး" ဟု ပြောကြားသူမှာ ပြည်ထောင်စု မြန်မာ နိုင်ငံ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှ အရာရှိကြီး တစ်ဦး ဖြစ်ပြီး အစိုးရ အရာရှိများ၊ စက်ရုံပိုင်ရှင်များနှင့် အလုပ်သမားသည် လတ်တလောတွင် တောင်းဆိုမှုများနှင့် ပတ်သက်၍ ညှိနှိုင်းနေကြသည်ဟု ၎င်းက ဆိုသည်။

          ရန်ကုန် မြို့လယ်နှင့် ကီလိုမီတာ အနည်းငယ်သာ ဝေးသော လှိုင်သာယာ စက်မှုဇုန်မှ အလုပ်သမား ဦးရေ ထောင်ဂဏန်းခန့် ဆန္ဒပြမှုများ ယခင်အပတ်က ဖြစ်ပွားခဲ့ အပြီးတွင် ယခုဆန္ဒပြမှု ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

          အဆိုပါ နယ်မြေတွင် အဓိကရုဏ်း နှိမ်နင်းရေးရဲများ ရာဂဏန်းခန့် နေရာယူထားသည်။

          လစာငွေ ၁၀၀၀၀ ကျပ် တိုးပေးရန် အလုပ်သမားများက တောင်းဆိုခဲ့ကြကာ အလုပ်ရှင် များက အဆိုပါ ပမာဏ၏ တစ်ဝက်ကို တိုးပေးရန် သဘောတူပြီးနောက် ဆန္ဒပြမှု ပြီးဆုံးသွားသည်ဟု ဆိုသည်။

          အလုပ်သမားများက အချိန်ပို လုပ်ခ ၁၀၀ ကျပ် တိုးပေးရန်နှင့် အခြေခံလစာ တိုးပေးရန် လိုလား နေဆဲ ဖြစ်သည်ဟုလည်း သိရှိရသည်။

          အဓိကရုဏ်း နှိမ်နင်းရေး ရဲကားများ၊ ရဲ အချုပ်ကားများနှင့် မီးသတ်ကားများ အဆိုပါ စက်ရုံ အနီးတွင် နေရာယူထားဆဲ ဖြစ်သည်။

          ပို၍ ဆိုးလာသော အချက်မှာ ဆင်းရဲ မွဲတေမှုက ပြည်သူလူထုအပေါ် ဆက်လက် ဖိစီး နှိပ်စက် နေခြင်းပင် ဖြစ်သည်။ နာဂစ်အပြီး ၂ နှစ်ခန့် ကြာသည့် တိုင်အောင် ပြည်သူတို့မှာ မျှော်လင့်ချက် မဲ့နေဆဲ၊ အိမ်ယာ မဲ့နေဆဲ ဖြစ်သည်။

          International Organization for Migration ၏ အဆိုအရ လူဦးရေ ၅ သိန်းခန့်မှာ စားစရာမှ လွဲ၍ အိမ်ပြန်ဆောက်ရန် ငွေ မရှိကြသောကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြသည်ဟု သိရသည်။

          ၂၀၀၈ မေလက ဝင်ရောက်ခဲ့သော နာဂစ် ဆိုင်ကလုံးကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၁၄၀၀၀၀ ခန့် အသက် ဆုံးရှုံးခဲ့ပြီး လူဦးရေ ၂.၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

csr-asia.com, By Richard Welford, 19th February 2010

          ယခုအပတ် ထုတ်ပြန်သော နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေး အဖွဲ့၏ အစီရင်ခံစာ အသစ်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား နိုင်ငံရေး လှုပ်ရှားသူများအပေါ် ဖိနှိပ် ချုပ်ချယ်မှုများအား ဖော်ပြထားသည်။ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စိတ်ပျက်စရာ ကောင်းပြီး မျှော်လင့်ချက် မရှိသော လူ့အခွင့်အရေး ကိစ္စကို ရေးပြထားသောကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံထားသော ကုမ္ပဏီများ နှင့် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေသော ကုမ္ပဏီများ ဖတ်ကြည့်ရန် လိုအပ်လှသည်။

          စာမျက်နှာ ၅၈ မျက်နှာ ပါရှိသော အဆိုပါ အစီရင်ခံစာသည် ၂၀၀၇ သြဂုတ်လမှ စ၍ အချိန် နှစ်နှစ်ခန့်အတွင်း ရခိုင်၊ ရှမ်း၊ ကချင်နှင့် ချင်း အပါအဝင် အဓိက တိုင်းရင်းသား လူမျိုး ခုနှစ်မျိုးမှ နိုင်ငံရေး လှုပ်ရှားသူ ၇၀၀ ခန့် အကြောင်းကို အခြေခံ၍ ရေးသားထားသည်။ အာဏာပိုင်များသည် တိုင်းရင်းသား နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်းနှင့် အချို့ ကိစ္စများတွင် နှိပ်စက် ခြင်းအပြင် သတ်ပစ်သည်များပင် ရှိကြောင်း သိရှိရသည်။ တိုင်းရင်းသား အဖွဲ့များသည် ၎င်းတို့၏ တရားဝင် အခမ်းအနားများ ပြုလုပ်ရန် ကြိုးစားသည့် အခါတိုင်း သေချာစွာ စောင့်ကြည့်ခံရခြင်း၊ ခြိမ်းခြောက် ခံရခြင်း၊ မတရား ခွဲခြားဆက်ဆံခံရခြင်းများ ရှိခဲ့သည်။

          နိုင်ငံရေး လှုပ်ရှားသူ အများစုက နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဖွဲ့သို့ ပြောကြားခဲ့ရာတွင် ဗုဒ္ဓဘာသာ သံဃာတော်များ ဦးဆောင်သော ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် နှိပ်စက်မှုများနှင့် ကြုံတွေ့ရကြောင်း ပြောသည်။ နေရာအနှံ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ သံဃာတော်များနှင့် အခြား လူများကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းများ ရှိကြောင်း မျက်မြင် သက်သေများက ပြောပြသည်။ အချို့က ပြောကြားရာတွင် မိမိတို့၏ ကချင်ပြည်နယ်အတွင်း ဆည်တည်ဆောက်ရေး ကန့်ကွက်မှုအတွက် လက်မှတ် ရေးထိုးရေး လှုပ်ရှားမှုများကို အာဏာပိုင်များ က လိုက်လံ စောင့်ကြည့်နေကြသည်ဟု ဆိုသည်။

          နိုင်ငံရေးအရ ဆန့်ကျင်သည်ဟု ထင်ပါက ပြစ်ဒဏ်ပေးမှု ခံရနိုင်ကြောင်း ကရင်နီ လူငယ်များ က ၂၀၀၈ အခြေခံ ဥပဒေကို ဆန့်ကျင်သောအားဖြင့် စက္ကူလှေတွင် No ဟု ရေးပြီး ရေထဲတွင် မျှောကြရာ အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရသည်။ အလယ်ပိုင်း ဒေသများနှင့် မြို့ပြ ဒေသများတွင် နိုင်ငံရေး လှုပ်ရှားမှုကို တစ်မျိုး ခွဲခြားကိုင်တွယ် ဆက်ဆံသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဆိုးရွားလှသော လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်မည် ဆိုလျှင် တိုင်းပြည်၏ ကြီးမားသော လူဦးရေဖြစ်သည့် တိုင်းရင်းသားများ၏ မျှော်မှန်းချက်များနှင့် ရပိုင်ခွင့်များ ကို ထည့်သွင်း စဉ်းစားရလိမ့်မည် ဖြစ်သည်။

          တိုင်းရင်းသား လူမျိုးများသည် တိုင်းပြည် လူဦးရေ၏ ၃၅ %မှ ၄၀ % ထိ ရှိပြီး၊ အများစုမှာ ပြည်နယ်ကြီး ခုနှစ်ခုတွင် နေထိုင်ကြသည်။ အဓိက တိုင်းရင်းသား လူမျိုး ခုနှစ်စု၏ အစိုးရအပေါ် လက်နက်ကိုင် တော်လှန်မှုသည် ယနေ့အထိ ရှိနေသည်။ အစိုးရ၏ အဆိုအရ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး ရှိသည်ဟု ဆိုသည်။ ကိုးကန့်၊ ရှမ်းနှင့် ကရင်ပြည်နယ် တို့ရှိ တိုက်ပွဲများကြောင့် ထောင်ပေါင်း များစွာသော တိုင်းရင်းသားများမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။

          တိုင်းရင်းသား လူမျိုး အမြောက်အများ ပါဝင်သော နိုင်ငံရေး အကျဉ်းသား ၂၁၀၀  ကျော်မှာ အကျဉ်းထောင်များတွင် ဆိုးရွားသော အခြေအနေ၌ ရှိနေကြသည်။ အဆိုပါ နိုင်ငံရေး အကျဉ်းသား အများစုမှာ မိမိတို့၏ ယုံကြည်ချက်များကို ငြိမ်းချမ်းစွာ ဖော်ထုတ်ခဲ့သူများ ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဖွဲ့သည် အစိုးရအား လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စုဝေးခွင့်နှင့် ဘာသာရေး ကိစ္စများတွင် ကန့်သတ်မှုများ ရုတ်သိမ်းပေးရေးကို တိုက်တွန်း ထားသည်။ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ ချွင်းချက်မရှိ လွှတ်ပေးရေး၊ မီဒီယာ လွတ်လပ်ခွင့် ပေးရေးကိုလည်း တောင်းဆိုထားသည်။

          ထို့အပြင် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဖွဲ့ကြီးသည် အာဆီယံမှ မြန်မာ့ အိမ်နီးချင်းများနှင့် နိုင်ငံတကာမှ မြန်မာအား ထောက်ခံသူများ အနက်မှ အကြီးဆုံးဖြစ်သော တရုတ်နိုင်ငံတို့အား အစိုးရအနေဖြင့် မြန်မာပြည်သူများ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပွင့်လင်းစွာ ပါဝင်ခွင့် ရရေးတို့ ဖွင့်ပေးရန် ဝိုင်းဝန်း ဖိအားပေးကြရန် တောင်းဆိုခဲ့သည်။

          ၂၀၀၈ ခုနှစ် မေလ၊ နာဂစ်မုန်တိုင်း အပြီး တစ်ပတ် အကြာတွင် အခြေခံ ဥပဒေအသစ်ကို အတည်ပြုခဲ့သည်။ မဲပေးခွင့် ရှိသူ၏ ၉၉ % က မဲပေးကြပြီး၊ ၉၂.၄ % က ထောက်ခံသဖြင့် အခြေခံ ဥပဒေသစ်ကို အစိုးရက အတည်ပြုပေးခဲ့သည်။ အဆိုပါ အခြေခံ ဥပဒေတွင် ဒေသဆိုင်ရာ အစိုးရများ ခွင့်ပြုထားသော်လည်း၊ ဗဟို အစိုးရတွင် စစ်တပ်၏ လွှမ်းမိုးမှုကို သေချာအောင် ထည့်သွင်း ရေးဆွဲထားသည်။

          အားလုံး ခြုံကြည့်ရလျှင် စိတ်ပျက်ဖွယ် ကောင်းပြီး မျှော်လင့်ချက် မရှိသော်လည်း၊ ပြောင်းလဲမှု တစ်ခုဖြစ်အောင် လုပ်ပေးနိုင်သော ခလုတ်များလည်း ရှိနေသေးသည်။ မကြာသေးမီက အာဆီယံသည် လူ့အခွင့်အရေးနှင့် ပတ်သက်၍ အပေါင်းလက္ခဏာ ဆောင်သော အသံများ ပြုခဲ့ရာ၊ မြန်မာနိုင်ငံတွင်လည်း တိုးတက်မှုများအတွက် အာဆီယံ၏ လွှမ်းမိုးမှု ရှိသည်။ နာဂစ် မုန်တိုင်း တိုက်ခတ်စဉ်က မြန်မာ အစိုးရသည် နိုင်ငံတကာ အကူအညီများကို လက်မခံခဲ့သော်လည်း၊ နောက်ပိုင်း လက်ခံလာအောင် စွမ်းဆောင်ရာတွင် အာဆီယံသည် အရေးကြီးသော ကဏ္ဍမှ ပါဝင်ခဲ့သည်။

          နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေး အဖွဲ့သည် ၎င်း၏ အစီရင်ခံစာတွင် ထောက်ခံချက် ပေးသော စာရင်းကို ပြုစုထားသည်။ အဆိုပါ စာရင်းတွင် အာဆီယံ နိုင်ငံများနှင့် ဆက်ဆံရေး၊ တရုတ် အိန္ဒိယတို့၏ ဆက်ဆံရေးကို အလေးပေး ဖော်ပြထားသည်။ ကုလသမဂ္ဂကိုလည်း အလေးပေး ထောက်ခံထားသည်။ အစီရင်ခံစာတွင် ကုလသမဂ္ဂ အနေဖြင့် အထူးသဖြင့် တိုင်းရင်းသားများ၏ ဘာသာရေးနှင့် လူ့အခွင့်အရေး ကိစ္စများတွင် သေချာစွာ ဆွေးနွေး ကိုင်တွယ်သင့်ကြောင်း ဖော်ပြထားသည်။ မြန်မာ အစိုးရအား လူ့အခွင့်အရေး ကိစ္စများတွင် စနစ်တကျ ပူးပေါင်း ဆောင်ရွက်မှုများ ရှိလာအောင် တိုက်တွန်းသင့်ကြောင်း ဖော်ပြထားသည်။ ရိုးရိုးသားသား ပြောရလျှင် မြန်မာနိုင်ငံ အနေနှင့်မူ နားထောင်လိမ့်မည် မဟုတ်ဟု ယူဆရသည်။

          ဝမ်းနည်းဖွယ်ရာ နောက်တစ်ချက်မှာ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေး အဖွဲ့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသော စီးပွားရေး လုပ်ငန်းများ အကြောင်း ထည့်သွင်း ပြောကြားမှု မရှိခြင်းပင် ဖြစ်သည်။ မိမိတို့သည် CSR Asia အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကိစ္စနှင့် ပတ်သက်၍ ပြောဆိုမည် ဆိုလျှင် ပုဂ္ဂလိက ကဏ္ဍ၏ အရေးကြီးသော အခန်းကဏ္ဍကို အမြဲ ငြင်းခုန်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ နိုင်ငံစုံ ပါဝင်သော ကော်ပိုရေးရှင်းများသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင် ပတ်သက်မှု မရှိအောင် သေချာစွာ အားထုတ် သင့်သည်။

          သို့သော် ထိုသို့ ပြုလုပ်ရန် ခက်ခဲမည် ဖြစ်ပြီး၊ အကောင်းဆုံးမှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားရန်သာ ဖြစ်ကြောင်း အများက ပြောကြားသည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့ နေရာတကာ ဆင်းရဲ မွဲတေနေသော နိုင်ငံတွင် အဖြေထုတ်ဖို့ ခက်ခဲလှသည်။ သို့သော် အဆိုပါ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီး မြှုပ်နှံရန်သာ ပြင်းထန်စွာ ပြောနေကြပြီး၊ ၎င်းတို့သည် စစ်အစိုးရနှင့် ဆက်ဆံရာတွင် နာမည်ကောင်း ရနေကြပြီ ဖြစ်သည်။ အမှန်တရားမှာ အကယ်၍ မြန်မာနိုင်ငံတွင် လက်ရှိ ရင်းနှီး မြှုပ်နှံနေသော နိုင်ငံစုံ ကော်ပိုရေးရှင်းများ ထွက်သွားခဲ့သော် ၎င်းတို့ ပိုင်ဆိုင်မှုများသည် တရုတ်နိုင်ငံနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဂရုမပြုသော ကုမ္ပဏီများ လက်ထဲသို့ ရောက်ရှိသွား မည် ဖြစ်သည်။

          နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေး အဖွဲ့၏ အစီရင်ခံစာသည် အလွန် ကောင်းမွန်သော်လည်း အချို့ အပိုင်းများတွင် ဖတ်ရှုသည့် နေရာတွင် အနှောင့်အယှက်များ ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကြောက်စရာ ကောင်းသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတိပေးထားသည်။ သို့သော် အဆိုပါ ကိစ္စ အဖြေရှာရေးမှာ ကုလသမဂ္ဂတွင်ပင် အရင်ကတည်းက အလုပ် မဖြစ်ခဲ့ရာ အနာဂတ်တွင်လည်း အဖြေ ရှာနိုင်လိမ့်မည် မထင်ပေ။ အာဆီယံနှင့် တရုတ်သည် အဓိက သော့ချက် ဖြစ်နေပေသည်။ ပုဂ္ဂလိက ကဏ္ဍ၏ အရေးပါမှုကလည်း ရှိနေပြန်ရာ ၎င်းတို့ကို တစ်စုံတစ်ခု လုပ်ပေးရန် တောင်း ဆိုသင့်သလားဟု မေးခွန်း ထုတ်ရ ပေလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 18th February 2010

        တရုတ်နိုင်ငံက ကန့်ကွက်နေသည့် ကြားမှ အိမ်ဖြူတော်တွင် ကျင်းပသော ဒလိုင်းလားမားနှင့် ဆွေးနွေးပွဲတွင် တိဗက်တို့၏ ရပိုင်ခွင့်များကို ထောက်ခံကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြားလိုက်သည်။

          ထိုင်ဝမ်သို့ အမေရိကန် လက်နက်များ ရောင်းချမှု၊ တရုတ်တို့၏ ဆိုက်ဘာ စပိုင်လုပ်မှုအပေါ် ကန့်ကွက်မှု၊ ကုန်သွယ်ရေးသဘောတူညီချက်များစသည်တို့အပေါ် အငြင်းပွားမှုများ အကျယ်တဝင့် ဖြစ်ပွား နေခြင်းနှင့်အတူ အမေရိကန်၊ တရုတ် ဆက်ဆံရေး တင်းမာနေသည့် ကြားမှ အဆိုပါ တွေ့ဆုံ ဆွေးနွေးမှု ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

          ဒလိုင်းလားမားကို ခွဲထွက်ရေး သမားအဖြစ် ရှုမြင်ထားသော တရုတ်နိုင်ငံက အထက်ပါ တွေ့ဆုံမှုသည် တိဗက်ဆိုင်ရာ အမေရိကန် မူဝါဒကို ချိုးဖောက်ခြင်း ဟု ပြောကြားလိုက်သည်။

          တရုတ်၏ ပူပန်မှုကို အမေရိကန်က နှစ်သိမ့်ခဲ့သော်လည်း အစည်းအဝေးကို အသေးအဖွဲ့ ကိစ္စတစ်ခု သဖွယ် ကျင်းပခဲ့သည်။

          နိုင်ငံရေး အစည်းအဝေး မဟုတ်ဘဲ သီးသန့်ကိစ္စ တစ်ခုသာ ဖြစ်ကြောင်း တရုတ်ကို ပြသသည့် သဘောဖြင့် အရေးပါသည့် ဘဲဥပုံ ခန်းမတွင် မပြုလုပ်ဘဲ အိမ်ဖြူတော်၏ မြေပုံ ခန်းမတွင် တံခါးပိတ် စည်းဝေးပွဲကို ကျင်းပခဲ့သည်။

ဒီမိုကရေစီ၏ ချန်ပီယံ

          ထို့နောက်တွင် အမေရိကန် သမ္မတက တိဗက်လူမျိုးတို့၏ တည်ရှိမှုနှင့် တရုတ်နိုင်ငံရှိ တိဗက်တို့၏ လူ့အခွင့်အရေးကို အကာအကွယ် ပေးရာတွင် ခိုင်မာစွာ ထောက်ခံကြောင်း ထုတ်ဖော် ပြသခဲ့သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ Robert Gibbs က ပြောကြားလိုက်သည်။

          ဒလိုင်းလားမား၏ အကြမ်းမဖက်ရေး ကတိကဝတ်နှင့် တရုတ် အစိုးရနှင့် ဆွေးနွေးရန် ကြိုးစားမှုတို့ကို သမ္မတ အိုဘားမားက ချီးကျူး ဂုဏ်ပြုခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

          အဆိုပါ ခရီးစဉ်ကို အရေးမကြီးသည့် ကိစ္စအဖြစ် ပုံဖော်ရန် အမေရိကန်က ကြိုးစား ခဲ့သော်လည်း အိမ်ဖြူတော်၏ အနောက်ဖက် ဌာနတွင် ဒလိုင်းလားမားက သတင်းထောက်များအား ချက်ချင်း ပြောကြားခဲ့သော ထင်မြင်ချက်များကို နိုင်ငံတကာ ရုပ်သံလိုင်းများတွင် ကျယ်ပြန့်စွာ ထုတ်လွှင့်သွားခဲ့သည်။

ဒီမိုကရေစီ၊ လွတ်လပ်မှု၊ လူ့တန်ဖိုးများနှင့် တီထွင် ဖန်တီးမှုတို့၏ ချန်ပီယံအဖြစ် အမေရိကန် နိုင်ငံကို လေးစားကြောင်း အိုဘားမားကို ပြောကြားခဲ့သည်ဟု ဒလိုင်းလားမားက ဆိုသည်။

          ဒလိုင်းလားမားကို လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းကို ကာကွယ်သည့် အနေဖြင့် အိမ်ဖြူတော်က ဒလိုင်းလားမားသည် နိုင်ငံတကာက လေးစားသော ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

          သမ္မတ အိုဘားမားသည် ၎င်း၏ ပထမဆုံး နိုင်ငံတော် ခရီးစဉ်အဖြစ် ဘေဂျင်းသို့ မသွားရောက်မီ ယခင်နှစ်က ဝါရှင်တန်တွင် ဒလိုင်းလားမားနှင့် တွေ့ဆုံရန် ရှောင်ရှားခဲ့သည်။

          တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ အဆိုပါ တွေ့ဆုံမှုကို အလျင်အမြန် ပြစ်တင် ရှုတ်ချလိုက်သည်။

          တရုတ် နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့် ရှိသူ Ma Zhaoxu က နိုင်ငံတကာ ဆက်ဆံရေး နယ်တွင် လိုက်နာရမည့် ကျင့်ထုံးများကို အမေရိကန်က အကြီးအကျယ် ဖောက်ဖျက်ခဲ့သည်ဟု ပြောကြားကြောင်း Xinhua  သတင်းဌာနက ဖော်ပြသည်။

          တိဗက်ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် အမေရိကန်က အသိအမှတ် ပြုကြောင်းနှင့် တိဗက် လွတ်မြောက်ရေးကို ထောက်ခံမည် မဟုတ်သော အမေရိကန် အစိုးရ၏ ထပ်မံ ကတိ ပေးထားမှုများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟုလည်း ၎င်းက ပြောသည်။

          တရုတ်-အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေမည့် အရာမှန်သမျှကို ရှောင်ရှားရန်အတွက် ဒလိုင်းလားမား၏ ခရီးစဉ်ကို ဖျက်သိမ်းရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် ပြည်ထောင်စုကို သတိပေးထားခဲ့ပြီး ဖြစ်သည်။

          နှစ်နိုင်ငံ ဆက်ဆံရေး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရန် သမ္မတ အိုဘားမား၏ ဆောင်ရွက်မှု များကိုသာ ယခု အချိန်တွင် မျှော်လင့်နေသည်ဟုလည်း တရုတ်က ပြောဆိုသည်။

          ၁၉၅၀ တွင် တိဗက်သို့ စစ်တပ်များ စေလွှတ် တပ်စွဲခဲ့သည့် တရုတ်နိုင်ငံက ၎င်းတို့ ပိုင်သော နယ်မြေသာ ဖြစ်ကြောင်း အစဉ်သဖြင့် ပြောကြားခဲ့ပြီး ဒလိုင်းလားမားကိုလည်း ခွဲထွက်ရေး ဝါဒီအဖြစ် ယူဆ ထားသည်။ ဘာသာရေး ခေါင်းဆောင်ကို ပစ်ပယ်ထားရန် ကြိုးစားသည့် အနေဖြင့် ဘေဂျင်းက နိုင်ငံတကာ ခေါင်းဆောင်များအား ၎င်းနှင့် တွေ့ဆုံခြင်း မပြုရန် တောင်းဆိုလျက် ရှိသည်။

          တရုတ် စိုးမိုး အုပ်ချုပ်မှုကို ဆန့်ကျင်သည့် လူထုအုံကြွမှု ကျဆုံးခဲ့ပြီးနောက် ၁၉၅၉ တွင် ဒလိုင်းလားမားသည် တိဗက်မှ တိမ်းရှောင် ထွက်ပြေးကာ အိန္ဒိယနိုင်ငံတွင် နေထိုင်ခဲ့သည်။

          ထိုင်ဝမ်သို့ အမေရိကန် လက်နက်များ ရောင်းချမှု၊ တရုတ်တွင် အင်တာနက်ကို စိစစ် ကန့်သတ်မှု၊ တရုတ်ယွမ်ငွေ တန်ဖိုးကို တမင်ချ၍ ပို့ကုန်လုပ်ငန်း အမြတ်ထွက်အောင် ကြိုးစားမှု စသည်တို့ကြောင့် လတ်တလော ကာလများအတွင်း အမေရိကန် - တရုတ် ဆက်ဆံရေး ကျဲလာ ခဲ့သည်။

          ၁၉၉၁ မှ စ၍ ဒလိုင်းလားမားသည် တက်လာသမျှ အမေရိကန် သမ္မတတိုင်းနှင့် တွေ့ဆုံခဲ့ပြီး ၎င်း၏ ခရီးစဉ်တိုင်းတွင် တရုတ် စာနယ်ဇင်း မီဒီယာများ၏ ဒေါသကို ဆွပေးခဲ့သည်။

          သို့သော်လည်း အာဏာရ အမေရိကန် သမ္မတ တစ်ဦးနှင့် ပြည်ပရောက် တိဗက် ခေါင်းဆောင်တို့၏ ပထမဆုံးအကြိမ် လူသိရှင်ကြား တရားဝင် တွေ့ဆုံမှုမှာမူ ၂၀၀၇ ခုနှစ်က ဂျော့ဒဗလျူဘွတ်ရှ်နှင့် ဒလိုင်းလားမားတို့၏ တွေ့ဆုံမှု ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.